အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) ကျောင်းအုပ်ကြီး ရောက်လာခြင်း
"ဘာတွေဖြစ်နေတာလဲ…"
အရပ်ရှည်ရှည်နှင့် ခန့်ညားထည်ဝါသော အမျိုးသားတစ်ဦးသည် ဖြည်းညင်းစွာ လျှောက်လှမ်းလာပြီး သူ၏အကြည့်များသည် စုယွမ်၊ လီအာဟယ်နှင့် အခြားသူများကြားတွင် အပြန်အလှန် ဝေ့ဝဲကြည့်ရှုနေလေ၏။
"မဟာဌာနမှူးလီ... ဘာတွေဖြစ်နေတာလဲ... ခုနက တစ်ယောက်ယောက်က ပြည်သူ့ဘဏ္ဍာငွေ အလွဲသုံးစားလုပ်တယ်လို့ ပြောလိုက်တာ ကြားတယ်နော်..." ကျောင်းအုပ်ကြီး၏ မျက်လုံးများမှ အေးစက်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာပေ၏။ ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်ရဲသည်မှာ လက်တွေ့အားဖြင့် သေလမ်းရှာနေခြင်းပင် ဖြစ်သည်။
"မဟုတ်... မဟုတ်ပါဘူး ကျောင်းအုပ်ကြီး... ဘာမှမဟုတ်ပါဘူး... ဘာမှမဟုတ်ပါဘူး... ဒီလူက အဓိပ္ပာယ်မရှိတာတွေ ပြောနေတာပါ..." လီအာဟယ်မှာ ထိတ်လန့်နေပြီး သူ၏မျက်နှာပေါ်မှ အေးစက်သော ချွေးများ စီးကျနေကာ သူ၏ ခန္ဓာကိုယ်သည် မထိန်းချုပ်နိုင်အောင် တုန်ရီနေခဲ့၏။
"ဟုတ်တယ်... ကျွန်တော်တို့ ဘာမှ အလွဲသုံးစား မလုပ်ခဲ့ပါဘူး ကျောင်းအုပ်ကြီး... ဒီလူက အသိစိတ်မမှန်လို့ပါ... သူ့ကို... မယုံပါနဲ့..." အလောတကြီးဖြင့် လီခိုင်သည် သူ စကားမှားသွားကြောင်း ရုတ်တရက် သဘောပေါက်သွားလေ၏။
ဤသည်မှာ 'အလွန်အကျွံ ငြင်းဆန်ခြင်း' မျိုး ဖြစ်မနေဘူးလော။
"ဟမ့်... ကျောင်းသား... မင်း ခုနက ပြောခဲ့တဲ့စကားတွေအတွက် အထောက်အထား ရှိလို့လား... ဘယ်သူက အလွဲသုံးစားလုပ်တာလဲ...ဒီလိုစွပ်စွဲချက်မျိုးကို ပေါ့ပေါ့တန်တန် လုံးလုံးလျားလျား လုပ်လို့မရဘူးနော်..." ကျောင်းအုပ်ကြီးသည် နောက်ဆုံး၌ စုယွမ်အား ကြည့်ရှုလိုက်သည်။
ယခုအခါတွင် ဆရာဆရာမများ ပိုမို ရောက်ရှိလာကြပြီး ဆူညံမှုများကို စောင့်ကြည့်ရန် စက်ဝိုင်းသဏ္ဌာန် ဝိုင်းရံလာကြပေပြီ။
"ကျောင်းအုပ်ကြီး... တကယ်လို့ ကျွန်တော် ရဲရဲဝံ့ဝံ့ ပြောရဲတယ်ဆိုရင်... သေချာပေါက် ကျွန်တော့်မှာ အထောက်အထား ရှိလို့ပေါ့..."
"အတိုင်ပင်ခံအရာရှိ လီခိုင်က သူ့ရဲ့ ပညာအရည်အချင်းတွေကို လိမ်လည်ဖန်တီးခဲ့တယ်... ပြီးတော့ သူ အတိုင်ပင်ခံအရာရှိ လုပ်နေတဲ့သက်တမ်းတစ်လျှောက်လုံး ကျောင်းသားတွေကို အနိုင်ကျင့်တယ်... ငွေညှစ်တယ်... ပြီးတော့ လာဘ်ပေးလက်ယူလက်ခံခဲ့တာကြောင့် ကျောင်းသားတွေကြားထဲမှာ မကျေနပ်မှုတွေ အများကြီး ဖြစ်စေခဲ့တယ်..."
"ဒါ့အပြင် ကျောင်းရဲ့ မဟာဌာနမှူး လီအာဟယ်က သူ့ရဲ့ ဦးလေးဖြစ်ပြီး သူတို့နှစ်ယောက်ပေါင်းပြီး နှစ်အတော်ကြာ လှုပ်ရှားမှုရန်ပုံငွေတွေထဲက ယွမ် တစ်သန်းနှစ်သိန်းကို အလွဲသုံးစား လုပ်ခဲ့ကြတယ်..."
"ဒီနေ့မှာ သူက အမျိုးသမီးကျောင်းသူတစ်ယောက်ရဲ့ ဘွဲ့လက်မှတ်ကို အတင်းအဓမ္မ သိမ်းဆည်းထားပြီး ညစ်ညမ်းတဲ့ လုပ်ရပ်တွေ ကျူးလွန်ဖို့ သူမကို ဒီနေရာကို သွေးဆောင်ခေါ်ယူဖို့ ရည်ရွယ်ခဲ့တယ်..."
"ကျွန်တော် ဗီဒီယို မှတ်တမ်းတင်ထားပြီးပါပြီ..." စုယွမ်သည် စကားပိုမပြောတော့ဘဲ အချက်အလက်များအားလုံးကို တိုက်ရိုက် ပြောဆိုလိုက်၏။ သူ၏ အသံကျသွားသည်နှင့် တပြိုင်နက် ရှိနေသော ဆရာဆရာမများကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြတော့သည်။
"ငါ သိသားပဲ... ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းက လှုပ်ရှားမှုတွေက ဘာလို့ ဒီလောက်တောင် ညံ့ဖျင်းပြီး ဘာတစ်ခုမှ ပြင်ဆင်မထားလဲဆိုတာ ငါ သိခဲ့တယ်..."
"ဟုတ်တယ်... လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အားလပ်ရက်တွေ ဘာတွေဆိုရင် ငါတို့ လက်ဆောင်တွေ ရခဲ့ကြတယ်... ပြီးခဲ့တဲ့ နှစ်အနည်းငယ်က အားလပ်ရက်တွေကျတော့ ငါတို့ ဈေးပေါပြီး အရည်အသွေးညံ့တဲ့ ပစ္စည်းတွေပဲ ရခဲ့တာ... ငါက အဲဒါ ကျောင်းအုပ်ကြီးရဲ့ စီစဉ်မှုလို့တောင် ထင်နေခဲ့တာ..."
"ဟမ့်... လီခိုင်က အရမ်း ဖြောင့်မတ်သယောင် ဟန်ဆောင်နေတာပဲ... ဒါပေမဲ့ သူ ဒီလိုလုပ်ရပ်တွေ လုပ်လိမ့်မယ်လို့ ငါ လုံးဝမထင်ထားခဲ့ဘူး... အရင်က ငါ့ကျောင်းသားနှစ်ယောက်က လီခိုင် သူတို့အပေါ် မသင့်လျော်ဘူးလို့ လာပြောခဲ့ဖူးတယ်... အဲဒီတုန်းက ငါ မယုံခဲ့ဘူး... ဒါပေမဲ့ အခုတော့ သူက တကယ့် တိရစ္ဆာန်ပဲဆိုတာ ငါ မြင်ပြီ..."
"ပညာအရည်အချင်းကို လိမ်လည်ဖန်တီးတယ်... ပြည်သူ့ဘဏ္ဍာငွေကို အလွဲသုံးစားလုပ်တယ်... ဘုရားရေ... တကယ်လို့ ငါ့ကို သတ္တိရှစ်ဆပေးရင်တောင် ငါ ဒီလိုကိစ္စမျိုးကို မလုပ်ရဲဘူး..."
ချက်ချင်းပင် ဆရာဆရာမများအားလုံးသည် တရားမျှတသော ဒေါသများဖြင့် ပြည့်နှက်သွားကြပေ၏။ ထိုအထဲတွင် အဆက်အသွယ် ကောင်းမွန်သော ဆရာအိုကြီး အတော်များများလည်း ပါဝင်ပေသည်။ ဤကိစ္စသည် ကြီးလေးကြောင်း ကျောင်းအုပ်ကြီး ချက်ချင်း သိလိုက်လေ၏။
အကယ်၍ သေချာစွာ မဖြေရှင်းနိုင်ပါက ကျောင်း၏ ဂုဏ်သိက္ခာသည် ပြင်းထန်စွာ ထိခိုက်ပျက်စီးသွားပေလိမ့်မည်။
ဤစကားများကို ကြားချိန်၌ လီခိုင်နှင့် လီအာဟယ်တို့သည် မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။ သူတို့ ယွမ်နှစ်သိန်း ဆုံးရှုံးခဲ့ပြီးပြီ ဖြစ်ကာ ယခု ဤစုယွမ်က အရာအားလုံးကို ဖော်ထုတ်လိုက်ပြီ ဖြစ်၏။
ကိုယ်ကျင့်တရား ဆိုတာ မရှိတော့ဘူးလော။
"စုယွမ်... မင်း ငါ့ကို အသရေဖျက်နေတာပဲ..." လီခိုင်က စုယွမ်အား နာကြည်းစွာဖြင့် ရုတ်တရက် ကြည့်ရှုလိုက်သည်။ သူ သူ့ကို ယွမ်နှစ်သိန်း ပေးပြီးပြီဖြစ်၏။ အကယ်၍ သူသာ အထောက်အထားများကို ထုတ်ပြန်ရဲပါက သူ့ကိုပါ ဆွဲချမည်ဖြစ်ရာ သူ့ကို အပြစ်မတင်သင့်ချေ။
ခဏတာမျှ လီခိုင်၏ ယုတ်မာသော မျက်လုံးများထဲသို့ ယုံကြည်မှု အရိပ်အယောင်လေး ပြန်လည်ရောက်ရှိလာပေ၏။
"အားလုံး တိတ်တိတ်နေကြစမ်း..." ကျောင်းအုပ်ကြီးက သူ၏ ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏ မျက်နှာမှာ အလွန်အမင်း တင်းမာနေပေသည်။
"ကျောင်းသား စုယွမ်... မင်းမှာ အထောက်အထား ရှိလို့လား..." ကျောင်းအုပ်ကြီးက လိုရင်းတိုရှင်း ပြောဆိုလိုက်၏။
"သေချာတာပေါ့..." စုယွမ်သည် ကျောင်းတက်စဉ်က အဖြစ်အပျက် အပိုင်းအစများကို ပြန်လည်အမှတ်ရသွားပြီး သူ၏ မျက်လုံးများတွင် အေးစက်သော အရိပ်အယောင်တစ်ခု မြင့်တက်လာလေ၏။
"စုယွမ်... သေချာစဉ်းစားနော်..." လီခိုင်သည် ယခုအခါ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ သူ၏ လေသံတွင် ခြိမ်းခြောက်မှုများ ပြည့်နှက်နေပေ၏။
ယွမ်နှစ်သိန်းကို အလဟဿ အကုန်ခံ၍ မဖြစ်နိုင်ချေ။
"ငါ သေချာစဉ်းစားပြီးသားပါ... လီခိုင်... အဲဒီတုန်းက မင်း ငါ့ကို ပေါ့ပေါ့တန်တန်နဲ့ မတရားလုပ်ခဲ့တုန်းက ဒီလိုနေ့မျိုး ရောက်လာမယ်လို့ မင်း တစ်ခါလောက်ဖြစ်ဖြစ် စိတ်ကူးယဉ်ကြည့်ဖူးလား..."
"ဒါ့အပြင် မင်းရဲ့ မောက်မာပြီး ဆိုးယုတ်တဲ့ ခေတ်ကြီးက အခု ပြီးဆုံးတော့မယ် လီခိုင်..."
ထို့နောက် စုယွမ်သည် သူ၏ ဖုန်းကို တိုက်ရိုက်ဖွင့်ကာ ရှင်းလင်းတင်ပြချက် ဖိုင်တစ်ခုကို နှိပ်လိုက်၏။ ၎င်းတွင် အသေးစိတ် စာသားများနှင့် ပုံများ ပါဝင်ပြီး လီခိုင်၏ လုပ်ရပ်အားလုံးကို လုံးလုံးလျားလျား ဖော်ထုတ်ထားပေသည်။
အချိန်၊ နေရာ၊ လူ ပုဂ္ဂိုလ်များအပါအဝင် ပြီးပြည့်စုံသော အထောက်အထား ကွင်းဆက်တစ်ခုဖြစ်ပြီး တင်းကျပ်သော သိပ္ပံနည်းကျ စာတမ်းတစ်ခုကဲ့သို့ ပေါင်းစပ်ထားလေ၏။
ကျောင်းအုပ်ကြီးသည် ဒေါသထွက်နေပြီ ဖြစ်သော်လည်း နောက်တစ်စက္ကန့်တွင် စုယွမ်သည် သူ ခုနက မှတ်တမ်းတင်ထားသော ဗီဒီယိုကို ဖွင့်ကာ ပြသလိုက်ပေသည်။
"ဟားဟားဟား... မင်း ကိုကို့ရဲ့ ဝိညာဉ်ကို ဖမ်းစားထားတာ မင်းအမှားချည်းပဲ..." ဗီဒီယိုထဲတွင် လီခိုင်၏ မျက်နှာအမူအရာနှင့် လုပ်ရပ်များသည် အလွန်အမင်း ညစ်ညမ်းပြီး ဆိုးယုတ်နေကာ သူ၏ လေသံတွင် နှောင့်ယှက်မှုများ ပြည့်နှက်နေပေ၏။
ဤဗီဒီယိုက လူတိုင်းကို အံကြိတ်သွားစေခဲ့သည်။
ကျောင်း၏ ဂုဏ်သိက္ခာနှင့် ဆရာဆရာမများ၏ ဂုဏ်ကျက်သရေတို့သည် ဤကဲ့သို့သော အမှိုက်သရိုက်များကြောင့် ဖျက်ဆီးခံနေရပေသည်။
ဤသည်မှာ အမှန်တကယ်ပင် ရွံရှာဖွယ်ကောင်းလှ၏။
နေ့ခင်းကြောင်တောင် အလေးအနက်ထားရမည့် ရုံးခန်းအဆောက်အအုံအတွင်း၌ ဤသို့သော လုပ်ရပ်မျိုးကို လုပ်ဆောင်ရဲသည်လော။
"ဟူး..." ဤသည်ကို မြင်ချိန်တွင် ကျောင်းအုပ်ကြီးမှာ သက်ပြင်းတစ်ချက် မချဘဲ မနေနိုင်ခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် သူ ယနေ့ လာခဲ့မိပေသည်။ သို့မဟုတ်ပါက ဤအရာသာ အွန်လိုင်းပေါ် ရောက်သွားလျှင် အကျိုးဆက်များကို စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။
သူ့ကို ပို၍ ဒေါသထွက်စေသည်မှာ အတိုင်ပင်ခံအရာရှိတစ်ဦး ဖြစ်သော လီခိုင်က ဤသို့သော လုပ်ရပ်များကို ကျူးလွန်နိုင်ခြင်းပင် ဖြစ်၏။
"လီခိုင်... လီအာဟယ်... မင်းတို့နှစ်ယောက် ပြောစရာ တစ်ခုခု ကျန်သေးလား..." ကျောင်းအုပ်ကြီးက သူ၏ နှလုံးသားထဲမှ ဒေါသကို မြိုသိပ်ကာ မေးလိုက်သည်။
"ဒါ ဒါ... ကျွန်တော်တို့..." လီခိုင်နှင့် လီအာဟယ်တို့သည် ယခုအခါ လုံးလုံးလျားလျား ဆုံးရှုံးသွားကြပြီ ဖြစ်၏။ သူတို့၏ မကောင်းမှုများသည် အလင်းရောင်ထဲသို့ ထွက်ပေါ်လာခဲ့ပြီး သူတို့ ထောင်ဒဏ်ကျခံရပေတော့မည်။
သူတို့၏ ယခင်က ကောင်းမွန်ခဲ့သော ဘဝများသည် ပြီးဆုံးတော့မည်ဖြစ်ပြီး ဤအရာအားလုံး၏ အကြောင်းရင်းမှာ စုယွမ်ပင် ဖြစ်ပေသည်။
ချီးပဲ
အားလုံးက စုယွမ် ဤမျှလောက် ဝင်စွက်ဖက်တတ်သောကြောင့်ပင်။
အရင်က သူ မတရားခံရပြီး ပစ်မှတ်ထားခံရတာလေး မဟုတ်ဘူးလော။
အဲဒါတွေက အသေးအမွှားလေးတွေ မဟုတ်ဘူးလော။ သူက တကယ်ကို သည်လောက်တောင် သဘောထားသေးသိမ်တာလား။ သူ့ကို သေတွင်းထဲ ပို့ဖို့ တင်းခံနေရသည်အထိပင်။
လီခိုင် စဉ်းစားလေလေ စုယွမ်အပေါ် သူ၏ နာကြည်းမှုက ပိုမို အားကောင်းလာလေလေ ဖြစ်ပြီး သူ၏ လက်သီးများကို တင်းကြပ်စွာ ဆုပ်လိုက်လေ၏။
သူ နောက်ကျသွားရင်တောင် စုယွမ်... မင်းလည်း လွယ်လွယ်နဲ့ ပြီးမှာ မဟုတ်ဘူး။
"ကျောင်းအုပ်ကြီး... ကျွန်တော် တိုင်ကြားပါတယ်..."
"ခုနက... ခုနလေးတင် စုယွမ်က သူ့လက်ထဲက အထောက်အထားနဲ့ ကျွန်တော့်ကို ငွေညှစ်ပြီး ယွမ်နှစ်သိန်း လွှဲခိုင်းခဲ့တယ်..."
"တကယ်လို့ ငါ လွယ်လွယ်နဲ့ ပြီးမှာမဟုတ်ဘူးဆိုရင်... စုယွမ်... မင်းလို ခွေးကောင်လည်း လွယ်လွယ်နဲ့ ပြီးမှာမဟုတ်ဘူး..." လီခိုင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ စုယွမ်ဟူသော ထိုတရားခံသာ မရှိခဲ့ပါက သူ အောင်မြင်နေပြီ ဖြစ်ပေသည်။
လီယောင်သည် ဖြူစင်ပြီး အပြစ်ကင်းစင်သော အသွင်အပြင်ရှိကာ သူမကို သူ စောင့်ကြည့်လာခဲ့သည်မှာ လေးနှစ်တိုင်ခဲ့ပြီ ဖြစ်ပြီး နောက်ဆုံးတွင် အခွင့်အရေး ရခဲ့သော်လည်း စုယွမ်ကြောင့် ဖျက်ဆီးခံလိုက်ရလေ၏။
ချီးပဲ... ချီးပဲ
အဲဒီလိုဆိုမှတော့ မင်းရဲ့ ယွမ်နှစ်သိန်း ငွေညှစ်မှုက မင်းကို ဒုက္ခရောက်စေဖို့ လုံလောက်သွားလိမ့်မယ်။
လီခိုင်သည် သူ၏ စိတ်နှလုံးသားထဲတွင် အနည်းငယ်မျှပင် အပြစ်ရှိသလို မခံစားရချေ။ သူ၏ ယခင် လုပ်ရပ်များအားလုံး မှန်ကန်သည်ဟု သူ ယုံကြည်ထားခဲ့၏။
သူ ပိုမို မမြန်ဆန်ခဲ့ခြင်း၊ လီယောင်ကို စောစော မရယူနိုင်ခဲ့ခြင်းအတွက်သာ သူ နောင်တရနေခဲ့သည်။
"ကျောင်းသား စုယွမ်... ယွမ်နှစ်သိန်း ငွေညှစ်တယ်ဆိုတာ သေးငယ်တဲ့ကိစ္စ မဟုတ်ဘူးနော်..." ကျောင်းအုပ်ကြီးကလည်း ပြောဆိုလိုက်သည်။
"ဟဲဟဲ... သူ့ဆီက ယွမ်နှစ်သိန်းကို ကျွန်တော် ဘယ်တုန်းကမှ မယူခဲ့ပါဘူး... သူ့ရဲ့ ယွမ်နှစ်သိန်းက လီယောင်ရဲ့ ပျက်စီးသွားတဲ့ ဖုန်းအတွက် လျော်ကြေးငွေပဲ... ကျွန်တော်ဆီမှာ အသံဖမ်းထားတာ ရှိတယ်..." စုယွမ်က အသံဖမ်းထားသည်ကို ဖြည်းညင်းစွာ ဖွင့်ပြလိုက်ရာ လီခိုင်၏ အသံ ထွက်ပေါ်လာစေခဲ့၏။
"အင်း... ဒါက စုယွမ် ငွေညှစ်တာ မမြောက်ဘူး..." ဥပဒေပါမောက္ခတစ်ဦးက သူ၏ ဆုံးဖြတ်ချက်ကို ချပြီးနောက် ပြောဆိုလိုက်သည်။
"မင်း... မင်း..."
"မင်း ငါ့ကို လှည့်စားနေတာပဲ..." လီခိုင်၏ မျက်နှာတွင် ဒေါသများ ပြည့်နှက်နေပြီး စုယွမ်အပေါ် သူ၏ နာကြည်းမှုမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားပေ၏။
"လီခိုင်... မင်းရဲ့ လုပ်ရပ်တွေကို ကျောင်းက လျစ်လျူရှုထားမှာ မဟုတ်ဘူး... မင်းရဲ့ စကားတွေကို ဥပဒေဆီ သယ်သွားလိုက်တော့..." ကျောင်းအုပ်ကြီးက တင်းမာစွာ ပြောဆိုလိုက်ရာ လီခိုင်နှင့် လီအာဟယ်တို့ ချက်ချင်း မြေပြင်ပေါ်သို့ ပျော့ခွေကျသွားကြတော့သည်။ ရုံးခန်းထဲရှိ လီယောင်သည် ဤရလဒ်ကို မြင်တွေ့ပြီးနောက် စုယွမ်အား ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်ရှုလိုက်၏။
ဤအချိန်တွင် ကျောင်းအုပ်ကြီး၏ မျက်လုံးများ ဝေ့ဝဲသွားပြီး သူ မည်သည်ကို တွေးတောလိုက်မိမှန်း မသိဘဲ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် စုယွမ်အား ပြောဆိုလိုက်သည်။
"ကျောင်းသား စုယွမ်... ဒီကိစ္စကို ငါ သေချာပေါက် အလေးအနက်ထား ဖြေရှင်းပေးပါ့မယ်... ဒီကိစ္စကို အွန်လိုင်းပေါ်တော့ မတင်ပါနဲ့နော်..."
"ဘာပဲဖြစ်ဖြစ်... ဒီကျောင်းက မင်းရဲ့ မိခင်ကျောင်းပဲ မဟုတ်လား... တကယ်လို့ အွန်လိုင်းပေါ် တင်လိုက်ရင် ဘယ်သူ့အတွက်မှ ကောင်းမှာမဟုတ်ဘူးလေ..."
ကျောင်းအုပ်ချုပ်သူများ၏ ပထမဆုံး စဉ်းစားရမည့်အချက်မှာ ကျောင်း၏ အကျိုးစီးပွားသာအမြဲတမ်း ဖြစ်နေသည်မှာ သေချာကြောင်း စုယွမ် စိတ်ထဲမှ တွေးလိုက်သည်။ ကျောင်းသားများ ဆိုသည်မှာ သူတို့၏ မျက်လုံးထဲတွင် အမှန်တကယ်ပင် ဘာမှမဟုတ်လောက်ချေ။
"ဒီလီယောင်... သူမရဲ့ ဘွဲ့လက်မှတ်ကို လီခိုင်က ပုဂ္ဂလိကအနေနဲ့ သိမ်းဆည်းထားခဲ့တယ်..."
"ကျောင်းအုပ်ကြီး... ကျောင်းအနေနဲ့ သူမကို သေချာပေါက် မျှတပြီး တရားမျှတတဲ့ ရလဒ်တစ်ခု ပေးလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်..."
"ကျွန်တော် အထောက်အထား မိတ္တူတစ်ခု သိမ်းထားပါ့မယ်... အွန်လိုင်းပေါ် တင်မတင် ဆိုတာကတော့ လီခိုင်နဲ့ လီအာဟယ်ကို ကိုင်တွယ်ဖြေရှင်းတဲ့ ရလဒ်အပေါ်မှာပဲ မူတည်လိမ့်မယ်..."
"တကယ်လို့ ကျောင်းက သူတို့ကို ကာကွယ်ပေးမယ်ဆိုရင်... ကျွန်တော် ကျောင်းကို မကာကွယ်ပေးဘူးဆိုပြီး ကျွန်တော့်ကို အပြစ်မတင်ပါနဲ့..."
စုယွမ်သည် ကျောင်းအုပ်ကြီးအပေါ် မည်သည့် ရိုသေလေးစားမှုကိုမျှ မပြသခဲ့ချေ။
ကျောင်းအုပ်ကြီးသည် အမှန်တကယ်ပင် သြဇာကြီးမားလှသော်လည်း ၎င်းမှာ သူ ကျောင်းသားဘဝကသာ ဖြစ်သည်။ ဘွဲ့ရပြီးနောက်တွင် ကျောင်းအုပ်ကြီးဆိုသည်မှာ မည်သူမှန်း ဘယ်သူကများ ဂရုစိုက်နေတော့မည်နည်း။
"ကောင်းပါပြီ... ကောင်းပါပြီ... စိတ်မပူပါနဲ့... ကျောင်းက မင်းကို ရှင်းပြချက်တစ်ခု ပေးပါ့မယ်..." စုယွမ်၏ စကားကို ကြားချိန်တွင် ကျောင်းအုပ်ကြီးပင် အေးစက်သော ချွေးများ ထွက်လာတော့သည်
"အိုး... စကားမစပ်... ဒီနေ့ ရာသီဥတု ခန့်မှန်းချက်က မိုးသည်းထန်စွာ ရွာမယ်လို့ ပြောတယ်... ငါ့ဆီမှာ ထီးတစ်လက် ပါတယ်... ယူသွားလိုက်လေ..." ကျောင်းအုပ်ကြီးက သူ၏ထီးကို စုယွမ်ထံ ကမ်းပေးလိုက်သည်။
စုယွမ်က ၎င်းကို လှမ်းကြည့်လိုက်ပြီး ခေါင်းရမ်းကာ ပြောဆိုလိုက်၏။ "ခင်ဗျား ဒီကိစ္စကို ဖြေရှင်းပြီးတဲ့အထိ ကျန်းချန်မှာ မိုးရွာမှာ မဟုတ်ဘူး..."
ထို့နောက် စုယွမ်သည် ရုံးခန်းအဆောက်အအုံမှ နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေ၏။
စုယွမ် သိပ်မဝေးသေးခင်မှာပင် ရဲကားတစ်စီးက ဟိန်းသံပေးကာ ရောက်ရှိလာပြီး လီခိုင်နှင့် အခြားသူများကို ဖမ်းဆီးခေါ်ဆောင်သွားတော့သည်။