အခန်း ၁၇၄
Vol. 18 Ch. 174
အခန်း(၁၇၄) ကုသမှုရပ်ဆိုင်းခြင်း
"ဒီကျွန်တော်မျိုးမကို ခွင့်လွှတ်ပါ… ဒုတိယမင်းသမီးလေးကတော့ မျှော်လင့်ချက် မရှိတော့ဘူး ထင်တယ်"
အရှင်မင်းကြီးကလည်း ဤကဲ့သို့ ဆက်လက်၍ အတင်းအကျပ် ကယ်တင်နေပါက ဒုတိယမင်းသမီးလေးသာ ပို၍ ဒုက္ခရောက်မည်ကို နားလည် သဘောပေါက်နေပေ၏။
ထို့ကြောင့် အရှင်မင်းကြီးက အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် သူတို့နှစ်ဦးကို ပြောလိုက်သည်။
"မင်းသမီးလေးကို အေးအေးချမ်းချမ်း ထွက်သွားခွင့်ပေးမယ့် နည်းလမ်းရှိရင်… အဲဒါကိုပဲ သုံးလိုက်ကြပါ"
ထိုစကားကို ကြားလိုက်ရသည်နှင့် အခန်းထဲရှိ လူအားလုံးမှာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြသည်။
မျှော်လင့်ချက် တစ်စက်လေး ရှိနေသေးသရွေ့တော့ အရှင်မင်းကြီးက ဤကဲ့သို့ ဆုံးဖြတ်ချက်မျိုးကို ချမှတ်မည် မဟုတ်ပေ။ ဒုတိယမင်းသမီးလေးကို ဆင်းရဲဒုက္ခမျိုးစုံ ခံစားရပြီးမှ သေဆုံးစေခြင်းထက် အေးအေးချမ်းချမ်း ထွက်သွားခွင့်ပေးလိုက်ခြင်းက ပိုကောင်းမည်ဟု တွေးလိုက်ခြင်း ဖြစ်သည်။
ဤဘဝတွင် ကံမကောင်းစွာဖြင့် လူလာဖြစ်ရသော်လည်း နောက်ဘဝတွင်မူ အေးချမ်းသာယာသော မိသားစု၌ လူပြန်ဖြစ်ရန် ဆုတောင်းပေးလိုက်ခြင်း ဖြစ်ပေသည်။
အရှင်မင်းကြီး၏ စကားကြောင့် သခင်မယွင်နှင့် တော်ဝင်သမားတော်သို့တို့မှာ မည်သို့ ပြန်ပြောရမည်ကို မသိတော့ပေ။ သူတို့က သမားတော်များ ဖြစ်ကြရာ နောက်ဆုံးအချိန်ထိတိုင်အောင် အလွယ်တကူ လက်မလျှော့လိုကြပေ။
သို့သော် လက်ရှိအခြေအနေအရ အချိန်တစ်ရက် ဆွဲထားလေ ဒုတိယမင်းသမီးလေး ပို၍ ဒုက္ခရောက်လေ ဖြစ်နေသဖြင့် အရှင်မင်းကြီး၏ ဆုံးဖြတ်ချက်ကို သူတို့ နားလည်ပေးနိုင်ကြသည်။
ခဏအကြာတွင် တော်ဝင်သမားတော်သို့က ဖြည်းညင်းစွာ ပြောလိုက်၏။
"ဒီအစေခံက အရည်အချင်း မရှိလို့ ဒုတိယမင်းသမီးလေးကို မကယ်နိုင်ခဲ့ပါဘူး… ဒါပေမဲ့ ဒုတိယမင်းသမီးလေးကို အေးအေးချမ်းချမ်း ထွက်သွားဖို့တော့ လုပ်ပေးနိုင်ပါတယ်… ဒီအစေခံ အခုပဲ ဆေးသွားဖော်လိုက်ပါ့မယ်"
သခင်မယွင်၏ အေးတိအေးစက် မျက်နှာပေါ်တွင်လည်း ရင်ထဲမှ ခံစားနေရသော အရိပ်အယောင်များ ပေါ်လာလေသည်။ ဤအရာမှာ သမားတော်တစ်ယောက်အတွက် အခက်ခဲဆုံးအချိန်ပင် ဖြစ်ပေလိမ့်မည်။ ကယ်တင်ရန် ခွန်အားမရှိသလို ကယ်တင်၍လည်း မရနိုင်တော့ပေ။
အရှင်မင်းကြီးက သူတို့ကို ကျောခိုင်းလှည့်သွားပြီး စကားထပ်မပြောတော့ချေ။ သို့သော် အနည်းငယ် တုန်ယင်နေသော ခန္ဓာကိုယ်က သူ၏ ဝမ်းနည်းကြေကွဲနေမှုကို ဖော်ပြနေလေသည်။
ရှအန်းက ဤကိစ္စကို မသင့်တော်ဟု ခံစားမိသဖြင့် ဟွေ့ဖန်းယာခြံဝင်းဆီသို့ တိတ်တဆိတ် ထွက်သွားလေ၏။
အရှင်မင်းကြီးက တော်ဝင်သမားတော်သို့ကို ဒုတိယမင်းသမီးလေးအား အေးချမ်းစွာ ထွက်သွားခွင့်ပေးရန် အမိန့်ပေးလိုက်ကြောင်း လင်ဝမ်ယိ သိလိုက်ရသောအခါ သူမက လုံးဝ မယုံနိုင်အောင် ဖြစ်သွားရသည်။ ထို့ကြောင့် သူမက ချက်ချင်းပင် ပြောလိုက်၏။
"တုမားမားကို သွားခေါ်ခဲ့"
"ဟုတ်ကဲ့ပါ"
တုမားမားကိုလည်း ရှအန်းက ဘာမှ ဖုံးကွယ်မထားခဲ့ပေ။ လမ်းလျှောက်လာရင်း အခြေအနေအားလုံးကို ရှင်းပြခဲ့လေပြီ။ လင်ဝမ်ယိက တုမားမားကို တွေ့လိုက်ရချိန်တွင် သူတို့နှစ်ဦးလုံး၏ မျက်နှာပေါ်၌ နောက်ဆုတ်မည်မဟုတ်ကြောင်း ဆုံးဖြတ်ချက်ချထားသည့် အမူအရာများ ရှိနေကြသည်။
"သခင်မလေး ဆုံးဖြတ်ပြီးပြီလား"
"အင်း… သက်ရှိအားလုံးကတောင် အသက်ရှင်ဖို့ ရုန်းကန်နေကြသေးတာပဲ… ဒုတိယမင်းသမီးလေးရဲ့ အသက်တစ်ချောင်းဆိုရင် ပိုဆိုးတာပေါ့… နောက်ဆုံးအချိန်အထိ မကြိုးစားဘဲ ဒီလိုကြီး လက်လျှော့လိုက်ရမယ်ဆိုရင်… ဒုတိယမင်းသမီးလေးအတွက် ငါ နှမြောတယ်"
တုမားမားက ခေါင်းညိတ်ပြလိုက်သည်။ ဤအချက်မှာ လင်ဝမ်ယိအပေါ် သူမ သဘောကျဆုံးသော အချက်ပင် ဖြစ်ပေလိမ့်မည်။ ရှင်သန်လိုစိတ်က သာမန်လူများထက် ပြင်းထန်ပြီး မည်သည့် မျှော်လင့်ချက်ကိုမျှ အလွယ်တကူ လက်မလျှော့တတ်ပေ။ နောင်တစ်ချိန်တွင် ဆူးခင်းလမ်းများကို ကျော်ဖြတ်ရမည် ဆိုလျှင်တောင်မှ သူမက ရှေ့သို့သာ ဆက်လှမ်းမည်ပင်။
ယခုအချိန်တွင် ဒုတိယမင်းသမီးလေးမှာ ဆင်းရဲဒုက္ခ ခံစားနေရသည် မှန်သော်လည်း အသက်ရှင်နိုင်ရန် အခွင့်အရေး ရှိနေသေးသရွေ့ မည်သူက သေချင်ပါမည်နည်း။ ထို့ကြောင့် တုမားမားက လင်ဝမ်ယိကို ပြောလိုက်၏။
"သခင်မလေးရဲ့ ဆုံးဖြတ်ချက်က ဒီလောက် ခိုင်မာနေမှတော့… ဒီအစေခံကလည်း သခင်မလေးနဲ့အတူ အဆုံးထိ ရပ်တည်ပေးပါ့မယ်"
ထို့နောက် လင်ဝမ်ယိက ရှအန်းကို မှာကြားလိုက်သည်။
"တုမားမားက ငါနဲ့အတူ ဒုတိယမင်းသမီးလေးကို သွားပြုစုပေးမယ်… ရှအန်း မင်းက ဒုတိယမင်းသားကို သေချာ ဂရုစိုက်ထားပေး… လုံးဝ ပေါ့ပေါ့ဆဆ မလုပ်နဲ့… ကြားလား"
"သခင်မလေး စိတ်ချပါ… ဒီအစေခံ တာဝန်ကျေအောင် လုပ်ပါ့မယ်"
ဤကိစ္စကို မှာကြားပြီးနောက် လင်ဝမ်ယိက တုမားမားကို ခေါ်ကာ ခြေလှမ်းသွက်သွက်ဖြင့် ထွက်သွားလေသည်။ ခြံဝင်းနှစ်ခုမှာ သိပ်မဝေးလှသဖြင့် အချိန်တိုအတွင်းမှာပင် ရောက်ရှိသွားလေပြီ။
တော်ဝင်သမားတော်သို့မှာ ပြန်မရောက်သေးသဖြင့် ဒုတိယမင်းသမီးလေးမှာ လောလောဆယ် အန္တရာယ်ကင်းနေဆဲ ဖြစ်ပေသည်။
အရှင်မင်းကြီးက အနောက်ဘက်မှ အလျင်စလို လျှောက်လာသော ခြေသံများကို ကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်သောအခါ လင်ဝမ်ယိနှင့် တုမားမားတို့ကို တွေ့လိုက်ရ၏။ သူတို့နှစ်ဦး၏ မျက်ဝန်းများမှာ အလွန် ခိုင်မာပြတ်သားနေပြီး အရှင်မင်းကြီး စကားမစရသေးခင်မှာပင် မြေပြင်ပေါ်၌ ဒူးထောက်ကာ ရိုးသားစွာ ပြောလိုက်ကြသည်။
"အရှင်မင်းကြီး… ဒုတိယမင်းသမီးလေးကို ကျွန်တော်မျိုးမနဲ့ တုမားမားဆီ လွှဲပေးပါ… မျှော်လင့်ချက် တစ်စက်လေး ရှိနေသေးသရွေ့ ကျွန်တော်မျိုးမတို့ အရှုံးပေးမှာ မဟုတ်ပါဘူး"
လင်ဝမ်ယိ၏ စကားများက ခိုင်မာပြတ်သားနေသော်လည်း ဘေးနားရှိ သခင်မယွင်ကမူ လင်ဝမ်ယိ ပြဿနာတက်မည်ကို စိုးရိမ်နေမိသည်။ အကယ်၍ ဒုတိယမင်းသမီးလေးသာ သူမ၏ ပြုစုစောင့်ရှောက်မှုအောက်တွင် သေဆုံးသွားခဲ့ပါက အခြားသူများကို မပြောနှင့်ဦး၊ လန်ဖေးက သူမကို ပထမဆုံး လာသတ်ပေလိမ့်မည်။ ထို့ကြောင့် သခင်မယွင်က အလောတကြီး ပြောလိုက်၏။
"သခင်မလေး သေချာ စဉ်းစားပါဦး… ဒုတိယမင်းသမီးလေးရဲ့ ရောဂါက အတော်ဆိုးနေပြီမို့လို့ ကယ်ဖို့ မလွယ်တော့ပါဘူး… သခင်မလေးက ဘာလို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခရှာနေရတာလဲ"
သခင်မယွင်၏ လေသံထဲမှ စိုးရိမ်ပူပန်မှုများကို ကြားလိုက်ရပြီး လင်ဝမ်ယိက သူမအတွက် ကောင်းစေချင်၍ ပြောမှန်း သိထားသည်။ သို့သော် အချို့သော ကိစ္စများတွင် သူမသာ လက်ပိုက်ကြည့်နေခဲ့မည် ဆိုပါက ညသန်းခေါင် အိပ်မက်မက်သည့်အခါတိုင်း ရင်ထဲတွင် မခံစားနိုင် ဖြစ်နေရပေလိမ့်မည်။ ထို့ကြောင့် သူမက ယခင်ကထက် ပို၍ ခိုင်မာပြတ်သားသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ဒုတိယအဒေါ်… ဘိုးဘိုးအိမ်မှာတုန်းက ကျွန်မ နေမကောင်းဖြစ်ပြီး သေလုမျောပါး ဖြစ်ခဲ့ရတဲ့ ကိစ္စကို မှတ်မိသေးလား… အဲဒီတုန်းကလည်း လူတိုင်းက လက်လျှော့တော့တာပဲ… ဘွားဘွား တစ်ယောက်ပဲ လက်မလျှော့ခဲ့တာ… ဘွားဘွားက ကျွန်မကို ခြောက်ရက်နဲ့ ခြောက်ည တိတိ စောင့်ရှောက်ပေးခဲ့လို့သာ သေမင်းလက်ကနေ လွတ်လာခဲ့တာလေ… ဘွားဘွားသာ စိတ်ဓာတ်မခိုင်မာခဲ့ရင်… ချန်ချန် က အခုဆို ဘယ်နေရာမှာ သရဲဘဝနဲ့ ရောက်နေမလဲတောင် မသိနိုင်ဘူး"
"အမှန်တိုင်း ပြောရရင်… အဲဒီတုန်းက ကျွန်မကိုယ်တိုင်လည်း အသက်ရှင်ချင်စိတ် မရှိတော့ဘူး… ဒါပေမဲ့ ဘွားဘွားက ကျွန်မရဲ့ အနားမှာ အမြဲရှိပြီး ပြောလေ့ရှိတယ်… အသက်ရှင်အောင် နေရမယ်တဲ့… မဟုတ်ရင် ဒီလူ့လောကထဲ ရောက်လာတာက ဒုက္ခခံဖို့ သက်သက်ပဲ ဖြစ်သွားမှာပေါ့တဲ့… အဲဒီ စကားကြောင့်ပဲ ကျွန်မ အသက်ရှင်ဖို့ ဆုံးဖြတ်ချက် ခိုင်မာသွားခဲ့တာ"
"အခု အသက်ကြီးလာမှပဲ ဘွားဘွား ပြောခဲ့တဲ့ စကားရဲ့ အဓိပ္ပါယ်ကို ကျွန်မ နားလည်လာတော့တယ်… အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိတယ် မဟုတ်ဘူးလား… သေသွားခဲ့ရင်တော့ အရာအားလုံးက တကယ့်ကို ပြီးဆုံးသွားပြီလေ"
လင်ဝမ်ယိ၏ စကားများက မြန်ဆန်ပြီး ပြတ်သားလွန်းလှရာ သခင်မယွင်မှာ အလွန် တုန်လှုပ်သွားရသည်။ သမားတော် တစ်ယောက်၏ ရှုထောင့်မှ ကြည့်လျှင် ဒုတိယမင်းသမီးလေးမှာ ယခုအချိန်တွင် ဆင်းရဲဒုက္ခ ခံစားနေရသည်ဟု သူမ ထင်မြင်မိသည်။ သို့သော် လင်ဝမ်ယိ ပြောသလို စဉ်းစားကြည့်လျှင်လည်း မှန်နေပေ၏။
အသက်ရှင်နေသရွေ့ အခွင့်အရေး ရှိသေးသည်။ နေကောင်းလာရန် အခွင့်အရေး၊ ကြီးပြင်းလာရန် အခွင့်အရေး၊ ဤလူ့လောက၏ သာယာမှုနှင့် ဘဝ၏ အရသာစုံကို ခံစားရန် အခွင့်အရေးများ ရှိနေပေသည်။ သို့သော် ယခုလို အလွယ်တကူ လက်လျှော့လိုက်ပါက ဒုတိယမင်းသမီးလေးမှာ အတိတ်က အကြောင်းအရာငယ်လေး တစ်ခုသာ ဖြစ်သွားပေလိမ့်မည်။ လူများ အားလပ်ချိန်တွင် ဝမ်းနည်းစွာ ပြောဆိုရမည့် စကားတစ်ခွန်းမျှသာ ဖြစ်သွားမည်။ သူမ၏ ဘဝလေးမှာ ဤကဲ့သို့ လွယ်လွယ်ကူကူ အဆုံးသတ်သွားရန် မသင့်တော်ချေ။
ထို့ကြောင့် သခင်မယွင်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲတက်လာပြီး ပထမဆုံးအကြိမ်အဖြစ် လင်ဝမ်ယိကို စိတ်လှုပ်ရှားစွာ ကြည့်ကာ ပြောလိုက်သည်။
"သခင်မလေး ပြောတာ မှန်တယ်… ကျွန်မလို သမားတော် တစ်ယောက်က ဘယ်လိုလုပ်ပြီး အလွယ်တကူ လက်လျှော့ရမှာလဲ"
ထို့နောက် သူမလည်း အရှင်မင်းကြီးကို မျက်နှာမူကာ ရိုးသားစွာ ဒူးထောက်လိုက်ပြီး ပြောလိုက်လေ၏။
"ကျွန်တော်မျိုးမလည်း နောက်တစ်ကြိမ် ကြိုးစားကြည့်ချင်ပါတယ်… အရှင်မင်းကြီး ခွင့်ပြုပေးပါ"
တုမားမားမှာ ဘာမှ ဝင်မပြောသော်လည်း လင်ဝမ်ယိနှင့်အတူ လိုက်လာကတည်းက အရာအားလုံးကို ဖော်ပြနေပြီး ဖြစ်ပေသည်။
တော်ဝင်သမားတော်သို့မှာ အခန်းပြင်ဘက်တွင် ရပ်နေရင်း သူတို့၏ စကားများကို ကြားလိုက်ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားရသည်။ သူ၏ အသက်အရွယ်အရ ဤလောကရှိ ကိစ္စများစွာကို ကြုံတွေ့ခဲ့ဖူးပြီး ဖြစ်သည်။
သို့သော် နန်းတော်ထဲတွင် ဤကဲ့သို့သော သခင်မလေးမျိုးကို တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။ မိမိ မွေးဖွားထားခြင်း မဟုတ်သော ကလေးတစ်ယောက်အပေါ်တွင်ပင် ဤမျှ ရိုးသားစွာ ပေးဆပ်ရဲပေသည်။ သူမ၏ နာမည်ဂုဏ်သတင်းကိုပင် ရင်းနှီးရန် ဝန်လေးခြင်း မရှိချေ။
အကယ်၍ နောက်ဆုံးတွင် ဒုတိယမင်းသမီးလေးသာ သေဆုံးသွားခဲ့ပါက ထိုနာမည်ဆိုးမှာ သူမ၏ တစ်သက်တာလုံး ဖုံးလွှမ်းသွားမည် ဖြစ်ကြောင်း သိထားသင့်သည်။ သို့သော် သူတို့က အမှန်တရားကို သိနေလျှင်တောင် ဘာများ ထူးခြားမည်နည်း။ ဤနန်းတော်ကြီးထဲတွင် အများဆုံးအရာမှာ ကောလဟာလပင် ဖြစ်ပေသည်။
သူမကိုယ်တိုင်ပင် ဤမျှ ခိုင်မာပြတ်သားနေပါလျက် သူတို့ကဲ့သို့ လူများကမူ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် အသက်တစ်ချောင်းကို စွန့်လွှတ်ခဲ့ကြသည်လား။ တော်ဝင်သမားတော်သို့က အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး သူ၏ လက်ထဲရှိ ဆေးများကို မြေပြင်ပေါ်သို့ သွန်ချလိုက်လေပြီ။
ထို့နောက် သူကလည်း ခိုင်မာပြတ်သားစွာဖြင့် အခန်းထဲသို့ ဝင်ရောက်လာခဲ့ပြီး အရှင်မင်းကြီးကို အရိုအသေပေးကာ ပြောလိုက်သည်။
"သခင်မလေး ပြောတဲ့အတိုင်းပါပဲ… ဒီအစေခံလည်း ကြိုးစားကြည့်ချင်ပါတယ်… တကယ်လို့ ဒုတိယမင်းသမီးလေးက ကံမကောင်းစွာနဲ့ ထွက်သွားရမယ်ဆိုရင်… ဒီအစေခံက အပြစ်ပေးခံရမှု အားလုံးကို တာဝန်ယူပါ့မယ်"
တော်ဝင်သမားတော်သို့ ဤစကား ပြောလိုက်သည်နှင့် သခင်မယွင်ကလည်း ဝင်ပြောလိုက်၏။
"ကျွန်တော်မျိုးမလည်း အပြစ်ပေးခံရမှု အားလုံးကို တာဝန်ယူပါ့မယ်… အရှင်မင်းကြီးက သုန်မိသားစုကို ခွင့်လွှတ်ပေးဖို့ပဲ တောင်းဆိုချင်ပါတယ်"
"ဒုတိယအဒေါ်"
"တော်ဝင်သမားတော်သို့"
လင်ဝမ်ယိမှာ စိတ်မလှုပ်ရှားဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်။ ဤအရာအားလုံးမှာ သူမကိုယ်တိုင် တစ်ဇွတ်ထိုး ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင် လူများစွာ၏ ထောက်ခံမှုကို ရရှိနေပေသည်။ ဤကိစ္စကြောင့် နောင်တစ်ချိန်တွင် သူမ ဒုက္ခရောက်မည်ကိုလည်း သူတို့က အလွန်အမင်း စိုးရိမ်နေကြနေလေသည်။
ဤသံယောဇဉ်များကို သူမက ရင်ထဲတွင် သေချာ မှတ်သားထားလိုက်သည်။ အရှင်မင်းကြီးက လင်ဝမ်ယိကို စူးစိုက်ကြည့်နေပြီး ယခုအချိန်တွင် သူမအပေါ် ထားရှိသော စိတ်က ယခင်ကထက် ပို၍ နက်ရှိုင်းလာခဲ့လေပြီ။