အခန်း ၁၇၅
Vol. 18 Ch. 175
အခန်း(၁၇၅) ဂရုတစိုက် ပြုစုစောင့်ရှောက်ခြင်း
"ကိုယ်တော်က အဖေ တစ်ယောက် ဖြစ်နေလျက်နဲ့ မင်းလောက်တောင် စိတ်ဓာတ်မခိုင်မာဘူး ဖြစ်နေတယ်"
ထို့နောက် အရှင်မင်းကြီးက လင်ဝမ်ယိကို တွဲထူပေးလိုက်ပြီး သူမကို ပြောလိုက်သည်။
"ဒုတိယမင်းသမီးလေးသာ အသက်ဆက်ရှင်လာခဲ့မယ်ဆိုရင်… မင်းရဲ့ ကျေးဇူးကြီးမားမှုကို ကိုယ်တော် လုံးဝ မေ့မှာ မဟုတ်ဘူး… ဘာပဲဖြစ်ဖြစ် မင်းတို့ကို ထိခိုက်မခံဘူး… စိတ်ချလက်ချသာ သွားပြီး ကယ်တင်လိုက်ပါ"
"ဟုတ်ကဲ့ပါ"
နေထွက်လိုက် လဝင်လိုက်နှင့် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားလေ၏။ လဝက်ခန့် အလျင်အမြန် ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နွေရာသီအကုန် ရှစ်လပိုင်းသို့ ရောက်ရှိလာခဲ့လေပြီ။
နေရောင်ခြည်က ယခင်ကဲ့သို့ ပူပြင်းနေဆဲ ဖြစ်သော်လည်း မနက်စောစောနှင့် ညဘက်အချိန်များတွင်မူ အေးမြသော အရသာကို အနည်းငယ် ခံစားလာရပေသည်။
တုမားမားက ဒုတိယမင်းသမီးလေး အနားတွင် စောင့်ရှောက်ရင်း ငိုက်မျဉ်းနေပြီး လင်ဝမ်ယိကမူ ဟွေ့ဖန်းယာခြံဝင်းသို့ ပြန်ကာ ရေချိုးအဝတ်လဲနေသည်။ ယနေ့ ဒုတိယမင်းသမီးလေး နို့သောက်ပြီးနောက် နို့အန်ချလိုက်လေ၏။ အချိန်ကိုက်ပင် လင်ဝမ်ယိက သူမကို ချီထားသဖြင့် သူမ၏ ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။ ထို့ကြောင့် သူမ သွားရောက် သန့်စင်ရခြင်း ဖြစ်ပေသည်။
သစ်သားကန်ထဲတွင် ကိုယ်လုံးကို စိမ်လိုက်ချိန်၌ ဤကာလအတွင်း ပင်ပန်းနွမ်းနယ်နေမှုများ အားလုံးက စီးဆင်းသွားခဲ့သည်။ လဝက်ခန့် အချိန်အတွင်း မည်သူတစ်ဦးတစ်ယောက်ကမျှ ပေါ့ပေါ့ဆဆ မလုပ်ရဲခဲ့ကြပေ။
တဖြည်းဖြည်းနှင့် သူတို့က ဒုတိယမင်းသမီးလေးကို သေရေးရှင်ရေး အခြေအနေမှ ပြန်လည် ကယ်တင်နိုင်ခဲ့ကြလေပြီ။ ယခုအချိန်တွင် ဒုတိယမင်းသမီးလေးမှာ တစ်နေကုန် ဗိုက်ဝအောင် စားပြီး အိပ်၊ အိပ်ရေးဝလျှင် ပြန်စားနေဆဲ ဖြစ်သော်လည်း အနည်းငယ် ထွားကျိုင်းလာခဲ့သည်။
ဤတိုးတက်မှုနှုန်းမှာ သာမန် ကျန်းမာသော ကလေးများနှင့် ယှဉ်၍မရနိုင်ပေ။ သို့သော် ဒုတိယမင်းသမီးလေးအတွက်မူ အသက်ရှင်ကျန်ရစ်ခြင်းကပင် အကြီးမားဆုံးသော အံ့ဖွယ်ကိစ္စ တစ်ခု ဖြစ်နေလေသည်။
ချွမ်ချီက သူမကို ရေချိုးပေးရင်း သူမ၏ သခင်မလေး ပင်ပန်းနေသည်ကို မြင်သောအခါ အလွန် ရင်နာနေမိသည်။ သို့သော် ဝမ်းသာမိသည်ကလည်း အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် အချိန်အတော်ကြာ အလုပ်ရှုပ်ခဲ့ရသော်လည်း အကျိုးသက်ရောက်မှု ရှိလာခဲ့၍ ဖြစ်သည်။
"သခင်မလေး… ဒီအစေခံ ရေမွှေးဆီ နည်းနည်း လောင်းထည့်ပေးမယ်လေ… နို့ညှီနံ့တွေ ပျောက်သွားအောင်လို့"
"မလိုပါဘူး… အနံ့ပြောင်းသွားရင် ဒုတိယမင်းသမီးလေးက မကြိုက်ဘဲ နေမှာစိုးလို့… ရိုးရိုးပဲ ရေချိုးလိုက်ရုံနဲ့ ရပါပြီ"
"ဟုတ်ကဲ့ပါ"
သခင်နှင့် အစေခံ နှစ်ဦး၏ စကားဝိုင်းမှာ ရိုးရှင်းလှသော်လည်း စေတနာထားရှိမှုများမှာ ထင်ဟပ်နေပေသည်။ ဤကာလအတွင်း လင်ဝမ်ယိ၏ ကိုယ်ပေါ်မှ ထွက်ပေါ်နေသော တက်ကြွသည့် အသက်ဝင်မှုက လူတိုင်းကို လွှမ်းမိုးသွားစေခဲ့သည်။
မူလက စိတ်ဓာတ်ကျနေကြသော လူအားလုံးမှာ အားအင်သစ်များ ပြန်လည်မွေးဖွားလာပြီး ဒုတိယမင်းသမီးလေးကို သေချာ ဂရုစိုက် ပြုစုလာကြလေ၏။ အရေးအကြီးဆုံးမှာ ဒုတိယမင်းသမီးလေး နို့သောက်နည်းသော ပြဿနာကို ဖြေရှင်းရန် ဖြစ်သည်။ နို့ထိန်း၏ နို့ရည်က ပေါများလှသော်လည်း ဒုတိယမင်းသမီးလေးမှာ စို့ရန် အားမရှိ ဖြစ်နေပေသည်။
လင်ဝမ်ယိက ချက်ချင်းပင် နို့ထိန်းကို နို့ရည်ညှစ်ထုတ်ခိုင်းပြီးနောက် ဒုတိယမင်းသမီးလေး၏ ပါးစပ်ထဲသို့ ဇွန်းဖြင့် ဖြည်းဖြည်းချင်း တိုက်ကျွေးစေသည်။ ကလေးငယ်များအတွက် အသက်ရှင်သန်လိုစိတ်မှာ မွေးရာပါ အသိစိတ်တစ်ခု ဖြစ်သည်။ စို့ရန် အားမရှိသဖြင့် အဆာခံနေရခြင်းထက် ယခုလို ဇွန်းဖြင့် တိုက်သည့် နည်းလမ်းက အများကြီး ပိုလွယ်ကူပေသည်။
တစ်ခါတိုက်လျှင် တစ်ဇွန်းကိုပင် ထပ်ခါထပ်ခါ တိုက်ရ၏။ ဤသို့ တိုက်ကျွေးမှုကြောင့် ဒုတိယမင်းသမီးလေးမှာ တစ်နေ့တာအတွင်း ပို၍ စားနိုင်လာခဲ့သည်။ နို့သောက်နိုင်ပါက အသက်ရှင်ရန် မျှော်လင့်ချက် ရှိလာပေပြီ။
အစာစားပြီးတိုင်း တုမားမားဆီ လွှဲပေးကာ အိပ်စေသည်။ တုမားမား၏ ပါးစပ်မှလည်း အမြဲတမ်း ကလေးချော့တေးများကို တိုးညှင်းစွာ သီဆိုပေးလေ့ရှိသည်။ ဒုတိယမင်းသမီးလေးမှာလည်း ယခင်ကထက် ပို၍ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်လာခဲ့လေသည်။
သခင်မယွင်နှင့် တော်ဝင်သမားတော်သို့တို့မှာ ဒုတိယမင်းသမီးလေး၏ ခန္ဓာကိုယ် ကျန်းမာလာစေရန် မည်သို့ လုပ်ဆောင်ရမည်ကို နေ့ရောညပါ လေ့လာနေကြသည်။ အစောပိုင်းက သူတို့ အမြဲ တွေးခဲ့သည်မှာ ဦးနှောက်ထဲရှိ ထိခိုက်မှုများကို အနည်းဆုံး ဖြစ်အောင် မည်သို့ လျှော့ချရမည် ဆိုသည်ကိုပင် ဖြစ်ပေသည်။
သို့သော် အချက်တစ်ချက်ကို လျစ်လျူရှုမိခဲ့ကြသည်။ အကယ်၍ ကျန်းမာသော ခန္ဓာကိုယ် မရှိပါက မကြာခဏ ကုသမှုများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။ ထို့ကြောင့် ရွှေအပ်စိုက်ခြင်းကို ခေတ္တ ရပ်နားလိုက်သည်။ အဓိကအားဖြင့် အားဆေးနှင့် အာဟာရဖြစ်စေမည့် အစားအစာများကိုသာ ပိုမို အသုံးပြုလာကြလေ၏။
ဒုတိယမင်းသမီးလေးမှာ ဆေးများကို မသောက်နိုင်သေးသဖြင့် နို့ထိန်းကိုသာ သောက်ခိုင်းပြီး သူမဆီမှ ထွက်လာသော နို့ရည်ကိုသာ မင်းသမီးလေးကို တိုက်ကျွေးလေသည်။ ထို့နောက် လင်ဝမ်ယိက တော်ဝင်သမားတော်ချန်ထံမှ ကလေးငယ်များအတွက် နှိပ်နယ်ပေးသည့် နည်းလမ်းတစ်ခုကို သင်ယူခဲ့သည်။ နေ့စဉ် အချိန်မှန် ဒုတိယမင်းသမီးလေးကို အားပျော့ပျော့ဖြင့် နှိပ်နယ်ပေးသည်။
ပြုစုစောင့်ရှောက်သူများ၏ စေတနာကို ခံစားသိရှိသွား၍လား။ သို့မဟုတ် ဤကလေးက လင်ဝမ်ယိနှင့် ရေစက်ပါ၍လား။ လင်ဝမ်ယိ၏ ရင်ခွင်ထဲတွင် ပွေ့ချီထားချိန်၌ သူမက အမြဲတမ်း ပို၍ လန်းဆန်းနေတတ်သည်။
အရှင်မင်းကြီး လာကြည့်သည့် အချိန်တိုင်း လင်ဝမ်ယိက ကလေးကို ရင်ခွင်ထဲ ပွေ့ချီထားပြီး အခန်းထဲ၌ လမ်းလျှောက်နေသည့် ပုံစံကို တွေ့ရသည်။ တိတ်ဆိတ်ပြီး အေးချမ်းနေလေ၏။
သူမကိုယ်တိုင် မိခင် တစ်ယောက် မဖြစ်ဖူးသေးသော်လည်း ယခုအချိန်တွင် သူမ၏ ကိုယ်ပေါ်၌ မိခင်မေတ္တာ အရောင်အဝါများ ပြည့်နှက်နေပေသည်။ ပုံမှန် အသုံးပြုလေ့ရှိသော နံ့သာကိုပင် မရှိတော့ဘဲ ဒုတိယမင်းသမီးလေး၏ နို့နံ့လေးများသာ စွဲထင်နေတော့သည်။
အရှင်မင်းကြီး၏ ရင်ထဲတွင် မခံစားမိဘူးဟု ပြောလျှင် လိမ်ရာကျပေလိမ့်မည်၊ အထူးသဖြင့် လန်ဖေးနှင့် နှိုင်းယှဉ်ကြည့်လိုက်သောအခါတွင် ဖြစ်သည်။ ဒုတိယမင်းသားမှာလည်း သေရေးရှင်ရေး အခြေအနေဖြင့် ကြီးပြင်းလာခဲ့ရသော်လည်း လန်ဖေးက ဒုတိယမင်းသားကို ရင်ခွင်ထဲ ပွေ့ချီပြီး ချော့သိပ်သည်ကို သူ တစ်ခါမျှ မတွေ့ခဲ့ဖူးပေ။ အများစုမှာ မားမားများ၏ စောင့်ရှောက်မှုဖြင့်သာ ကြီးပြင်းလာခဲ့ရခြင်း ဖြစ်ချေသည်။
အခြားသူများ၏ ကလေးများ ဖြစ်သော်လည်း လင်ဝမ်ယိကမူ ထိုအရာများကို ဘေးဖယ်ထားကာ ရောဂါပြင်းထန်နေသော ကလေးကို စေတနာထား၍ ပြုစုစောင့်ရှောက်ပေးနိုင်ပေသည်။ သူမကဲ့သို့ လူမျိုးမှာ နန်းတော်တစ်ခုလုံးတွင် ထပ်မရှိချေ။
တစ်ချိန်က လင်ဝမ်ယိကို ဒုတိယမင်းသမီးလေးအပေါ် အဘယ်ကြောင့် ဤမျှ စေတနာထားရသနည်းဟု သူက တိတ်တဆိတ် မေးကြည့်ဖူးသည်။ သို့သော် သူမက ပြုံးရုံသာ ပြုံးပြီး ပြန်ဖြေခဲ့၏။
"ကလေးလေးက အပြစ်ကင်းစင်လို့ပါ"
မည်မျှ ရိုးရှင်းသော အကြောင်းပြချက် ဖြစ်သနည်း၊ သို့သော် နန်းတော်ထဲတွင်မူ ရှားပါးသော အတွေးတစ်ခု ဖြစ်သည်။ မဟုတ်ပါက တော်ဝင်မိသားစု၏ ကလေးများ ကြီးပြင်းရန် ခက်ခဲသည်ဟူသော စကားများ ရှိလာမည် မဟုတ်ပေ။
ရိုးရှင်းစွာ ရေချိုးသန့်စင်ပြီးနောက် လင်ဝမ်ယိက ဒုတိယမင်းသမီးလေး၏ အခြေအနေကို စိုးရိမ်သဖြင့် အမြန် အပြီးသတ်လိုက်လေသည်။ ချွမ်ချီက သူမ၏ ဆံပင်များကို ခြောက်သွေ့အောင် သုတ်ပေးပြီးနောက် ရိုးရှင်းသော ဆံထုံးလေး တစ်ခု ထုံးပေးကာ ကျောက်စိမ်းဆံထိုးဖြင့် ခပ်လျော့လျော့လေး ထိုးပေးလိုက်လေသည်။
သူမ အပြင်ထွက်ရန် ပြင်နေချိန်တွင် အချိန်ကိုက်ပင် သခင်မယွင် ရောက်လာသည်ကို တွေ့လိုက်ရ၏။
"ဒုတိယအဒေါ် ဘယ်လိုဖြစ်လို့ ရောက်လာတာလဲ… ဒုတိယမင်းသမီးလေး ဆီမှာများ…"
သူတို့ ယခု အကြောက်ဆုံးအရာမှာ ဒုတိယမင်းသမီးလေး၏ ရောဂါ အခြေအနေ ပြန်ဆိုးလာမည်ကိုပင်၊ အဘယ်ကြောင့်ဆိုသော် ဤအရာက ငယ်ရွယ်လှသော ကလေးငယ်လေးအတွက် နောက်ထပ် အခက်အခဲ တစ်ခုကို ဖြတ်ကျော်ရဦးမည်ဟု ဆိုလိုနေသောကြောင့် ဖြစ်သည်။ သို့သော် သခင်မယွင်က ချက်ချင်းပင် နှစ်သိမ့်ကာ ပြောလိုက်သည်။
"စိတ်ချပါ… ဒုတိယမင်းသမီးလေးက အိပ်ပျော်နေတုန်းပဲ… ဟိုမှာ တုမားမားနဲ့ နို့ထိန်းက စောင့်ကြည့်ပေးနေတယ်… ကျွန်မ လာတာက တခြား ကိစ္စလေး တိုင်ပင်ချင်လို့ပါ"
သခင်မယွင်၏ လေးနက်တည်ကြည်နေသော မျက်နှာထားကို မြင်သောအခါ လင်ဝမ်ယိက ခေါင်းညိတ်ပြလိုက်ပြီး သူမကို ပင်မဆောင်ထဲသို့ ခေါ်ဆောင်သွားသည်။ ချွမ်ချီက လက်ဖက်ရည် ချပေးပြီးနောက် တံခါးဝသို့ ပြန်ထွက်ကာ စောင့်နေလိုက်လေ၏။ အခန်းထဲတွင် လင်ဝမ်ယိနှင့် သခင်မယွင် နှစ်ဦးတည်းသာ မျက်နှာချင်းဆိုင် ထိုင်နေကြသည်။
နှစ်ဦးလုံး၏ မျက်နှာမှာ သိပ်မကောင်းလှပေ၊ ဤကာလအတွင်း ဒုတိယမင်းသမီးလေးကို ဆီကုန်ခံ မီးစာကုန်ခံကာ ပြုစုစောင့်ရှောက်ခဲ့ရသဖြင့် သံမဏိကိုယ်ခန္ဓာ ဖြစ်နေလျှင်ပင် အနည်းငယ်တော့ မခံနိုင် ဖြစ်လာပေလိမ့်မည်။
"ဒုတိယအဒေါ် ဘာပြောချင်လို့လဲ"
"လန်ဖေးက သေဆုံးဖို့ သိပ်မလိုတော့ဘူး ထင်တယ်"
ဤစကားကို ကြားလိုက်ရသောအခါ လင်ဝမ်ယိ အနည်းငယ် အံ့ဩသွားရသည်။ ဒုတိယအဒေါ်က လန်ဖေးနှင့် တစ်ခါမျှ မထိတွေ့ဖူးပါဘဲလျက် မည်သို့ကြောင့် ဤသို့ ပြောသည်ကို စဉ်းစားမရ ဖြစ်နေသည်။
သူမ၏ အံ့ဩနေသော မျက်နှာထားကို မြင်သော်လည်း သခင်မယွင်ကမူ တည်ငြိမ်နေဆဲ ဖြစ်ပြီး သူမ တွေ့ရှိထားသည်များကို ဆက်လက် ပြောပြလေ၏။
"ဒီကာလအတွင်း ဒုတိယမင်းသမီးလေးကို ကုသပေးဖို့အတွက် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ ပတ်သက်တဲ့ ဆေးကျမ်းတော်တော်များများကို ကျွန်မ သေချာ ပြန်ရှာဖတ်ခဲ့တယ်… ဒုတိယမင်းသမီးလေးရဲ့ အခုရောဂါလက္ခဏာတွေနဲ့ နှိုင်းယှဉ်ကြည့်တော့… အသစ် တွေ့ရှိချက်တချို့ ရှိလာတယ်"
"ဒီလန်ဖေးက ဒုတိယမင်းသမီးလေးကို ကိုယ်ဝန်ဆောင်ထားတုန်းက… ကလေးက အများကြီး လှုပ်ရှားခဲ့လောက်တယ်… တခြားသူတွေ အမြင်မှာတော့ ကလေးက ကျန်းမာသန်စွမ်းတဲ့ လက္ခဏာလို့ ထင်ရပေမယ့်… တကယ်တမ်းကတော့ လူတစ်ယောက်ယောက်က ဆေးခတ်လိုက်လို့ အဲဒီလို ဖြစ်သွားတာ"
"ဆေးခတ်တယ်"
လင်ဝမ်ယိမှာ ကြားလိုက်ရသောအခါ ထိတ်လန့်သွားရသည်။ လန်ဖေး၏ ဤကိုယ်ဝန်မှာ မည်မျှ ခက်ခဲစွာ ရလာခဲ့သည်နည်း၊ လန်မိသားစု တစ်ခုလုံး၏ အင်အားကို အသုံးပြုပြီးမှ ရလာခဲ့သည်ဟု ပြော၍ရပေမည်။ မည်သို့များ သတိမထားဘဲ နေနိုင်မည် မဟုတ်ချေ။
ဒုတိယမင်းသားက တစ်ခါပြောဖူးသည်၊ လန်ဖေး ကိုယ်ဝန်ရှိပြီးကတည်းက သူတောင်မှ အနားသို့ ကပ်ခွင့်မရခဲ့ဟု ဆိုသည်။ သူမ၏ ပတ်ဝန်းကျင်တွင် မည်မျှ လုံခြုံရေး တင်းကျပ်ထားသည်ကို စဉ်းစားကြည့်၍ ရပေသည်။ ဤကဲ့သို့ အခြေအနေမျိုးတွင်ပင် ဆေးခတ်ခံရသေးသည် ဆိုပါက တကယ်ကို တွေးမရနိုင်အောင်ပင် ဖြစ်ပေသည်။
"အင်း… ဆေးခတ်ခံရတာ… အဲဒီဆေးက ကလေးရဲ့ ခန္ဓာကိုယ်ကိုတော့ သိပ်မထိခိုက်ပေမယ့်… လှုံ့ဆော်မှုတော့ ဖြစ်စေတယ်… ဒါကြောင့်လည်း လန်ဖေး ရုတ်တရက် ကလေးမွေးတဲ့ ကိစ္စနဲ့ အလိုအလျောက် ဆက်စပ်သွားတာပေါ့"
ဤအချက်ကို လင်ဝမ်ယိက နို့ထိန်းဆီမှ ကြားဖူးခဲ့သည်။ လန်ဖေးမှာ ဗိုက်စနာချိန်မှ ဒုတိယမင်းသမီးလေး မွေးဖွားသည်အထိ လေးနာရီပင် မကြာခဲ့ချေ။