ဂျိရှင်းရှန်နှင့် ရန်စန်း
Vol. 12 Ch. 169
အခန်း (၁၆၉) ဂျိရှင်းရှန်နှင့် ရန်စန်း
စုချီထွက်သွားပြီး နောက်ထပ်ဆယ်နှစ် ကုန်ဆုံးသွားပါတယ်။
ဟန်ကျွယ်ဟာ ဆက်လက်ကျင့်ကြံအားထုတ်တာမို့ ကျင့်ကြံမှုကလည်း ဒီရေလို တိုးတက်လာပါတယ်။
ဒီလိုနဲ့ တစ်နေ့မှာတော့ ဟန်ကျွယ်ဟာ မျက်လုံးဖွင့်လိုက်ပြီး ကြမ္မာဆိုးစာအုပ်ကို ထုတ်ယူလိုက်ပါတယ်။ တစ်ချိန်တည်းမှာပဲ စာအိတ်တွေကို စစ်ဆေးလိုက်ပါတယ်။
[သင့်မိတ်ဆွေ ကျိုးဖန်သည် ထုန်ချိရုပ်ခန္ဓာကို ထပ်မံတည်ဆောက်နိုင်ခဲ့ပြီး ဘဝဟောင်းမှ ရုပ်စွမ်းအားကို လက်ရှိဘဝရုပ်ခန္ဓာနှင့် ပေါင်းစပ်နိုင်ခဲ့သည်။ ထို့ကြောင့် ကျင့်ကြံမှု များစွာ တိုးတက်သွားသည်။]
[သင့်မိတ်ဆွေ မော့ကျူသည် ကျင့်ကြံနေစဉ်အတွင်း မိုးမြေအဓိပ္ပာယ်စစ်ကို သိမြင်ခဲ့သောကြောင့် နားလည်နိုင်စွမ်း တိုးတက်မြင့်မားသွားပါပြီ။]
[သင့်မိတ်ဆွေ ဂျိရှင်းရှန်သည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] x၁၅၈၉၀၇
[သင့်မြေးတပည့် ဖန်းလျန်သည် သင့်ရန်သူ မြေခွေးနက် နတ်ဆိုးဧကရာဇ် တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။]
[သင့်မြေးတပည့် ဖန်းလျန်သည် အသက်ရှင်သန်ရန်အတွက် အသည်းအသန် တိုက်ခိုက်ရင်း သတ်ဖြတ်ခြင်းနှလုံးသားအား ခဲနိုင်ခဲ့သည်။]
[သင့်မိတ်ဆွေ ရှန်စစ်သူကြီးသည် မိစ္ဆာအစီအရင်ပုံစံ၌ ပိတ်မိပြီး ကံတရားအား တွက်ချက်မရတော့ပေ။]
[သင့်တပည့် စုချီသည် နတ်ဆိုးသားရဲများ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။] X၂၄၁၁၃
‘တော်တော်လေး ဝရုန်းသုန်းကား ဖြစ်နေတာပဲ’
ဟန်ကျွယ် အမြင်မှာ ဝရုန်းသုန်းကား ဖြစ်နေပေမဲ့ တစ်ချို့လူတွေ အမြင်မှာတော့ စိတ်လှုပ်ရှားစရာ ကောင်းရင် ကောင်းနေနိုင်ပါတယ်။
ဟန်ကျွယ်ဟာ သေမျိုးကမ္ဘာမှာ ပြိုင်ဘက်ကင်းနေပြီ ဖြစ်ပေမဲ့ ဒီကမ္ဘာကို စူစမ်းလေ့လာလိုစိတ် မရှိပါဘူး။ အနာဂတ်ကျရင်တော့ မပြောတက်ပါဘူး။ အခုလောလောဆယ်မှာတော့ ဟန်ကျွယ်ဟာ သူ့ကျင့်ကြံမှုကို အနှောင့်နှေး မခံနိုင်ပါဘူး။ မတော်လို့ အနာဂတ်မှာ စွမ်းအားကြီးရန်သူနဲ့ ရင်ဆိုင်ရရင် ပြဿနာတက်မှာပါ။
ဟန်ကျွယ်ဟာ နောက်တစ်ကြိမ် ထပ်ပြီးတော့ မသေချင်တော့ပါဘူး။
ဟန်ကျွယ် သက်ပြင်းချနေတာက ဝူတောက်ကျန့်က မြင်သွားတာကြောင့် ပြောလိုက်ပါတယ် “သခင်... မြေအမတဘူးပင်က အပွင့်ပွင့်နေပြီ”
“တကယ်ကြီးလား၊ အရမ်းကောင်းတယ်၊ နှစ်ဝက်နေရင် ငါထွက်ကြည့်အုန်းမှပဲ”
ဝူတောက်ကျန့်က သိချင်စိတ်နဲ့ မေးလိုက်ပါတယ် “ဘာဖြစ်လို့ နှစ်ဝက်ကြာမှ ထွက်ကြည့်မှာလဲ”
ဟန်ကျွယ်ဟာ ကြမ္မာဆိုးစာအုပ်ကို ကိုင်ထားရင်းက အလေးအနက် ပြောလိုက်ပါတယ် “ကျင့်ကြံသူတွေက စိတ်လိုက်မာန်ပါ လုပ်လို့မရဘူး၊ ကျင့်ကြံတယ်ဆိုတာကလည်း စည်းချက်ရှိတယ်၊ ငါ အဲဒီစည်းချက်ကို လိုက်နာဖို့ လိုတယ်”
ဝူတောက်ကျန့်ဟာ ဟန်ကျွယ်စကားကို နားမလည်ပေမဲ့ အထင်အရမ်းကြီးသွားပါတယ်။
ရန်သူအကုန်လုံးကို နှစ်ဝက်ကြာ ကျိန်စာတိုက်ပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ မတ်တတ်ရပ်ပြီး ကျင့်ကြံခြင်းလိုဏ်ဂူထဲက ထွက်လိုက်ပါတယ်။ ဖူစန်းသစ်ပင်အောက် ဟန်ကျွယ် ရောက်သွားတဲ့အခါ ရန်ထျန်တုန်း၊ ထူလင်းအာနဲ့ ခေါင်းသုံးလုံး မြွေနဂါးဘုရင်တို့ဟာ မတ်တတ်ရပ်ပြီး ဟန်ကျွယ်ကို ဦးညွှတ် အရိုအသေပြုပါတယ်။
ငရဲကြက်နက်နဲ့ ပဋိပက္ခကောင်းကင်ခွေးကလည်း ဟန်ကျွယ်ကို ကြည့်လိုက်ကြပါတယ်။
ဟန်ကျွယ်ဟာ ဖူစန်းသစ်ပင်ပေါ်က မြေအမတဘူးပင်ကို ကြည့်ပြီး တွေးဆလိုက်ပါတယ်။ မြေအမတဘူးပင်ကို တကယ်ကို အပွင့် ပွင့်လာတာပါ။ တစ်ပွင့်တည်းတောင် မဟုတ်ပါဘူး။ ခုနစ်ပွင့်တောင်ပါ။ အာဒိကပ္ပကမ္ဘာမှာလည်း ဘူးသီးတောင်းခုနစ်ပါးအကြောင်း ဒဏ္ဍာရီတွေ ရှိပါတယ်။ ဘူးသီးညီနောင်ကလည်း ခုနစ်ယောက်ပါပဲ။ ကြည့်ရတာ လောကမှ တိကျသေချာတဲ့ စည်းမျဉ်းတွေ ရှိနေပုံပါပဲ။
‘ဖူစန်းသစ်ပင်၊ မြေအမတဘူးပင်၊ ကောင်းကင်ကိုးလွှာရေစင်၊ ပြန်လည်မွေးဖွားခြင်း လီလီပန်းနဲ့ ရှေးဟောင်း စိတ်ဝိညာဉ်ဂျင်ဆင်းတို့ကို တစ်ဦးကို တစ်ဦး မြန်မြန်ကြီးထွားအောင် အထောက်အကူ ပေးပုံပဲ’ ဟန်ကျွယ်ဟာ စိတ်ထဲမှာ တွေးတောလိုက်ပါတယ်။
ဟန်ကျွယ်ဟာ မြေအမတဘူးပင်က ဘူးသီး သီးလာတာကို ချက်ချင်းတောင် တွေ့မြင်ချင်သွားပါတယ်။ ဒီဘူးသီးတွေဟာ ဝိညာဉ်ရတနာဖြစ်ရင်ဖြစ် မဖြစ်ရင် သက်ရှိတွေ ဖြစ်လာမှာပါ။
ဟန်ကျွယ်ဟာ ဒီဘူးသီးတွေအတွက် လိုအပ်ချက်တွေ အများကြီး မရှိပါဘူး။ အသွင်းပြောင်းလဲနိုင်ရင် တော်ပါပြီ။
ကျင့်ကြံခြင်းက ပျင်းရိငြီးငွေ့ဖွယ်ကောင်းပြီး အထီးကျန်ဆန်လှပါတယ်။ ဒီနှစ်တွေမှာ ငရဲကြက်နက်၊ ဝူတောက်ကျန့်နဲ့ တစ်ခြားသူတွေ မရှိရင် ဟန်ကျွယ်ရဲ့ စရိုက်လည်း ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်ပါတယ်။
ဒါ့အပြင် ဒီဘူးသီးတွေသာ အသွင်းပြောင်းလာခဲ့ရင် စွမ်းအားကြီးတဲ့အင်အားစုတစ်စု ဖြစ်တည်လာမှာပါ။
‘ကြည့်ရတာ ငါ့မျိုးဆက်တွေက နာမည်တစ်ခု ပေးသင့်ပြီထင်တယ်’ ဟန်ကျွယ်ဟာ ရုတ်တရက် အကြံတစ်ခု ရသွားပါတယ်။
သိပ်မကြာတော့တဲ့ အချိန်အတွင်းမှာ ဟန်ကျွယ်ဟာ ဘုံပျံတက်ရတော့မှာပါ။ အဲဒီအချိန်ကျရင် ယွီဂျင်ဂိုဏ်းတော်ကြီးက ဟန်ကျွယ်နောက်ကို လိုက်ဖို့ဆိုတာ အတော့်ကိုခက်သွားပါပြီ။
နောက်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးက ဂိုဏ်းခွဲတွေ အများကြီးရှိပါတယ်။ တောင်ထိပ်ဆယ့်ရှစ်ခု၊ အဓိကတောင်ထိပ်နဲ့ တစ်ခြားဂိုဏ်းခွဲတွေလည်း ရှိပါသေးတယ်။ ဂိုဏ်းလိုသာ ပြောပေမဲ့ အမွေအနှစ်မျိုးစုံ ရှိနေပါတယ်။
ဟန်ကျွယ်ဟာ ဒီအကြောင်းကို အများကြီး ဆက်မတွေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဟန်ကျွယ်ဟာ အမွေအနှစ်ပေးဖို့ အဆင်သင့်မဖြစ်သေးလို့ပါပဲ။ သူ့တပည့်တွေ ရင့်ကျက်လာရင်တော့ ဟန်ကျွယ်က ဒီကိစ္စကို ထပ်စဉ်းစားမှာပါ။
အတန်ကြာတွေးတောပြီးတဲ့နောက်မှာတော့ ဟန်ကျွယ်ဟာ ကျင့်ကြံခြင်းလိုဏ်ဂူကို ပြန်သွားပါတယ်။
တစ်ချိန်တည်းမှာပဲ...။
ကြယ်တာရာ ကောင်းကင်မှာ အက်ကြောင်းတစ်ကြောင်း ပေါ်လာပြီး အသွင်တစ်ခုဟာ သေမျိုးကမ္ဘာဆီ ဖြည်းဖြည်းချင်း လျှောက်ဝင်လိုက်ပါတယ်။
ဒီလူကတော့ ရန်စန်းပဲ ဖြစ်ပါတယ်။
ရန်စန်းဟာ ငွေရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး ဩဇာကြီးမားတဲ့ အသွင်အပြင် ရှိပါတယ်။ ရန်စန်းဟာ ငွေရောင် မြွေနဂါးသရဖူကို ဆောင်းထားပြီး လက်ထဲမှာလည်း မီးတောက်လောင်နေတဲ့ လှံတစ်ချောင်းကို စွဲကိုင်ထားပါတယ်။
ရူးသွပ်တဲ့အပြုံးတစ်ခု ရန်စန်းမျက်နှာမှာ ပေါ်လာပါတယ်။
“မင်းရဲ့အိပ်မက်ဆိုး ရောက်လာပြီ”
ရန်စန်းဟာ သူ့ညီမလေးအတွက် ကလဲ့စားချေရတော့မှာမို့ စိတ်လှုပ်ရှားနေပါတယ်။
ရန်စန်းနဲ့ ယန်းရန်ကျွင်းဟာ အတူတူကြီးပြင်းလာကြတာပါ။ တိုတိုရှင်းရှင်း ပြောရမဲ့ဆိုရင် ငယ်ရည်စားတွေပါ။ သူတို့နှစ်ယောက်က ဇနီးမောင်နှံတွေလိုမျိုးလည်း ပျော်မြူးခဲ့ဖူးပြီးပါပြီ။ ဆရာသခင်ကို ကြောက်လို့သာ လူသိရှင်ကြား မကြော်ငြာရဲတာပါ။
ယန်းရန်ကျွင်း သေမျိုးကမ္ဘာကို ဆင်းသက်ပြီး သေဆုံးသွားရတာက ရန်စန်းရဲ့ တောင်းဆိုမှုကြောင့်ပါ။ ဒီကိစ္စကို ရန်စန်းရဲ့နှလုံးသားမှာ ကျောက်ထက်ထွင်းထားတဲ့ အိပ်မက်ဆိုးတစ်ခုလိုပါပဲ။ ရန်စန်းသာ ကလဲ့စားမချေဘူးဆိုရင် ရန်စန်းရဲ့ တာအိုနှလုံးသားကို အကြီးအကျယ် ထိခိုက်မှာပါ။
ရန်စန်းဟာ သေမျိုးကမ္ဘာကို ရောက်တယ်ဆိုရင်ပင် လက်ချောင်းသုံးပြီး တွက်ချက်လိုက်ပါတယ်။ မကြာခင်မှာပဲ သူ့ညီမလေး သေသွားတဲ့နေရာကို ရန်စန်း သိသွားပါတယ်။ ရန်စန်းဟာ ချက်ချင်းပဲ အဲဒီနေရာကို ပျံသန်းသွားပါတယ်။ ရန်စန်းဟာ မလိုအပ်တဲ့ ပြဿနာတွေ တက်မှာစိုးတာကြောင့် နည်းနည်းလေးတောင် စောင့်ဆိုင်းခြင်း မရှိပါဘူး။
ရန်စန်းဟာ ဟန်ကျွယ်ကို အမြန်ဆုံး သတ်ပစ်ချင်နေပါတယ်။ ပြီးရင် ဟန်ကျွယ်ရဲ့ ဝိညာဉ်ကို ကောင်းကင်ရုံးတော်ဆီ ပြန်ယူသွားပြီး နေ့တိုင်းနှိပ်စက်မှာပါ။ ရန်စန်းဟာ ဟန်ကျွယ်က သူ့ကို တောင်းပန်နေတာကို မြင်ယောင်မိပြီး စိတ်လှုပ်ရှားလာတာကြောင့် သူ့ကိုယ်သူတောင် မထိန်းချုပ်နိုင်တော့ပါဘူး။
ယွီဂျင်ဂိုဏ်းတော်ကြီး၊ ဝီရိယတောင်။
ကျင့်ကြံခြင်းလိုဏ်ဂူထဲကို ဟန်ကျွယ်ပြန်ရောက်ပြီး မကြာခင်မှာပဲ တရင်းတနှီးရှိတဲ့အသံကို ကြားလိုက်ရပါတယ်။
“တာအိုရောင်းရင်းကွမ်း... အမြန်ထွက်လာအုန်း၊ ကျုပ် အရင်နေရာမှာ စောင့်နေမယ်”
‘လာပြန်ပြီလား’ ဟန်ကျွယ်ဟာ ဆွံအသွားပါတယ်။
‘ဒီကောင်က ငါ့ကို တမင်သက်သက် နှောင့်ယှက်နေတာလား’
‘ဘာလို့ ခဏခဏ ငါ့ဆီ လာနေရတာလဲ’ ဟန်ကျွယ်ဟာ သက်ပြင်းချလိုက်ပြီး မတက်သာဘဲ မတ်တတ်ရပ်လိုက်ရပါတယ်။
တောအုပ်ထဲမှာတော့ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို အပြုံးနဲ့ စောင့်နေပါတယ်။ ဂျိရှင်းရှန်ဟာ ဟန်ကျွယ်ကို သတင်းကောင်းတစ်ခု လာပြောတာပါ။
ဒီအချိန်မှာပဲ...။
သူ့နှလုံးသားက တုန်လှုပ်သွားတဲ့အတွက် ဂျိရှင်းရှန်ဟာ မော့ကြည့်လိုက်တဲ့အခါမှာ ရုပ်ရည်ချောမောတဲ့ ယောက်ျားတစ်ဦးက ဝီရိယတောင်ဆီ လာနေတာကို တွေ့လိုက်ရပါတယ်။ ဒီချောမောတဲ့ယောက်ျားရဲ့ လက်ထဲမှာတော့ အလွန်တောက်ပတဲ့ မီးလျှံကို ကိုင်ထားပါတယ်။
ဂျိရှင်းရှန်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘ဘယ်သူလဲဟ’
ဂျိရှင်းရှန်ဟာ ချက်ချင်း ပြေးထွက်သွားပြီး ရန်စန်းရဲ့ လမ်းကြောင်းကို ပိတ်ရပ်လိုက်ပါတယ် “မင်း ဘယ်သူလဲ”
တစ်ချက်ကြည့်ရုံနဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးကို ပြဿနာလာရှာမှန်း သိသာလှပါတယ်။
ဂျိရှင်းရှန်ဟာ လောကနံပါတစ်အဖြစ် ခံယူထားတာမို့ သေမျိုးကမ္ဘာရှိတဲ့ လက်ယာဂိုဏ်းမှန်သမျှကို ကာကွယ်ရမှာက သူ့တာဝန်လို့ မှတ်ယူထားပါတယ်။ နောက်ပြီး ယွီဂျင်ဂိုဏ်းတော်ကြီးကို ကူညီလိုက်ရင် ဟန်ကျွယ်က သူ့ကို အကြွေးတစ်ခု တင်သွားမှာပါ။
ရန်စန်းဟာ ဂျိရှင်းရှန်ကို အေးစက်စွာကြည့်ပြီး ပြောလိုက်ပါတယ် “ထွက်သွားစမ်း”
ဒါကိုကြားလိုက်ရတဲ့ ဂျိရှင်းရှန်ဟာ ဒေါသထွက်သွားပြီး ကြိမ်းမောင်းလိုက်ပါတယ် “မာနကြီးလိုက်တာ”
ဂျိရှင်းရှန် လက်မြှောက်လိုက်တယ်ဆိုရင် ခန္ဓာကိုယ်ထဲကနေ လျှပ်စီတွေ ထွက်ပေါ်လာပါတယ်။
ရန်စန်းဟာ နောက်ထပ်စကားတစ်လုံး မပြောဘဲ မီးလျှံကို ရုတ်တရက် ဝှေ့ယမ်းလိုက်တဲ့အခါ ဝိညာဉ်စွမ်းအား ထွက်ပေါ်လာပြီး ဂျိရှင်းရှင်ကို အဝေးဆီ လွှင့်ပျံသွားစေပါတယ်။
“ဝုန်း...”
ဂျိရှင်းရှန်ဟာ သွေးတစ်လုတ် အန်ထွက်သွားပါတယ်။
ရန်စန်းဟာ အဝေးမှာရှိနေတဲ့ ယွီဂျင်ဂိုဏ်းတော်ကြီးဆီ ဆက်သွားပါတယ်။ ပြီးတဲ့အခါမှာ မီးလျှံကို ရုတ်တရက် ဝှေ့ယမ်းလိုက်ပါတယ်။ ရုတ်ခြည်းဆိုသလို မီးလျှံတွေဟာ အလွန်ကြီးမားတဲ့ မီးနဂါးအသွင် ပြောင်းလဲသွားပြီး ယွီဂျင်ဂိုဏ်းတော်ကြီးဆီ ပျံသန်းသွားပါတယ်။ မီးနဂါးကြီး ပျံသန်းသွားရာ လမ်းတစ်လျှောက်မှာရှိတဲ့ တောတောင်ရေမြေတွေဟာ ခမ်းခြောက်ပျက်စီး အက်ကွဲကုန်ပါတယ်။
“မင်းကတော့ သေချင်နေပြီပဲ”
ဂျိရှင်းရှန်ဟာ ဒေါသတကြီး ဟိန်းဟောက်လိုက်ပါတယ်။ ဂျိရှင်းရှန်ရဲ့ ဖိုသီဖတ်သီဖြစ်နေတဲ့ ဆံပင်တွေဟာ ကောင်းကင်ပေါ်ကို ထိုးတက်သွားပြီး မိုးကြိုးတိမ်တွေ စုစည်းကာ လောကတစ်ခုလုံး မှောင်မည်းသွားပါတယ်။
မရေမတွက်နိုင်တဲ့ လျှပ်စီးတွေဟာ ဂျိရှင်းရှန်ရဲ့ ခန္ဓာကိုယ်မှာ စုစည်းလာပြီး မျက်လုံးထဲမှာလည်း လျှပ်စီးတွေ ဝင်းလက်သွားပါတယ်။ ဂျိရှင်းရှန်ရဲ့ ဝတ်ရုံနဲ့ ကြွက်သားတွေကလည်း ဖောင်းကားလာပြီး မိုးကြိုးနတ်ဘုရား သေမျိုးကမ္ဘာကို ဆင်းသက်လာသလို တားမနိုင်ဆီးမရတဲ့ အရှိန်အဟုန် ဖြစ်တည်လာပါတယ်။
ရန်စန်းဟာ ဂျိရှင်းရှန်ကို တအံတဩ ကြည့်လိုက်ပါတယ် ‘ဒီကောင်လေးက ကောင်းကင်လျှပ်စီးကို တကယ်ကြီး အသုံးပြုနိုင်တာလား’
ဂျိရှင်းရှန်ဟာ လက်ဝါးရိုက်ထုတ်လိုက်တဲ့အခါမှာ မရေမတွက်နိုင်တဲ့လျှပ်စီးတွေဟာ ရန်စန်းဆီကို အရပ်ဆယ်မျက်နှာကနေ ပျံသန်းထွက်သွားပါတယ်။ မြင်ကွင်းကို ကြောက်ဖို့ကောင်းလှပေမဲ့ ရန်စန်းကတော့ မီးလျှံကို အသာဝှေ့ယမ်းပြီး လျှပ်စီးတွေကို ဟန့်တားလိုက်ပါတယ်။
တစ်ချိန်တည်းမှာပဲ ရန်စန်းဟာ သူစောစောက ပစ်လွှတ်လိုက်တဲ့ မီးနဂါးက လုံးဝပျောက်ကွယ်သွားတာကို သတိထားမိလိုက်ပါတယ်။ ယွီဂျင်ဂိုဏ်းတော်ကြီးနဲ့ တောင်ထိပ်ဆယ့်ရှစ်ခုက ဘေးမသီရန်မခ တည်ရှိနေတုန်းပါပဲ။
ဝီရိယတောင်ရှေ့မှာ အသွင်တစ်ခု ရပ်နေပါတယ်။
ဒီအသွင်ကတော့ ဟန်ကျွယ်ပဲ ဖြစ်ပါတယ်။
ဒီအချိန်မှာပဲ ဟန်ကျွယ်ဟာ မျက်မှောင်ကြုတ်သွားပါတယ် ‘တော်တော်အားကြီးတဲ့ ဝိညာဉ်စွမ်းအားပါလား၊ ဒီကောင်က ယန်းရန်ကျွင်းနဲ့ တာအိုသခင်ကျွယ်ရန်တို့ထက် ပိုစွမ်းမဲ့ပုံပဲ’
ဖူစန်းသစ်ပင်အောက်က ငရဲကြက်နက်၊ ရွှေကျီးကန်းလေးနှစ်ကောင်၊ ပဋိပက္ခကောင်းကင်ခွေး၊ ဝူတောက်ကျန့်၊ ခေါင်းသုံးလုံး မြွေနဂါးဘုရင်၊ ထူလင်းအာနဲ့ ရန်ထျန်တုန်းတို့ဟာ ကောင်းကင်ပြင်ကို ရင်ထိတ်စွာ ကြည့်လိုက်ပါတယ်။
သူတို့တွေရဲ့ မျက်လုံးထဲမှာတော့ ကောင်းကင်ပြင်တစ်ခုလုံးမျာ မိုးကြိုးလျှပ်စီးတွေ ပြည့်နှက်နေတာက ကမ္ဘာပျက်တော့မဲ့အတိုင်းပါပဲ။
တိုက်ပွဲရဲ့ ဖိအားဟာ ယွီဂျင်ဂိုဏ်းတော်ကြီးတစ်ခုလုံးကို လွှမ်းမိုးသွားပါပြီ။ ယွီဂျင်ဂိုဏ်းတော်ကြီးထဲက ကျင့်ကြံသူအားလုံးဟာလည်း ကျင့်ကြံရာကနေ ထလာကြပြီး ကောင်းကင်ကို စိုက်ကြည့်လိုက်ကြပါတယ်။
လုံးဝဒေါသထွက်သွားပြီ ဖြစ်တဲ့ ဂျိရှင်းရှန်ဟာ ရန်စန်း ဘယ်သူဘယ်ဝါဆိုတာကို စိတ်မဝင်စားတော့ဘဲ လက်ဝါးရိုက်ချက်တွေ ဆက်တိုက်ထုတ်လွှတ်ကာ ရန်စန်းကို အဆုံးမဲ့ နတ်လျှပ်စီးတွေနဲ့ တိုက်ခိုက်ပါတယ်။
စကြာဝဠာ အနန္တရှိ နတ် လူ သတ္တဝါ အားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ၊ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ။