ထိုစကား
Vol. 140 Ch. 1938
ကောင်းကင်ဘုံနွားထီးက နေမင်းထံ အရူးအမူး တိုးဝင်လာသည်။ တိမ်စွန်း၏ ကျင့်ကြံမှုက စိတ်ဝိညာဉ်ချပ်ဝတ်ဖြင့်ဆို အလွန်မြင့်မားလှ၏။ သို့သော် ကောင်းကင်ဘုံနွားထီး နေမင်းထံ တရကြမ်း တိုးဝင်လာသည့်အခါ သူ၏ကျင့်ကြံမှုအဆင့်သည် များစွာ လျော့ကျသွားပြီး လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့်ကနေ အလယ်အဆင့်သို့ ပြန်ရောက်သွားသည်။
သူက ချပ်ဝတ်ကို ချွတ်၍ နေသာသောညမန္တာန်ကို ချိုးဖျက်နိုင်ဖို့ ကြိုးစားလိုက်ခြင်းပင်။
အဖြစ်အပျက်က မြန်လှ၏။ ကောင်းကင်ဘုံနွားထီးသည် နေမင်းနှင့် မြန်ဆန်စွာ ထိပ်တိုက်တွေ့သည်။ ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ ဝမ်လင်းက နေသာသောညမန္တာန် ပျက်စီးသွားချိန်တွင် သွေးအန်လိုက်ရပြီး သူက နောက်သို့ ပေထောင်ချီ ပြန်ဆုတ်သွားရသည်။
တိမ်စွန်းကလည်း ပါးစပ်တွင် သွေးများ စီးကျလျက် နောက်ဆုတ်သည်။ သို့ပေမည့် ဝမ်လင်းက သူ့ကို မည်သို့ လွတ်မြောက်ခွင့် ပေးပါ့မည်နည်း။ ဝမ်လင်းက သူ၏ဒဏ်ရာများကို လစ်လျူရှုကာ တိမ်စွန်းထံ တရကြမ်း ဦးတည်ဝင်လာသည်။ သူက စိတ်ဝိညာဉ်ချပ်ဝတ် လွင့်ပြယ်သွားသည်ကို အခွင်ကောင်းယူကာ တိမ်စွန်းကို သတ်ပစ်ရန် ဦးတည်လာသည်။
ထျန်ကျာက ငြိမ်သက်စွာ စဉ်းစားနေပြီး ထပ်မံ မတိုက်တော့ပေ။ သူမက သူမ၏ညီမကိုယ်စား ကူညီပေးခဲ့ရုံသာ။ ဒီအခိုက်၌ သူမသည် ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်ပြီးနောက် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေလျက် တိမ်စွန်းနားသို့ ရောက်လာ၏။ သူက ညာလက်ကို ပင့်မြှောက်ကာ တိမ်စွန်းထံ အကြမ်းပတမ်း ထိုးချလိုက်၏။ ထိုလက်သီးချက်တွင် သူ၏ရှေးတောက်စွမ်းအား ပါဝင်သည်။ လောကမှာ အရောင်ပြောင်းလဲသွားသည်။ တိမ်စွန်းက လွင့်ထွက်ကာ သွေးအန်ထွက်ပြန်သည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း တုန်ယင်နေ၏။ သို့သော် သူက အံတင်းတင်းကြိတ်ကာ ထပ်မံ တိုးဝင်လာပြန်သည်။
သူတို့နှစ်ယောက်က အကြိမ်ကြိမ် တိုက်ခိုက်ကြ၏။ တိမ်စွန်း၏မျက်လုံးထဲတွင် ကြောက်လန့်မှု ပေါ်လာသည်။ သူသည် အရင်တည်းက ရူးသွပ်သောလူများကို ကြုံခဲ့ဖူး၏။ သို့သော် သူက ဝမ်လင်းကဲ့သို့ သူ့ကိုယ်သူပင် ဂရုမစိုက်တော့ဘဲ သူ့အား သတ်ဖို့ တိုက်ခိုက်လာသည့် အရူးမျိုးကိုမူ လုံးဝ မတွေ့ကြုံဖူးပေ။
ဝမ်လင်းနှင့် တိမ်စွန်းတို့ တိုက်ခိုက်နေကြစဉ် ကီလိုမီတာထောင်ချီအကွာမှ ဧရာမအနက်ရောင်လက် ပေါ်လာကာ သည်နေရာသို ဆန့်တန်းလာချေ၏။
ဝမ်လင်း၏အမူအရာက ရှုံ့တွသွားသည်။ သူသည် တိမ်စွန်းကို သတ်ဖို့ လက်လွှတ်လိုက်တော့၏။ သူ၏ ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူသည် လောကနှင့် တသားတည်း ဖြစ်ပြီး ပျောက်ကွယ်သွားတော့သည်။
ထိုဧရာမအနက်ရောင်လက် နီးကပ်လာကာ တိမ်စွန်းအား ကောက်ရီကလန်ထံ ဆွဲခေါ်သွားတော့သည်။
သည်တိုက်ပွဲမှာ တိုတောင်းလှ၏။ ဝမ်လင်းသည် ကြယ်လေးလုံး ကောင်းကင်ထက်မှ မြေပြင်ထက်သို့ ကျရောက်မလာခင်မှာပင် ထွက်ခွာသွားခဲ့ပြီး ဖြစ်၏။
နှစ်လလောက် ပျံသန်းပြီးနောက် တောင်တလုံးထက်၌ လှိုင်းဂယက်များ ဂယက်ထလေ၏။ ဝမ်လင်းက ဖြူရောသောအမူအရာဖြင့် လှမ်းထွက်လာသည်။ သူက ထိုနေရာတွင် ရပ်ကာ အချိန်အကြာကြီး စဉ်းစားနေ၏။
သည့်နောက် သူက မော့ကာ ဘေးပတ်လည်သို့ ကြည့်လိုက်သည်။
“ကောင်းကင်ဘုံနွားထီးကုန်းမြေ…ထွက်ခွာဖို့ အချိန်တန်ပြီ…”
သက်ပြင်းချကာ ဝမ်လင်းက အောက်ဘက်သို့ ကြည့်လိုက်၏။ သူက မင်သက်သွားတော့သည်။
သူက ဒီနေရာကို သိပေသည်။ သူ ဒီကို အရင်က လာခဲ့ဖူးသည် မဟုတ်လား။ ဒီနေရာမှာ ခုနစ်ရောင်စုံတာအိုကလန် တည်ရှိခဲ့သော နေရာ ဖြစ်နေချေ၏။
သူသည် ဒီအတိုင်း လောကနှင့်တသားတည်း ပေါင်းစပ်ကာ ထွက်ခွာလာခဲ့ခြင်း ဖြစ်ပြီး နေရာအတိအကျဟူ၍ မသတ်မှတ်ထားခဲ့ပေ။ သို့သော် သူသည် မမျှော်လင့်စွာ ဒီနေရာသို့ ရောက်လာခဲ့ပေသည်။
တောင်အောက်ဘက်ရှိ မြူလွှာတို့ကို ကြည့်ကာ ဝမ်လင်းသည် သက်ပြင်းချမိသည်။ သူသည် ထိုမြူထံ တိုးဝင်ကာ ခုနစ်ရောင်စုံတာအိုကလန်ရှိခဲ့သော ဦးတည်ရာသို့ ပျံသန်းလာ၏။
တအောင့်အကြာတွင် ဝမ်လင်းက တောင်တန်းများကြား၌ အပျက်အစီးအော်ရာကို ပေးစွမ်းနေသော နန်းတော်အုပ်စုကို မြင်၏။ ဝမ်လင်းက ပင်မခန်းမ၏အပြင်ဘက်ရှိ ရင်ပြင်ထံ သက်ဆင်းသည်။ သည်နေရာ၌ ချုံနွယ်ပိတ်ပေါင်းများပင် ရှိနေလေပြီ။ သူက ထိုင်ချကာ ခုနစ်ရောင်စုံတာအိုကလန်ကို ကြည့်သည်။ သူ၏စိတ်ထဲရှိ အထီးတည်းခံစားချက်အစား နွေးထွေးမှုက အစားဝင်ရောက်လာသည်။
တချို့အာရံသက်ဝင်ခံစားမှုများကြောင့် ဒီနေရာက သူ၏အိမ်ကဲ့သို့ပင်။
ဝမ်လင်းက မျက်လုံးမှိတ်ကာ သူ၏ဒဏ်ရာများကို ကုစားဖို့ ထိုင်ချ၏။ သူက စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ထားခြင်း မရှိတော့ဘဲ အားနည်းသော အခြေအနေတွင် ရှိနေသည်။ သူက သူ့ကို စောင့်ကြပ်ဖို့ ရီစီရုပ်သေးကို ထုတ်ထားသည်။
ဖြတ်ခနဲအတွင်း သုံးရက်တာ ကုန်လွန်သွား၏။ သုံးရက်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးဖွင့်လာကာ တာအိုခုနစ်ခုကလန်ကို ကြည့်သည်။ သူ သည်နေရာသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့ချိန်တည်းက ဝေ့ဝိုက်ကြည့်ရှုခဲ့ပြီး ဖြစ်၏။ အခု သူ ဒုတိယအကြိမ် ရောက်လာသည့်အခါ သူ့ထံ၌ ကောင်းကင်ဘုံနွားထီးကုန်းမြေကနေ ထွက်ခွာရမည့် ရှုပ်ထွေးသောခံစားချက် ရှိနေသည်။ သူက ခုနစ်ရောင်စုံတာအိုကလန်ထံ ဖြတ်၍ လျှောက်လာသည်။
သူက အဆောက်အဦများနှင့် ခုနစ်ရောင်စုံတာအိုကလန်၏ တပည့်များ ရှင်သန်နေထိုင်ခဲ့သော နေရာများကို ဖြတ်ကျော်လျှောက်လှမ်းလာသည်။
အဆုံးသပ်၌ သူသည် ခုနစ်ရောင်စုံတာအိုကလန်၏ ပင်မခန်းမထဲ လျှောက်လှမ်းလာသည်။ ထိုနေရာတွင် ကြီးမားသော ပလ္လင်တစ်ခု ရှိနေ၏။ ၎င်းမှာ ခုနစ်ရောင်စုံကောင်းကင်ဘုံအုပ်စိုးသူ ပိုင်ဆိုင်ခဲ့တာမှန်း သိသာသည်။
ငြိမ်သက်တိတ်ဆိတ်နေသော အဆောက်အဦတို့က ပျက်စီးယိုယွင်းမှု အငွေ့အသက်ကို ပေးစွမ်းနေသည်။
ဝမ်လင်းသည် ဒီနေရာတွင် ရပ်ကာ အချိန်အတန်ကြာ ကြည့်နေမိ၏။ ထို့နောက် သူက မျက်လုံးမှိတ်လိုက်ပြီး လှိုဏ်ဂူလောက၏ တည်ရှိမှုကို ခံစားမိသည့်ပုံ ပေါ်သည်။ ရုတ်တရက် သူသည် အိမ်လွမ်းနာ ကျမိသည်။
သူသည် လှိုဏ်ဂူလောကကို လွမ်းမိ၏။ ထိုနေရာရှိ လူတိုင်းကို သတိရမိသည်။
သူသည် လှိုဏ်ဂူလောကထံ ဖြတ်မြင်နိုင်စွမ်း ရှိလေသလားဟုပင် ထင်မှားရချေသည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက မျက်လုံးပြန်ဖွင့်ကာ ဒီနေရာကနေ ထွက်လာသည်။ သူက ခုနစ်ရောင်စုံတာအိုကလန်၌ တကိုယ်တည်း ရပ်နေ၏။ သူ၏ အမူအရာက တဖြည်းဖြည်း သုန်မှုန်လာလေသည်။
သူသည် ရက်စက်လှသော အစစ်အမှန်အခြေအနေကို ရင်ဆိုင်ရအုံးမည် မဟုတ်လား။
“ဒီသုံးလအတွင်း ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ အပြောင်းအလဲကြီးတစ်ခုခု ဖြစ်ခဲ့တာ ကျိန်းသေတယ်။ ဒီပြောင်းလဲမှုက သူတို့ကို ငါ့ရဲ့ ဆုလဒ်တွေအပေါ် ပြောင်းလဲပစ်စေခဲ့တာ။ ဒါမှမဟုတ် ငါ့ကို အတင်းအကြပ် ထွက်သွားစေချင်တာ။ ဒါပေမဲ့ သူတို့က ငါ့ကို ဘာကြောင့် ထွက်သွားခွင့် ပြုရတာလဲ…”
“မဟာစိတ်ဝိညာဉ်ကလန်ကရော…” ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာ၏။ သူက တစ်ခုခုကို ဖမ်းဆုပ်မိသလို ခံစားမိသည်။ သို့သော် မရှင်းလင်းပေ။ သူက ညာလက်ကို ပင့်မြှောက်ကာ သူ့လက်ကို ဖြန့်လိုက်သည်။ သုံးလက်မအရွယ်လူသေးလေးက ချက်ခြင်း ပေါ်လာ၏။
ထိုလူသေးလေး ပေါ်လာသည့်နောက် ၎င်းက ဒူးထောက်ကာ ဝမ်လင်းထံ သုံးကြိမ် ဦးညွှတ်၏။
ဝမ်လင်း၏စိတ်နှလုံးမှာ တုန်ယင်သွားမိ၏။ သူက သူ့လက်ကို ပြန်ဆုပ်လိုက်သည်။ သူ၏ရှေ့ဖြစ်ဟောခြင်းက ဝေဝါးနေ၏။ သူက အရာအားလုံးကို မမြင်နိုင်ခဲ့ပေ။ သို့ပေမည့် သူ၏စိတ်ထဲတွင် စကားတစ်ခု ပေါ်လာ၏။
“ဒီဆုချီးမြှင့်မှုဟာ ကိုယ်ပိုင်အကြောင်းပြချက် ရှိပြီးသား။ ဒီအဘိုးအိုက ဒါကို ပြောင်းလဲမှာ မဟုတ်ဘူး။ ဝမ်လင်း…မင်း ခုချက်ခြင်း မထွက်သွားရင် သက်သေဖြစ်တဲ့ ဒီအဘိုးအိုက အခု ထွက်သွားတော့မယ်…”
ဤစကားမှာ ကောက်ရီကလန်၏ ကလန်ခေါင်းဆောင်ကို ဝမ်လင်း မေးခွန်းထုတ်ခဲ့ချိန်က ဘိုးဘေးအရှင်ကုန်းနျန်ထံမှ ထွက်ပေါ်လာခဲ့သော စကားပင်။
ဝမ်လင်းသည် ထိုစကားနှင့် ပတ်သတ်၍ ဂရုတစိုက် တွေးမိသည်။ ဝိညာဉ်မျက်လုံးတာအိုက ဝေဝါးစွာသာ ဖော်ပြခဲ့ပြီး ဒီစကားသာ ပေါ်လာသည်။ ယင်းစကား၌ ဖုံးကွယ်ထားသော အဓိပ္ပာယ်တစ်ခု ရှိရပေမည်။
ဝမ်လင်းသည် ထိုစကားတခွန်းကို အခါခါ ရေရွတ်ကြည့်၏။ သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက် အပြင်းအထန် တုန်ယင်မိသွားသည်။ သူသည် ရုတ်တရက် အပေါ်သို့ မော့ကြည့်လာသည်။ သူ၏မျက်လုံးတို့က တောက်ပနေ၏။
“ဒီဆုချီးမြှင့်မှုဟာ ကိုယ်ပိုင်အကြောင်းပြချက် ရှိပြီးသား။ ဒီအဘိုးအိုက ဒါကို ပြောင်းလဲမှာ မဟုတ်ဘူး။ ဝမ်လင်း…မင်း ခုချက်ခြင်း မထွက်သွားရင် သက်သေဖြစ်တဲ့ ဒီအဘိုးအိုက အခု ထွက်သွားတော့မယ်…”
“ဒီစကားတွေရဲ့ နောက်ဆုံးစကားဟာ ပြောင်းလဲမယ်၊ မြန်မြန်၊ ထွက်သွားမယ်တို့ ဖြစ်ကြတယ်…”
“ပြောင်းလဲမှု…မြန်မြန်ထွက်သွားတာ…”
“တခုခု ပြောင်းလဲနေပြီ…ထွက်သွားတော့…” ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းမိလိုက်၏။ သည်စကားက လျှို့ဝှက်သတိပေးခြင်းပင်။ ယင်းက ဘိုးဘေးအရှင်ကုန်းနျန်က ဝမ်လင်းကို မြန်မြန် ထွက်သွားဖို့ ပြောသည့် နည်းလမ်းတစ်ခုပင်။
“ဘိုးဘေးအရှင်ကုန်းနျန်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့တောင် သူက ငါ့ကို ဒီလိုပုံစံနဲ့ အသိပေးခဲ့တယ်။ သူက ဒီစကားတွေကို ငါနားမလည်မှာ စိုးရိမ်တဲ့အတွက် ကောက်ရီကလန်ခေါင်းဆောင်နဲ့ ပူးပေါင်းပြီး ကောင်းကင်ဘုံနွားထီးကုန်းမြေကနေ ငါ ထွက်သွားရအောင်လို့ အတင်းအကြပ် ဖြစ်အောင် မမျှတတဲ့ ဆုချီးမြှင့်မှုကို ဖန်တီးခဲ့တာ နေမယ်…”
“ငါ ထွက်သွားတာနဲ့ ငါဟာ ကောင်းကင်ဘုံနွားထီးကုန်းမြေမှာ နေလို့ မရနိုင်တော့ဘူး။ တတ်နိုင်သမျှ မြန်မြန် ထွက်သွားရမယ်။ ဘိုးဘေးကုန်းနျန်က တတ်နိုင်သမျှ မြန်မြန် ငါ့ကို ထွက်သွားစေချင်တာပဲ…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ ကောင်းကင်ဘုံနွားထီးကုန်းမြေ၌ ဖုံးကွယ်ထားသော ဆန်းကြယ်မှုတစ်ခု ရှိနေမည်ဟု သူ ခံစားမိနေသည်။ ၎င်းမှာ မဟာစိတ်ဝိညာဉ်ကလန်နှင့် ကောက်ရီကလန်တို့၏ ရည်ရွယ်ချက်ကို ရုတ်တရက် ပြောင်းလဲခဲ့သော အကြောင်းရင်းလည်း ဟုတ်သည်။
အလားတူပင် ဝမ်လင်းက ထိုဆန်းကြယ်မှုသည် အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် ဆက်စပ်နေလိမ့်မည်ဟု ခန့်မှန်းတွက်ချက်မိ၏။ သူသည် ကုန်းမြေနှစ်ခုကြား ဖြစ်ပွားခဲ့သော စစ်ပွဲနှင့် ပတ်သတ်၍ အကြောင်းရင်းအစစ်အမှန်အပေါ် အမြဲ သံသယရှိနေခဲ့၏။
ဝမ်လင်းသည် များစွာ တွေးထားခဲ့၏။ သို့သော် ယင်းတို့အားလုံးမှာ သူ့ထင်မြင်ချက်သပ်သပ်သာ။ သူက လျှို့ဝှက်ချက်အစစ်အမှန်ကို မသိပေ။ ထို့နောက်တွင် ဝမ်လင်းက အကွာအဝေးတစ်ခုထံ လှမ်းကြည့်ကာ ပြတ်သားသောအကြည့်တခုကို လှစ်ဟဖော်သည်။
“ထားလိုက်ပါတော့လေ။ ဒီနေရာက ရှုပ်ထွေးလွန်းနေတယ်။ ကိစ္စတွေက ဒီလို ဖြစ်နေပြီးမှတော့ တွေးနေစဉ်းစားနေလို့လည်း အသုံးမဝင်တော့ဘူး။ အခု ကောင်းကင်ဘုံနွားထီးကုန်းမြေကနေ ထွက်ခွာရမယ့် အချိန်ပဲ…”
“ဒါပေမဲ့လည်း ငါ ထွက်သွားတာဟာ မရိုးရှင်းမှာ ကြောက်မိတယ်။ အတားအဆီးတေွ ရှိနေတဲ့ပုံပဲ။ ငါ့ခန့်မှန်းချက်သာ မှန်ရင် ဒီအတားအဆီးအများစုက အစိမ်းရောင်မိစ္ဆာကုန်းမြေကနေ ထွက်ပေါ်လာမှာ ဖြစ်တယ်…”
ဝမ်လင်းက သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် ထွက်ခွာရန် ဟန်ပြင်သည်။ သို့သော် သူ၏အမူအရာက ရုတ်တရက် ပြောင်းလဲသွားပြီး သူက မြူများဖုံးနေသော တောင်ထံ လှမ်းကြည့်သည်။ ဖြတ်ခနဲအတွင်း သူက ပျောက်ကွယ်သွား၏။
ဝမ်လင်း ပျောက်ကွယ်သွားသည့်နောက် မြူထုက တဝီဝီလည်ပတ်ကာ ပုံရိပ်တစ်ခုသည် အပြင်ဘက်မှ ပျံသန်းထွက်လာ၏။ ထိုပုံရိပ်က အလွန်သတိထားနေပုံ ပေါ်ကာ ဘေးပတ်လည်၌ မည်သူမျှ မရှိတာ သေချာစေမှ သူ စိတ်အေးသွားပုံ ရသည်။ သူသည် တဖြည်းဖြည်းချင်း တာအိုခုနစ်ခုကလန်၏ ရင်ပြင်ထံ ဆင်းသက်လာသည်။
“သေစမ်း…ငါ လမ်းမှာ ပြသနာအချို့ ကြုံခဲ့ရတော့ ရက်အနည်းငယ်နောက်ကျပြီးမှ ဒီကို ရောက်လာခဲ့တယ်။ ဘိုးဘေး စီစဉ်ထားတဲ့ ကိစ္စကို မနှောင့်နှေး မလွဲချော်သွားစေဖို့ ငါ မျှော်လင့်တယ်…”
ထိုပုံရိပ်သည် ဘေးပတ်လည်သို့ ကြည့်ကာ စိတ်ပူပန်နေပုံ ပေါ်သည်။ ထို့နောက် သူက ထောင့်တစ်ခုသို့ ရှာကာ ထိုင်ချရန် ဟန်ပြင်သည်။
သို့ပေမည့် ထိုအခိုက်တွင် ရင်ပြင်ကို ဖြတ်၍ အသံတသံ ပဲ့တင်ထပ်လာသည်။
“တုချင်း…”
ယင်းပုံရိပ်မှာ တုချင်းပင်။ သူသည် သူ၏နာမည်ကို တစုံတစ်ယောက်က ခေါ်လိုက်သည်ကို ကြားရသည့်နောက် လေထဲသို့ အလန့်တကြား ပျံတက်လိုက်၏။ သို့သော် မကြာမီတွင် ထိုထိတ်လန့်မှုက ပျော်ရွှင်မှုသို့ ပြောင်းသွားသည်။
“ရောင်းရင်းကျင်ကြံသူဝမ်လင်း…” သူက ဝမ်လင်း၏အသံကို ကြားလိုက်ခြင်းပင်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ ပေါ်လာ၏။ သူသည် တုချင်းကို ကြည့်ကာ ရုတ်တရက် ပြောလာသည်။
“ငါ ဒီကို လာလိမ့်မယ်လို့ မင်းကို ဘယ်သူ ပြောခဲ့တာလဲ…”
“အကြီးအကဲဝမ်…မဟာစိတ်ဝိညာဉ်ကလန်ရဲ့ ဘိုးဘေးကုန်းနျန်က သင် ဒီကို ရောက်လာလိမ့်မယ်လို့ လွန်ခဲ့တဲ့လအနည်းငယ်က ငါ့ကို ပြောခဲ့တာပါ။ ပြီးတော့ သင့်အတွက် တစုံတစ်ခု ပေးဖို့ ငါ့ကို လာပို့ခိုင်းလိုက်တာ…”
တုချင်းသည် ဝမ်လင်းရှေ့သို့ အမြန်ဆင်းသက်လာပြီး သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။ အနက်ရောင်ကျောက်တုံးတတုံး သူ့လက်ထဲတွင် ပေါ်လာသည်။
ထိုကျောက်တုံးက အလွန်သာမန်ဆန်၏။ တုချင်းက တလမ်းလုံး ၎င်းကျောက်တုံးနှင့် ပတ်သတ်၍ သဲလွန်စအချို့ ရရန် ကြိုးစားကြည့်ခဲ့သေးသည်။ သို့သော် သူသည် မည်သည်ကိုမျှ ရှာမတွေ့ခဲ့ပေ။ သို့သော်လည်း ဘိုးဘေးကုန်းနျန်၏ အမူအရာက မည်မျှလေးနက်နေသည်ကို ပြန်အမှတ်ရမိသဖြင့် သူက ၎င်းသည် ကျိန်းသေပေါက် ရတနာတစ်ခု ဖြစ်လိမ့်မည်ဟု ခံစားမိခဲ့သည်။
ဝမ်လင်းက ထိုအနက်ရောင်ကျောက်တုံးကို ကြည့်ကာ သူ၏မျက်လုံးက အရောင်တောက်သွား၏။ သူ၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားမိသည်။ သူက ၎င်းထံမှ ဝိညာဉ်မျက်လုံးတာအိုမန္တာန်၏ အော်ရာကို ခံစားမိလိုက်သည်။