← Chapters

မမျှမတ

Vol. 140 Ch. 1935

မမျှမတ

Vol. 140 Ch. 1935

“အစ်ကိုဝမ်…” ထိုလူငယ်၏ ပျင်းရိပျင်းတွဲအမူအရာက ပျောက်ကွယ်သွား၏။ သူ၏အော်ရာကလည်း ရုတ်တရက် ပြောင်းလဲသွားကာ သူ၏အစွမ်းထက် ကျင့်ကြံမှု‌ ပေါက်ကွဲထွက်လာပြီး သူက အားပါးတရ ရယ်မောလိုက်သည်။

သူက ရှေ့တိုးလာပြီး ဝမ်လင်းနားသို့ ချက်ခြင်း ရောက်လာ၏။

သူ နီးကပ်လာသည့်အခါ သူက ညာလက်ကို ဓားသွားအလား ပင့်မြှောက်သည်။ သူ့ညာလက်ထံမှ ရွှေရောင်အလင်း လင်းလက်သွားကာ ရွှေရောင်ဓားသွားအဖြစ် ပြောင်း၍ ဝမ်လင်းထံ ခုတ်ပိုင်းချလာသည်။

ထိုဓားသွားက ကောင်းကင်နှင့်မြေကြီးကို ထက်ခြမ်းခွဲပစ်နိုင်သော စွမ်းအား ပိုင်ဆိုင်ထား၏။ ကောင်းကင်သည် ရွှေရောင်တောက်ပသွားချေသည်။

သည်ရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်း နောက်လိုက်လာသော ကျင့်ကြံသူများ၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ သူတို့က တုံ့နှေးမနေဘဲ ဝမ်လင်း၏ ဘေးတစ်ဖက်စီကနေ နောက်သို့ ချက်ခြင်း ဆုတ်သည်။

ထျန်ကျာက သူ့ညာလက်ကို ဓားသွားအလား အသုံးပြု၍ တိုက်ခိုက်လာသော ထိုလူငယ်ကို စိုက်ကြည့်ကာ သူမ၏မျက်လုံးသူငယ်အိမ် ကြုံ့သွား၏။ ထိုလူငယ်၏ပုံရိပ်က သူမ၏မှတ်ဉာဏ်ထဲရှိ ဂုဏ်ဝင့်သော ပုံရိပ်နှင့် ထပ်တူကျသွားတော့သည်။

“ငါသာ ကောင်းကင်ဘုံနွားထီးချပ်ဝတ်ကို အသက်မသွင်းရင် ဒီတိုက်ချက်ကို ခုခံနိုင်မှာ မဟုတ်ဘူး…”  ထျန်ကျာက ဆန်းကြယ်ဒုက္ခအဆင့်ရှစ်၌သာ ရှိသေး၏။ သူမက ကိုးဆင့်မြောက်ကို ဖြတ်ကျော်ပြီးမှသာ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ အမှန်တကယ် ရောက်ရှိမှာ ဖြစ်သည်။

နာရီအောက်တွင် ထိုင်နေသော အဘိုးအိုတစ်ယောက်လည်း ရှိကြ၏။ ရုတ်တရက် သူက မျက်လုံးဖွင့်ကာ လှမ်းကြည့်လာသည်။ သူ၏ကျင့်ကြံမှုက မြင့်မားလှကာ သူ့ထံမှ လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အော်ရာတစ်ခုကို ပေးစွမ်းသည်။ သူက ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ အထွတ်အထိပ်အချိန်က အဆင့်လောက် ရှိသူပင်။

ဝမ်လင်း၏အမူအရာက ပြောင်းလဲမသွားပေ။ လူငယ်၏ ရွှေရောင်ဓားက ပေတစ်ရာပင် မလိုတော့သော အကွာသို့ ရောက်လာသည့်အခါ၌ သူ့မျက်လုံးက တောက်ပကာ ထိုလူငယ်၏ မျက်လုံးကို စိုက်ကြည့်သည်။ သူက သူ့လက်ကို ပင့်မြှောက်ကာ ရှေ့သို့ ညွှန်လိုက်သည်။

သူ့လက်ညွှန်ချက်နှင့်အတူ လောကသည် ရပ်တန့်သွားသည်ဟု ထင်ရသည်။ ရွှေရောင်ဓား ပတ်လည်ရှိ ကောင်းကင်ဘုံစွမ်းအင်က သိပ်သည်းသွားပြီး လူငယ်၏ လှုပ်ရှားမှုတိုင်းသည်ပင် အေးခဲသွားသည်။

ဝမ်လင်းကို လုံးဝ မတိုက်ခိုက်နိုင်တော့ဘဲ ထိုရွှေရောင်ဓားကား ပျက်စီးသွား၏။ ထိုလူငယ် အေးခဲသွားသည့််အခိုက်၌ ဝမ်လင်းက နာရီအောက်ရှိ ရင်ပြင်ထက်သို့ ခြေချလာခဲ့ပေပြီ။

ထျန်ကျာက ထိုသည်ကို တွေ့မြင်သည့်အခါ သူ့စိတ်နှလုံးက တုန်ယင်သွားသည်။ သူမက ရုတ်တရက် ဝမ်လင်းထံ လှမ်းကြည့်သည်။ သူမ၏မျက်လုံးထံမှ ဆန်းပြားသောအလင်းတစ်ခု လှစ်ဟပေါ်သည်။

လေဟာနယ်အတိဒုက္ခအလယ်အဆင့် အဘိုးအိုသည်ပါ မျက်မှောင်ကြုတ်သွားကာ ဝမ်လင်းထံ တချက် လှမ်းကြည့်သည်။

ထိုရပ်တန့်ခြင်းမန္တာန်က ခဏတာ ရပ်တန့်သွား၏။ လူငယ်က သူ့လှုပ်ရှားနိုင်မှုကို ပြန်ရလာသည်။ သူက ခါးသီးဟန် ပြုံး၍ သူ့ပတ်လည်ရှိ ရွှေရောင်အလင်းကလည်း ပျောက်ကွယ်သွားသည်။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်အကြည့်ဖြင့် ကြည့်ကာ ဖြည်းဖြည်းချင်း ပြုံးလာသည်။

“ငါတို့ မတွေ့ခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ။ အစ်ကိုဝမ်က ငါ့ကို စိတ်မပျက်စေဘူး…။ ငါက ခုထိ အစ်ကိုရဲ့ ပြိုင်ဘက် မဟုတ်သေးဘူးပဲ…”

ထိုလူငယ်က ကောက်ရီကလန်၏ ယွမ်ရီဖန်ပင်။

“မင်းအနေနဲ့ အနာဂတ်မှာ ငါ့ကို နှုတ်ဆက်တဲ့ နည်းလမ်းကို ပြောင်းပေးနိုင်မလား…”

ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ယွမ်ရီဖန်ထံ လှမ်းကြည့်သည်။

ယွမ်ရီဖန်က ဝမ်လင်းဘေးတွင် ရပ်ကာ ရယ်မောလိုက်၏။ ဝမ်လင်းကို တွေ့မြင်ရသည့်အခါ သူက အတော်လေး ပျော်ရွှင်မိ၏။ လှိုဏ်ဂူလောက၌ ဖြစ်ပျက်ခဲ့သမျှကို ပြန်ကြည့်ပါက သူတို့နှစ်ယောက်သည် ရန်သူဆိုလည်း ဟုတ်ခဲ့ မိတ်ဆွေဆိုလည်း ဟုတ်ခဲ့ပေသည်။

တကယ်တော့ လှိုဏ်ဂူလောက၌ နှစ်ပေါင်းထောင်ချီကာလက ယွမ်ရီဖန်၏ အချိန်အများစု ဖြစ်ခဲ့သည် မဟုတ်လား။

“အစ်ကိုဝမ်…ငါ လှိုဏ်ဂူလောကထဲကနေ ထွက်လာခဲ့တဲ့နောက် ငါ့ကလန်ရဲ့ စွမ်းအားကို အသုံးပြုပြီး သင့်ကို ရှာခဲ့ပေမဲ့ လုံးဝ မတွေ့ခဲ့ရဘူး။ အခုလိုမျိုး သင် ရုတ်တရက်ကြီး ပေါ်လာလိမ့်မယ်လို့ ငါ မထင်ထားမိဘူး ငါ အခု ပျော်နေတဲအတွက် ငါ တိုက်ခိုက်ချင်စိတ် ပေါ်သွားမိတာပါ…”

ယွမ်ရီဖန်က ရိုးသားပွင့်လင်းစွာ ပြောလာပြီး ဝမ်လင်းထံ လက်နှစ်ဖက် ဖြန့်ကားလိုက်သည်။

ဝမ်လင်းက ခဏတာ တုန့်ဆိုင်းပြီးနောက် ယွမ်ရီဖန်ကို ကြည့်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ရှေ့သို့ လျှောက်လာကာ ယွမ်ဇီရန်ကို ပွေ့ဖက်နှုတ်ဆက်လိုက်၏။

ယွမ်ရီဖန်က အတော်လေး ပျော်နေမိပေသည်။ သူက ဝမ်လင်းကို ဘေးတစ်ဖက်သို့ ခေါ်ကာ ဆက်လက်၍ စကားဆိုတော့သည်။

သို့ပေမည့် ထိုအခိုက်တွင် သူတို့ရှေ့ရှိ ပင်မခန်းမထံမှ ခမ်းနားထည်ဝါမှုအပြည့်ပါသော အသံတသံ ထွက်ပေါ်လာသည်။

“ဒီမှာ လူစုံကြပြီလား…”

ယွမ်ရီဖန်က စကားပြောသည်ကို ရပ်ကာ ဝမ်လင်းကို ကြည့်၏။ သူ၏အမူအရာက ချက်ခြင်း အလေးအနက် ဖြစ်လာပြီး နေရာတွင် တလေးတစား ရပ်သည်။

“ခု ပြောလိုက်တဲ့သူက ငါတို့ ကောက်ရီကလန်ခေါင်းဆောင်၊ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်ပဲ…”

ဝမ်လင်းက ယွမ်ရီဖန်၏ စကားကို ကြား၏။ သူက မည်သို့မျှ မဆိုဘဲ ဧရာမသားရဲကြီးတစ်ကောင်နှင့်တူသော ပင်မခန်းမထံသာ လှမ်းကြည့်သည်။

“မင်းတို့သုံးယောက်…နာမည်ပြောကြ…” ထည်ဝါသောအသံ ထပ်မံ ပဲ့တင်ထပ်လာ၏။

ထျန်ကျာက အလေးအနက်ဟန်ပန်ဖြင့် ပြောလာသည်။ “ရှုံ့ရှန့်ကလန်က ထျန်ကျာပါ…”

“လေလွင့်ကျင့်ကြံသူ…တိမ်စွန်းပါ…” ထိုအဘိုးအိုက ထရပ်ကာ ပင်မခန်းမထံ လက်နှစ်ဖက်ဆုပ်လိုက်၏။

“မဟာစိတ်ဝိညာဉ်ကလန်က ဝမ်လင်းပါ…”  ဝမ်လင်းသည် ထိုသို့ ပြော၍ သူ့ဘေးပတ်လည်သို့ ကြည့်လိုက်သည်။ သူက ထိုအသံ ထွက်ပေါ်မလာခင် မမြင်ရသော အတားအဆီးတစ်ခုက ဒီဧရိယာကို ခြုံလွှမ်းသွားပြီး အပြင်ဘက်မှ မည်သူကမျှ သည်နေရာက ပြောသမျှဆိုသမျှကို မကြားရနိုင်တာကို သတိပြုမိလိုက်၏။

သူ့ကို ကြိတ်၍ တုန်လှုပ်မိသွားစေသည်က ဒီနေရာရှိ လောက၏ ပြောင်းလဲမှုများကိုလည်း နှောက်ယှက်ခံထားရခြင်းပင်။ ထို့အတွက် ဒီနေရာတွင် ဖြစ်ပျက်သမျှကို ရှေ့ဖြစ်ကြည့်နိုင်ဖို့မှာလည်း မဖြစ်နိုင်တော့ပေ။ ဤသည်က တသီးတသန့် အတားအဆီးတစ်ခုတည်း မဟုတ်ပေ။ ကလန်တခုလုံးကို ကာကွယ်ထားသော အတားအဆီး၏ အစိတ်အပိုင်းသာ ဖြစ်၏။

“ကောင်းကင်ဘုံနွားထီးသွေးကြော နေရာခုနစ်ခုမှာ သုံးခုက ဖျက်စီး ခံလိုက်ရပြီး ကောင်းကင်ဘုံနွားထီးတမန်တော် သုံးယောက်လည်း သေဆုံးသွားခဲ့တယ်။ မင်းတို့လေးယောက်ကတော့ သွေးကြောနေရာတွေကို ကာကွယ်နိုင်ခဲ့ပြီး ကြီးမားတဲ့ အောင်မြင်မှုကို ဆောင်ရွက်နိုင်ခဲ့ကြတယ်…”

“မဟာစိတ်ဝိညာဉ်ကလန်နဲ့ ဒီကိစ္စကို ဆွေးနွေးပြီးတဲ့နောက် ကြီးကြီးမားမားအကျိုးဆောင်ခဲ့တဲ့ မင်းတို့ကို ဆုချီးမြှင့်မယ်…”  ထိုထည်ဝါသော အသံက ရှေးအော်ရာကို ပေးစွမ်းနေချေ၏။

“တိမ်စွန်း…” ထိုအသံ ပဲ့တင်ထပ်လာသည်။

“ရှိပါတယ်…” တိမ်စွန်းဟူသော အဘိုးအိုက လျှောက်လှမ်းလာ၏။

“မင်းက လေးခုမြောက်သွေးကြောနေရာကို စောင့်ကြပ်နိုင်ခဲ့ပြီး အကျိုးဆောင်နိုင်ခဲ့တယ်။ မင်းကို သတ္တုအင်အားစုရဲ့ အကြီးအကဲတစ်ယောက်အဖြစ် ခန့်အပ်တယ်။ ပြီးတော့ သတ္တုဒြပ်စင်ချပ်ဝတ်ရတနာကိုလည်း ပေးအပ်တယ်…”

ထိုထည်ဝါသော အသံ ပဲ့တင်ထပ်လာကာ ရွှေရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်သည်။ ၎င်းက သတ်ဖြတ်လိုစိတ်ကို ထုတ်လွှတ်ကာ ဒီကွင်းပြင်ဧရိယာကို ခြုံလွှမ်းသည်။

၎င်းရွှေရောင်အလင်းက တိမ်စွန်းဘေးတွင် ရပ်တန့်ကာ ရွှေရောင်ချပ်ဝတ်အဖြစ်သို့ ပြောင်း၏။ ထိုချပ်ဝတ်ထံမှ ကြောက်မက်ဖွယ်ဖိအားတစ်ခုကို ပေးစွမ်းလေသည်။ တိမ်စွန်းက ဆက်လက် မတည်ငြိမ်နိုင်တော့ဘဲ စိတ်လှုပ်ရှားမိလေပြီ။

“ကျေးဇူးတင်ပါတယ်…ကလန်ခေါင်းဆောင်…”  တိမ်စွန်းက အသက်ဝဝရှိုက်သွင်းလိုက်ပြီး ပင်မခန်းမထံ လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်လိုက်သည်။ ထိုအခါ ရွှေရောင်အလင်းတန်းက မရေမတွက်နိုင်သော ရွှေရောင်အမျှင်တန်းများအဖြစ်သို့ ပြောင်း၍ သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လေသည်။

“ထျန်ကျာ” ထည်ဝါသောအသံ ထပ်မံ ပဲ့တင်ထပ်လာ၏။

“နင်က ခြောက်ခုမြောက်သွေးကြောနေရာကို စောင့်ကြပ်ခဲ့ပြီး အကျိုးဆောင်နိုင်ခဲ့တယ်။ ဒါ့ကြောင့် နင့်ရဲ့ ရှုံ့ရှန်ကလန်ကို အင်အားသုံးစချဲ့ခွင့် ပေးတယ်။ တပည့်တွေ ထပ်မံ စုဆောင်းပြီး ကျင့်ကြံခြင်းရင်းမြစ်တွေကို သုံးဆ ရယူပါ။ ပြီးရင် နင့်ကို ကောက်ရီကလန်ရဲ့ ရေဒြပ်စင်ချပ်ဝတ်ကိုလည်း ပေးအပ်တယ်…”

ပင်မခန်းမထံမှ အပြာရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာပြီး ထျန်ကျာကို ဝန်းရံကာ သူမ၏ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်သွားသည်။ ထျန်ကျာ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူမ၏တည်ငြိမ်သော မျက်လုံးထဲ၌ လှိုင်းဂယက်များ ပေါ်လာချေသည်။

သူမက ဦးညွှတ်ကာ တလေးတစား ပြောလိုက်သည်။ “ကျေးဇူးတင်ပါတယ်…စီနီယာကလန်ခေါင်းဆောင်…”

“ယွမ်ရီဖန်…”

ယွမ်ရီဖန်က အလေးအနက်ဟန်ပန်ဖြင့် ဦးညွှတ်ကာ ရှေ့သို့ ခြေတလှမ်း လှမ်းသည်။

“မင်းက လေးခုမြောက်သွေးကြောကို စောင့်ကြပ်ခဲ့ပြီး အောင်မြင်မှု ရခဲ့တယ်။ မင်းမှာ ကလန်ရဲ့ ဒြပ်စင်ချပ်ဝတ် ရှိထားပြီး ဖြစ်တဲ့အတွက် ငါ့အနေနဲ့ မင်းကို ငါ့မန္တာန်လေးခုထဲက တစ်ခုကို သင်ပေးမယ်။ ငါ့ကောင်းကင်ဘုံရတနာတွေထဲက တစ်ခု ဖြစ်တဲ့ သတ်ဖြတ်ခြင်းဝိညာဉ်ဓားမြှောင်ကိုလည်း ပေးအပ်မယ်…”

ထိုစကားသံ ပဲ့တင်ထပ်လာရင်း အလင်းတန်းနှစ်ခု ပျံသန်းထွက်လာသည်။ တစ်ခုက ကျောက်စိမ်းပြား ဖြစ်ပြီး တခြားတစ်ခုကတော့ ဓားမြှောင်တစ်လက်င်။ ၎င်းဓားမြှောင်က အလွန်ထူးခြားပြီး ဆူးကိုးချောင်းရှိကာ ကြောက်မက်ဖွယ်အော်ရာတစ်ခုအား ပေးစွမ်းနေလေသည်။

“ကျေးဇူးတင်ပါတယ်…ကလန်ခေါင်းဆောင်…”  ယွမ်ရီဖန်က စိတ်လှုပ်တရှားဖြင့် ထိုပစ္စည်းနှစ်ခုကို လက်ခံကာ ပင်မခန်းမထံ အရိုအသေ ပေးလိုက်သည်။

“ဝမ်လင်း…” ထည်ဝါသောအသံက ခဏတာ ရပ်တန့်သွားပြီးနောက်မှ တဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာ၏။

ဝမ်လင်းသည် ပင်မခန်းမထံ တည်ငြိမ်စွာ လှမ်းကြည့်ကာ ရှေ့သို့ လှမ်းသည်။

“မင်းက တတိယမြောက်သွေးကြောနေရာကို စောင့်ကြပ်ပြီး အောင်မြင်မှုရအောင် လုပ်ဆောင်နိုင်ခဲ့တယ်။ ငါ မင်းကို မီးဒြပ်စင်ချပ်ဝတ် ပေးအပ်မယ်…”

ပင်မခန်းမထဲမှ မီးအလင်းတန်းတစ်ခု ပျံသန်းထွက်လာကာ မီးချပ်ဝတ်အဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံ အရှိန်အဟုန်နှင့် တိုးဝင်လာသည်။

“ဒီတော့ ဆုလဒ်တွေ ချီးမြှင့်ပေးပြီပြီဆိုတော့ အခု မင်းတို့ကို လျှို့ဝှက်တာဝန်တစ်ခု ပေးအပ်မယ်…”

ထိုအသံ ပဲ့တင်ထပ်လာပြန်၏။ ယွွမ်ရီဖန်က တစ်ခုခု ပြောချင်နေသည်။ သို့သော် သူက ပင်မခန်းမထံသို့ လှမ်းကြည့်ပြီးနောက် ငြိမ်သက်စွာ စဉ်းစားသွားသည်။

သူတို့သုံးယောက်က ဆုလဒ်နှစ်ခုစီ ရခဲ့ကြသော်လည်း ဝမ်လင်းကမူ တစ်ခုသာ ရခဲ့ပေ၏။

ယွမ်ရီဖန်တစ်ယောက်သာ သံသယများ ဝင်နေခြင်း မဟုတ်ပေ။ ထျန်ကျာနှင့် အဘိုးအိုတိမ်စွန်းတို့မှာလည်း ဝမ်လင်းကို ကြည့်နေကာ သည်ပြဿနာကို သတိပြုမိသည်။

တိမ်စွန်းက မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိပြီး သုန်မှုန်သောစိတ်နေစရိုက်ရှိသူလည်း ဟုတ်သည်။ ဒီကိစ္စက သူနှင့် မပတ်သတ်သ၍ သူက ဂရုမစိုက်ပေ။ သူက သူအကြည့်ကို ပြန်ရုတ်သိမ်းကာ ဒီကိစ္စအပေါ် မေးခွန်းထုတ်မနေတော့ပေ။

ထျန်ကျာကလည်း ဝမ်လင်းအပေါ် အမြင်ကောင်း ရှိမထားသူ ဖြစ်၍ ဂရုစိုက်မနေတော့ပေ။

“ဒီတာဝန်ဟာ…” ထိုအသံ ပဲ့တင်ထပ်လာ၏။ သို့သော် ယင်းအသံ၏ စကားမဆုံးခင်မှာပင် ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ဖြတ်ပြေးသွားသည်။

“ခဏနေပါအုံး…”  ဝမ်လင်းသည် ပင်မခန်းမထံ စိုက်ကြည့်ကာ ရှေ့သို့ တိုး၍ ကောက်ရီကလန်ခေါင်းဆောင်၏ စကားကို ကြားဖြတ်ပြောလိုက်သည်။

ဝမ်လင်း ထိုသို့ ပြောလိုက်သည့်အခါ၌ ယွမ်ရီဖန်၏ အမူအရာက ပြောင်းလဲသွားပြီး ဝမ်လင်းကို လှမ်းအချက်ပြသည်။ ထျန်ကျာကလည်း ဝမ်လင်းထံ လှမ်းကြည့်၏။ သူမက ဝမ်လင်းသည် ထိုသို့ ပြောလာဝံ့လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

တိမ်စွန်းသည်ပင် ဝမ်လင်းထံ လှည့်ကြည့်လာ၏။

“မင်းတို့ရဲ့ တာဝန်က အစိမ်းရောင်မိစ္ဆာကုန်းမြေဆီ ဦးတည်သွားရောက်ရမယ်။ ပြီးရင် အစိမ်းရောင်မိစ္ဆာဘုရားကျောင်းကို အလစ်တိုက်ခိုက်ပြီး အစိမ်းရောင်မိစ္ဆာစိတ်ဝိညာဉ် အားနည်းသွားဖို့ အစိမ်းရောင်မိစ္ဆာရုပ်တုကို ဖျက်စီးဖို့ပဲ။ ဒါသာ အောင်မြင်ခဲ့ရင် မင်းတို့လေးယောက်ဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေအတွက် ကြီးမားတဲ့စွမ်းဆောင်မှုတစ်ခုကို လုပ်ဆောင်ပေးခဲ့တဲ့သူတွေ ဖြစ်ကြလိမ့်မယ်…”

ထိုအသံက ဝမ်လင်း၏ စကားကို လစ်လျူရှုကာ သည်လျှို့ဝှက်တာဝန်ကိုသာ ဆက်ပြောလေ၏။

ထိုစကားလုံးများ ထွက်ပေါ်လာသည့်နောက် တိမ်စွန်း၏အမူအရာက ပြောင်းလဲသွားသည်။ ထျန်ကျာလည်း အလားတူပင်။ ကြည့်ရသည်မှာ ယွမ်ရီဖန်လည်း ဒီအကြောင်းကို ခုမှ ကြားရတာ ဖြစ်ပေလိမ့်မည်။ သူတို့သုံးယောက်လုံး၏ အမူအရာက ပြောင်းလဲသွားကြသည်။

အစိမ်းရောင်မိစ္ဆာကုန်းမြေအတွင်းသို့ ဝင်ရောက်ခြင်းက အန္တရာယ်များလွန်းလှ၏။ သူတို့သာ အမှားအနည်းငယ် လုပ်လိုက်မိသည်နှင့် ပြန်လာနိုင်စွမ်း ရှိကြတော့မည် မဟုတ်ပေ။

“အစိမ်းရောင်မိစ္ဆာကုန်းမြေရဲ့ ဘိုးဘေးတွေကိုတော့ ထိန်းချုပ်ထားတဲ့သူတွေ ရှိလိမ့်မယ်။ အခု ဒီတာဝန်က စတင်ပြီ။ မင်း ဘာပြောချင်တာလဲ ဝမ်လင်း…”

ထိုအသံက တည်ငြိမ်လျက်ပင်။ ယင်းအသံကို လှုပ်ခါသွားအောင် လုပ်နိုင်သည့်အရာက နည်းပါးလွန်းလေသည့်အလား။

All Chapters