← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း ၂၁၃ - မဟာအသူရာ

ဆောဝမ်ပူ၏ အနောက်ဘက် ကမ်းပါးပေါ်က ယခင်အလောင်းမွေးမြူရေးကုန်းမြေသည် ဟွာရှန်ခန်းမ၏ ထုတ်လုပ်ရေးရုံ ကိုးရုံထဲမှ တစ်ရုံဖြစ်ခဲ့ဖူးသည်။ သို့သော်လည်း ကံကြမ္မာအယူဝါဒဂိုဏ်း၏ လက်ချက်၊ လူလုပ်ကပ်ဘေး ကျဆင်းပြီးနောက် ဤနေရာက အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားခဲ့သည်။ လက်များစွာ လွှဲပြောင်းပြီးနောက် ဤကုန်းမြေသည် နောက်ဆုံး တည်းခိုခန်း၏ လက်ထဲသို့ ကျဆင်းသွားခဲ့၏။

အလွန်ကြီးမားသော ဤထုတ်လုပ်ရေးရုံသည် ခရိုင်တစ်ခုနှင့် ယှဉ်နိုင်သော ဧရိယာကို သိမ်းယူထား၏။ ၎င်းသည် ဗဟိုတူ စက်ဝိုင်းနှစ်ခု ထပ်ထားသည်နှင့် တူသည်။ အပြင်ဘက် စက်ဝိုင်းမှာ ပြန့်ကျဲနေသော ဒေသပေါက်ပင်များနှင့် ကျန်ခဲ့သော အဆောက်အအုံတချို့နှင့်အတူ ခြောက်သွေ့အက်ကွဲနေသောမြေပြင် ပါဝင်လေသည်။ ယခုအချိန်မှာ ဤနေရာက စွန့်ပစ်တစပြင်တစ်ခုအဖြစ် ပြောင်းလဲနေပြီဖြစ်၏။ အတွင်းဘက် စက်ဝိုင်းက ဒဏ္ဍာရီလာ အလောင်းမွေးမြူကုန်းမြေများ တည်ရှိရာ ဗဟိုချက်မ ဧရိယာဖြစ်သည်။

၎င်းအထွန်းတောက်ဆုံး ကာလတုန်းက ဤထုတ်လုပ်ရေးရုံသည် မြက်ခင်းစိမ်းများ၊ ကြိုးကြာများ၊ ကွိုင်ငါးများ၊ မဏ္ဍပ်ဆောင်များဖြင့် ပြည့်နှက်နေခဲ့သည်ဟု ဆိုသည်။ အမှတ်တမဲ့ကြည့်လျှင် ၎င်းသည် အလောင်းမွေးမြူရေး ကုန်းမြေနှင့် မတူဘဲ သုခဘုံတစ်ခုနှင့် တူနေခဲ့၏။

သို့သော်လည်း ယခုအချိန်မှာတော့ ဤနေရာက တမလွန်ဘုံနှင့် တူနေလေပြီ။

ဧရာမမိစ္ဆာသည် တည်းခိုခန်းမှ စေလွှတ်လိုက်သော လက်ရွေးစင်များကို တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းဖြင့် ဤနေရာကို ဖွတ်ဖွတ်ညက်ညက် ကြေသွားစေ၏။

တည်းခိုခန်းမှ လက်ရွေးစင်များက ထွက်ပြေးဖို့ ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်ရ၏။ တာအိုဂိုဏ်းတော်၏ ဖီးနစ်မျက်လုံးဗုံးသည် မြေပြင်အထက်မှာရှိသော အဆောက်အအုံအများစုကိုသာ ဖျက်ဆီးပစ်ခဲ့သည်။ မြေအောက် အဆောက်အအုံများက အကောင်းအတိုင်း ကျန်ရှိနေသေး၏။ သို့သော် ယခုအချိန်မှာ မြေအောက် အဆောက်အအုံများကိုလည်း ဧရာမမိစ္ဆာက ဖျက်ဆီးပစ်နေပြီဖြစ်၏။

တည်းခိုခန်းမှ စေလွှတ်လိုက်သော လူကိုးဦးထဲမှာ ဦးဆောင်လာသူ လူအိုကြီးက မြေပြင်အထက်မှာနေပြီး အခြားရှစ်ယောက်က မြေအောက်အဆောက်အအုံထဲမှာ ဝင်ရောက်နေကြ၏။ ရလဒ်အနေဖြင့် မြေပြင်ထက်မှာရှိသော လူအိုကြီးက အရင်ဆုံး သေဆုံးသွား၏။ ကျန်ရှိနေသော ရှစ်ဦးကလည်း မြေအောက်မှာ ပိတ်မိနေပြီး မြေအောက်အဆောက်အအုံများ ပြိုကျလာသည်နှင့် သူတို့လည်း သေရပေလိမ့်မည်။

ဤအချိန်မှာ ကြီးမားသည့် ဝေဟင်ပျံသင်္ဘောတစ်စင်းက ဆောဝမ်ပူကို ဖြတ်ပြီး ဤနေရာ ကောင်းကင်ထက်မှာ ပေါ်ထွက်လာ၏။

ရှန့်ကွမ်ကျင့်က ယာဉ်ဦးစွန်းမှာ မတ်တတ်ရပ်၍ ငုံ့ကြည့်နေဆဲဖြစ်သည်။

သူ့မျက်နှာမှာ မှင်သေသေဖြင့် ရှိနေသည်။ အနောက်ဘက်ဒေသ စစ်မျက်နှာပြင်ကနေ ယခုတင် ထွက်လာသော ထျန်ကန်းလက်ထောက်ခန်းမသခင်တစ်ဦးအတွက်တော့ ကြောက်စရာကောင်းပုံရသော ဤမြင်ကွင်းသည် နတ်ဆရာဂိုဏ်းနှင့် ယှဉ်လျှင် ဘာမှမဟုတ်တော့ပေ။

ရှန့်ကွမ်ကျင့်၏ နောက်ဘက်မှာ မတ်တတ်ရပ်နေသော ကြီးကြပ်ရေးမှူးက အစီရင်ခံ တင်ပြလိုက်၏။

“ဆရာ... ဟွာရှန်ခန်းမနဲ့ ကျုပ်တို့ ဆက်သွယ်ခဲ့တယ်... အဲ့ဒီမိစ္ဆာက ချိပ်ပိတ်ထားတဲ့ မဟာအသူရာဖြစ်တယ်လို့ သူတို့ အတည်ပြုပေးလိုက်တယ်”

ရှန့်ကွမ်ကျင့်က မျက်မှောင်ကြုတ်ပြီး မနှစ်သက်သည့်လေသံဖြင့် ပြောလိုက်၏။

“သူတို့က ဘာတွေ လျှောက်လုပ်နေခဲ့ကြတာလဲ... အဲ့ဒီမိစ္ဆာကို ခေါ်ထုတ်သွားလို့ မရဘူးဆိုရင်လည်း ဖျက်ဆီးခဲ့ရမှာပေါ့... ဟွာရှန်ခန်းမက အဲ့ဒါကို ဘာလို့ ဒီမှာ ချိပ်ပိတ်ထားခဲ့တာလဲ… အဲ့ဒီဖြစ်ရပ်က အတော်တောင်ကြာခဲ့ပြီ... သူတို့က ဒုတိယမြောက် ရှင်းလင်းရေးကို ဘာလို့ဆက်ပြီး မလုပ်ခဲ့ကြတာလဲ”

ကြီးကြပ်ရေးမှူးက လှောင်ပြုံးပြုံး၍ ဖြေပေးလိုက်၏။

“ဟွာရှန်ခန်းမ ပြောပုံအရဆိုရင် မဟာအသူရာကို ဖျက်ဆီးလို့ မရခဲ့ဘူးတဲ့... အဲ့ဒီအချိန်တုန်းက မဟာအသူရာက အလောင်းမွေးမြူရေးကုန်းမြေရဲ့ အနက်ပိုင်းထဲမှာ ရှိနေခဲ့တာ... သူတို့ရဲ့ လူအင်အားအရ အဲ့ဒါကို ဖျက်ဆီးဖို့ မဖြစ်နိုင်တဲ့အတွက် နေရာမှာတင် ချိပ်ပိတ်ထားခဲ့ရတယ်... သူတို့က ဒုတိယမြောက် ရှင်းလင်းရေး ဘာကြောင့် မလုပ်ခဲ့သလဲတော့ ဟွာရှန်ခန်းမက ရှင်းမပြဘူး... အဲ့ဒါ ဟွာရှန်လက်ထောက်ခန်းမသခင် အတော်များများ ကန့်ကွက်ခဲ့တာကြောင့် ဖြစ်လောက်တယ်”

“အခုတော့ ဒီအရှုပ်ထုပ်က ထျန်ကန်းခန်းမဆီ ရောက်လာပြီပေါ့လေ… ဟမ့်”

ရှန့်ကွမ်ကျင့်က နှာတစ်ချက်မှုတ်လိုက်၏။

ကြီးကြပ်ရေးမှူးက ထပ်မံ၍ မဝေဖန်ပြရဲတော့ပေ။

ရှန့်ကွမ်ကျင့်က မဟာအသူရာ၏ ပခုံးပေါ်က လူကို သရော်ပြုံးပြုံးကာ ကြည့်လိုက်၏။

“အယူဝါဒမိစ္ဆာတွေပဲ”

တစ်ချိန်တည်းမှာ မဟာအသူရာ၏ ပခုံးပေါ်မှာ မတ်တတ်ရပ်နေသောလူက ကြီးမားသည့် ဝေဟင်ပျံသင်္ဘောကို အံကြိတ်ကာ မော့ကြည့်လိုက်၏။

“ထျန်ကန်းခန်းမလား... သူတို့က ဒီလောက်မြန်မြန်ဆန်ဆန် တုံ့ပြန်လာလိမ့်မယ်လို့ ထင်မထားဘူး... ဒါပေမဲ့ ဒီတစ်ခေါက် ဘယ်လက်ထောက်ခန်းမသခင်က ဦးဆောင်လာတာပါလိမ့်”

“မင်းပြောတာ မှန်တယ်... ဒါပေမဲ့ ဒါက တုံ့ပြန်မှု မဟုတ်ဘူး... အဲ့ဒါက ကြိုတင်ခန့်မှန်းချက်ပဲ... ပြောရမယ်ဆိုရင် ငါတို့က သူတို့နဲ့ ပက်ပင်းတိုးမိသွားရုံပဲ... အတော်လေး တိုက်ဆိုင်တယ်လို့တော့ ဆိုရမယ်”

ထိုလူက တစ်ယောက်တည်း စကားပြောနေခြင်း မဟုတ်ဘဲ အဝေးမှာရှိသော နောက်ထပ်လူတစ်ယောက်နှင့် ဆက်သွယ်ပြောဆိုနေခြင်းဖြစ်၏။ သူက ဆက်ပြောလိုက်သည်။

“ကျုပ် နားလည်ပါတယ်... ကျုပ်တို့ လိုချင်တာကို ရပြီးရင် ကျုပ် ဒီနေရာကနေ စွန့်ခွာသွားရလိမ့်မယ်... ကျုပ် တာအိုဂိုဏ်းတော်နဲ့ ထိပ်တိုက်ရင်ဆိုင်မှာ မဟုတ်ဘူး... ဘယ်လိုပဲဖြစ်ဖြစ် ကျုပ် တစ်ယောက်တည်း သူတို့ကို နိုင်မှာမဟုတ်ဘူး”

“မြို့တွေ ဘယ်လောက်များများ ပိတ်ဆို့ပြီးသွားပြီလဲ... ဒါက တာအိုဂိုဏ်းတော်နဲ့ အင်ပါယာနန်းတော်ကြားက ရှားရှားပါးပါး ပူးပေါင်းစစ်ဆင်ရေးပဲ... အင်ပါယာဆရာသခင်ဆိုတဲ့ အတိုင်းပါပဲလား”

“ဟုတ်ပြီ... ငါ နားလည်ပြီ... အခုတော့ ဒီလောက်ပဲ”

အထူးသီးသန့် မိခင်ကလေးအဆောင်က အကုန်အစင် လောင်ကျွမ်းသွားပြီး သူတို့၏ ဆက်သွယ်ပြောဆိုမှုက ပြတ်တောက်သွားလေသည်။

အသူရာ၏ ပခုံးပေါ်က လူက ပခုံးကို ပုတ်လိုက်သလို ခြေတစ်ချက်ဆောင့်လိုက်၏။ အဲဒါကို နောက်ဆုံးနှုတ်ဆက်ခြင်းဟုလည်း ဆိုနိုင်သည်။ ပြောရမည်ဆိုလျှင် သူက ဤမဟာအသူရာကို ထားခဲ့ဖို့ အနည်းငယ် ဝန်လေးနေမိ၏။ သို့သော် တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်၏ ဝိုင်းပတ်ပိတ်ဆို့မှုအောက်ကနေ ဤမဟာအသူရာကို ခေါ်ထုတ်သွားဖို့ မဖြစ်နိုင်ဘူးဆိုတာကိုလည်း သူ နားလည်သဘောပေါက်ထားသည်။

ဝေဟင်ပျံသင်္ဘောပေါ်မှာ ကြီးကြပ်ရေးမှူးသည် ရှန့်ကွမ်ကျင့်၏ လက်ထဲ စာလိပ်တစ်လိပ်ကို ကမ်းပေးလိုက်၏။ အလွယ်တကူ ဖတ်ရှုနိုင်အောင် အရေးကြီးသော နေရာများကို ခေါက်ထားပြီးသားဖြစ်၏။

ရှန့်ကွမ်ကျင့်က စာလိပ်ကို ဖြန့်ကြည့်လိုက်၏။ လေက ပြင်းထန်စွာ တိုက်ခတ်နေလျှင်တောင် သူ့လက်ထဲက စာလိပ်က တဖျပ်ဖျပ်လွင့်နေခြင်း မရှိပေ။

“ရွှမ်အရှင်မြတ်က စမ်းသပ်တီထွင်မှု တာဝန်တွေကို ဟွာရှန်ခန်းမနဲ့ ထျန်ကျိခန်းမကြား ခွဲဝေပေးခဲ့တယ်… အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ပထမမျိုးဆက် မြေကမ္ဘာဆရာသခင် ချန်ထားခဲ့တဲ့ အလောင်းမွေးမြူကုန်းမြေတွေ အပါအဝင် စီမံကိန်းတချို့ကို ပိတ်ပင်တားဆီးခဲ့တယ်… ရွှမ်အရှင်မြတ်ရဲ့ အန္တိမအမိန့်အာဏာကို ဘယ်သူကမှ မကန့်ကွက်ရဲခဲ့ဘူး… ဒုတိယမျိုးဆက် မြေကမ္ဘာဆရာသခင်ကလည်း အဲ့ဒါကို သဘောတူလိုက်လျောခဲ့တယ်”

“ဒါပေမဲ့ ရွှမ်အရှင်မြတ်ရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်တဲ့အနေနဲ့ အဆင့်မြင့် တာအိုဆရာတချို့ကတော့ တာအိုဂိုဏ်းတော်ကနေ ထွက်ခွာသွားခဲ့ကြတယ်… အဲ့ဒီလူတွေက သူတို့ရဲ့ သုတေသနလုပ်ငန်းတွေကို ဆက်ပြီးဖော်ဆောင်ဖို့အတွက် မျိုးနွယ်ရှစ်စုလို့ခေါ်တဲ့ လျှို့ဝှက်အသင်းအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြတယ်… ဒါပေမဲ့ တာအိုဂိုဏ်းတော်က မဟာယာနဗုဒ္ဓဂိုဏ်းနဲ့ တိုက်ခိုက်နေခဲ့ရတဲ့အတွက် သူတို့ကို သိပ်ပြီး ဂရုမစိုက်နိုင်ခဲ့ဘူး”

ရှန့်ကွမ်ကျင့်က စာကိုတစ်ချက်ဖတ်ကြည့်ပြီးနောက် ဤသတင်းအချက်အလက်များက သူ့အတွက် အသစ်အဆန်းမဟုတ်သည့်အတွက် သိပ်ပြီး စိတ်ဝင်စားမှုမရှိချေ။

“တာအိုဂိုဏ်းတော်ကို သစ္စာဖောက်ခဲ့တဲ့ အဆင့်မြင့် တာအိုဆရာတွေအပြင် မျိုးနွယ်ရှစ်စုကို နောက်ကွယ်ကနေ တိတ်တဆိတ် ထောက်ပံ့ဖို့အတွက် သူလျှိုတွေအဖြစ် တာအိုဂိုဏ်းတော်မှာ ဆက်ပြီးနေခဲ့တဲ့ လူတချို့လည်း ရှိခဲ့တယ်… အဲ့လိုနဲ့ သူတို့က မျိုးနွယ်ရှစ်စုရဲ့ အောင်မြင်မှုတွေကို မျှဝေခံစားနိုင်မယ်”

ဤအချက်အလက်ကို ဖတ်ပြီး ရှန့်ကွမ်ကျင့်က နှာတစ်ချက်မှုတ်ကာ ရေရွတ်လိုက်၏။

“စိတ်ဝင်စားစရာပဲ… ဒါပေမဲ့ အရင်တုန်းက တီထွင်ဆန်းသစ်မှုတွေကို ချွမ်ကျန်းဂိုဏ်းက တာဝန်ယူထားခဲ့တယ်… ဟွာရှန်ခန်းမနဲ့ ထျန်ကျိခန်းမ နှစ်ခုစလုံးက ချွမ်ကျန်းဂိုဏ်းနဲ့ နက်နက်ရှိုင်းရှိုင်း ပတ်သက်ဆက်နွယ်မှု ရှိနေတယ်… အဲဒါကြောင့် ဒီကိစ္စမှာ ချွမ်ကျန်းဂိုဏ်း ပါဝင်ပတ်သက်နေမယ်ဆိုရင် အံ့ဩစရာမရှိဘူး”

သူက စာလိပ်ကို ဆက်ဖတ်ကြည့်လိုက်၏။

“အဲဒါက ကျုပ် ထင်မြင်ထားတာထက် ကျော်လွန်လာခဲ့တယ်... တာအိုဂိုဏ်းတော်အတွင်းက အဆင့်မြင့် တာအိုဆရာတွေနဲ့ ခွဲထုတ်လို့ မရအောင် ပတ်သက်ဆက်စပ်နေတဲ့အပြင် မျိုးနွယ်ရှစ်စုက မကြာသေးခင် နှစ်တွေထဲမှာ တခြားလျှို့ဝှက်အသင်းအဖွဲ့တွေက ပင်မအဖွဲ့ဝင်တွေနဲ့ ဆင်တူတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်လာခဲ့တယ်... အဲဒီအထဲမှာ ကံကြမ္မာအယူဝါဒဂိုဏ်း၊ ချင်းဖျင်အသင်း၊ တည်းခိုခန်း၊ ရတနာခုနစ်သွယ်မဏ္ဍပ်နဲ့ ကောင်းကင်ဘုံနန်းတော်တို့ ပါဝင်ခဲ့တယ်… အဲဒီ လျှို့ဝှက်အသင်းအဖွဲ့တွေက တစ်ဖွဲ့နဲ့တစ်ဖွဲ့ ပဋိပက္ခဖြစ်နေကြပေမဲ့ သူတို့က မျိုးနွယ်ရှစ်စုကနေတစ်ဆင့် ဆက်သွယ်နိုင်ကြသေးတယ်... အဲဒီကနေ ပူးပေါင်းမဟာမိတ်တစ်ခု ဖြစ်ပေါ်လာခဲ့တယ်”

“နှိုင်းယှဉ်ပြီး ပြောရရင် စီးပွားရေးလုပ်ငန်းတစ်ခုနဲ့ တူလိမ့်မယ်... ကံကြမ္မာအယူဝါဒဂိုဏ်း၊ ချင်းဖျင်အသင်း၊ တည်းခိုခန်း၊ ရတနာခုနစ်သွယ်မဏ္ဍပ်နဲ့ ကောင်းကင်ဘုံနန်းတော်တို့က ငွေကြေးထည့်ဝင်ပြီး အကျိုးတူ ဝေစုကို ဝယ်ယူခဲ့ကြတယ်... သူတို့ကို ဒုတိယပိုင်ရှင်တွေလို့ ဆိုနိုင်ပေမဲ့ သူတို့က စီးပွားရေးလုပ်ငန်း လည်ပတ်မှုမှာ မပါဝင်ခဲ့ကြဘူး... သူတို့က လိုအပ်တဲ့ ငွေကြေးကို ရင်းနှီးမြှုပ်နှံပေးဖို့နဲ့ အကျိုးအမြတ်ခွဲယူဖို့ပဲ တာဝန်ယူထားကြတယ်... မျိုးနွယ်ရှစ်စုကတော့ လုပ်ငန်းလည်ပတ်မှုတွေနဲ့ အကျိုးအမြတ် ခွဲဝေပေးတာတွေကို တာဝန်ယူဆောင်ရွက်ပေးတယ်”

“အဖွဲ့ပေါင်းစုံ ညှိနှိုင်းဆောင်ရွက်ဖို့အတွက် မျိုးနွယ်ရှစ်စုနဲ့ တခြားလျှို့ဝှက်အသင်းအဖွဲ့တွေက ကျောက်စိမ်းဖြူခန်းမလို့ခေါ်တဲ့ အထူးသီးသန့် ကွပ်ကဲရေးအဖွဲ့တစ်ဖွဲ့ကို ဖွဲ့ခဲ့ကြတယ်... အဲဒါက ကျုပ်တို့ရဲ့ ရွှေနန်းမြင့်မျှော်စင်ကွပ်ကဲရေးအဖွဲ့နဲ့ ဆင်တူတယ်… ကျောက်စိမ်းဖြူခန်းမက အဖွဲ့ဝင်တွေက တခြားလျှို့ဝှက်အသင်းအဖွဲ့တွေမှာလည်း ဝင်ထားတဲ့အတွက် သူတို့မှာ သရုပ်သကန် အနည်းဆုံး နှစ်ခုစီ ရှိကြတယ်”

ရှန့်ကွမ်ကျင့်၏ မျက်ရစ်က အနည်းငယ် တွန့်သွား၏။ သူက နောက်မှာရှိသော ကြီးကြပ်ရေးမှူးကို မေးလိုက်၏။

“မင်း ဒီစာလိပ်ကို ဖတ်ပြီးပြီလား”

ကြီးကြပ်ရေးမှူးက ဦးညွှတ်၍ ဖြေပေးလိုက်၏။

“ဖတ်ပြီးပါပြီ… ဒီမှတ်တမ်းကို ထျန်ကန်းခန်းမက ကြီးကြပ်ရေးမှူးတစ်ဦး ပြုစုခဲ့တာ... ဒါပေမဲ့ သူက မတော်တဆဖြစ်ရပ်တစ်ခုနဲ့ ကွယ်လွန်သွားခဲ့တယ်”

“မင်း အဲဒါကို ဖတ်ပြီးပြီဆိုရင် … “ကျောက်စိမ်းဖြူခန်းမရဲ့ ရပ်တည်ချက်ကို ဘယ်လိုထင်လဲ”

ရှန့်ကွမ်ကျင့်က မေးလိုက်၏။

ကြီးကြပ်ရေးမှူးက ခဏမျှ စဉ်းစားပြီး ပြောလိုက်၏။

“ကျောက်စိမ်းနေပြည်တော်ကို ကျောက်စိမ်းဖြူနေပြည်တော်လို့လည်း ခေါ်ကြတယ်... သူတို့က ကျောက်စိမ်းဖြူခန်းမလို့ အမည်ပေးထားတယ်ဆိုတာ တာအိုဂိုဏ်းတော်ကို တုပချင်တာ ဖြစ်လောက်တယ်”

“ငါလည်း အဲ့လို ထင်မိတယ်”

ရှန့်ကွမ်ကျင့်က စာလိပ်ကို ခါရင်း ဆက်ဖတ်လိုက်၏။

“ကျောက်စိမ်းဖြူခန်းမကို တည်ထောင်ပြီး နှစ်များစွာကြာတဲ့နောက် သူတို့က တခြားလျှို့ဝှက်အသင်းအဖွဲ့တွေနဲ့ ပတ်သက်ဆက်နွယ်မှု ဖြတ်တောက်ပြီး ကိုယ်ပိုင်အဖွဲ့အစည်းအဖြစ် တည်ထောင်ဖို့ အရွေ့တစ်ခု ဖြစ်လာခဲ့တယ်... လျှို့ဝှက်အသင်းအဖွဲ့ အတော်များများကလည်း အဲဒီအရွေ့ကို သတိထားမိပြီး ပြတ်ပြတ်သားသား ကန့်ကွက်ခဲ့ကြတယ်... အတွင်းရေးပဋိပက္ခတချို့ ဖြစ်ပြီးတဲ့နောက် ကျောက်စိမ်းဖြူခန်းမက ကိုယ်ပိုင်အဖွဲ့အစည်း တည်ထောင်ဖို့ ဆက်ပြီးမကြိုးစားတော့ပေမဲ့ သူတို့က သိသာထင်ရှားတဲ့ လွတ်လပ်မှု ရလာခဲ့ကြတယ်”

“ကျုပ်က ကျောက်စိမ်းဖြူခန်းမက အဖွဲ့ဝင်တစ်ဦးနဲ့ မိတ်ဆွေဖွဲ့ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ ကျောက်စိမ်း နေပြည်တော်ဆီ အစီရင်ခံတင်ပြဖို့ ပြန်သွားခဲ့ရတာကြောင့် မလုပ်နိုင်ခဲ့ဘူး... အဲဒါပြီးတဲ့နောက် ကျုပ်ကို ကျန်းနန်ကို ပို့လိုက်ကြတယ်... အဲဒါကြောင့် သူတို့အကြောင်းကို ကျုပ်ဆက်ပြီး မလိုက်နိုင်တော့ဘူး”

စာလိပ်က ဤနေရာမှာ အဆုံးသတ်သွား၏။ ကြီးကြပ်ရေးမှူး ပြုစုခဲ့သော ဤမှတ်တမ်းက ကျောက်စိမ်းနေပြည်တော်ကို ပြန်ရောက်လာခဲ့သည်။ သိပ်မကြာခင် သူက မတော်တဆဖြစ်ရပ်တစ်ခုနှင့် သေဆုံးသွားခဲ့ပြီး သံသယဝင်စရာကောင်းလေသည်။

ရှန့်ကွမ်ကျင့်က စာလိပ်ကို ပိတ်ပြီး မေးလိုက်၏။

“မင်း ဘယ်လိုထင်လဲ... အဲဒီလူတွေက မျိုးနွယ်ရှစ်စုကလား... ကျောက်စိမ်းဖြူခန်းမကလား”

ကြီးကြပ်ရေးမှူးက ပြန်ဖြေလိုက်၏။

“မျိုးနွယ်ရှစ်စုက အဲ့လောက်အထိ ရဲတင်းလိမ့်မယ်လို့ ကျုပ် မထင်ဘူး”

“ဒါဆို မင်းပြောတာက ကျောက်စိမ်းဖြူခန်းမကတော့ ဒီလိုလုပ်ဖို့ သတ္တိရှိတယ်ပေါ့”

ရှန့်ကွမ်ကျင့်က ဖြည်းဖြည်းချင်း ပြောလိုက်၏။

“တာအိုဂိုဏ်းတော်ရဲ့ ပစ်မှတ်ထားတဲ့ စာရင်းထဲမှာ ပါတဲ့ ကာလရှည်ကြာ တည်ဆောက်လာတဲ့ လျှို့ဝှက်အသင်းအဖွဲ့တစ်ခုက ဒါမျိုးလုပ်ဖို့ သတ္တိမရှိဘူး... ဒါပေမဲ့ ငါတို့ရဲ့ စောင့်ကြည့်မှုအောက်မှာ မရှိတဲ့ အဖွဲ့အစည်းအသစ်တစ်ခုကတော့ ဒါမျိုးလုပ်ရဲတယ်ပေါ့... စိတ်ဝင်စားစရာပဲ”

ကြီးကြပ်ရေးမှူးက နှုတ်ဆိတ်သွား၏။

ရှန့်ကွမ်ကျင့်က အဖြေတစ်ခုရဖို့ မျှော်လင့်မထားဘဲ ကြီးကြပ်ရေးမှူးထံ စာလိပ်ကို ကမ်းပေးကာ ပြောလိုက်၏။

“အဲဒါက ကျောက်စိမ်းဖြူခန်းမပဲဖြစ်ဖြစ်၊ မျိုးနွယ်ရှစ်စုပဲဖြစ်ဖြစ်၊ တည်းခိုခန်းပဲဖြစ်ဖြစ်၊ လျှို့ဝှက်အသင်းအဖွဲ့တွေ အားလုံးက ရှင်းလင်းပစ်ရမယ့် စာရင်းထဲမှာ ပါတယ်... ဘာမှ ထိန်ချန်ထားစရာ မလိုဘူး... မိုးကြိုးငါးစင်းကိုသာ သုံးလိုက်… တစ္ဆေသရဲတွေနဲ့ မိစ္ဆာတွေကို ဖိနှိမ်တဲ့နေရာမှာ မိုးကြိုးက အကောင်းဆုံးပဲ”

ကြီးကြပ်ရေးမှူးက စာလိပ်ကိုယူပြီး အမိန့်ကို နာခံလိုက်၏။

သိပ်မကြာခင် ဝေဟင်ပျံသင်္ဘောက ဘေးပတ်ဝန်းကျင်မှာရှိသော စိတ်ဝိညာဉ်စွမ်းအင်ကို စတင်၍ စုပ်ယူလိုက်၏။ သင်္ဘောကိုယ်ထည်အောက်ဘက်မှာ ကြီးမားသော ပုံရိပ်ယောင်ဆန်ဆန် မှော်စက်ဝိုင်းတစ်ခု ပေါ်ထွက်လာပြီး သင်္ဘောကိုယ်ထည်ပေါ်က အမျိုးမျိုးသော အဆောင်အစီအရင်များကလည်း လင်းလက်လာ၏။

ထို့နောက် ဝေဟင်ပျံသင်္ဘောအထက်မှာ နဂါးပုလဲလုံးအရွယ် မိုးကြိုးလုံးတစ်လုံး စုဖွဲ့လာသည်။ ၎င်းက ဖြည်းဖြည်းချင်း လည်ပတ်ပြီး လျှပ်စီးမီးပွားများက ၎င်းကနေ လျှံကျလာ၏။

တာအိုစွမ်းအားများထဲမှာ မိုးကြိုးစွမ်းအားသည် အားအပြင်းထန်ဆုံးဖြစ်သည်။ ဤမိုးကြိုးလုံးကို အစီအရင်အဆောင် ရာချီကနေ စုဖွဲ့ထားခြင်းဖြစ်သည်။

ဝေဟင်ပျံသင်္ဘောက စိတ်ဝိညာဉ်စွမ်းအင်ကို ဆွဲယူနေစဉ် မဟာအသူရာက ရူးသွပ်စွာဖြင့် ဂနာမငြိမ် ဖြစ်လာ၏။

နောက်ခဏ၌ မိုးကြိုးလုံးက ကောင်းကင်ထက်ကို ပျံတက်သွား၏။

ချက်ချင်းပင် တိမ်ညိုတိမ်မည်းများက အုံ့မှိုင်း၍ ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်သွားသည်။

တိမ်ညိုတိမ်မည်း အလွှာများက အောက်ဘက်ကို နိမ့်ဆင်းကျလာ၏။ မိုးကြိုးသံက အော်မြည်၍ ခရမ်းရောင်လျှပ်စီးများက ကောင်းကင်ထက်မှာ တဖျပ်ဖျပ်လက်နေ၏။ အဲဒါက ကမ္ဘာဖျက်ကပ်ဘေးတစ်ခု ကျရောက်လာတော့မည့် အတိုင်းပင်။

အခန်း ၂၁၄ - ချက်ချင်းလက်ငင်း အကျိုးအမြတ်များ

ဝေဟင်ပျံစစ်သင်္ဘောကို ထိန်းချုပ်ရန် တာဝန်ယူထားသည့် တတိယအဆင့် ယိုယီတာအိုအကြီးအကဲသည် သူ၏ လက်ချောင်းငါးချောင်းကို မိုးကြိုးငါးစင်းလက်သီးအဖြစ် ဖမ်းဆုပ်လိုက်၏။

ပြန့်ကျဲနေသော မိုးကြိုးလျှပ်စီးကြောင်းများ အားလုံးက တစ်နေရာတည်းမှာ ပေါင်းဆုံပြီး ခုနစ်ပေပတ်လည် ပင်စည်လောက် တုတ်ခိုင်သည့် ခရမ်းရောင် အလင်းစီး‌ကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းသည် လျှပ်စီးလို အမြန်နှုန်းဖြင့် ညိုမှောင်နေသော တိမ်စိုင်များကို ထိုးဖောက်၍ ကောင်းကင်တစ်ခုလုံးကို ထိန်ထိန်လင်းစေကာ မဟာအသူရာ၏ ဦးခေါင်းကို ပစ်ချလိုက်၏။

နောက်ခဏ၌ တောက်ပနေသော အကန့်အသတ်မဲ့ ခရမ်းရောင်လျှပ်စီးများက တဖျပ်ဖျပ်လက်၍ မဟာအသူရာကို လုံးလုံးလျားလျား လွှမ်းခြုံသွားသည်။

ဝေဟင်ပျံသင်္ဘောက နောက်ထပ်မိုးကြိုးလုံးများကို စုဖွဲ့နေစဉ် မဟာအသူရာ၏ ပခုံးပေါ်မှာ ရပ်နေသည့်လူက မီးအလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ ပျောက်ကွယ်သွား၏။ ဤစစ်သင်္ဘောသည် တာအိုဂိုဏ်းတော်၏ အကောင်းဆုံး တိုက်ခိုက်ရည်စွမ်းအား မဟုတ်သော်လည်း စစ်သင်္ဘောတစ်စင်း၏ ပြင်းထန်ကြမ်းတမ်းသော တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်နိုင်သည့်လူ များစွာမရှိချေ။

ခရမ်းရောင်အလင်း ပျက်ပြယ်သွားပြီးနောက် ပျံ့နှံ့နေသော ယင်စွမ်းအင်က လွင့်ပြယ်သွားပြီး မဟာအသူရာ၏ လောင်ကျွမ်းတူးချစ်၍ ပုံပျက်ပန်းပျက်ဖြစ်နေသော ခန္ဓာသာ ကျန်ခဲ့သည်။

စောစောက တာအိုဝေဟင်ပျံသင်္ဘော ပေါ်ထွက်လာသည်နှင့် ချီရွှမ်းစုက တွေဝေခြင်းမရှိ လှည့်ထွက်ပြေးသွားပြီဖြစ်၏။ သူက ဤမြင်ကွင်းကို မတွေ့မြင်ရသော်လည်း အခြေအနေက တည်းခိုခန်း၏ ထိန်းချုပ်မှုကနေ လုံးဝလွတ်ထွက်သွားပြီကို ကောင်းကောင်းသိရှိလိုက်၏။

နှံကောင်က ပုစဉ်းကို ချောင်းနေစဉ် နောက်မှာရှိသော ရွှေဝါငှက်ကို သတိမထားမိပေ။ တည်းခိုခန်းက ပုစဉ်းဖြစ်၍ ကျောက်စိမ်းဖြူခန်းမက နှံကောင်ဖြစ်ကာ တာအိုဂိုဏ်းတော်က ရွှေဝါငှက်ဖြစ်လေသည်။ ရွှေဝါငှက် ရောက်ရှိလာသောကြောင့် ပုစဉ်းရော နှံကောင်ပါ မထိမခိုက် လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။

ချီရွှမ်းစုအဖြစ် သူ၏ သရုပ်သကန်နှင့် တာအိုဂိုဏ်းတော်မှ တစ်ယောက်ယောက်ရှေ့တွင် ပေါ်ထွက်၍ မဖြစ်သည်ကို ချီရွှမ်းစုက ကောင်းကောင်းနားလည်သဘောပေါက်ထား၏။ အထူးသဖြင့် သူသေပြီဟု လူတိုင်းက ယုံကြည်ထားသည့်အချိန်မှာဖြစ်သည်။ သေဆုံးသွားသော ချီရွှမ်းစုကို ထူးချွန်ထက်မြက်သော အမှုဆောင်တစ်ဦးအဖြစ် မှတ်မိနေပေလိမ့်မည်။ သို့သော် လက်ရှိချီရွှမ်းစုကတော့ မေးခွန်းထုတ်ရမည့် မသင်္ကာစရာ လူတစ်ယောက်ဖြစ်နေ၏။

ဒါ့အပြင် ယခုအချိန်မှာ ထျန်ကန်းခန်းမက လျှို့ဝှက်အသင်းအဖွဲ့များအပေါ် သည်းခံနိုင်စွမ်း လုံးဝကုန်ဆုံးနေသည်မှာ သိသာထင်ရှား၏။ သူတို့သည် အယူဝါဒမိစ္ဆာများကို စစ်ကြောမေးမြန်းရန် ဖုန့်ရှန်ခန်းမထံသို့ ပို့ဆောင်လိမ့်မည် မဟုတ်ဘဲ နေရာမှာတင် ကွပ်မျက်ကြပေလိမ့်မည်။ တာအိုဂိုဏ်းတော်မှ လူများက ချီရွှမ်းစုကို မမှတ်မိဘဲ သူ့ကို အယူဝါဒမိစ္ဆာတစ်ဦးအဖြစ် တစ်ခါတည်း ကွပ်မျက်လိုက်ဖို့ ဖြစ်နိုင်ခြေရှိသည်။

ဝေဟင်ပျံသင်္ဘော ပျက်ကျမှုမှာ တာအိုဂိုဏ်းတော်သည် ကြီးမားစွာ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့ရသည်။ တာအိုဂိုဏ်းတော်သည် မကြာသေးခင်နှစ်များအတွင်း ပြင်ပရန်သူများအပေါ် အတော်လေး သက်ညှာနေခဲ့သော်လည်း သူတို့မှာ ရက်စက်ကြမ်းတမ်းမှု မရှိဟု မဆိုလိုပေ။ မဟုတ်ပါက မဟာယာနဗုဒ္ဓဂိုဏ်းနှင့် ကွန်ဖြူးရှပ်ကျောင်းတော်က အရှုံးကို စိတ်လိုလက်ရ ဝန်ခံခဲ့ကြလိမ့်မည် မဟုတ်ပေ။

ဤအချိန်မှာ တာအိုဂိုဏ်းတော်သည် လင်းရှန်စုန်းကဝေအယူဝါဒဂိုဏ်းကို ပစ်မှတ်ထားရုံသာမက သံမဏိလက်သီးဖြင့် လျှို့ဝှက်အသင်းအဖွဲ့များအားလုံးကို ဖိနှိမ်တော့မည်ဖြစ်၏။ လင်းရှန်စုန်းကဝေဂိုဏ်း၏ အကြမ်းဖက်တိုက်ခိုက်မှုကို တာအိုဂိုဏ်းတော်က ထိထိရောက်ရောက် မတုံ့ပြန်လျှင် အဲ့ဒါကို သာဓကထား၍ အခြားသော လျှို့ဝှက်အသင်းအဖွဲ့များက တာအိုဂိုဏ်းတော်ကို စိန်ခေါ်လာကြပေမည်။ ထိုသို့ဆိုလျှင် လောကက တည်ငြိမ်အေးချမ်းမှု ရှိတော့မည် မဟုတ်ချေ။

အရင်တုန်းက ကံကြမ္မာအယူဝါဒဂိုဏ်းသည် ဟွာရှန်ခန်းမ၏ ထုတ်လုပ်ရေးရုံကို တိုက်ခိုက်ခဲ့စဉ်က တာအိုဂိုဏ်းတော်သည် သူတို့အား အလွန်တရာကြီးမားသည့် တန်ဖိုးတစ်ခု ပေးဆပ်စေခဲ့သည်။ ထိုအချိန်မှစ၍ ကံကြမ္မာအယူဝါဒဂိုဏ်းက ဆယ်နှစ်နီးပါး ပျောက်ကွယ်သွားခဲ့သည်။

တကယ်တော့ ဤလျှို့ဝှက်အသင်းအဖွဲ့များသည် အချိန်တစ်ခုကြာပြီးပါက တာအိုဂိုဏ်းတော်ကို ရန်စခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်များကို မေ့ပျောက်သွားသည့်အလား အမြဲတမ်း ပြန်ပေါ်လာတတ်သည်။ သူတို့ကို လုံးလုံးလျားလျား မချေမှုန်းသရွေ့ အမြဲတမ်း တကျော့ပြန်လာကြပေလိမ့်မည်။

မည်သို့ပင်ဆိုစေ ချီရွှမ်းစုက ဤနေရာကနေ တတ်နိုင်သမျှမြန်မြန် ထွက်ပြေးရပေမည်။ အနောက်ဘက် ဂိုဘီကန္တာရသည် ယုံကြည်စိတ်ချရသော နေရာတစ်ခု ဆက်လက်၍ မဟုတ်တော့ပေ။

ဤအချိန်မှာ သူက အကျိုးအမြတ် အတော်လေး ရိတ်သိမ်းထား၏။ သွေးဆေးလုံးသည် အနည်းဆုံး ထိုက်ဖျင်ဒင်္ဂါး ထောင်ချီတန်လိမ့်မည်ဖြစ်ပြီး သူ့လို ငွေကြေးပြတ်လပ်နေသူအတွက် အတော်လေး တာသွားလေသည်။ သူနှမြောမိသည်မှာ ကျောက်စိမ်းဖြူခန်းမ၊ မျိုးနွယ်ရှစ်စု၊ တည်းခိုခန်းနှင့် ချင်းဖျင်အသင်း၏ ပတ်သက်ဆက်နွယ်မှုကို မဖော်ထုတ်နိုင်ခဲ့ခြင်းပင်။ အစ်မချီ၊ တောင်တစ္ဆေနှင့် ကျောက်စိမ်းဖြူခန်းမကြား ဆက်ဆံရေးကိုလည်း သူ မသိရှိရသေးပေ။ သို့သော် အခြေအနေက အတော်လေး ကမောက်ကမဖြစ်လာပြီး ထိုအဖြေများကို ရဖို့အတွက် သူ့အသက်နှင့်ရင်း မစွန့်စားချင်တော့ပေ။

အလွန်တရာ ကျယ်လောင်သော မိုးကြိုးဟိန်းသံက ထွက်ပြေးနေသော ချီရွှမ်းစုကို တုန်လှုပ်သွားစေ၏။ သူက နောက်ပြန်လှည့်ကြည့်စဉ် ကောင်းကင်တစ်ခုလုံး ပြာနှမ်း၍ ကောင်းကင်နှင့် မြေကမ္ဘာကို ချိတ်ဆက်ထားသည့် ခရမ်းရောင်မိုးကြိုးလျှပ်စီးကြောင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

“ဒါက ထျန်ကန်းခန်းမရဲ့ နောက်ဆုံးပေါ် တိုက်ခိုက်ရည်စွမ်းအားလား... ထျန်ကန်းခန်းမက တာအိုဂိုဏ်းတော်ရဲ့ ဓားသွားလို့ ကျော်ကြားနေတာ ဒါ့ကြောင့်ကိုး”

မီးအလင်းတန်းတစ်ခုသည် ထုတ်လုပ်ရေးရုံ၏ အတွင်းစက်ဝိုင်းကနေ အပြင်စက်ဝိုင်းသို့ ရိပ်ခနဲ ဖြတ်ပြေးသွားပြီး မိုးကြိုးထိခတ်ရာနေရာနှင့် အတော်ဝေးဝေးကို ရောက်ရှိလာ၏။ ၎င်းက အတော်အတန် အကောင်အတိုင်း ကျန်ရှိနေသေးသည့် အပြင်ဘက်အစပ်က မဏ္ဍပ်ဆောင်တစ်ခုဆီ ဆင်းသက်လိုက်၏။

ဤအချိန်မှာ မဏ္ဍပ်ဆောင်ထဲတွင် လူအတော်များများက စောင့်ဆိုင်းနေကြပြီဖြစ်သည်။ သူတို့အားလုံးက ကျောက်စိမ်းဖြူခန်းမ၏ အဖွဲ့ဝင်များဖြစ်ကြ၏။ တစ်ယောက်ချင်းစီက ယင်စွမ်းအင်ကို သွေဖည်စေနိုင်သည့် အဆောင်များကို ကိုင်စွဲထားကြပြီး သူတို့၏ ဘေးပတ်လည်မှာ ကြည်လင်နေသော ရေပူဖောင်းလို ခပ်ဖျော့ဖျော့ စက်ဝန်းတစ်ခု ဖြစ်ပေါ်နေ၏။ ဤအကာအရံအလွှာနှင့်အတူ သူတို့သည် မဟာအသူရာ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားကို ရှောင်လွှဲနိုင်ကြသည်။

သူတို့ကလည်း အကျိုးအမြတ်ကို ရိတ်သိမ်းထားကြ၏။ သူတို့၏ အဝတ်အစားများသည် ပေါင်းသင်ရှင်းလင်းစစ်ဆင်ရေးအတွက် တည်းခိုခန်းက စေလွှတ်လိုက်သော သူများ၏ သွေးများဖြင့် စွန်းထင်းနေ၏။

မီးအလင်းတန်းက လူသားပုံစံအဖြစ် ပြောင်းလဲပြီး မဟာအသူရာ၏ ပခုံးပေါ်မှာ မတ်တတ်ရပ်နေခဲ့သောလူအဖြစ် ပေါ်ထွက်လာ၏။ သူက ခပ်ဖျော့ဖျော့ အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် အသက်သုံးဆယ်ကျော်အရွယ် ပေါ့ပြက်ပြက်ပုံစံနှင့် ရုပ်ချောချော အမျိုးသားတစ်ယောက်ဖြစ်သည်။

ရှန့်ကွမ်ကျင့် ဖတ်ခဲ့သည့် စာထဲကအတိုင်း ကျောက်စိမ်းဖြူခန်းမမှာ အဖွဲ့ဝင်အားလုံးတွင် သရုပ်သကန်နှစ်ခုစီ ရှိနေကြ၏။ ဤလူသည် မျိုးနွယ်ရှစ်စု၏ အဖွဲ့ဝင်လည်းဖြစ်သော ကျုံးပိုယွီဖြစ်သည်။

ကျုံးပိုယွီသည် တစ်ခါက တာအိုတပည့်ဂိုဏ်းသားတစ်ဦး ဖြစ်ခဲ့ဖူးသည်။ အကြောင်းအခွင့် တိုက်ဆိုင်စွာဖြင့် သူက မျိုးနွယ်ရှစ်စုသို့ ဝင်ရောက်မိပြီး ထိုနေရာမှာ သူ၏ အစွမ်းအစများကို ထုတ်ဖော်နိုင်သောကြောင့် တာအိုဂိုဏ်းတော်ကနေ ထွက်လာခဲ့သည်။ မျိုးနွယ်ရှစ်စုမှာ သူ၏ ထင်ရှားပေါ်လွင်သော စွမ်းဆောင်ရည်များကြောင့် သူက ကျောက်စိမ်းဖြူခန်းမကို ဝင်ရောက်နိုင်ခဲ့၏။

ကျုံးပိုယွီအတွက်တော့ မျိုးနွယ်ရှစ်စုသို့ ဝင်ရောက်ခြင်းက သူ့ဘဝ၏ ပထမဆုံး အချိုးအကွေ့ဖြစ်ပြီး ကျောက်စိမ်းဖြူခန်းမသို့ ဝင်ရောက်ခြင်းက ဒုတိယမြောက် အချိုးအကွေ့ဖြစ်သည်။ ကျောက်စိမ်းဖြူခန်းမ၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ကျုံးပိုယွီသည် မထင်မရှား အဆင့် ၇ တာအိုဆရာတစ်ဦးအဖြစ်ကနေ နောက်ဆုံး ထင်ပေါ်လာနိုင်ခဲ့သည်။

ကျုံးပိုယွီက လှည့်ပတ်ကြည့်ရှုလိုက်၏။

“ဘာလို့ လူတစ်ယောက် ပျောက်နေတာလဲ”

ကျောက်စိမ်းဖြူခန်းမ အဖွဲ့ဝင်များ အားလုံးက မသိနားမလည်ကြောင်း ခေါင်းခါပြလိုက်ကြ၏။

“ကဲ... ထားလိုက်တော့... အခုချက်ချင်း ပြန်ဆုတ်ကြမယ်”

ကျုံးပိုယွီက အမိန့်ပေးလိုက်၏။

ကျောက်စိမ်းဖြူခန်းမမှ လူတိုင်းက ကြိုတင်ပြင်ဆင်ထားကြ၏။ သူတို့က အထူးသီးသန့်အဆောင်များကို ထုတ်ယူပြီး လောင်ကျွမ်းနေသော မီးပွားများအဖြစ် ပြောင်းလဲသွားစေ၏။ ဤမီးပွားများက လေးထောင့်တံခါးတစ်ချပ်အဖြစ် ချိတ်ဆက်ကာ ညိုမှောင်နေသော လေဟာနယ်တံခါးတစ်ချပ်အဖြစ် ပြောင်းလဲသွားလေသည်။

ကျုံးပိုယွီက ယင်ယန်ဂိတ်တံခါးထဲသို့ အရင်ဆုံး လျှောက်လှမ်းသွား၏။ မမြင်ရသော နယ်နိမိတ်စည်းကို ဖြတ်ကျော်သွားစဉ် ယင်ယန်ဂိတ်တံခါးမှာ ဝဲဂယက်များ ဖြာထွက်၍ ချက်ချင်းပင် ပျောက်ကွယ်သွား၏။

ကျောက်စိမ်းဖြူခန်းမမှ ကျန်ရှိနေသော အဖွဲ့ဝင်များကလည်း လေဟာနယ်ဂိတ်တံခါးထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်ရောက်သွားကြ၏။ နောက်ဆုံးလူ လျှောက်လှမ်းဝင်ရောက်သွားပြီးနောက် လေဟာနယ်ဂိတ်တံခါးက လျင်မြန်စွာ ကျုံ့ဝင်၍ နောက်ဆုံးမှာ လုံးလုံးလျားလျား ပျောက်ကွယ်သွားတော့၏။

ယင်ယန်ဂိတ်တံခါး၏ အခြားတစ်ဖက်ကို ရောက်သည့်အခါ သူတို့က ကျေးငှက်သီဆိုသံများကို ကြားရပြီး ပန်းများ၏ မွှေးရနံ့ကို ရှူရှိုက်မိလိုက်ကြ၏။ သူတို့သည် တောင်များပတ်လည်ဝန်းရံထားသည့် စိမ်းစိုလန်းဆန်းသည့် ပန်းပေါင်းစုံ တောင်ကြားချိုင့်ဝှမ်းတစ်ခုထဲ ရောက်ရှိလာကြ၏။ ဤနေရာမှာ ရာသီဥတုက နွေးထွေးပြီး အတော်လေး သက်သောင့်သက်သာရှိကာ ဂိုဘီကန္တာရနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားနေ၏။

မလှမ်းမကမ်းမှာ မြက်ခင်းစိမ်း၊ ကြည်လင်နေသော ရေကန်နှင့် ကမ်းစပ်က ရိုးရှင်းသော ဆိပ်ခံတံတားတစ်စင်း ရှိနေ၏။

ဝါးခမောက်ဆောင်းထားသည့်လူက ဆိပ်ခံတံတားမှာထိုင်ပြီး ငါးမျှားတံတစ်ချောင်းနှင့် ငါးမျှားနေ၏။

ကျုံးပိုယွီက ငါးမျှားတံကို ကြိုးရစ်နေသည့် ထိုလူထံ မြန်မြန်ဆန်ဆန် လျှောက်လှမ်းသွား၏။ ကံဆိုးစွာဖြင့် ငါးစာက တစ်ပိုင်းသာ ကျန်တော့ပြီး ငါးမျှားချိတ်မှာ ရေမှော်ပင်များ ကပ်ငြိနေ၏။

ထိုလူက ငါးမျှားချိတ်က ရေမှော်ပင်များကို သာမန်ကာလျှံကာ ဆွဲထုတ်၍ ငါးစာထပ်ချိတ်ပြီးနောက် ရေထဲကို ပြန်ချလိုက်၏။

“မင်း ဟိုပစ္စည်းကို ပြန်ယူလာခဲ့လား”

“ဟုတ်ကဲ့... ယူလာခဲ့ပါတယ်”

ကျုံးပိုယွီသည် ရှေးဟောင်းခေတ်များက ဓားအသပြာနှင့်တူသော ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။ ထိုပစ္စည်းက လခြမ်းကွေးသဏ္ဌာန်ရှိပြီး အထဲမှာ ပါးလွှာသော သွေးချည်မျှင်များနှင့်အတူ စိမ်းစိုကာ အရည်လည်နေ၏။ ၎င်းသည် ချီရွှမ်းစု၏ ကျင့်ကြံမှုကို သိသိသာသာ မြှင့်တင်ပေးခဲ့သော ရွှမ်ကျောက်စိမ်းဖြစ်သည်။ သို့သော်လည်း အဲ့ဒါက ချီရွှမ်းစု ယခင် တွေ့မြင်ခဲ့ဖူးသော ရွှမ်ကျောက်စိမ်းနှစ်ခုနှင့် အတိအကျ တူညီမနေပေ။

ထိုလူက ရွှမ်ကျောက်စိမ်းကို တစ်ချက်ကြည့်လိုက်၏။

“အင်း… ကောင်းတယ်”

ကျုံးပိုယွီက မှန်မှန်ကန်ကန် တင်ပြလိုက်၏။

“ဒီရွှမ်ကျောက်စိမ်းအပိုင်းက အလောင်းမွေးမြူကုန်းမြေရဲ့ အနက်ပိုင်းထဲမှာ ရှိနေခဲ့တယ်… တည်းခိုခန်းက အမှုထမ်းတွေ ရောက်လာတော့ ကျုပ်က ရွှမ်ကျောက်စိမ်းကို ယူနိုင်အောင် ဟွာရှန်ခန်းမ ချိပ်ပိတ်ထားတဲ့ မဟာအသူရာကို အသုံးချခဲ့ရတယ်... မဟာအသူရာက တည်းခိုခန်းက လူတွေကို ရှင်းထုတ်ပစ်လိုက်ပေမဲ့ ထျန်ကန်းခန်းမကို ဖိတ်ခေါ်မိစေခဲ့တယ်... မဟာအသူရာကို သူတို့ ဖျက်ဆီးပစ်လိုက်ကြပြီ”

“မင်း အဲ့ဒါကို မိခင်ကလေးအဆောင်နဲ့ ငါ့ကို ပြောပြပြီးပြီပဲ… ဘာများထူးဆန်းလို့လဲ”

ထိုလူက ငါးဆက်မျှားနေ၏။ ရုပ်ရည်သွင်ပြင်အရ ဤလူသည် ကျုံးပိုယွီထက် အသက်ပိုကြီးမည့်ပုံ ရှိသည်။ ဝါးခမောက်က သူ့မျက်နှာကို ဖုံးအုပ်ထားသောယ်လည်း ထိုလူ၏ အေးဆေးတည်ငြိမ်ပုံနှင့် လေသံအရ သူသည် ကျောက်စိမ်းဖြူခန်းမ၏ အဆင့်မြင့်အဖွဲ့ဝင်တစ်ဦး ဖြစ်သည်မှာ သိသာနေ၏။

ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ကျုံးပိုယွီက ပြောလိုက်၏။

“အင်ပါယာနန်းတော်က…”

“အဲဒါက အင်ပါယာနန်းတော်အတွက် ပုံမှန်လုပ်ရိုးလုပ်စဉ်ပဲ… ဘာမှသိပ်ပြီး စိုးရိမ်မနေနဲ့”

ထိုလူက ပြောရင်း ရွှမ်ကျောက်စိမ်းကို ပွတ်သပ်ကြည့်နေ၏။

ကျုံးပိုယွီ၏ အကြည့်ကလည်း ရွှမ်ကျောက်စိမ်းအပေါ် ရောက်ရှိသွားပြီး သူက သတိထားကာ မေးလိုက်၏။

“အဲ့ဒါက ဘာလဲ… အဲဒီပစ္စည်းနဲ့ ကျုပ် ဘာလို့ မဟာအသူရာကို ထိန်းချုပ်လို့ ရခဲ့တာလဲ”

ရွှမ်ကျောက်စိမ်းကို နေရောင်မှာ ထောင်၍ အထဲမှာ ရှိသော သွေးကြောမျှင်များကို သူက လေ့လာအကဲခတ်ကြည့်နေ၏။

“ဒါကို ရွှမ်ကျောက်စိမ်းလို့ ခေါ်တယ်... ချင်းဖျင်အသင်းနဲ့ ထိုက်ဖျင်ဂိုဏ်းက အဲ့ဒါကို အသည်းအသန် ရှာဖွေနေကြတယ်... သူ့မှာ ထူးခြားအံ့မခန်းနဲ့ မယုံနိုင်စရာကောင်းတဲ့ အသုံးဝင်မှုတွေ ရှိတယ်... သူတို့ရဲ့ ထူးခြားမှုနဲ့ အသုံးဝင်မှုကလည်း တစ်ခုနဲ့တစ်ခု မတူကြဘူး”

“ဒီရွှမ်ကျောက်စိမ်းအပိုင်းကတော့ တမလွန်ဘုံကို ထိန်းချုပ်နိုင်တယ်… ဒါပေမဲ့ အဲဒါက အပြည့်အဝ အသက်မဝင်သေးဘူး… အဲဒါကြောင့် မဟာအသူရာက မင်းကို မတိုက်ခိုက်အောင်ပဲ အဲဒါနဲ့ တားဆီးပေးနိုင်ခဲ့တာ… မင်းက မဟာအသူရာကို တကယ်ထိန်းချုပ်နိုင်ခဲ့တာမှ မဟုတ်တာ”

All Chapters