အခန်း ၁၇၂
Vol. 18 Ch. 172
အခန်း(၁၇၂) ဆုငွေများများဖြင့် သမားတော် ရှာဖွေခြင်း
သို့သော် စိုးရိမ်နေ၍လည်း အပိုပင်၊ ဤကဲ့သို့ ကိစ္စမျိုးမှာ တော်ဝင်မိသားစုတွင် အဖြစ်များသည့် ကိစ္စများထဲမှ တစ်ခု ဖြစ်ပေသည်။
သနားစရာကောင်းသည်မှာ အရှင်မင်းကြီးမှာ ကြိုးစား အချိန်ယူပြီးမှ ကလေး နောက်တစ်ယောက် ရလာခဲ့သော်လည်း ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးသွားမည်၊ သို့မဟုတ် ဉာဏ်ရည်မမီသူ ဖြစ်သွားနိုင်သည့် အခြေအနေနှင့် ရင်ဆိုင်နေရခြင်းပင်။
မည်သို့ပင်ဖြစ်စေ ရင်ထဲတွင်တော့ မခံစားနိုင် ဖြစ်ရပေသည်။
တုမားမားက ဒုတိယမင်းသားကို အနောက်ဘက် ခြံဝင်းသို့ ခေါ်သွားပြီးနောက်မှ လင်ဝမ်ယိက အရှင်မင်းကြီး ရှေ့သို့ လျှောက်သွားလိုက်သည်။
ဤတစ်ကြိမ်တွင်တော့ သူမ၏ စိတ်ထဲတွင် မည်သည့် တွန့်ဆုတ်မှုမျှ မရှိတော့ပေ။
အရှင်မင်းကြီး၏ မျက်နှာကို သူမ၏ ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်ပြီး ကျောကို ဖွဖွလေး ပုတ်ပေးကာ ပြောလိုက်သည်။
"အရှင်မင်းကြီး ဝမ်းမနည်းပါနဲ့တော့… မျှော်လင့်ချက် ရှိနေသေးသရွေ့ ဒုတိယမင်းသမီးလေး နေကောင်းလာဖို့ ကျွန်မတို့ အကုန်လုံး မျှော်လင့်ရမှာပေါ့"
အရှင်မင်းကြီးမှာ ရင်ထဲတွင် ခံစားနေရသည်ကို ဖုံးကွယ်ထားသော်လည်း ယခုလို လင်ဝမ်ယိ၏ နှစ်သိမ့်စကားကို ကြားလိုက်ရသောအခါ သူမကို တင်းကျပ်စွာ ပြန်ဖက်ထားလိုက်ပြီး လုံးဝ လွှတ်မပေးတော့ပေ။
အရှင်မင်းကြီး၏ အသက်ရှူသံများ မြန်ဆန်နေရာမှ တဖြည်းဖြည်း တည်ငြိမ်လာသည်ကို ခံစားမိသဖြင့် လင်ဝမ်ယိက ထပ်ပြီး စကားမဆိုတော့ပေ။
ဤအချိန်မျိုးတွင် ဘာပြောပြော အပိုသာ ဖြစ်မည်ကို သူမ နားလည်ထားသည်။
အရှင်မင်းကြီး ကိုယ်တိုင် စိတ်တည်ငြိမ်သွားအောင် ထားလိုက်ခြင်းကသာ အကောင်းဆုံးပင်။
အခန်းပြင်ဘက်မှ သုန်ယွီကျုံး၏ အသံက အချိန်ကိုက်ပင် ထွက်ပေါ်လာခဲ့သည်။
"အရှင်မင်းကြီး… သမားတော်ကြီးလင်ရဲ့ ပုံတူကို ဆွဲလို့ ပြီးပါပြီ… ဒီအစေခံ အခုပဲ ပို့လိုက်ပါ့မယ်… ဒါပေမဲ့ ဒုတိယသခင်မသုန် ကိုကျတော့ ဘယ်လို စီစဉ်ပေးရမလဲ"
သူတို့ တစ်ညလုံး အလုပ်ရှုပ်နေကြသဖြင့် ဤကိစ္စကိုပင် မေ့သွားကြသည်။
သခင်မယွင်မှာ အပြင်အမတ်၏ ဇနီးဖြစ်ရာ အကြောင်းမရှိဘဲ နန်းတော်ထဲတွင် ညအိပ်ခွင့် ပြုလိုက်ပါက သေချာပေါက် ကောလဟာလများ ထွက်လာပေလိမ့်မည်။
သို့သော် ဒုတိယမင်းသမီးလေး အနားတွင်လည်း မရှိ၍ မဖြစ်ပေ။
ထို့ကြောင့် အရှင်မင်းကြီးက စဉ်းစားလိုက်ပြီးနောက် အမိန့်ပေးလိုက်သည်။
"ဇယ့်ဖင်ကျွန်း ကို ပြန်မယ်… ဒုတိယသခင်မသုန် ကို ဟွေ့ဖန်းယာခြံဝင်း ထဲမှာ အရင် တစ်ညလောက် အိပ်ခိုင်းထားလိုက်… မနက်ဖြန်ကျရင် မင်း ဘေးနားက ခြံဝင်းတစ်ခုကို ရှင်းခိုင်းလိုက်ပြီး ဒုတိယမင်းသမီးလေးနဲ့ ဒုတိယသခင်မသုန် ကို အဲဒီ ပြောင်းထားပေးလိုက်… ပြီးတော့ တိုင်းပြည်အနှံ့ ကြေညာချက် ထုတ်လိုက်… ဒုတိယမင်းသမီးလေးရဲ့ ရောဂါကို ပျောက်ကင်းအောင် ကုသပေးနိုင်တဲ့ သူဆိုရင် ရွှေစင် တစ်သောင်း ချီးမြှင့်မယ်… ဆဋ္ဌမအဆင့် သမားတော်ချုပ် ရာထူး ပေးမယ်… ယောက်ျား မိန်းမ မရွေး လာရောက် စမ်းသပ် ကုသနိုင်တယ်လို့ ကြေညာလိုက်"
ဤသို့ အမိန့်တော် ထုတ်ပြန်လိုက်ပါက မောင်းမဆောင်မှ ကိုယ်လုပ်တော်များနှင့် ညီလာခံမှ အမတ်များမှာ သခင်မယွင် အပေါ် အာရုံစိုက်နေတော့မည် မဟုတ်ပေ။
အရှင်မင်းကြီးက ရည်ရွယ်ချက်ရှိရှိ ကာကွယ်ပေးနေခြင်း ဖြစ်ကြောင်း လင်ဝမ်ယိ နားလည်လိုက်သဖြင့် ပထမဆုံးအကြိမ်အဖြစ် အရှင်မင်းကြီး၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြောလိုက်သည်။
"အရှင်မင်းကြီး… အဆင်ပြေသွားမှာပါ… အားလုံး အဆင်ပြေသွားမှာပါ"
အရှင်မင်းကြီးက ခေါင်းညိတ်ပြလိုက်သည်၊ ယခုအချိန်တွင် သူက လင်ဝမ်ယိနှင့် အေးအေးဆေးဆေး စကားပြောနေရန် စိတ်မပါတော့ပေ။
သုန်ယွီကျုံးကို နန်းတွင်းမီးအိမ် ကိုင်ခိုင်းလိုက်ပြီး ဟွေ့ဖန်းယာခြံဝင်း ထဲမှ ထွက်ခွာသွားလေတော့သည်။
ဘေးခန်းထဲတွင်မူ လင်ဝမ်ယိနှင့် သခင်မယွင်တို့က ဒုတိယမင်းသမီးလေး နို့သောက်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်ကို ကြည့်နေကြသည်။
သူတို့၏ မျက်နှာပေါ်တွင်လည်း စိုးရိမ်မှုများ အပြည့်ဖြစ်နေ၏။
သို့သော် ယခုအချိန်တွင် စိုးရိမ်နေ၍လည်း အပိုပင်။
ထို့ကြောင့် လင်ဝမ်ယိက သခင်မယွင်ကို အခန်းထဲ ပြန်ခေါ်သွားပြီး တိုးတိုးလေး မေးလိုက်သည်။
"ဒုတိယအဒေါ်… ကျွန်မဆီမှာ ယွင်ကျန့်မြက်ပင် ရှိတယ်… အဲဒါကို ဒုတိယမင်းသမီးလေးကို တိုက်လိုက်ရင်… သူ့ကို ကယ်ဖို့ အခွင့်အရေး ရှိနိုင်မလား"
ဤဆေးမှာ သူမ၏ နောက်ဆုံး အားကိုးရာ ဖြစ်သော်လည်း ဒုတိယမင်းသမီးလေး၏ အသက်ကို ကယ်နိုင်မည် ဆိုပါက သူမ နှမြောနေမည် မဟုတ်ပေ။
ဝမ်းနည်းစရာ ကောင်းသည်မှာ သခင်မယွင်က ခေါင်းခါပြရင်း ပြောလိုက်သည်။
"အသုံးမဝင်ဘူး… ယွင်ကျန့်မြက်ပင် ကို သေရာကနေ ရှင်စေနိုင်တယ်လို့ ပြောကြတာက သူ့ရဲ့ သွေးတိတ်စေတဲ့ အစွမ်းက အရမ်းကောင်းလို့ပဲ… ပြင်းထန်တဲ့ ပြင်ပဒဏ်ရာတွေ၊ ဒါမှမဟုတ် အမျိုးသမီးတွေ ကလေးမွေးတဲ့အခါ သွေးလွန်တာတွေအတွက်ဆို အရမ်း အစွမ်းထက်တယ်… ကျန်တဲ့ ကိစ္စတွေအတွက်ကတော့ သိပ်ပြီး အသုံးမဝင်လှဘူး"
လန်ဖေး မှာမူ ယခုအချိန်ထိ သေမင်းနှင့် ရင်ဆိုင်နေရဆဲ ဖြစ်ပြီး ရလဒ်က မည်သို့ ဖြစ်မည်ကို မသိရသေးပေ။
သို့သော် လင်ဝမ်ယိက ထိုဆေးကို ထုတ်ပေးပြီး သူမကို သုံးခိုင်းမည် ဆိုသည်ကတော့ မဖြစ်နိုင်ချေ။
သူမက ဒုတိယမင်းသမီးလေးကို ကယ်တင်ချင်ရခြင်းမှာ ဒုတိယမင်းသမီးလေးက အပြစ်ကင်းစင်နေသောကြောင့် ဖြစ်သည်။
သို့သော် လန်ဖေးကတော့ ယခု ဖြစ်ပျက်နေသမျှ အားလုံးမှာ သူမ ကိုယ်တိုင် ကျူးလွန်ခဲ့သော အပြစ်များကြောင့်သာ ဖြစ်ပေသည်။
လင်ဝမ်ယိက သဘောကောင်းသော်လည်း မျက်ကန်းယုံကြည်မှုဖြင့် သဘောကောင်းတတ်သူမျိုးတော့ မဟုတ်ပေ။
"ဒါဆိုရင် ဒုတိယမင်းသမီးလေးက တကယ်ပဲ…"
နတ်သမားတော်ကို ရှာဖွေရသည်မှာ မည်မျှ ခက်ခဲသော ကိစ္စဖြစ်သနည်း။
ပင်လယ်ထဲ အပ်ကျသလို ရှာရမည့် ကိစ္စမျိုးပင်။ အကယ်၍ ရှာတွေ့ခဲ့ပါက သူ၏ ရှူဒေသမှ ရှန်းကျင်းမြို့တော် သို့ ရောက်လာရန် အနည်းဆုံး တစ်လကျော် အချိန်ယူရဦးမည် ဖြစ်သည်။
ထိုအချိန်ကျလျှင် ဒုတိယမင်းသမီးလေး၏ ထိခိုက်မှုများကို တကယ်ပဲ ကုသလို့ ရနိုင်ပါဦးမည်လား။
ထိုအကြောင်းကို တွေးမိသောအခါ လင်ဝမ်ယိ၏ စိတ်များ ပိုလေးလံသွားရသည်။
"လုံးဝကြီး ဉာဏ်ရည်မမီသူ ဖြစ်သွားမယ်လို့တော့ မဆိုလိုပါဘူး… ခုနက အရှင်မင်းကြီး ရှေ့မှာတုန်းကတော့ ကျွန်မ မပြောလိုက်ရတဲ့ စကားရှိသေးတယ်… ဒုတိယမင်းသမီးလေးရဲ့ ထိခိုက်မှုတွေအတွက် ကျွန်မမှာ ၃၀ ရာခိုင်နှုန်းတော့ ယုံကြည်ချက် ရှိပါတယ်"
၃၀ ရာခိုင်နှုန်း။
မများလှသော်လည်း လုံးဝကြီး ဉာဏ်ရည်မမီသူ ဖြစ်သွားမည်ဟု သတ်မှတ်လိုက်ခြင်းထက်စာလျှင် မျှော်လင့်ချက်လေး ရှိနေသေးသည် မဟုတ်လား။
"ဟူး… ဒီကိစ္စကို အရှင်မင်းကြီးကို မလျှောက်တင်ရဲတာက နောင်တစ်ချိန်ကျလို့ အခြေအနေ တစ်ခုခု ပြောင်းလဲသွားခဲ့ရင် သုန်မိသားစုကိုပါ ထိခိုက်လာမှာ စိုးလို့ပါ… ဘာပဲဖြစ်ဖြစ် သုန်မိသားစုက အခုမှ အစေခံစာရင်းကနေ လွတ်လာတာဆိုတော့… သုန်ခဲ့လီ နဲ့ သုန်ချိုးယွဲ့ တို့ရဲ့ အနာဂတ်ကို ကျွန်မ လျစ်လျူရှုထားလို့ မရဘူးလေ"
လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်သည်၊ ဒုတိယအဒေါ် သခင်မယွင်၏ လုပ်ရပ်အပေါ် သူမ အပြစ်မတင်မိပေ။
မင်းသမီးလေး၏ ကိစ္စမှာ မူလကတည်းက ကံတရားကို ဆန့်ကျင်ပြီး ကယ်တင်နေရခြင်း ဖြစ်သည်။
အကယ်၍ ကယ်တင်နိုင်ခဲ့ပါက အလွန် ကောင်းမွန်သော ကိစ္စ ဖြစ်ပေလိမ့်မည်။
သို့သော် မကယ်တင်နိုင်ခဲ့ပါက သူမအနေဖြင့် မိသားစု၏ အနာဂတ်ကို ထည့်တွေးရမည်သာ။
"ဒုတိယအဒေါ် စိတ်အေးအေးထားပါ… အရှင်မင်းကြီးက အသိဉာဏ်ကင်းမဲ့တဲ့သူ မဟုတ်ပါဘူး… ဒုတိယအဒေါ်မှာ ၃၀ ရာခိုင်နှုန်း ယုံကြည်ချက် ရှိနေမှတော့ အစွမ်းကုန် ကြိုးစားပေးပါ… ဘာပဲဖြစ်ဖြစ် ဒုတိယမင်းသမီးလေးကလည်း အသက်တစ်ချောင်းပဲလေ… ကလေးလေးက နောင်တစ်ချိန်ကျရင် တကယ်ပဲ ဉာဏ်ရည်မမီသူ ဖြစ်သွားခဲ့ရင် ဒီနန်းတော်ကြီးထဲမှာ ဘယ်လိုလုပ် အသက်ရှင်ရပ်တည်နိုင်မှာလဲ"
တခြားကိစ္စများထက် တော်ဝင်မိသားစု မှတ်တမ်းတွင်ပင် နာမည် သွင်းခံရမည် မဟုတ်ပေ။
ခန့်ညားထည်ဝါသော တာ့ဝေ့ပြည် ၏ မင်းသမီး တစ်ပါးက မည်သို့လျှင် ဉာဏ်ရည်မမီသူ ဖြစ်နေနိုင်မည်နည်း။
ထို့ကြောင့် သူမကို စောင့်ကြိုနေမည့် ဇာတ်သိမ်းမှာ သေဆုံးခြင်းမဟုတ်ပါက နန်းတော်ပြင်ပသို့ ပို့ဆောင်ခံရကာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရခြင်းပင် ဖြစ်ပေလိမ့်မည်။
မည်သည့် ရလဒ်မျိုးဖြစ်စေ လင်ဝမ်ယိအတွက် လက်ခံနိုင်စရာ မရှိပေ။
သူမမှာ ကလေး မရှိဖူးသော်လည်း သူမကိုယ်တိုင်လည်း ကလေး တစ်ယောက် ဖြစ်ခဲ့ဖူးသည် မဟုတ်လား။
မိဘများက သားသမီးအပေါ် ထားရှိသော မေတ္တာကို သူမ နားလည်ခံစားနိုင်ပေသည်။
ထို့ကြောင့် သူမကိုယ်တိုင်လည်း ဒုတိယမင်းသမီးလေးကို ဤအခက်အခဲမှ ဘေးကင်းစွာ ကျော်ဖြတ်နိုင်စေရန် မျှော်လင့်မိသည်။
ကောင်းမွန်စွာ ကြီးပြင်းလာပြီး သူမ နှစ်သက်သော ဘဝလေးကို ဖြတ်သန်းနိုင်စေရန် ဆန္ဒပြုမိသည်။
သခင်မယွင်က ခေါင်းညိတ်လိုက်ပြီး ရိုးသားစွာ ပြောလိုက်သည်။
"စိတ်ချပါ… ကျွန်မ အစွမ်းကုန် ကြိုးစားပေးမှာပါ"
သူတို့နှစ်ဦး မင်းသမီးလေး အကြောင်း ပြောပြီးမှ မိသားစု အခြေအနေကို ဆက်ပြောကြသည်။
"ဒုတိယအဒေါ်… မောင်လေး အခု ဘယ်လိုနေလဲ"
"စိတ်ချပါ… သူ့ဒဏ်ရာတွေ အများကြီး သက်သာနေပါပြီ… ဆယ်ကျော်သက် အရွယ်ဆိုတော့ တခြားသူတွေထက် ပြန်ကောင်းလာတဲ့ နှုန်းက ပိုမြန်တာပေါ့"
ထိုစကားကို ကြားရမှ လင်ဝမ်ယိ၏ စိတ်များ အမှန်တကယ် အေးချမ်းသွားရသည်။
လင်ဝမ်ယိမှာ နန်းတော်ထဲတွင် ရောက်နေသဖြင့် မိသားစုနှင့် သတင်း ဖလှယ်ရန် အလွန် ခက်ခဲလှသည်။
ထို့ကြောင့် ယခုတစ်ကြိမ် ဒုတိယအဒေါ် နန်းတွင်းသို့ ရောက်လာသောအခါ မိသားစုသတင်းများကို ကြားခွင့်ရသောကြောင့် သူမအတွက် အနည်းငယ် ဖြေသိမ့်ရာ ရသွားစေသည်။
"လာ… မင်းကို အရင် သွေးစမ်းကြည့်ရအောင်… အရင်တစ်ခေါက်က ဆေးတွေက မင်းရဲ့ ရောဂါကို ခန့်မှန်းပြီး ပေးလိုက်ရတာ… အခု သွေးစမ်းခွင့် ရနေတော့ ပိုပြီး သေချာသွားတာပေါ့"
လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်သည်။
သူမ၏ ရောဂါကို ဒုတိယဦးလေးနှင့် ဒုတိယအဒေါ်တို့က အမြဲတမ်း ကုသပေးနေကြဖြစ်ရာ သူမအနေဖြင့် အလွန် စိတ်ချမ်းသာရသည်။
သွေးစမ်းပြီး ခဏအကြာတွင် သခင်မယွင်က စကားစပြောလာသည်။
"နောက်တစ်ခါ ဒီလို လျှောက်မလုပ်နဲ့တော့… ဖြေဆေး ရှိတယ် ဆိုပေမဲ့ ယင်းဖော့ဆေးလုံး ရဲ့ အဆိပ်က မင်းရဲ့ ကိုယ်ခန္ဓာအတွက် ဆိုးကျိုးတွေပဲ ပေးနိုင်တာ… တကယ်လို့ မင်း ကလေး ရချင်သေးတယ် ဆိုရင်တော့ ဒီလိုမျိုး စိတ်လိုက်မာန်ပါ လျှောက်မလုပ်နဲ့တော့"
လင်ဝမ်ယိက သက်ပြင်းရှည်ကြီး ချလိုက်သည်၊ သူမလည်း မလုပ်ချင်ပါချေ။
အခြေအနေက တွန်းပို့မနေလျှင် ဘာကြောင့်များ ဤကဲ့သို့ ဒုက္ခခံနေရမည်နည်း။
သခင်မယွင်ကလည်း နန်းတော်ထဲတွင် သူမ၏ အခြေအနေ ခက်ခဲနေကြောင်း သိထားသည်။
ထို့ကြောင့် ခဏမျှ စဉ်းစားလိုက်ပြီးနောက် သူမကို ပြောလိုက်သည်။
"တကယ်လို့ အရေးပေါ် ကိစ္စတစ်ခုခု ကြုံလာလို့ နေမကောင်းချင်ယောင် ဆောင်ရမယ့် အခြေအနေမျိုး ရောက်လာရင် ထျန်းကျီးဆေးလုံး ကိုပဲ သုံးလိုက်ပါ… အဲဒီထဲက ဆေးဘက်ဝင် အပင်တွေက မင်းရဲ့ အအေးမိရောဂါ သောက်တဲ့ ဆေးလုံးတွေနဲ့ ဓာတ်မတည့်လို့ ချက်ချင်း အန်ချင်လာလိမ့်မယ်… ဒါပေမဲ့ ခန္ဓာကိုယ်ကို သိပ်မထိခိုက်ဘူး… အန်ထုတ်လိုက်ပြီး ရက်အနည်းငယ်လောက် သေချာ အနားယူလိုက်တာနဲ့ ကောင်းသွားလိမ့်မယ်"
ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်း ထပ်ဖြည့်ပြောလိုက်သည်။
"ဒီနည်းလမ်းတွေကို မသုံးရင်တော့ အကောင်းဆုံးပါပဲ… မဟုတ်ရင် ဟိုလုပ်ဒီလုပ်နဲ့ ဒုက္ခရောက်ရမှာက မင်းပဲလေ"
---