အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း(၁၇၇) အနာဂတ်အတွက် ပြင်ဆင်ခြင်း
တော်ဝင်သမားတော်ချန် ထွက်သွားပြီးနောက် အရှင်မင်းကြီးသည် အနာဂတ်ကိစ္စများအတွက် စဉ်းစားရန် ချီချင်းဆောင်ထဲတွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့ပေသည်။
လန်ဖေး မသေလျှင်တောင်မှ ဒုတိယမင်းသမီးလေးမှာ ယုံအန်းနန်းဆောင်သို့ လုံးဝ ပြန်သွားရတော့မည် မဟုတ်ချေ။
သို့သော် လင်ဝမ်ယိနဲ့ အတူ ထားမည်ဆိုပါက ရာထူးတိုးပေးသည့် အမိန့်တော်မှာ အကြောင်းပြချက် မခိုင်လုံသောကြောင့် သူမအတွက် ပြဿနာ ရှာပေးသလို ဖြစ်သွားမည်မှာ အသေအချာပင်။
အရှင်မင်းကြီးသည် အချိန်ကြာမြင့်စွာ စဉ်းစားသော်လည်း နည်းလမ်းကောင်း မရသဖြင့် နောက်ဆုံးတွင် ဟွေ့ဖန်းယာခြံဝင်းသို့ သွားခဲ့လေ၏။
လင်ဝမ်ယိသည် သခင်မယွင်နှင့်အတူ ဘေးဘက်ခြံဝင်းသို့ ဒုတိယမင်းသမီးလေးကို သွားရောက် ပြုစုနေချေပြီ။
ထို့ကြောင့် အရှင်မင်းကြီး ရောက်သွားချိန်တွင် ဒုတိယမင်းသား၏ အနား၌ ရှအန်းနှင့် ရှောင်လုကျစ်တို့သာ ရှိနေပြီး စာရေးကျင့်နေကြသည်ကိုသာ တွေ့လိုက်ရသည်။
သူ အနားသို့ လျှောက်သွားသည်ကိုပင် မည်သူမျှ သတိမထားမိကြသဖြင့် မည်မျှ အာရုံစူးစိုက်နေကြောင်း သိသာလှပေ၏။
အခန်းထဲရှိ အပြင်အဆင်များကို ကြည့်ရင်း အရှင်မင်းကြီး၏ ရင်ထဲတွင် ရုတ်တရက် ခံစားချက်များ ဖြစ်ပေါ်လာရသည်။
ယခင်က ဤအရာအားလုံးမှာ ဒုတိယမင်းသား၏ အရပ်အမောင်းနှင့် ကိုက်ညီအောင် ပြုလုပ်ထားကြောင်းကို သူ သတိမထားမိခဲ့ပေ။
သူ ကြည့်လိုက်လျှင် အနည်းငယ် နိမ့်နေသည်ဟု ထင်ရသော်လည်း ဒုတိယမင်းသား အသုံးပြုရန်အတွက်မူ အလွန် သက်တောင့်သက်သာ ရှိနေမည် ဖြစ်သည်။
အရှင်မင်းကြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားပြီး ဒုတိယမင်းသားကို လင်ဝမ်ယိနှင့် တုမားမားတို့ လက်ထဲ အပ်နှံခဲ့ခြင်းမှာ အလွန် မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်ကြောင်း နက်ရှိုင်းစွာ ခံစားလိုက်ရလေ၏။
"အဟမ်း… အဟမ်း"
အရှင်မင်းကြီးက ချောင်းနှစ်ချက် ဟန့်လိုက်ရာ စာရေးကျင့်နေသော ဒုတိယမင်းသား လန့်သွားရသည်။
ဤရက်ပိုင်းအတွင်း ဒုတိယမင်းသားမှာ စည်းကမ်းများကို သေချာ သင်ယူထားသဖြင့် အရှင်မင်းကြီးကို မြင်သောအခါ အံ့ဩသွားသော်လည်း ပြာယာခတ်မသွားဘဲ ရှေ့သို့ တိုးကာ ခါးညွှတ်ပြီး အရိုအသေ ပေးလိုက်လေသည်။
"သားတော် ခမည်းတော်ကို ဂါရဝပြုပါတယ်… ခမည်းတော် ကျန်းမာပါစေ"
"အင်း… မင်း ဘာစာတွေ ကျင့်နေတာလဲ… ကိုယ်တော့်ကို ယူလာပြစမ်းပါဦး"
"ဟုတ်ကဲ့ပါ"
ဒုတိယမင်းသားသည် စားပွဲရှေ့သို့ လျှောက်သွားပြီး မခြောက်သေးသော မင်ရည်များကို လေမှုတ်လိုက်ကာ ခြောက်ပြီးသား အခြားစာရွက်များကို အရှင်မင်းကြီးထံ ကမ်းပေးလိုက်သည်။
"လင်မယ်မယ်က သားတော့်ကို နေ့တိုင်း စာမျက်နှာ သုံးမျက်နှာလောက်ပဲ သေချာ ရေးကျင့်ခိုင်းပါတယ်… အများကြီး ရေးစရာမလိုဘဲ လက်ကောက်ဝတ်ကိုပဲ သတိထားဖို့ ပြောထားပါတယ်… ဒါကြောင့် သားတော့်ဆီမှာ အများကြီး မရှိသေးတာပါ"
ရေးကျင့်ထားသည်မှာ မများလှသော်လည်း စာရွက်တိုင်းတွင် အလွန် စေ့စပ်စွာ ရေးသားထားကြောင်း မြင်သာပေသည်။
အထူးသဖြင့် အောက်ခြေတွင် စာကြောင်းငယ်လေး တစ်ကြောင်းစီ ပါရှိပြီး ထိုစာမျက်နှာအတွက် မှတ်ချက်ရေးထားခြင်း ရှိရာ ကြည့်လိုက်သည်နှင့် လင်ဝမ်ယိ၏ လက်ရာမှန်း သိသာလှ၏။
ဒုတိယမင်းသားမှာ အကဲခတ်တတ်သူပီပီ အရှင်မင်းကြီးသည် ထိုမှတ်ချက်များကို ကြည့်ပြီး တွေဝေနေသည်ကို မြင်သောအခါ ချက်ချင်း ရှင်းပြလိုက်လေသည်။
"အရင်တုန်းက နေ့တိုင်း စာရေးကျင့်ပြီးရင် လင်မယ်မယ့်ကို သွားပြလေ့ရှိတယ်… သူက သားတော့်ကို နောက်တစ်ခါ ဘာတွေ သတိထားရမယ် ဆိုတာ ပြောပြပြီး နေ့စွဲပါ တစ်ခါတည်း တပ်ပေးထားတယ်… နောင်တစ်ချိန် ပြန်ကြည့်တဲ့အခါ အတိတ်က ကြိုးစားမှုတွေက ဘယ်လောက် အရေးပါလဲ ဆိုတာ သိရအောင်လို့တဲ့"
သူမ အလုပ်လုပ်ပုံမှာ ဒုတိယမင်းသားကို စာသင်ပေးသည့်က အစ အလွန် စေတနာပါလှပေသည်။
လုပ်ငန်းစဉ်တွင် အလောတကြီး မရှိသလို အပြုအမူတွင်လည်း ဘဝင်မြင့်ခြင်း သိမ်ငယ်ခြင်း မရှိရာ ဤသို့ဖြင့် ရလဒ်အများစုမှာ ကောင်းမွန်တတ်စမြဲပင်။
နောက်ဆုံးတွင် ဒုတိယမင်းသား၏ လက်ရေး မလှခဲ့လျှင်တောင်မှ အလုပ်တစ်ခုကို သေချာစွာ လုပ်ဆောင်တတ်ခြင်းနှင့် မိမိကိုယ်ကို အမြဲ ပြန်လည် သုံးသပ်တတ်သော စိတ်နေစိတ်ထားကို ပြုစုပျိုးထောင်ပေးနိုင်မည် ဖြစ်သည်။
အရှင်မင်းကြီးသည် သူမကို အလိုအလျောက်ပင် လေးစားမိသွားရ၏။
ငယ်ငယ်ရွယ်ရွယ်နှင့် ဤမျှ တွေးတောတတ်ရာ တတိယမင်းသားကို ရတနာသဖွယ် တန်ဖိုးထား သင်ကြားပေးနေသော ယီဖေးထက်ပင် အဆင့်ပိုမြင့်နေသေးသည်။
ဒုတိယမင်းသမီးလေးသာ သူမနှင့်အတူ ကြီးပြင်းခွင့်ရလျှင် အခြေအနေကို နားလည်ပြီး လူ့လောကကို သိတတ်သော ကလေးကောင်း တစ်ယောက် ဖြစ်လာမည်မှာ အသေအချာပင်။
သူ၏ ရင်ထဲတွင် ဤအချက်ကို ပို၍ပင် ယုံကြည်သွားတော့သည်။
"အင်း… မင်းရဲ့ လင်မယ်မယ်က သေချာ သင်ပေးသလို မင်းကလည်း ကြိုးစားတာပဲ… ခဏနေရင် သုန်ယွီကျုံးကို မင်သွေးကျောက် ကောင်းကောင်း အချို့ လာပို့ခိုင်းလိုက်မယ်… နောက်ရက်နည်းနည်းနေရင် ကိုယ်တော် ပြန်လာစစ်မယ်"
"ဟုတ်ကဲ့… သားတော် အမိန့်တော်အတိုင်း နာခံပါ့မယ်"
သားအဖနှစ်ယောက် ခဏ နားပြီးနောက် ဘေးဘက်ခြံဝင်းရှိ ဒုတိယမင်းသမီးလေးကို သွားကြည့်ကြလေသည်။
ကလေးများမှာ လေတိုက်သည်နှင့် ကြီးလာသည်ဟု ဆိုကြ၏။
မွေးကင်းစမှ တစ်လပြည့်ချိန်တွင် အကောင်ကြီးလာတတ်သည်။
ဒုတိယမင်းသမီးလေးမှာ အားနည်းသဖြင့် ဂရုတစိုက် ကျွေးမွေးရရာ အများကြီး ကြီးထွားမလာသော်လည်း မွေးစကထက်စာလျှင် အများကြီး ကောင်းမွန်လာခဲ့ပေပြီ။
အရှင်မင်းကြီးနှင့် ဒုတိယမင်းသားတို့ ရောက်သွားချိန်တွင် ဒုတိယမင်းသမီးလေး နို့သောက်ပြီးကာစ အချိန်ဖြစ်ပြီး လင်ဝမ်ယိက ပွေ့ချီထားပြီး လေချဉ်တက်အောင် သူမက ကျောကို အသာယာ ပုတ်ပေးနေသည်ကို မြင်လိုက်ရသည်။
ယခင်က အဖြစ်အပျက်များကို သင်ခန်းစာ ယူထား၍ ထင်၏၊ ဤတစ်ကြိမ်တွင်တော့ လင်ဝမ်ယိ၏ ပခုံးပေါ်တွင် နူးညံ့သော ပိုးပဝါလေး တစ်ထည်ကို တမင် ခင်းထားလေသည်။
ဒုတိယမင်းသမီးလေးက သူမ၏ ပခုံးပေါ်တွင် ခေါင်းတင်ထားပြီး ကျောကို ဖွဖွလေး အပုတ်ခံနေရသည်။
သေးငယ်လှသော မျက်နှာလေးပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာလေ၏။
ချက်ချင်း ပျောက်ကွယ်သွားသော်လည်း တုမားမားနှင့် နို့ထိန်းတို့ အမြင်တွင်တော့ ၎င်းမှာ အလွန်ကောင်းမွန်သော နိမိတ်လက္ခဏာ တစ်ခုပင်။
"ဒုတိယမင်းသမီးလေးက အခု သခင်မလေးကိုတောင် ပြုံးပြတတ်နေပြီ… နောက်ဆိုရင် ဒီအခက်အခဲကို သေချာပေါက် ကျော်ဖြတ်နိုင်မှာပါ"
ဒုတိယမင်းသမီးလေးကို နေ့စဉ် ပြုစုပေးနေကြရသော သူတို့သည် ကလေးငယ်၏ မျက်နှာလေး တဖြည်းဖြည်း သွေးရောင်လွှမ်းလာသည်ကို ကြည့်ကာ မျှော်လင့်ချက် ရှိလာပြီဟု ခံစားနေကြရသည်။
"မင်းသမီးလေး ပြုံးတယ် ဟုတ်လား… ကိုယ်တော့်ကို ပြပါဦး"
အရှင်မင်းကြီး၏ အသံကြောင့် လင်ဝမ်ယိ ရင်ခွင်ထဲရှိ ဒုတိယမင်းသမီးလေး လန့်သွားပုံရသည်။
သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေး တုန်တက်သွားသည်ကို ခံစားရသောအခါ လင်ဝမ်ယိမှာ ဂါရဝပြုရန်ပင် သတိမရတော့ဘဲ ချက်ချင်း ကျောပုတ်ကာ ချော့မြှူရင်း ပြောလိုက်လေသည်။
"မင်းသမီးလေး မကြောက်နဲ့နော်… မကြောက်နဲ့… လင်မယ်မယ် ရှိတယ်"
ထို့နောက် အရှင်မင်းကြီးကို အနည်းငယ် အပြစ်တင်သည့် အကြည့်ဖြင့် ကြည့်ကာ ဆက်ပြောလိုက်သည်။
"အရှင်မင်းကြီး အသံနည်းနည်း လျှော့ပါ… ဒုတိယမင်းသမီးလေးက လန့်လွယ်တယ်"
အရှင်မင်းကြီးလည်း အခြေအနေကို နားလည်သဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဆက်မပြောတော့ချေ။
အနားသို့ လျှောက်သွားကြည့်ရာ ဒုတိယမင်းသမီးလေးမှာ ယခုအခါ ချော့မြှူခံထားရသဖြင့် အလွန် သက်တောင့်သက်သာ ရှိနေပေသည်။
သေးငယ်သော ပါးပြင်လေးပေါ်တွင် အပြုံးလေးတစ်ခုက အမှန်တကယ် ပေါ်လွင်နေ၏။
အရှင်မင်းကြီးက ကျေနပ်စွာ ပြုံးလိုက်ပြီး ပြောလေသည်။
"ဒုတိယမင်းသမီးလေးက မင်းနဲ့ ရေစက်ပါတာပဲ… မင်းနဲ့ပဲ အမြဲ နေချင်နေတာ"
ထို့နောက် သူမ၏ နားထင်ဘေးမှ ဆံပင်စလေးကို အနောက်သို့ သပ်တင်ပေးလိုက်ရာ လှပသော နားရွက်လေး ပေါ်လာလေသည်။
"ပိန်သွားတယ်"
အရှင်မင်းကြီး၏ ဤစကားမှာ မေးခွန်းထုတ်ခြင်း မဟုတ်ဘဲ အတည်ပြုလိုက်ခြင်း ဖြစ်သည်။
တုမားမားနှင့် နို့ထိန်းတို့ ကူညီပေးနေပြီး သူမကိုယ်တိုင်လည်း ညဘက် အိပ်ရသည့် အချိန်နည်းသော်လည်း ဒုတိယမင်းသမီးလေးအပေါ် အပြည့်အဝ အာရုံစိုက်နေရသဖြင့် အနည်းငယ် ပင်ပန်းနေရရှာသည်။
ထို့ကြောင့် ဤလဝက်ခန့် အချိန်အတွင်း သူမမှာ အသားကျသွားခဲ့ပေသည်။
"အရင်ပုံစံလေးက ပိုကောင်းပါတယ်"
လင်ဝမ်ယိမှာ ငြင်းဆန်ခြင်း မပြုသလို ပြုံးသာပြုံးနေပြီး ဘာမှ ပြန်မပြောခဲ့ချေ။
"ဒီရက်ပိုင်းအတွင်း အရင်က လျိုထိုက်ဖေးကို ပြုစုခဲ့တဲ့ ကျိမားမား ရောက်လာလိမ့်မယ်… သူက လျိုထိုက်ဖေးရဲ့ တတိယမင်းသမီးလေးကို ပြုစုခဲ့ဖူးတော့ အတော်လေး စေ့စပ်သေချာတယ်… ကိုယ်တော် သူ့ကို တောင်းဆိုထားတာ… နောက်ဆိုရင် သူက ဒုတိယမင်းသမီးလေးကို အဓိက တာဝန်ယူ ပြုစုပေးလိမ့်မယ်… မင်းနဲ့ တုမားမားလည်း နည်းနည်း သက်သာသွားတာပေါ့"
ကျိမားမား၏ နာမည်ကို ကြားသောအခါ လင်ဝမ်ယိမှာ အနည်းငယ် နားမလည်နိုင် ဖြစ်သွားရသည်။
သူမသည် မယ်တော်ကြီး အကြောင်းကိုပင် သိပ်မသိရာ လျိုထိုက်ဖေး ဆိုလျှင်တော့ ပိုဆိုး၏။
သို့သော် တုမားမားကမူ ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် အပြုံးများ ဝေဆာသွားတော့၏။
"ကျိမားမားက အလုပ်လုပ်တာ စေ့စပ်ပြီး ကြိုးစားတယ်… စိတ်သဘောထားကလည်း နူးညံ့တယ်လို့ နာမည်ကြီးတယ်… သူသာ ဒုတိယမင်းသမီးလေးကို ပြုစုပေးမယ်ဆိုရင် ဒုတိယမင်းသမီးလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာနိုင်မှာ အသေအချာပါပဲ"
တုမားမားသည် နန်းတော်ထဲတွင် သူမ၏ သက်တမ်း တစ်လျှောက်လုံးနီးပါး နေလာခဲ့သူ ဖြစ်ရာ မည်သူ့ကိုမဆို သိကျွမ်းပေသည်။
ထို့ကြောင့် သူမက ကျိမားမားကို ဤမျှ ယုံကြည်နေမှတော့ လင်ဝမ်ယိလည်း စိတ်အေးသွားရတော့သည်။
"ဒါဆိုရင်တော့ ကောင်းတာပေါ့… ဒုတိယမင်းသမီးလေးက အခု စားနိုင် အိပ်နိုင်နေပြီ… ဒုတိယအဒေါ်ကလည်း အများကြီး သက်သာလာပြီလို့ ပြောတယ်… ထိခိုက်ထားတဲ့ ဒဏ်ရာကတော့ လောလို့မရဘူးလေ… ဖြည်းဖြည်းချင်း ကုသရမှာပေါ့"
"အင်း"
ယခုအချိန်တွင် ကလေးငယ် ကောင်းမွန်စွာ ကြီးပြင်းလာရန်က အရေးအကြီးဆုံး ဖြစ်သည်။
ခန္ဓာကိုယ် ကျန်းမာသန်စွမ်းလာမှသာ ကုသမှုဒဏ်ကို ခံနိုင်ရည် ရှိမည် မဟုတ်လား။
ထိုအချိန်ကျလျှင် သမားတော်ကြီးလင် ကိုလည်း ရှာတွေ့ချင် တွေ့နိုင်ပေမည်။
ဒုတိယမင်းသမီးလေး၏ ရောဂါ ပျောက်ကင်းရန် မျှော်လင့်ချက် ရှိနေသေးသည်။
ယနေ့ လူပိုများနေ၍လား၊ သို့မဟုတ် အားအင်ပြည့်နေ၍လား မသိပေ၊ ဒုတိယမင်းသမီးလေးသည် နို့သောက်ပြီး လေချဉ်တက်အောင် ပုတ်ပေးပြီးသည့်တိုင် အိပ်မပျော်သေးပေ။
စောင်လေးထဲတွင် မျက်လုံးအိမ်ကျယ်ကျယ်ဖြင့် ကြည့်နေလေသည်။
ကလေးငယ်လေး၏ မျက်လုံးများမှာ ယခုအချိန်တွင် စပျစ်သီးမည်းမည်းလေးများကဲ့သို့ ဝိုင်းစက်နေပြီး မျက်ဖြူများကိုပင် မမြင်ရချေ။
ဒုတိယမင်းသားက ရှေ့တိုးကာ ဒုတိယမင်းသမီးလေး၏ ထိုပုံစံလေးကို ကြည့်ရင်း မနေနိုင်တော့ဘဲ ရေရွတ်လိုက်လေသည်။
"ဒုတိယညီမလေးက တကယ် လှတာပဲ"
လင်ဝမ်ယိ တိုးတိုးလေး ရယ်မောလိုက်ပြီး သူ့ကို ပြောလိုက်သည်။
---