← Chapters

ထိပ်တန်းလျှို့ဝှက်ချက်

Vol. 140 Ch. 1933

ထိပ်တန်းလျှို့ဝှက်ချက်

Vol. 140 Ch. 1933

သည်ခုနစ်ရက်အတွင်း မြေအောက်နန်းတော်တခုလုံးသည် ငြိမ်သက်တိတ်ဆိတ်နေသည်။ ဒီတိတ်ဆိတ်မှုအတွင်း တချို့လူများက မြေအောက်နန်းတော်ကနေ ဂရုတစိုက် ထွက်ခွာကာ မြေမျက်နှာပြင်ပေါ်သို့ တက်လာကြသည်။ သူတို့က ပြောင်းပြန်လှန်ပစ်လိုက်သည့်အလား ပြောင်းလဲသွားသော အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်ကို ကြည့်ကာ မင်သက်မိကုန်သည်။

ဝမ်လင်း ပြောခဲ့သော စကားများကို ပြန်စဉ်းစားမိရင်း ထိုသူများသည် ဒီမြက်ခင်းပြင်၌ ကြီးမားသော ပြောင်းလဲမှုတစ်ခုကို တွေ့မြင်သည်။ ထိတ်လန့်မှုလှိုင်းတစ်ခုကို ခံစားမိပေသည်။

ဤသည်က ဝမ်လင်း၏ စကားများသည် အမှန်ဖြစ်သည်ကို ပြသနေသည်။

ထို့အပြင် ဒီမြက်ခင်းပြင်၌ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူ တဦးတလေမျှ မရှိတော့ပေ။ ဝမ်လင်း၏ စကားလုံးများက သူတို့၏စိတ်ထဲ၌ ပြန်ပေါ်လာ၏။

ယန်လုသည် မြေမျက်နှာပြင်ထက်သို့ ရောက်လာသည့်အခါ ဘေးပတ်လည်သို့ အလန့်တကြား ကြည့်မိ၏။ သူမ၏ ကျင့်ကြံမှုအဆင့်က မြင့်မားပေ၏။ ထို့ကြောင့် သူမသည် တခြားသူများ မမြင်နိုင်သော အရာများကို တွေ့မြင်နိုင်သည်။ သူမ၏အမြင်အရ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၌ ဧရာမလက်ဝါးကြီးတစ်ခု ရှိနေလေသည်။

သို့ပေမည့် ထိုလက်ဝါးအတွင်း၌ ရှိနေသော တစုံတစ်ခုကိုလည်း လွဲချောသွားဖို့ လွယ်ပေသည်။

“ဒီနေရာမှာ လွန်ခဲ့တဲ့ခုနစ်ရက်က အစွန်းရောက်အောင် ပြင်းထန်တဲ့ သတ်ဖြတ်ပွဲတစ်ခု ရှိခဲ့တယ်…”  ယန်လုသည် ငြိမ်သက်စွာ စဉ်းစားနေ၏။

ရှုတန်သဲက ယန်လုဘေးတွင် မတ်တပ်ရပ်ကာ ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်သည်။

“ဒီအကြီးအကဲဝမ်ဟာ ချက်ခြင်းလိုလို မိုးကောင်းကင်ထက်ကို ပျံသန်းတက်သွားတာပဲ။ ငါတို့ သူ့ကို တလေးတစား ခေါ်ဝေါ်ဆက်ဆံရမယ့် အချိန်ရောက်လာဖို့ နှစ်ပေါင်း ဘယ်လောက်မှ လိုတော့မှာ မဟုတ်တာ ငါ စိုးမိတယ်…”  ရှုတန်သဲက သက်ပြင်းချလိုက်၏။

ခုနစ်ရက်ကြာပြီးနောက် လဝက်ကျော် အချိန်ကျော်လွန်ခဲ့သည်။ သည်သတ်ဖြတ်ပွဲ စတင်ခဲ့တာ တလနီးပါး ရှိလာခဲ့ပေပြီ။ သည်အချိန်အတွင်း တချို့ကျင့်ကြံသူများက အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၏ အစွန်းအနားထိ သွားရောက်ကာ အစိမ်းရောင်မိစ္ဆာကုန်းမြေမှ ကျင့်ကြံသူများ ကျန်သေးသလား မကျန်သလားကို ကြည့်ရှုသည်။

သို့သော် အဆုံးသပ်၌ သူတို့သည် မည်သည့်အရာကိုမျှ မတွေ့မြင်ခဲ့ကြပေ။

အရာအားလုံးသည် ဝမ်လင်း တံခါးပိတ်မကျင့်ကြံခင်က ပြောထားခဲ့သည့်အတိုင်းပင်။ လွတ်မြောက်သွားသော လူအနည်းငယ်ကလွဲ၍ လူအားလုံး သေဆုံးကုန်ခဲ့ပြီ။

စစ်ပွဲမီးတောက်က ကောင်းကင်ဘုံနွားထီး ကုန်းမြေအနှံ့အပြားတွင် ဆက်လက် လောင်ကျွမ်းနေဆဲပင်။ သို့သော် အဆုံးစွန်မြက်ခင်းပြင်ပေါ်တွင်တော့ ရှားတောင့်ရှားခဲ ငြိမ်းအေးနေသည်။ မဟာစိတ်ဝိညာဉ်ကလန်နှင့် ကောက်ရီကလန်တို့ထံမှလည်း မည်သည့် အမိန့်အသစ်မှ ရောက်မလာခဲ့ပေ။ ထို့ကြောင့် မည်သူကမျှ မထွက်ခွာကြဘဲ ဒီတတိယမြောက်သွေးကြောနေရာကိုသာ စောင့်ကြပ်နေရသည်။

သည်ရက်များက ပျင်းရိဖို့ကောင်းလှသော်လည်း ကျင့်ကြံသူတစ်ယောက် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်၌ ပျက်စီးနေသော ရတနာတစ်ခုကို ရှာတွေ့ခဲ့ချိန်မှစ၍ အရာများက စိတ်ဝင်စားဖို့ ကောင်းလာခဲ့သည်။ ပိုပိုများပြားသော ကျင့်ကြံသူများက အစိမ်းရောင်မိစ္ဆာကုန်းမြေမှ သေဆုံးသွားသော အစိမ်းရောင်မိစ္ဆာကုန်းမြေ ကျင့်ကြံသူများ ချန်ထားခဲ့သော ရတနာများနှင့် ပစ္စည်းများကို ရှာဖွေကြသည်။

သို့ပေမည့် ယင်းရတနာအများစုမှာ ဝမ်လင်း၏မန္တာန်ကြောင့် ဖျက်စီးခံထားရပြီး ဖြစ်၏။ တချိ့က အကောင်းတိုင်း ရှိနေသော်လည်း အများစုကတော့ ထိခိုက်ပျက်စီးထားကြသည်။ ထိုရတနာများက ထိခိုက်ထားသော်လည်း တန်ဖိုးအချို့ ရှိနေသေးပေသည်။

သည်လိုဘဝမျိုးက ကျင့်ကြံသူများအတွက် အတော်လေး နေပျော်စရာပင်။ မည်သည့် သတ်ဖြတ်မှုမရှိ၊ သေဆုံးခြင်းလည်း မရှိကြပေ။ အကြောင်းမှာ သူတို့က အတူတကွ တိုက်ခိုက်ခဲ့ကြပြီး ဖြစ်၍ သူစိမ်းတရံအနေထားကနေ တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးလာခဲ့ကြပြီ မဟုတ်လား။

သို့ရာတွင် သည်အနေအထားက သူတို့ မြေအောက်နန်းတော်သို့ ပြန်ရောက်သွားသည်နှင့် ချက်ခြင်း ပျောက်ကွယ်သွား၏။ သူတို့က ပြန်ရောက်လာသည်နှင့် ငြိမ်သက်တိတ်ဆိတ်ကာ သာမန်ဆန်သော လှိုဏ်ဂူများထဲမှ တစ်ခုထံသို့ ကြည့်ကြ၏။ ထိုလှိုဏ်ဂူတွင် ဝမ်လင်း တံခါးပိတ်ကျင့်ကြံနေသည် မဟုတ်လား။

ထိုကျင့်ကြံသူများထဲ၌ ယန်လုနှင့် တခြားသူများလည်း ပါဝင်ကြ၏။ သူတို့အားလုံးက မြေအောက်နန်းတော်၌ ငြိမ်သက်တိတ်ဆိတ်စွာသာ ရှိနေကြ၏။ သူတို့က ဝမ်လင်းကို အနှောက်အယှက် ဖြစ်မည်အား စိုးရွံ့နေသည့်နှယ်။

ဝမ်လင်း၏ တိုက်ပွဲနှင့် စကားတို့က ဒီမှာ ရှိသော ကျင့်ကြံသူများ၏ လေးစားမှုနှင့် ကြောက်ရွှံ့မှုကို သိမ်းပိုက်နိုင်ခဲ့ချေ၏။

အချိန် မသိလိုက်မသိ ဘာသာဖြင့်ပင် ထပ်မံ ကုန်ဆုံးလာ၏။ တလ၊ နှစ်လ၊ သုံးလ။

သည်သုံးလအတွင်း အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်တခုလုံးကို ကျင့်ကြံသူများက ရှာဖွေခဲ့ကြကာ ပြောင်သလင်းခါသည့်အထိပင်။ သို့သော် ဝမ်လင်းကမူ တံခါးပိတ်ကျင့်ကြံနေရာကနေ ထွက်မလာသေးပေ။

တနေ့၌ မြက်ခင်းပြင်ပေါ်ရှိ ကျင့်ကြံသူရာချီက ကွင်းပြင်ငယ်တစ်ခု၌ သူတို့ ရှာတွေ့ခဲ့သော ရတနာပစ္စည်းများ၊ သူတို့ကိုယ်ပိုင် ပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်နေသည်။ ထိုစဉ် ရုတ်တရက် အကွာအဝေးတစ်ခုမှ ခပ်အုတ်အုတ် မြည်သံ ထွက်ပေါ်လာသည်။

ထိုရုတ်ချည်းဆန်သော အသံက သူတို့၏အမူအရာများကို ကြီးစွာ ပြောင်းလဲသွားစေသည်။ သူတို့အားလုံးက ပြီးခဲ့သော သုံးလအတွင်း သက်တောင့်သက်သာ အေးဆေးနေနေရသည့် အခြေအနေမှာ ပျောက်ကွယ်သွားကြပြီး အလေးအနက်အမူအရာများ ဖြစ်ပေါ်လာသည်။

ထိုခပ်အုတ်အုတ်မြည်သံက ဒီမြက်ခင်းပြင်မှ ထွက်ပေါ်လာသည် မဟုတ်ပေ။ အဝေးတနေရာမှ ထွက်ပေါ်လာခြင်းသာ။ ယင်းအသံက အကွာအဝေးမည်မျှကို ဖြတ်သန်းပြီးခဲ့သည်ကိုမူ မသိရပေ။ သို့သော် ထိုအသံက ဒီနေရာရှိ လောကကိုပါ မှိန်ဖျော့သွားအောင် လုပ်နိုင်နေဆဲပင်။

ထိုတုန်ဟည်းသံက ချက်ခြင်းပင် လူတိုင်း၏အထက်၌ ပျံ့နှံ့သွားကာ သူတို့က သွေးနှင့်ကြမ်းကြုတ်မှုတို့ကို မမြင်နိုင်သော်လည်း ခံစားမိလိုက်ကြသည်။ ၎င်းက ချက်ခြင်း ဝေ့ခတ်ဖြတ်သန်းပြီး အဝေးထိ ပျံ့နှံ့သွားသည်။

မြေပြင်ထက်ရှိ ကျင့်ကြံသူရာချီမှာ မင်သက်ကုန်ကြသည်။ သူတို့က မည်သို့ဖြစ်ပျက်ခဲ့သည်၊ သို့မဟုတ် ထိုတုန်ဟည်းသံ ဘာကြောင့် ပေါ်လာခဲ့သည်ကို မသိကြပေ။ တချို့လူများကတော့ လောက၏ အဆုံးစွန်းအနားသပ်၌ သွေးလွှမ်းနေသော ကောင်းကင်ဘုံနွားထီးက နာကျင်စွာ အော်ဟစ်သံ ပြုလိုက်သည်ကို ရေးတေးတေး တွေ့မြင်သည်။

သည်မြေပြင် တလျှောက် ပျံ့နှံ့လာခဲ့သော အနှီတုန်ဟည်းမြည်သံမှာ ကောင်းကင်ဘုံနွားထီး၏ ဟိန်းအော်သံပင်။ ထိုမြည်သံ ဆက်လက် ပျံ့နှံ့ရခြင်းမှာ ကောင်းကင်ဘုံနွားထီးက နာကျင်စွာဖြင့် ထွက်ပြေးရသည်ဟု ထင်ရလေသောကြောင့်လား။

သို့သော်ငြားလည်း ထိုဝိုးတဝါးပုံရိပ်မြင်ကွင်းကို မြင်လိုက်သည့်သူမှာ ဆယ့်နှစ်ယောက်ပင် မပြည့်ပေ။ သူတို့အားလုံးက ငြိမ်သက်တိတ်ဆိတ်နေကြ၏။

ထိုဟိန်းသံ ဆက်လက် ပျံ့နှံ့ရင်း အဆုံးစွန်ကောင်းကင်မြက်ခင်းပြင် တခုလုံးကို ခြုံလွှမ်းသွား၏။ မြေအောက်နန်းတော်အတွင်းရှိ ကျင့်ကြံသူအားလုံးက မျက်လုံးဖွင့်လာကြပြီး သူတို့၏အမူအရာများ ပြောင်းလဲကုန်သည်။ သူတို့အားလုံးက မြေမျက်နှာပြင်ထက်သို့ တရှိန်ထိုး ပျံသန်းတက်ကာ ကောင်းကင်ထက်သို့ ကြည့်သည်။ သူတို့အားလုံး မင်သက်ကုန်၏။

ယန်လုနှင့် တခြားသူများ၏ အမူအရာများမှာလည်း ပြောင်းလဲသွားကြကာ သူတို့က နန်းတော်ထံမှ ပျံသန်းထွက်လာသည်။ သူတို့က ဝမ်လင်း ရှိနေသော လှိုဏ်ဂူထံ လှမ်းကြည့်ကြ၏။ ထို့နောက် မြေပြင်ထံ ဦးတည်သွားကြသည်။

ထို့အတွက်ကြောင့် မြေအောက်နန်းတော်အတွင်း၌ ဝမ်လင်း တစ်ယောက်သာ ကျန်ခဲ့တော့သည်။ သည်သုံးလအတွင်း သူက မလှုပ်မယှက် ရှိနေ၏။ သူက တိုက်ပွဲပြီးသည့်နောက် သူ့အတွင်းပိုင်းဒဏ်ရာများကို ဖိနှိပ်ထားနိုင်ခဲ့ပြီး ဖြစ်သည်။ ခုချိန်၌ သူသည် တည်ငြိမ်စွာဖြင့် ကုသမှု စတင်နေခဲ့ပြီ။

ဒီသုံးလတာအချိန်အတွင်း ဝမ်လင်းက စိတ်ဝိညာဉ်ချပ်ဝတ်နှင့် သူ့ကိုယ်သူ ပိုအသားကျအောင် လုပ်နေကာ သူ ကျင့်ကြံမှုအဆင့်တက်ခဲ့စဉ်က ရရှိခဲ့သော ဉာဏ်အမြင်များကို ပြန်ဆင်ခြင်ကြည့်နေသည်။

ထိုဉာဏ်အမြင်များက သူ့အတွက် အဖိုးတန်လှ၏။ သူက ၎င်းတို့ကို မှတ်သားထားရင်း တဖြည်းဖြည်း သူ့အပိုင် ဖြစ်လာပေလိမ့်မည်။ ထိုသည်က သူ့အတွက် များစွာ အကျိုးရှိစေသည်။

ဒီသုံးလအတွင်း ဝမ်လင်းက သူ၏နေသာသောညကို လေ့လာခဲ့၏။ ကံမကောင်းစွာဖြင့် စိတ်ဝိညာဉ်ချပ်ဝတ်မရှိပါက နေသာသောညမှာ ယုံကြည်ခြင်းမန္တာန်တစ်ခု မဟုတ်လေတော့ခြင်းပင်။

ထိုဟိန်းမြည်သံ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင် တခွင် ပဲ့တင်ထပ်လာသည့်အခိုက်၌ ဝမ်လင်းက သူ၏ကျင့်ကြံနေရာကနေ သုံးလအတွင်း ပထမဆုံးအကြိမ် နိုးထလာသည်။ သူ၏စိတ်နှလုံးမှ စူးစူးရှရှ နာကျင်မှု ထွက်ပေါ်လာကာ သူ့ခန္ဓာကိုယ်တွင် ပျံ့နှံ့လေပြီး သူ၏တကိုယ်လုံး ချွေးများ ရွှဲနစ်သွားသည်။

သူ့မျက်နှာညာဘက်ခြမ်းပေါ်ရှိ ကောင်းကင်ဘုံနွားထီးအမှတ်အသားက စတင်လောင်ကျွမ်းလာကာ ပြောမပြတတ်သော ဒေါသနှင့်ဝမ်းနည်းမှုကို ပေးစွမ်းလာသည်။

ထိုဝမ်းနည်းမှုက ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်မှ ထွက်ပေါ်လာခြင်းပင်။

ဝမ်လင်း၏ စိတ်နှလုံးသည် တုန်ယင်သည်။ သူက ခပ်အုတ်အုတ် မြည်သံကို ကြားရကာ မြေမျက်နှာပြင်ထက်သို့ မော့ကြည့်သည်။ သူ၏အမြင်က ဝေဝါးသွားကာ သူက တချို့ပုံရိပ်များကို ရေးတေးတေး မြင်လိုက်ရသည့်ပုံ ပေါ်သည်။

ထိုမြင်ကွင်းတွင် အဆုံးမဲ့တောင်တန်းတစ်ခု ရှိနေသည်။ ကျင့်ကြံသူထောင်ချီလည်း ရှိနေကြ၏။ လပေါင်းများစွာ ရုန်းကန်ပြီးနောက် ထိုကျင့်ကြံသူအများစု သေဆုံးကာ ရာချီလောက်သာ ကျန်ခဲ့သည်။ ထိုသူတို့ကြား၌ အနက်ရောင်စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ထားသော တစုံတစ်ယောက် ရှိနေ၏။ ထိုသူ့ထံမှ ကောင်းကင်ဘုံနွားထီး၏စိတ်ဝိညာဉ်အော်ရာကို ပေးစွမ်းသည်။

ထိုသူမှာ ဝမ်လင်းကဲ့သို့ ကောင်းကင်ဘုံနွားထီး၏ အသိအမှတ် ပြုခြင်းခံရသော သူမှန်း သိသာသည်။ သူသည် သွေးကြောနေရာခုနစ်ခုထဲမှ တစ်ခုကို စောင့်ကြပ်သော တစုံတစ်ယောက် ဖြစ်ပေမည်။

ဝမ်လင်းက ထိုသူသည် တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေသည်ကို စောင့်ကြည့်နေသည်။ အဆုံးသပ်၌ ထိုသူမှာ ကောင်းကင်ထက်တွင် ရုတ်တရက် ဆင်းသက်လာသော အနီရောင်လက်တစ်ဖက်၏ ထိမှန်ခြင်းကို ကိုးကြိမ်ဆက်တိုက် ခံရသည်။ သည်လူ့ ပတ်လည်ရှိ ချပ်ဝတ်မှာလည်း ပျက်စီးသွားပြီး ထိုသူ သေဆုံးသွားတော့သည်။

အနီရောင်လက်က တုန်ယင်ကာ ဆံနီအဘိုးအိုတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုအဘိုးအိုက သုန်မှုန်သော အမူအရာဖြင့် ရှိနေ၏။ သူက လေထဲတွင် ကောင်းကင်နှင့်မြေကြီးကို အုပ်စိုးသူတစ်ယောက်အလား ရပ်နေသည်။ သူ၏အောက်မှ အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ ကျင့်ကြံသူများက သူ့ကို အလေးအမြတ် ပြုနေကြသည်။

ဝမ်လင်းသည် ယင်းပုံရိပ်များထံမှ ထိုအဘိုးအို၏ ကျင့်ကြံမှုပုံရိပ်များကို မခံစားမိနိုင်ပေ။ သို့သော် စိတ်ဝိညာဉ်ချပ်ဝတ် ဝတ်ဆင်ထားသော တစုံတစ်ယောက်ကို သတ်နိုင်ခဲ့သည်ဟူသည်မှာ ထိုသူ၏ ကျင့်ကြံခြင်းက မွန်းစတားဆန်၏ဟု ဆိုလိုသည်။

စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့် ထိုကျင့်ကြံသူ သေဆုံးသွားသည့်နောက် တောင်တန်းတခုလုံးသည် ပျက်စီးကာ ပြန့်ကြဲသွားသည်။ အဆုံးမဲ့တောင်တန်းက သေခြင်းတရားတွင်းနက်တစ်ခု ဖြစ်သွားခဲ့တော့သည်။

ထိုတောင်တန်းက ပျက်စီးသွားပြီးနောက် သွေးကြောခုနစ်ခုကြောင့် ဖြစ်ပေါ်လာသော မမြင်ရသော အရံအတား၏ တစိတပိုင်းမှာလည်း ပျက်စီးသွားသည်။ ၎င်းက ဆက်လက် ပြီးပြည့်စုံခြင်း မရှိတော့ပေ။

ဝမ်လင်း၏ အမြင်က နက်မှောင်သွားကာ သူ နိုးထလာ၏။ သူသည် ခဏတဖြုတ် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူ အခု တွေ့မြင်ခဲ့သော အရာကို တခြားသူများက မြင်နိုင်လိမ့်မည် မဟုတ်ပေ။ ကောင်းကင်ဘုံနွားထီးစိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်သည့် သူများသာ ၎င်းမြင်ကွင်းအဖြစ်သနစ်ကို ထောက်လှမ်းမိနိုင်ပေမည်။

ကောင်းကင်ဘုံနွားထီး သွေးကြောနေရာခုနစ်ခုထဲမှ တစ်ခုသည် ပျက်စီးသွားတော့သည်။

ထိုဟိန်းအော်သံ အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားဖို့ နာရီ အတော်လေး ကြာလိုက်၏။

သည်ရုတ်တရက် ဟိန်းအော်သံ ထွက်ပေါ်လာမှုက အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်ရှိ ကျင့်ကြံသူအားလုံးကို တစုံတစ်ခု ကြီးကြီးမားမား ဖြစ်ပျက်လာတော့မည်ဟု ခံစားမိစေသည်။

လာမည့်နှစ်လတွင် အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်သည် သက်တောင့်သက်သာ ဆက်မဖြစ်တော့ပေ။ ဖိအားများ ကျပ်သည်းလာ၏။ အကြောင်းမှာ လွန်ခဲ့သောနှစ်လက ဟိန်းအော်သံက ဒီနှစ်လတွင်လည်း နောက်ထပ်နှစ်ကြိမ် ထပ်မံ ပျံ့လွင့်လာသောကြောင့်ပင်။

ထိုဟိန်းအော်သံ သုံးခုကြောင့် လူတိုင်း၏စိတ်ထဲရှိ ဖိအားသည် များစွာ တိုးလာတော့သည်။

ဒီနှစ်လပြီးသည့်နောက် ခုနစ်ရက်မြောက်နေ့တွင် အလင်းတန်းတစ်ခုသည် မြက်ခင်းပြင်ထံ နီးကပ်လာ၏။ ထိုအလင်းတန်းက မြေအောက်နန်းတော်၏ အထက်သို့ မြန်ဆန်စွာ ရောက်လာပြီး အနက်ရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက်အသွင်သို့ ပြောင်းသွားသည်။

ထိုအဘိုးအိုသည် မဟာစိတ်ဝိညာဉ်ကလန်မှ လူမဟုတ်၊ ကောက်ရီကလန်မှ ဖြစ်၏။

“အဆုံးစွန်မြက်ခင်းပြင်ရဲ့ တတိယမြောက်သွေးကြောနေရာ…ဒီအမိန့်ကို နာခံကြ။ မဟာစိတ်ဝိညာဉ်ကလန်နဲ့ ကောက်ရီကလန်ရဲ့ အမိန့်အောက်ကနေ ငါ ရောက်လာခဲ့တာ။ ခုချက်ခြင်းပဲ ဒီနေရာကနေ ထွက်ခွာပြီး ကီလိုမီတာတစ်သန်းအကွာမှာ ရှိတဲ့ ထျန်လိန်တောင်ထိ နောက်ပြန်ဆုတ် စုဝေးကြရမယ်။ အဲ့မှာ မင်းတို့ကို ကြိုဆိုမယ့် တစ်စုံတစ်ယောက် ရှိလိမ့်မယ်။ အခု အမိန့်ကို နားထောင်ပြီး မြန်မြန် ထွက်သွားကြတော့…”

“တတိယသွေးကြောရဲ့ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ရှင်။ ဒီအဘိုးအို ချူယန်းကျန်းက တွေ့ဆုံခွင့် တောင်းခံပါတယ်…”

ထိုအဘိုးအိုသည် ကောင်းကင်ထက်တွင် ရပ်နေကာ စိုးရိမ်ပူပန်ဟန် ပေါက်နေသည်။ သို့သော်လည်း သူက လေးစားသမှု ပေးဖို့ မမေ့လျော့ပေ။ တကယ်တော့ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ဆိုင်သူမည်သူမဆို လေးစားခံရဖို့ ထိုက်တန်ပေသည်။

သူက လက်နှစ်ဖက်ယှက်၍ ပြောလာစဉ် မြေအောက်နန်းတော်အတွင်း၌ ဝမ်လင်းက ရုတ်တရက် မျက်လုံးဖွင့်လာ၏။ သူ ပျောက်ကွယ်လို့သွားသည်။ သူ ပြန်ပေါ်လာသည့်အခါ၌ သူက ထိုအဘိုးအိုနှင့် မျက်နှာချင်းဆိုင်သို့ ရောက်လာခဲ့၏။

ထိုအဘိုးအိုက ဝမ်လင်းကို မြင်သည့်အခါ မင်သက်သွား၏။ သူက ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် ဒီချပ်ဝတ်ကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သို့ပေမည့် သူက ဝမ်လင်းကို အထင်အမြင် မသေးဝံ့ပေ။ တကယ်တော့ ဒီနေရာကို ကာကွယ်နိုင်ခြင်းဟူသည် အချက်က ဝမ်လင်းနှင့် ပတ်သတ်၍ ထူးခြားသည်ကို ဖော်ပြနေသည် မဟုတ်လား။

“ကောင်းကင်ဘုံနွားထီးရဲ့ ပထမ၊ ဒုတိယနဲ့ ခုနစ်ခုမြောက် သွေးကြောတို့က ဖျက်စီးခံလိုက်ရပါပြီ။ စိတ်ဝိညာဉ်ချပ်ဝတ် ပိုင်ရှင်သုံးယောက်လည်း ကျရှုံးသွားခဲ့ပြီ။ ချူယောင်ဟွာက တတိယသွေးကြောရဲ့ စိတ်ဝိညာဉ်ချပ်ဝတ်ပိုင်ရှင်ကို ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုအတွက် ကောက်ရီကလန်ကို တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကနေ ချက်ခြင်း ပြန်ဖို့ သတင်းလာပို့တာပါ…”

All Chapters