အခန်း ၁၇၃
Vol. 18 Ch. 173
အခန်း(၁၇၃) အကွက်ဆင်ခြင်း
"သိပါပြီ… ဒုတိယအဒေါ်ရဲ့ အကြံပေးမှုအတွက် ကျေးဇူးတင်ပါတယ်"
တစ်နေကုန် အလုပ်ရှုပ်နေရသဖြင့် သခင်မယွင်လည်း အနည်းငယ် ပင်ပန်းနေလေပြီ။
လင်ဝမ်ယိက သူမ၏ မျက်နှာပေါ်မှ ပင်ပန်းနွမ်းနယ်နေမှုများကို မြင်လိုက်ရသဖြင့် ပြောလိုက်သည်။
"ဒုတိယအဒေါ် အရင် သွားနားလိုက်ပါဦး… နောက်ရက်တွေဆိုရင် ဒီထက်ပိုပြီး ပင်ပန်းရဦးမယ် ထင်တယ်"
သခင်မယွင်က ခေါင်းညိတ်ပြလိုက်သည်၊ ဒုတိယမင်းသမီးလေး၏ အခြေအနေမှာ သိပ်မကောင်းသေးရာ အနည်းဆုံး လဝက်ခန့် သေချာ ပြုစုပေးမှသာ အပြောင်းအလဲ ရှိနိုင်ပေမည်။
ထို့ကြောင့် နေ့တိုင်း အပင်ပန်းခံနေ၍ မဖြစ်ပေ။
သမားတော် တစ်ယောက်အတွက် အရေးအကြီးဆုံးမှာ မိမိကိုယ်ကို ကာကွယ်ရန် ဖြစ်သည်၊ သို့မှသာ ပိုမိုများပြားသော လူများကို ကုသပေးနိုင်မည် ဖြစ်သည်။
ဤအချက်ကို သခင်မယွင်က လင်ဝမ်ယိထက် ပို၍ ရှင်းလင်းစွာ သိထားပေသည်။
ဘေးခန်းတွင် လွတ်နေသော ကုတင်တစ်လုံး ရှိနေသဖြင့် သခင်မယွင်မှာ ယနေ့ ဟွေ့ဖန်းယာခြံဝင်း ထဲတွင်သာ အနားယူလိုက်လေသည်။
သုန်ယွီကျုံး ကလည်း အကင်းပါးသူ တစ်ယောက် ဖြစ်သည်။
ညတွင်းချင်းပင် လူလွှတ်ကာ သုန်မိသားစုအိမ်တော် သို့ သတင်းပို့ခိုင်းလိုက်သည်။
ဒုတိယသခင်မယွင် နန်းတော်ထဲတွင် ရက်အတော်ကြာ နေရမည်ကို သိရသောအခါ စိတ်အပူဆုံးသူမှာ ဒုတိယသခင်ကြီးသုန် ပင် ဖြစ်လေသည်။
မိမိ၏ ဇနီးမှာ ခပ်အေးအေး နေတတ်သူ ဖြစ်ရာ နန်းတော်ထဲတွင် နေထိုင်ရပါက လူမုန်းများမည်ကို စိုးရိမ်နေမိသည်။
အကယ်၍ ထိုသို့ ဖြစ်လာပါက သူကိုယ်တိုင်ပင် ကာကွယ်ပေးနိုင်ခွင့် ရှိမည် မဟုတ်ပေ။
တွေးလေလေ ပိုပြီး စိုးရိမ်ပူပန်လာလေလေပင်။
သုန်သခင်ကြီး ကမူ တည်ငြိမ်စွာပင် နေနေလေသည်။
"စိတ်အေးအေးထားပါ… အမိန့်တော်က အပြစ်ပေးတာ မဟုတ်ဘူး… နန်းတော်ထဲ နေခိုင်းတာဆိုတော့ ဒုတိယမင်းသမီးလေးရဲ့ ရောဂါက မျှော်လင့်ချက် ရှိသေးတယ်လို့ ဆိုလိုတာပေါ့… ဒုတိယချွေးမ ရဲ့ အရည်အချင်း ဘယ်လောက်ရှိလဲ ဆိုတာကို ငါတို့ အကုန်လုံး သိနေတာပဲ… ကြောက်အောင် လျှောက်တွေးမနေနဲ့… ဒါပေမဲ့ အတွင်းဒဏ်ရာအတွက် လိုအပ်မယ့် ဆေးဘက်ဝင် အပင်တွေကိုတော့ အရေးပေါ် သုံးဖို့အတွက် များများ ပြင်ထားတာ ပိုကောင်းမယ်"
"သားကြီး… ဒီကိစ္စကို သေချာလေး လုပ်လိုက်ပါ"
"အဖေ စိတ်ချပါ… ဂိုဒေါင်တာဝန်ခံအရာရှိ အဖြစ် ခန့်အပ်ခံရမှတော့ သားက သုန်မိသားစုရဲ့ ဂုဏ်သတင်းကို ကျဆင်းအောင် လုပ်မှာ မဟုတ်ပါဘူး"
ဤရာထူးကို သုန်သခင်ကြီး ၏ နာမည်ဖြင့် ယူထားသည် ဆိုသော်လည်း လက်တွေ့တွင်မူ ပထမသခင်ကြီးသုန် ကသာ နန်းတော်နှင့် အဆက်အသွယ် လုပ်နေခြင်း ဖြစ်သည်။ မဟုတ်ဘဲ ပထမသခင်ကြီးသုန် ၏ နာမည်ဖြင့်သာ ယူလိုက်မည် ဆိုပါက သုန်မိသားစု၏ ဒုတိယအိမ်ခွဲမှာ အစေခံစာရင်းမှ လွတ်နိုင်ခွင့် ရှိမည် မဟုတ်ပေ။
ဤအချက်ကို အရှင်မင်းကြီးက အတော်လေး ပြည့်စုံစွာ တွေးတောပေးခဲ့ခြင်း ဖြစ်သည်။
နန်းတော်ထဲရှိ လူများမှာ တစ်ညလုံး အိပ်မပျော်နိုင်ဘဲ အလွန်အမင်း ထိတ်လန့်နေကြသည်။
အထူးသဖြင့် ဆုငွေများများဖြင့် သမားတော် ရှာဖွေသည့် အမိန့်တော် ထွက်လာပြီးနောက်တွင် လူတိုင်းက နာမည်ကြီး သမားတော်များကို ရှာဖွေပြီး နန်းတော်ထဲသို့ ပို့ဆောင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေကြတော့သည်။
တစ်ချက်က အရှင်မင်းကြီး၏ မျက်နှာသာပေးမှုကို ရလို၍ ဖြစ်ပြီး ဒုတိယတစ်ချက်မှာမူ ဆဋ္ဌမအဆင့် သမားတော်ချုပ် ရာထူးကို လိုချင်၍ ဖြစ်သည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ လူတော်တော်များများက တော်ဝင်သမားတော်သို့ ၏ အဆင့်ကိုပင် မကျော်ဖြတ်နိုင်ဘဲ ဒုတိယမင်းသမီးလေးကို ကုသပေးရန် နန်းတော်ထဲသို့ မည်သို့ ဝင်ရောက်နိုင်မည်နည်း။
ဟွေ့ဖန်းယာခြံဝင်းနှင့် အနီးဆုံး ခြံဝင်းတစ်ခုကို သေချာ ရှင်းလင်း ပြင်ဆင်ပြီးသွားလေပြီ။
သုန်ယွီကျုံး နှင့် ချင်အန်း တို့ ပြင်ဆင်ထားသဖြင့် အရာရာတိုင်း ပြည့်စုံနေပေသည်။
ရှအန်း ကလည်း ဆေးပညာကို အတော်လေး နားလည်သဖြင့် သူမကို သခင်မယွင် အနားတွင် ပြုစုပေးရန် ယာယီ ပြောင်းရွှေ့ထားလိုက်သည်။
ဒုတိယမင်းသမီးလေးကို အတူတကွ ဂရုစိုက်ပေးရန် ဖြစ်သည်။
မနက်စောစော ထွက်ပြီး ညဉ့်နက်မှ ပြန်လာရသဖြင့် အလွန် ပင်ပန်းလှသည်။
ထိုအရာများကို ချင်အန်း က အကုန်လုံး မျက်မြင်တွေ့နေရပေသည်။
အစကတော့ ရွေးချယ်ထားပြီးသား လူအချို့ကို လင်ဝမ်ယိ ဆီသို့ အရင် ပို့ပေးထားသင့်သလားဟု စဉ်းစားနေမိသည်။
သို့သော် သုန်ယွီကျုံး က တားမြစ်လိုက်သည်။
ဤကဲ့သို့ အရေးကြီးသော အချိန်တွင် လူစိမ်းများ အဝင်အထွက် နည်းလေ ပိုကောင်းလေပင် ဖြစ်သည်။
ချင်အန်း လည်း ကြားလိုက်ရသောအခါ အကြောင်းပြချက် ခိုင်လုံသည်ဟု ထင်လိုက်သည်။
ကံကောင်းသည်မှာ လင်ဝမ်ယိက ပြဿနာ ရှာတတ်သူ မဟုတ်သဖြင့် သူမအနားတွင် ချွမ်ချီ နှင့် ချိုးမင် တို့ ပြုစုပေးနေရုံနှင့် လုံလောက်နေပေသည်။
လန်ဖေး မှာမူ သမီးလေး မွေးဖွားပြီးကတည်းက ယခုအချိန်ထိ သတိမရလာသေးပေ။
တော်ဝင်သမားတော်ချန် မှာ နေ့စဉ်ရက်ဆက် စောင့်ကြည့်နေရပြီး သတိလွတ်သွားပါက လန်ဖေး အသက်ထွက်သွားမည်ကို စိုးရိမ်နေရသည်။
ကျွေ့ယွင် နှင့် ကျွေ့ယွဲ့ တို့က လန်ဖေး ကို စိုးရိမ်နေသလို အရှင်မင်းကြီး ခေါ်ဆောင်သွားသော ဒုတိယမင်းသမီးလေးကိုလည်း တွေးပူနေမိကြသည်။
လန်မိသားစုက ကျွေ့ယာ ကို ရှာတွေ့ပါက အမြန်ဆုံး ပို့ပေးလာစေရန် နန်းတော်ပြင်ပသို့ အဆက်မပြတ် သတင်းပို့နေကြသည်။
သို့သော် ရလဒ်အနေဖြင့် ကျွေ့ယာ ပျောက်ဆုံးနေကြောင်းကိုသာ သိလိုက်ရသည်။
မကောင်းသော အတွေးတစ်ခုက သူတို့နှစ်ဦး၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ဒီကိစ္စတွေ အကုန်လုံးက ကျွေ့ယာ က တမင် အကွက်ဆင်ထားတာများလား။
တွေးလေလေ ပို၍ ကြောက်လန့်လာလေလေ ဖြစ်မိပြီး လန်ဖေး သတိမရလာသေးသဖြင့် သူတို့လည်း ဘာလုပ်ရမည်ကို မသိတော့ပေ။
ထို့ကြောင့် နေ့စဉ်ရက်ဆက် လန်ဖေး သတိပြန်လည်လာစေရန်သာ မျှော်လင့်နေရတော့သည်။
သူတို့နှစ်ဦး၏ ဆုတောင်းမှုများက ပြည့်ဝလွန်း၍လား၊ သို့မဟုတ် လန်ဖေး ကိုယ်တိုင်က အသက်ရှင်ချင်စိတ် ပြင်းပြလွန်း၍လားတော့ မသိပေ။
လေးငါးရက်ခန့် သတိမေ့ပြီးနောက် သူမက နောက်ဆုံးတွင် သတိပြန်ရလာခဲ့သည်။
သတိပြန်ရလာပြီး ပထမဆုံး ပြောလိုက်သော စကားမှာ ကလေးအကြောင်း မဟုတ်ဘဲ နောင်အနာဂတ်အကြောင်းပင် ဖြစ်နေသည်။
"မင်းသမီးလေးက ကျုံးယွမ်ပွဲတော် နေ့မှာ မွေးတာဆိုတော့… အရှင်မင်းကြီးက ဘာများ ပြောသေးလဲ"
အစေခံ နှစ်ယောက်မှာ ယခုအချိန်တွင် မည်သို့ ပြန်ဖြေရမည်ကို မသိတော့ပေ။
ကျုံးယွမ်ပွဲတော် နေ့တွင် မွေးဖွားသည်ထက် ဒုတိယမင်းသမီးလေး အသက်ရှင်နိုင်မလား ဆိုသည်ကပင် မသေချာသေးပေ။
သို့သော် သူမ၏ ကျန်းမာရေးကို ထည့်တွေးကာ သတိထားပြီး ချော့မော့ပြောလိုက်ရသည်။
"မယ်မယ် စိတ်ချပါ… အရှင်မင်းကြီးက ဒုတိယမင်းသမီးလေးကို အရမ်း ချစ်ပါတယ်… မယ်မယ် သတိမေ့နေတာကို သိလို့ ဒုတိယမင်းသမီးလေးကို ချီချင်းဆောင် ကို ခေါ်သွားပြီး သေချာ ဂရုစိုက်ပေးနေပါတယ်"
လန်ဖေး က သိပ်မယုံနိုင် ဖြစ်နေသည်။
မင်းသမီး တစ်ပါးက ဘယ်လိုလုပ်ပြီး ဒီလောက် မျက်နှာသာပေးတာကို ခံရမှာလဲ။
အစေခံတွေက ငါ့ကို လိမ်နေတာများလား။
သို့သော် သူတို့နှစ်ဦး၏ ရိုးသားနေသော ပုံစံကို ကြည့်ပြီး သူမက အနည်းငယ်တော့ ယုံကြည်သွားသည်။
"တကယ်လား… အရှင်မင်းကြီးက ဒုတိယမင်းသမီးလေးကို တကယ် သဘောကျတာလား"
"တကယ်ပေါ့… မဟုတ်ရင် ဘယ်မင်းသား မင်းသမီးလေးတွေ မွေးလာတုန်းကများ အရှင်မင်းကြီး ကိုယ်တိုင် ဂရုစိုက်ပေးခဲ့တာကို မယ်မယ် ကြားဖူးလို့လဲ"
လန်ဖေး မှာ ယခုအချိန်တွင် အလွန် အားနည်းနေသဖြင့် ထိုစကားကို ကြားလိုက်ရသော်လည်း ပြဿနာများကို သေချာ မစဉ်းစားနိုင်တော့ပေ။
"ဒါဆိုရင် ကောင်းတာပေါ့… ဒီအရှင်မ ခန္ဓာကိုယ်ကို သေချာ ပြုစုထားရဦးမယ်… နောင်တစ်ချိန်ကျရင် အရှင်မင်းကြီးအတွက် မင်းသားလေး တစ်ပါး ထပ်မွေးပေးရဦးမယ်"
ထိုစကားကို ကြားသောအခါ အစေခံ နှစ်ယောက်မှာ အချင်းချင်း ကြည့်လိုက်ကြပြီး မျက်ဝန်းထဲတွင် ဝမ်းနည်းမှုများ ပေါ်လွင်နေသည်။
ထိုကြောင့် လန်ဖေး ကို မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။
လန်ဖေး မှာ အခုမှ သတိရလာခြင်း ဖြစ်ရာ စကားအနည်းငယ် ပြောလိုက်သည်နှင့် ပင်ပန်းသွားပြန်သည်။
ထို့ကြောင့် သိပ်မတွေးတော့ဘဲ အိပ်ပျော်သွားလေသည်။
သူမ၏ အသက်ရှူသံများ တဖြည်းဖြည်း တည်ငြိမ်သွားသည်ကို မြင်မှ ကျွေ့ယွင် နှင့် ကျွေ့ယွဲ့ တို့က အခန်းပြင်သို့ ဖြည်းဖြည်းချင်း ထွက်လာခဲ့ကြသည်။
ကျွေ့ယွဲ့ က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"ဘယ်လိုလုပ်ကြမလဲ… အခု အခြေအနေကို မယ်မယ့်ကို ဘယ်လို ပြောပြရမလဲ… တကယ်လို့ မယ်မယ်က ဒုတိယမင်းသမီးလေး သေရေးရှင်ရေး ဖြစ်နေတာကို သိသွားရင်… ပြီးတော့ သူကိုယ်တိုင်လည်း… ဒါက မယ်မယ့်ရဲ့ နောက်ကျောကို ဓားနဲ့ ထိုးလိုက်သလို ဖြစ်မသွားဘူးလား"
"ဖုံးထားနိုင်သလောက်တော့ ဖုံးထားရမှာပဲ… တော်ဝင်သမားတော်ချန် လည်း ပြောထားတယ် မဟုတ်လား… မယ်မယ်က အနားများများ ယူရဦးမယ်လို့"
အစေခံ နှစ်ယောက်မှာ စိုးရိမ်နေ၍လည်း အပိုပင်။
လန်ဖေး မှာ ထိုအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဒုတိယမင်းသမီးလေး၏ ရောဂါကတော့ အခြေအနေ ပြန်ဆိုးလာခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က နို့သောက်နိုင်လာသဖြင့် အနည်းငယ် သက်သာလာသော်လည်း ရေချိုးပေးချိန်တွင် အအေးမိသွားခဲ့သည်။
ငယ်ရွယ်လှသော ကလေးငယ်လေးမှာ အဖျားတက်လာခဲ့သည်။
မူလကတည်းက ဦးနှောက် ထိခိုက်မှုမှာ အန္တရာယ် များလှရာ ယခု ထပ်ပြီး ဖြစ်လာပြန်သည်။
သခင်မယွင် နှင့် တော်ဝင်သမားတော်သို့ တို့ ပူးပေါင်းပြီး မကုသပေးခဲ့လျှင် ဒုတိယမင်းသမီးလေးမှာ နောက်နေ့ နေထွက်တာကို မြင်ခွင့်ရမည် မဟုတ်ပေ။
ဤသို့ဖြင့် နှစ်ရက်ခန့် ကြိုးစားလိုက်ရပြီးနောက် အဖျားကျသွားသော်လည်း ဒုတိယမင်းသမီးလေး၏ ခန္ဓာကိုယ်မှာ တစ်နေ့တခြား ပို၍ အားနည်းလာခဲ့သည်။
အသက်ရှူသံလေးများပင် ပို၍ တိုးညှင်းလာခဲ့သည်။
အရှင်မင်းကြီးမှာ မတ်တပ်ရပ်ရင်း လက်နောက်ပစ်ကာ သမီးလေးကို ကြည့်ရင်း ရင်ထဲမှ နာကျင်မှုများကို စကားဖြင့်ပင် ဖော်ပြ၍ မရနိုင်တော့ပေ။
သက်ပြင်းရှည်ကြီးများ အကြိမ်ကြိမ် ချလိုက်ပြီးနောက် အခြားအခန်း တစ်ခန်းသို့ လျှောက်သွားကာ သခင်မယွင် နှင့် တော်ဝင်သမားတော်သို့ တို့ကို မေးလိုက်သည်။
"မင်းတို့ နှစ်ယောက်လုံး အမှန်တိုင်း ပြောကြပါ… ဒုတိယမင်းသမီးလေး ဒီလို အသက်ရှင်နေရတာက သူ့အတွက် နာကျင်ရလား"
နာကျင်ရသလား...။
ဤကဲ့သို့သော စကားလုံးကို မျက်လုံးပင် ကောင်းကောင်း မဖွင့်နိုင်သေးသော ကလေးငယ်လေး အပေါ် သုံးနှုန်းရသည်မှာ လွန်လွန်းလှပေသည်။
သူမက နာကျင်မှုကို ခံစားသိရှိနိုင်ပါမည်လား။
ခံစားသိရှိနိုင်ကောင်းပါရဲ့။
သို့သော် သူမက နှုတ်မှ မပြောပြနိုင်ပေ။
ကြီးပြင်းလာလျှင်လည်း ဤကိစ္စကို မှတ်မိနိုင်မည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ကြီးပြင်းလာနိုင်မည်လား ဆိုသည်ကပင် မေးခွန်းထုတ်စရာ ဖြစ်နေသည်။
တော်ဝင်သမားတော်သို့ မှာ နန်းတော်ထဲတွင် နေလာသည်မှာ ကြာပြီဖြစ်ရာ စကားအချို့ကို တည့်ပြောရန် မသင့်တော်မှန်း သိထားသည်။
သို့သော် သခင်မယွင် ကမူ မတူညီပေ၊ သူမ အမြင်တွင်တော့ ဤဒုတိယမင်းသမီးလေးမှာ တစ်လပြည့်သည်အထိ အသက်ရှင်နိုင်မည် မဟုတ်ပေ။
မွေးလာသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော ကလေးငယ်လေးကို ဤမျှ ဒုက္ခခံခိုင်းနေမည့်အစား ကယ်တင်နိုင်ခဲ့လျှင်ပင် ကြီးပြင်းလာအောင် ပြုစုပျိုးထောင်နိုင်မည်ဟု မထင်ပေ။
ထို့ကြောင့် ပြောလိုက်သည်။