နှာဘူးကောင်
Vol. 140 Ch. 1934
ဝမ်လင်း၏အမူအရာက တည်ငြိမ်စွာ ရှိနေသည်။ ပထမ၊ ဒုတိယ၊ ခုနစ်ခုမြောက်သွေးကြောများ ဖျက်စီးခံလိုက်ရပြီကို ကြားသည့်အခါ၌လည်း သူက တည်ငြိမ်နေသည်။ သူက ၎င်းတို့ ဖျက်စီးခံလိုက်ပြီး ဖြစ်သည်ကို အာရုံခံမိခဲ့ပြီး ဖြစ်၏။
“ထိပ်တန်းလျှို့ဝှက်အစီအစဉ်…” ဝမ်လင်း မျက်မှောင်ကြုတ်သွား၏။
“ကျနော် ဒီကို အမိန့်အရပဲ ရောက်လာခဲ့တာ ဖြစ်ပြီး အသေးစိတ် မသိထားပါဘူး။ ရောင်းရင်းကျင့်ကြံသူက ကလန်ကို မြန်မြန် ပြန်ဖို့ မျှော်လင့်ပါတယ်။ ငါ့လိုမျိုး သွေးကြောနေရာတစ်ခုစီကို သတင်းပို့ဖို့ စေလွှတ်ခံရတဲ့သူ စုစုပေါင်းဆို လေးယောက် ရှိပါတယ်…”
ချူယန်ကျန်းက လေဟာနယ်ထံ လက်ဆန့်ထုတ်ရာ ကျောက်စိမ်းပြားတစ်ခု ပေါ်လာ၏။ သူက ၎င်းကို ဝမ်လင်းထံ ပစ်ပေးလိုက်သည်။
“ဒီကျောက်စိမ်းပြားထဲမှာ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ရဲ့ နေရာအတိအကျ ပါဝင်ပါတယ်။ ဒီအစီအရင်ကို သုံးကြိမ် အသက်သွင်းနိုင်ပါတယ်…။ ရောင်းရင်းကျင့်ကြံသူ မြန်မြန် လုပ်ဆောင်ဖို့ မျှော်လင့်ပါတယ်။ ငါ့မှာ တခြားလုပ်ဆောင်ရမယ့် တာဝန်တစ်ခု ရှိသေးလို့ အရင်ဆုံး နှုတ်ဆက်ခဲ့ပါတယ်…”
ချူယန်ကျန်းက စိုးရိမ်ပူပန်ဟန် ပေါက်နေသည်။ သူက ဝမ်လင်းကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်ပြီးနောက် ထွက်ခွာသွားတော့သည်။
ချူယန်ကျန်းက မြန်မြန်ရောက်လာပြီး အမြန်ပင် ပြန်ထွက်ခွာသွား၏။ သို့သော် ဝမ်လင်းသည် သည်စစ်ပွဲ၌ ကောင်းကင်ဘုံနွားထီးကုန်းမြေမှ ကျင့်ကြံသူများ၏ ဖိအားတင်းကြပ်မှုကို ခံစားမိ၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ကျောက်စိမ်းပြားကို ငုံ့ကြည့်လိုက်သည်။
မြေပြင်ထက်တွင် အလင်းတန်းများ ပျံသန်းလာကာ ယန်လုနှင့် တခြားလေဟာနယ်အတိဒုက္ခအဆင့် ကျင့်ကြံသူများ ရောက်လာကြသည်။ သူတို့က ငြိမ်သက်နေ၏။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ကျောက်စိမ်းပြားကို သိမ်းကာ ယန်လုနှင့် တခြားသူများထံ ကြည့်သည်။ သူ့လက်နှစ်ဖက်ကို ဆုပ်၍ ပြောလာ၏။
“ရောင်းရင်းကျင့်ကြံသူတို့…ငါတို့ အတူရှိခဲ့တာ လပေါင်းများစွာ ရှိခဲ့ပြီ။ ဒါပေမဲ့ အခု လမ်းခွဲရမယ့် အချိန်ရောက်ပြီ။ ငါတို့ ကံကြမ္မာရေစက် ရှိသေးရင်တော့ နောက်ထပ် အတူတူ ထပ်မံ တိုက်ပွဲ ဝင်ကြတာပေါ့…”
“နှုတ်ဆက်ပါတယ်…” ဝမ်လင်းက ယန်လုကို ဝေ့ခတ်ကြည့်ရှုလိုက်သည်။ ထို့နောက် သူသည် ချက်ခြင်း လှည့်ထွက်လိုက်၏။ လှိုင်းဂယက်များ သူခြေထောက်အောက်တွင် ပေါ်လာကာ သူ့ပုံရိပ်က ပျောက်ကွယ်သွားတော့၏။
ယန်လုနှင့် တခြားသူများက ဝမ်လင်း ထွက်ခွာသွားသော နေရာသို့ စိတ်ရှုပ်ထွေးစွာ ကြည့်ကြ၏။
ဝမ်လင်း ထွက်သွားပြီးနောက် တရက်အကြာတွင် ကျင့်ကြံသူအားလုံးက ယန်လုနှင့်တခြားသူများနှင့်အတူ ထွက်သွားကြ၏။ သူတို့က ဒီမြက်ခင်းပြင်ကို လက်လွှတ်ကာ ချူးယန်ကျန်း သူတို့ကို ပေးခဲ့သော တည်နေရာထံသို့ ဦးတည်သွားကြ၏။
ကောင်းကင်ဘုံနွားထီး၏ တတိယမြောက်သွေးကြောနေရာ၏ ခုခံကာကွယ်မှုက အဆုံးသပ်သွားလေပြီ။
ကောက်ရီကလန်၊ ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ အစွမ်းထက်ဆုံး ကလန်နှစ်ခုထဲမှတစ်ခု။ အရှေ့ပိုင်းကုန်းမြေကြီး၏ ကလန်ကိုးခု၊အင်အားစုဆယ့်သုံးခုတို့ထဲမှ တစ်ခု။ ယင်းကလန်က အသန်မာဆုံး မဟုတ်သော်ငြားလည်း အားအနည်းဆုံးလည်း မဟုတ်ပေ။
ကောက်ရီကလန်က ကောင်းကင်ဘုံနွားထီးကုန်းမြေ၏ နေရာများစွာကို သိမ်းပိုက်ထား၏။ အဆုံးမဲ့တောင်ထွတ်များ၌ ရှေးဟောင်းအဆောက်အဦများ မရေမတွက်နိုင်အောင် ရှိနေကာ မြူများအောက်၌ နှုတ်ဖြင့်ပြောပြ၍ မရသော ထည်ဝါမှုအငွေ့အသက်ကို ပေးစွမ်းနေသည်။
ကောက်ရီကလန်က အဝန်းအထပ်အလွှာလိုက် တည်ဆောက်ထားထာ ဖြစ်၍ သည်အဆုံးမဲ့ဧရိယာတစ်ခုကို ဖုံးလွှမ်းထားသော ဝဲကတော့တစ်ခုကဲ့သို့ ပုံစံအနေထားမျိုး တည်ရှိသည်။
မဟာစိတ်ဝိညာဉ်ကလန်ကဲ့သို့ပင် ကောက်ရီကလန်၌ တပည့်ပေါင်းများစွာ ရှိကြသည်။ အစွမ်းထက်ကျင့်ကြံသူများစွာနှင့် ကလန်တစ်ခု ဖြစ်သည်။
ကောက်ရီကလန်မှ ကီလိုမီတာထောင်သောင်းချီ ကွာဝေးသော နေရာ၌ အလင်းတန်းတစ်ခုက ကောင်းကင်ထက်တွင် လင်းလက်သွား၏။ ထိုရုတ်တရက် ပြောင်းလဲမှုက ကောက်ရီကလန်၏ အာရုံကို ဖမ်းစားသွားသည်။ အလင်းတန်းဒါဇင်ချီက ထိုအစီအရင်ထံ ပျံသန်းလာကြ၏။
ထိုအစီအရင်အလင်းထဲ၌ ဆံပင်ဖြူ၊ ဝတ်ရုံဖြူ ဝမ်လင်း၏ပုံရိပ် ပေါ်လာသည်။ သို့ပေမည့် သူ့ပုံရိပ်သာ ဖြစ်ပြီး သူ၏ပုံပန်းသွင်ပြင် မဟုတ်လေပေ။ ဝမ်လင်းက ထွက်ပေါ်လာရုံ ရှိသေး အလင်းတန်းဒါဇင်ချီက သူ့အား ဝန်းရံလာခဲ့သည်။
“သင်က ဘယ်သူများလဲ ဆရာ၊ ကျေးဇူးပြုပြီး သင့်ရဲ့ သက်သေခံကျောက်စိမ်းပြားကို ထုတ်ပေးပါ…”
အေးစက်စက် အသံတသံ ထွက်ပေါ်လာ၏။ ထိုသို့ ပြောလာသူမှာ ဆန်းကြယ်လေဟာနယ်နောက်ဆုံးအဆင့်ရှိသူ သက်လတ်ပိုင်းလူတစ်ယောက်ပင်။ ထိုသူက ဒြပ်စင်ငါးခု တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝမ်လင်းကို အေးစက်စက် စိုက်ကြည့်သည်။
ဘေးပတ်လည်ရှိ ထိုကျင့်ကြံသူအားလုံးကလည်း ကောက်ရီဒြပ်စင်ငါးခု တာအိုဝတ်ရုံများကို ဝတ်ဆင်ထားပြီး ဝမ်လင်း၏ အဆင့်အတန်းသက်သေခံ ကျောက်စိမ်းပြား ထုတ်ပေးမည်ကို စောင့်နေသည်။ ခုချိန်က စစ်ပွဲအချိန်အခါ ဖြစ်၏။ ဝမ်လင်းသာ ကျောက်စိမ်းပြားကို မထုတ်ပေးပါက သူတို့က သူ့ကို ချက်ခြင်း သတ်ပစ်ရလိမ့်မည်။
ဝမ်လင်း၏ပုံရိပ်က လုံးဝ ထင်ရှားလာသည့်နောက် ဘေးပတ်လည်မှ ကျင့်ကြံသူများသည် သူ့မျက်နှာပေါ်ရှိ ကောင်းကင်ဘုံနွားထီးအမှတ်အသားကို မြင်လိုက်ကြသည်။ ထိုကျင့်ကြံသူများ၏ အမူအရာများ ပြောင်းလဲသွားကြကာ သူတို့က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။
သူတို့က သူတို့ကို တုန်လှုပ်မိစေသော ကောင်းကင်ဘုံနွားထီး၏ စိတ်ဝိညာဉ်အော်ရာကို ခံစားမိသည်။ သူတို့က ထိုအော်ရာမျိုးကို မနေ့ကလည်း တခြားနှစ်ယောက်ထံမှ ခံစားမိခဲ့ကြပြီး ဖြစ်၏။
“ကျနော်တို့က ကောင်းကင်ဘုံနွားထီးတမန်တော်ကို နှုတ်ဆက်ပါတယ်။ အသင်က ဘယ်သွေးကြောနေရာက တမန်တော်များ ဖြစ်ပါသလဲ၊ ဘယ်ကလန်ကပါလဲ…ငါတို့ သိချင်မိပါတယ်…” အစောပိုင်းတုန်းက အေးစက်စက် ပြောလာခဲ့သော သက်လတ်ပိုင်းလူက ယဉ်ကျေးစွာ ပြောလာ၏။ ဘေးပတ်လည်မှ ကျင့်ကြံသူများသည်လည်း သူတို့၏လက်နှစ်ဖက်ကို ခပ်သွက်သွက် ဆုပ်ကိုင်ကြ၏။
သူတို့က သွေးကြောနေရာတစ်ခုကို စောင့်ကြပ်နိုင်သော ကောင်းကင်ဘုံနွားထီးတမန်တော်အပေါ် စိတ်နှလုံးသားထဲကနေကို လေးစားမှု ရှိကြ၏။ သူတို့သည် ဝမ်လင်း၏ကျင့်ကြံမှုအဆင့်က မမြင့်မားလွန်းသည်ကို မြင်သော်လည်း ချူယန်ကျန်းကဲ့သို့ပင် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ တိုက်ခိုက်မှုများကို ကာကွယ်နိုင်ခဲ့သော တစုံတယောက်က ခေသူမဟုတ်ဟု ခံစားမိကြ၏။
“မဟာစိတ်ဝိညာဉ်ကလန်…ဝမ်လင်း၊ ကောင်းကင်ဘုံနွားထီး တတိယမြောက်သွေးကြော၊ အဆုံးစွန်ကောင်းကင်မြက်ခင်းပြင်နေရာ…”
ဝမ်လင်းက လူတိုင်းကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်၏။
“တမန်တော်အရှင်…ကျေးဇူးပြုပြီး။ ကလန်ခေါင်းဆောင်က အမိန့်တစ်ခု ပေးထားပါတယ်။ တမန်တော်အားလုံး ပင်မခန်းမကို လာရောက်ရမယ်တဲ့…”
ထိုသက်လတ်ပိုင်းလူက ဝမ်လင်းကို နှုတ်ဆက်ကြိုဆိုလိုက်၏။
ဝမ်လင်းက ခေါင်းညိတ်ကာ အကွာအဝေးတစ်ခုရှိ ကောက်ရီကလန်ထံသို့ လှမ်းကြည့်သည်။ သူ ဒီနေရာသို့ ရောက်လာခဲ့ဖူးတာ ပထမဆုံးအကြိိမ် မဟုတ်ပေ။ တကယ်တော့ လှိုဏ်ဂူလောကမှာတုန်းက ဝမ်လင်းသည် လေကောင်းကင်ဘုံနယ်မြေတွင်းရှိ အက်ကြောင်းမှ တဆင့် ကောက်ရီကလန်ကို အာရုံခံမိခဲ့ဖူးသည် မဟုတ်လား။
သည်နေရာ၌ အသိဟောင်းတချို့လည်း ရှိကြ၏။
ဝမ်လင်းက အစီအရင်ထဲကနေ လှမ်းထွက်လာပြီးနောက် သက်လတ်ပိုင်းလူ၊ တခြားသူများနှင့်အတူ ကောက်ရီကလန်ထံ ပျံသန်းလာကြသည်။
သို့ပေမည့် သူတို့ ဝေးဝေးသို့ မရောက်ခင်မှာပင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ထံမှ အလင်းသည် အဘက်ဘက်သို့ ထပ်မံ တောက်ပလာပြန်သည်။
ထိုရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်းနှင့် သည်ကျင့်ကြံသူများကို အာရုံစိုက်မိသွားစေသည်။ သက်လတ်ပိုင်းလူ၏ အမူအရာက ထပ်မံ အေးစက်လာကာ သူက အစီအရင်ထံ အလေးအနက်ဟန်ဖြင့် စိုက်ကြည့်လိုက်သည်။
ထိုအစီအရင်အတွင်း၌ အမျိုးသမီးတစ်ယောက်ပုံရိပ်က ဖြည်းဖြည်းချင်း လှမ်းထွက်လာသည်။ သူမပုံပန်းသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မတွေ့မြင်ရသော်လည်း အလွန်လှတာတော့ ထင်ရှားသည်။
တအောင့်အကြာတွင် ထိုအမျိုးသမီး၏ပုံရိပ်က ကြည်လင်ထင်ရှားလာသည်။ သူမက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ ငယ်ရွယ်လှပလွန်းသည်။ နတ်ဘုရားမတပါးအလား အငွေ့အသက်မျိုးကို သူမထံမှ ပေးစွမ်းနေ၏။
သူမ၏လှပသော မျက်နှာညာဘက်ခြမ်းတွင်လည်း ကောင်းကင်ဘုံနွားထီး အမှတ်အသား ရှိနေ၏။ ထိုအမှတ်အသားက သူမ၏အလှတရားကို မလျော့ကျစေသည့်အပြင် ဆန်းကြယ်သောအော်ရာတစ်ခုကိုပါ ပေးလို့နေသည်။
“ရှို့ရှန့်ကလန်ရဲ့ ထျန်ကျာ၊ ကောင်းကင်ဘုံနွားထီးရဲ့ ခြောက်ခုမြောက်သွေးကြောနေရာ၊ အဇူရာပင်လယ်တောင်တန်း…” ထိုအမျိုးသမီးက သူမရှေ့ရှိ လူများထံ ဝေ့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလာ၏။ သူမ၏အကြည့်က ဝမ်လင်းထံ၌ ခဏ ရပ်တန့်သွားသေးသည်။ သို့သော် သူမက တည်ငြိမ်စွာ ဆက်ရှိနေ၏။
ထိုအမျိုးသမီးကို တွေ့လိုက်ရသည့်နောက် ဝမ်လင်း၏မျက်လုံးက ကျဉ်းမြောင်းသွား၏။ သူက အနီးကပ်သေချာ ကြည့်လိုက်မိပြီး သူမကို သိရှိသလို ခံစားမိသည်။ သို့သော် သူက ဘာကြောင့် ထိုသို့ ခံစားမိသည်ကိုမူ မစဉ်းစားတတ် ဖြစ်ရသည်။
ထျန်ကျာက ဝမ်လင်းကို အနည်းငယ် မျက်မှောင်ကြုတ်၍ ပြန်ကြည့်၏။
“ရောင်းရင်းကျင့်ကြံသူက ဘယ်သွေးကြောနေရာကနေ လာခဲ့တာလဲ…” သူမ၏အသံသည်ပင် သာယာနာပျော်ဖွယ် ကောင်းနေ၏။
“ကောင်းကင်ဘုံနွားထီးရဲ့ တတိယမြောက်သွေးကြော…” ဝမ်လင်းက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ သူက သူမကို ဆက်လက် ကြည့်ရှုကာ ဘာကြောင့် ရင်းနှီးသလို ခံစားရသည်ကို ရှာဖွေဖို့ ကြိုးစားကြည့်သည်။
သူက ထိုအမျိုးသမီးသည် လှိုဏ်ဂူလောကမှ တစုံတစ်ယောက်မဟုတ်တာ သေချာ၏။ သို့ပေမည့်လည်း သူ့အကြည့်က ထိုအမျိုးသမီးအတွက်တော့ ရိုင်းသလို ဖြစ်သွားကာ သူမက မျက်မှောင်ကြုတ်၍ ဝမ်လင်းကို အခဲမကျေဟန်ဖြင့် ပြန်ကြည့်လာသည်။
သူမက ဝမ်လင်းကို အေးစက်စက်ကြည့်ကာ ပြောလာ၏။ “ရောင်းရင်းကျင့်ကြံသူ…သင် အရင်တုန်းက ငါ့ကို တွေ့ခဲ့ဖူးလို့လား…”
“ငါ နင့်ကို အရင်က မတွေ့ခဲ့ဖူးပါဘူး။ ဒါပေမဲ့ နင့်ကို သိသလို ခံစားမိလို့…” ဝမ်လင်းက စဉ်းစားလိုက်၏။ သူက သူ့အပြုအမူသည် အနည်းငယ် ရိုင်းသွားသည်ကို သဘောပေါက်လိုက်သည်။ ထို့အတွက် သူက တောင်းပန်ဟန် ပြုံးပြကာ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။
ဝမ်လင်း၏ စကားကို ကြားသည့်နောက် ထျန်ကျာက ပိုပြီး မကျေမနပ် ဖြစ်သွား၏။ သူမက အကြိိမ်ကြိမ် ဒီလိုစကားများကို ကြားခဲ့ဖူးပြီးသား ဖြစ်ပြီး ဝမ်လင်းကို နှာဘူးတစ်ယောက်ဟုသာ ယူဆလိုက်တော့၏။ သူမက စကားဆက်မဆိုတော့ဘဲ ကောက်ရီကလန်ထံ ဦးတည်ပျံသန်းသည်။
ဝမ်လင်းကလည်း ထိုအမျိုးသမီး၏ ထူးဆန်းသောအကြည့်အောက်တွင် နှာခေါင်းပွတ်သပ်မိလိုက်ပြီး သူလည်း ကောက်ရီကလန်ထံ ဦးတည်သည်။
သိပ်မကြာခင်တွင် လူတိုင်းက ကောက်ရီကလန်ထံ ပျံသန်းလာကြပြီး သက်လတ်ပိုင်းလူ၏ ဦးဆောင်မှုဖြင့် အစီအရင်အတွင်း ဝင်ရောက်လာသည်။
ခရမ်းရောင်အလင်း လင်းလက်သွား၏။ ကြည့်ရသည်မှာ ထျန်ကျာက ဒီကောက်ရီကလန်သို့ ပထမဆုံး ရောက်ဖူးတာ မဟုတ်သည့်ပုံပင်။ သူမက ပင်မခန်းမထံ တိုက်ရိုက် ဦးတည်သွား၏။
နာရီဝက်မျှ ကြာသည့်နောက် ဝမ်လင်းက ကောင်းကင်ထက်တွင် တွဲလွဲခိုနေသော ဧရာမနာရီကြီးတစ်ခု ရှိကာ ကွင်းပြင်တစ်ခုကို မြင်သည်။ ၎င်းထံမှ ဖိအားများ ပေးစွမ်းနေသည်။
တခြားတဖက်တွင်မူ လူငယ်တစ်ယောက်က ပျင်းရိပျင်းတွဲ အမူအရာဖြင့် ထိုင်နေ၏။ သူသည် ပျင်းရိပျင်းတွဲဟန် ပေါက်နေသော်လည်း သူ၏အမူအရာ လေးနက်လာသည်နှင့် သူက မတူညီသောသူတစ်ယောက်လို ဖြစ်လာပေလိမ့်မည်။ သူ့မျက်နှာညာဘက်ခြမ်းတွင်လည်း ကောင်းကင်ဘုံနွားထီးအမှတ်အသား တောက်ပနေသည်။
ထျန်ကျာ ရောက်လာသည့်အခါ ထိုလူငယ်က လှမ်းကြည့်လာသည်။ သူက အရေးသိပ်မစိုက်ဟန်ပုံ ရသည်။ သို့ပေမည့် တအောင့်အကြာတွင် သူ၏ပျင်းရိပျင်းတွဲ အမူအရာက ပျက်စီးသွားကာ တုန်လှုပ်ဟန် လှစ်ဟပေါ်သည်။ သူက ရုတ်တရက် ထရပ်ကာ ထျန်ကျာကို စိုက်ကြည့်လိုက်သည်။
သို့မဟုတ် သူက ထျန်ကျာနောက်ရှိ ကျင့်ကြံသူများ ဝန်းရံထားသော ဆံပင်ဖြူနှင့်ဝမ်လင်းထံ လှမ်းကြည့်လိုက်တာ ဖြစ်ပေမည်။
ဝမ်လင်းကလည်း သူ့ကို မြင်၏။
ထျန်ကျာသည် ထိုလူငယ်၏ အမူအရာ ရုတ်ချည်း ပြောင်းလဲသွားသည့်အပေါ် တုန်လှုပ်မိသွား၏။ သူမက ထိုလူငယ် မည်သူမည်ဝါမှန်း သိ၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေပေါ်ရှိ ထိုလူငယ်၏ ဂုဏ်သတင်းကိုလည်း သိထားသည်။ အတိတ်တုန်းက သူမသည် လူအုပ်ကြား၌ ထိုလူငယ်၏ မော်ကြွားသောပုံရိပ်ကို မြင်ခဲ့ဖူးသည်။ သို့သော် သူမက ခုလိုအလေးအနက်အမူအရာဖြင့် ထိုလူငယ်ကိုမူ လုံးဝ မမြင်ဖူးခဲ့ပေ။
ခဏတာ မင်သက်သွားပြီးနောက် ထျန်ကျာက နောက်သို့ ခေါင်းငဲ့ကာ အစောပိုင်းတုန်းက သူမ အခဲမကျေ ဖြစ်ခဲ့သော ဝမ်လင်းထံ အလိုလို လှမ်းကြည့်လိုက်မိသည်။