ကောင်းကင်ဘုံနွားထီး တောင်ထိပ်
Vol. 140 Ch. 1937
သည်လို ငြိမ်သက်နေမှုက သူ ထွက်ခွာဖို့အတွက် အထူးတလည် ပြင်ဆင်ပေးထားသည့်အလား ထင်ရလေသည်။ ဝမ်လင်း၏မျက်လုံးက အရောင်လက်သွား၏။ ဖြစ်ပျက်ခဲ့သမျှက သူ့အတွက် နားလည်နိုင်ဖို့ ရုတ်တရက် ဆန်လှသည်။ သို့သော် ခုချိန်၌ ဒီအဖြစ်သနစ်ကို တွေးနေဖို့ နောက်ကျနေလေပြီ။ သူသည် အမြန် ပျံသန်း၏။
သူ အမြန်ဆုံးနှုန်းဖြင့် ကောက်ရီကလန်မှ ထွက်သွားရန် လှုပ်ရှားသည်။ သူ၏နောက်၌ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံမှုဖြင့် တိမ်စွန်းက လိုက်ပါလာသည်။
သူတို့နှစ်ယောက်သည် ကောက်ရီကလန်ကို မြန်ဆန်စွာ ဖြတ်သန်းနေ၏။ တအောင့်အကြာတွင် ကောက်ရီကလန်ထံမှ ခရမ်းရောင်အလင်းတန်းတစ်ခု ပျံသန်းထွက်လာ၏။ ထိုအလင်းနှင့်အတူ ကလန်အစီအရင်သည် အသက်ဝင်ကာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။
ဝမ်လင်းသည် ကောက်ရီကလန်မှ ကီလိုမီတာထောင်ချီထိ ပျံသန်းနေ၏။ သည်ဧရိယာ၌ ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုဖို့ မဖြစ်နိုင်တော့ပေ။ ကလန်အစီအရင်က ဒီဧရိယာကို နှောက်ယှက်ထား၏။
ဝမ်လင်းသည် ဒီဧရိယာကနေ ထွက်ခွာသည်နှင့် ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုမိ ဖြစ်၏။ အရှင်တိမ်စွန်းကလည်း နောက်ကနေ လိုက်လံလာသည်။ သူ၏မျက်လုံးက အေးစက်နေသည်။ သူက ရုတ်တရက် သူ့လက်ကို ပင့်မြှောက်သည်။ ကောင်းကင်သည် အရောင်ပြောင်းကာ ကြယ်ခုနစ်လုံး အပြာရောင်ကောင်းကင်ထက်၌ ပေါ်လာ၏။
“ကြယ်ခုနစ်လုံး သတ်ဖြတ်ခြင်း…” အရှင်တိမ်စွန်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက တစ်ခုခုမှားနေသည်ဟု ခံစားမိလျှင်ပင် ဝမ်လင်းကို ဆုလဒ်ရဖို့အတွက် သတ်ချင်နေ၏။ သို့ပေမည့်လည်း သူက ဂရုစိုက်မနေပါ။ သူက ဝမ်လင်းကို လိုက်လံ သတ်ဖြတ်ခြင်းမှာ စိတ်ဝိညာဉ်အမိန့်အရ လှုပ်ရှားတာ ဖြစ်နေသောကြောင့်ပင်။
“ဝမ်လင်းရဲ့ ဦးခေါင်းကို ယူဆောင်ပြီးမှပဲ ငါ ကောက်ရီကလန်ကို ဆုလဒ်အတွက် တောင်းဆိုတော့မယ်။ ပြဿနာအချို့ ရှိပေမယ့်လည်း ကောက်ရီကလန်ရဲ့ ကလန်ခေါင်းဆောင်အမိန့်အရ ငါ လှုပ်ရှားတာ။ မဟာစိတ်ဝိညာဉ်ကလန်ကလည်း ဘာမှ ပြောမှာ မဟုတ်လောက်ဘူး။ တကယ်တော့ ဝမ်လင်းက ငါတို့ကို အရင်ဆုံး သစ္စာဖောက်ခဲ့တာပဲ။ ငါက သစ္စာဖောက်တစ်ယောက်ကို သတ်ဖို့ လုပ်နေတာသာ ဖြစ်တယ်…”
တိမ်စွန်းသည် လေလွင့်ကျင့်ကြံသူတစ်ယောက်အဖြစ် လေဟာနယ်အတိဒုက္ခအလယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့သူ ဖြစ်သည့်အပြင် ကောင်းကင်ဘုံနွားထီး၏ အသိအမှတ်ပြုခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်နေခြင်းက သူနှင့် ပတ်သတ်၍ ထူးခြားသည်ကို ပြသနေပေသည်။
တိမ်စွန်းက သူ့လက်ကို ပင့်မြှောက်လိုက်စဉ် အပြာရောင်ကောင်းကင်ထက်၌ ကြယ်ခုနစ်လုံးက တောက်ပလာ၏။ အပြာရောင်ကောင်းကင်ထက်၌ ရှေးဟောင်းအားတစ်ခု စုဝေးလာသည့်အလား။ ကြယ်ခုနစ်လုံးထံမှ ပြင်းထန်သော တဝီဝီမြည်သံ ပေးလျက် ကောင်းကင်ထက်မှ ကျဆင်းလာလေသည်။
ထိုတဝီဝီမြည်သံက ဖော်ပြမစွမ်းသာသောအားတစ်ခုအသွင် ဖြစ်ပေါ်၏။ ဝမ်လင်း၏ခြေထောက်အောက်၌ လှိုင်းဂယက်များ ပေါ်လာကာ သူက ထွက်ခွာရန် ဟန်ပြင်သည်။ သို့ပေမည့် သူသည် ရုတ်တရက် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
အပြာရောင်ကောင်းကင်ထက်မှ ကြယ်ပျံခုနစ်စင်းသည် အလွန်မြန်သောနှုန်းဖြင့် ကျဆင်းလာသည်။ ထိုအလင်းတန်းရှေ့၌ လက်သီးဆုပ်အရွယ်ခန့် အနက်ရောင်ကြယ်တစ်လုံး ရှိနေကာ မြန်ဆန်စွာ နီးကပ်လာသည်။
ဝမ်လင်းသည် ထိုကြယ်က ဇလုံတလုံး၏ အရွယ်အစားလောက် ပြောင်းသွားကာ မြန်ဆန်စွာ ချဲ့ကားလာသည်ကို မြင်၏။ ၎င်းက ပေတစ်ထောင်လောက်ထိ ချဲ့ကားကာ ပေတစ်ထောင်အတွင်းရှိ အရာအားလုံးကို အပျက်အစီးပုံအဖြစ်သို့ ရောက်သွားစေသည်။
တိမ်စွန်းက စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့် သူ၏ကျင့်ကြံမှုအဆင့် မြင့်နေချိန်တွင်သာ ဒီမန္တာန်ကို ထုတ်ဖော်နိုင်ပေသည်။
ဝမ်လင်း၏ခြေထောက်အောက်တွင် ပိုပိုများပြားသော လှိုင်းဂယက်များ ပေါ်လာ၏။ သူက ဟင်းလင်းပြင်ကွေးညွှတ်ခြင်းကို အသုံးပြုကာ ထွက်ခွာတော့ရန် ဟန်ပြင်သည်။ တိမ်စွန်းအနေဖြင့် ဝမ်လင်း၏ မန္တာန်များနှင့် မသိနေတာ ထင်ရှားသည်။ ထို့ကြောင့် သူ၏မန္တာန်က မည်မျှအစွမ်းထက်နေပါစေ ဝမ်လင်းကို ဒီနေရာတွင် ထိန်းသိမ်းထားဖို့မှာ မဖြစ်နိုင်ပေ။
သို့သော်လည်း ထိုအခိုက်၌ ခရမ်းရောင်အလင်းတန်းတစ်ခုက တိမ်စွန်းနောက်တွင် ပေါ်လာ၏။ ထျန်ကျာက ဝမ်လင်းထံ စိတ်ရှုပ်ထွေးသောအကြည့်ဖြင့် လှမ်းကြည့်သည်။ ထို့နောက် သူမက မြန်ဆန်စွာ ရွှေ့လျား၏။ သူမက တိမ်စွန်းထံ နီးကပ်လာကာ သူ့ကိုပါ ကျော်တတ်တော့မည့်ပုံ ရသည်။
“စီနီယာတိမ်စွန်း…ငါ သင့်ကို ကူညီပေးမယ်။ ငါ လိုချင်တဲ့ ဆုလဒ်ကတော့ မီးဒြပ်စင်ချပ်ဝတ်တစ်ခုထဲပဲ…”
တိမ်စွန်း၏ တုန့်ပြန်မှုကို စောင့်မနေဘဲ ထျန်ကျာက သူနှင့် ပေတစ်ထောင်အတွင်းသို့ ရောက်လာလေ၏။
တိမ်စွန်းက မျက်မှောင်ကြုတ်သွားသော်လည်း ဘာမျှတော့ မဆိုပေ။ သို့သော် ဝမ်လင်းက ရုတ်တရက် ရပ်တန့်သွားသည်။ သူသည် ထျန်ကျာ နီးကပ်လာကာ တိမ်စွန်း၏ ပေတစ်ရာအတွင်းသို့ ရောက်လာသည်ကို တွေ့မြင်သည့်အခါ တစ်ခုခုထူးခြားနေပြီဟု သိလိုက်၏။
“နင် ဘာလုပ်မလို့လဲ…” တိမ်စွန်းကလည်း တခုခုမှားနေပြီကို သတိပြုမိ၏။ သူ၏မျက်လုံးက အရောင်တောက်သွားကာ နောက်ဆုတ်၍ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းသည်။ လေပြင်းတစ်ခု သူ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းသွးပြီး အကာအကွယ်အလွှာအထပ်များ ဖွဲ့စည်း ဖြစ်ပေါ်သည်။ ထျန်ကျာ၏ မျက်လုံးထံမှ ရွှေရောင်တောက်ပမှုကို ထုတ်လွှတ်၏။ သူမက ကျောက်စိမ်းကဲ့သို့ သူမ၏လက်ကို ပင့်မြှောက်သည်။ ရွှေရောင်ဂိတ်တံခါးရှစ်ခု ရုတ်တရက် တိမ်စွန်း၏ပတ်လည်၌ ပေါ်လာချေသည်။
“ဂိတ်တံခါးရှစ်ခု ချိပ်ပိတ်ခြင်း…”
ထိုရွှေရောင်ဂိတ်တံခါးများထံမှ အဆုံးမဲ့ ရွှေရောင်အလင်းကို ထုတ်လွှတ်၏။ ယင်းတို့ ပေါ်လာသည့်နောက် တိမ်စွန်းအနား ချက်ခြင်း ရောက်သွားသည်။
ထိုရုတ်တရက် ပြောင်းလဲမှုက ဝမ်လင်း၏မျက်လုံးကို ကျဉ်းမြောင်းသွားစေသည်။ အချိန်တိုအတွင်း သူ့ခေါင်းထဲ၌ အတွေးများစွာ ဖြတ်ပြေးသွားသည်။ သူက တုံ့နှေးနေခြင်းကို ရပ်တန့်ပြီး ထွက်ပြေးမည်ကို လက်လျှော့လိုက်သည်။ ထိုအစား သူက တစ္ဆေအလင်းတန်းအဖြစ်သို့ ပြောင်းကာ ချိပ်ပိတ်ခံထားရသော တိမ်စွန်းထံ ပျံသန်းဝင်လာသည်။
ဝမ်လင်း၏ ဇရိုက်မှာ အမြဲထိုသို့ပင်။ တခြားသူများက သူ့ကို ရန်လာမစပါက သူသည် မလိုအပ်ဘဲ ထိုသူများကို ရန်ပြုလိမ့်မည် မဟုတ်ပေ။ သို့ပေမည့် အခု တိမ်စွန်းက သူ့ကို သတ်ဖို့ ကြိုးစားလာခဲ့မှတော့ သူကလည်း အခွင့်အရေးရသည်နှင့် ပြန်တိုက်ခိုက်ပစ်မည့်သူမျိုး ဖြစ်သည်။
သူက ထျန်ကျာ ရွှေရောင်ဂိတ်တံခါးများကို အသုံးပြုသည်ကို မြင်သည့်အခါ သူက သူမကို ဘာကြောင့် ရင်းနှီးသလို ဖြစ်နေခဲ့တာအား သဘောပေါက်သွား၏။ ထိုအမျိုးသမီး၏အော်ရာနှင့် ပုံပန်းသွင်ပြင်တို့က တတိယကိုယ်လုပ်တော် ထျန်ရှန်နှင့် အလွန်တူနေသည် မဟုတ်လား။
သူတို့၏အမည်များကို ဆက်စပ်ကြည့်သည့်နောက် ဝမ်လင်းက ထိုအမျိုးသမီးသည် ထျန်ရှန်နှင့် နက်နက်နဲနဲ ပတ်သတ်မှု ရှိလိမ့်မည်ဟု ဆုံးဖြတ်လိုက်နိုင်၏။
အဖြစ်အပျက်က မြန်ဆန်လှ၏။ တိမ်စွန်းသည် ချက်ခြင်း သတိအနေအထား ဖြစ်သွားသည်။ သူ၏ ထိန်းချုပ်မှု လွတ်ကင်းသွားသဖြင့် ကောင်းကင်ထက်မှ ကြယ်ခုနစ်လုံးထဲမှ သုံးလုံးသည် ပျောက်ကွယ်သွား၏။ ကျန်သည့် လေးလုံးမှာ ဆက်လက် ကျဆင်းလာပြီး မကြာမီ ကျရောက်လာတော့မည့်ပုံ ပေါ်သည်။
ထိုကြယ်များ ကျရောက်လာသည့်အခါ၌ အနက်ရောင်မီးများက ၎င်းတို့ပေါ်တွင် လောင်ကျွမ်းသည်။ ယင်းတို့ ကျရောက်မလာခင်မှာပင် အပူလှိုင်းများ ပျံ့နှံ့၏။ ထိုအပူက အစွမ်းထက်လှသည်။
ဝမ်လင်းသည် ကောင်းကင်ထက်မှ ကျဆင်းလာသော ကြယ်များကို လစ်လျူရှုထားကာ ချိပ်ပိတ်ခံထားရသော အရှင်တိမ်စွန်းနား ရောက်လာသည်။ သူက ညာလက်ကို မြှောက်ကာ ဝေ့ယမ်းလိုက်သည်။
လောကသည် မြည်ဟိန်းသွား၏။ ခုနစ်ရောင်စုံလှံ ပေါ်လာသည်။ ၎င်းက သုံးကြိမ်တိုင် အရောင်ပြောင်းလဲမှုကို ဖြစ်စေကာ ခုနစ်ရောင်စုံလှံ၏ တတိယမြောက်အသွင်ပြောင်းလဲမှုပုံစံ ဖြစ်လာသည်။
ခဏအတွင်း ဝမ်လင်းက သူ၏ လျင်မြန်လွန်းသော မန္တာန်ထုတ်ဖော်နိုင်စွမ်းကို အသုံးပြုကာ ချိပ်ဟန်များကို ဖြစ်စေ၏။ လက်ခြောက်ချောင်း မိစ္ဆာလက်ဝါးရာ ပေါ်လာကာ အရှင်တိမ်စွန်းထံ အရှိန်အဟုန်နှင့် ဝင်ရောက်လာသည်။
ထိုမန္တာန်နှစ်ခုဖြင့် တိမ်စွန်းကို ဒဏ်ရာရသွားစေဖို့ မလုံလောက်ပေ။ ဝမ်လင်းက အံတင်းတင်းကြိတ်ကာ သူ့လက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေပြီး ကောင်းကင်ထက်သို့ လက်ညွှန်သည်။
သူတို့၏ ဝန်းကျင်မှာ တုန်ဟည်းကာ လောကသည် ပင်လယ် ဖြစ်လာပြီး အရာအားလုံးက အမှောင်ကျသည်။ ရုတ်တရက် မိုးကုပ်စက်ဝန်းတွင် နေအလင်း ပေါ်ထွန်းလာသည်။
အခုက စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် ဒုတိယအကြိမ်အဖြစ် ဝမ်လင်းသည် နေသာသောညမန္တာန်ကို အသုံးပြုလိုက်ခြင်းပင်။
ထျန်ကျာက ကူညီပေးဖို့ ဆုံးဖြတ်ပြီးမှတော့ သူမကလည်း တစက်လေးမျှ တုန့်နှေးမနေပေ။ သူမ၏လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေရာ နက်မှောင်သောည၌ ရွှေရောင်ကျာပွတ်ကြီး ပေါ်လာ၏။
ထိုကျာပွတ်ထံမှ ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးပစ်နိုင်သော အော်ရာကို ပေးစွမ်းနေသည်။ ၎င်းက တိမ်စွန်းထံ ပစ်မှတ်ထားသည်။ သူမ၏ မန္တာန်ထုတ်ဖော်နှုန်းက ဝမ်လင်းကိုတော့ မယှဉ်နိုင်ပေ။ သည်အချိန်အတွင်း ဝမ်လင်းက မန္တာန်သုံးခု အသုံးပြုလိုက်ပြီး ဖြစ်သော်လည်း သူမကတော့ မန္တာန်တစ်ခုကိုသာ ထုတ်ဖော်နိုင်သည်။
တိမ်စွန်း၏အမူအရာက ကြီးစွာ ပြောင်းလဲသွား၏။ သူက ခုလက်ရှိ၌ ဂိတ်တံခါးရှစ်ခု၏ ချိတ်ပိတ်ခြင်းကို ခံထားရသည်။ ထိုဂိတ်တံခါးများက ထျန်ကျာ၏ အစွမ်းထက်ဆုံး မန္တာန်ဖြစ်သည်။ ၎င်း၏ ချိပ်ပိတ်စွမ်းအားက တိမ်စွန်း၏မျက်လုံးများကိုပင် သတ်ဖြတ်လိုစိတ်ကြောင့် နီမြန်းသွားစေသည်။ သည်အခိုက်၌ သူသည် တခြားကိစ္စများကို အရေးစိုက်မနေတော့ပေ။ သူ့လျှာထိပ်ကို ကိုက်ကာ သွေးများ အန်ထုတ်၏။ ထိုသွေးက မရေမတွက်နိုင်သော သွေးရောင်တစ္ဆေများအဖြစ်သို့ ပြောင်း၍ ဂိတ်တံခါးများထံ တရှိန်ထိုး ဝင်ရောက်လာကြသည်။
ကျယ်လောင်စွာ ပေါက်ကွဲသွား၏။ တံခါးရှစ်ချပ် ပျက်စီးသွားသည်။ တိမ်စွန်း ချိပ်ပိတ်ခံရခြင်းကနေ လွတ်လာရုံ ရှိသေး သူက ခုနစ်ရောင်စုံလှံကို ရင်ဆိုင်ရသည်။ သူက ရှောင်၍ မရသဖြင့် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လက်ဝါးအရွယ် အဖြူရောင်ဒိုင်းတစ်ခု ပေါ်လာသည်။ ယင်းက ခုနစ်ရောင်စုံလှံနှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ လှံရှည် ပျက်စီးသွားသည်။ သို့ပေမည့် မရေမတွက်နိုင်သော အက်ကြောင်းများ အဖြူရောင်ဒိုင်းပေါ်တွင် ပေါ်လာသည်။ ၎င်း မပျက်စီးသွားခင်မှာပင် ဝမ်လင်း၏ လက်ခြောက်ချောင်း မိစ္ဆာလက်ဝါးက ယင်းဒိုင်းပေါ်သို့ ကျရောက်သွားသည်။
ထိုအဖြူရောင်ဒိုင်းက ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ တစစီ ဖြစ်သွားသည်။ လက်ဝါးချက်က တိမ်စွန်း၏ရှေ့ ကျရောက်လာသည်။
တိမ်စွန်း၏မျက်နှာ ဖြူရောသွား၏။ သူသည် နောက်သို့ လွင့်ထွက်သွားရင်း သူ၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်ကာ မာန်သွင်းသည်။
သူ မာန်သွင်းလိုက်စဉ် ကောင်းကင်ဘုံနွားထီး၏ပုံရိပ် ပေါ်လာကာ လိုက်ပါ မာန်သွင်းသည်။ လှိုင်းဂယက်များ ပဲ့တင်ထပ်ကာ လက်ဝါးချက် ပျက်စီးသွားသည်။ သို့ပေမည့် ဝမ်လင်းက မန္တာန်သုံးခုကို ထုတ်ဖော် တိုက်ခိုက်လိုက်တာ ဖြစ်၏။ ထိုလက်ဝါးချက် ပျက်စီးသွားချိန်၌ နေသာသောညက ပင်လက်ကို ခြုံလွှမ်းသည်။ နေမင်း မြင့်တက် ပေါ်လာကာ ညကို ဆုတ်ဖြဲပစ်မည့် စွမ်းအား ပေါက်ကွဲထွက်လာသည်။
“ယုံကြည်မှု…ယုံကြည်မှုမန္တာန်….” မန္တာန်များနှင့် တရစပ် ထိုးနှက် တိုက်ခိုက်ခံရပြီးနောက် သူသည် ပထမဆုံးအကြိမ်အဖြစ် ဒီနေမင်း၏ ပြဿနာကို မြင်လိုက်ရတော့သည်။ သူ၏မျက်လုံးထဲတွင် အလွန်အမင်း ကြောက်ရွှံ့မှု ပြည့်နှက်သွားကာ သူက မြန်ဆန်စွာ နောက်ဆုတ်သည်။
သို့ပေမည့် သူ နောက်ဆုတ်ရုံ ရှိသေး ထျန်ကျာ၏ ရွှေရောင်ကျာပွတ်က သူ့ထံ နီးကပ်လာသည်။ ၎င်းက အမှောင်ထုကို ချိုးဖျက်ကာ အရှင်တိမ်စွန်းရှေ့သို့ ချက်ခြင်း ကျရောက်လာ၏။
အရှင်တိမ်စွန်းသည် သွေးအန်လိုက်ရကာ နောက်သို့ လွင့်ထွက်သွားပြန်သည်။ သူ၏ စိတ်ထဲ၌ တခုတည်းသော အတွေးမှာ ဒီမန္တာန်၏ သက်ရောက်မှု ဧရိယာကနေ နောက်ဆုတ်သွားနိုင်ရန်သာ ဖြစ်သည်။
သို့ပေမည့် သူက ခြေတလှမ်း နောက်ကျသွားခဲ့လေပြီ။ နေမင်းက ကောင်းကင်ထက်သို့ မြင့်တက်လာကာ ဆုတ်ဖြဲအားက အရူးအမူး ပျံ့နှံ့၏။ တိမ်စွန်းက ထပ်မံ သွေးအန်ရပြန်သည်။ သူ၏မျက်လုံးများက နီရဲနေ၏။ သည်အခိုက်တွင် သူက အန္တရာယ်ကို ခံစားမိကာ စိတ်ထဲ၌ ဆုံးဖြတ်ချက် ချသည်။
သူ နောက်ဆုတ်နေလျက် ရုတ်တရက် ရပ်တန့်ကာ သူ့လက်နှစ်ဖက်ကို သူ၏မျက်ခုံးနှစ်ခုကြားသို့ ဖိချသည်။ သူက အနည်းငယ် ခါးကိုင်းကာ တစုံတစ်ခုကို အကြမ်းပတမ်း ပစ်သွင်းလိုက်ချေ၏။
ယင်းမှာ ကောင်းကင်ဘုံနွားထီးပင်။ ၎င်း၏ ဦးချိုက ကောင်းကင်ထံ တန်းမတ်နေပြီး ၎င်းက အမှန်တကယ်ပင် နေမင်းထံ ဦးတည်ဝင်ရောက်သည်။