အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း ၂၁၉ - လျှို့ဝှက်စာ
ဤအချိန်မှာ တည်းခိုခန်း၏ ဆိုင်ရှင်ရုံးခန်းက တပ်မှူး၏ ယာယီရုံးဖြစ်သွား၏။ ဝတ်ရုံနက်များက နံရံမှာ စစ်ရေးဗျူဟာမြေပုံကို ချိတ်ဆွဲထားပြီး စစ်သည်များက ဝင်ချည်ထွက်ချည်ဖြင့် အစီရင်ခံတင်ပြနေကြ၏။
သူတို့က ချီရွှမ်းစုကို ဤနေရာသို့ ခေါ်ဆောင်လာကြသည်။
ရုပ်ရည်သွင်ပြင် သက်သက်အရ ချင်ဝူပင်းသည် ချီရွှမ်းစုနှင့် သက်တူရွယ်တူ ရှိသည့်ပုံပေါ်၏။ သို့သော် ချင်ဝူပင်းမှာ အလွန်တရာ မြင့်မားသော ကျင့်ကြံမှုအဆင့် ရှိပြီး သူက အိုမင်းဆန့်ကျင်နည်းလမ်း သုံးထားသည်ကို ချီရွှမ်းစု သိလေသည်။
သို့သော် ချင်ဝူပင်း၏ အစစ်အမှန်အသက်ကလည်း အသက် ၄၀ မကျော်သေးရာ ဝတ်ရုံနက်များ၏ အဆင့်မြင့်အရာရှိများကြားမှာ အတော်လေး ငယ်ရွယ်သည်ဟု ဆိုနိုင်သည်။ သူ့ပုံစံကို ရုပ်ရည်ရူပကာ ကြည့်ကောင်းတင့်တယ်ပြီး ထက်မြက်သည်ဟု ဖော်ပြနိုင်သည်။
သူ၏ မိသားစုနောက်ခံ၊ အစွမ်းအစနှင့် အတွေ့အကြုံအရ ချင်ဝူပင်းသည် ပြည်နယ်မင်းသားဘွဲ့ကို ဆက်ခံလိမ့်မည်ဖြစ်ပြီး အနာဂတ်မှာ အင်ပါယာဝန်ကြီးများအဖွဲ့၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာပေလိမ့်မည်။
ချီရွှမ်းစုသည် လာရာလမ်းတွင် တာအိုဂိုဏ်းတော်နှင့် အင်ပါယာနန်းတော်၏ ပူးပေါင်းစစ်ဆင်ရေးအကြောင်း စစ်သည်များထံမှ ကြားသိထားရပြီဖြစ်၏။
တာအိုဂိုဏ်းတော်၏ ရက်စက်ကြမ်းတမ်းသော ချဉ်းကပ်ပုံမှာ သူက အံ့အားသင့်မသွားသော်လည်း သူတို့က ဤမျှအထိ မြန်မြန်ဆန်ဆန် အရေးယူလာလိမ့်မည်ဟု ထင်မှတ်မထားပေ။ သူတို့သည် ရွှေနန်းမြင့်မျှော်စင်၏ ငြင်းခုံဆွေးနွေးမှုကို ကျော်ပြီး ဤကိစ္စတွင် လက်ထောက်မဟာအကြီးအကဲ သုံးဦးက သဘောတူညီချက် ရထားသည်ဟု ညွှန်ပြနေသည်။
ချင်ဝူပင်းက ချီရွှမ်းစုကို အကဲခတ်ကြည့်လိုက်၏။ အတန်ကြာပြီးနောက် သူက မိတ်ဆက်ပေးလိုက်သည်။
“ငါ့နာမည်က ချင်ဝူပင်း... ဒါပေမဲ့ မင်း ငါ့ကို လက်ထောက်ကာကွယ်ရေးမှူးလို့ ခေါ်လို့ရတယ်... ဒါမှမဟုတ် ငါ့ကို ဗိုလ်မှူးလို့ ခေါ်မယ်ဆိုရင်လည်း ရတယ်”
ချီရွှမ်းစုက ဒူးမထောက်ချင်သည့်အတွက် တာအိုဂိုဏ်းတော်၏ ဓလေ့ထုံးတမ်းအတိုင်း အလေးပြုလိုက်၏။ တစ်ချိန်တည်းမှာ သူက တရိုတသေ ပြောလိုက်၏။
“မင်္ဂလာပါ ဗိုလ်မှူး... ကျုပ်နာမည်က ဝေဝူကွေ့ပါ”
“မင်းက တာအိုဂိုဏ်းတော်ကလား”
ချင်ဝူပင်းက မျက်ခုံးပင့်လိုက်၏။
သူ၏ တာအိုဆရာ သရုပ်သကန်ကို ဖုံးကွယ်ထားဖို့ ခက်သည်ကို ချီရွှမ်းစုက သိထားရာ အမှားနှင့်အမှန် ရောပြောဖို့ ဆုံးဖြတ်လိုက်၏။
“ကျုပ်က ဝမ်ရှန်းတာအိုနန်းတော်မှာ ကြီးပြင်းလာခဲ့တယ်... နောက်ပိုင်း တစ်ယောက်တည်း လေလွင့်သွားလာဖို့ ဆုံးဖြတ်ခဲ့တယ်”
ဤစကားကို လုံးဝမှားသည်ဟု မဆိုသာပေ။ ထျန်ကန်းခန်းမကို မရောက်ခင်က ချီရွှမ်းစုက တကယ်ပင် လေလွင့်သွားလာသူ ဖြစ်ခဲ့သည်။ ဝေဟင်ပျံသင်္ဘော ပျက်ကျပြီးနောက် သူက လမ်းဟောင်းပေါ်ကို ပြန်ရောက်လာခဲ့သည်။ တာအိုဂိုဏ်းတော်၏ လေလွင့်တာအိုဆရာများဟု ခေါ်ဆိုခံရသော ချီရွှမ်းစုလိုလူ များစွာရှိလေသည်။
ဤလေလွင့်တာအိုဆရာများသည် တာအိုဂိုဏ်းတော်မှ သူတို့၏ အဆင့်ကို ဂရုမစိုက်ဘဲ ခရီးသွားဓားသမားများနှင့် များစွာမကွာခြားပေ။ အချိန်ကြာလာသည်နှင့်အမျှ သူတို့က တာအိုဆရာဟောင်းများ ဖြစ်လာကြသည်။
တာအိုဂိုဏ်းတော်က ကြီးမားကျယ်ပြန့်လေရာ ဝေဝူကွေ့ဟူသော အမည်နှင့် တာအိုဆရာဟောင်းတစ်ဦး ရှိ မရှိ အချိန်တိုအတွင်း စစ်ဆေးအတည်ပြုဖို့က ခက်ခဲပေလိမ့်မည်။
ချင်ဝူပင်းက ချီရွှမ်းစုကို သံသယဝင်ခြင်း မရှိချေ။ သူက ဆက်ပြောလိုက်၏။
“မင်းနဲ့ ကင်းတပ်ခေါင်းဆောင်ကြား ဘာဖြစ်ခဲ့တယ်ဆိုတာ ငါသိပြီးပြီ... သူတို့က မင်းကို အရင်စပစ်ပြီး မင်းက ခုခံကာကွယ်တဲ့အနေနဲ့ တိုက်ခိုက်ခဲ့တယ်... ကာကွယ်ရေးမှူးဆီက စစ်အမိန့်အကြောင်း သူတို့ မင်းကို ပြောပြပြီးတဲ့နောက် မင်းက ဆက်ပြီးတော့ မခုခံတော့ဘူး... ဒါပေမဲ့ ချန်မုံ့က မင်းကို သတ်ဖြတ်ဖို့ ရည်ရွယ်ပြီး ဆက်တိုက်ခိုက်ခဲ့တယ်”
“အခြေအနေက ညှိနှိုင်းလို့ရသေးပေမဲ့ ချန်မုံ့က စစ်ဥပဒေကို ချိုးဖောက်ခဲ့တယ်၊ မင်းက မတတ်သာတဲ့အဆုံး ပြန်ပြီးတိုက်ခိုက်ခဲ့ရတယ်... စစ်သည်တွေအနေနဲ့ ငါတို့ဝတ်ရုံနက်တွေက အကျိုးသင့်အကြောင်းသင့် ရှိရမယ်... ငါတို့ အရင်စပြီး တိုက်ခိုက်တဲ့အချိန်မှာ တစ်ဖက်လူက ငြိမ်ခံနေမယ်လို့ မျှော်လင့်ထားလို့ မရဘူး”
ချီရွှမ်းစုက အနည်းငယ် စိတ်လက်ပေါ့ပါးသွား၏။ မည်သို့ပင်ဆိုစေ ချင်ဝူပင်း၏ စကားအဓိပ္ပာယ်ကို သူနားလည်သဘောပေါက်သည်။ ချင်ဝူပင်းသည် ကင်းတပ်ခေါင်းဆောင်၏ သေဆုံးမှုအတွက် ချီရွှမ်းစုကို တာဝန်ယူခိုင်းလိုစိတ် မရှိပေ။
ထို့ကြောင့်လည်း ချီရွှမ်းစုက ထင်တိုင်းကြဲ မသတ်ဖြတ်ခဲ့ခြင်းဖြစ်၏။ ထိုသို့ သူပြုလုပ်ခဲ့မည်ဆိုလျှင် ချင်ဝူပင်းက သူ့ကို အလွယ်တကူ ခွင့်လွှတ်ချင်မှ ခွင့်လွှတ်ပေလိမ့်မည်။ တကယ်တော့ ဤကိစ္စတွင် အဓိက အခရာက ချင်ရှန့် ဖြစ်နေ၏။
ချင်ရှန့်သည် ခရိုင်မင်းသမီးတစ်ပါးသာ ဖြစ်သော်လည်း သူမသည် ချင်ဝူပင်းနှင့် တူညီသော လူမှုအဆင့်အတန်း ရှိထား၏။ ချင်ရှန့်၏ အဆင့်အတန်းသက်သက်က အယူဝါဒမိစ္ဆာတစ်ဦးကို ကာကွယ်ပေးနိုင်မည် မဟုတ်သော်လည်း သူမကို ရန်သူ့လက်ကနေ ကယ်တင်ပေးခဲ့သည့် မှန်ကန်ဖြောင့်မတ်သော တာအိုဆရာတစ်ဦးကို ကာကွယ်ပေးနိုင်သည်။
ချင်ဝူပင်းက သူမကို မျက်နှာသာပေးလိုခြင်းဖြစ်၏။ မည်သို့ပင်ဆိုစေ ချမ်းသာကြွယ်ဝမှုနှင့် ဩဇာအာဏာကြား လူမှုဆက်ဆံရေးများက အတော်လေး အရေးပါလေသည်။
ကင်းတပ်ခေါင်းဆောင်၏ သေဆုံးမှုကို ကြေအေးစေပြီးနောက် ချင်ဝူပင်းက စကားလမ်းကြောင်းပြောင်းလိုက်၏။
“မင်း ခရိုင်မင်းသမီးကို ကယ်ပေးခဲ့တာ သိပ်ကောင်းတဲ့လုပ်ရပ်ပဲ... သူ့ကို ဘယ်သူတွေ တိုက်ခိုက်ခဲ့တာလဲ သိလား”
ချီရွှမ်းစုက ဤမေးခွန်းကို စဉ်းစားသယောင် ဟန်ဆောင်ပြီးမှ ဖြေပေးလိုက်၏။
“ဗိုလ်မှူးခင်ဗျာ... ကျုပ် တပ်အပ်သေချာတော့ မပြောနိုင်ပါဘူး... ဒါပေမဲ့ တိုက်ခိုက်ခဲ့တဲ့သူတွေက မျိုးနွယ်ရှစ်စုက ဖြစ်မယ်လို့တော့ သံသယရှိတယ်”
“ဘာကြောင့်လဲ”
ချင်ဝူပင်းက မေးခွန်းထုတ်လိုက်၏။
ချီရွှမ်းစုက ပြောလိုက်သည်။
“ကျုပ် တစ်ယောက်တည်း သွားလာတုန်းက အဲဒီအယူဝါဒမိစ္ဆာတွေနဲ့ ထိတွေ့ဆက်ဆံခဲ့ဖူးတယ်... သူတို့ရဲ့ ကွဲပြားတဲ့ စရိုက်လက္ခဏာတွေကိုလည်း လေ့လာခဲ့တယ်... ဥပမာ ကောင်းကင်ဘုံနန်းတော်က ဟိုအစွန်းရောက်တွေက စိတ်မမှန်ကြဘူး... တည်းခိုခန်းနဲ့ ရတနာခုနစ်သွယ်မဏ္ဍပ်ကတော့ စီးပွားရေးသမားတွေနဲ့ ပိုတူတယ်... ချင်းဖျင်အသင်းကတော့ အလျှို့ဝှက်ဆုံးပဲ”
“အဲဒီမှာ ကျိကွမ်းအသင်း၊ ကံကြမ္မာအယူဝါဒဂိုဏ်းနဲ့ လင်းရှန်စုန်းကဝေဂိုဏ်းဆိုတဲ့ အယူဝါဒမိစ္ဆာဂိုဏ်းကြီး သုံးဂိုဏ်းလည်း ရှိတယ်... သူတို့တွေကတော့ သောက်ရူးနားကန်းတွေပဲ... မျိုးနွယ်ရှစ်စုက ပုံမှန်မဟုတ်တဲ့ ဆေးလုံးတွေကို မှီဝဲစားသုံးပြီး သူတို့မှာ ထူးဆန်းတဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံတွေ ရှိတတ်တဲ့အတွက် သူတို့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ ခွဲခြားဖို့လွယ်တယ်... သူတို့ တချို့က အသားအရေ ပြာနှမ်းနေပြီး တချို့က မီးခိုးရောင်သန်းနေကြတယ်... သူတို့ရဲ့ မျက်နှာမှာ ကြေးခွံတွေ၊ အစွယ်တွေ၊ အဖုအပိမ့်တွေ၊ ခေါင်းမှာ ဦးချိုတွေနဲ့ ခွဲခြားဖို့ လွယ်တယ်”
ချင်ဝူပင်းက ခေါင်းညိတ်လိုက်၏။
“အို... ငါသိပြီ... မကြာသေးခင်က တာအိုဂိုဏ်းတော် ပေးပို့တဲ့ သတင်းအချက်အလက်အရ ဆိုရင်လည်း ဒီနေရာတစ်ဝိုက်မှာ မျိုးနွယ်ရှစ်စုတွေ တကယ်ပဲ လှုပ်ရှားနေကြတယ်... ဒါက သူတို့ကို တစ်ခါတည်း ရှင်းပစ်ဖို့ အခွင့်ကောင်းပဲ”
ချီရွှမ်းစုက ချင်ဝူပင်း၏ အစစ်အမှန်အတွေးကို မဖတ်နိုင်သည့်အတွက် နှုတ်ဆိတ်နေ၏။
ချင်ဝူပင်းက ဆက်ပြောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ်ပါ… မျိုးနွယ်ရှစ်စုလက်ထဲကနေ ခရိုင်မင်းသမီးကို ကယ်တင်ပေးခဲ့တဲ့အတွက် ငါ မင်းကို ကျေးဇူးတင်တယ်... မျိုးနွယ်ရှစ်စုကသာ သူ့ကို ဖမ်းသွားပြီး စမ်းသပ်ပစ္စည်းအဖြစ် အသုံးချမယ်ဆိုရင် အဲဒါက အင်ပါယာမိသားစုကို ကြီးမားစွာ အရှက်ရစေလိမ့်မယ်... ဒါကြောင့် မင်းကိုယ်စား အင်ပါယာနန်းတော်ဆီ ငါ အကျိုးဆောင်မှု တောင်းခံပေးမယ်”
“ဗိုလ်မှူးခင်ဗျာ... အင်ပါယာနန်းတော်ဆီကနေ ကျုပ် အကျိုးဆောင်မှု မတောင်းဆိုရဲပါဘူး”
ချီရွှမ်းစုက လျင်လျင်မြန်မြန် ထပ်ပြောလိုက်၏။
“ဘာပဲပြောပြော ဒါက ခရိုင်မင်းသမီးရဲ့ နာမည်ဂုဏ်သတင်းအတွက်လည်း ကောင်းမှာမဟုတ်ဘူး... ဒီစကား ပျံ့နှံ့သွားရင် သူက အပြစ်ပေးခံရနိုင်တယ်... အဲဒါကြောင့် ဒီကိစ္စကို လူမသိသူမသိ ဒီတိုင်းထားလိုက်တာကပဲ ပိုကောင်းမယ်လို့ ကျုပ်ထင်ပါတယ်”
ချင်ဝူပင်းက ချီရွှမ်းစုကို လေးလေးနက်နက် တစ်ချက်ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်၏။
“မင်းက မိန်းမလှလေးတွေကို အတော်လေး ကာကွယ်ပေးတတ်တဲ့ပုံပဲ”
ချီရွှမ်းစု၏ မျက်နှာက တည်ကြည်လေးနက်သွား၏။
“ဗိုလ်မှူးခင်ဗျာ... ကျုပ် အဲ့လိုအတွေးမျိုး မထားရဲပါဘူး”
“ကိစ္စမရှိပါဘူး... ဒါနဲ့ ခရိုင်မင်းသမီးက မင်းကိုစောင့်နေတယ်... သူက မင်းကို ကိုယ်တိုင်ကျေးဇူးတင်ချင်လို့တဲ့”
ချင်ဝူပင်းက ပြုံး၍ ပြောလိုက်၏။
“သူ ဒုတိယထပ်မှာ ရှိတယ်... သွားတွေ့လိုက်ဦး”
ချီရွှမ်းစုက ချင်ဝူပင်းကို ထပ်မံ၍ အလေးပြုပြီးနောက် ဆိုင်ရှင်၏ ရုံးခန်းထဲကနေ ထွက်လာခဲ့၏။ ထို့နောက် သူက ဒုတိယထပ်သို့ လှေကားအတိုင်း တက်သွားလေသည်။
ဒုတိယထပ်ကို ချီရွှမ်းစု ရောက်သည်နှင့် ချင်ဝူပင်း၏ လက်အောက်ငယ်သားတစ်ဦးက ဆိုင်ရှင်ရုံးခန်းထဲကို ဝင်ရောက်လာ၏။ ဤလက်အောက်ငယ်သားက တိုင်းမှူးဗိုလ်တစ်ဦးဖြစ်သည်။ သို့သော်လည်း သူက စစ်သည်များကို ဦးဆောင်ဖို့ မဟုတ်ဘဲ စစ်ရေးဗျူဟာအကြံပေးအဖြစ် လိုက်ပါလာခြင်း ဖြစ်သည်။
“ဗိုလ်မှူး... ဒါက ရှီလန်ဘုရင်ခံရုံးက ပေးပို့လိုက်တဲ့ တရားဝင်ရုံးစာပါ”
လက်အောက်ငယ်သားက ဘုရင်ခံရုံးများမှာ အထူးသီးသန့် အသုံးပြုသည့် စာရွက်တစ်ရွက်ကို ကိုင်ထား၏။
ချင်ဝူပင်းက အဲဒါကို လှမ်းမယူဘဲ အမိန့်ပေးလိုက်၏။
“ငါ့ကို ဖတ်ပြ”
“ကောင်းပါပြီ ဆရာ”
လက်အောက်ငယ်သားက နာခံ၍ စာရွက်ထဲရှိ အကြောင်းအရာများမှ တုန်လှုပ်စရာကောင်းမှုကို လျှော့ချရန် တသတ်မတ်တည်းလေသံဖြင့် ကြိုးစားကာ ဖတ်ပြလိုက်၏။
[ရှီကျိုးနယ်ခြားစောင့် ကွပ်ကဲရေးရုံးက လက်ထောက်ကာကွယ်ရေးမှူး ချင်ဝူပင်းထံသို့…
ကျိုးရှီခေတ် ၄၂ခုနှစ်၊ ၁လပိုင်း ၂၆ရက်နေ့…
ဘုရင်ခံရုံးသည် တာအိုနန်းတော် ပေချန်ခန်းမထံမှ လျှို့ဝှက်စာတစ်ခုကို လက်ခံရရှိခဲ့သည်။ ပေချန်ခန်းမပေးပို့သည့် သတင်းအချက်အလက်အရ ချင်းဖျင်အသင်း၏ ပင်မအဖွဲ့ဝင်တစ်ဦးသည် ယုံကျိုးတွင် စခန်းချနေသော နယ်ခြားစောင့်တပ်သားများထဲ စိမ့်ဝင်ထိုးဖောက်ကာ မကောင်းသော ရည်ရွယ်ချက်ဖြင့် စစ်သည်ထောင်ချီကြား ပုန်းလျှိုးနေသည်ဟု ဆိုထားသည်။
ထိုလူသည် ယုံကျိုးမှာ လျှို့ဝှက်အသင်းအဖွဲ့များအား ချေမှုန်းသုတ်သင်ခြင်း စစ်ဆင်ရေးကို အနှောင့်အယှက်ပေးလာလိမ့်မည်ဟု ပေချန်ခန်းမက ကောက်ချက်ချထားသည်။
ပေချန်ခန်းမက ဒီလိုမျိုး ယုံရခက်တဲ့ သတင်းအချက်အလက်ကို ဘယ်လိုရထားသလဲ…၊ အခြေအနေက စိုးရိမ်စရာကောင်းတဲ့ အကျိုးဆက်တွေအထိ ဘယ်လိုအရှိန်အဟုန် မြင့်တက်သွားမလဲ...၊ ဘုရင်ခံရုံးက ပေချန်ခန်းမရဲ့ လျှို့ဝှက်စာကို ဘယ်လိုပြန်ပေးသင့်လဲ…။
ကျေးဇူးပြု၍ သင့်လျော်သည့် အကြံဉာဏ် ပေးပါရန်…။
လေစားသမှုဖြင့်
ရှီလျန်ဘုရင်ခံရုံး။]
ချင်ဝူပင်းက မှင်သေသေအမူအရာဖြင့် နှုတ်ဆိတ်နေ၏။
“ဗိုလ်မှူး…”
လက်အောက်ငယ်သားက မဝံ့မရဲဖြင့် မေးလိုက်၏။
“ပေချန်ခန်းက ဒီသတင်းအချက်အလက်ကို ဘာလို့ ထျန်ကန်းခန်းမကို တိုက်ရိုက်မပေးတာလဲ… သူတို့က ဘာလို့ ဒီလျှို့ဝှက်စာကို ဘုရင်ခံရုံးဆီ ပို့ပြီး ကျုပ်တို့ကို အကြောင်းကြားခိုင်းရတာလဲ”
ချင်ဝူပင်းက သူ့မျက်လုံးနှစ်ဖက်ကို မှိတ်လိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် အမည်ခံအရ ရှီလျန်ဘုရင်ခံရုံးက ရှီကျိုးနယ်ခြားစောင့်စစ်တပ်ကို တာဝန်ယူထားရတယ်... အဲဒါကြောင့် ဒီတရားဝင်ရုံးစာကို ထုတ်ပြန်ဖို့ သူတို့မှာ ခိုင်လုံတဲ့ အကြောင်းပြချက် ရှိလိမ့်မယ်... အဓိက အခရာကတော့ ပေချန်ခန်းမနဲ့ ထျန်ကန်းခန်းမ ဖြစ်နေတယ်”
“အခုအချိန် တာအိုဂိုဏ်းသုံးဂိုဏ်းကြားမှာ ကြိတ်ပုန်းခုတ်ယှဉ်ပြိုင်တိုက်ခိုက်မှုတွေ ရှိနေပြီ... အဲဒီမဟာခန်းမသုံးဆောင်ထဲမှာ ကျန်းယီဂိုဏ်းက ထျန်ကန်းခန်းမကို ထိန်းချုပ်ထားတယ်... ထိုက်ဖျင်ဂိုဏ်းက ပေချန်ခန်းမကို ထိန်းချုပ်ထားတယ်... ချွမ်ကျန်းဂိုဏ်းကတော့ ကျိဝေခန်းမကို ထိန်းချုပ်ထားတယ်”
“ထျန်ကန်းခန်းမက လျှို့ဝှက်အသင်းအဖွဲ့တွေကို ချေမှုန်းသုန်သင်ဖို့ ဒီစစ်ဆင်ရေးကို ဦးဆောင်လာတယ်... အနောက်ဘက်ဒေသက စစ်ပွဲတွေကြောင့် ငါတို့နယ်ခြားစောင့်တပ်က ထျန်ကန်းခန်းမနဲ့ ဆက်ဆံရေးကောင်း ရှိထားတယ်... ချွမ်ကျန်းဂိုဏ်းကလည်း ကျန်းယီဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့ခဲ့တယ်... ဒါပေမဲ့ ထိုက်ဖျင်ဂိုဏ်းက အဲဒီအကျိုးဆောင်မှုတွေ အားလုံး ထျန်ကန်းခန်းမကို မရစေချင်ဘူး”
လက်အောက်ငယ်သားက တုန်လှုပ်သွား၏။
“အဲဒါက တာအိုဂိုဏ်းတော်အတွင်းက အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်မှုလား”
“အဲဒါက တာအိုဂိုဏ်းတော်အတွင်းက အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်မှုလောက် မရိုးရှင်းတော့ဘူး… အင်ပါယာနန်းတော်ကလည်း ပါဝင်ပတ်သက်လာပြီ”
ချင်ဝူပင်းက ငယ်ငယ်ရွယ်ရွယ်နှင့် မြင့်မားသော ရာထူးတစ်ခုကို ရယူထားပြီး နိုင်ငံရေးလှည့်ကွက်များနှင့် ရင်းနှီးကျွမ်းဝင်မှု ရှိလေသည်။
“သူတော်စင်ချင်းဝေက ဧကရာဇ်နဲ့ လာတွေ့တဲ့အချိန်ကစပြီး အင်ပါယာနန်းတော်က တာအိုဂိုဏ်းတော်ရဲ့ အရေးကိစ္စတွေကို ဝင်ရောက်စွက်ဖက်ဖို့ ဆုံးဖြတ်လိုက်ပြီ… ရလဒ်ကတော့ ချွမ်ကျန်းဂိုဏ်းနဲ့ ကျန်းယီဂိုဏ်းက သူတို့ရဲ့ အရင်တုန်းက ပဋိပက္ခတွေကို ခဝါချပြီး ပူးပေါင်းလိုက်ကြတယ်… ဒါပေမဲ့ ဒီလိုမျိုး အခြေအနေမှာ ရှီလျန်ဘုရင်ခံက ထိုက်ဖျင်ဂိုဏ်းဘက်မှာ ရှိနေတယ်ဆိုတာ သိသာနေတယ်”
လက်အောက်ငယ်သား၏ မျက်နှာက တည်ကြည်လေးနက်သွား၏။
“သူတို့က ဒီစစ်ဆင်ရေးကို မအောင်မြင်စေချင်တာလား”
ချင်ဝူပင်းက သူ့မျက်လုံးနှစ်ဖက်ကို ဖွင့်ပြီး ခဏမျှ စဉ်းစားကာ ပြောလိုက်၏။
“ထျန်ကန်းခန်းမရဲ့ ခန်းမသခင်ကို အစားထိုးဖို့အတွက် တာအိုဂိုဏ်းတော်ရဲ့ ဂုဏ်သိက္ခာနည်းနည်းကို စတေးလိုက်ရမယ်ဆိုရင် အဲဒါက တန်တယ်လို့ မင်းထင်လား”
လက်အောက်ငယ်သားက ထိတ်လန့်သွား၏။
“ဒါပေမဲ့ ဒီလောက် အသေးအဖွဲ့ကိစ္စနဲ့ ခန်းမသခင်တစ်ဦးကို ဖြုတ်ချဖို့ဆိုတာ ဘယ်လိုလုပ် ဖြစ်နိုင်ပါ့မလဲ”
ချင်ဝူပင်းက ရှင်းပြလိုက်၏။
“ငါတို့တပ်ထဲမှာ သူလျှိုတစ်ဦး ရှိနေတယ်လို့ ဘုရင်ခံရုံးက ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်… အဲဒါကြောင့် ငါတို့က စစ်ဆင်ရေးတွေ အားလုံးကို ရပ်တန့်ပြီး အဲဒီသူလျှိုကို ဖမ်းဆီးရမယ်… ငါတို့က အဲဒီသူလျှိုကို ဖမ်းနိုင်တာ မဖမ်းနိုင်တာ အသာထား… အယူဝါဒမိစ္ဆာတွေကို ချေမှုန်းသုတ်သင်ဖို့ ထျန်ကန်းခန်းမနဲ့ ပူးပေါင်းထားတဲ့ ဒီစစ်ဆင်ရေးကို ဆက်လုပ်လို့ မရတော့ဘူး”
“အရင်တုန်းက ဗိုလ်မှူးချုပ်က ရွှေပြည်သစ်တပ်ထဲက သူလျှိုတစ်ဦးဆီကနေ ရွှေပြည်သစ်စစ်တပ်ရဲ့ စစ်ရေးသတင်းအချက်အလက်ကို ရရှိခဲ့တယ်... အဲဒါနဲ့ ငါတို့ရဲ့ ရန်သူပေါင်းထောင်ချီကို သတ်ဖြတ်နိုင်ခဲ့တယ်”
“အဲဒါကို သာဓကထားကြည့်မယ်ဆိုရင် လျှို့ဝှက်အသင်းအဖွဲ့တွေက ထျန်ကန်းခန်းမရဲ့ လှုပ်ရှားမှုတွေကို သိရှိထားမယ်ဆိုရင် အံ့ဩစရာမရှိဘူး... အဲဒီအယူဝါဒမိစ္ဆာတွေက လွယ်ကူတဲ့ ပြိုင်ဘက်တွေ မဟုတ်ဘူး... ထျန်ကန်းခန်းမက အတွင်းဘက်နဲ့ အပြင်ဘက်ကနေ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာတာကို ခံနိုင်ရည်ရှိချင်မှ ရှိလိမ့်မယ်”
“ထျန်ကန်းခန်းမက ရှုံးနိမ့်သွားမယ်ဆိုရင် တစ်ယောက်ယောက်က တာဝန်ယူရလိမ့်မယ်... နောက်ပြီး ခန်းမသခင်ကို ဖြုတ်ချတယ်ဆိုတာ သူ့ရဲ့အဆင့်ကို ဖြုတ်ချတာနဲ့ မတူဘူး... အဲဒါက သူ့ကို အစားထိုးပြီး နေရာပြောင်းပေးရုံပဲ”
အခန်း ၂၂၀ - သစ္စာစောင့်သိ မိတ်ဆွေများ
ချင်ဝူပင်း၏ လက်အောက်ငယ်သားက မေးလိုက်၏။
“ဗိုလ်မှူး... ကျုပ်တို့ ဒီစာကို ဘယ်လို ပြန်သင့်လဲ”
ချင်ဝူပင်းက ကုလားထိုင်ကို ခေါင်းမှီ၍ ခဏမျှ စဉ်းစားပြီးနောက် နှုတ်တိုက်ချပေးလိုက်၏။
[ရှီလျန်ဘုရင်ခံရုံးသို့…
ကျိုးရှီခေတ် ၄၂ ခုနှစ်၊ ၁လပိုင်း ၂၆ရက်နေ့မှာ သင်တို့ ပေးပို့လိုက်သောစာကို ကျွန်ုပ် လက်ခံရရှိသည်။ စာပါ အကြောင်းအရာများကို လေးစားလိုက်နာသောအားဖြင့် တပ်တွင်းသူလျှိုကို ဖော်ထုတ်ရန် အနောက်ဘက်ဂိုဘီမှာ စစ်ဆင်ရေးများအားလုံးကို ရပ်တန့်ဖို့ ကျွန်ုပ်ဆုံးဖြတ်လိုက်သည်။ တပ်တွင်းစစ်ဆေးဖော်ထုတ်မှု၏ ရလဒ်ကို သီးသန့်စာတစ်စောင်ဖြင့် ကျွန်ုပ်ထပ်ပို့ပေးပါမည်။
လေးစားသမှုဖြင့်...
ရှီကျိုးနယ်ခြားစောင့်ကွပ်ကဲရေးရုံးက လက်ထောက်ကာကွယ်ရေးမှူး]
လက်အောက်ငယ်သားက စာကို မြန်မြန်ဆန်ဆန် လိုက်ရေးပြီး အကြောင်းအရာများ တိကျမှု ရှိစေရန် ကျယ်လောင်စွာ ပြန်ဖတ်ပြလိုက်၏။ ထို့နောက် ရှီလျန်ဘုရင်ခံရုံးသို့ စာပို့ရန် တည်ခိုခန်း ရုံးခန်းထဲကနေ ထွက်ခွာသွားလေသည်။
ဤလူမှုအဖွဲ့အစည်း တိုးတက်လာခြင်းနှင့်အတူ တရားဝင်ရုံးစာများနှင့် သဝဏ်လွှာများကို လူဖြင့် စေလွှတ်ပေးပို့ခြင်း မရှိတော့ပေ။ အရေးတကြီးစာများကို အမြန်မြင်းများ အသုံးပြု၍ ပေးပို့သည့် ခေတ်က အတိတ်မှာ ကျန်ခဲ့ပြီဖြစ်၏။ ထိုအစား စာများကို လေထဲကနေ စေလွှတ်ပေးပို့လာကြသည်။
ကနဦးပုံစံသည် ဓားပျံများမှာ စာများကို တွဲချည်ခြင်းဖြစ်ပြီး စာပို့ခိုများနှင့် ဆင်တူလေသည်။ နောက်ပိုင်းမှာ ဓားပျံများကို ဆက်လက်၍ မသုံးတော့ဘဲ စာရွက်စာတမ်းများကို ကူးပြောင်းပေးပို့ဖို့အတွက် သေးငယ်သော အဆောင်တစ်ခုကိုသာ လိုတော့သည်။
တာအိုဂိုဏ်းတော်က ဤအဆောင် အမျိုးအစားကို အမြန်ချောပို့အဆောင်ဟု ခေါ်သည်။ အမြန်ချောပို့အဆောင် တစ်ခုချင်းစီက အခြားသော အမြန်ချောပို့အဆောင်များနှင့် သက်ဆိုင်ရာ နံပါတ်အလိုက် ချိတ်ဆက်နိုင်သည်။ စာများကို ပေးပို့သည့်အခါ လက်ခံမည့်သူ၏ အမြန်ချောပို့အဆောင် နံပါတ်အတိုင်း အလွယ်တကူ ရွေးချယ်ပေးပို့နိုင်သည်။
တစ်ခုတည်းသော အားနည်းချက်မှာ ထိုက်ဖျင်ဒင်္ဂါးသောင်းချီအထိ ကျနိုင်သော ဤအဆောင်များ၏ မြင့်မားသော ကုန်ကျစရိတ် ဖြစ်သည်။ ထို့ကြောင့် လူတိုင်းက ဤဆက်သွယ်ပေးပို့မှုပုံစံကို အသုံးပြုဖို့ အခွင့်အရေး မရှိကြပေ။
ဝတ်ရုံနက်များမှ ရွေ့လျားတပ်မဗိုလ်များ၊ ဖီးနစ်စိမ်းတပ်ဖွဲ့၏ ဒုစစ်ကဲများနှင့် ဒေသခံအုပ်ချုပ်ရေးရုံးများက စာများပေးပို့ရန် ဆက်သားများကို အသုံးပြုနေရဆဲ ဖြစ်သည်။
မိခင်ကလေးအဆောင်သည် အမြန်ချောပို့အဆောင်များကို အစားမထိုးနိုင်သည့် အကြောင်းပြချက်များစွာ ရှိသည်။ ပထမအချက်မှာ မိခင်ကလေးအဆောင်သည် တစ်ခါသုံးပစ္စည်းဖြစ်ပြီး အမြန်ချောပို့အဆောင်ကိုတော့ ထပ်တလဲလဲ ပြန်လည်အသုံးချနိုင်သည်။
ဒုတိယအချက် မိခင်ကလေးအဆောင်ကို သုံးသည့်အခါ သက်သေအထောက်အထား မကျန်ရှိခဲ့ပေ။ အမြန်ချောပို့အဆောင်ကတော့ သက်သေအထောက်အထား အထင်အရှား ကျန်ရှိခဲ့မည်ဖြစ်ပြီး တစ်ဦးအပေါ်တစ်ဦး အပြစ်တင်ပုံချခြင်းကို တားဆီးနိုင်မည်ဖြစ်သည်။
သူ၏ လက်အောက်ငယ်သား ထွက်ခွာသွားပြီးနောက် ချင်ဝူပင်းက မိခင်ကလေးအဆောင်တစ်ခုကို ထုတ်ယူ၍ လက်နှစ်ချောင်းကြားမှာ ညှပ်ကာ တွေဝေတုံ့ဆိုင်းနေပုံရ၏။
ဘယ်အရာက ပိုပြီးအရေးကြီးလဲ… သူ့ရဲ့ အနာဂတ်တိုးတက်ရာ လမ်းကြောင်းလား… ဒါမှမဟုတ် မိတ်ဆွေအပေါ် သစ္စာစောင့်သိမှုလား…
အရာရှိလောကမှာ အစစ်မှန်မိတ်ဆွေ မရှိဟူသော ဆိုရိုးစကား ရှိသည်။ သို့သော် ဘယ်တော့မှ လက်တွဲမဖြုတ်သည့် ညီအစ်ကိုရောင်းရင်းများလည်း ရှိလေသည်။ အရာရှိလောကမှာ လုပ်ဖော်ကိုင်ဖက်များကို မယုံကြည်သင့်သော်လည်း သွေးသောက်ရဲဘော်တစ်ဦးကိုတော့ သံသယမဝင်သင့်ပေ။
ချင်ဝူပင်းက သူ့လက်ထဲက မိခင်ကလေးအဆောင်ကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေ၏။ နောက်ဆုံးမှာတော့ သူက ထိုအထဲသို့ ချီအနည်းငယ် ထည့်သွင်းလိုက်၏။
ခဏနေပြီးနောက် မိခင်ကလေးအဆောင်က မီးတောက်လုံးတစ်ခုအဖြစ်ပြောင်းပြီး ရှန့်ကွမ်ကျင့်၏ ခန္ဓာကိုယ်အပေါ်ပိုင်းက ထင်ဟပ်လာ၏။
“ဘာကိစ္စရှိလို့လဲ”
ထျန်ကန်းခန်းမ၏ တာအိုဆရာများမှာ အင်ပါယာနန်းတော်က စစ်မှုထမ်းများနှင့် ဆင်တူမှု များစွာရှိပြီး သူတို့က အလ္လာပသလ္လာပ မပြောတတ်ပေ။ အထူးသဖြင့် ရှေ့တန်းစစ်မြေပြင်ကနေ ယခုတင် ပြန်လည်ရောက်ရှိလာသော ရှန့်ကွမ်ကျင့်လို လူမျိုးဖြစ်သည်။
ချင်ဝူပင်းက ရှန့်ကွမ်ကျင့်၏ ခပ်ရိုင်းရိုင်း အမေးကို စိတ်မကွက်ဘဲ ရယ်လိုက်၏။
“မင်းက ပြိုင်ဘက်ကင်း မိန်းမလှလေး မဟုတ်သလို နတ်ဘုရားမလည်း မဟုတ်ဘူး... အကြောင်းကိစ္စ မရှိရင် ငါ မင်းကို အရေးလုပ်ပြီး စကားပြောနေမှာ မဟုတ်ဘူး”
ရှန့်ကွမ်ကျင့်က ရယ်လိုက်၏။
“ဒါဆိုလည်း ပြောလေ”
ချင်ဝူပင်းက မေးလိုက်၏။
“မင်း အခု ဘယ်ရောက်နေလဲ”
ရှန့်ကွမ်ကျင့်က ပွင့်လင်းစွာဖြင့် ပြန်ဖြေလိုက်၏။
“ငါတို့ ဝေဟင်ပျံသင်္ဘောကို အစိုဓာတ်ဖြည့်ဖို့ ဆောဝမ်ပူမှာ အခုပဲ နားနေကြတာ”
ချင်ဝူပင်းက စကားထောက်ကြည့်လိုက်၏။
“ဒါဆို မင်း လောလောဆယ် ကျောက်စိမ်းနေပြည်တော်ကို ပြန်မသွားဖြစ်သေးဘူးပေါ့”
“ငါ နောက်ခဏနဲ့တော့ ပြန်သွားဖြစ်မှာ မဟုတ်ဘူး... ဒါပေမဲ့ အဲ့ဒါကို မင်း ဘာလို့ အရေးလုပ်နေတာလဲ”
တစ်ခုခု မူမမှန်သည်ကို ရှန့်ကွမ်ကျင့်က နောက်ဆုံးမှာ သတိထားမိသွား၏။
“ကျောက်စိမ်းနေပြည်တော်မှာ တစ်ခုခုဖြစ်မယ်ဆိုရင်တောင် အဲ့ဒီသတင်းကို မင်း ငါ့ထက်အရင်ရမှာ မဟုတ်ဘူး”
“ပြောရတာ ခက်တယ်ကွ”
ချင်ဝူပင်းက နားလည်ရခက်သော ပုံစံဖြင့် ပြောလိုက်၏။
“ကမ်းစပ်မှာ လေက စတိုက်လာပြီ... အဲ့ဒါက သင်္ဘောတစ်စင်းကို မှောက်ပစ်နိုင်တဲ့ မုန်တိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတဲ့ အချိန်ဆိုရင် နောက်ကျလွန်းသွားလိမ့်မယ်”
ချင်ဝူပင်း၏ စကားလုံးများမှ အတိတ်နိမိတ် မကောင်းသော အငွေ့အသက်များကို ခံစားမိကာ ရှန့်ကွမ်ကျင့်က နှုတ်ဆိတ်သွား၏။
ချင်ဝူပင်းက ရေရွတ်ပြောဆိုလိုက်၏။
“အခုကစပြီး ငါ့ဘက်မှာ စစ်ဆင်ရေးတွေ အားလုံးကို ရပ်တန့်ရတော့မယ်”
“အဲ့ဒါက ဘာအဓိပ္ပာယ်လဲ”
ရှန့်ကွမ်ကျင့်က ထပ်မေးလိုက်၏။
ချင်ဝူပင်းက အကြောင်းပြချက် မရှိသော အကြံတစ်ခု ပေးလိုက်၏။
“မင်းရဲ့ စစ်ဆင်ရေးမှာ ကြိုတင်ကာကွယ်မှုတွေ ထပ်ဆောင်းထားနိုင်ရင် အကောင်းဆုံးပဲ... မင်းရဲ့ တာဝန်ကျေပွန်မှုကို စွန့်လွှတ်ရမယ်ဆိုရင်တောင် အမှားမလုပ်မိစေနဲ့”
ရှန့်ကွမ်ကျင့်က လူနုံလူအ မဟုတ်လေရာ ချင်ဝူပင်း သွယ်ဝိုက်ပြောဆိုနေသည့် သတိပေးချက်ကို ရိုးတိုးရိပ်တိတ် နားလည်လာ၏။ သူက တည်တံ့သော အမူအရာဖြင့် ချင်ဝူပင်းကို စိုက်ကြည့်နေ၏။
သို့သော်လည်း ချင်ဝူပင်းက ရှန့်ကွမ်ကျင့်၏ အကြည့်ကို ရှောင်ပြီး ထပ်ပြောလိုက်၏။
“ငါ အခုချိန်မှာ စနောက်နေတာ မဟုတ်ဘူး... မင်းနဲ့ငါ မိတ်ဆွေတွေ ဖြစ်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကျော် ကြာခဲ့ပြီဆိုတော့ ငါ ဘာကိုမှ ဆက်ပြီး ဂရုမစိုက်နိုင်တော့ဘူး... ငါ မင်းကို သတိပေးရမယ်... သူလျှိုကို ဖမ်းဆီးဖို့အတွက် စစ်ဆင်ရေးတွေအားလုံး ရပ်တန့်ဖို့ အထက်ကနေ ငါ့ဆီကို စာကျလာတယ်”
“ဘယ်သူ့ဆီကလဲ”
ရှန့်ကွမ်ကျင့်၏ မျက်လုံးက အရောင်လက်သွား၏။
ချင်ဝူပင်းက တည်ငြိမ်စွာ ပြောလိုက်၏။
“အခုလို အချိန်မှာ အဲ့ဒါက အရေးပါသေးလို့လား... မမေးစမ်းပါနဲ့”
“အဲ့ဒါက အနောက်ဘက်ဒေသ နယ်ခြားစောင့် ကွပ်ကဲရေးရုံးလား... ဒါမှမဟုတ် ဝန်ကြီးအဖွဲ့လား”
ရှန့်ကွမ်ကျင့်က ထပ်မေးလိုက်၏။
ချင်ဝူပင်းက ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“ငါ ဘာကို အရိပ်အမြွက် ပေးနေတယ်ဆိုတာ မင်း တကယ်နားမလည်လို့လား... ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်နေတာလား... ဒါက ရွှေပြည်သစ်နဲ့ ဆန့်ကျင်တိုက်ခိုက်ရတဲ့ စစ်မြေပြင် မဟုတ်တော့ဘူး... ရေက မင်း ထင်ထားတာထက် ပိုနက်နေပြီ”
ရှန့်ကွမ်ကျင့်က ရေရွတ်လိုက်၏။
“ငါ မင်းကို ငါနဲ့အတူ ရေထဲ ဖြတ်ကူးဖို့ မေးတာ မဟုတ်ဘူး... ငါ့ကို ရေထဲကနေ ဆွဲတင်ခိုင်းဖို့လည်း မဟုတ်ဘူး... မင်း ကမ်းခြေကနေ ငါ့ကို သတိပေးစေချင်ရုံပဲ”
ရှန့်ကွမ်ကျင့်က ခဏကြာ နှုတ်ဆိတ်နေပြီးနောက် သက်ပြင်းချလိုက်၏။
“ဟုတ်ပြီလေ... ဒါဆိုလည်း ငါ မင်းကို ပြောပြမယ်... အဲ့ဒါ ရှီလျန်ဘုရင်ခံရုံးနဲ့ ပေချန်ခန်းမပဲ”
ရှန့်ကွမ်ကျင့်ဘက်မှာ အတန်ကြာအောင် ငြိမ်သက်သွားပြီးမှ သူက ပြောလိုက်၏။
“ငါ သိပြီ... မင်း ငါ့ကိုပြောပြတယ်ဆိုတော့ ငါ မင်းကို မိတ်ဆွေအဖြစ်ကနေ မဆုံးရှုံးခဲ့တာ သေချာသွားပြီ”
ချင်ဝူပင်းမှာ စိတ်ခံစားချက်ပေါင်းစုံ ရောထွေးနေ၏။
“မင်းနဲ့ငါ စစ်မြေပြင်ကို ရောက်နေခဲ့တာ ကြာခဲ့ပြီ... စိတ်လိုက်မာန်ပါလုပ်လို့ အကျိုးမရှိဘူးဆိုတာ မင်းရော ငါရော သိတယ်... အထက်က တရားဝင် စာကျလာတဲ့အခါ ငါတို့ အဲ့ဒါကို လက်မခံနိုင်ဘူး ဆိုရင်တောင် အမိန့်ကို နာခံရဦးမှာပဲ... ငါလုပ်ပေးနိုင်တာကတော့ မင်း ကြိုတင်ပြင်ဆင်စရာရှိတာ ပြင်ဆင်လို့ရအောင် သတင်းပေးဖို့ပဲ... မင်း နောက်ဆုတ်လို့ ရမယ်ဆိုရင် အခုချက်ချင်း လုပ်တော့”
ရှန့်ကွမ်ကျင့်က ခေါင်းခါပြီး သက်ပြင်းချလိုက်၏။
“ညီကို... မင်းရဲ့ စေတနာကို ငါ အသိအမှတ်ပြုတယ်... ငါ ဆုတ်ခွာချင်တယ် ဆိုရင်တောင် ဘယ်ကို ဆုတ်ရမှာလဲ... ကျောက်စိမ်းနေပြည်တော်လား”
ချင်ဝူပင်း၏ လေသံက တည်ကြည်လေးနက်လာ၏။
“အခုအချိန်မှာ အခြေအနေက အရမ်းကို ရှင်းလင်းနေပြီ... လျှို့ဝှက်အသင်းအဖွဲ့တွေကို လက်စားချေဖို့ဆိုတာ လူကြားကောင်းအောင် ပြောထားတဲ့ အကြောင်းပြချက်တစ်ခုပဲ... ထိုက်ဖျင်ဂိုဏ်းက အဲ့ဒီကိစ္စကို ဇာချဲ့ပြီး တခြားဂိုဏ်းနှစ်ဂိုဏ်းကို ဖိနှိမ်ချင်နေတာ... အဲ့ဒါမှ သူတို့က လီမိသားစုကနေ မဟာအကြီးအကဲတစ်ဦးကို ရွေးချယ်တင်မြှောက်နိုင်မှာ... သူတို့က အင်ပါယာနန်းတော်လိုမျိုး မဟာအကြီးအကဲနေရာကို မျိုးရိုးစဉ်ဆက် ဆက်ခံနိုင်ဖို့တောင်မှ လုပ်ကြလိမ့်မယ်... သူတို့ရဲ့လမ်းမှာ ပိတ်ဆို့တားဆီးလာတဲ့ ဘယ်သူ့ကိုမဆို ဖိချေသတ်ဖြတ်လိမ့်မယ်... မင်းရော ငါရော အဲ့ဒီ အရှိန်အဟုန်ကို မတားဆီးနိုင်ဘူး”
ရှန့်ကွမ်ကျင့်က နှုတ်ဆိတ်သွား၏။
ချင်ဝူပင်း၏ အသံက ပို၍ လေးနက်လာ၏။
“ကျောက်စိမ်းနေပြည်တော်ကို ပြန်ဆုတ်ပြီး လက်ထောက်ခန်းမသခင်ရာထူးကို အဆုံးရှုံးခံတာက မင်း အသက်ကို ဆုံးရှုံးရတာထက်စာရင် ပိုမကောင်းဘူးလား”
. . . . . .
ချီရွှမ်းစုက တည်းခိုခန်း၏ ဒုတိယထပ်ကို ရောက်လာပြီး ချင်ရှန့်၏ အခန်းတံခါးကို ညင်သာစွာ ခေါက်လိုက်၏။
“ရှင် အဆင်ပြေရဲ့လား”
ချင်ရှန့်က တံခါးကို ဖွင့်ပြီး ချီရွှမ်းစုမှာ ကိုယ်လက်အင်္ဂါ အစုံပါရဲ့လား စစ်ဆေးကြည့်နေ၏။
“ငါ အဆင်ပြေပါတယ်… ငါ ကံကောင်းပြီး အန္တရာယ်ကနေ လွတ်မြောက်လာခဲ့တယ်”
“အထဲကို ဝင်ပြီး စကားပြောရအောင်”
ချင်ရှန့်က ချီရွှမ်းစုကို ဝင်ခိုင်းပြီး တံခါးကို ပိတ်မလို လုပ်နေစဉ် ချီရွှမ်းစုက လက်ကာပြလိုက်၏။
ချင်ရှန့်က ချီရွှမ်းစုကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်၏။
“ဖွင့်ထားလိုက်ပါ... ငါတို့မှာ ဖုံးကွယ်ထားစရာ ဘာမှမှ မရှိတာ”
ချီရွှမ်းစုက ရှင်းပြလိုက်၏။
ချင်ရှန့်က ခဏမျှ မှင်တက်သွားပြီးနောက် ခပ်ပြတ်ပြတ်ပြောလိုက်၏။
“ရှင်က တော်တော်အကဲပိုတာပဲ... အခုက ကွန်ဖြူးရှပ်တွေ အုပ်စိုးတဲ့ ခေတ်မှ မဟုတ်တော့တာ”
ချီရွှမ်းစုက ပြုံး၍ ငြင်းဆန်ခြင်း မရှိသော်လည်း သူက တံခါးကို မရမက ဆက်ဖွင့်ခိုင်းထား၏။
သူတို့နှစ်ယောက်က တံခါးဖွင့်လျက် တစ်ယောက်ကိုတစ်ယောက် မျက်နှာချင်းဆိုင် ထိုင်ပြီးနောက် ချင်ရှန့်က ပြောလိုက်၏။
“မင်းသားလေးက ရှင့်ကို ဖိတ်ခေါ်လိုက်လိမ့်မယ်လို့ ထင်မထားဘူး... ဒါပေမဲ့ ရှင်ရောက်လာပြီဆိုမှတော့ ကျွန်မ ရှင့်ကို ကျေးဇူးတင်ပါရစေ... ရှင် ဘာလိုချင်လဲ”
ချီရွှမ်းစုက အကျိုးလို၍ သူမကို ကူညီပေးခဲ့သည့်သဘောရောက်သွားသောကြောင့် ထိုစကားက အနည်းငယ် တင်စီးရာကျသော်လည်း သူက စိတ်ကွက်ခြင်း မရှိပေ။ နုံနုံအအ ဤခရိုင်မင်းသမီးက ဤကဲ့သို့သော သဘောဖြင့် ပြောဆိုခြင်း မဟုတ်သည်ကို သူသိထား၏။
ချီရွှမ်းစုက ကမ်းလှမ်းမှုကို ငြင်းဆန်ခြင်း မရှိဘဲ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။
“ထိုက်ဖျင်ဒင်္ဂါး ဆိုလည်း ရတယ်”
ချင်ရှန့်က ချက်ချင်းပင် မေးလိုက်၏။
“ဘယ်လောက်ဆိုရင် ရလဲ”
ချီရွှမ်းစုက သူ့မှာရှိသည့်ငွေကို တွက်ကြည့်လိုက်၏။ သူ့မှာ ထိုက်ဖျင်ဒင်္ဂါး ၈၀၀ ကျန်နေသေးသည်။ ဤခရိုင်မင်းသမီးကလည်း သိပ်ပြီး ချမ်းသာပုံမရပေ။ ထို့ကြောင့် ထိုက်ဖျင်ဒင်္ဂါး ၂၀၀ ဆိုလျှင် အဆင်ပြေလောက်မည်ဟု သူတွေးလိုက်၏။ ထို့ကြောင့် ချီရွှမ်းစုက လက်နှစ်ချောင်းထောင်ပြလိုက်၏။
“ထိုက်ဖျင်ဒင်္ဂါး ၂၀၀၀ လား”
ချင်ရှန့်က စိတ်သက်သာစွာ သက်ပြင်းချ၍ စိတ်လက်ပေါ့ပါးသော အမူအရာဖြင့် ပြောလိုက်၏။
“သိပ်မများဘူးပဲ... တကယ်ဆို ရှင် အားနာမနေနဲ့နော်”
ချီရွှမ်းစု၏ လက်နှစ်ချောင်းက တောင့်တင်းသွား၏။ သူ့ကိုယ်သူ ဈေးနှိမ်မိသည်ကို ရုတ်တရက် နားလည်သဘောပေါက်သွား၏။ သို့သော်လည်း သူက ဤအသိုင်းအဝိုင်းမှ လူများနှင့် ထိတွေ့ဆက်ဆံဖူးခြင်း မရှိသောကြောင့် သူ့ကို အပြစ်တင်၍ မရပေ။
ထိုက်ဖျင်ဒင်္ဂါး ၂၀၀၀ က မနည်းသော်လည်း များသည်ဟု မဆိုသာပေ။ မဟာရွှမ်မင်းဆက်သည် နယ်မြေပိုင်စားခွင့်ကို ဖျက်သိမ်းပြီးနောက် ရွေးချယ်ထားသော တော်ဝင်မိသားစု အနည်းအကျဉ်းကိုသာ နိုင်ငံရေး အရေးကိစ္စများမှာ ပါဝင်ခွင့်ပေးထား၏။
ထို့ကြောင့် ကျန်ရှိနေသော အင်ပါယာမျိုးနွယ်ဝင်များက တခြားသော စီးပွားရေးလုပ်ငန်းများမှာ ပါဝင်ပတ်သက်လာကြသည်။ သူတို့က စီးပွားရေးကို ကိုယ်တိုင်မလုပ်သော်လည်း တိတ်တဆိတ် ရင်းနှီးမြှုပ်နှံသူများဖြစ်သည်။ သူတို့က ကျွမ်းကျင်ကြီးကြပ်သူများကို ငှားရမ်း၍ အကျိုးတူ အမြတ်ဝေစုများကို ရယူထားကြသည်။
ချင်ရှန့်သည် အလိုလိုက်ခံထားရသည့် ခရိုင်မင်းသမီးတစ်ပါးသာဖြစ်၏။ သူမ၏ မိဘများက သူမအား အမြတ်ဝေစု အနည်းငယ် ပေးထားရာ သူမ၏ နှစ်စဉ်ဝင်ငွေက ထိုက်ဖျင်ဒင်္ဂါး ၅၀၀၀ ခန့် ရှိသည်။ ထို့ကြောင့် ထိုက်ဖျင်ဒင်္ဂါး ၂၀၀၀ က သူမ၏ နှစ်ဝက်နီးပါးစာ ဝင်ငွေသာ ဖြစ်၏။ ဒါ့အပြင် သူမက ငွေကြေး သိပ်ပြီး သုံးစွဲလေ့မရှိရာ သူမမှာ စုဆောင်းထားသော ထိုက်ဖျင်ဒင်္ဂါး ၁၀၀၀၀ လောက် ရှိလေသည်။
နောက်ဆုံးမှာတော့ ချီရွှမ်းစုက သူမ၏ ကမ်းလှမ်းမှုကို ခေါင်းညိတ်ကာ လက်ခံလိုက်၏။