← Chapters

စိတ်ဝိညာဉ်ချပ်ဝတ် အာနိသင်ပြယ်ခြင်း

Vol. 140 Ch. 1932

စိတ်ဝိညာဉ်ချပ်ဝတ် အာနိသင်ပြယ်ခြင်း

Vol. 140 Ch. 1932

အစိမ်းရောင်မိစ္ဆာတမန်တော်လေးယောက်သည် ကြောက်ရွှံ့မှုတို့ ပြည့်နေ၏။ လေထဲသို့ လွင့်ထွက်သွားကြပြီးနောက် သူတို့လေးယောက်က တစ်ယောက်နှင့်တစ်ယောက်ကြည့်ကာ ချက်ခြင်းပင် မတူညီသော အရပ်လေးမျက်နှာထံ ပြေးလေတော့သည်။

သူတို့က မတူညီသောနည်းလမ်းများဖြင့် လူခွဲကာ ပြေးကြ၏။ နှစ်ယောက်က ရတနာများကို ထုတ်ယူသည်။ ထိုထဲကတစ်ယောက်က အစိမ်းရောင်စက္ကူကြိုးကြာဖြစ်ပြီး တခြားတစ်ခုကတော့ အဖြူရောင်ခလောက်တံတစ်ခု ဖြစ်သည်။

သူတို့နှစ်ယောက်က သူတို့၏ရတနာများပေါ်တွင် ရပ်ကာ မြန်နှုန်းပြည့် ပျံသန်းသည်။ တခြားနှစ်ယောက်ကမူ တစ်ယောက်က သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ ထွေးထုတ်သည်။ အစိမ်းရောင်အလင်းက သူ့အား ဝန်းရံသည်။ သူသည် ထိုသွေးနှင့် ပေါင်းစပ်ကာ ချက်ခြင်းလိုလို ကီလိုမီတာတစ်သောင်းသို့ ရွှေ့လျားသွား၏။

နောက်ဆုံးအစိမ်းရောင်မိစ္ဆာတမန်တော်က ချိပ်ဟန်များကို ဖြစ်စေ၏။ သူ၏ခန္ဓာကိုယ်က စတင်လှည့်ပတ်လာပြီး ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်ထားသော မုန်တိုင်းတစ်ခုအဖြစ်သို့ ပြောင်း၍ သူသည် အကွာအဝေးတစ်ခုထံ မြန်ဆန်စွာ ပျံသန်းသည်။

သူတို့လေးယောက်က မတူညီသော နည်းလမ်းများကို အသုံးပြုလိုက်ကြသော်လည်း လေးယောက်လုံးမှာ အလွန်မြန်လှသည်။ ဝမ်လင်း မြေမျက်နှာပြင်သို့ ပေါ်လာသည့်အခိုက်တွင် သူတို့လေးယောက်က သဲလွန်စမရှိ ပျောက်ကွယ်သွားကြသည်။

သို့ရာတွင် ဝမ်လင်းက သူတို့ကို မည်သို့ လွတ်မြောက်ခွင့် ပြုပါ့မည်နည်း။ သူက ဘိုးဘေးအရှင်ကုန်းနျန် ပေးခဲ့သော အခြေအနေများကို ပြီးမြောက်အောင် လုပ်ရမည် မဟုတ်လား။ သူသည် ထိုသူတို့ကို သတ်ရပေမည်။ သည်အခိုက်တွင် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားကာ သူက ရှေ့သို့ ခြေလှမ်းလိုက်သည်။

သူ၏ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူက ချက်ခြင်းပင် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် သူသည် မုန်တိုင်းအသွင် ပြောင်းလဲထားသော အစိမ်းရောင်မိစ္ဆာတမန်တော်ရှေ့၌ ပေါ်လာ၏။ ဝမ်လင်းက ပေါ်လာသည်နှင့် သူ့ညာလက်ကို ဝေ့ယမ်းပြီး မိုးကြိုးနှင့် တိုက်ခိုက်လိုက်သည်။

ထိုတိုက်ခိုက်မှုဖြင့် လောကသည် တုန်ဟည်းသွားကာ ဝမ်လင်း၏လက်ဝါးသည် မိုးကြိုးဖြင့် အစားထိုး၏။ မိုးကြိုးက တလျှံလျှံလင်းလက်ကာ ကြီးမားသောမိုးကြိုးလုံးတလုံး ဖြစ်ပေါ်သည်။ ထိုမိုးကြိုးလုံး၏ အစွန်းအနားများ၌ တုန်လှုပ်ဖွယ် အရေးအကြောင်းများစွာ ရှိနေသည်။

ထိုမိုးကြိုးလုံးသည် မုန်တိုင်းအသွင် ပြောင်းလဲသွားသော အစိမ်းရောင်မိစ္ဆာတမန်တော်နှင့် မြန်ဆန်စွာ ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာတုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်၏။ ထိုမုန်တိုင်းက မိုးကြိုးနှင့် ထိမိသည့်အခါ တစစီ ဖြစ်သွားသည်။ မရေမတွက်နိုင်သော မိုးကြိုးအမျှင်တန်းများက ထိုကြောက်လန့်တကြား ဖြစ်နေသော တမန်တော်ကို ပိုက်ကွန်သဖွယ် ခြုံလွှမ်းသည်။

ထိုတမန်တော်သည် သွေးအန်ကာ အော်ဟစ်လိုက်ရ၏။ သူက မိုးကြိုးပိုက်ကွန်နှင့် ဝန်းရံခြင်း ခံရပြီး မြေပြင်ထက်သို့ ပြုတ်ကျသွားသည်။

ထိုမြင်ကွင်းသည် အကွာအဝေးတစ်ခုမှ ကြည့်ပါက တုန်လှုပ်ဖွယ်ပင်။ မိုးကြိုးပိုက်ကွန်က ထိုတမန်တော်ကို လုံးဝ ချိပ်ပိတ်လိုက်လေပြီ။

ဝမ်လင်းက မိုးကြိုးပိုက်ကွန်ကို အသုံးပြုပြီးနောက် သူ၏ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်နေ၏။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော အော်ရာသည်ပင် မတည်မငြိမ် ဖြစ်လာသည်။ ဝမ်လင်းက စိတ်ဝိညာဉ်ချပ်ဝတ်သည် ၎င်း၏သက်ရောက်မှု ဆုံးရှုံးတော့မည်ကို နားလည်လိုက်သည်။

မိုးကြိုးပိုက်ကွန်ဖြင့် ချိပ်ပိတ်ခံထားရသော တမန်တော်အဖို့ ၎င်းကို ချိုးဖျက်နိုင်ဖို့ နည်းလမ်း မရှိပေ။ ဝမ်လင်းက ထိုပိုက်ကွန်ကို သူ၏လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်နှင့် မိုးကြိုးဖြင့် အတားအဆီးအနှစ်သာရတို့ကို ပေါင်းစပ်ကာ ဖြစ်ပေါ်စေထားခြင်း မဟုတ်လား။ ဝမ်လင်းသည် တုန့်နှေးမနေဘဲ အနောက်ဘက်သို့ ခြေလှမ်းသည်။

ဖြတ်ခနဲ သူက ပျောက်ကွယ်သွားသည်။

အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၏ အနောက်ဘက်၌ နောက်ထပ်တမန်တော်တစ်ယောက်က စက္ကူကြိုးကြာပေါ်၌ ဖြူလျောစွာ ထိုင်နေသည်။ သူက အသည်းအသန် အမြန်ဆုံး ထွက်ပြေးနေသည်။

သူ့အမြင်၌ အစောပိုင်းတုန်းက အဖြစ်အပျက်သည် ကြောက်မက်ဖွယ်ကောင်းလွန်းနေ၏။ သူတို့က ဒီနေရာသို့ ရောက်လာခြင်းမှာ ဘိုးဘေး၏ တာဝန်ပေးထားချက်အရ ဝမ်လင်းကို သတ်ရန် ဖြစ်သည်။

မတော်တဆမှုတစ်ခုခု ဖြစ်လာခဲ့၍ ဝမ်လင်းက စိတ်ဝိညာဉ်ချပ်ဝတ်ကို ပိုင်ဆိုင်ခဲ့လျှင်ပင် သူက မကြောက်လန့်သေးချေ။ တကယ်တော့ သူက ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်နှင့် ပတ်သတ်၍ တချို့တဝက် သိရှိထားသည်။ အချိန်ကား အကန့်အသတ်တစ်ခုပင်။

သို့သော် ဝမ်လင်းက ယုံကြည်မှုမန္တာန်ကို အသုံးပြုသည်ကို သူ မြင်လိုက်ရသည့်အခါ ရုတ်တရက် သူက ဝမ်လင်းသည် မရိုးရှင်းမှန်း နားလည်သွားတော့သည်။

“ယုံကြည်မှုမန္တာန်ဟာ မဟာအင်ပါယာတွေပဲ အသုံးပြုနိုင်တာ။သူ…သူက ဒီလိုမန္တာန်ကို ဘာကြောင့် အသုံးပြုနိုင်နေရတာလဲ။ ဒီကိစ္စဟာ အလွန်အရေးကြီးတယ်။ ငါ ဒါကို ဘိုးဘေးရှိ တင်ပြဖို့ အမြန်ထွက်ပြေးနိုင်မှ ဖြစ်မယ်…”

သို့ပေမည့် သူက ထိုသို့ တွေးလိုက်ရုံ ရှိသေး သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားသည်။ သူ၏ရှေ့တွင် လှိုင်းဂယက်များ ပေါ်လာကာ အနက်ရောင်ချပ်ဝတ်ဖြင့် ဝမ်လင်းက လှမ်းထွက်လာသည်။

“ရပ်စမ်း…”  ဝမ်လင်း၏မျက်လုံးထံမှ အေးစက်စက်အကြည့် လှစ်ဟပေါ်၏။ သူက လှမ်းလျှောက်လာသည့်နောက် သူ၏အနှစ်သာရများသည် အနက်ရောင်လိုင်းများအဖြစ်သို့ ပြောင်းကာ သူ့လက်ဝါးတွင် စုဝေးပြီး လက်သီးအရွယ် အလုံးတလုံးအဖြစ်သို့ ပြောင်း၏။

၎င်းကား သူ၏လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် စွမ်းအားကို အသုံးပြုကာ အတင်းအကြပ် သူ့အနှစ်သာရများကို ပေါင်းစပ်ပစ်သည့် အရာပင်။ သူက ၎င်းကို အစိမ်းရောင်မိစ္ဆာတမန်တော်ထံ ပစ်သွင်းလိုက်သည်။

အနှစ်သာရရှစ်ခုကြောင့် ဖြစ်ပေါ်လာသော ထိုအလုံးငယ်က အစိမ်းရောင်မိစ္ဆာတမန်တော်ထံ အရှိန်အဟုန်နှင့် ဦးတည်လေသည်။

စက္ကူကြိုးကြာပေါ်ရှိ အစိမ်းရောင်မိစ္ဆာတမန်တော်၏ အမူအရာက ကြီးစွာ ပြောင်းလဲသွားသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ သူက ကောင်းကင်ထက်သို့ ၎င်းကို ဖိချသည်။

“အစိမ်းရောင်မိစ္ဆာ ခန္ဓာကိုယ်ထဲ ဝင်ရောက်စေ…”  သူ၏အသံက ရှတကာ ကြောက်လန့်မှုတို့ ပြည့်နေ၏။ သူ၏ခန္ဓာကိုယ်ထံမှ ကြောက်မက်ဖွယ်အစိမ်းရောင်အလင်းသည်  ထွက်ပေါ်လာကာ အနှစ်သာရများအလုံးနှင့် ထိပ်တိုက်တွေ့သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ဝမ်လင်းက ရှေ့သို့ ရွှေ့လျား၏။ သွေးအလင်း လင်းလက်သွားသည်။ သူက သွေးဓားကို ခုတ်ပိုင်းချလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ အစိမ်းရောင်မိစ္ဆာတမန်တော်ပတ်လည်ရှိ အစိမ်းရောင်အလင်းက ပျက်စီးသွား၏။ သူ၏မျက်ခုံးကြားတွင် သွေးစင်းကြောင်းတစ်ခု ပေါ်လာကာ သူ၏ခန္ဓာကိုယ်သည် ဖြတ်တောက်ခံလိုက်ရသည်။ သူ၏မူလစိတ်ဝိညာဉ်ပါ ခန္ဓာကိုယ်နှင့်အတူ ဖျက်စီးခံလိုက်ရသည်။

ဝမ်လင်း၏ လက်ထဲရှိ သွေးဓားက အဆက်မပြတ် တုန်ခါနေ၏။ ထိုခုတ်ပိုင်းချက်နှင့် သွေးဓားက အစိမ်းရောင်မိစ္ဆာတမန်တော်ထံမှ သွေးအစိတ်အပိုင်းတစ်ခုကို စုပ်ယူပြီး ထက်ရှလှသော ဓားတေးသံကို ထုတ်လွှတ်သည်။

၎င်းဓားက ကောင်းကင်ဘုံသားများစွာကို သတ်ဖြတ်ခဲ့ပြီး ဖြစ်၏။ သို့သော် ၎င်းက ဝမ်လင်းလက်ထဲတွင် ရှိခဲ့စဉ်က စ၍ အခု သတ်ခဲ့သော သူမှာ ကျင့်ကြံမှုအဆင့်အမြင့်ဆုံး ဖြစ်ချေသည်။

အစိမ်းရောင်မိစ္ဆာတမန်တော် သေဆုံးသွားသည့်အခိုက်၌ ကောင်းကင်ဘုံနွားထီး၏ ပုံရိပ်က ဝမ်လင်း ပတ်လည်တွင် ပေါ်လာသည်။ ဝမ်လင်းက ထိုတမန်တော်ကို သတ်ခဲ့သည့်အပေါ် ၎င်းက ပျော်ရွှင်ကျေနပ်ဟန်ရကာ စိတ်လှုပ်တရှား ဟိန်းသံကို ထုတ်ဖော်လေသည်။

ကောင်းကင်ဘုံနွားထီး စိတ်ဝိညာဉ် ပေါ်လာသည့်အခိုက်၌ ၎င်းက ရှိုက်သွင်းလိုက်၏။ ထိုတမန်တော်၏ ခန္ဓာကိုယ်မှ အစိမ်းရောင်အခိုးငွေ့ အမျှင်စု ထွက်ပေါ်လာပြီး ကင်းမြှီးကောအသွင်သဏ္ဌာန် ပြောင်းသည်။ ၎င်းကင်းမြှီးကောက်က အနည်းငယ် ရုန်းကန်ပြီးနောက် ကောင်းကင်ဘုံနွားထီး၏ ဝါးမြိုခြင်းကို ခံလိုက်ရတော့သည်။

ဝမ်လင်း မင်သက်သွား၏။ သို့သော် သူက တစက်လေးမျှ မရပ်ပေ။ သူက သူ့ခြေကို မြှောက်၍ ပျောက်ကွယ်သွားတော့သည်။

မြောက်စူးစူးအရပ်၌  သွေးလွတ်မြောက်ခြင်းကို အသုံးပြု၍ ထွက်ပြေးနေသော တမန်တော်က အဆက်မပြတ် သွေးအန်နေသည်။ ထို့အတွက် သူက မြန်သထက်မြန်လာကာ အဆုံးသပ်တွင် ဝေဝါးသွားပြီး သူ၏အရိပ်အယောင်ကိုပင် မတွေ့ရတော့ပေ။

ဝမ်လင်း ပေါ်လာသည့်အခါတွင် သူက ဝေဝါးကာ ပျောက်ကွယ်သွားသောသူကိုသာ မြင်လိုက်ရ၏။

ဝမ်လင်း ပတ်လည်ရှိ လေဟာနယ်အတိဒုက္ခအဆင့် အော်ရာသည် ပို၍ မတည်မငြိမ် ဖြစ်လာ၏။ ၎င်းက ဆန်းကြယ်ဒုက္ခအဆင့်သို့ ပြန်လျှော့ကျတော့မည့် အရိပ်အယောင်များ ပြသလာသည်။

သူက အစိမ်းရောင်မိစ္ဆာတမန်တော် ထွက်ပြေးသွားသော နေရာထံ စိုက်ကြည့်၏။ သူ၏မျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက ညာလက်ကို ပင့်မြှောက်ကာ ထိုဦးတည်ရာထံ မြန်မြန်ဆန်ဆန် လက်ညွှန်လိုက်သည်။

“ရပ်တန့်ခြင်း…”

ဝမ်လင်းထံမှ ဟိန်းအော်သံ ထွက်ပေါ်လာသည်။ ထိုအခါ လောကတစ်ခုလုံးသည် နက်မှောင်ကာ ဆန်းကြယ်သောအားတစ်ခု တရကြမ်း တိုးဝင်၍ အရာအားလုံး အေးခဲသွားသလား မှတ်ရလေသည်။ ဝမ်လင်းထံမှ ထွက်ပြေးသော တမန်တော်ရှိရာ နေရာလည်း အပါအဝင်ပင်။

ထိုသူ၏ခန္ဓာကိုယ် တုန်ယင်ကာ သူက နေရာတွင် ရပ်တန့်သွား၏။

သူ ရပ်တန့်သွားခိုက်၌ သွေးအလင်း လင်းလက်ကာ သွေးဓားက ထိုးထွက်သွား၏။ ကျယ်လောင်စွာ ပေါက်ကွဲသံနှင့်အတူ ထိုတမန်တော်၏ခန္ဓာကိုယ်သည် ပျက်စီးသွားကာ ဝမ်လင်း ပတ်လည်တွင် ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်က ထိုသူ၏ အစိမ်းရောင်အခိုးအငွေ့အမျှင်တန်းကို ဝါးမြိုရန် ပေါ်လာသည်။

သူက တစ်ယောက်ကို ချိပ်ပိတ်ခဲ့ပြီး နှစ်ယောက်ကို သတ်ပစ်ခဲ့ပြီး ဖြစ်၏။ ဝမ်လင်း၏အော်ရာက မြန်ဆန်စွာ လျော့ကျသွားပြီး ဆန်းကြယ်ဒုက္ခ အဆင့်သုံး၊အဆင့်လေးလောက်ထိ ဖြစ်သွားသည်။ ဝမ်လင်းသည် တောင်ဘက်သို့ ထွက်ပြေးသွားသော နောက်ဆုံးတမန်တော် ရှိရာသို့ ကြည့်၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ထိုတမန်တော်နောက်သို့ လိုက်လံခြင်းကို လက်လွှတ်လိုက်သည်။ ထိုအစား သူက ပထမဆုံး တမန်တော်ကို ချိပ်ပိတ်ထားသော နေရာထံ ဦးတည်လာ၏။

တအောင့်အကြာတွင် ထိုတမန်တော်ကို ချိပ်ပိတ်ထားသော နေရာမှ ကောင်းကင်ဘုံနွားထီး၏ စိတ်လှုပ်တရှား အော်သံ ထွက်ပေါ်လာတော့သည်။ ၎င်းက သေဆုံးသွားသော တမန်တော်သုံးယောက်ထံမှ အစိမ်းရောင်အခိုးအငွေ့များကို စုပ်ယူဝါးမြိုခဲ့၏။ ယင်းက ၎င်းအတွက် ကြီးမားသောအားဖြည့်တင်းမှုကို ဖြစ်စေပုံ ရသည်။

သွေးဓားထံမှ သွေးအလင်းကလည်း လေဟာနယ်အတိဒုက္ခအလယ်အဆင့် တမန်တော်သုံးယောက်ကို သတ်ဖြတ်ပြီးနောက် ပို၍ တောက်ပလာချေသည်။ ၎င်းဓားပေါ်၌ ရှေးဟောင်းစာသားတချို့ပင် စတင်ပေါ်လာခဲ့၏။

ထိုစာသားတို့က ကျင့်ကြံသူများ၏ အပိုင်မဟုတ်၊ ရှေးလူများ၏ စာသားများ ဖြစ်ချေ၏။

ဝမ်လင်း၏ဆံပင်ဖြူက တလွင့်လွင့် ဖြစ်နေ၏။ သူ၏ကျင့်ကြံမှုက ဆန်းကြယ်လေဟာနယ် နောက်ဆုံးအဆင့်ထိ လျော့ကျသွားခဲ့လေပြီ။ သူက အလွန်ပင်ပန်းဟန် ပေါက်ကာ ခြေလှမ်းပြီး မြေအောက်နန်းတော်ထံ ဦးတည်သည်။

လမ်းတလျှောက်တွင် သူ့ကျင့်ကြံမှုအဆင့်က ဆန်းကြယ်လေဟာနယ်အလယ်အဆင့်ထိ ထပ်မံ လျှော့ကျသွားပြန်သည်။ သူ မြေအောက်နန်းတော်သို့ ပြန်ရောက်လာသည့်အခါ၌ သူ၏ကျင့်ကြံမှုအဆင့်က ပုံမှန်၊ စိတ်ဝိညာဉ်လေဟာနယ်နောက်ဆုံးအဆင့်သို့ ပြန်ရောက်ရှိသွားသည်။

ကောင်းကင်ဘုံနွားထီးချပ်ဝတ်က အရည်ပျော်သွားဟန် ထင်ရကာ သူ၏ခန္ဓာကိုယ်ကို ဝန်းရံထားသော မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ အဆုံးသပ်၌ ယင်းတို့က ဝမ်လင်း၏မျက်နှာညာဘက်ခြမ်းတွင် စုဝေးကာ အနက်ရောင်ကောင်းကင်ဘုံနွားထီးအမှတ်အသားကို ဖြစ်စေသည်။

ထိုအမှတ်အသားက လင်းလက်နေသဖြင့် ဝမ်လင်းကို အလွန်ထူးခြားသည့်ပုံ ထင်ရစေသည်။

သူ မြေအောက်နန်းတော်သို့ ဝင်ရောက်သည့်အခါ၌ သူ၏ခြေထောက်က တုန်ယင်သွားသည်။ သူ့ခန္ဓာကိုယ်မှာ အလွန်အမင်း အားနည်းမှု ထွက်ပေါ်လာ၏။

ယန်လုနှင့်တခြားသူများ အပါအဝင် ကျင့်ကြံသူတစ်ထောင်ကျော်သည် စိုးရိမ်ပူပန်တကြီးဖြင့် လှမ်းကြည့်လာ၏။ သူတို့က မြေအောက်နန်းတော်အပြင်ဘက်၌ ဖြစ်ပျက်ခဲ့ပုံကို မမြင်နိုင်ခဲ့ပေ။ သူတို့က ရလဒ်ကိုသာ စောင့်နေရ၏။

“လေဟာနယ်အတိဒုက္ခအလယ်အဆင့် မွန်းစတားအို ခြောက်ယောက်မှာ နှစ်ယောက်က လွတ်မြောက်သွားတယ်။ သုံးယောက်ကတော့ သေသွားပြီ…”

ဝမ်လင်းသည် အဘိုးအိုကျိုးထံ၌ ကိုယ်ပွား ပိုင်ဆိုင်ထားလား၊ မပိုင်ဆိုင်ထားလားကို မသိပေ။ အကြောင်းမှာ သူက အနီးအနား၌ မရှိခဲ့ပေ။ ထို့ကြောင့် သူက ထိုသူ့အကြောင်း မဖော်ပြခဲ့ခြင်းပင်။

“လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့် ကျင့်ကြံသူနှစ်ယောက်လည်း သေဆုံးခဲ့ကြတယ်။ သူတို့အပြင် အစိမ်းရောင်မိစ္ဆာကုန်းမြေက ကျင့်ကြံသူအားလုံး သေဆုံးသွားကြပြီ…”

ဝမ်လင်းက ထိုစကားတို့ကိုသာ ပြောခဲ့၏။ ထို့နောက် သူ၏မျက်နှာက ဖြူရောကာ သူက သူ့လှိုဏ်ဂူထံ ပျံသန်းလာ၏။ သူက ရီစီရုပ်သေးကို ဆင့်ခေါ်ကာ လှိုဏ်ဂူကို အတားအဆီးများနှင့် လုံးဝ ချိပ်ပိတ်လိုက်၏။ ထို့နောက် သူက ထိုင်ချလိုက်ပြီး သွေးအန်ထုတ်သည်။

သူသည် သူ ပြောခဲ့သည့်စကားများကြောင့် သေလုအောင် ငြိမ်သက်တိတ်ဆိတ်သွားသည်ကို လစ်လျူရှုထား၏။ ကျင့်ကြံသူအားလုံးသည် ဝမ်လင်း ရှိနေသော လှိုဏ်ဂူထံ အထိတ်တလန့်ကြည့်ကာ ငြိမ်သက်စွာ စဉ်းစားကုန်သည်။

“ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ်…ဒါက အစွမ်းထက်လွန်းတယ်…”

“ဒါက ဒီစိတ်ဝိညာဉ်ချပ်ဝတ်ရဲ့ စွမ်းအားလား…”

လူတိုင်းသည် ငြိမ်သက်စွာ စဉ်းစားသွားပြီးနောက် တဖြည်းဖြည်း လူစုခွဲသွားကြ၏။ ယန်လုနှင့် တခြားသူများက ဝမ်လင်းရှိနေသော လှိုဏ်ဂူထံ စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်ကြသည်။ ထို့နောက်တွင် သူတို့က သူတို့၏ကိုယ်ပိုင်နေရာများထံ ဒဏ်ရာကုသဖို့ လူစုခွဲသွားသည်။ တကယ်တော့ သူတို့သည် ပြီးခဲ့သော တိုက်ပွဲ၌ ဒဏ်ရာများ ရထားခဲ့ကြသည် မဟုတ်လား။

သည်လိုနှင့် ဖြတ်ခနဲအတွင်း ခုနစ်ရက်တာ ကုန်လွန်သွားခဲ့လေပြီ။

All Chapters