အတားအဆီး
Vol. 140 Ch. 1940
နှင်းများ ကျဆင်းနေပြီး ညအခါ၌ လေအေးများ တိုက်ခတ်နေစဉ် ဝမ်လင်းသည် ဒီမြို့ထံ ဦးတည်လျှောက်လာနေသည်။ သူက သူ ဒီမြို့ကို ထောက်လှမ်းမိသည့်နောက် ဘာကြောင့် ဒီနေရာကို လာချင်မိမှန်း မသိပေ။
“ဖြစ်နိုင်တာက ငါဟာ သာမန်ဖြစ်တည်မှု ခံစားချက်တစ်ခုကို ရှာဖွေနေတာလား…”
သူသည် မြို့၏တဖက်ကနေ တခြားတဖက်ဆီ လျှောက်လာ၏။ သူ၏ ခြေရာများက နောက်ရှိ မြို့တွင် ထင်ကျန်ခဲ့သည်။ သို့သော် ယင်းခြေရာများကို နှင်းများက မြန်ဆန်စွာပင် ဖုံးအုပ်သွားချေ၏။
မြို့၏ တခြားတဖက်ကနေ ဝမ်လင်းက နောက်ပြန်လှည့်ကြည့်၏။ လမ်းတလျှောက်တွင် သူသည် တမြို့လုံးကို တွေ့မြင်ခဲ့၏။ အိမ်များထံမှ ထွက်ပေါ်နေသော မီးရောင်များစွာကို တွေ့မြင်သည်။
သို့ပေမည့် သူ့ထံ၌ နွေးထွေးမှု ခံစားချက် ရှိမနေပေ။ သူသည် နှင်းများ ဖုံးလွှမ်းပစ်သော ခြေရာများကဲ့သို့ ဖြစ်နေ၏။ သူက ဒီနေရာမှ မဟုတ်လေပေ။
ပထမဆုံးအကြိမ်အဖြစ် ဝမ်လင်းသည် အမျိုးအမည်မဲ့ ခံစားမှုကို ရသည်။ သူသည် သူ၏ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့် သေမျိုးများနှင့် နောက်ဆုံးနှောင်ဖွဲ့မှုများ ဆုံးရှုံးခဲ့ပြီကို ရေးတေးတေး နားလည်သဘောပေါက်သည်။
သူက သေမျိုးအဖြစ် သုံးကြိမ်တိုင် ပြောင်းလဲခြင်းက အကန့်အသတ်ဖြစ်သည်ကို သိထား၏။ ထိုသုံးကြိမ်ပြီးသည်နှင့် သေမျိုးအဖြစ် နှောင်ဖွဲ့မှုကို ဖြတ်တောက်ပစ်ရလိမ့်မည်။ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခုပင်။ သူက ဒီမြို့ထဲ၌ အနားယူကာ သေမျိုးများကို စောင့်ကြည့်လို၏။ သို့သော် သူသည် သေမျိုးများနှင့် အတူရောနှောကာ ထပ်မံ နေနိုင်စွမ်း မရှိတော့ပေ။
“ငါ့နှလုံးသားက တည်ငြိမ်မှု မရှိတော့လို့လား…” ဝမ်လင်းသည် ကောင်းကင်ထက်ရှိ နှင်းများကို မော့ကြည့်၏။ သူက ထီးတည်းည၌ ရှိနေသော မြို့ဂိတ်တံခါးဘေးတွင် ရပ်ကာ သူ့တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်သည်။
“အခု ငါ့မှာ အနှစ်သာရ ရှစ်ခု ပိုင်ဆိုင်ထားပြီ။ ဆန်းကြယ်လေဟာနယ်အဆင့်ကို ဝင်ရောက်ဖို့ နောက်ထပ် အနှစ်သာရတစ်ခုပဲ လိုတော့တယ်။ ပြီးရင် ငါဟာ ဆန်းကြယ်ဒုက္ခအဆင့်တွေကို ဖြတ်ကျော်ဖို့လည်း ယုံကြည်ချက် ရှိထားတယ်။ ငါ့နှလုံးသားက ဆက်ပြီး တည်ငြိမ်မှု မရှိတော့တာ ဖြစ်နိုင်တယ်။ ဒါပေမဲ့ တနေ့မှာ ငါ့နှလုံးသားဟာ တည်ငြိမ်ပြီး သေမျိုးမြို့တမြို့ထဲမှာ ငြိမ်သက်ဆိတ်ငြိမ်စွာ လောကကို နားလည်ဆင်ခြင်နိုင်စွမ်း ရှိလာလိမ့်မယ်…”
ဝမ်လင်းသည် ရောက်လာခဲ့၏။ သို့သော် သူက အတိတ်ကိုအောက်မေ့မှု အငွေ့အသက်ဖြင့် ပြန်ထွက်ခွာသွားသည်။
“ဒါဟာ တန်ဖိုးတစ်ခုပဲ။ သန်မာဖို့အတွက် တန်ဖိုးပဲ…” ဝမ်လင်းသည် ပိတ်ထားသော မြို့တံခါးထံ လျှောက်လာသည်။ သူက လေအေးများကို မျက်နှာချင်းဆိုင်ကာ ဒီမြို့ထံမှ အဝေးသို့ လျှောက်လှမ်းသွား၏။
သူ၏နောက်တွင် အိမ်များထံမှ မီးအလင်းရောင်များစွာ ထွက်ပေါ်ကာ နွေးထွေးမှုကို ပေးနေ၏။ ဝမ်လင်းက ထိုနွေးထွေးမှုကို တောင့်တမိသည်။ သို့သော် သူက ၎င်းကို မထိကိုင်နိုင် ဖြစ်ရသည်။
ဝမ်လင်း၏ ထီးတည်းပုံရိပ်ကို လေအေးများနှင့် နှင်းများကသာ အဖော်ပြုပေးနေ၏။ လအနည်းငယ် ကြာပြီးနောက် ယခင် ဆေးလုံးပင်လယ်နေရာမှာ ပျက်စီးသွားပြီး ဖြစ်၍ ကြီးမားသောချိုင့်ခွက်ကြီးတစ်ခုအဖြစ်သာ ရှိတော့သည်။ ဤတွင် အသက်ဓာတ်အရိပ်အယောင် ကင်းမဲ့နေကာ သေဆုံးခြင်းနှင့် ခြောက်ကပ်ခြင်းအငွေ့အသက်တို့သာ ရှိနေလေသည်။
ဝမ်လင်း၏ပုံရိပ်က ဆေးလုံးပင်လယ်အထက်ရှိ ကောင်းကင်တွင် ပေါ်လာသည်။ သူ ဒီနေရာသို့ ရောက်လာသည်မှာ ဒုတိယအကြိမ်ပင်။
ဝမ်လင်းသည် ပျက်စီးခြောက်ကပ်နေသော ဆေးလုံးပင်လယ်ကို ဖြတ်၍ လျှောက်လာပြီး သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားသည်။ သူ အစိမ်းရောင်မိစ္ဆာကုန်းမြေနှင့် နီးလာလေလေ ပို သတိထားရမည် မဟုတ်လား။ တလကြာပြီးနောက် သူက အစိမ်းရောင်မိစ္ဆာကုန်းမြေထဲ ခြေလှမ်းဝင်ရောက်လာသည့်အခါ ထိုကုန်းမြေတခုလုံးကို ခြုံလွှမ်းထားသော သုန်မှုန်သောအော်ရာတစ်ခုအား ခံစားမိလိုက်သည်။
ထိုသုန်မှုန်သောအော်ရာမှာ အေးစက်မှုနှင့် သွေးဆာမှုတို့ကို ပေါ်လွင်စေသည်။ ဒီနေရာရှိ သေမျိုးများ၊ သားရဲများနှင့် ကျင့်ကြံသူများထံ၌ပင် မိစ္ဆာဆန်သောအရိပ်အယောင် သဘာဝ ရှိနေသည်။
အစိမ်းရောင်မိစ္ဆာကုန်းမြေသည် ကောင်းကင်ဘုံနွားထီးကုန်းမြေနှင့် သိသာစွာ ကွာခြားလွန်းသည်။ တောင်တန်းအနည်းငယ်သာ ရှိပြီး ရွှံ့နွံစိမ့်များက ဒီကုန်းမြေတွင် နေရာယူထားသည်။
ဝမ်လင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေကို အတော်လေး မနှစ်မြို့ ဖြစ်မိ၏။
အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ အစွမ်းထက် ကျင့်ကြံသူများများစားစား ကျန်ရှိမနေပေ။ အများစုက ဝမ်လင်းကို မချိန်းခြောက်နိုင်သော အားနည်းသည့်ကျင့်ကြံသူများသာ။ သို့ပေမည့် ထိုကုန်းမြေကို အရင်ပုံစံအတိုင်းသာ ဖြေးဖြေးမှန်မှန် ဖြတ်သန်းပြီး ပေါ်ပေါ်ထင်ထင် မပျံသန်းပေ။
သူက အစိမ်းရောင်မိစ္ဆာကုန်းမြေအတွင်း၌ ဆန်းကြယ်သောအားတစ်ခု ရှိနေသည်ကိုလည်း ခံစားမိသည်။ ထိုအားက ကြောက်မက်ဖွယ် ကောင်းလှကာ မိစ္ဆာစွမ်းအင်နှင့် ပြည့်နေ၏။ လိပ်ခွံမြေပုံအရ ထိုနေရာမှာ အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်ဘုံကျောင်းတည်ရှိရာ နေရာ ဖြစ်၏။
ကောင်းကင်ဘုံနွားထီးကုန်းမြေတွင် ကောင်းကင်ဘုံနွားထီးဘုံကျောင်းကို မပိုင်ဆိုင်ထားပေ။ သည်လိုဘုံကျောင်းမျိုးက အင်ပါယာ၏ ခွင့်ပြုချက် လိုပေသည်။ ခွင့်ပြုချက် မရှိပါဘဲ ဘုံကျောင်းတစ်ခုကို တည်ဆောက်နိုင်မည် မဟုတ်ပေ။
မိစ္ဆာစွမ်းအင်က အားကောင်းလွန်းသဖြင့် လူတစ်ယောက်၏ စိတ်အပေါ်ပါ သက်ရောက်နိုင်၏။ ဝမ်လင်းက ထိုဘုံကျောင်းနေရာသို့ ချဉ်းကပ်မသွားဘဲ ၎င်းကို ပတ်၍ သွားသည်။ သူက မုန့်ကုန်းမြေနယ်စပ်ထိ ဆက်လက်၍ တည်နေရာရွှေ့ပြောင်းကာ သွားလာသည်။
အချိန်တဖြည်းဖြည်း ကုန်ဆုံးလာနေသည်။ လပေါင်းများစွာ ရှိလာခဲ့လေပြီ။ သည်အချိန်အတောအတွင်း ဝမ်လင်းက တချို့ကျင့်ကြံသူများနှင့် တွေ့ခဲ့၏။ သို့သော် မည်သူကမျှ သူ့ကို မတားဆီးကြပေ။ လပေါင်းများစွာကြာပြီးနောက် ဝမ်လင်းသည် အစိမ်းရောင်မိစ္ဆာကုန်းမြေ၏ နယ်စပ်တွင် ပေါ်လာ၏။
မုန့်ကုန်းမြေနှင့် နယ်စပ်မှာ အစိမ်းရောင်မိစ္ဆာကုန်းမြေတွင်း၌ ရှားပါးလှသော တောင်တန်းများ ရှိနေသည်။ ယင်းတောင်တန်းက မြင့်မားလှပြီး မိုးထိထိုးနေ၏။ ထိုတောင်တန်းကို ဖြတ်ကျော်ပြီးလျှင် ဝမ်လင်းသည် မုန့်ကုန်းမြေသို့ ရောက်သွားလိမ့်မည် ဖြစ်သည်။
ထိုတောင်တန်းအောက်တွင် ရပ်ကာ ဝမ်လင်းသည် မိုးထိမြင့်မားသော တောင်များကို တည်ငြိမ်စွာ ကြည့်နေ၏။ သူက တောင်ထိပ်ဆီမှ ကြောက်မက်ဖွယ်မိစ္ဆာစွမ်းအင်နှစ်ခုကို ခံစားမိ၏။
ထိုတောင်ထိပ်တွင် အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက် ရှိနေကြသည်။
ယင်းမိစ္ဆာစွမ်းအင်ရင်းမြစ်နှစ်ခု၏ နောက်တွင် ကြောက်မက်ဖွယ်ဓားစွမ်းအင်ကို ပေးစွမ်းနေသော တောင်တလုံး ရှိနေပြန်သည်။ ဝမ်လင်း ရောက်လာသည့်နောက် ရှေးဟောင်းဓားစွမ်းအင်က ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးပစ်နိုင်သော အော်ရာကို ထုတ်လွှတ်လေ၏။ ထိုအော်ရာက တောင်ထိပ်ဖျား၌ လွင့်မြောတည်ရှိသည်။
ဤသည်မှာ အစိမ်းရောင်မိစ္ဆာကုန်းမြေ၌ သူ့ကို ဟန့်တားနိုင်သော စွမ်းအားနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းပင်။ သူက ထိုဓားထံမှ ရင်းနှီးသောအော်ရာတစ်ခုကို ခံစားမိသည်။
သို့ဖြစ်၍ အစိမ်းရောင်မိစ္ဆာကုန်းမြေကို ဖြတ်၍ ထွက်ခွာမည့် ဝမ်လင်း၏ဆုံးဖြတ်ချက်မှာ မှန်သည်ဟု ဆိုရလိမ့်မည်။ သူသာ တခြားဦးတည်ရာတစ်ခုကနေ ကွေ့ပတ်သွားပါက ပိုမိုများပြားသော အတားအဆီးများကို တွေ့ကြုံရနိုင်သည်။
“လူသုံးယောက်…။ သူတို့က ငါ့ကို အတော်လေး အလေးထားကြတာပဲကို…”
ဝမ်လင်းသည် ထိုတောင်တန်းထံ သာမန်အတိုင်း ဆက်လျှောက်လာ၏။ သူ ရှေ့သို့ ခြေလှမ်းလိုက်သည့်အခိုက်တွင် အစိမ်းရောင်မိစ္ဆာအော်ရာနှစ်ခုက တရကြမ်း ထိုးထွက်လာသည်။ အကွာအဝေးတစ်ခုမှ ကြည့်ပါက ယင်းအော်ရာနှစ်ခုသည် တောင်ထိပ်မှ ဆင်းသက်လာသော အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်နှစ်ကောင်နှင့်ပင် တူနေသေး၏။ ယင်းတို့က ဝမ်လင်းထံ တရကြမ်း တိုးဝင်လာကြသည်။
တအောင့်အကြာတွင် တောင်ထိပ်မှ ရှေးဟောင်းဓားအရိပ်ကလည်း အစွမ်းထက်ဓားတေးသံကို ထုတ်လွှတ်သည်။ ယင်းဓားတေးသံက လောကကို ဖြတ်၍ ကင်းမြှီးကောက်အရိပ်နောက်ကနေ လိုက်ပါလာပြီး ဝမ်လင်းထံ ခုတ်ပိုင်းလာသည်။
လောကမှာ တုန်ရင်သွား၏။ သည်ဓား၏စွမ်းအားက လောကရှိ အလင်းအားလုံးကို အစားထိုးသွားသည်ဟုပင် ထင်ရလေသည်။
ဝမ်လင်း၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူ၏ညာဘက်ခြမ်းမျက်နှာပေါ်ရှိ အမှတ်အသားက လင်းလက်သွားသည်။ ၎င်းက မရေမတွက်နိုင်သော အနက်ရောင်အမျှင်တန်းများအဖြစ် ဝမ်လင်း၏ ပတ်လည်တွင် ပြောင်းလဲပြီး ချပ်ဝတ်အဖြစ်သို့ ပြောင်းသွားတော့သည်။ ဝမ်လင်း၏ အေးစက်စက်မျက်လုံးတစုံနှင့် ဆံပင်ဖြူတို့သာ လှစ်ဟပေါ်သည်။
စိတ်ဝိညာဉ်ချပ်ဝတ်ကို ဝတ်ဆင်ပြီးနောက် ဝမ်လင်း၏အော်ရာက ပေါက်ကွဲထွက်လာကာ သူသည် ချက်ခြင်းလိုလို လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်သို့ ရောက်ရှိသွားသည်။ သူက ရှေ့သို့ ခြေလှမ်းသည်။ ချက်ခြင်းပင် အစိမ်းရောင်မိစ္ဆာတမန်တော်တဦး ဖြစ်သော အစိမ်းရောင်မိစ္ဆာကင်းမြှီးကောက်နားသို့ သူ ရောက်ရှိသွားသည်။
သူတို့နှစ်ယောက် နီးကပ်လာရုံရှိသေး၊ ဝမ်လင်း မတိုက်ခိုက်ရသေးခင်မှာပင် ထိုအစိမ်းရောင်မိစ္ဆာတမန်တော်၏ အေးစက်စက်မျက်နှာထံမှ ရူးသွပ်မှု ပေါ်လာ၏။ သူက မည်သည့်မန္တာန်ကိုမျှ အသုံးမပြုဘဲ ဝမ်လင်း ရောက်လာသည်နှင့် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူ့မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။
သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်အော်ရာ ထွက်ပေါ်လာ၏။ ထိုတမန်တော်က လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။ သူက သည်အခိုက်၌ အမှန်တကယ်ပင် သူ့ကိုယ်သူ ဖောက်ခွဲပစ်ရန် ရွေးချယ်လာခဲ့သည်။
ယင်းက တွေဝေခြင်းမရှိ၊ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲပစ်ခြင်းပင်။ ရုတ်တရက် သူ ပေါက်ကွဲထွက်သွားသည်။
လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းက အစိမ်းရောင်မိစ္ဆာကုန်းမြေတစ်ခုလုံးကို လှုပ်ခါသွားစေဖို့ လုံလောက်သည်။ ထိုအားက ပြင်းထန်လွန်းကာ လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူများကိုပင် မျက်မှောင်ကြုတ်သွားစေနိုင်လောက်သည်။
ထိုတမန်တော် ပေါက်ကွဲသွားသည့်နောက် သူ့နောက်မှ နောက်ထပ်တမန်တော်တစ်ယောက်ကလည်း အလားတူ သူ့ကိုယ်သူ ပေါက်ကွဲစေသည်။
လေဟာနယ်အတိဒုက္ခအလယ်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ မိမိကိုယ်ကို ပေါက်ကွဲစေခြင်းအားက လေဟာနယ်အတိဒုက္ခနောက်ဆုံးအဆင့် ကျင့်ကြံသူကိုပင် နောက်သို့ ဆုတ်သွားစေနိုင်၏။
ထိုတမန်တော်နှစ်ယောက် ပေါက်ကွဲသွားချိန်၌ ဝမ်လင်း၏မျက်လုံးက အရောင်တောက်သွားသည်။ သူ့ထံ၌ သေရေးရှင်ရေးအာရုံခံစားချက် လွှမ်းမိုးလာသည်။ ထိုသေရေးရှင်ရေးက သည်ကိုယ့်ကိုယ်ကို ဖောက်ခွဲပစ်ခြင်း၏ စွမ်းအားကြောင့် ခံစားမိခြင်း မဟုတ်ပေ။ သို့သော် သူတို့ ဘာကြောင့် ခုလိုမျိုး ဖောက်ခွဲသနည်းဟုသည့် အကြောင်းပြချက်ကြောင့် ဝမ်လင်းအနေဖြင့် သေရေးရှင်ရေးအာရုံကို ခံစားမိရခြင်းပင်။
တိုက်ပွဲက စပင်မစရသေး။ သို့သော် သူတို့က ဖောက်ခွဲပစ်ဖို့ ရွေးချယ်ခဲ့ကြသည်။ ဤသည်မှာ ထူးဆန်းလွန်း၏။ ထို့အပြင် ဓားစွမ်းအင်ကို ထိန်းချုပ်ထားသော လေဟာနယ်တိမ်လည်း ရှိသေးသည်။ သူတို့သုံးယောက်က ဝမ်လင်းကို တိုက်ခိုက်နိုင်စွမ်း ပိုင်ဆိုင်ထားကြပြီး ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲတိုက်ခိုက်ဖို့ လုံးဝ မလိုအပ်ပေ။
ဤသည်မှာ သာမန်ထက် ထူးခြားလွန်းနေ၏။
လေဟာနယ်အတိဒုက္ခအလယ်အဆင့်တမန်တော်နှစ်ယောက်က ကိုယ့်ကိုယ်ကိုယ် စတေးပစ်ဖို့ ဆန္ဒရှိခြင်း၊ အစိမ်းရောင်မိစ္ဆာကုန်းမြေက ကြောက်မက်ဖွယ်ကောင်းတာတစ်ခုခု ရှိနေလောက်ပေပြီ။ သူတို့က ဝမ်လင်းကို ဒီနေရာကနေ လွယ်လင့်တကူ ထွက်သွားခွင့် ပြုကြမည် မဟုတ်ပေ။
ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ဝမ်လင်း၏မျက်လုံးက အရောင်တောက်လာသည်။ သူ့ညာလက်ကို လေဟာနယ်ထံ ဆန့်ထုတ်လိုက်ရာ လူသားအသွင်မြေဒြပ်စင်ချပ်ဝတ် ပေါ်လာ၏။ တချက်ဝေ့ယမ်းလိုက်ရာ မြေဝါရောင်အလင်းက သူ၏ခန္ဓာကိုယ်ကို ခြုံလွှမ်းသွားချေသည်။
သည့်နောက် ဝမ်လင်း၏ ကျင့်ကြံမှုအပြည့်အဝ ပေါက်ကွဲထွက်လာသည်။ သူက သူ့ရှေးတောက်အော်ရာကို ဆက်လက်၍ ဖုံးကွယ်မထားတော့ချေ။ သူ၏ရှေ့တောက်အော်ရာ ပေါ်လာသည်နှင့် လောကကို ထောက်ပိုးထားနိုင်လောက်သော ကြီးမားသည့်ပုံရိပ်တစ်ခု ပေါ်လာသည်။
ထိုပုံရိပ် ပေါ်လာသည်နှင့် ကီလိုမီတာထောင်သောင်းချီအတွင်းရှိ လူတိုင်းက ၎င်းကို တွေ့မြင်ကြသည်။ ရှေးတောက်စွမ်းအားလှိုင်းတစ်ခု ပျံ့လွင့်လာ၏။
ရှေးတောက်အရိပ်က ကောင်းကင်ထက်သို့ မာန်သွင်းသံ ပြု၍ ဝမ်လင်းကို အစိမ်းရောင်မိစ္ဆာတမန်တော်နှစ်ယောက်၏ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲအားထံမှ ခြုံလွှမ်းပေးတော့သည်။
ပထမဦးဆုံးအဖျက်အစီးအားက ရှေးတောက်အရိပ်ပေါ် ဝုန်းဒိုင်းကြဲ ကျရောက်လာသည်။ ထိုအရိပ် တုန်ယင်သွား၏။ ၎င်းသည် ဒုတိယမြောက်ဖျက်စီးအား ရောက်လာသည့်အခါ၌ ပျက်စီးမည့် အရိပ်အယောင်များ ပြသလာသည်။
တုန်ဟည်းသံတို့က ကောင်းကင်ပျက်စီးလေသည့်အလား။ ဝမ်လင်း၏ လေဟာနယ်အတိဒုက္ခအစောပိုင်းအဆင့်ကြောင့် သာလွန်အစွမ်းထက်လာသော ရှေးတောက်အရိပ်သည် ရုတ်တရက် ပျက်စီးသွားတော့သည်။
ထိုအရိပ် ပျက်စီးသွားချိန်၌ အဖျက်အစီးအားနှစ်ခုမှ အစိတ်အပိုင်းတချို့သာ ကျန်တော့လေသည်။ ယင်းအဖျက်အစီးအားလက်ကျန်က ဝမ်လင်း ဝတ်ဆင်ထားသော လူသားအသွင်မြေဒြပ်စင်ချပ်ဝတ်ပေါ်သို့ ကျရောက်လာချေ၏။