အခန်း ၄၀၆
Vol. 40 Ch. 406
အခန်း (၄၀၆) ဖိတ်ခေါ်မထားသော ဧည့်သည်
ထျန်းယန် စံအိမ်။
ထျန်းယန် တာအိုဆရာ၏ အိမ်တော်သည် အင်ပါယာမြို့တော်နှင့် သိပ်မဝေးလှဘဲ မိုင်အနည်းငယ်ခန့်သာ ကွာဝေး၏။
ကောလာဟလများအရ ထျန်းယန် တာအိုဆရာသည် တော်ဝင်မိသားစုမှ ဘိုးဘေးကြီးနှင့် အလွန် ရင်းနှီးကျွမ်းဝင်မှု ရှိသည်ဟု ဆိုကြသည်။ သူက ငယ်စဉ်ကတည်းက အေးချမ်းစွာ နေထိုင်တတ်ပြီး ဂိုဏ်းတစ်ခု တည်ထောင်ရန် ရည်ရွယ်ချက် မရှိခဲ့သကဲ့သို့ တပည့်များစွာကိုလည်း လက်မခံခဲ့ချေ။
နောင်ပိုင်းတွင် သူတို့ မြို့တော်သို့ ရောက်လာသောအခါ စံအိမ်တစ်ဆောင် တောင်းဆိုပြီး အခြေချ နေထိုင်ခဲ့ကြသည်။
ထျန်းယန် စံအိမ်ဟု ခေါ်သော်လည်း အရွယ်အစားမှာ အလွန် ကြီးမား ကျယ်ပြန့်လှ၏။ မြို့ငယ်လေး တစ်မြို့ဟု ခေါ်လျှင်ပင် မမှားနိုင်ချေ။
အင်ပါယာမြို့တော် အနီးတွင် ယုတ္ထိမရှိသကဲ့သို့ စည်းမျဉ်းများကိုပင် ကျော်လွန်နေပုံရသော မြို့ငယ်လေး တစ်မြို့ ရှိနေခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းယန် တာအိုဆရာ၏ ဒွာရပေါင်းစည်းခြင်းအဆင့်ကြောင့် သဘာဝကျသည်ဟု ထင်ရသည်။
ထိုအခိုက်အတန့်တွင် ထျန်းယန် စံအိမ်အတွင်းရှိ မြေအောက်အကျဉ်းထောင်ထဲမှ ကျိန်ဆဲသံများနှင့် သနားညှာတာရန် တောင်းပန်သံများ အဆက်မပြတ် ထွက်ပေါ်နေ၏။
နင်းဖူရှန်းက သူတို့အကြားတွင် လမ်းလျှောက်သွားရာ သူ၏ ဖိနပ်က မြေပြင်နှင့် ထိတွေ့ကာ တိုးညှင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ပထမ အကြိမ် နားထောင်ကြည့်လျှင် အသံက ပုံမှန်ဟု ထင်ရသော်လည်း ခြေသံများ ဆက်တိုက် ထွက်ပေါ်လာသောအခါ နတ်ဆိုးအသံကဲ့သို့ ဖြစ်လာပြီး ခေါင်းကိုက်ခဲလာစေကာ လူများကို အလိုအလျောက် နားပိတ်စေခြင်း သို့မဟုတ် နာကျင်လွန်း၍ မြေပြင်ပေါ်တွင် လူးလှိမ့်သွားစေသည်။
နင်းဖူရှန်း လျှောက်သွားသောအခါ ကျိန်ဆဲနေသူများရော၊ တောင်းပန်နေသူများပါ အလိုအလျောက် ရပ်တန့်သွားကြ၏။ နင်းဖူရှန်း၏ ပုံရိပ်က မြေအောက်အကျဉ်းထောင်ထဲမှ ပျောက်ကွယ်သွားပြီးမှသာ အကျဉ်းခန်းထဲရှိ လူများက တုန်လှုပ်စွာဖြင့် ဖြည်းညင်းစွာ မတ်တတ်ရပ်လာကြသည်။
ဒွာရသန့်စင်ခြင်း အထွတ်အထိပ်အဆင့် ဆိုသည်မှာ ဒွာရပေါင်းစည်းခြင်း အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ခြင်း ဖြစ်သည်။
သာမန် သိုင်းပညာရှင်များမှာ နင်းဖူရှန်း၏ အရှေ့တွင် ရွှံ့ရုပ်များနှင့် မြေအိုးများကဲ့သို့ အားနည်းလွန်းလှ၏။ အခြား ဒွာရသန့်စင်ခြင်း အဆင့်များပင်လျှင် အထွတ်အထိပ်အဆင့် မဟုတ်ပါက နင်းဖူရှန်းကို ခုခံရန် စွမ်းအား မရှိသလောက်ပင်။
"ဂိုဏ်းတူအစ်ကို နင်း..."
ထန်ထိုက်ထင်က မြေအောက်အကျဉ်းထောင် အပြင်ဘက်တွင် ရပ်နေရင်း နင်းဖူရှန်း ထွက်လာသည်ကို မြင်သောအခါ ရှေ့သို့ တိုးလာပြီး အနည်းငယ် အရိုအသေ ပေးလိုက်သည်။
"ဂိုဏ်းတူညီမလေး ထန်ထိုက်..."
ပုံမှန်အားဖြင့် တင်းမာခက်ထန်တတ်သော နင်းဖူရှန်းမှာ ထန်ထိုက်ထင်ကို မြင်သောအခါ ပြုံးလိုက်မိ၏။
"ဂိုဏ်းတူအစ်ကို နင်း... လူတစ်ယောက် ထပ်ဖမ်းလာပြန်ပြီလား..."
ထန်ထိုက်ထင်က မြေအောက်အကျဉ်းထောင် ရှိရာဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီး သူမ၏ မျက်လုံးထဲတွင် တွန့်ဆုတ်နေသည့် အရိပ်အယောင်များ ပေါ်လာသည်။
"ခြေသိုင်းကောင်းတဲ့ ဒွာရသန့်စင်ခြင်း အဆင့် ပါရမီရှင် တစ်ယောက်နဲ့ ဆုံလို့လေ... တခြား ဂိုဏ်းတူညီလေးတွေကို စိတ်မချတာနဲ့ ငါကိုယ်တိုင် သွားဖမ်းလာတာ..."
နင်းဖူရှန်းက ခေါင်းညိတ်ပြလိုက်၏။
"ဆရာက ဒီလောက် လူအများကြီးကို ဘာလုပ်ဖို့ လိုတာလဲ..."
ထန်ထိုက်ထင်က အနည်းငယ် နားမလည်နိုင်စွာ မေးလိုက်သည်။ ထျန်းယန် တာအိုဆရာ တံခါးပိတ် ကျင့်ကြံခြင်းမှ ထွက်လာကတည်းက လပေါင်းများစွာတိုင်အောင် ဤသို့ ဖမ်းဆီးမှုများ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
ရှန်ဝူ မြို့မှ လူသားလောင်းကောင် ကိစ္စ၊ အထူးသဖြင့် ပေလင် ဂိုဏ်းမှ ယိုရှောင်နန်က ပေလင် ဂိုဏ်းတစ်ခုလုံးကို သန့်စင်ပြီး ဝါးမြိုပစ်ခဲ့သည့် ကိစ္စများကြောင့် ထန်ထိုက်ထင်မှာ ထျန်းယန် တာအိုဆရာ၏ လုပ်ရပ်များအပေါ် စိုးရိမ်ပူပန်မှုများ ပြည့်နှက်နေခဲ့သည်။
"ဘာတွေ တွေးနေတာလဲ..."
နင်းဖူရှန်းက မျက်မှောင် အနည်းငယ် ကုတ်၍ ခပ်တိုးတိုး အော်ငေါက်လိုက်၏။ အသံက မကျယ်သော်လည်း ထန်ထိုက်ထင်၏ အသိစိတ် ပင်လယ်ကို ဖောက်ထွင်းဝင်ရောက်သွားသော ချွန်ထက်သည့် ဓားတစ်လက်ကဲ့သို့ ဖြစ်ပြီး သူမကို သတိဝင်လာစေသည်။
"ရှီးလျန်အစစ်အမှန် သခင်ပဲ ဖြစ်ဖြစ်၊ ယိုရှောင်နန်ပဲ ဖြစ်ဖြစ် ဆရာနဲ့ ဘယ်လိုလုပ် နှိုင်းယှဉ်လို့ ရမှာလဲ..."
ထန်ထိုက်ထင်၏ တွေဝေနေသော အမူအရာကို မြင်သောအခါ နင်းဖူရှန်းက စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။
"ဒီတစ်ကြိမ် ဆရာ့ရဲ့ ရည်ရွယ်ချက်က ကျင့်စဉ်တစ်ခုကို ကျင့်ကြံဖို့ သက်သက်ပါ... ဒီအတွက် နားလည်သဘောပေါက်နိုင်စွမ်း မြင့်မားပြီး အသက်ငယ်ရွယ်သူတွေ လိုအပ်တယ်... ဆရာ အောင်မြင်သွားတာနဲ့ ရှန်ဝူ မြို့ရဲ့ ခြိမ်းခြောက်မှုကို ဂရုစိုက်နေစရာ မလိုတော့ဘူး..."
"ဒီလူတွေက သေသွားမှာလား..."
ထန်ထိုက်ထင်က ခေါင်းငုံ့၍ မေးလိုက်သည်။
"မသေပါဘူး... သူတို့က သာမန်လူတွေ ဖြစ်သွားမှာပါ... နောင်ကျရင် သူတို့ ဘဝတွေ သာသာယာယာ ရှိအောင် ငါတို့က သေချာ စီစဉ်ပေးမှာပါ..."
နင်းဖူရှန်းက ခေါင်းခါပြလိုက်ပြီး သူ၏ မျက်လုံးထဲတွင် စွဲလမ်းမှု အရိပ်အယောင်များ ပေါ်လာ၏။
"ဒီလူတွေရဲ့ မွေးရာပါ နားလည်သဘောပေါက်နိုင်စွမ်းနဲ့ဆိုရင် သူတို့ရဲ့ အနာဂတ် အောင်မြင်မှုတွေက သာမန်ပဲ ဖြစ်မှာပါ... ဒါပေမဲ့ နောက်ဆုံးမှာ သူတို့ ဆရာ့ရဲ့ ကျင့်စဉ် ကျင့်ကြံရာမှာ ကူညီပေးနိုင်တယ် ဆိုတာက သူတို့အတွက် ဂုဏ်ယူစရာပါပဲ... နောင်တစ်ချိန် ရှန်ဝူ မြို့ကို ဖျက်ဆီးတဲ့အခါ ဒါက သူတို့ရဲ့ ကုသိုလ်တွေ ဖြစ်လာမှာပါ..."
မြေအောက်အကျဉ်းထောင်ထဲမှ လူများမှာ မသေဟု ထန်ထိုက်ထင် ကြားလိုက်ရသောအခါ သူမ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။
ဟုတ်ပေသည်။ ဤလူများအနေဖြင့် အနည်းငယ် စတေးလိုက်ခြင်းဖြင့် လောကကြီးကို ရှန်ဝူ မြို့၏ ခြိမ်းခြောက်မှုမှ ကင်းဝေးအောင် ကူညီနိုင်မည်ဆိုလျှင် သူတို့၏ ခုခံမှုကလည်း လျော့နည်းသွားမည် ဖြစ်သည်။
ထို့ပြင် မသေရဘဲ အိုမင်းသည်အထိ သက်တောင့်သက်သာနှင့် ပူပင်သောက ကင်းစွာ နေထိုင်ရခြင်းကလည်း ကောင်းချီး တစ်မျိုးပင် ဖြစ်သည်။
ထန်ထိုက်ထင် နားလည်သွားသည်ကို နင်းဖူရှန်း မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် သက်သာရာရသွားသည့် အရိပ်အယောင်တစ်ခု ပေါ်လာ၏။ သို့သော်လည်း နင်းဖူရှန်းက အားလုံးကို ပြောမပြခဲ့ချေ။ မြေအောက်အကျဉ်းထောင်ထဲရှိ လူများက မသေသော်လည်း သူတို့၏ ပါရမီများ ထုတ်ယူခံရခြင်းက အရှင်လတ်လတ် အရေခွံခွာခံရသည်ထက် ပို၍ နာကျင်ရသည်။
ဤနာကျင်မှုကို ခံနိုင်ရည်ရှိသူ အလွန် နည်းပါးလှ၏။ အတိတ်က ခံစားခဲ့ရလျှင်ပင် သာမန်လူတစ်ယောက် မဖြစ်လာဘဲ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေသော အသုံးမကျသူ တစ်ယောက်သာ ဖြစ်သွားပေလိမ့်မည်။
နင်းဖူရှန်းက ထန်ထိုက်ထင်နှင့် စကား အနည်းငယ် ထပ်ပြောပြီးနောက် အခြား နေရာများသို့ ထွက်သွားသည်။ မြေအောက်အကျဉ်းထောင်ထဲတွင် လူအရေအတွက် မလုံလောက်သေးချေ။ ဆရာ၏ အောင်မြင်မှုကို သေချာစေရန် ထိုကဲ့သို့ ပါရမီရှိသူများ ပိုမို လိုအပ်နေသေးသည်။
ကံကောင်းစွာဖြင့် မူလ ဝိညာဉ် ဒီရေ နီးကပ်လာသည်နှင့်အမျှ အင်ပါယာမြို့တော်နှင့် ထျန်းယန် စံအိမ်သို့ လာရောက်သူ ပိုများလာပြီး ထိုအချိန်ရောက်လျှင် သူတို့ လိုအပ်သော လူအရေအတွက်ကို အလုံအလောက် စုဆောင်းနိုင်မည်မှာ သေချာသည်။
အင်ပါယာ မြို့တော် အတွင်း၌။
ချန်ဖေးက ဆိုင်အတော်များများသို့ သွားရောက်ခဲ့ပြီး ကျင့်ကြံခြင်းကို အထောက်အကူပြုမည့် ဆေးလုံးများစွာကို ဝယ်ယူခဲ့သည်။ ထို့နောက် သူက မိုးမျှော်စင် အနီးမှ ထပ်မံ ဖြတ်သန်းသွားခဲ့၏။
တိုက်ဆိုင်လိုက်လေခြင်း။
မိုးမျှော်စင် အတွင်းရှိ နူးညံ့သိမ်မွေ့ပြီး လှပသော အမျိုးသမီးများကို ကြည့်ရင်း ချန်ဖေးက နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။
‘မင်းတို့ကို ပိုက်ဆံရှာဖို့ အခွင့်အရေး မပေးချင်တာ မဟုတ်ပါဘူး... မင်းတို့ အားလုံးက အရမ်း အားနည်းနေလို့ပါ…’
အမှန်ပင်၊ မိမိ၏ ကိုယ်ပိုင် ကျင့်ကြံမှု မလုံလောက်ပါက ပိုက်ဆံရှာရန် အခွင့်အလမ်းများလည်း နည်းပါးသွားမည် ဖြစ်သည်။
ချန်ဖေးက ဖူလိုင် တည်းခိုခန်းသို့ ပြန်လာခဲ့ပြီး အင်ပါယာ မြို့တော်၏ အခြား နေရာများကို ဆက်လက် မစူးစမ်းတော့ပေ။
အင်ပါယာမြို့တော်သည် အခြားနေရာများထက် များစွာ စည်ကားပြီး သာယာဝပြောလှသော်လည်း အချိန်အနည်းငယ် ကြည့်ပြီးသွားသောအခါ အားလုံးက အတူတူပင် ဖြစ်နေသည်။ ထို့ပြင် ဆိုင်များတွင် ရောင်းချသော ပစ္စည်းအများစုမှာ ယခုအချိန်တွင် ချန်ဖေးအတွက် များစွာ အသုံးမဝင်တော့ချေ။
ကျင့်စဉ်များနှင့် ပတ်သက်၍မူ မြို့တော်တွင် အခြားနေရာများထက် ပိုကောင်းသည်မှာ မှန်သော်လည်း အကန့်အသတ်သာ ရှိသည်။ အဆင့်မမီသော ကျင့်စဉ်များ ရောနှောနေပြီး လုံးဝ လုပ်ကြံဖန်တီးထားသော ကျင့်စဉ်များလည်း အများအပြား ရှိနေသေးသည်။
ချန်ဖေးက နေရာ အနည်းငယ်ကို စုံစမ်းမေးမြန်းကြည့်ခဲ့သော်လည်း နောက်ဆုံးတွင် ရပ်တန့်လိုက်သည်။
ကောင်းမွန်သော ကျင့်စဉ်များကို ကျင့်ကြံရန် အကောင်းဆုံး နည်းလမ်းမှာ ဂိုဏ်းအသီးသီးသို့ ဝင်ရောက်ခြင်းပင် ဖြစ်သည်။ ကိုယ်တိုင် ကောင်းမွန်သော ကျင့်စဉ်များကို ရှာဖွေရန်မှာ အလွန် ခက်ခဲလွန်းလှ၏။
ဧည့်ခန်းထဲတွင် ချန်ဖေးက တင်ပျဉ်ခွေ ထိုင်၍ ဆေးလုံးများကို စတင် သန့်စင်လိုက်သည်။
အင်ပါယာ မြို့တော်တွင် နေထိုင်ရင်း ချန်ဖေး လုပ်စရာ နှစ်ခုသာ ကျန်တော့သည်။ မူလ ဝိညာဉ် ဒီရေကို တွေ့ကြုံခံစားရန်နှင့် သူ ပိုင်ဆိုင်သော မူလဖိနှိပ်ခြင်း မှန်ကို ရောင်းချရန် ဖြစ်သည်။ ဤလုပ်ငန်းနှစ်ခု ပြီးစီးပါက ချန်ဖေးက အင်ပါယာ မြို့တော်မှ ထွက်ခွာတော့မည် ဖြစ်သည်။
ချန်ဖေးက အပြင်မထွက်တော့ဘဲ တည်းခိုခန်းထဲတွင် ရက်အတော်ကြာ ဆက်တိုက် နေထိုင်ခဲ့သည်။
ရက်အနည်းငယ်အတွင်း ချန်ဖေး၏ စွမ်းရည်များက တစ်ရှိန်ထိုး ဆက်တိုက် တိုးတက်လာခဲ့၏။
ဒွာရသန့်စင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ပြီးနောက် အဆင့်တိုင်းက အလွန် ခက်ခဲလာသော်လည်း ချန်ဖေးအတွက်မူ ထိုအရာများက ပြဿနာ မဟုတ်ချေ။
ယွမ်ချန် ဓားကျမ်းစာ၏ ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ပြီးနောက် မဟာမိုးကြိုးဓားသိုင်းကို ရရှိသောအခါ ချန်ဖေးက ယွမ်ချန် ဓားကျမ်းစာထဲသို့ အခြား အမွေအနှစ်တစ်ခုကို ထပ်မံ ထည့်သွင်းနိုင်သည်။ သို့သော်လည်း လက်ရှိတွင် ထည့်သွင်းရန် အထွတ်အထိပ် အဆင့်ရှိ အမွေအနှစ် မရှိသေးချေ။
ရေကျောက်စိမ်း ဓားသိုင်းက လွန်ခဲ့သော ရက်အနည်းငယ်က အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့သော်လည်း ပြီးပြည့်စုံသော အထွတ်အထိပ် အဆင့်နှင့် အတော်လေး ကွာဝေးနေသေးသည်။ အထွတ်အထိပ် အဆင့်ရှိ ရေကျောက်စိမ်း ဓားသိုင်းကို ယွမ်ချန် ဓားကျမ်းစာထဲသို့ ပေါင်းစပ်ခြင်းက အကျိုးသက်ရောက်မှု အချို့ ရှိသော်လည်း သိသိသာသာ ကြီးမားခြင်း မရှိပေ။
ယွမ်ချန်ဓားကျမ်းစာနှင့် ရေကျောက်စိမ်း ဓားသိုင်းတို့ အပြင် ချန်ဖေး အသစ်ရရှိထားသော ဌာနေပြန်ဓားမျက်လုံးသည် အခြားသူများကို လျင်မြန်စွာ ကျော်တက်သွားပြီး ပြီးပြည့်စုံသော အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တစ်ကြိမ်တည်းဖြင့် ထိုးထွင်းသိမြင်မှု နှစ်ရာ ရရှိခဲ့သောကြောင့် ထိုအမြန်နှုန်းဖြင့် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိခြင်းမှာ မလွှဲမရှောင်သာ ဖြစ်လာသည်။
ဤသည်မှာ ကျင့်စဉ်ပိုင်း ပြောင်းလဲမှု ဖြစ်သည်။ ကျင့်ကြံခြင်းနှင့် ပတ်သက်၍မူ သယံဇာတများ မရှိလျှင် ချန်ဖေးက ယွမ်စွမ်းအား သန့်စင်ခြင်းကို ဖွင့်လှစ်လိုက်သည်။ ရက်အနည်းငယ် အတွင်း ဒွာရသုံးခု ထပ်မံ ဖွင့်လှစ်နိုင်ခဲ့ပြီး စုစုပေါင်း ဒွာရအရေအတွက် ရှစ်ဆယ့်ငါးခုအထိ ရောက်ရှိလာခဲ့သည်။
ဤတစ်ကြိမ်တွင် ချန်ဖေးက တိုက်ခိုက်ရေး စွမ်းအားတွင် ဂိုဏ်းချုပ်ထက် သာလွန်သွားရုံသာမက ချွီချင်းရှန်း၏ ဒွာရအရေအတွက်ကိုပါ ကျော်လွန်သွားခဲ့ပြီး ယွမ်ချန် ဓားဂိုဏ်းတွင် အမှန်တကယ် နံပါတ်တစ် ဖြစ်လာခဲ့သည်။
ချန်းပေါင်ရတနာဆိုင်မှ လူတစ်ယောက်က ချန်ဖေးကို လာရောက် အကြောင်းမကြားခဲ့လျှင် အစာစားချိန်မှလွဲ၍ အပြင်မထွက်ဘဲ အချိန်ပြည့် နေထိုင်သည့် ဤကဲ့သို့သော တံခါးပိတ် ကျင့်ကြံခြင်းက အလွန် ကြာရှည်စွာ ဆက်လက် တည်ရှိနေနိုင်ပေသည်။
ဤမျှ ပြင်းထန်သော ကျင့်ကြံခြင်းတွင်ပင် ချန်ဖေးက မည်သည့် ပင်ပန်းနွမ်းနယ်မှုကိုမျှ မခံစားရဘဲ တက်ကြွမှု အပြည့်နှင့် အောင်မြင်မှု ခံစားချက်ကိုသာ ခံစားနေရ၏။
အဘယ်ကြောင့်ဆိုသော် ကြိုးစားအားထုတ်မှုတိုင်းက အကျိုးအမြတ် ပြန်လည် ရရှိနေခြင်းသည်မှာ ကံကောင်းသော အရာပင် ဖြစ်သည်။
အာရုံခံစားနိုင်စွမ်းများ အဆက်မပြတ် တိုးတက်လာသည့် ဤဖြစ်စဉ်က ပျင်းရိငြီးငွေ့မှုကို သက်သာစေရန် အကြီးမားဆုံး အင်အားပင် ဖြစ်သည်။
ချန်းပေါင်ရတနာဆိုင် အတွင်း၌။
"ဒီဘက်ကို ကြွပါ ခင်ဗျာ..."
ဆိုင်ရှင်က နွေးထွေးသော အပြုံးဖြင့် ချန်ဖေးကို နှုတ်ဆက်ပြီး သီးသန့် အခန်းတစ်ခန်းထဲသို့ ခေါ်ဆောင်သွားသည်။
"ဒါက ခြောက်ထောင့်ကွက် အခန်းပါ... ဝယ်မယ့်သူက ခဏနေရင် တခြား အခန်းတစ်ခန်းမှာ ရှိနေမှာပါ... အစီအရင်တွေကြောင့် နှစ်ဖက်စလုံးက တစ်ဖက်လူရဲ့ နေရာကို သိနိုင်မှာ မဟုတ်ပါဘူး... ဒါကြောင့် လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး..."
ဆိုင်ရှင်က ရှင်းပြလိုက်ပြီးနောက် ချန်ဖေးကို တိတ်တဆိတ် အကဲခတ်ကြည့်ရာ ချန်ဖေး၏ အမူအရာက လုံးဝ ပုံမှန်ဖြစ်နေပြီး ဤကဲ့သို့သော အကာအကွယ်မျိုး မလိုအပ်သကဲ့သို့ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဆိုင်ရှင်၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားပြီး အခန်းအစီအရင်၏ အံ့ဖွယ် အသုံးဝင်ပုံများကို ရှင်းပြရင်း သူ၏ အပြုံးက ပို၍ ကျယ်ပြန့်လာ၏။
နာရီဝက်ကြာပြီးနောက် ဆိုင်ရှင်က အခန်းထဲမှ ထွက်သွားပြီး ဝယ်သူ နှစ်ယောက်က ချန်းပေါင်ရတနာဆိုင်သို့ တစ်ယောက်ပြီး တစ်ယောက် ရောက်လာကြသည်။ ထို့နောက် ချန်ဖေးက မူလဖိနှိပ်ခြင်း မှန်ကို အစီအရင်ပြားထဲသို့ ထည့်လိုက်ရာ မူလဖိနှိပ်ခြင်း မှန်၏ စွမ်းအင်က အခြား အခန်းနှစ်ခန်းတွင် ပေါ်လာသည်။
အလယ်တွင် ချန်ဖေးက မူလဖိနှိပ်ခြင်း မှန်၏ စွမ်းအားကို ပြသလိုက်ပြီး အခန်းအစီအရင်က အတိအကျ ရောင်ပြန်ဟပ် ပြသပေးခဲ့သည်။
"ရတနာကောင်းပဲ... ဝိညာဉ်ကျောက်တုံး နှစ်ထောင် ဘယ်လိုလဲ..."
ကြမ်းတမ်းသော အသံတစ်သံ ထွက်ပေါ်လာပြီး သူ၏ လေသံတွင် လိုချင်တပ်မက်မှု အရိပ်အယောင်များ ပါဝင်နေသည်။ မူလဖိနှိပ်ခြင်း မှန်၏ စွမ်းအားက သူ့ကို သွေးဆောင်နိုင်ခဲ့သည်မှာ ထင်ရှား၏။
"သူခိုးကြီး ဝူ... မင်းလား... ဒီမှန်ကို ဝိညာဉ်ကျောက်တုံး နှစ်ထောင်တည်းနဲ့ ယူမလို့လား... နည်းလွန်းတယ်... ဝိညာဉ်ကျောက်တုံး နှစ်ထောင့်တစ်ရာ..."
နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်။
"လူယုတ်မာ ကျောက်... မင်းလား..."
"ငါပဲ... မင်း သိတဲ့အတိုင်း ငါ ဝိညာဉ်ကျောက်တုံး အများကြီး စုထားတယ်... မင်း ဒီမှန်ကို ယူသွားလို့ မရဘူး..."
"လူယုတ်မာ ကျောက်... မင်း အရမ်း လွန်သွားပြီ..."
အခန်းထဲတွင် သူတို့ နှစ်ယောက် ငြင်းခုံနေကြသည်ကို ချန်ဖေးက အလွန် စိတ်ဝင်တစား နားထောင်နေခဲ့သည်။ ဤချန်းပေါင်ရတနာဆိုင်က အတော်လေး စိတ်ဝင်စားစရာ ကောင်း၏။ သူတို့က ရန်ငြိုး အနည်းငယ် ရှိနေသူ နှစ်ယောက်ကို အထူး ဖိတ်ကြားထားခြင်း ဖြစ်သည်။
လူအများအပြားပင် မလိုအပ်ဘဲ စျေးနှုန်းက ချက်ချင်း တက်သွားခဲ့သည်။ ထို့ပြင် ဤလူနှစ်ယောက်က ချန်းပေါင်ရတနာဆိုင်အတွက် မျက်နှာသာပေးစရာ အချို့ ရှိကောင်း ရှိနိုင်သေးသည်။ အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခု ရှိသည်ကို အကြောင်းကြားထားပြီး ဖြစ်သဖြင့် အများကြီး တောင်းဆို၍ မရနိုင်ချေ။
လူတစ်ယောက်တည်းသာ လာပါက ရောင်းသူက ကျေနပ်မည် မဟုတ်ပေ။
မူလဖိနှိပ်ခြင်း မှန်၏ နောက်ဆုံး စျေးနှုန်းကို ဝိညာဉ်ကျောက်တုံး ၂၃၃၀ ဖြင့် သတ်မှတ်လိုက်သည်။ ချန်းပေါင်ရတနာဆိုင်အတွက် ဝေစုကို ဖယ်လိုက်ပြီးနောက် ကျန်ရှိသည်များ အားလုံးက ချန်ဖေး၏ လက်ထဲသို့ အပြည့်အဝ ရောက်ရှိသွားခဲ့သည်။
ချန်ဖေးက ချန်းပေါင်ရတနာဆိုင်ရှိ လျှို့ဝှက်တံခါးမှတစ်ဆင့် ထွက်ခွာလာခဲ့ပြီး ဝယ်သူ၏ မျက်နှာ သို့မဟုတ် အချက်အလက်များကို ဘယ်သောအခါမှ မသိရှိခဲ့ပေ။
ချန်ဖေးက လမ်းကြားအတော်များများကို ဖြတ်သန်းသွားလာပြီးနောက် ဖူလိုင် တည်းခိုခန်းသို့ ပြန်ရောက်လာ၏။ သူ အပေါ်ထပ်သို့ တက်သွားစဉ်မှာပင် စားပွဲထိုး တစ်ယောက်က သူ့ထံ ချဉ်းကပ်လာပြီး သူ့ကို တွေ့ချင်နေသူ တစ်ယောက် ရှိကြောင်း ပြောလာသည်။
ချန်ဖေး၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ မြို့တော်သို့ ရောက်ကတည်းက ချန်ဖေးက လူများနှင့် သိပ်မဆက်ဆံခဲ့ဘဲ သိကျွမ်းသူများလည်း များများစားစား မရှိခဲ့ချေ။
စားပွဲထိုး၏ လမ်းညွှန်မှုနောက်သို့ လိုက်ကာ ချန်ဖေးက တည်းခိုခန်း၏ ဒုတိယထပ်သို့ ရောက်ရှိလာပြီး လူတစ်ယောက်နှင့် တွေ့ဆုံလိုက်သည်။ ထက်မြက်ပြီး စူးရှသော အရှိန်အဝါရှိသည့် ထိုသူက ချန်ဖေးကို မြင်သောအခါ အနည်းငယ် ခေါင်းညိတ်ပြလိုက်၏။
ချန်ဖေးက မျက်မှောင် အနည်းငယ် ကုတ်လိုက်သည်။ သူ ထိုသူကို မသိသော်လည်း ထွက်ပေါ်လာသော အေးစက်စက် အရှိန်အဝါကြောင့် ထျန်းယန် စံအိမ်မှ ဓားကျင့်ကြံသူ တစ်ဦးဖြစ်ကြောင်း သိလိုက်ရသည်။