← Chapters

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း (၂၁၁-၂၁၂)

Vol. 22 Ch. 211-212

အခန်း ၂၁၁ - တုန်လှုပ်စရာကောင်းသော အပြောင်းအလဲ

ချီရွှမ်းစုက အစ်မချီ ပေးထားသည့် တစ်ပတ်ရစ် အိတ်ဆောင်နာရီကို ထုတ်ပြီး ဒိုင်ခွက်ကို ကြည့်နေ၏။ အချိန်ကုန်ဆုံးမှုက အလွန်တရာ နှေးကွေးနေသလို ခံစားရ၏။

အဂ္ဂိရတ်မီးပြင်းဖိုက ဂမ္ဘီရဝိဇ္ဇာ၏ ယင်မီးနှင့် ဖီးနစ်မျက်လုံးကျည်ဆန်၏ ယန်မီးကို စုပ်ယူပြီးနောက် သွေးဆေးလုံးကို သန့်စင်ပေးသည့်ဖြစ်စဉ်က အရှိန်အဟုန် မြင့်တက်လာ၏။ နှစ်နာရီခန့် ကြာပြီးနောက် အဂ္ဂိရတ်မီးပြင်းဖို၏ ဘေးပတ်လည်မှာရှိသော အပူလှိုင်းက အတွင်းဘက်ကို စတင်၍ ကျုံ့ဝင်သွားပြီး ဆေးလုံးက ပေါ်ထွက်လာ၏။ မီးဖိုကလည်း စတင်၍ အပူလျော့ကျသွားသည်။

ချီရွှမ်းစုက အိတ်ဆောင်နာရီကို သိမ်းဆည်းပြီး အလွှာသုံးလွှာပါသော အဂ္ဂိရတ်မီးပြင်းဖိုဘေးကို ရောက်လာ၏။ သေးငယ်သော အပေါ်လွှာသည် ဆေးလုံးများကို သန့်စင်ဖို့သုံးသော အဂ္ဂိရတ်ခန်းဖြစ်သည်။ အနည်းငယ် ပိုကြီးသော အလယ်လွှာသည် အပူချိန်ကို ထိန်းချုပ်ရန် အသုံးပြုသည့် မီးပြင်းဖိုဖြစ်၏။ အကြီးဆုံးနှင့် အောက်ဆုံးအကန့်က မီးမွှေးရန်နှင့် ထင်းထည့်ရန်သုံးသော မီးထိုးခန်းဖြစ်သည်။

ရုတ်တရက် အဂ္ဂိရတ်ခန်း၏ တံခါးက ပွင့်ထွက်သွားပြီး လေပူများက အဘက်ဘက်ကို ဖြန့်ကြက်သွား၏။ ပြင်းထန်သော လေပူများက သာမန်လူတစ်ယောက်ကို လောင်ကျွမ်းသွားစေပေလိမ့်မည်။ ချီရွှမ်းစုပင်လျှင် အနောက်ကို ဆုတ်ပြီး ရှောင်လိုက်ရ၏။

လေပူများ စဲသွားသည့်အခါ အဂ္ဂိရတ်ခန်းထဲတွင် မီးခိုးများ ရစ်သိုင်းနေဆဲဖြစ်ပြီး အထဲမှာရှိသည့်အရာကို တွေ့မြင်ရဖို့ ခက်ခဲသည်။

သို့သော် ချီရွှမ်းစုသည် ဖော်ပြရန် ခက်ခဲသည့် ပြင်းထန်သော ရနံ့တစ်ခုကို ရရှိနေ၏။ ယင်းသည် မြက်နှင့် သစ်သားနံ့တို့နှင့် တူသော်လည်း သွေး၏ ခပ်ဖျော့ဖျော့အချိုနံ့ ပါဝင်နေ၏။ ၎င်းက စူးရှခြင်းမရှိဘဲ သူ့ကို စိတ်လက်ပေါ့ပါး၍ လန်းဆန်းသွားစေ၏။

ချီရွှမ်းစုက ဤရနံ့ကို ထပ်မံ၍ ရှူရှိုက်လိုက်မိ၏။

ပုံမှန်ဆို သွေးအနံ့က အတော်လေး ညှီသောကြောင့် ယခုက ထူးဆန်းနေ၏။ သွေး၏ ထူးထူးခြားခြား ဤအချိုနံ့သည် ရှားရှားပါးပါးဖြစ်၏။ အဲဒါကို သွေးဆေးလုံးလို့ ခေါ်သည်မှာ အံ့ဩစရာ မရှိတော့ပေ။

တစ်ချိန်တည်းမှာပင် အဆင့်မြင့် ဤဆေးလုံးကို လက်လွတ်မခံသင့်ကြောင်း ချီရွှမ်းစု သေချာနားလည်သွား၏။

တည်းခိုခန်း၏ ပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးဖြင့်သာ သူက ဤနေရာကို ရောက်ရှိလာပြီး ဤကဲ့သို့ အကျိုးအမြတ်ကြီးမားစွာ ရရှိမည်ဟု ထင်မှတ်မထားသောကြောင့် သူ့အတွက် အတော်လေး အံ့အားသင့်ဖွယ် ကျေနပ်စရာဖြစ်သည်။

ဂမ္ဘီရဝိဇ္ဇာသည် ဘာကြောင့် ရန်လိုခက်ထန်ပြီး သူ့ကို သတ်ဖြတ်ချင်နေခဲ့သလဲ နောက်ဆုံး သူနားလည်သဘောပေါက်သွား၏။ ချီရွှမ်းစုသည် သူ့ထံမှ သွေးဆေးလုံးကို လုယူဖို့လာသည်ဟု ဂမ္ဘီရဝိဇ္ဇာက တွေးခဲ့ခြင်း ဖြစ်ရပေမည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးမှာတော့ သွေးဆေးလုံးက ချီရွှမ်းစု၏ လက်ထဲကို ကျရောက်လာဆဲပင်။

ခဏနေပြီးနောက် အဂ္ဂိရတ်ခန်းမှ မီးခိုးများက လုံးဝ စဲသွား၏။ ချီရွှမ်းစုက အာရုံစိုက်ကြည့်ပြီး အဂ္ဂိရတ်ခန်းထဲမှာ ချယ်ရီသီးအရွယ် သွေးနီရောင် ဆေးလုံးတစ်လုံးကို တွေ့မြင်လိုက်ရ၏။ ပို၍ပင် အံ့အားသင့်စရာကောင်းသည်မှာ ဤဆေးလုံးက ခုန်နေသော နှလုံးကဲ့သို့ အနည်းငယ် လူးလွန့်လှုပ်ရှားနေ၏။

ချီရွှမ်းစုက အတန်ကြာအောင် တွေဝေနေပြီးနောက် ရှေ့ကို ခုန်တက်ကာ အဂ္ဂိရတ်ခန်းထဲက သွေးဆေးလုံးကို ထုတ်ယူလိုက်၏။ ဆေးလုံးက တဆတ်ဆတ် လူးလွန့်လှုပ်ရှားနေပြီး သူက နွေးထွေးသော အထိအတွေ့ကို ခံစားမိလိုက်၏။

သူ တီးတိုးရေရွတ်မိ၏။

“ဒီဆေးလုံးက အသက်ရှိနေတာလား”

ဤဆေးလုံးက သက်ရှိအရာဖြစ်မည်ဆိုလျှင် အဲ့ဒါက အသိဉာဏ်မရှိသော အပင်များနှင့် ဆင်တူပေလိမ့်မည်။ သို့သော် ထိုသို့ဆိုလျှင်တောင် တာအိုဂိုဏ်းတော်၏ ဆန်းသစ်တီထွင်စီမံကိန်းများက အံ့အားသင့်ဖွယ်ရာဖြစ်သည်။

သူက ဤဆေးလုံးကို အလျင်စလို မှီဝဲလို့မဖြစ်ကြောင်း စဉ်းစားမိ၏။ မဟုတ်ပါက ဆေးအာနိသင်သည် သူ၏ ခန္ဓာကိုယ်ထဲမှာ ထကြွသောင်းကျန်းပြီး တန်ပြန်ရိုက်ခတ်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ ဤဆေးလုံးကို သတိထား၍ မှီဝဲပြီး ဖြည်းဖြည်းချင်း စုပ်ယူချေဖျက်ရပေမည်။

ကျောက်စိမ်းဖြူခန်းမမှ လူများ အချိန်မရွေး ရောက်ရှိလာနိုင်သည်ကို စဉ်းစားရင်း ချီရွှမ်းစုက ဤနေရာမှာ သိပ်ကြာကြာ မနေလိုတော့ပေ။ သူက ယခုအချိန်မှာ ဤဆေးလုံးကို အလျင်စလို မျိချ၍ မဖြစ်သောကြောင့် ဆေးဗီရိုမှ သစ်သီးနီများထည့်ရန် သုံးခဲ့သော ကျောက်စိမ်းဘူးကို ယူကာ သွေးဆေးလုံးကို ထည့်လိုက်၏။ ထို့နောက် ဆေးလုံး၏ အနံ့ စိမ့်ထွက်မလာစေရန် ကျောက်စိမ်းဘူးကို ချိပ်ပိတ်လိုက်၏။

သူက ဂမ္ဘီရဝိဇ္ဇာ၏ အလောင်းကို တစ်ချက်ကြည့်ပြီးနောက် စိတ်ကူးတစ်ခု ရသွား၏။

အရင်ဆုံး အဂ္ဂိရတ်ခန်းတံခါးကို ပိတ်ပြီးနောက် မီးထိုးခန်း၏ တံခါးကို ဖွင့်လိုက်၏။ အထဲမှာ မီးကျီးခဲတချို့ ရှိနေသေးပြီး ချီရွှမ်းစုက ဂမ္ဘီရဝိဇ္ဇာ၏ အလောင်းနှင့် ဦးခေါင်းပြတ်ကို အထဲကို ရွှေ့ထည့်လိုက်၏။ မီးကျီးခဲများက အလောင်းနှင့် ထိတွေ့သောအခါ ချက်ချင်းပင် မီးဟုန်းဟုန်းထတောက်သွား၏။

တစ်ခဏချင်းမှာပင် အလောင်းက အစိမ်းရောင် မီးခိုးမျှင်များအဖြစ် ပြောင်းပြီး ဘာမှ မကျန်ရှိတော့ပေ။

ထို့နောက် ချီရွှမ်းစုက မီးထိုးခန်းတံခါးကို ပိတ်ပြီး မြေတွင်းထဲကနေ ဖက်တက်ကာ ဤနေရာကနေ ထွက်ခွာလိုက်၏။

ထိုသို့ဖြင့် ကျောက်စိမ်းဖြူခန်းမမှ လူများက ဂမ္ဘီရဝိဇ္ဇာ ပျောက်ဆုံးနေသည်ကို တွေ့ရမည်ဆိုလျှင်တောင် ဂမ္ဘီရဝိဇ္ဇာက သွေးဆေးလုံးကို ခိုးသွားသလား သို့မဟုတ် သတ်ဖြတ်ခံခဲ့ရသလား စုံစမ်းစစ်ဆေးဖို့ ခက်ခဲသွားပေလိမ့်မည်။ ငြိမ်သက်နေသော သက်ရှိအလောင်းကောင်များကိုတော့ ဂမ္ဘီရဝိဇ္ဇာ သတ်ဖြတ်ခံခဲ့ရသည့် သက်သေအထောက်အထားအဖြစ် သို့မဟုတ် ဂမ္ဘီရဝိဇ္ဇာ ထွက်ပြေးဖို့ အသုံးချခဲ့သည့် ပရိယာယ်အဖြစ် ကောက်ချက်ချနိုင်၏။

မည်သို့ပင်ဆိုစေ ချီရွှမ်းစုကို အစ်မချီက သင်ကြားပေးထား၏။

ထျန်ကန်းခန်းမကနေ ထွက်လာပြီးနောက် သူ၏ အကျင့်ဟောင်းများက ပြန်လည်ရောက်ရှိလာသည်။ အစစ်အမှန်လောကမှာ မှန်သည် မှားသည်က ကိစ္စမရှိပေ။ ရှင်သန်နိုင်မှုကသာ အရေးကြီးဆုံးဖြစ်၏။ အစာကွင်းဆက်လိုပင် ကျားစားခံရသည့် ဆိတ်တစ်ကောင်ကို သနားနေကြမည် မဟုတ်ဘဲ ကျား၏ အစွမ်းအစကိုသာ ချီးကျူးကြပေလိမ့်မည်။

ချီရွှမ်းစုသည် လာရာလမ်းအတိုင်း ပြန်ထွက်ပြီး သူအမှတ်အသားပြုထားခဲ့သည့် လမ်းလေးခွဆုံသို့ ရောက်ရှိလာသောအခါ ခဏမျှ တွေဝေတုံ့ဆိုင်းနေမိ၏။ အတန်ကြာပြီးနောက် အခြားသော လမ်းသွယ်များကို စူးစမ်းရှာဖွေမည့်အစား ဤမြေအောက်ခန်းဝင်္ကပါထဲကနေ ထွက်ဖို့သာ ဆုံးဖြတ်လိုက်၏။

ချီရွှမ်းစုသည် မြေပြင်ထက်ကို ပြန်လည်ရောက်ရှိလာသည့်အချိန်မှာ သည်းထန်သော မိုးက ရပ်တန့်သွားသော်လည်း မိုးသားတိမ်စိုင်များက ထင်ထင်ရှားရှား ရှိနေဆဲဖြစ်သည်။

ဤအချိန်မှာ ပြန်ဖော်ကုန်းမြေ၏ အလယ်ဗဟိုကနေ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာပြီး အနက်ရောင် မီးခိုးတိမ်စိုင်များက ကောင်းကင်ထက်ကို ထိုးတက်သွား၏။

ချီရွှမ်းစုသည် ယိုယွင်းနေသော ခန်းမဆောင်ကနေ လျှောက်လှမ်းထွက်ပြီး အနက်ရောင် မီးခိုးများ ထွက်လာသည့်ဘက်ကို ကြည့်ကာ ရေရွတ်လိုက်၏။

“ဘာတွေဖြစ်နေတာပါလိမ့်... တည်းခိုခန်းက ကျောက်စိမ်းဖြူခန်းမနဲ့ ပြဿနာတက်နေတာလား”

သူရေရွတ်သံ ဆုံးသွားသည်နှင့် နောက်ထပ် အနက်ရောင် မီးခိုးစီးကြောင်းတစ်ခုက နဂါးတစ်ကောင်ကဲ့သို့ အပေါ်ကို နွယ်တက်သွား၏။ ဤအနက်ရောင် စီးကြောင်းထဲမှာ တစ္ဆေသရဲလို ဖြူဖပ်ဖြူရော် ပုံရိပ်များစွာက လွင့်မျောနေပြီး အဆက်မပြတ် အော်ဟစ်ကာ ဟိန်းဟောက်နေကြ၏။

ဤပြန်ဖော်မြေကို တာအိုဂိုဏ်းတော်က ဖီးနစ်မျက်လုံးဗုံးဖြင့် ဖျက်ဆီးခဲ့ဖူးသည်။ သို့သော်လည်း နှစ်ပေါင်းများစွာ ကြာပြီးနောက် ဒူပေနာပေခံသော ဒေသပေါက်ပင်တချို့က ပြန်လည်ရှင်သန်လာခဲ့သည်။

ဤအချိန်မှာ အနက်ရောင် စီးကြောင်း ဖြတ်သွားရာ နေရာတိုင်းတွင် သဘာဝပေါက်ပင်များ အားလုံးက ချက်ချင်းပင် ညှိုးခြောက်သွား၏။ အစိမ်းရောင်က ဖျော့တော့၍ ညှိုးခြောက်နေသော ဝါညစ်ညစ် အမှိုက်များသာ ကျန်ခဲ့၏။

နဂိုကျက်တီးမြေကပင် အစိုဓာတ်များ အားလုံး စုပ်ယူခံသွားရပုံရပြီး မိုးခေါင်ရေရှားဒေသကဲ့သို့ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။ မိုးခေါင်ရေရှားမိစ္ဆာ လောကသို့ ရောက်လာသည့်အခါ မိုင်ပေါင်းထောင်ချီက ခြောက်သွေ့ အက်ကွဲသွားလိမ့်မည်ဟု တာအိုကျမ်းစာများမှာ ဖော်ပြထားသည်။

ချီရွှမ်းစုက ဤအခြင်းအရာကို တွေ့မြင်သောအခါ ကျားမာအဆောင်ကို ထုတ်ပြီး တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ့ခြေနှစ်ဖက်မှာ တွဲချည်၏။ ထို့နောက် နောက်ပြန်လှည့်မကြည့်ဘဲ ရှိသမျှ အင်အားကုန်ဖြင့် ပြေးထွက်လိုက်၏။

ဤမြင်ကွင်းသည် ဝူလောက ဝေဟင်ပျံသင်္ဘောကို နှစ်ပိုင်းချိုးခဲ့သည့် နေ့ကလိုပင် ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။ ချီရွှမ်းစုမှာ အရန်နှလုံး ရှိသော်လည်း သူက ထိုအရာအပေါ် အလွန်အမင်း မမှီခိုရဲပေ။

သူ တစ်ချက်မျှ ပြန်လှည့်ကြည့်စဉ် သူ့လိုပင် အသက်လုပြေးနေသည့် တည်းခိုခန်းမှ စေလွှတ်လိုက်သော အခြားသူများကို တွေ့မြင်ရ၏။ သို့သော်လည်း သူတို့က ယင်စွမ်းအင် အနက်ရောင်စီးကြောင်းကြားမှာ တစ်ယောက်ပြီးတစ်ယောက် ပိတ်မိသွားကြ၏။ ကျင့်ကြံမှု နိမ့်ကျသောသူများက အလျင်အမြန် အိုမင်းရင့်ရော်သွားကြ၏။ သူတို့၏ အရေပြားက တွန့်တွ၍ အသားများက အရည်ပျော်ပြီး ချက်ချင်းပင် ခြောက်ကပ်နေသော အလောင်းများအဖြစ် ပြောင်းလဲသွားကြသည်။

ခြောက်သွေ့နေသော ဤအလောင်းများက သူတို့၏ နဂိုပုံစံကို ထိန်းထားသော်လည်း လေတိုက်ခတ်သည့်အချိန်မှာ အမှုန်များအဖြစ် ပြောင်းပြီး လေထဲမှာ ပြန့်ကျဲသွား၏။ တစ်ချိန်တည်းမှာပင် သူတို့၏ ခန္ဓာကိုယ်ထဲကနေ ထွက်လာသည့် ဝိညာဉ်များက အနက်ရောင်စီးကြောင်းဖြင့် ဖမ်းယူခြင်းခံရပြီး သူတို့အားလုံးက ပြန်ဖော်မြေ၏ အလယ်ဗဟိုရှိရာသို့ လွင့်မျောသွားကြ၏။

ကျင့်ကြံမှုအဆင့် အနည်းငယ် ပိုမြင့်သော ကိုယ်ခံပညာသိုင်းသမားများက ဤယင်စွမ်းအင်ကို အနိုင်နိုင်ခုခံထားကြ၏။ အနက်ရောင်စီးကြောင်းက သူတို့၏ ဝိညာဉ်ကို စုပ်ယူမသွားအောင် ဝိညာဉ်ကို သူတို့၏ သွေးချီနှင့် အတင်းအကျပ် တွယ်ကပ်ထားကြ၏။

သို့သော် အနက်ရောင်စီးကြောင်းက အတောမသတ် ရှိနေသည်။ အနက်ရောင်စီးကြောင်းက သူတို့ကို တရစပ် တိုက်ခိုက်နေပြီး နောက်ဆုံးမှာတော့ ဤလူများကလည်း ဝါးမျိုခြင်း ခံလိုက်ရ၏။

ချီရွှမ်းစုသည် ပြန်ဖော်မြေကနေ ထွက်ပြေးလွတ်မြောက်လာပြီးနောက် ကုန်းမြင့်တစ်ခုပေါ်ကို တက်ကာ ပြန်လှည့်ကြည့်လိုက်၏။ ဤအချိန်မှာ ကြီးမားသော အနက်ရောင် ဝဲကတော့တစ်ခု ပေါ်ထွက်လာပြီး ကောင်းကင်နှင့်နေကို ဖုံးကွယ်ထားလေ၏။

မြေပြင်ပေါ်မှာ ကြီးမားသော အက်ကွဲကြောင်းများနှင့် ချိုင့်ခွက်များ ပေါ်ထွက်လာပြီး အဘက်ဘက်ကို ဆန့်တန်းသွားသည်။ ဤဧရိယာမှာရှိသော အဆောက်အအုံများ အားလုံးက လဲပြိုကျပြီး ဖုန်များနှင့် မီးခိုးများက နေရာတိုင်းမှာ တထောင်းထောင်းထသွား၏။

ရုတ်တရက် မိုးကြိုးထစ်ချုန်းလို ဟိန်းဟောက်သံက မြေကြီးထဲကနေ ပေါက်ကွဲထွက်ပေါ်လာ၏။ ကြမ်းကြုတ်ခက်ထန်သော ရှေးဟောင်းတောကောင်တစ်ကောင်က ကမ္ဘာမြေကို ဆုတ်ဖြဲပြီး အထဲကနေ ဖက်တွယ်တက်လာသည့်အတိုင်းပင်။

ထိုစဉ် လူတစ်ယောက်က လေထဲကို ခုန်တက်ပြီး ခဏကြာ လေထဲမှာ ရပ်တန့်နေသည်ကို ချီရွှမ်းစု တွေ့မြင်လိုက်ရ၏။

ထိုသူက တည်းခိုခန်း၏ ဌာနချုပ်ကနေ စေလွှတ်လိုက်သော ကောင်းကင်သက်ရှိနီးပါး ခေါင်းဆောင်လူအိုကြီးဖြစ်၏။ နောက်ခဏ၌ အရှည်မတူသော ကြီးမားသည့် ကျောက်တိုင်ငါးတိုင်က မြေကြီးထဲကနေ လူအိုကြီး ခုန်တက်သွားရာဘက်သို့ ဖြည်းဖြည်းချင်း တက်လာ၏။ အနီးကပ်ကြည့်မည်ဆိုလျှင် ထိုအရာများက ကျောက်တိုင်များ မဟုတ်ဘဲ လက်ချောင်းများ ဖြစ်သည်ကို တွေ့ရပေလိမ့်မည်။

ဧရာမလက်က မြေကြီးထဲကနေ ထွက်၍ အပေါ်ကို မြောက်တက်လာပြီး နောက်ဆုံးမှာတော့ တည်းခိုခန်းက လူအိုကြီးကို ဖမ်းဆုပ်မိသွား၏။

မြေပြင်က ပြင်းထန်စွာ လှုပ်ခါသွား၏။ ထိုလက်နှင့် ပေတစ်ထောင်ပတ်လည်အတွင်းမှာ မြေပြင်က လုံးဝ အက်ကွဲပြီး အပျက်အစီးပုံများ အားလုံးက အက်ကွဲကြောင်းထဲ နစ်ဝင်သွားလေသည်။ လူအိုကြီးကို ဖမ်းဆုပ်ထားသော လက်ကသာ လေထဲမှာ ငွားငွားစွင့်စွင့် ကျန်ခဲ့၏။

ထို့နောက် နောက်ထပ် ကြီးမားသည့် လက်တစ်ဖက်က ပေါ်ထွက်လာပြီး မြေပြင်ကို ဘုန်းခနဲ ရိုက်ကာ တွင်းချိုင့်ထဲကနေ ကြောက်ခမန်းလိလိ ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာ၏။

ယင်းသည် ညိုမှောင်နေသော အသားအရေနှင့် ခန္ဓာကိုယ်ပေါ်မှာ သွေးကြောများ ဖောင်းကြွနေသော ဧရာမမိစ္ဆာကြီးတစ်ကောင်ဖြစ်၏။ ဖောင်းကြွနေသည့် သစ်မြစ်များလို သွေးကြောများက အရွယ်ရောက်ပြီးသား လူတစ်ယောက်၏ လက်မောင်းလုံးလောက် ရှိနေ၏။

ကြမ်းကြုတ်ခက်ထန်သော စိမ်းဖန့်ဖန့်မျက်နှာ၊ ကြီးမားသော သွားစွယ်များနှင့်အတူ မိစ္ဆာကောင်၏ အလွန်တရာ ကြီးမားသော သွေးသံရဲရဲ ပါးစပ်ကြီးက လူတစ်ယောက်ကို သက်သောင့်သက်သာ မျိုချနိုင်၏။

ဤအချိန်မှာ ထိုမိစ္ဆာကောင်၏ ပခုံးပေါ်တွင် နောက်ထပ်လူတစ်ယောက် မတ်တတ်ရပ်နေ၏။ ထိုလူက ပြုံး၍ လက်နှစ်ဖက်ကို နောက်ပစ်ထားသည်။ မိစ္ဆာကောင် ပေါ်ထွက်လာသည်နှင့် ယင်းက အကန့်အသတ်မဲ့သော ယင်စွမ်းအင်နှင့် သေဆုံးဝိညာဉ်များကို စုပ်ယူလိုက်၏။

မိစ္ဆာကောင်က သူ့လက်ထဲရှိ တည်းခိုခန်းမှ လူအိုကြီးကို ဖိချေပြီး ပါးစပ်ထဲကို ပစ်ထည့်ကာ ဝါးစားလိုက်၏။ သွေးများက အဘက်ဘက်ကို ဖိတ်စင် ပြန့်ကျဲသွားသည်။

ချီရွှမ်းစုတစ်ယောက် ကြက်သေသေနေမိ၏။

ဤပြန်ဖော်မြေသည် အစက မြေကမ္ဘာဆရာသခင် အလောင်းများ ကျင့်ကြံခဲ့သည့်နေရာဖြစ်သည်ကို အမှတ်ရသောအခါ ချီရွှမ်းစု၏ ခေါင်းထဲ ရဲတင်းသော ခန့်မှန်းချက်တစ်ခု ဝင်ရောက်လာ၏။

ဒီမိစ္ဆာက ကောင်းကင်သက်ရှိတွေနဲ့ ယှဉ်နိုင်တဲ့ ဒဏ္ဍာရီလာ မဟာအသူရာ ဖြစ်နေမလား…

. . . . . .

အနောက်ဘက် ဂိုဘီသဲကန္တာရထဲက တည်းခိုခန်းမှာ ဆိုင်ရှင်က ခါတိုင်းလိုပင် ကောင်တာနောက်မှာ မတ်တတ်ရပ်ပြီး ထိုက်ဖျင်ဒင်္ဂါးကို လှည့်နေ၏။

ယနေ့မှာ အလုပ်အကိုင်က သိပ်မကောင်းဘဲ ဧည့်ကြိုခန်းထဲမှာ လူများစွာ မရှိပေ။ ချီရွှမ်းစုကို ဆိုင်ရှင် ပြောခဲ့သည့်အတိုင်း ဤကန္တာရထဲမှာ လူများက အဓိက ရန်သူမဟုတ်ဘဲ ရာသီဥတုသာဖြစ်သည်။

ဤအချိန်မှာ စားပွဲထိုးတစ်ဦးက အသည်းအသန် ပြေးဝင်လာ၏။ ဆိုင်ရှင်၏ မျက်ရစ်က တွန့်သွား၏။ သူက လည်နေသော ထိုက်ဖျင်ဒင်္ဂါးကို လက်ဖြင့်ဖမ်းအုပ်ပြီး ဖြည်းဖြည်းချင်း ဖယ်လိုက်သောအခါ ဒင်္ဂါးပေါ်တွင် ရေးထွင်းထားသော လောကငြိမ်းချမ်းရေး ဟူသော စာသားပေါ်ထွက်လာ၏။

“ဘာပြဿနာ ရှိလို့လဲ”

ဆိုင်ရှင်က မှင်သေသေဖြင့် မေးလိုက်၏။

စားပွဲထိုးက အသက်တစ်ချက်ရှိုက်ပြီး တည်တံ့သော အမူအရာဖြင့် ပြောလိုက်၏။

“ဆရာ... ကျုပ်တို့ဆီကို ကြီးမားတဲ့ မြင်းတပ်ကြီးတစ်တပ် လာနေတယ်”

ဆိုင်ရှင်၏ အမူအရာက ပြောင်းလဲသွား၏။

“ကြီးမားတဲ့ မြင်းတပ်လား... သူတို့ ဘယ်ကနေ လာတာလဲ”

စားပွဲထိုးက ဖြေပေးလိုက်၏။

“သူတို့က ဝတ်ရုံနက်တွေရဲ့ မြင်းတပ်ပဲ… သူတို့က ရှီကျိုးနယ်ခြားစောင့်ကွပ်ကဲရေးရုံးက လာတာထင်တယ်… ဆရာသိတဲ့အတိုင်း ရှီကျိုးနယ်ခြားစောင့်ကွပ်ကဲရေးရုံးက နာမည်အရပဲ ရှီလျန်ဘုရင်ခံရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာ... တကယ်တော့ သူတို့က အင်ပါယာဝန်ကြီးအဖွဲ့ရဲ့ တိုက်ရိုက်အမိန့်ကို နာခံကြတာပဲ... အဲ့ဒါကြောင့် သူတို့က အမြဲတမ်း စိုးမိုးဗိုလ်ကျပြီး အကျိုးသင့်အကြောင်းသင့် မရှိကြဘူး”

“ပြည်နယ်ကို ဖြတ်လာတဲ့ စစ်သားတွေလား... ပုံမှန်ဆိုရင် ဒေသခံ အထင်ကရပုဂ္ဂိုလ်တစ်ဦးနဲ့ ရင်ဆိုင်ရတဲ့အခါမှ ဒေသခံ ဝတ်ရုံနက်တွေက လာဘ်စားထားလို့ မယုံရမှာစိုးတဲ့အခါမှပဲ ဒါမျိုး ဖြစ်လေ့ရှိတာ... အင်ပါယာနန်းတော်က ယုံကျိုးမှာ ဘာလုပ်ဖို့ ကြံနေတာလဲ”

ဆိုင်ရှင်က မယုံကြည်နိုင် ဖြစ်နေ၏။

“ဖီးနစ်စိမ်းတပ်ဖွဲ့ဆီကနေ ဘာလို့ ဘာသတင်းမှ မရတာလဲ”

စားပွဲထိုးက ခေါင်းခါပြလိုက်၏။

“သူတို့က ဖီးနစ်စိမ်းတပ်ဖွဲ့ကို ရှောင်ကွင်းလာတဲ့ပုံပဲ... နောက်ပြီး ဖီးနစ်စိမ်းတပ်ဖွဲ့က ဒုစစ်ကဲသုံးဦးက ကောင်းကင်ဘုံနန်းတော်က ဟိုအစွန်းရောက်တွေကို ဖမ်းဆီးဖို့ အလုပ်များနေကြတယ်လေ”

မြို့အပြင်မှာ မြင်းတပ်ကြီးတစ်တပ်က အနက်ရောင် ဒီရေလှိုင်းကဲ့သို့ တည်းခိုခန်းရှိရာသို့ ချဉ်းကပ်လာရင်း မြေပြင်က တုန်ခါနေလေသည်။

အခန်း ၂၁၂ - မဟူရာချပ်ဝတ်

ဆိုင်ရှင်က သူ့ရုံးခန်းကိုသွား၍ မိခင်-ကလေးအဆောင်တစ်ခုကိုထုတ်ယူပြီး ဌာနချုပ်နှင့်ဆက်သွယ်ကာ အခြေအနေကို တင်ပြလိုက်၏။

သို့သော် ဌာနချုပ်ရှိမည်သူကမှ သူပေးပို့သော သတင်းအချက်အလက်ကို တုံ့ပြန်ခြင်း မရှိကြချေ။

ဆိုင်ရှင်က နှုတ်ခမ်းကိုတင်းတင်းစေ့ပြီး သူ့အမူအရာတည်တံ့နေ၏။ သူ့နဖူးက ချွေးစေးများက သူ၏ အပြင်ပန်းတည်ငြိမ်မှုကို သစ္စာဖောက်နေသည်။

ခဏနေပြီးနောက် ဌာနချုပ်က နောက်ဆုံးမှာတုံ့ပြန်လာသော်လည်း တစ်ခွန်းထဲသာဖြစ်၏။

“ရပြီ”

ဆိုင်ရှင်က ဆွံ့အသွားပြီး သူ့ဘာသာသူ တွေးလိုက်သည်။

‘ဝတ်ရုံနက်တွေက လာနေကြပြီ… ဒါတောင် ဌာနချုပ်က ငါ့ကိုပြောတာဒါပဲလား’

နောက်ဆုံးမှာတော့ ဆိုင်ရှင်က မေးလိုက်၏။

“ဌာနချုပ်က ဘာညွှန်ကြားစရာများရှိဦးမလဲ”

“ညွှန်ကြားစရာလား...”

ဌာနချုပ်မှအမှုထမ်းက ခဏမျှစဉ်းစားပြီး ဖြေပေးလိုက်၏။

“သူတို့လာပါစေ သွားပြီးရန်မစနဲ့… သူတို့‌ရဲ့အမိန့်အတိုင်း လိုက်နာလိုက်”

ဆိုင်ရှင်က ထပ်မေးလိုက်မိ၏။

“ဒါပဲလား”

“အင်း ဟုတ်တယ်… အဲဒါပဲ”

ဌာနချုပ်မှအမှုထမ်း၏ လေသံက ညှိနှိုင်းဆွေးနွေးခွင့်မရှိပေ။

ဆိုင်ရှင်က အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် ထပ်မေးလိုက်၏။

“ကျုပ် အကြောင်းအရင်းကို သိလို့ရမလား”

ဌာနချုပ်က ဖြေပေးလိုက်၏။

“အခု ဦးဆောင်လာတဲ့သူက ဗိုလ်မှူးလိုလန်ပဲ”

[မဟာရွှမ်မင်းဆက်သည် ရှီကျိုးအပြင် အခြားသော နယ်မြေဒေသများမှာ ပြည်နယ်အလိုက် အုပ်ချုပ်သောစနစ်ကို ဖော်ဆောင်ပေးထား၏။ ပြည်နယ်ဘုရင်ခံသည် မဟာစစ်သေနာပတိချုပ်များ၊ နယ်မြေကွပ်ကဲရေးဝန်မင်းများနှင့် စစ်ဦးစီးချုပ်များကိုအုပ်ချုပ်ပြီး အမြင့်ဆုံး ဩဇာအာဏာကို ကိုင်ဆွဲထား၏။

ဘုရင်ခံသည် စစ်မက်ရေးရာဝန်ကြီးဌာနလက်အောက်မှာ ရှိနေ၏။ သူတို့သည် ထောက်ပံ့ရေးပစ္စည်းများနှင့် စားနပ်ရိက္ခာများကို ထိန်းချုပ်၍ သတ်မှတ်ထားသော နယ်မြေဒေသမှာ မြစ်ကြောင်းသွားလာရေးကို ကြီးကြပ်ကာ စစ်ဘက်ဆိုင်ရာအရေးကိစ္စများကို ကိုင်တွယ်ကြလေသည်။ အစကတော့ ဤရာထူးကို လိုအပ်သည့်အခါမှသာချပေးပြီး သတ်မှတ်ကာလပြီးနောက် ပြန်လည်ဖျက်သိမ်းလေ့ရှိသည်။ သို့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဘုရင်ခံရာထူးသည် အမြဲတမ်းတရားဝင်ရာထူးတစ်ခုဖြစ်လာခဲ့သည်။

ပြောရမည်ဆိုလျှင် ပြည်နယ်ဘုရင်ခံသည် ဝန်ကြီးခြောက်ဦးနှင့် တစ်တန်းတည်းမှာရှိသော အဆင့်မြင့်အရာရှိဖြစ်သည်။ မဟာရွှမ်မင်းဆက်သည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ ဟန်ချက်ညီမှုကို အမြဲတမ်းအလေးပေးထားပြီး ပြည်နယ်ဘုရင်ခံကို အရပ်ဘက်ဆိုင်ရာအရာရှိဟု ဆိုနိုင်၏။

သို့သော် ရှီကျိုးကတော့ ခြွင်းချက်ဖြစ်၏။ ၎င်းသည် ပြန်သိမ်းယူထားသော နယ်မြေဖြစ်ပြီး စစ်ပွဲများအဆက်မပြတ်ဖြစ်ပွားနေသောကြောင့် အမြင့်ဆုံးဩဇာအာဏာကို ကိုင်စွဲထားသည်မှာ ဘုရင်ခံရုံးမဟုတ်ဘဲ ရှီကျိုးနယ်ခြားစောင့်ကွပ်ကဲရေးရုံးဖြစ်ကာ သူတို့သည် ထိုဒေသအတွင်း စစ်ဘက်နှင့်အရပ်ဘက်ဆိုင်ရာအရေးကိစ္စများကို ကိုင်တွယ်ထိန်းချုပ်ထားသည်။

ရှီကျိုးနယ်ခြားစောင့်ကွပ်ကဲရေးအဖွဲ့သည် ပုံမှန်အားဖြင့် ရှီလျန်ဘုရင်ခံ၏ ထိန်းချုပ်မှုအောက်မှာရှိသော်လည်း တကယ်တမ်းမှာတော့ သူတို့သည် အင်ပါယာဝန်ကြီးများအဖွဲ့နှင့် တိုက်ရိုက်ဆက်သွယ်ပြောဆိုနိုင်ပြီး ဘုရင်ခံနှင့် တန်းတူရည်တူအဆင့်အတန်းကို ပိုင်ဆိုင်ထားသည်။

အခြားသော ပြည်နယ်များမှ စစ်သည်အင်အားကိုလိုအပ်သည့် စစ်ပွဲကြီးများကာလမှာ ရှီကျိုးနယ်ခြားစောင့်ကာကွယ်ရေးမှူးသည် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကို ကိုင်ဆွဲနိုင်ပြီး အကြွင်းမဲ့ စစ်ရေးအာဏာရရှိထားသည်။ ထိုအချိန်မှာ ဗိုလ်မှူးချုပ်သည် ရှီလျန်၊ ချင်ကျုံးနှင့် ရှုကျိုးမှ ဘုရင်ခံများကို ထိန်းချုပ်နိုင်ပြီး ထိုဘုရင်ခံသုံးဦးက လိုအပ်သည့် စားနပ်ရိက္ခာကို ထောက်ပံ့ပေးရသည်။

အနောက်ဘက်ဒေသ ကာကွယ်ရေးမှူး၏ လက်အောက်မှာ ဗိုလ်မှူးများအဖြစ် ဂုဏ်ပြုခေါ်ဆိုခံရသော လက်ထောက်ကာကွယ်ရေးမှူးလေးဦးရှိလေသည်။

ဗိုလ်မှူးလိုလန်သည် လိုလန်မြို့မှာ စခန်းချနေထိုင်သော လက်ထောက်ကာကွယ်ရေးမှူးဖြစ်သည်။ သူသည် အနောက်ဘက်ဒေသ လက်ထောက်ကာကွယ်ရေးမှူးလေးဦးထဲတွင် ပထမနေရာတွင် ရပ်တည်နေ၏။ အနောက်ဘက်ဒေသကာကွယ်ရေးမှူး တစ်ခုခုဖြစ်သွားလျှင် လိုလန်လက်ထောက်ကာကွယ်ရေးမှူးက သူ့နေရာကို ယာယီယူရမည်ဖြစ်သည်။ ]

ဆိုင်ရှင်က နှုတ်ဆိတ်နေသည်။

တခြားပြည်နယ်မှစစ်သည်များသည် လိုလန်လက်ထောက်ကာကွယ်ရေးမှူး၏ အမိန့်ဖြင့် ရှီကျိုးကို ဝင်ရောက်လာကြသည်။ ဌာနချုပ်၏ စိတ်သဘောထားအရ ကပ်ဘေးတစ်ခုကျရောက်လာတော့မည့်အလား ဆိုင်ရှင်က တစ်ခုခုလွဲမှားနေသလို ခံစားနေရ၏။

တည်းခိုခန်၏ ဌာနချုပ်ကပင် ဤသို့ဖြစ်လာမည်ကို ကြိုတင်သတိမထားမိခဲ့သည်မှာ သိသာနေ၏။

“နောက်ထပ်မေးစရာရှိသေးလား”

ဌာနချုပ်မှအမှုထမ်းက ခပ်ပြတ်ပြတ်မေးလိုက်၏။

ဆိုင်ရှင်က တစ်ဆို့နေသော အသံဖြင့် မေးလိုက်၏။

“ဒီ.. ဒီဌာနခွဲကို လက်လွှတ်လိုက်ရတော့မှာလား”

“သိပ်ပြီးတော့ အတွေးလွန်မနေနဲ့”

ဌာနချုပ်မှအမှုထမ်းက ဆက်သွယ်မှုကို အလျင်စလို ဖြတ်တောက်လိုက်၏။

ဆိုင်ရှင်က အတန်ကြာအောင် မှင်တက်နေပြီးနောက် နောက်ဆုံးမှာ သူ့ရုံးခန်းထဲကနေ ထွက်လာခဲ့၏။

အမှုထမ်းအတော်များများက သူ့ထံကိုရောက်ရှိလာပြီး မေးလိုက်ကြ၏။

“ဆရာ.. ဌာနချုပ်က ဘာပြောလဲ”

ဆိုင်ရှင်က တစ်ခွန်းတည်းသာပြောလိုက်၏။

“စောင့်နေတဲ့”

“စောင့်နေတဲ့လား…”

လူတိုင်းက ဝေခွဲမရဖြစ်သွားကြ၏။

ဆိုင်ရှင်က ကောင်တာနောက်ဘက် သူ့နေရာကိုပြန်သွားပြီး ဘာမှထပ်မပြောတော့ပေ။

တစ်နာရီခန့်ကြာပြီးနောက် မြင်းတပ်ကြီးတစ်တပ်က မြို့ကိုရုတ်တရက်သိမ်းပိုက်ပြီး မြို့ဂိတ်တံခါးများကို ပိတ်ဆို့လိုက်ကြ၏။

ထူးခြားအံ့မခန်း ဤစစ်တပ်နှင့်ရင်ဆိုင်ရချိန်မှာ မြို့ထဲရှိလူအများစုက ဘာလှုပ်ရှားမှုမှ မပြုလုပ်ရဲကြတော့ပေ။

နယ်ခံလူဆိုးလူမိုက်များနှင့် ဆရာကြီးများသည် ချပ်ဝတ်တန်ဆာအပြည့်ဝတ်ဆင်ထားသော ဝတ်ရုံနက်များရှေ့မှာ လက်နက်မပါသော သာမန်အရပ်သားများကဲ့သို့ဖြစ်နေကြ၏။ တစ်ချိန်တည်းမှာပင် တခြားသော မြို့ဟောင်းအတော်များများကိုလည်း ဝတ်ရုံနက်များက လျင်လျင်မြန်မြန်သိမ်းပိုက်လိုက်ကြ၏။

ဤလူများက ခုခံချင်သည်ဆိုလျှင်တောင် ကာလရှည်ကြာစွန့်ပစ်ခံထားရသည့် မြို့ဟောင်းများက ဝတ်ရုံနက်များ၏ အမြှောက်လက်နက်များကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။

ဝတ်ရုံနက်များသည် အနောက်ဘက်ဂိုဘီနှင့် ဆောဝမ်ပူ၏ အနောက်ဘက်ကမ်းရိုးတန်းမှာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ပြီး လူများအဝင်အထွက်ကို ပိတ်ဆို့လိုက်ကြသည်။ ထိုသို့ဖြင့် သူတို့သည် ပစ်မှတ်ထားသော လျှို့ဝှက်အသင်းအဖွဲ့ဝင်များကို အမဲလိုက်နိုင်မည်ဖြစ်သည်။

ရုတ်တရက်ထွက်ပေါ်လာသော ဤစစ်ဆင်ရေးက အကြောင်းမဲ့ဖြစ်ပေါ်လာခြင်းမဟုတ်ပေ။ နှစ်သစ်ကူးနေ့မှာကတည်းက အရိပ်လက္ခဏာများ ပြသနေခဲ့ပြီးသားဖြစ်သည်။

ပုံမှန်အားဖြင့် နှစ်သစ်ကူးနေ့သည် ဆွေမျိုးများနှင့် မိတ်ဆွေများထံ အလည်အပတ်သွားရသောနေ့ဖြစ်၏။ ဤနှစ်မှာ ထိုနေ့သည် ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်သည် ယာယီမဟာအကြီးအကဲနေရာကို လွှဲပြောင်းယူပြီး မဟာသူတော်စင်လွင်ကျစ်ဘွဲ့ကို ခံယူခဲ့သည့်နေ့ဖြစ်သည်။ ထိုနေ့မှစ၍ ခြောက်လအတွင်း သူက တာအိုဂိုဏ်းတော်အတွင်း ပကတိဩဇာအာဏာကို ရရှိထားမည်ဖြစ်၏။

သို့သော်လည်း ထိုနေ့က ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်ကို လင်းရှန်စုန်းကဝေဂိုဏ်းက ကြီးမားစွာအရှက်ခွဲခဲ့လေသည်။ ထိုနေ့သည် ချွမ်ကျန်းဂိုဏ်းနှင့် ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်များကြား ရာထူးအာဏာလွှဲပြောင်းသည့်နေ့ဖြစ်သောကြောင့် လက်ထောက်မဟာအကြီးအကဲနှစ်ဦးစလုံးက တာဝန်ယူမှု၊ တာဝန်ခံမှုကနေ မရှောင်လွှဲနိုင်ကြပေ။ ဒါ့အပြင် ထိုဝေဟင်ပျံသင်္ဘောသည် ကျန်းယီဂိုဏ်းမဟာသူတော်စင်၏ ပိုင်နက်နယ်မြေဖြစ်သော ယွင်ကျင်းတောင်ကနေ ထွက်ခွာလာခဲ့သည်။ ထို့ကြောင့် လက်ထောက်မဟာအကြီးအကဲသုံးဦးစလုံးမှာ တာဝန်ရှိနေပြီး ထိုအကြမ်းဖက်တိုက်ခိုက်မှုက သူတို့ကို အတော်လေးစော်ကားရာရောက်ခဲ့၏။

ထို့ကြောင့် ရွှေနန်းမြင့်မျှော်စင်ကွပ်ကဲရေးသည် လျှို့ဝှက်အသင်းအဖွဲ့များကို ကြမ်းကြမ်းတမ်းတမ်းဖြိုခွင်းဖို့ အများသဘောဆန္ဒကို လျင်လျင်မြန်မြန်ကောက်ယူလိုက်၏။

တာအိုဂိုဏ်းတော်သည် ယုံကျိုးမှစတင်၍ လင်းရှန်စုန်းကဝေဂိုဏ်းကိုသာမက လျှို့ဝှက်အသင်းအဖွဲ့များအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်တော့မည်ဖြစ်သည်။

ဤစစ်ဆင်ရေးကို မဟာသူတော်စင်လွင်ကျစ်က ဦးဆောင်ပြီး အခြားသောလက်ထောက်မဟာအကြီးအကဲနှစ်ဦးက ကူညီထောက်ပံ့ပေးထား၏။ ထျန်ကန်းခန်းမကိုသာမက တာအိုဂိုဏ်းတော်အတွင်း စုံစမ်းစစ်ဆေးမှုနှင့် သူလျှိုများကိုဖော်ထုတ်ဖို့အတွက် ဖုန့်ရှန်ခန်းမနှင့် ပေချန်ခန်းမတို့ပါ ပါဝင်လာ၏။

ချီရွှမ်းစုသည် ကျန်းယွဲ့လုနှင့်အတူ ထျန်ကန်းခန်းမသို့ ပြန်လိုက်သွားမည်ဆိုလျှင် သူ၏ သရုပ်သကန်က ရှာဖွေဖော်ထုတ်ခံရပေလိမ့်မည်။ သို့သော်လည်း သူသည် ဝေဟင်ပျံသင်္ဘောပျက်ကျစဉ်က နစ်နာသူတစ်ဦးဖြစ်ခဲ့ပြီး ပျောက်ဆုံး သို့မဟုတ် သေဆုံးစာရင်းဝင်သွားသောကြောင့် သူ၏ ကိုယ်ရေးအချက်အလက်စာတွဲကို ချိပ်ပိတ်ထားခဲ့သည်။ ထို့ကြောင့် မည်သူကမှ သူ့အကြောင်းကို စုံစမ်းစစ်ဆေးတော့မည်မဟုတ်ပေ။ ကံကြမ္မာအလှည့်အပြောင်းဖြင့် ချီရွှမ်းစုက ဤစစ်ကြောရေးကနေ လွတ်မြောက်နိုင်ခဲ့၏။

လျှို့ဝှက်အသင်းအဖွဲ့များကို ဖိနှိမ်သည့်အခါ အင်ပါယာနန်းတော်နှင့် တာအိုဂိုဏ်းတော်မှာ တူညီသော ရပ်တည်ချက်ရှိကြသည်။ ဤဖြိုခွင်းမှုကို ထိုက်ဖျင်ဂိုဏ်း၏ မဟာသူတော်စင်က ဦးဆောင်ထားပြီး အင်ပါယာနန်းတော်က ဖီးနစ်စိမ်းတပ်ဖွဲ့နှင့် ဝတ်ရုံနက်များနှင့်အတူ တာအိုဂိုဏ်းတော်နှင့် ပူးပေါင်းဆောင်ရွက်ပေးလေသည်။ ကျိုးဝါတောင်ကုန်းက သူတို့၏ ယခင်စီးနင်းမှုမှာ ချီရွှမ်းစုသည် ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်သွားနိုင်ခဲ့၏။

ချီရွှမ်းစုသည် သူ၏ သရုပ်သကန်များကြောင့် တာအိုဂိုဏ်းတော်နှင့် လျှို့ဝှက်အသင်းအဖွဲ့များ၏ ပစ်မှတ်ထားခြင်း ခံလာရသည်မှာတော့ ကံဆိုးခြင်းပင်ဖြစ်၏။

အနက်ရောင်ချပ်ဝတ်တန်ဆာဝတ်လူငယ်ဗိုလ်မှူးတစ်ဦးက မြင်းစီးကျာပွတ်ကိုကိုင်ပြီး တည်းခိုခန်း၏ ဧည့်ကြိုခန်းထဲသို့ လျှောက်လှမ်းဝင်ရောက်လာ၏။

ဤလူကိုကြည့်ပြီး ဆိုင်ရှင်က ချိုသာသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်၏။

ဤဗိုလ်မှူးက အသက် ၃၀ ကျော်အရွယ်မှာသာရှိသည့်ပုံပေါ်သော်လည်း ဗိုလ်မှူးလိုလန်ဟု ပို၍ လူသိများသော လိုလန်လက်ထောက်ကာကွယ်ရေးမှူးဖြစ်နေလေပြီ။ ဤအချိန်မှာ သူက စစ်တပ်တစ်တပ်ကိုဦးဆောင်လာသည့် ဗိုလ်မှူးချုပ်လည်းဖြစ်သည်။

“ငါ့နာမည်က ချင်ဝူပင်း”

လူငယ်ဗိုလ်မှူးက သူ့ကိုယ်သူမိတ်ဆက်ပြီး ကြွားလုံးထုတ်လိုက်၏။

“ဒီနာမည်ကို တံခွန်စိုက်အမတ်ကြီးကိုယ်တိုင် ချီးမြှင့်ပေးထားတာ”

ဆိုင်ရှင်က ခေါင်းငုံ့ပြီး ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။

“မင်္ဂလာပါ အရှင်မင်းသား… ကျွန်တော်မျိုး ထွက်မကြိုမိတာ တောင်းပန်ပါရစေ”

“ငါက အင်ပါယာမိသားစုက မဟုတ်ဘူး… ငါက ကျန်းလင်ရဲ့ ချင်မိသားစုကပဲ”

ချင်ဝူပင်းက အမှန်ပြင်ပေးလိုက်၏။

“ထပ်ပြီးတောင်းပန်ပါရစေ ဗိုလ်မှူးခင်ဗျာ”

ဆိုင်ရှင်က သူ၏ ခေါ်ဝေါ်ပုံကို မြန်မြန်ဆန်ဆန်ပြောင်းလဲလိုက်၏။

မဟာရွှမ်မင်းဆက်၏ တည်ထောင်သူဖခင်များထဲမှတစ်ဦးသည် ဧကရာဇ်နှင့် မျိုးရိုးနာမည်တူယူထားသော်လည်း သူ့မှာ တော်ဝင်သွေးမရှိပေ။ အဲဒါက အမည်ခံသပ်သပ်သာဖြစ်၏။ သို့သော် သူ့ကို ကျန်းလင်၏ ပြည်နယ်မင်းသားဘွဲ့ အပ်နှင်းပေးထား၏။

ချင်ဝူပင်းက မှင်သေသေဖြင့် ပြောလိုက်၏။

“ယဉ်ကျေးပြနေစရာမလိုဘူး… ငါက စစ်သားဆိုတော့ ဒီလိုမျိုး ထုံးတမ်းစဉ်လာတွေ ဂရုမစိုက်ဘူး… မင်းက တည်းခိုခန်းရဲ့အမှုထမ်းလား”

ဆိုင်ရှင်က တုံ့ပြန်ပြောဆိုလိုက်၏။

“မှန်ပါတယ် ဆရာ”

ချင်ဝူပင်းက မြင်းစီးကျာပွတ်ကို တပ်သားတစ်ဦးထံကမ်းပေးပြီး ဆိုင်ရှင်၏ ပခုံးပေါ် လက်တင်လိုက်၏။

“ဖီးနစ်စိမ်းတပ်ဖွဲ့နဲ့ မင်းတို့ရဲ့ဆက်ဆံရေးကိုထောက်ထားပြီး ဒီဌာနခွဲက လူစာရင်းကိုထုတ်ပေးတာနဲ့ ငါမင်းကို သက်ညှာပေးမယ်… မဟုတ်ရင်တော့ မင်းနဲ့ ဒီမှာရှိတဲ့လူတိုင်း ဒီတည်းခိုခန်းကနေ ထွက်ခွာနိုင်မယ်လို့ ငါ အာမမခံနိုင်ဘူး”

All Chapters