← Chapters

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း (၂၁၅-၂၁၆)

Vol. 22 Ch. 215-216

အခန်း ၂၁၅ - အန္တရာယ်ကို လျစ်လျူရှုမိခြင်း

တာအိုဂိုဏ်းတော်၊ အင်ပါယာနန်းတော်၊ တည်းခိုခန်း၊ ချင်းဖျင်အသင်း၊ မျိုးနွယ်ရှစ်စု၊ ကျောက်စိမ်းဖြူခန်းမနှင့် အခြားသော အင်အားစုများကြား ရှုပ်ထွေးပွေလီမှုအကြောင်း ချီရွှမ်းစု များစွာသိရှိမထားပေ။

သူက ဤနေရာမှာ ဆက်နေလို့ မရတော့သည်ကိုသာ သိထား၏။ ချင်ရှန့်ကို ပြန်ပို့ဖို့ အတွေးကိုပင် စွန့်လွှတ်ပြီး အနောက်ဘက် ဂိုဘီကန္တာရကနေ တတ်နိုင်သမျှ မြန်မြန်ထွက်ခွာချင်မိ၏။

ထို့သို့ဖြင့် ချီရွှမ်းစုသည် အနောက်ဘက် ဂိုဘီကန္တာရကနေ ထွက်ခွာတော့မည့်ဆဲဆဲမှာ ဝတ်ရုံနက်များနှင့် ပက်ပင်းတိုးသွား၏။

ဝတ်ရုံနက်များက ဤမြို့ကို ပိတ်ဆို့ထားလိမ့်မည်ဟု ချီရွှမ်းစု ထင်မှတ်မထားရာ၊ ဝတ်ရုံနက်များနှင့် ကြုံတွေ့ရသည့်အချိန်မှာ သူက လုံးဝအငိုက်မိသွား၏။

ရလဒ်ကတော့ သူက ချောင်းမြောင်းတိုက်ခိုက်ခံရပြီး နှစ်ချက်ပစ်ခတ်ခံလိုက်ရ၏။ ကံကောင်းစွာဖြင့် ဝတ်ရုံနက်များသည် သာမန်ချပ်ဝတ်ဖောက်ကျည်ဆန်များကိုသာ အသုံးပြုကြ၏။ သူတို့သာ နဂါးမျက်လုံးကျည်ဆန်ကို အသုံးပြုမည်ဆိုလျှင် ချီရွှမ်းစု၏ ပြန်လည်ကုသနိုင်စွမ်းနှင့်ပင် သူက ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။

သာမန်ချပ်ဝတ်ဖောက်ကျည်ဆန်များက ချီရွှမ်းစု၏ ချီဒိုင်းကာကို ထိုးဖောက်၍ သူ့ကိုယ်ထဲ ဝင်ရောက်ကာ အထဲမှာ ကြယ်ပုံစံ ပွင့်ထွက်သွားစေ၏။ ချီရွှမ်းစု၏ ခန္ဓာကိုယ်သည် ဤကျည်ဆန်၏ ထိခတ်မှုကို ခံနိုင်ရည်ရှိသော်လည်း သူက ခေတ္တခဏ ငေးငိုင်သွား၏။

ဤဝတ်ရုံနက်များက သာမန်မြို့စောင့်တပ်သားများ မဟုတ်ကြပေ။ သူတို့သည် စစ်ပွဲအတွေ့အကြုံရှိသော လက်ရွေးစင် ရှေ့တန်းတပ်သားများဖြစ်ကာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် လက်နက်ခဲယမ်းမှာ ဖီးနစ်စိမ်းတပ်သားများထက် များစွာသာလေသည်။

ချီရွှမ်းစုက ကြီးမားသော ကျောက်ဆောင်တစ်ခုနောက်ကို အလျင်အမြန် ဝင်ပုန်းလိုက်၏။

ဤဝတ်ရုံနက်အုပ်စုသည် ၁၈ချက် ပစ်ခတ်နိုင်သည့် စုံလည်ကျည်အိမ်ပါသော ငါးလုံးပြူးသေနတ်ရှည်များကို ကိုင်စွဲထား၏။ ခဏကြာအောင် ကျည်ဆန်များက တရစပ် ကျရောက်လာပြီး ကျောက်ဆောင်ကို ထိမှန်ကာ ဖုန်များ တထောင်းထောင်းထသွား၏။ ချီရွှမ်းစု ဝပ်ပုန်းနေသည့် ကျောက်ဆောင်က ပဲ့ကြွေကျကာ နားကျယ်အုံနှင့် တူသွားသည်။

ဤအခြေအနေနှင့် ရင်ဆိုင်ရချိန်မှာ ချီရွှမ်းစုက ဘာမှမလုပ်ဘဲ အသေခံမည် မဟုတ်ပေ။ သူ၏ ကြွက်သားထဲ နစ်ဝင်နေသည့် ကျည်ဆန်နှစ်တောင့်ကို ညှစ်ထုတ်ပြီး ဒဏ်ရာသက်သာလာချိန်အထိ စောင့်လိုက်၏။ ထို့နောက် သူ၏ နတ်နဂါးပစ္စတိုကို ဆွဲထုတ်လိုက်၏။

ခဲယမ်းလက်နက်များ အသုံးပြုပုံကို ဝမ်ရှန်းတာအိုနန်းတော်မှာ သင်ကြားပေးထားပြီး ပစ်ခတ်သည့်နေရာမှာ ချီရွှမ်းစုသည် ဤဝတ်ရုံနက်များထက် မနိမ့်ကျပေ။ ဒါ့အပြင် သူ့မှာ အားသာချက်ရှိနေ၏။ သူက သေနတ်ပစ်ချက်ဖြင့် သေမည်မဟုတ်သော်လည်း ဤဟောက်ထျန်သက်ရှိများကတော့ သေပေလိမ့်မည်။

တကယ်ဆို ချီရွှမ်းစုသည် ဖီးနစ်မျက်လုံးကျည်ဆန်တစ်တောင့်ကိုသုံးပြီး သူတို့အားလုံးကို တစ်ခါတည်း ရှင်းပစ်နိုင်သည်။ သို့သော် သူ့မှာ ထိုကဲ့သို့သောကျည်ဆံ နှစ်တောင့်သာ ရှိတော့သည်ကို ထည့်တွက်စဉ်းစားရင်း အရေးပေါ်သုံးဖို့ သိမ်းဆည်းထားလို၏။

နောက်ခဏ၌ ကျည်ဆန်လာရာဘက်ကို အခြေခံ၍ သူ၏ တိကျသော အကြားအာရုံကို မှီခိုကာ မတ်တတ်ထရပ်ပြီး ဆုံလည်သေနတ်ရှိရာဘက်သို့ ပစ်ခတ်လိုက်၏။

ထိုက်ဖျင်ဒင်္ဂါး သုံးထောင်ကျော်တန်သော ဆုံလည်သေနတ်က အပိုင်းပိုင်းပေါက်ကွဲထွက်သွား၏။ ထိုအခါမှ သူက ကျောက်ဆောင်နောက်ကနေ ခုန်ထွက်လာ၏။ သူ့ခြေထောက်မှာ ကျားမာအဆောင်များကို တပ်ထားဆဲဖြစ်ပြီး မြေပြင်က ကျုံ့ဝင်သွားသည့်အလား သူက ချက်ချင်းပင် ဝတ်ရုံနက်များရှေ့ကို ခုန်ဝင်လိုက်၏။

ချီရွှမ်းစု ရုတ်တရက် ခုန်ထွက်လာသည့်အခါ ဝတ်ရုံနက်များက ကြောက်လန့်သွားသော်လည်း ရှေ့ဆုံးတန်းက ပစ္စတိုကိုင်ထားသည့်သူများက အလျင်အမြန် နောက်သို့ခုန်ဆုတ်ပြီး ဓားများနှင့် ဒိုင်းကာများ ကိုင်စွဲထားသည့်သူများက ရှေ့ကို ခုန်ဝင်လာကြ၏။

ချီရွှမ်းစုက ခွန်လွင်အဆင့်မှာ ရှိနေဦးမည်ဆိုလျှင် ကောင်းကောင်းလေ့ကျင့်ပေးထားသော ဤစစ်သည်များနှင့် ရင်ဆိုင်ဖို့ အခက်တွေ့ရပေလိမ့်မည်။ သို့သော် ယခု ချီရွှမ်းစုသည် ယွီရှုအဆင့်ကို ရောက်ရှိနေပြီး ကွေ့ကျန်းအဆင့်ကို တက်လှမ်းတော့မည်ဖြစ်သည်။

သူက ဆယ်ပေါင်လေးသော နတ်နဂါးပစ္စတိုဖြင့် နောက်သို့ခုန်ဆုတ်ရင်း သူ့ကိုပစ်ဖို့ ကြံနေသည့် စစ်သားတစ်ဦး၏ မျက်နှာကို ပစ်ပေါက်လိုက်၏။ ထိတွေ့ရိုက်ခတ်မှုမှာ ထိုစစ်သား၏ မျက်နှာက ကွဲ၍ ချက်ချင်းပင် သတိလစ်သွား၏။ မျက်နှာကို ကာပေးထားသည့် ခေါင်းဆောင်းကြောင့် မဟုတ်လျှင် သူ့ခေါင်းက ပွင့်ထွက်သွားပေလိမ့်မည်။

ဤသည်မှာ နတ်နဂါးပစ္စတို၏ အားသာချက်နှင့် အားနည်းချက်ဖြစ်၏။ ၎င်းသည် ဆယ်ပေါင်လေးပြီး သာမန်လူများအနေဖြင့် တည်တည်ငြိမ်ငြိမ် ပစ်ခတ်ဖို့နေနေသာ၊ ကိုင်မဖို့ပင် ခက်ခဲပေလိမ့်မည်။ သို့သော်လည်း ချီရွှမ်းစုလို လူများအတွက် ပစ္စတို၏ အလေးချိန်သည် ပြဿနာတစ်ခု မဟုတ်ဘဲ ထုနှက်ဖို့အတွက်ပင် အသုံးချနိုင်၏။

ချီရွှမ်းစုသည် သူ့ကို ဓားများဖြင့် ပစ်ထိုးလာသည့် ဝတ်ရုံနက်များကို မရှောင်ဘဲ လက်သီးနှစ်ဖက်ဖြင့် ပြန်လည်ပစ်ထိုးလိုက်၏။ သူက ဒိုင်းကာများကို မချိုးဖျက်နိုင်သော်လည်း သူ့လက်သီးက သူတို့ကို ပုံပျက်ပန်းပျက် ဖြစ်သွားစေ၏။ ဒိုင်းကာများ ကိုင်စွဲထားသည့် စစ်သည်များသည် ထိတွေ့ရိုက်ခတ်မှုမှာ သူတို့၏ လက်ကောက်ဝတ်များ ကျိုးကြေသွားသည်ဟု ခံစားရပြီး နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြရ၏။ သူတို့က ဒယီးဒယိုင် နောက်သို့ဆုတ်ကာ သူတို့၏ စုဖွဲ့ပုံကို ထိန်းမထားနိုင်တော့ပေ။

စစ်သည်နှစ်ဦးကို စင်ထွက်သွားစေပြီးနောက် ချီရွှမ်းစုက သိုးအုပ်ထဲ ဝင်ရောက်လာသော ကျားတစ်ကောင်လို ဝတ်ရုံနက်များကြားထဲ တိုးဝင်သွား၏။ တစ်ခဏချင်းမှာပင် စစ်သည်များစွာက အရိုးများကျိုး၊ အရွတ်များပြတ်ကာ မြေပြင်ပေါ် လဲကျကုန်၏။

ဓားများနှင့် ဒိုင်းကာများ ကိုင်စွဲထားသည့် စစ်သည်များ မရှိသည့်အခါ ကျန်ရှိနေသော သေနတ်ကိုင်စစ်သည်များသည် အနီးကပ်တိုက်ခိုက်ရာမှာ ခဲယမ်းလက်နက်များကို ကောင်းကောင်းအသုံးမပြုနိုင်သည့်အတွက် ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြ၏။

သူတို့ထဲမှ တစ်ယောက်က သူ့သေနတ်ကို မြှောက်လိုက်သော်လည်း ချီရွှမ်းစုက သေနတ်ပြောင်းကို ဖမ်းဆွဲပြီး ဖိညှစ်လိုက်၏။ စစ်သားက ခလုတ်ကို ဆွဲလိုက်သည့်အခါ ပေါက်ကွဲမှုက ရှေ့မထွက်ဘဲ သူ့မျက်နှာကို လာရောက်ရိုက်ခတ်၏။

နောက်ထပ်တပ်သားတစ်ဦးက ချီရွှမ်းစုကို ပစ်ခတ်ဖို့ သေနတ်ကို ကိုင်မြှောက်လိုက်သော်လည်း ပြောင်းဝမှ လာသည့် သန်မာသော အားတစ်ခုကို ခံစားရပြီး ကျည်ဆန်က မိုးပေါ်ထောင်သွား၏။

ချီရွှမ်းစုက ထိုစစ်သား၏ ရင်ဘတ်ကို ဆောင့်နင်းပြီး နောက်ဘက်ကို စင်ထွက်သွားစေ၏။ မြေပေါ်ကို ကျသည့်အချိန်မှာ ထိုစစ်သားက သွေးများအန်ထုတ်လိုက်ရ၏။

သေနတ်ကိုင်စစ်သားနှစ်ဦးက သူတို့၏ ဓားမြှောင်များကို ဆွဲထုတ်ပြီး ချီရွှမ်းစုကို ပစ်ထိုးလိုက်ကြ၏။ အနီးကပ်တိုက်ခိုက်မှုမှာ သေနတ်ရှည်များက အသုံးမတည့်တော့ပေ။ ပစ္စတိုများက ပို၍အသုံးတည့်သော်လည်း သာမန်ဝတ်ရုံနက်များကို အရည်အသွေးမြင့် ပစ္စတိုများ တပ်ဆင်ပေးမထားပေ။

ပုံမှန်အားဖြင့် ရွေ့လျားတပ်မဗိုလ်နှင့်အထက်သာ နတ်နဂါးပစ္စတိုကို ကိုင်ဆောင်ခွင့်ရှိကြသည်။ သို့သော်လည်း နတ်နဂါးပစ္စတိုကို မှောင်ခိုဈေးကွက်ထဲမှာလည်း ဝယ်ယူရရှိနိုင်၏။

ဤစစ်သားများက ချီရွှမ်းစုလောက် မသန်မာကြပေ။ ချီရွှမ်းစုက လက်ပြန်ပစ်ရိုက်ပြီး သူတို့နှစ်ယောက်စလုံးကို နောက်သို့ စင်ထွက်သွားစေ၏။

ချီရွှမ်းစု၏ တိုက်ခိုက်စွမ်းရည်မှာ အခြားသူများက တုန်လှုပ်သွားကြပြီး ခဏကြာအောင် ရှေ့ဆက်မတိုးရဲတော့ပေ။

ချီရွှမ်းစုက နတ်နဂါးပစ္စတိုကို ကောက်ယူပြီး မေးလိုက်၏။

“မင်းတို့တွေ ငါ့ကို ဘာလို့တိုက်ခိုက်တာလဲ”

သူတို့ထဲမှ ခေါင်းဆောင်ဖြစ်ပုံရသော တပ်သားက ပြန်ဖြေလိုက်၏။

“ငါက ရှီကျိုးနယ်ခြားစောင့်စစ်တပ်ရဲ့ ကင်းတပ်ခေါင်းဆောင် ချန်မုံ့ပဲ... ရှီကျိုးကာကွယ်ရေးမှူးရဲ့ စစ်အမိန့်နဲ့ လျှို့ဝှက်အသင်းအဖွဲ့ဝင်တွေကို ရှာဖွေဖို့ ဆောဝမ်ပူရဲ့ ရှေ့တန်းမျက်နှာစာကို ပိတ်ဆို့ထားတယ်”

ချီရွှမ်းစုက လှောင်ရယ်လိုက်၏။

“ဒါက မင်းတို့ရဲ့ ရှာဖွေတဲ့ပုံစံလား... ငါသာ လျှို့ဝှက်အသင်းအဖွဲ့ဝင် မဟုတ်ရင် ငါက မတရားသဖြင့် သေသွားရမှာ မဟုတ်ဘူးလား”

ချန်မုံ့က လက်တွေ့ကျသော အချက်အလက်တစ်ခုကို ထုတ်ပြလိုက်၏။

“မင်းရဲ့ကျင့်ကြံမှုနဲ့ဆို ငါတို့က ပစ်ခတ်ပြီး မင်းကို တားမှပဲရမှာ... ကျည်ဆန်က မင်းကို သတ်ဖြတ်နိုင်မယ်လို့လည်း ငါမထင်ဘူး... ရှီကျိုးကာကွယ်ရေးမှူးရဲ့ စစ်အမိန့်ကို နာခံပြီး စစ်ကြောရေးကို လက်ခံလိုက်... မင်း အင်ပါယာနန်းတော်ကို ဆန့်ကျင်မိရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး”

ချီရွှမ်းစုက ထေ့ငေါ့လိုက်၏။

“အခု မင်းတို့ရဲ့အသက်က ငါ့လက်ထဲမှာရှိနေတယ်ဆိုတာကို သတိပေးရဦးမှာလား”

ချန်မုံ့က အလျှော့မပေးချေ။

“မင်းက မဟာရွှမ်အင်ပါယာရဲ့ ပိုင်နက်နယ်မြေထဲမှာ ရှိနေတယ်ဆိုတာကိုလည်း ငါသတိပေးချင်တယ်... မင်းက ကာကွယ်ရေးမှူးနဲ့ အင်ပါယာနန်းတော်ကို ဆန့်ကျင်မိရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး... မင်းက လျှို့ဝှက်အသင်းအဖွဲ့ဝင် မဟုတ်ရင် စစ်ဆေးမေးမြန်းတာကို အသာတကြည်လက်ခံလိုက်... ငါတို့က ဘယ်လူဆိုးကိုမှ လွှတ်ပေးမှာ မဟုတ်ဘူး... ဒါပေမဲ့ လူကောင်းတွေကိုလည်း အတင်းအကျပ် စွပ်စွဲမှာ မဟုတ်ဘူး”

ချီရွှမ်းစုက ရယ်လိုက်၏။ သူစကားပြောတော့မည့်ဆဲဆဲမှာ မြင်းတပ်တစ်အုပ်စုက ရှေ့ဘက်ကနေ သူတို့ရှိရာသို့ ဒုန်းစိုင်းလာနေကြ၏။

ဤသည်က ဝတ်ရုံနက်များ၏ အသုံးပြုနေကျ နည်းလမ်းဖြစ်သည်။ သူတို့သည် တည်နေရာတစ်ခုကို စောင့်ကြပ်ဖို့ လက်ဖြောင့်တပ်သားများနှင့် ခြေလျင်တပ်ကို အသုံးချပြီး ခံတပ်အခိုင်အမာဆွဲကြသည်။ ထို့နောက် ကင်းတပ်များကို ခံတပ်များကြား လှည့်လည်ခိုင်းထား၏။ လိုအပ်သည့်အခါ အလျင်အမြန် စစ်ကူပေးရန် မြင်းတပ်ကိုလည်း အသင့်ပြင်ထားကြ၏။

သူတို့၏ ယခင် သေနတ်သံက မြင်းတပ်အုပ်စုကို ဖိတ်ခေါ်လိုက်ပြီဖြစ်၏။

မြေပြင်က လှုပ်ခါ၍ မြင်းခွာသံများက ချဉ်းကပ်လာသည်။ ဝတ်ရုံနက်များနှင့် ရင်ဆိုင်ရသည့် ဖိအားက ဖီးနစ်စိမ်းတပ်ဖွဲ့နှင့် လုံးလုံးလျားလျား ကွဲပြားလေသည်။

ဖီးနစ်စိမ်းတပ်ဖွဲ့သည် ဧကရာဇ်၏ နားနှင့်မျက်စိတို့သာဖြစ်ပြီး ဝတ်ရုံနက်များကတော့ ဧကရာဇ်၏ ထက်ရှသော ဓားသွားဖြစ်ကာ အင်ပါယာနန်းတော်၏ ဂုဏ်သိက္ခာကို ကိုယ်စားပြုလေသည်။

ချီရွှမ်းစုသည် ရောက်လာဖို့ အချိန်အနည်းငယ်ကြာဦးမည့် မြင်းတပ်ကို အာရုံမစိုက်ဘဲ သူ့ရှေ့မှာရှိသော ကင်းတပ်ခေါင်းဆောင်ကိုသာ အကဲခတ်ကြည့်နေ၏။

ယခုအချိန်မှာ တာအိုဆရာတစ်ဦးအဖြစ် ချီရွှမ်းစု၏ မူလသရုပ်သကန်က ပျောက်ဆုံးနေ၏။

ထိုသရုပ်သကန်နှင့်ဆိုပါက ဤစစ်သားများက တာအိုဂိုဏ်းတော်ကို လေးစားမှုပြရပေလိမ့်မည်။ သို့သော် ယခုအခါမှာတော့ ကင်းတပ်ခေါင်းဆောင်တစ်ဦးကပင် သူ့ကို ပြဿနာရှာရဲနေ၏။

သို့သော်လည်း ချီရွှမ်းစုက ဤကင်းတပ်ခေါင်းဆောင်ကို မသတ်ဖြတ်ချင်သေးပေ။ မဟုတ်ပါက ထိုသူက သေနှင့်နေလေပြီ။

ချီရွှမ်းစုက ပြောလိုက်၏။

“ငါ့ကိုလွှတ်ပေးမယ်ဆိုရင် ငါ့အတွက်ရော မင်းတို့အတွက်ပါ ပိုအဆင်ပြေလိမ့်မယ်”

ကင်းတပ်ခေါင်းဆောင်က ဘာမှမပြောဘဲ ခေါင်းသာခါပြလိုက်၏။

နောက်ဆုံးမှာတော့ ချီရွှမ်းစုက သူ့လက်ထဲက နတ်နဂါးပစ္စတိုကို အောက်ချလိုက်၏။

ချီရွှမ်းစုက အညံ့ခံတော့မည်ဟုတွေးပြီး ကင်းတပ်ခေါင်းဆောင်၏ အမူအရာက အနည်းငယ်ပျော့ပျောင်းသွား၏။

“အင်း... အဲ့ဒါလုပ်တာ ကောင်းတယ်”

ချီရွှမ်းစုက သူ့ကို စိုက်ကြည့်လိုက်၏။

“ငါက သာမန်ခရီးသွားတစ်ဦးပဲ... မင်း မင်းစကားကို မင်းတည်ပါစေ... ငါက လျှို့ဝှက်အသင်းအဖွဲ့ဝင် မဟုတ်ဘူးဆိုတာ အတည်ပြုပြီးရင် ငါ့ကို လွှတ်ပေးရမယ်”

အခန်း ၂၁၆ - အကျိုးသင့်အကြောင်းသင့် မရှိခြင်း

အစစ်အမှန်လောသည် ကလေးကစားစရာ မဟုတ်သလို တစ်ယောက်တည်း ခရီးသွားလာနိုင်သည့်သူများကလည်း သာမန်လူများ မဟုတ်ကြပေ။

ချီရွှမ်းစုသည် ကြင်နာတတ်သော လူမဟုတ်ဘဲ အသေခံမည့်အစား သတ်ဖြတ်မည့် ရိုးရှင်းသော သဘောတရားကို အမြဲတမ်း ကျင့်သုံးခဲ့သည်။ သူ့ကို သတ်ဖြတ်ချင်သည့်သူများကို လက်တုံ့ပြန်သတ်ဖြတ်ခြင်းက အကျိုးသင့်အကြောင်းသင့် ရှိလေသည်။

ထို့ကြောင့် သူက ဘယ်တုန်းကမှ အသာတကြည် အသေခံလိမ့်မည် မဟုတ်ပေ။

မြင်းတပ်က ချဉ်းကပ်လာစဉ် ချီရွှမ်းစုက လက်နှစ်ဖက်ကို ဘေးဘက်သို့ ဆန့်တန်းလိုက်၏။

“ငါ့ကိုယ်မှာ လာရှာလိုက်”

ချီရွှမ်းစု၏ စိတ်သဘောထားကို တွေ့မြင်ပြီး ဝတ်ရုံနက်များက စိတ်လျှော့လိုက်ကြ၏။ သူတို့၏ ထင်မြင်ချက်အရ လျှို့ဝှက်အသင်းအဖွဲ့ဝင် အများစုသည် ရှိသမျှနည်းလမ်း အကုန်ထုတ်ဖော်၍ ဘယ်တော့မှ အညံ့မခံမည့် ထင်ရာစိုင်းတတ်သူများ ဖြစ်ကြသည်။ မြင်းတပ်ကလည်း ချဉ်းကပ်လာပြီဖြစ်ရာ သူတို့က အသာစီး ရရှိသွားပြီဟု ဤဝတ်ရုံနက်များက ခံစားမိလိုက်ကြ၏။

ချီရွှမ်းစုမှာ သူတို့ထက် မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိနေတယ်ဆိုတော့ရော ဘာဖြစ်သလဲ။

ချီရွှမ်းစုက သူတို့အားလုံးကို သတ်ဖြတ်နိုင်သော်လည်း သူ့တစ်ဘဝလုံး ချောင်ကြိုချောင်ကြားမှာ ပုန်းလျှိုးနေရပေလိမ့်မည်။ နောက်ဆုံးမှာတော့ သူက ရှီကျိုးကာကွယ်ရေးမှူးနှင့် အင်ပါယာနန်းတော်ထံ အညံ့ခံရပေလိမ့်မည်။

ချန်မုံ့က ရှေ့ကို ဖြည်းဖြည်းချင်းတက်ပြီး ချီရွှမ်းစုနှင့် မျက်နှာချင်းဆိုင် ရပ်လိုက်၏။ သူ့နောက်ဘက်မှာ ဒဏ်ရာများနှင့် လဲကျနေသည့် ဝတ်ရုံနက်တစ်အုပ်စု ရှိနေ၏။

ချီရွှမ်းစုက မေးလိုက်၏။

“မင်း ငါ့ကိုယ်ကို မရှာသေးဘူးလား”

ချန်မုံ့က လှောင်ရယ်လိုက်၏။

“သူတို့တွေက ငါ့ရဲ့ ရဲဘော်ရဲဘက်တွေပဲ... ဒါပေမဲ့ မင်း သူတို့ကို ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရစေခဲ့တယ်... သူတို့ထဲက တချို့က စစ်တပ်ကနေတောင် အငြိမ်းစား ယူရလိမ့်မယ်”

“ဒါကတော့ သူတို့တွေက ငါ့ကို အရင်ဆုံး သတ်ဖြတ်ချင်ခဲ့တာကိုး... ငါ ပစ်ခတ်ခံရရင် ငါလည်း ဒဏ်ရာအပြင်းအထန်ရမှာ မဟုတ်ဘူးလား... ငါက ကောင်းကင်သက်ရှိ မဟုတ်တဲ့အတွက် အဲဒီကျည်ဆန်တွေကို အသာတကြည် ခါမထုတ်နိုင်ဘူး... တကယ်လို့ ငါက ကောင်းကင်သက်ရှိ ဖြစ်မယ်ဆိုရင်လည်း ဒီနေရာမှာ မတ်တတ်ရပ်ပြီး မင်းနဲ့ အရည်မရ အဖတ်မရ ပြောနေမှာ မဟုတ်ဘူး”

ချီရွှမ်းစုက ဆက်ပြောလိုက်၏။

“ဒါမှမဟုတ် သူတို့ရဲ့ အသက်က ငါ့အသက်ထက် ပိုပြီးတန်ဖိုးရှိတယ်လို့ မင်း ထင်နေတာလား”

ချန်မုံ့က လှောင်ရယ်လိုက်၏။ သူ့အတွက်တော့ ချီရွှမ်းစုက သူစိမ်းတစ်ယောက်သာဖြစ်ပြီး လျှို့ဝှက်အသင်းအဖွဲ့ဝင်ဖြစ်ဖို့ သံသယဝင်ခံထားရသည်။ ထိုဝတ်ရုံနက်များကတော့ သူနှင့် နေထွက်နေဝင် အတူရှိနေသည့် ညီအစ်ကိုများနှင့် မိတ်ဆွေသူငယ်ချင်းများ ဖြစ်ကြသည်။ ဘယ်သူက ပိုအရေးပါသည်ကို နှိုင်းယှဉ်နေစရာပင် မလိုပေ။

ချီရွှမ်းစုမှာလည်း တူညီသောအတွေး ရှိနေ၏။ ဝတ်ရုံနက်များက သူ့ကို စစ်ဆေးမေးမြန်းခြင်း မရှိဘဲ တိုက်ခိုက်ခဲ့သည့်အတွက် သူက ထိုသူများကို သူ့ရန်သူများအဖြစ် ရှုမြင်ထား၏။ ထို့ကြောင့် ဤစစ်သားများ၏ နောက်ခံဇာတ်လမ်းများကို ဂရုမစိုက်ပေ။ သူတို့က သူ့အပေါ် အရင်ဆုံး ရိုင်းပျလာမှတော့ သူကလည်း ယဉ်ကျေးနေလိမ့်မည် မဟုတ်ပေ။

ချီရွှမ်းစုက ကောင်းကင်သက်ရှိတစ်ဦးဖြစ်လျှင် ဤစစ်သားများက သူ့ကို ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်သည့်အတွက် ပို၍ လက်ခံနိုင်စရာရှိသည်။ သို့သော် သူ၏ လက်ရှိကျင့်ကြံမှုအဆင့်မှာ ဤလူများက သူ့ကို ထိခိုက်အောင် လုပ်နိုင်ပြီး သတ်ပင် သတ်နိုင်သည်။

ချီရွှမ်းစုသည် လောကကို ပိုမိုကောင်းမွန်သော နေရာတစ်ခု ဖြစ်လာဖို့ စိတ်အားထက်သန်နေသည့် ရွှမ်အရှင်မြတ် မဟုတ်ဘဲ သူ့အသက်သူ ကြံဖန်မွေးနေရသည့် လေလွင့်ခရီးသွား တစ်ဦးသာ ဖြစ်သည်။

တစ်ယောက်ယောက်က သူ့ကို သတ်ဖြတ်ချင်လာသည်ဆိုလျှင် သူက လက်တုံ့ပြန်ပေလိမ့်မည်။ သဘောတရားက ရိုးရိုးရှင်းရှင်းသာ။

ဤကိစ္စသည် မှန်သည် မှားသည် ကိုယ်ကျင့်တရားနှင့် သက်ဆိုင်မှု မရှိပေ။ သူ့နေရာမှာ ချန်မုံ့ဆိုလျှင်လည်း ချီရွှမ်းစု လုပ်သလို လုပ်ပေလိမ့်မည်။ ဤသည်က သေခြင်းရှင်ခြင်း ကိစ္စမျှသာ ဖြစ်၏။

ဤအချိန်မှာ မြင်းတပ်က သူတို့နှင့် ပေတစ်ထောက်ထက် ပိုမကွာဝေးတော့ပေ။ ချီရွှမ်းစုက ခုခံမှု မရှိတော့သည်ကို ကြည့်ပြီး မြင်းတပ်က စတင်၍ အရှိန်လျှော့ချလိုက်၏။

ချန်မုံ့က ချီရွှမ်းစု၏ ဝမ်းဗိုက်ကို အားနှင့် ပစ်ထိုးချလိုက်၏။

“ဒါက ဝမ်မူထုံအတွက်ပဲ”

ချီရွှမ်းစုက မလှုပ်မယှက် ရှိနေ၏။

မြင်းတပ်က ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်။ ခွာသံများက ပိုမိုကျယ်လောင်လာသော်လည်း စောစောကကဲ့သို့ ဒုန်းစိုင်းပြေးဝင်လာခြင်း မရှိတော့ပေ။

ချန်မုံ့က ချီရွှမ်းစု၏ ဝမ်းဗိုက်ကို ထပ်ထိုးလိုက်သည်။

“ဒါက စွန်းရွှေရှန်အတွက်ပဲ”

ချီရွှမ်းစုက နေရာမှာတင် မတ်တတ်ရပ်ကာ သူ၏ မျက်လုံးကိုသာ မှေးကျဉ်းထား၏။

ဤအချိန်မှာ မြင်းတပ်က သူတို့ကို ဝိုင်းပတ်ပြီး ရပ်တန့်လိုက်ကြ၏။

ချန်မုံ့က ချီရွှမ်းစု၏ ပခုံးနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့်ဆွဲပြီး ဝမ်းဗိုက်ကို ဒူးဖြင့် ပစ်တိုက်ချလိုက်၏။

“ဒါက ရှောင်ကောင်းအတွက်ပဲ”

ချီရွှမ်းစုက မြင်းတပ်ကို သူ၏ မျက်လုံးထောင့်ကနေ စောင့်ကြည့်နေသော်လည်း ခုခံခြင်းမရှိသေးပေ။

ချန်မုံ့က အလျော့မပေးသေးချေ။

“ဒါက လော့ရှောင်အတွက်... ဒါက အာကျုံးအတွက်…”

သူက ရပ်တန့်ဖို့ စိတ်ကူးမရှိဘဲ သူ၏ လက်သီးများ၊ ဒူးများဖြင့် ချီရွှမ်းစုကို ထပ်တလဲလဲ ထိုးကြိတ်ပစ်တိုက်နေ၏။ ထိုးချက်တိုင်း ကန်ချက်တိုင်းမှာ သနားညှာတာမှု မရှိချေ။

ချီရွှမ်းစုက ခုခံဖို့ သူ၏ ချီဒိုင်းကာကို အသုံးမပြုဘဲ သူ၏ သန်မာသော ကိုယ်ကာယအပေါ်သာ မှီခို၍ ကြွက်သားများကို တင်းထား၏။

နောက်ဆုံး ချန်မုံ့က အသက်ရှူဖို့ ရပ်နားလိုက်ချိန်မှသာ ချီရွှမ်းစုက သူ၏ ဝမ်းဗိုက်ကို လက်ဖြင့် ဖိလိုက်၏။ ချီရွှမ်းစုမှာ ကိုယ်ခံပညာ သိုင်းသမားတစ်ဦးနှင့် ယှဉ်နိုင်သည့် ပြန်လည်ကုစားနိုင်စွမ်း မရှိလျှင် သူက သေသွားရပေလိမ့်မည်။ သူ၏ သန်မာသော ကိုယ်ကာယနှင့်ပင် ထပ်တလဲလဲ ထိုးကြိတ်ကန်ကျောက်မှုများမှာ နာကျင်မှုကို ခံစားရဆဲဖြစ်၏။

ချီရွှမ်းစုက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“ငါ အခု သွားလို့ ရပြီလား”

ချန်မုံ့က ဘာမှဆက်မပြောဘဲ သူ၏ မျက်လုံးကိုသာ မှေးကျဉ်းထား၏။

ချီရွှမ်းစုက လှောင်ရယ်လိုက်သည်။

“ယုံကြည်မှု မရှိရင် ငါတို့ ဆက်သွားလို့ မရဘူး... မင်း စကားကို မင်း မဖျက်သင့်ဘူး”

ချန်မုံ့က သူ၏ ဆေဘာအရိုးကို ကိုင်လိုက်စဉ် မြင်းတပ်က ပွဲကြည့်ပရိသတ်များကဲ့သို့ တည်တံ့စွာဖြင့် စောင့်ကြည့်နေကြသည်။

ချီရွှမ်းစုက ပြောလိုက်သည်။

“ငါ မင်းဝတ်ထားတဲ့ မဟူရာချပ်ဝတ်ကို လေးစားတယ်... မင်းရဲ့ညီအစ်ကိုတွေအတွက် လက်စားချေချင်တာကိုလည်း နားလည်တယ်... ဒါပေမဲ့ အဲ့ဒါက ငါ့ကိုသတ်ဖို့ အကြောင်းပြချက် မဟုတ်ဘူး... ငါ့ရဲ့ သေကွင်းသေကွက်တွေကို ချိန်ရွယ်ပစ်ခတ်ပြီး မဆင်မခြင် တိုက်ခိုက်ခဲ့တာက မင်းတို့တွေပဲ... အဲ့ဒါကြောင့် ငါ့ကိုယ်ငါ ကာကွယ်တဲ့အနေနဲ့ ပြန်ပြီးတိုက်ခိုက်ခဲ့ရတာ... အကျိုးဆက်ကတော့ မင်းတို့တွေအားလုံး ငါ့လောက် မစွမ်းလို့ ထိခိုက်ဒဏ်ရာ ရကုန်ကြတယ်... ဒါပေမဲ့ မင်းက အခု အဲ့ဒါတွေအားလုံး ငါ့အပေါ် အပြစ်ပုံချချင်တယ်ပေါ့... ငါ့လို သာမန်အရပ်သားတစ်ဦးအပေါ် မင်းတို့ရဲ့ ပြုမူပုံက အကျိုးသင့်အကြောင်းသင့် မရှိဘူးလို့ မင်း မထင်ဘူးလား”

ချန်မုံ့က သူ့ဆေဘာကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်၏။

“အင်ပါယာနန်းတော်နဲ့ ငါတို့ရဲ့ စစ်အမိန့်က အမြဲတမ်း အကျိုးသင့်အကြောင်းသင့် ရှိတယ်”

ချီရွှမ်းစုက ထေ့ငေါ့လိုက်၏။

“ငါ့ကို လွှတ်ပေးမယ်ဆိုရင် ငါ့အတွက်ရော မင်းတို့အတွက်ရော ပိုပြီး အဆင်ပြေလိမ့်မယ်လို့ ငါ ပြောခဲ့တယ်နော်”

“ဒါပေမဲ့ ဝတ်ရုံနက်တွေနဲ့ အင်ပါယာနန်းတော်ကို ဆန့်ကျင်တိုက်ခိုက်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူးလို့လည်း မင်းကို ငါပြောခဲ့တယ်”

ချန်မုံ့က အေးစက်စွာ ပြောလိုက်၏။

ချီရွှမ်းစုက ခေါင်းညိတ်လိုက်သည်။

“မှန်ပါတယ်... ငါက အင်ပါယာနန်းတော်နဲ့ တာအိုဂိုဏ်းတော်ကို ဆန့်ကျင်တိုက်ခိုက်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး... ဒါပေမဲ့ အဲ့ဒါက မင်းနဲ့ ဘာဆိုင်လို့လဲ... မင်း သေသွားရင် မင်းမိန်းမနဲ့ ကလေးတွေကို ဘယ်သူကြည့်မှာလဲ... အနည်းဆုံးတော့ မင်း မိသားစုကို ထည့်တွက်ခဲ့သင့်တာပေါ့”

ချန်မုံ့၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသော်လည်း နောက်ကျသွားပြီဖြစ်၏။

ချီရွှမ်းစုက ရှေ့ကို ဆတ်ခနဲ ခုန်ပြီး သူတို့နှစ်ယောက်ကြား အကွာအဝေးကို ဖြတ်တောက်လိုက်ရာ ချန်မုံ့က သူ့ကို လုံးဝ မရှောင်နိုင်တော့ပေ။

သူက ခြေလက်လေးဖက်ဖြင့် ချန်မုံ့၏ ခန္ဓာကိုယ်ကို ဆွဲဖက်ပြီး စပါးအုံးတစ်ကောင်လို ခွန်အားကို ရုတ်တရက် ဖျစ်ညှစ်ထုတ်လိုက်၏။ ထို့နောက် ကျောချမ်းစရာ အရိုးကျိုးသံများက ထွက်ပေါ်လာ၏။

ခွန်လွင်အဆင့်သို့ ရောက်လုနီးပါး ချန်မုံ့က ပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိပေ။ သူ၏ ခြေလက်များနှင့် ရင်ဘတ်က အပိုင်းပိုင်းကျိုးကြေ၍ သူ့မျက်လုံးနှစ်လုံးသည် မျက်တွင်းအိမ်ထဲကနေ ထွက်ကျလုမတတ် ပြူးကျယ်လာ၏။

ဝတ်ရုံနက်များသည် ဤကဲ့သို့ တိုက်ခိုက်မှု ထွက်ပေါ်လာမည်ဟု ထင်မှတ်မထားခဲ့ပေ။ သူတို့ သတိပြန်ကပ်လာသည်နှင့် ချီရွှမ်းစုကို သေနတ်များဖြင့် ချိန်လိုက်ကြ၏။

သို့သော် ချီရွှမ်းစုက သူတို့၏ တုံ့ပြန်မှုကို ကြိုတွက်ထားပြီးသားဖြစ်ရာ အောက်ဘက်ကို လှိမ့်ချပြီး ချန်မုံ့၏ ခန္ဓာကို ဒိုင်းကာအဖြစ် အသုံးချလိုက်၏။

သူ ချန်မုံ့ကို အသက်ရှင်ခွင့်ပေးခဲ့သော်လည်း ထိုစစ်သားက အဲဒါကို မသိတတ်ခဲ့ပေ။ ထိုသို့ဆိုမှတော့ သူ့ကိုယ်သူသာ အပြစ်တင်လေတော့ပင်။

ဝတ်ရုံနက်များ၏ ကျည်ဆန်များက ချန်မုံ့၏ ခန္ဓာကိုယ်အပေါ် ဆင်းသက်ရောက်ရှိလာသည်။ ချန်မုံ့၏ ကိုယ်ကို ဖြတ်ပြီးနောက် ကျည်ဆန်အားက ဒူးလေးမြားလောက် လျော့ကျသွား၏။ အဲဒါက ချီရွှမ်းစုကို မထိခိုက်စေနိုင်တော့ပေ။

ချီရွှမ်းစုသည် သေနတ်သံများ ရပ်တန့်သွားသည်အထိ စောင့်ပြီးမှ ချန်မုံ့၏ ကိုယ်ကို တွန်းဖယ်ထုတ်ကာ သူ့နတ်နဂါးပစ္စတိုကို ကောက်ယူလိုက်၏။ ထို့နောက် ရှေ့ကို ခုန်ထွက်ပြီး မြင်းတပ်ခေါင်းဆောင်ရှိရာသို့ ပြေးဝင်သွား၏။

ချန်မုံ့က ချီရွှမ်းစုကို ပစ်ထိုးနေခဲ့စဉ် သူက ဘေးပတ်လည်မှာ ရှိသော မြင်းတပ်ကို လေ့လာအကဲခတ်ကြည့်နေခဲ့၏။ ချီရွှမ်းစုက သူ့သေနတ်ကို အောက်သို့ ပစ်ချခဲ့သည့် အကြောင်းရင်းတစ်ချက်မှာ မြင်းတပ်ကို သူ့ထံ မဝင်ရောက်လာစေချင်သောကြောင့်ဖြစ်၏။ အရှိန်ယူဖို့ လုံလောက်သည့် အကွာအဝေး မရှိသည့်အခါ မြင်းတပ်၏ အင်အားက အကန့်အသတ် ရှိလေသည်။

မြင်းတပ်၏ တပ်ဖွဲ့ခေါင်းဆောင်က ချီရွှမ်းစုကို စိုက်ကြည့်နေ၏။ သူက နောက်ဆုတ်မည့်အစား မြင်းဇက်ကြိုးကို ဆွဲ၍ မြင်း၏ ဝမ်းဗိုက်ကို ခြေနှစ်ဖက်ဖြင့် တင်းတင်းညှပ်ကာ ဓားဆွဲထုတ်လိုက်၏။

ဝတ်ရုံနက်များ၏ ခြေလျင်တပ်နှင့် မြင်းတပ်က ကောင်းကောင်းပူးပေါင်းဆောင်ရွက်နိုင်ကြသည်။ တပ်ဖွဲ့ခေါင်းဆောင်က ဓားထုတ်လိုက်သည်ကို ကြည့်ပြီး အခြားသူများကလည်း လိုက်ပါပြုလုပ်ကာ ချီရွှမ်းစုကို ဝိုင်းပတ်လာကြ၏။

ယခုက ခဲယမ်းလက်နက်များ ထွန်းကားလာသည့် ခေတ်ဖြစ်သော်လည်း အေးစက်စက် လက်နက်များက အထွတ်အထိပ်မှာ မင်းမူနေဆဲ ဖြစ်သည်။

ခဲယမ်းလက်နက်များ၏ အသုံးဝင်မှုက တိုက်ပွဲများ၏ ပုံသဏ္ဌာန်ကို ပြောင်းလဲသွားစေသော်လည်း မြင်းတပ်များက အရေးပါအရာရောက်နေဆဲ ဖြစ်သည်။

အနောက်မြောက်ဘက် ယွမ်မာဘုရားကျောင်းမှ မြင်းများက အလုံးအထည် ကြီးမားပြီး အရပ်မောင်း မြင့်မားကြသည်။ ချပ်ဝတ်တန်ဆာ မပါလျှင်တောင် မြင်းတစ်ကောင်က တစ်တန် အလေးချိန်ရှိသည်။ စစ်သားနှင့် ချပ်ဝတ်တန်ဆာ၏ အလေးချိန်ကို ထပ်ပေါင်းပါက အဲဒါက တစ်တန်ကျော် အလေးချိန် ရှိလေသည်။ ဤကဲ့သို့သော သိပ်သည်းလေးလံသည့် မြင်းတပ်သည် ဖွဲ့စည်းပုံ ကျနစွာဖြင့် ချီတက်လာသည့်အခါ ထူးခြားအံ့မခန်း မြင်ကွင်းဖြစ်သည်။

နောက်ထပ် ဖြစ်ပျက်လာသည့်အရာက အားလုံးကို မှင်တက်သွားစေ၏။

ချီရွှမ်းစုက မလှုပ်မယှက် ရပ်တန့်ပြီး သူ့ထံ ပြေးဝင်လာသော တပ်ဖွဲ့ခေါင်းဆောင်၏ မြင်းကို ပခုံးဖြင့် တိုက်ကာ တားဆီးလိုက်၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ ခွန်အားကို ဖျစ်ညှစ်ထုတ်ပြီး မြင်း၏ ခြေထောက်များကို ဖမ်းဆွဲလိုက်၏။ သူ့လက်ပေါ်မှာ သွေးကြောများက ဖောင်းကြွနေလေသည်။ ချီရွှမ်းစုသည် သူ့ချီအားလုံးကိုလည်း ထုတ်ဖော်ပြီး သူ့ကိုယ်ကို ဆတ်ခနဲ တွန်းကာ ကြီးမားသော မြင်းကို ကျွမ်းပစ်သွားစေ၏။ မြင်းတပ်ခေါင်းဆောင်ကလည်း ပြုတ်ကျသွား၏။

ဤသည်မှာ အင်မော်တယ်လမ်းစဉ်ငါးခုထဲ ကိုယ်ခံပညာသိုင်းသမားတစ်ဦး၏ ခွန်အားဖြစ်သည်။ ချီရွှမ်းစုက အစစ်အမှန် ကိုယ်ခံပညာသိုင်းသမားတစ်ဦး မဟုတ်သော်လည်း လေလွင့်ကျင့်ကြံသူအဖြစ် သူ၏ ပင်ကိုယ်ချီက သူ၏ ခွန်အားကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးနိုင်သည်။

တပ်ဖွဲ့ခေါင်းဆောင်က မြင်းအောက်ကို ရောက်ရှိသွားပြီး ချက်ချင်း ပြန်မတက်နိုင်ပေ။ အခြားသော စစ်သားများ တုံ့ပြန်မလာခင် ချီရွှမ်းစုက ရှေ့ကိုခုန်တက်ကာ တပ်ဖွဲ့ခေါင်းဆောင်၏ လည်ပင်းကို ဖမ်းညှစ်လိုက်၏။

All Chapters