အခန်း ၁၇၈
Vol. 18 Ch. 178
အခန်း(၁၇၈) သားသမီးများ၏ အနာဂတ်
"ဒုတိယမင်းသမီးလေးက အခု လုံးဝကြီး မဖွံ့ဖြိုးသေးဘူးလေ… ခြောက်လ ခုနစ်လလောက် ရောက်သွားရင် အခုထက် ပိုလှလာဦးမှာ"
ဒုတိယမင်းသားက ခေါင်းညိတ်ပြလိုက်ပြီး လင်ဝမ်ယိ၏ စကားကို အပြည့်အဝ ထောက်ခံနေလေသည်။
လန်ဖေးနှင့် အရှင်မင်းကြီး နှစ်ဦးစလုံးမှာ ရုပ်ရည်ချောမောကြသဖြင့် ကလေးမှာလည်း သေချာပေါက် ရုပ်ဆိုးမည် မဟုတ်ပေ။
သူတို့အားလုံး ခဏလောက် စကားပြောပြီးနောက် ဒုတိယမင်းသမီးလေး ပင်ပန်းပြီး အိပ်ချင်လာသည်ကို မြင်သောအခါ နို့ထိန်းနှင့် တုမားမားတို့ထံ အပ်နှံလိုက်ကြသည်။
ထို့နောက် သူတို့က ဟွေ့ဖန်းယာခြံဝင်းသို့ ပြန်လှည့်လာခဲ့ကြ၏။
လင်ဝမ်ယိ ဤရက်ပိုင်းအတွင်း ပိန်သွားရခြင်းမှာ တစ်ချက်က ပင်ပန်း၍ ဖြစ်ပြီး နောက်တစ်ချက်မှာ ခြံဝင်းနှစ်ခုကြား သွားချည်ပြန်ချည် လမ်းလျှောက်နေရသောကြောင့် ဖြစ်သည်။
သူမ၏ ခြေလုံးများပင် သေးသွားသည်ဟု သိသိသာသာ ခံစားနေရ၏။
ကံကောင်းသည်မှာ ရှအန်းက နေ့တိုင်း နှိပ်ပေးသဖြင့် အကြောတက်ပြီး ညောင်းညာကိုက်ခဲသည့် အခြေအနေမျိုး သိပ်မရှိခဲ့ပေ။
ဟွေ့ဖန်းယာခြံဝင်းသို့ ပြန်ရောက်သောအခါ ဒုတိယမင်းသားသည် အရှင်မင်းကြီးနှင့် လင်မယ်မယ်တို့ စကားပြောစရာ ရှိကြောင်း သိလိုက်သည်။
ထို့ကြောင့် အလွန် လိမ္မာစွာဖြင့် အကြောင်းပြချက် တစ်ခုရှာကာ အနောက်ဘက် ခြံဝင်းသို့ ထွက်လာလေတော့သည်။
ပင်မဆောင်ထဲတွင် အရှင်မင်းကြီးသည် လင်ဝမ်ယိကို ရင်ခွင်ထဲ ဖက်ထားရင်း အလွန် သနားကြင်နာစွာ ပြောလိုက်သည်။
"ဒီရက်ပိုင်းအတွင်း မင်းနဲ့ တုမားမား တော်တော် ပင်ပန်းသွားပြီ"
"အရှင်မင်းကြီး အရမ်း စိုးရိမ်မနေပါနဲ့… ကျွန်တော်မျိုးမက ငယ်သေးတော့ အမြန် ပြန်ကောင်းလာနိုင်ပါတယ်… တုမားမားကတော့ တကယ် ပင်ပန်းသွားတာ… ကျွန်တော်မျိုးမ ကြည့်ရတာ သူ ဆံပင်ဖြူတွေတောင် ထွက်လာပြီ… ကျိမားမား ရောက်လာရင် တုမားမားကို ရက် အနည်းငယ်လောက် ကောင်းကောင်း အနားယူခိုင်းလိုက်ပါဦး"
"အင်း… ကိုယ်တော် နန်းတွင်းရေးရာဌာနကိုလည်း သစ္စာရှိပြီး ရိုးသားတဲ့ အစေခံ နည်းနည်း ရှာခိုင်းထားတယ်… ကျိမားမားနဲ့ နို့ထိန်းတို့ ခိုင်းဖို့လေ… ဒုတိယမင်းသမီးလေး ဆီမှာတော့ လူမလိုလောက်တော့ဘူး… ဒုတိယမင်းသား ဆီမှာတော့ နည်းနည်း လိုဦးမယ် ထင်တယ်"
လန်ဖေး လက်အောက်မှ သူများကို တုမားမားက အကုန်လုံးနီးပါး ရှင်းလင်းလိုက်လေပြီ။
ယခင်က အာဏာပြခဲ့သော သွမ့်မားမား ကိုပင် အကြောင်းပြချက်ရှာကာ နွေရာသီအပန်းဖြေနန်းတော် သို့ ပို့ပစ်လိုက်ရာ ဤတစ်သက် နန်းတော်ထဲ ပြန်ဝင်ခွင့် ရတော့မည် မဟုတ်ပေ။
ထို့ကြောင့် တုမားမားမှလွဲ၍ ဒုတိယမင်းသား အနားတွင် လူအမှန်တကယ် လိုအပ်နေချေပြီ။
"အရှင်မင်းကြီး ဒီလိုပြောလာမှတော့ လူရွေးထားပြီးပြီ ဖြစ်မှာပေါ့"
"အင်း… တာဝန်ခံ မိန်းမစိုး တစ်ယောက်၊ အစေခံ လေးယောက်၊ မိန်းမစိုးငယ် လေးယောက် အကုန်လုံး ရွေးပြီးသွားပြီ… ဒါပေမဲ့ ဒီအနောက်ဘက် ခြံဝင်းက အရမ်း သေးလွန်းတော့ အလုပ်ရှုပ်မခံတော့ဘူး… သူတို့ကို ရီဟွားနန်းဆောင် ထဲမှာ အရင် အမှုထမ်းခိုင်းထားလိုက်မယ်… နွေဦးရောက်မှ ဒုတိယမင်းသားနဲ့အတူ မင်းသားများအဆောင် ကို တစ်ခါတည်း ပြောင်းသွားခိုင်းလိုက်မယ်"
မင်းသားများအဆောင် ဟူသည်မှာ သီးသန့် ခြံဝင်းတစ်ခု ဖြစ်သည်။
မင်းသားများ အားလုံး အရွယ်ရောက်သည်နှင့် စာသင်ကြားရန် ထိုနေရာသို့ ပြောင်းရွှေ့ရလေသည်။
နေ့စဉ် ဆရာများ လာရောက် စာသင်ပေးသည်ဖြစ်ရာ အရှင်မင်းကြီး၏ မောင်းမဆောင်နှင့် အလွန် ဝေးပေသည်။
လင်ဝမ်ယိ ထိုစကားကို ကြားသောအခါ သူမ၏ ပထမဆုံး တုံ့ပြန်မှုမှာ ထိုလူများ ရီဟွားနန်းဆောင်သို့ ပြောင်းရမည့် ကိစ္စ မဟုတ်ပေ။
ဒုတိယမင်းသား မင်းသားများအဆောင်သို့ ပြောင်းရမည့် ကိစ္စပင် ဖြစ်နေသည်။
ထို့ကြောင့် မျက်မှောင်ကြုတ်ကာ အတိတ်က အဖြစ်အပျက်များစွာကို တွေးမိသွားရသည်။
"ဒုတိယမင်းသားက အခုမှ ခြောက်နှစ်ပဲ ရှိသေးတာကို မင်းသားများအဆောင် ကို ပြောင်းရတော့မလို့လား… ကျွန်တော်မျိုးမက ဆယ်နှစ်ကျော်လောက်မှ သီးသန့်နေရမယ် ထင်နေတာ"
"မင်းပြောတာက နန်းတော်ပြင်ပမှာ အိမ်တော်ခွဲ နေတဲ့ကိစ္စလေ… တတိယမင်းသား ဆိုရင် လေးနှစ်အရွယ်တည်းက မင်းသားများအဆောင် ကို ပို့ပြီး ဆရာနဲ့ စာသင်ခိုင်းနေပြီ… ဒုတိယမင်းသားက ဒီလောက်တောင် နောက်ကျနေတာဆိုတော့ မြန်မြန် လုပ်ရမှာပေါ့"
အရှင်မင်းကြီး၏ စကားကို လင်ဝမ်ယိက လက်ခံသလို လက်လည်း မခံချေ။
တော်ဝင်မိသားစုအတွက်မူ အရွယ်ရောက်လာသော မင်းသားများမှာ အလွန် အရေးကြီးလှပြီး တိုင်းပြည်ကို ဆက်ခံရန် အကောင်းဆုံး သူကို ရွေးချယ်နိုင်ရန်အတွက် သေချာ ပြုစုပျိုးထောင်ရမည်မှာ သဘာဝပင်။
သို့သော် ခြောက်နှစ်အရွယ် ကလေးဆိုသည်မှာ အလိုလိုက်ထားခံရလျှင် မိခင်ရင်ခွင်ထဲတွင် သကြားလုံး တောင်းစားနေရမည့် အရွယ်သာ ရှိသေးသော်လည်း ဒုတိယမင်းသားမှာမူ မနက်စောစောထ စာဖတ်ပြီး နေ့လယ်ဘက် မြင်းစီး မြားပစ် လေ့ကျင့်ရမည့် ဘဝကို ဖြတ်သန်းရတော့မည် ဖြစ်သည်။
ထိုအချိန်ရောက်လျှင် သူ ခံနိုင်ရည် ရှိပါမည်လား။
သူမ စိုးရိမ်နေသော်လည်း အရှင်မင်းကြီးနှင့် ထိပ်တိုက် မငြင်းခုံဘဲ သွယ်ဝိုက်သောနည်းဖြင့် ပြောလိုက်သည်။
"အရှင်မင်းကြီး ပြောတာ မှန်ကန်ပါတယ်… ဒါပေမဲ့ ဒုတိယမင်းသားရဲ့ ခန္ဓာကိုယ်က ခံနိုင်ရည် ရှိပါ့မလား"
ဤစကား ထွက်လာသည်နှင့် အရှင်မင်းကြီး၏ ရင်ထဲမှ စိုးရိမ်မှုများလည်း အထင်းသား ပေါ်လွင်လာရသည်။
ဒုတိယမင်းသားကို ကြည့်ရသည်မှာ ယခင်ကထက် အများကြီး ပိုကောင်းလာခဲ့ပေပြီ။
သို့သော် နေ့စဉ်စောစောထရပြီး မြင်းစီး မြားပစ် လေ့ကျင့်ခန်းများ အများအပြား လုပ်ရမည် ဆိုပါက အနည်းငယ် ခက်ခဲနိုင်ပေသည်။
"နောက်ရက်နည်းနည်းနေရင် ကိုယ်တော် တော်ဝင်သမားတော်သို့ ကို မေးကြည့်ဦးမယ်… တကယ်လို့ သူ့ခန္ဓာကိုယ်က အများကြီး မကောင်းလာသေးရင်လည်း အတင်းအကျပ် လုပ်လို့မရဘူးလေ"
လင်ဝမ်ယိ ခေါင်းညိတ်လိုက်သည်၊ ယခုအချိန်တွင် ဒုတိယမင်းသားအတွက် အရေးအကြီးဆုံးမှာ စာဘယ်လောက် သင်ရမည်၊ မြင်းစီး မြားပစ် ဘယ်လောက် လေ့ကျင့်ရမည် ဆိုသည်က မဟုတ်ဟု သူမ ထင်မြင်မိသည်။
အဓိကမှာ အားနည်းနေသော ခန္ဓာကိုယ်ကို လုံးဝ ကောင်းမွန်လာအောင် ပြုစုပေးရန် ဖြစ်သည်၊ မဟုတ်လျှင် အပေါက်ပါနေသော ရေပုံးကဲ့သို့ ရေမည်မျှ ထည့်ထည့် ပြည့်မည် မဟုတ်ပေ။
ယခင်ကထက် ပို၍ပင် အားနည်းသွားမည် ဆိုပါက ဆန့်ကျင်ဘက် ရလဒ်သာ ထွက်ပေါ်လာပေလိမ့်မည်။
"ချန်ချန်"
"ရှင်"
"တော်ဝင်သမားတော်ချန် ကိုယ်တော့်ကို ပြောတယ်… လန်ဖေးက ဒီနှစ်ကုန်ထိတောင် အသက်မခံလောက်တော့ဘူးတဲ့"
လင်ဝမ်ယိ ထိုစကားကို ကြားသောအခါ အံ့ဩသွားသည့် ပုံစံကို ပြသလိုက်သည်။
ဒုတိယအဒေါ်က သူမကို သီးသန့် ပြောပြထားသော စကားများကို အရှင်မင်းကြီး သိသွားမည်ကို သူမ မလိုလားပေ၊ မဟုတ်လျှင် အရှင်မင်းကြီးက သုန်မိသားစုအပေါ် သံသယ ဝင်လာပါက ပြဿနာ ပိုကြီးသွားပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ နန်းတွင်းကိစ္စများမှာ သူတို့ စိတ်တိုင်းကျ ဝင်ပါခွင့် ရှိသော ကိစ္စများ မဟုတ်ပေ။
အထူးသဖြင့် သခင်မယွင်မှာ သာမန် ပြည်သူ တစ်ဦးသာ ဖြစ်နေသည်။
"ဒါက…"
အရှင်မင်းကြီးမှာ သူ၏ ခံစားချက်ထဲတွင် နစ်မြုပ်နေသဖြင့် လင်ဝမ်ယိ၏ မျက်နှာအမူအရာကို သိပ်သတိမထားမိလိုက်ပေ။
ထို့နောက်မှ သူ၏ အစီအစဉ်ကို ထုတ်ပြောလာလေသည်။
"ကိုယ်တော် စဉ်းစားထားတာက ဒုတိယမင်းသမီးလေးကို မင်းဆီမှာ ပြုစုဖို့ အပ်ထားမလို့… နန်းတော်ထဲ ပြန်ရောက်ရင် မင်းကို လင်ဖင် အဖြစ် ရာထူးတိုးပေးပြီး ရီဟွားနန်းဆောင် ရဲ့ ပင်မဆောင်မှာ နေခိုင်းမယ်… ဒုတိယမင်းသားက အနောက်ဘက်ဆောင်မှာ နေပြီး ဒုတိယမင်းသမီးလေးက မင်းအရင်ကနေတဲ့ ရှန်ယိနန်းဆောင် မှာ နေခိုင်းမယ်လေ… မင်း ဘယ်လိုထင်လဲ"
ဒုတိယအဒေါ် စိုးရိမ်နေသော ကိစ္စမှာ တကယ်ပင် ဖြစ်လာခဲ့ချေပြီ။
သေချာ တွက်ကြည့်လျှင် သူမ နန်းတွင်းသို့ ဝင်လာသည်မှာ လေးလခန့်သာ ရှိသေးသည်။
အဆင့်အနိမ့်ဆုံး တာရင် ရာထူးမှနေ၍ နန်းဆောင်တစ်ခု၏ အကြီးအကဲ လင်ဖင် အဖြစ်သို့ ခုန်တက်သွားပြီး သားသမီး နှစ်ဦးစလုံး ကိုပါ ရရှိသွားမည် ဖြစ်သည်။
သူမ မည်မျှ ပြင်းထန်သော မုန်တိုင်းမျိုးကို ရင်ဆိုင်ရမည် ဆိုသည်ကို တွေးကြည့်ရန်ပင် မလိုတော့ပေ။
ထိုအချိန်ရောက်လျှင် မောင်းမဆောင် တစ်ခုတည်း မဟုတ်ဘဲ ညီလာခံမှ အမတ်များကပါ သူမကို အရှင်မင်းကြီးအား ဖြားယောင်းသွေးဆောင်သည်ဟု စွပ်စွဲကြမည်မှာ အသေအချာပင်။
ရှေးခေတ်က ယန်ကွေ့ဖေး ဆိုလျှင်လည်း အရှင်မင်းကြီး၏ အနားတွင် အမြဲရှိနေပြီး တစ်ဦးတည်း မျက်နှာသာပေးမှုကို ရရှိခဲ့သည် မဟုတ်လား။
သို့သော် ရလဒ်က မည်သို့ ဖြစ်ခဲ့သနည်း။
သူမ ဒုတိယ ယန်ကွေ့ဖေး မဖြစ်ချင်ပေ။
ထို့ကြောင့် ချက်ချင်းပင် ငြင်းဆန်လိုက်လေသည်။
"အရှင်မင်းကြီး သေချာ စဉ်းစားပါဦး… ကျွန်တော်မျိုးမက ဘာအရည်အချင်းတွေ ရှိနေလို့လဲ"
"ကိုယ်တော် စဉ်းစားနေတာ ကြာလှပြီ… ဒုတိယမင်းသမီးလေးကို ဘယ်သူ့လက်ထဲ အပ်အပ် ကိုယ်တော် စိတ်မချဘူး… မင်း တစ်ယောက်တည်းကပဲ သူ့အပေါ် စေတနာအမှန်နဲ့ ဆက်ဆံမှာ… သူ့ရဲ့ ကံကြမ္မာက အခုတောင် တော်တော် ဆိုးနေပြီ… နောင်တစ်ချိန်မှာများ ကောင်းကောင်းမွန်မွန် ဆက်ဆံမခံရရင် ခမည်းတော်ဖြစ်တဲ့ ကိုယ်တော်က သူ့အပေါ် တကယ်ကို တာဝန်မကျေရာ ရောက်သွားလိမ့်မယ်"
"ပြီးတော့ ဒုတိယမင်းသား ကိုလည်း မင်း ကောင်းကောင်း သင်ကြားပေးထားတာပဲ… တကယ်လို့ နန်းတော်ထဲ ပြန်ရောက်တဲ့အခါ သူ့ကို မင်းအနားကနေ အတင်းခွဲထုတ်လိုက်ရင် ဆန့်ကျင်ဘက် ရလဒ်တွေ ဖြစ်လာမှာ စိုးရတယ်"
အရှင်မင်းကြီး၏ အစီအစဉ်မှာ လေပေါက်မရှိအောင် ပြည့်စုံလှသော်လည်း လင်ဝမ်ယိမှာမူ သူမကိုယ်သူမ အကာအကွယ် ဒိုင်းကြီး တစ်ခု ဖြစ်သွားပြီး မောင်းမဆောင် တစ်ခုလုံး၏ ရန်သူတော်ကြီး ဖြစ်သွားတော့မည်ဟု ခံစားနေရသည်။
ထို့ကြောင့် စဉ်းစားလိုက်ပြီးနောက် ပြောလိုက်လေသည်။
"ကျွန်တော်မျိုးမက ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးလေးကို မပြုစုချင်လို့ မဟုတ်ပါဘူး… ဒါပေမဲ့ ဒီ လင်ဖင် ရာထူးက ကျွန်တော်မျိုးမနဲ့ တကယ်ကို မထိုက်တန်လို့ပါ… အရှင်မင်းကြီး ကျွန်တော်မျိုးမအပေါ် ကောင်းခဲ့တာတွေကို ကျွန်တော်မျိုးမ ရင်ထဲမှာ မှတ်ထားပါတယ်… ဒါပေမဲ့ ကျွန်တော်မျိုးမ တစ်ယောက်တည်းအတွက်နဲ့ နန်းတွင်း စည်းမျဉ်းတွေကို ခဏခဏ မချိုးဖောက်ပါနဲ့… အဲဒီလို လုပ်တာက ကျွန်တော်မျိုးမရယ်၊ ဒုတိယမင်းသားရယ်၊ ဒုတိယမင်းသမီးလေးရယ်ကို အန္တရာယ်တွင်းထဲ တွန်းပို့လိုက်သလို ဖြစ်သွားပါလိမ့်မယ်"
ဤအကြောင်းပြချက်ကို အရှင်မင်းကြီး မည်သို့ မသိဘဲ နေပါမည်နည်း။
သို့သော် ဖင် ရာထူးသို့ မတိုးပေးဘဲ လင်ဝမ်ယိက မင်းသားနှင့် မင်းသမီး နှစ်ပါးလုံးကို မည်သို့ တရားဝင် ပြုစုပျိုးထောင်ခွင့် ရနိုင်မည်နည်း။
"အရှင်မင်းကြီး တကယ် အခက်တွေ့နေတယ် ဆိုရင်… ကျွန်တော်မျိုးမရယ်၊ ဒုတိယမင်းသားရယ်၊ ဒုတိယမင်းသမီးလေးရယ်ကို နွေရာသီအပန်းဖြေနန်းတော် မှာပဲ ထားခဲ့ပါလား… ဟွေ့ဖန်းယာခြံဝင်း က နန်းတော်ထဲထက် အများကြီး ပေါ့ပါး လွတ်လပ်တယ်လေ… ဒုတိယမင်းသားနဲ့ ဒုတိယမင်းသမီးလေးကို ဆေးကုပေးဖို့အတွက်လည်း ပိုကောင်းမယ်လို့ ထင်ပါတယ်"
လင်ဝမ်ယိ၏ ဤအဆိုပြုချက်မှာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရေနောက်တုန်း ငါးဖမ်းခြင်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ သူမကိုယ်တိုင်လည်း အဆိပ်သင့် ခဲ့ဖူးသူ ဖြစ်ရာ ကိစ္စအားလုံး နွေရာသီအပန်းဖြေနန်းတော် တွင် ထားခဲ့ပြီး ဆေးကုသမှု ခံယူမည်၊ ထို့နောက် သူမက မင်းသားနှင့် မင်းသမီးကို ပိုမို ဂရုစိုက်ပေးမည် ဆိုပါက အကြောင်းပြချက် ခိုင်လုံသွားပေလိမ့်မည်။
---