← Chapters

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း ၁၇၆

Vol. 18 Ch. 176

အခန်း(၁၇၆) လွန်ကဲသော ယင် ကံကြမ္မာ

သာမန် အမျိုးသမီးများ ကလေးမွေးဖွားသည့် ဖြစ်စဉ်နှင့် ယှဉ်ကြည့်လိုက်ပါက တကယ်ကို မြန်ဆန်လွန်းနေသည်မှာ အမှန်ပင် ဖြစ်လေ၏။

"ဒါဆို ဒုတိယအဒေါ် ဆိုလိုချင်တာက… ဒုတိယမင်းသမီးလေး မွေးလာမယ့် နေ့ရက်ကိုတောင်မှ လူတစ်ယောက်ယောက်က သေချာ တွက်ချက်ထားတာပေါ့… ရည်ရွယ်ချက်က လန်ဖေးကို ကျုံးယွမ်ပွဲတော် နေ့မှာ ကလေးမွေးလာအောင် လုပ်ချင်လို့များလား"

သခင်မယွင်က ခေါင်းညိတ်ပြလိုက်သည်၊ ဤအချက်ကို လာရာလမ်းတွင် သူမလည်း တွေးမိခဲ့သည်။ သာမန် ပြည်သူများပင် ကလေးများ၏ မွေးဖွားချိန်ကို အရေးကြီးသည်ဟု သတ်မှတ်ကြသေးရာ တော်ဝင်မိသားစု ဆိုလျှင်တော့ ပို၍ အရေးကြီးပေလိမ့်မည်။ အထူးသဖြင့် မွေးဖွားလာသည်မှာ မင်းသမီး တစ်ပါး ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။

ကျုံးယွမ်ပွဲတော်နှင့်လည်း တိုက်ဆိုင်နေသလို လပြည့်နေ့လည်း ဖြစ်နေသဖြင့် ဘယ်လိုပဲကြည့်ကြည့် လွန်ကဲသော ယင် ဓာတ်ပါသည့် ကံကြမ္မာမျိုး ဖြစ်နေပေသည်။ နောက်ကွယ်မှ လူများက ဤအရာကို အခွင့်ကောင်းယူကာ ပြဿနာ ဖန်တီးလာမည်ကိုပင် စိုးရိမ်ရလေပြီ။

ဒုတိယမင်းသမီးလေးမှာ မိခင်ဝမ်းဗိုက်ထဲ ရှိနေစဉ်ကတည်းက ဤမျှအထိ အကွက်ဆင်ခံခဲ့ရသည်ကို တွေးမိသောအခါ လင်ဝမ်ယိမှာ မင်းသမီးလေးအတွက် အလွန် မခံချိမခံသာ ဖြစ်လာရသည်။

"လန်ဖေးကို ဒီလောက်အထိ သတိလက်လွတ် ဖြစ်သွားအောင် လုပ်နိုင်ပြီး… လန်ဖေးရဲ့ ကိုယ်ဝန်အကြောင်းကိုလည်း ဒီလောက် သေချာ သိနေတဲ့သူဆိုတာ… သူ့ရဲ့ အနားက အရင်းနှီးဆုံး လူပဲ ဖြစ်လိမ့်မယ်… လန်ဖေးရဲ့ ဒီကိုယ်ဝန်က လန်မိသားစုက အမျိုးသမီးသမားတော် တစ်ယောက်ကို နန်းတွင်းထဲ လွှတ်ပြီး အချိန်အတော်ကြာ ပြုစုကုသပေးပြီးမှ ရလာတာလို့ ကျွန်မ ကြားဖူးတယ်… အဲဒီ အမျိုးသမီးသမားတော်ပဲများ ဖြစ်နေမလား"

သခင်မယွင်မှာ ဤနန်းတွင်း လျှို့ဝှက်ချက်များကို လုံးဝ နားမလည်သော်လည်း လင်ဝမ်ယိ၏ ဤကဲ့သို့ ခွဲခြမ်းစိတ်ဖြာမှုကို ကြားပြီးနောက် အလွန် အဓိပ္ပါယ်ရှိသည်ဟု ထင်လိုက်မိ၏။

"ပြည်သူတွေထဲမှာလည်း အရည်အချင်းရှိတဲ့သူတွေ အများကြီး ရှိပါတယ်… နေ့ရက်ကို သေချာ တွက်ချက်ပြီး လန်ဖေးကို ကိုယ်ဝန်ရှိလာအောင် လုပ်တာကလည်း မခက်ခဲပါဘူး… ပြီးတော့ လန်ဖေးရဲ့ ကလေး ခုနစ်လပိုင်းအထိ လစေ့အောင် ထိန်းထားပေးဖို့ သေချာလုပ်ပေးလိုက်ရုံပါပဲ"

လင်ဝမ်ယိမှာ ကြားရသည်နှင့် ကြက်သီးမွေးညင်းပင် ထလာခဲ့သည်။ သူမက လန်ဖေး အနားရှိ ထိုအမျိုးသမီးသမားတော်ကို တစ်ခါမျှ မမြင်ဖူးသော်လည်း သာမန် အမျိုးသမီးသမားတော်လေး တစ်ယောက်က ဤမျှအထိ နက်နက်ရှိုင်းရှိုင်း ပုန်းကွယ်နေပြီး လွန်ကဲသော ယင် ဓာတ်ပါသည့် ဒုတိယမင်းသမီးလေးကို တမင်တကာ မွေးလာစေရန် မည်သည့်အတွက်ကြောင့် လုပ်ဆောင်ခဲ့ရသည်ကို စဉ်းစားမရ ဖြစ်နေပေသည်။

"ဒါပေမဲ့ ဒုတိယအဒေါ်… ဒါက လန်ဖေး… သေဆုံးတော့မယ့် ကိစ္စနဲ့ ဘာများ သက်ဆိုင်နေလို့လဲ"

"ကျွန်မ ခန့်မှန်းတာ မလွဲဘူးဆိုရင်… ဒီလန်ဖေးမှာ သွေးဆင်းတဲ့ ရောဂါလက္ခဏာတွေ ရှိနေပြီ… ပြီးတော့ မွေးဖွားတုန်းက ခန္ဓာကိုယ်လည်း အကြီးအကျယ် ထိခိုက်ထားတော့… ခြောက်လလောက်တောင် အသက်ရှင်နိုင်တော့မယ် မထင်ဘူး"

သခင်မယွင်မှာ စကားကို ဘယ်တော့မှ ချဲ့ကားပြောဆိုလေ့ မရှိပေ၊ သူမ ပါးစပ်မှ ထွက်လာသည့် ကိစ္စတိုင်းမှာ သေချာနေလေသည်။ လန်ဖေး၏ ဇာတ်သိမ်းကို တွေးမိသောအခါ လင်ဝမ်ယိမှာ သက်ပြင်းချလိုက်မိလေ၏။ သူမ တန်ဖိုးထားခဲ့သော လူက နောက်ဆုံးတွင် သူမကို ဒုက္ခပေးမည့်သူ ဖြစ်နေခဲ့ပေသည်။

သူမကိုယ်တိုင် အစွမ်းကုန် ကာကွယ်ပေးသင့်သော ကလေးမှာလည်း သူမ၏ တစ်ခဏတာ အတွေးကြောင့် ကလေး၏ တစ်သက်တာကို ဒုက္ခရောက်စေခဲ့သည်။ အကယ်၍ ဤအကြောင်းအကျိုးများကို သူမ သိခဲ့မည် ဆိုပါက ဒုတိယမင်းသမီးလေးကို မမွေးဖွားလိုဘဲ အတင်းအကျပ် တောင့်ခံထားပြီး ယခုလို ဒုတိယမင်းသမီးလေး၏ တစ်ကိုယ်လုံး ရောဂါများ စွဲကပ်လာစေရန် လုပ်ဆောင်ခဲ့မည် မဟုတ်ချေ။

လင်ဝမ်ယိလည်း အဖြေကို မသိနိုင်ပေ။ ခဏအကြာတွင် သူမက သက်ပြင်းချကာ မေးလိုက်သည်။

"ဒီကိစ္စကို တခြား တော်ဝင်သမားတော်တွေရော ရိပ်မိနိုင်မလား"

"တော်ဝင်သမားတော်သို့ ကတော့ အကြမ်းဖျင်း သိနေလောက်ပြီ… နန်းတော်ထဲက တော်ဝင်သမားတော်ချန် ဆိုတဲ့သူက လန်ဖေးရဲ့ ကိုယ်ဝန်ကို အဓိက တာဝန်ယူပြီး စောင့်ရှောက်ပေးခဲ့တယ်ဆို… ပြီးတော့ ကလေးမွေးပြီးနောက်မှာလည်း သူပဲ ကယ်တင်ပေးခဲ့တာဆိုတော့… အခု လန်ဖေးရဲ့ အခြေအနေကို သူက အသိဆုံး ဖြစ်မှာပါ"

လင်ဝမ်ယိမှာ တိတ်ဆိတ်သွားလေ၏။ တော်ဝင်သမားတော်ချန်နှင့် တော်ဝင်သမားတော်သို့တို့ သိရှိထားသော အခြေအနေမျိုးတွင် အရှင်မင်းကြီးလည်း မကြာခင် သိရှိသွားမည် ဖြစ်သည်။ ဤကိစ္စနှင့် ပတ်သက်၍ အရှင်မင်းကြီး မည်သို့ ခံစားရမည်ကိုတော့ မသိနိုင်ချေ။

သူမ၏ တိတ်ဆိတ်နေမှုက သခင်မယွင်ကို အနည်းငယ် စိုးရိမ်သွားစေသည်။ ထို့နောက် သခင်မယွင်က အရေးအကြီးဆုံး ကိစ္စကို ထုတ်ပြောလာ၏။

"တကယ်လို့ လန်ဖေးသာ သေဆုံးသွားမယ်ဆိုရင်… ဒုတိယမင်းသမီးလေးကို ဘယ်သူက ပြုစုပေးမှာလဲ… ချန်ချန်… မင်း နောင်အနာဂတ်ကို တွေးထားပြီးပြီလား"

သခင်မယွင်က စကားကို တိကျစွာ မပြောခဲ့သော်လည်း အဓိပ္ပါယ်က ရှင်းလင်းလွန်းလှသည်။ ယခု လင်ဝမ်ယိမှာ ချန်ကျိုက် အဆင့်လေးသာ ရှိသေးသဖြင့် ဒုတိယမင်းသမီးလေးကို သူမ၏ အနားတွင် ခေါ်ယူ မွေးစားရန် မဖြစ်နိုင်ပေ။

သို့သော် ဒုတိယမင်းသမီးလေးသာ လင်ဝမ်ယိနှင့် တုမားမားတို့အနားမှ ထွက်သွားရမည် ဆိုပါက ဤမျှ စေတနာထားပြီး ပြုစုစောင့်ရှောက်ပေးမည့်သူ ရှိမည် မဟုတ်တော့ချေ။ ထိုသို့ဆိုလျှင် ဤကာလအတွင်း သူတို့၏ ကြိုးစားအားထုတ်မှုများ အားလုံး အလကား ဖြစ်သွားပေလိမ့်မည်။

မိမိ၏ နာမည်အောက်တွင် ကလေးမွေးစားလိုပါက အနည်းဆုံး ကွေ့ရန် အဆင့်အထက်၊ သို့မဟုတ် ဖင် အဆင့်အထိ ရှိရမည် ဖြစ်သည်။ သို့သော် ဤသို့ ဖြစ်လာပါကလည်း လင်ဝမ်ယိမှာ အနည်းငယ် ထင်ပေါ်လာမည် ဖြစ်လေသည်။

သူမကိုယ်တိုင် မွေးဖွားထားခြင်း မရှိသော်လည်း အရှင်မင်းကြီး၏ သားတစ်ယောက်နှင့် သမီးတစ်ယောက်ကို ပြုစုပျိုးထောင်ပေးနေရသည်။ အပေါ်ယံ ကြည့်လျှင် ရောဂါသည် သားသမီးများ ဖြစ်ကြသော်လည်း မောင်းမဆောင်၏ ကိစ္စများကို မည်သူက တပ်အပ် ပြောနိုင်မည် မဟုတ်ချေ။ အကယ်၍ ဤရောဂါများသာ ပျောက်ကင်းသွားပါက သူမအတွက် တန်းဖိုးကြီးသော ကံကောင်းမှုကြီး တစ်ခု ဖြစ်လာပေလိမ့်မည်။

မည်သို့ပင်ဖြစ်စေ နန်းတော်ထဲတွင် သူမကဲ့သို့ သားသမီး နှစ်ဦးလုံး ရှိနေသူ မှာ တစ်ယောက်မျှ မရှိပေ။ လင်မိသားစု၏ ပထမအိမ်ခွဲနှင့် သုန်မိသားစု၏ အင်အားတို့မှာ သူမကို အများကြီး ကူညီပေးနိုင်မည် မဟုတ်ချေ။ ထို့ကြောင့် သခင်မယွင်က ဤကဲ့သို့ စိုးရိမ်နေခြင်း ဖြစ်ပေသည်။

ဤစကားများမှာ လင်ဝမ်ယိ၏ ရင်ထဲတွင်လည်း ခံစားလိုက်ရ၏။ ခဏတာမျှ သူမ မည်သို့ ရွေးချယ်ရမည်ကို မသိတော့ချေ။ အကယ်၍ ဒုတိယမင်းသမီးလေးနှင့် ဒုတိယမင်းသား နှစ်ဦးလုံးကို သူမ အနားတွင် ခေါ်ယူ မွေးစားလိုက်လျှင် နောင်တစ်ချိန်တွင် သူမ အေးချမ်းသော နေ့ရက်များကို ဖြတ်သန်းခွင့်ရမည် မဟုတ်ပေ။

သို့သော် ကလေးနှစ်ယောက်လုံးက အလွန် ငယ်ရွယ်သေးရာ သူမက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန်အတွက် သူတို့ကို တွန်းထုတ်ပစ်ခဲ့ပါက ညသန်းခေါင် အိပ်မက်မက်သည့်အခါတိုင်း သူမကိုယ်တိုင် အပြစ်တင်နေမိပေလိမ့်မည်။

"ဒုတိယအဒေါ်… ကျွန်မ အခု စိတ်နည်းနည်း ရှုပ်နေလို့… ကျွန်မကို အချိန်ပေးပြီး စဉ်းစားခွင့် ပြုပါဦး"

သခင်မယွင်က သူမ၏ မျက်နှာအမူအယာမှာ မူလကတည်းက သိပ်မကောင်းလှရာ ယခု ဤကိစ္စများကိုပါ ထပ်ပြီး စိုးရိမ်နေရသဖြင့် ဆက်လက် ဖိအားမပေးလိုတော့ပေ။ ထို့ကြောင့် သူမ၏ ပခုံးကို ပုတ်ကာ ပြောလိုက်လေ၏။

"ချန်ချန်… မင်းလည်း နောင်တစ်ချိန်ကျရင် ကလေး ရလာမှာပဲလေ… ယုံကြည်မှု မရှိဘူးဆိုရင်… ဒီကိစ္စကို သုံးကြိမ်လောက် သေချာ စဉ်းစားပါဦး"

လူ့နှလုံးသားကို အသားဖြင့် ပြုလုပ်ထားရာ မွေးရာပါ မျက်နှာလိုက်မှုများ ရှိတတ်စမြဲပင်။ အကယ်၍ လင်ဝမ်ယိသာ နောင်တစ်ချိန်တွင် ကလေး ရလာခဲ့ပါက သူတို့နှစ်ဦးအပေါ် ယခုကဲ့သို့ ကောင်းပေးနိုင်မည်လား ဆိုသည်ကို သခင်မယွင် မသိချေ။

အခြား ရှုထောင့်မှ ပြောင်းတွေးကြည့်ပါက ထိုနှစ်ဦးကရော လင်ဝမ်ယိ အရင်းမွေးထားသော ကလေးနှင့် အဆင်ပြေအောင် နေနိုင်မည်လား ဆိုသည်မှာလည်း မသေချာသေးပေ။ အရာအားလုံးမှာ မသိနိုင်သော ကိစ္စများချည်းသာ ဖြစ်သည်။ သူတို့နှစ်ဦးမှာ တိတ်ဆိတ်စွာ စဉ်းစားနေကြလေ၏။

ဇယ့်ဖင်ကျွန်းရှိ ချီချင်းဆောင်ထဲတွင်မူ အရှင်မင်းကြီးက တော်ဝင်သမားတော်ချန်၏ လျှောက်တင်မှုကို နားထောင်နေသည်။

"ဒီအစေခံ အစွမ်းကုန် ကြိုးစားပေးခဲ့ပါတယ်… ဒါပေမဲ့ လန်ဖေးရဲ့ သွေးဆင်းတဲ့ ရောဂါက သက်သာမလာပါဘူး… တကယ်လို့ ဒီအတိုင်း ဆက်သွားနေမယ်ဆိုရင်… မယ်မယ်က ဒီနှစ်ကုန်အထိတောင် အသက်ရှင်နိုင်မှာ မဟုတ်ပါဘူး"

နှစ်ကုန်အထိဆိုလျှင် ယခုအချိန်မှစ၍ လေးလခန့်သာ ရှိတော့သည်။ သူ၏ ခန့်မှန်းချက်မှာ သခင်မယွင်ထက်ပင် ပို၍ မကြာတော့‌ပေ။

သနားစရာကောင်းသော လန်ဖေးမှာ ယခုအချိန်ထိ သူမ၏ ခန္ဓာကိုယ် အခြေအနေကို မသိသေးဘဲ မီးတွင်းထဲတွင် ဤသို့ ဖြစ်ခြင်းမှာ ပုံမှန်သာ ဖြစ်သည်ဟု ထင်မှတ်နေဆဲပင်။ အရှင်မင်းကြီးက ဤကဲ့သို့ အဖြေမျိုး ကြားလိုက်ရသောအခါ အချိန်အတော်ကြာ အသံမထွက်တော့ချေ။ တဖြည်းဖြည်းနှင့် အတွေးများ လွင့်မျောသွားလေ၏။

သူ၏ အတွေးမှာ လန်ဖေး နန်းတွင်းသို့ စတင် ရောက်ရှိလာခဲ့သော နှစ်သို့ ပြန်လည် ရောက်ရှိသွားသည်။ ထိုအချိန်က လင်ကွေ့ဖေးမှာ ဖေး အဆင့်သာ ရှိသေးပြီး ကိုယ်ဝန်ပျက်ကျထားသဖြင့် အနားယူနေရချိန် ဖြစ်သည်။

တုချန်ကျိုက်မှာလည်း မနည်း ကြိုးစားပြီးမှ ကလေးမွေးဖွားလာခဲ့သော်လည်း အသေလေးမွေးလာခဲ့သဖြင့် တော်ဝင်မိသားစု မှတ်တမ်းတွင်ပင် နာမည် သွင်းခွင့်မရဘဲ လွင့်မျောသွားသော မီးခိုးငွေ့များကဲ့သို့ ဖြစ်သွားခဲ့ရသည်။ နန်းတော်ထဲတွင် မိဖုရားခေါင်ကြီး မွေးဖွားထားသော ပထမမင်းသားမှလွဲ၍ ကလေး တစ်ယောက်မှ ကျန်မနေခဲ့ပေ။

လန်မိသားစုက သူမကို နန်းတွင်းသို့ ပို့ဆောင်ခဲ့ရခြင်း၏ ရည်ရွယ်ချက်မှာ အလွန် ရှင်းလင်းလှပေသည်။ အရှင်မင်းကြီးနှင့် သူမတို့ ကြားမှာ ချစ်ခင်ကြင်နာမှု မရှိခဲ့သော်လည်း အနည်းငယ် သံယောဇဉ်တော့ ရှိလေသည်။

ဝမ်းနည်းစရာ ကောင်းသည်မှာ ထိုကာလများအားလုံးက ဝေးကွာလှသော အတိတ်အမှတ်တရများ ဖြစ်သွားခဲ့ပြီး တဖြည်းဖြည်းနှင့် ဖုန်တက်ကာ သေတ္တာထဲ သော့ခတ် သိမ်းဆည်းခံလိုက်ရလေပြီ။ ယခု ပြန်လည် ဖွင့်ကြည့်လိုက်သောအခါတွင်တော့ မျက်စိရှေ့တွင် အပျက်အစီးများသာ ရှိနေတော့သည်။

မျက်ဝန်းထဲရှိ လွမ်းဆွတ်နေမှုများမှာ တဖြည်းဖြည်း ကြည်လင်လာခဲ့ပြီး ဆုံးဖြတ်ချက် ချလိုက်ချိန်တွင် အရှင်မင်းကြီး၏ မျက်ဝန်းထဲ၌ တမ်းတမှု တစ်စက်လေးမျှပင် မရှိတော့ချေ။

လန်ဖေး လုပ်ခဲ့သော ကိစ္စများမှာ သူ၏ သည်းခံနိုင်စွမ်းကို အကြိမ်ကြိမ် ကျော်လွန်နေခဲ့သည်။ အစက ဒုတိယမင်းသား ဖြစ်ပြီး ယခု ဒုတိယမင်းသမီးလေး ဖြစ်လာပြန်သည်။ ယခုတစ်ကြိမ် သူမသာ သွေးဆင်းသော ရောဂါကြောင့် သေဆုံးသွားမည် မဟုတ်လျှင်တောင် သူကိုယ်တိုင် အကျယ်ချုပ် ချထားကာ နာမည်သာရှိပြီး အာဏာမရှိသော လန်ဖေးအဖြစ် ထားရှိတော့မည် ဖြစ်ချေသည်။

ဤအကြောင်းကို တွေးမိသောအခါ မျက်ဝန်းထဲတွင် ပြတ်သားသော သတ်ဖြတ်လိုစိတ်များ အနည်းငယ် ပေါ်လာလေ၏။ ထို့နောက် တော်ဝင်သမားတော်ချန်ကို အေးစက်စွာ အမိန့်ပေးလိုက်သည်။

"လန်ဖေးအတွက် အချိန်သိပ်မကျန်တော့မှတော့… ဆေးတွေနဲ့ ဆွဲမထားနဲ့တော့… သူမကို သက်သက်သာသာပဲ ထွက်သွားခွင့်ပေးလိုက်ပါ"

တော်ဝင်သမားတော်ချန်မှာ လန့်ဖျပ်သွားပြီး တံတွေး တစ်ချက် မျိုချလိုက်မိသည်။ သို့သော် ခဏအကြာတွင် ရိုသေစွာဖြင့် ဟုတ်ကဲ့ဟု ပြန်ဖြေလိုက်၏။ ကြည့်ရသည်မှာ အရှင်မင်းကြီးက လန်ဖေးအတွက် အချိန်ဆွဲပေးထားရန်ပင် ဆန္ဒမရှိတော့သည့် ပုံဖြစ်လေသည်။

ထို့ကြောင့် သူ၏ ဆေးညွှန်းကိုလည်း နောက်တစ်မျိုး ပြောင်းလဲရတော့မည် ဖြစ်သည်။ မူလက သုံးထားသော သွေးတိတ်စေရန်နှင့် အားဖြည့်ရန် ဆေးများ အကုန်လုံးကို ဖယ်ရှားပစ်လိုက်သည်။ ဤသို့ဆိုလျှင် သုံးလမပြည့်ခင်မှာပင် လန်ဖေးမှာ နန်းတော်ထဲ၌ အသက်ထွက်သွားပေတော့မည်။

All Chapters