အခန်း ၁၈၀
Vol. 18 Ch. 180
အခန်း(၁၈၀) နက်ရှိုင်းသော ဝမ်းနည်းမှု
ချက်ချင်းပင် မကောင်းသော အတွေးများစွာက သူမ၏ စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။
ယခုအချိန်ထိ သူမ ဒုတိယမင်းသမီးလေးကို မမြင်ရသေးပေ၊ ဒုတိယမင်းသမီးလေး ဆီမှာ ပြဿနာ တစ်ခုခု ဖြစ်နေလို့များလား။
ကျွေ့ယာ ကရော ဒုတိယမင်းသမီးလေးကို သွားပြုစုနေတာလား။
သူမ ဤကိုယ်ဝန်က မိန်းကလေး ဖြစ်ပြီး ကျုံးယွမ်ပွဲတော် နေ့တွင် မွေးလာသဖြင့် မနှစ်မြို့သော်လည်း မည်သို့ပင်ဖြစ်စေ ကိုယ်ဝန် ဆယ်လလွယ်ပြီး အသက်လုကာ မွေးထားရသည် မဟုတ်လား။
ထို့ကြောင့် အနည်းငယ်တော့ စိုးရိမ်ပူပန်မိသည်။
"ဒုတိယမင်းသမီးလေး နေမကောင်းလို့ ကျွေ့ယာ သွားပြုစုနေတာလား"
ကျွေ့ယွဲ့ က ခါးသီးစွာ ပြုံးလိုက်သည်၊ တကယ်သာ ထိုသို့ ဖြစ်ခဲ့လျှင် သူမလည်း ဤမျှ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေမည် မဟုတ်ပေ။
လန်ဖေးမှာ စိုးရိမ်လွန်းသဖြင့် ကုတင်ပေါ်မှ ပြုတ်ကျလုမတတ် ဖြစ်သွားရာ ကျွေ့ယွဲ့ က ချက်ချင်း တွဲထားလိုက်ပြီးနောက် ငိုယိုကာ ပြောပြလိုက်တော့သည်။
"မယ်မယ်… ကျွေ့ယာ က နန်းတော်ပြင်ပ ရောက်သွားကတည်းက ပျောက်နေတာ… အိမ်ကလူတွေ နေရာအနှံ့ လိုက်ရှာကြပေမဲ့ မတွေ့ရဘူးတဲ့… ဒုတိယမင်းသမီးလေး ကတော့… သူက… သူက အခုထိ အသက်အန္တရာယ်ကနေ လုံးဝ မလွတ်သေးဘူး… ဒီအစေခံ လူလွှတ်ပြီး စုံစမ်းခိုင်းထားတာ… အရှင်မင်းကြီး အနားမှာပဲ ထားပြီး တော်ဝင်သမားတော်သို့ ကိုယ်တိုင် ပြုစုပေးနေတယ်တဲ့"
"မတွေ့ရဘူး ဆိုတာ ဘာအဓိပ္ပါယ်လဲ… ထွက်ပြေးသွားတာလား… ဒါမှမဟုတ် သေသွားတာလား"
လန်ဖေး လုံးဝ မယုံကြည်နိုင် ဖြစ်သွားရသည်၊ ဤမျှ လိမ္မာရေးခြားရှိသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုး ဖြစ်သွားရတာလဲ။
သူမ ခန္ဓာကိုယ် အားနည်းနေသော်လည်း ဦးနှောက်ကမူ ထက်မြက်နေဆဲပင်။
ချက်ချင်းပင် မူမမှန်မှုများကို ရိပ်မိသွားတော့သည်။
ဗိုက်ကို ပွတ်သပ်ရင်း မြန်ဆန်စွာ စဉ်းစားမိလိုက်သည်။
ဒါတွေ အကုန်လုံးက အကွက်ဆင်ထားတာများလား။
မဟုတ်လျှင် ဘယ်လိုလုပ်ပြီး ဒီလောက် တိုက်ဆိုင်နေရတာလဲ… ကျွေ့ယာ နန်းတော်ထဲက ထွက်သွားပြီး မကြာခင်မှာပဲ သူမ ဗိုက်နာလာရတာလေ…
တွေးလေလေ ပို၍ ကြောက်စရာ ကောင်းလာလေလေ ဖြစ်သည်။
ချက်ချင်းပင် ကျွေ့ယွဲ့ ကို တော်ဝင်သမားတော်ချန် ထံသို့ သွားခိုင်းလိုက်သည်။
"မြန်မြန်… ကျွေ့ယာ ရဲ့ အခန်းထဲ သွားပြီး အရင်တုန်းက ဒီအရှင်မ သောက်ခဲ့ဖူးတဲ့ ကိုယ်ဝန်ဆောင် အားဆေးတွေ အကုန်လုံးကို ရှာပြီး တော်ဝင်သမားတော်ချန် ဆီ ပို့လိုက်… ဘာတွေ မှားနေလဲ ဆိုတာကို စစ်ကြည့်ခိုင်းလိုက်"
"မယ်မယ်… ကျွေ့ယာ ထွက်သွားတုန်းက အခန်းကို သန့်ရှင်းရေး သေချာ လုပ်သွားတာ… ဒီအစေခံ သွားရှာကြည့်ပြီးပြီ… ဘာမှ မကျန်တော့ဘူး"
ဤသို့ဆိုလျှင် သက်သေပြစရာ လုံးဝ မရှိတော့သည် မဟုတ်လား။
လန်ဖေး စုံစမ်းရန်ပင် မလိုတော့ချေ။ ဤကိစ္စတွင် သေချာပေါက် နောက်ကွယ်က ကြိုးကိုင်မှု ရှိနေကြောင်း သိလိုက်ရပြီ။
ရယ်စရာကောင်းလိုက်တာ၊ တကယ်ကို ရယ်စရာကောင်းလွန်းလှသည်။
သူမသည် သူမကို ဒုက္ခပေးမည့်သူကို အဖိုးတန် ရတနာ တစ်ပါးလို ဆက်ဆံခဲ့သည်ဟု မထင်မှတ်ထားခဲ့ချေ။
သို့သော် သူမ ယခုအချိန်တွင် ဤအရာများကို စဉ်းစားနေရန် အချိန်မရှိတော့ပေ၊ ယခု အရေးအကြီးဆုံးမှာ ဤကိစ္စကို အရှင်မင်းကြီးအား ပြောရန်ပင် ဖြစ်သည်။
အရှင်မင်းကြီးသာ သိသွားပါက သူမနှင့် ဒုတိယမင်းသမီးလေး အပေါ် အနည်းငယ် သနားကြင်နာ ပိုလာနိုင်ပေမည်။
"အရှင်မင်းကြီးရော… ဘာလို့ ဒီအရှင်မ ဆီ လာမကြည့်တာလဲ… နင်တို့ အခုချက်ချင်း သွားခေါ်လေ… ဒီအရှင်မမှာ အရေးကြီး ပြောစရာ ရှိတယ်လို့ ပြောလိုက်"
လန်ဖေး၏ ဤစကားကြောင့် ကျွေ့ယွဲ့ မှာ အလွန် အခက်တွေ့သွားရသည်။
သူမတို့ မခေါ်ချင်ဘဲ နေပါမည်လား၊ သို့သော် ယခုအချိန်တွင် သူတို့၏ ခြံဝင်းမှာ အကျယ်ချုပ် ကျနေသော ယောင်ထိုင်စံအိမ် နှင့်ပင် တူနေလေပြီ။
အဝင်အထွက် မလုပ်ရဟု တိတိကျကျ မပြောထားသော်လည်း ဤရက်ပိုင်းအတွင်း မည်သူကများ သူတို့ကို အဖက်လုပ်ခဲ့ပါသနည်း။
သူမ၏ အခက်တွေ့နေသော မျက်နှာကို မြင်သောအခါ လန်ဖေး၏ ရင်ထဲတွင် ဝမ်းနည်းမှုများ လွှမ်းမိုးသွားတော့သည်။
"မဖြစ်နိုင်ဘူး… မဖြစ်နိုင်ဘူး… အရှင်မင်းကြီးက သံယောဇဉ်ကင်းတဲ့သူ မဟုတ်ပါဘူး… သူက ဒုတိယမင်းသမီးလေး အပေါ် အရမ်း ကောင်းတာ မဟုတ်ဘူးလား… ဘယ်လိုလုပ်ပြီး ဒီအရှင်မ အပေါ် ဒီလို လုပ်ရက်မှာလဲ… သေချာပေါက် နင်တို့ သေချာ သွားမခေါ်လို့ ဖြစ်မှာ… မြန်မြန်… မြန်မြန် သွားလေ"
ပြောရင်းနှင့် ကျွေ့ယွဲ့ကို တွန်းကာ ဤကိစ္စကို အမြန်ဆုံး သွားလုပ်ရန် မျှော်လင့်နေသည်။
ဝမ်းနည်းစရာ ကောင်းသည်မှာ ကျွေ့ယွဲ့မှာ အလွန်အမင်း ငိုကြွေးနေပြီး လန်ဖေးကိုယ်တိုင်လည်း ဝမ်းနည်းပူဆွေးနေရသည်။
လန်ဖေး ခြံဝင်း တစ်ခုလုံးတွင် ဝမ်းနည်းဖွယ် အရိပ်အယောင်များ လွှမ်းမိုးနေသော်လည်း ယင်းကွေ့ဖင် ၏ ခြံဝင်းထဲတွင်မူ အလွန် အေးချမ်းသာယာနေလေ၏။
သူမမှာ ယခုအခါ နွေရာသီအပန်းဖြေနန်းတော် တစ်ခုလုံးရှိ လူတိုင်း၏ စောင့်ကြည့်ခြင်းကို ခံနေရသူ ဖြစ်သည်။
သူမ၏ ဗိုက်မှာ စူထွက်နေသည်ကို တွေ့ရသည်။
မွေးဖွားပေးမည့် မားမား လာကြည့်သွားပြီး ကလေးမှာ အောက်သို့ အနည်းငယ် ဆင်းလာပြီ ဖြစ်ကြောင်း ပြောသွားသည်။
မြန်လျှင် သုံးလေးရက်အတွင်း၊ နှေးလျှင် လဝက်အတွင်း သူမ ကလေး မွေးဖွားရတော့မည် ဖြစ်သည်။
ကျုံးယွမ်ပွဲတော် ကို ရှောင်လွှဲနိုင်ခဲ့သဖြင့် သူမ၏ ကလေးမှာ မည်သည့်အချိန်တွင် မွေးလာသည်ဖြစ်စေ ကောင်းမွန်ပေသည်။
ဆောင်းဦးရာသီ၏ လေပြည်လေညင်းများ တိုက်ခတ်နေသော အချိန်ကောင်း ဖြစ်သဖြင့် ဤကလေးလေး မွေးဖွားရန် ရွေးချယ်လိုက်သော အချိန်မှာ တကယ်ကို မဆိုးလှပေ။
သူမ ယခုအခါ အပ်ချုပ်အလုပ်များ မလုပ်နိုင်တော့သဖြင့် နေ့စဉ် ခြံဝင်းထဲတွင် အကြိမ်ပေါင်းများစွာ သွားချည်ပြန်ချည် လမ်းလျှောက်နေလေ့ ရှိသည်။
ရည်ရွယ်ချက်မှာ မွေးဖွားချိန်တွင် အဆင်ပြေချောမွေ့စေရန် မျှော်လင့်၍ ဖြစ်သည်။
သူမ၏ ကိုယ်ဝန်မှာ ကြည့်ရသည်မှာ ကြီးမားသော်လည်း တော်ဝင်သမားတော်နှင့် မွေးဖွားပေးမည့် မားမားတို့ကမူ ကလေး၏ အရွယ်အစားမှာ ပုံမှန်သာ ဖြစ်ကြောင်း ပြောကြသည်။
ထို့ကြောင့် မွေးဖွားချိန်တွင်လည်း အရမ်း ဒုက္ခခံရမည် မဟုတ်ဟု ထင်ရသည်။
သူမ၏ အနားတွင် အမြဲရှိနေသော မုတာရင် မှာလည်း အရာရာတိုင်းတွင် အလွန် သတိထားနေလေသည်။
သူမ မောင်းမဆောင်ထဲတွင် နေထိုင်ရမည့် နေ့ရက်များအတွက် သာမက သူမ၏ ဖခင် ညီလာခံတွင် ရာထူးတိုးရန်အတွက်ပါ ဖြစ်ပေသည်။
ယင်းကွေ့ဖင် မှာ လီပုလက်ထောက်အမတ် ၏ တစ်ဦးတည်းသော သမီး ဖြစ်ရာ သူမကို ကောင်းကောင်း ခစားနိုင်ပါက ဖေမိသားစု တစ်ခုလုံး၏ အင်အားကို ရရှိလိုက်သကဲ့သို့ ဖြစ်သွားမည် မဟုတ်လား။
သူမက ဘယ်လိုလုပ်ပြီး အနှောင့်အယှက် ပေးကာ ကိုယ့်လမ်းကိုယ် ပိတ်ရဲမည်နည်း။
ထို့ပြင် ဤရက်ပိုင်းအတွင်း အရှင်မင်းကြီးသည် ယင်းကွေ့ဖင် ထံသို့ လာကြည့်သည့် အကြိမ်အရေအတွက် ပိုများလာသဖြင့် သူမကိုယ်တိုင်လည်း အရှင်မင်းကြီးရှေ့တွင် မျက်နှာပြခွင့် အများကြီး ရလိုက်သည် မဟုတ်လား။
တစ်ယောက်က မွေးဖွားချိန်တွင် မျက်နှာသာပေးမှု ခိုင်မာစေရန် ကူညီပေးမည့်သူ လိုအပ်နေပြီး နောက်တစ်ယောက်က ဤအခွင့်အရေးကို အသုံးချကာ ရာထူးပိုတက်ချင်နေသည်။
ထို့ကြောင့် သူတို့နှစ်ဦးမှာ ပို၍ပင် စည်းလုံးနေကြလေ၏။
ဤနေ့တွင် မုတာရင် သည် အခန်းထဲတွင် အပ်ချုပ်အလုပ်များကို ကူညီလုပ်ကိုင်ပေးနေရင်း ပြောလိုက်လေသည်။
"ဒီကျားနှုတ်ခမ်းမွေးကို ကျွန်တော်မျိုးမ ဘယ်လိုမှ ထိုးလို့ မရဘူး… မယ်မယ်ပဲ လုပ်မှ ရမယ်"
ယင်းကွေ့ဖင် မှာ အလွန် ထူးချွန်သူ မဟုတ်သော်လည်း ဤအရာမှာ မမွေးဖွားသေးသော သူမ၏ ကလေးအတွက် ချုပ်လုပ်နေခြင်း ဖြစ်ရာ တခြားသူများထက် မိခင်မေတ္တာ ပိုပါနေမည်မှာ သဘာဝပင်။
ထို့ကြောင့် ယူလိုက်ပြီး ရိုးရှင်းစွာ အပ်တစ်ချက် နှစ်ချက်လောက် ပြင်ချုပ်လိုက်ရာ ထိုကျားနှုတ်ခမ်းမွေးမှာ အသက်ဝင်လာတော့သည်။
ထိုမြင်ကွင်းကို ကြည့်ပြီး မုတာရင် က ထပ်မံ ချီးကျူးလာပြန်သည်။
"မယ်မယ်က ဉာဏ်ရည်လည်း ထက်မြက်ပြီး စိတ်ထားလည်း ဖြူစင်တယ်… တကယ်ကို တော်တာပဲ"
ထိုစကားကို ကြားသောအခါ ယင်းကွေ့ဖင် က ပြုံးလိုက်သည်၊ ဤကဲ့သို့သော စကားမျိုးကို သူမ အကြိမ်ကြိမ် ကြားဖူးပြီ ဖြစ်ရာ လုံးဝ ဝမ်းသာဂုဏ်ယူနေစရာ မလိုတော့ပေ။
သို့သော် ရုတ်တရက် ကလေး လှုပ်လာသဖြင့် လေပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မိသည်။
မုတာရင် မှာ မျက်စိလျင် လက်မြန်ရှိလှရာ ချက်ချင်းပင် သူမကို သွားတွဲကာ မေးလိုက်သည်။
"မယ်မယ် ဘာမှမဖြစ်ဘူး မလား"
လေကို ပြင်းပြင်း နှစ်ကြိမ် သုံးကြိမ်လောက် ရှူသွင်းလိုက်ပြီးမှ ယင်းကွေ့ဖင် ၏ ဗိုက်ထဲက ကလေးမှာ တည်ငြိမ်သွားတော့သည်။
သူမက သူမ၏ ဗိုက်ကို ပွတ်သပ်လိုက်ချိန်တွင် မျက်ဝန်းထဲ၌ မိခင်မေတ္တာများ အပြည့်ဖြစ်နေ၏။
"ကလေးကလည်း သူ အပြင်ထွက်ရတော့မယ် ဆိုတာကို သိနေလို့ ထင်တယ်… ဒီရက်ပိုင်း ပိုပြီး လှုပ်လာတယ်"
"လှုပ်တာက ကောင်းတဲ့ ကိစ္စပဲလေ… မယ်မယ့်ရဲ့ ဒီကလေးက ကျန်းမာ သွက်လက်တယ် ဆိုတာကို ပြနေတာပေါ့"
မုလန်ချွမ်း ၏ စကားကို ယင်းကွေ့ဖင် က အလွန် သဘောကျလေသည်။
သူတို့နှစ်ဦးမှာ ကလေးက မင်းသားလား မင်းသမီးလား ဆိုသည်ကို ပြောဆိုလေ့ သိပ်မရှိကြပေ၊ ယင်းကွေ့ဖင် အတွက်မူ ကလေး အဆင်ပြေချောမွေ့စွာ မွေးဖွားလာနိုင်ခြင်းက အကောင်းဆုံးပင် ဖြစ်သည်။
မဟုတ်လျှင် ဒုတိယမင်းသမီးလေးလို ဒုက္ခရောက်ရမည် ဆိုပါက ကြားရုံနှင့်တင် ရင်ထဲတွင် မခံစားနိုင် ဖြစ်ရပေမည်။
သူမ၏ မျက်နှာအမူအရာကို ကြည့်ပြီး မုလန်ချွမ်း က ဒုတိယမင်းသမီးလေးကို သတိရသွားမှန်း ခန့်မှန်းမိလိုက်သည်။
သူမသည် လန်ဖေးနှင့် သိပ်ပြီး ဆက်ဆံရေး မရှိသဖြင့် ဒုတိယမင်းသမီးလေး အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ သူမအတွက် အရေးမကြီးပေ။
ထို့ကြောင့် နှုတ်မှ နှစ်သိမ့်စကား ပြောလိုက်သည်။
"မယ်မယ် စိတ်အေးအေးထားပါ… တချို့ကိစ္စတွေက ကောင်းကင်ဘုံက သတ်မှတ်ထားတာပါ… ကိုယ့်ရေစက်နဲ့ကိုယ် ရှိကြတာပဲလေ… ကျွန်မတို့လို သာမန် လူသားတွေက ဘာမှ မတတ်နိုင်ပါဘူး"
ယင်းကွေ့ဖင် က ခေါင်းညိတ်ပြလိုက်သည်၊ သူမလည်း သက်ပြင်းချရုံသာ တတ်နိုင်ပေသည်။
အကယ်၍ သူမသာ ဒုတိယမင်းသမီးလေးကို သွားရောက် ကူညီပေးရမည် ဆိုပါက သူမတွင် အမှန်တကယ် ခွန်အား မရှိချေ။
"ကဲပါ… မယ်မယ် ခြံဝင်းထဲ လမ်းသွားလျှောက်မလား… ကျွန်တော်မျိုးမ လိုက်ခဲ့ပေးမယ်"
ယခုအချိန်တွင် အရေးအကြီးဆုံး ကိစ္စမှာ သူမ ဘေးကင်းစွာ မွေးဖွားနိုင်ရန်ပင် ဖြစ်သည်၊ ကျန်သော ကိစ္စများကို နောက်မှ ဆက်ပြောရန် ရွှေ့ဆိုင်းထားလိုက်သည်။
စဉ်းစားလိုက်ပြီးနောက် ယင်းကွေ့ဖင် က ပြန်ဖြေလိုက်သည်။
"အင်း"
နေ့ရက်များ တရွေ့ရွေ့ ကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဆောင်းဦးပွဲတော် မတိုင်မီ နှစ်ရက်အလိုသို့ ရောက်ရှိလာခဲ့သည်။
ဒုတိယမင်းသမီးလေး၏ ရောဂါအခြေအနေမှာ ယခင်ကထက် အများကြီး တည်ငြိမ်လာပြီး ကျိမားမား ကလည်း လူခေါ်ကာ ကိုယ်တိုင် လာရောက် ပြုစုပေးနေပြီ ဖြစ်သည်။
ထို့ကြောင့် သခင်မယွင် မှာ နောက်ဆုံးတွင် နန်းတော်ပြင်ပသို့ ပြန်ထွက်ရမည့် နေ့ကို မျှော်လင့်နိုင်ခဲ့လေပြီ။
သူမ ဤတစ်ကြိမ် ဝင်လာခဲ့သည်မှာ တစ်လနီးပါးပင် ကြာခဲ့လေသည်။
ထို့ပြင် မည်သည့် ပြဿနာမျှ မဖြစ်ပေါ်ခဲ့သဖြင့် အရှင်မင်းကြီး၏ လက်အောက်ငယ်သားများကို ထိန်းချုပ်နိုင်စွမ်းအပေါ် နားလည်သွားရတော့သည်။