← Chapters

ဒီလူက ဘယ်သူလဲ ...

Vol. 010 Ch. 489

ဒီလူက ဘယ်သူလဲ ...

Vol. 010 Ch. 489

ဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူ အများစုက ခုချိန်၌ ရည်ရွယ်ချက် တစ်ခုသာ ရှိနေ၏။

သည်ရည်ရွယ်ချက်က ဟင်္သာပြဒါး အုတ်ဂူသို့ ဝင်ရောက်၍ သူတို့၏ စိတ်ဝိညာဉ် အပိုင်းများကို ထုတ်ယူရန် ဖြစ်သည်။

ဟင်္သာပြဒါး အုတ်ဂူ၏ အကန့်အသတ်ကြောင့် လူများစွာက သည်နေရာတွင် လာရောက် စုဝေးနေကြသည်။ သူတို့ထဲက အများစုက စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြသော်လည်း စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ကျင့်ကြံသူ (၁၆) ယောက်လည်း ရှိနေကြသည်။ သူတို့ (၁၆)ယောက်က ဝန်းရံ၍ ဝင်ပေါက်ကို ပိတ်ဆို့ထားကြသည်။

သူတို့ ဆယ့်ခြောက်ယောက်က ဟင်္သာပြဒါး နိုင်ငံနှင့် အနီးတွင် ရှိသဖြင့် ရက်အနည်းငယ် အတွင်း သည်နေရာသို့ ရောက်လာနိုင်ခဲ့ကြသည်။ သို့သော် သူတို့က နှေးသွားသဖြင့် အုတ်ဂူထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို လွဲချော်ခဲ့ရသည်။

သူတို့ မရောက်ခင်တည်းက ဟင်္သာပြဒါး အုတ်ဂူထဲသို့ ဝင်ရောက်သွားသော လူဦးရေက အကန့်အသတ်သို့ ရောက်သွားခဲ့ပြီ ဖြစ်၏။

ခုချိန်၌ သူတို့အတွက် အထဲရှိ လူများ သေဆုံးရန်ကို စောင့်နေရန် နည်းလမ်းတစ်ခုသာ ရှိတော့သည်။ လူတစ်ယောက်သေလျှင် အပြင်ကလူက ဝင်နိုင်မည် ဖြစ်သည်။

သည်ဆယ့်ခြောက်ယောက်တွင် တစ်ယောက်ထဲကသာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့်၌ ရှိနေ၍ သုံးယောက်က အလယ်အဆင့်နှင့် ကျန်သည့်လူများက အစောပိုင်း အဆင့်တွင်သာ ရှိကြ၏။

သည်ဆယ့်ခြောက်ယောက်က အုတ်ဂူဝင်ပေါက်၌ ပြန့်ကျဲကာ ရှိနေကြသည်။ သူတို့အားလုံးက ဝင်ပေါက်ထံသို့သာ ကြည့်လို့နေ၏။ အစိမ်းရောင် လှိုင်းတစ်ခု ထွက်ပေါ်သွားလျှင် သည်အရာက အထဲရှိ တစ်စုံတစ်ယောက် သေဆုံးသွားသည်ကာ နောက်တစ်ယောက် ဝင်ရောက်နိုင်ပြီဟု ဆိုလို၏။

တကယ်တော့ အုတ်ဂူထဲသို့ ဝင်ရောက်ခြင်းက သူတို့၏ စိတ်ဝိညာဉ် အပိုင်းအစများကို ပြန်ထုတ်ယူနိုင်ရန် အခွင့်အရေးရှိခြင်း မည်သည်။ သည်အရာ သူတို့အသက်ကို ကယ်တင်နိုင်မည် ဖြစ်၏။

ဝမ်လင်းပုံရိပ်က အကွာအဝေး တစ်ခုကနေ နီးကပ်လာ၏။ သူက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး တည်ငြိမ်နေဟန် ရသည်။

လမ်းတစ်လျှောက်တွင် စစ်ထူနန်က သူ့ကို ဟင်္သာပြဒါး အုတ်ဂူနဲ့ ပတ်သက်၍ အရာအားလုံးကို ပြောပြခဲ့သည် မဟုတ်လား။ သို့ရာတွင် ဝမ်လင်း၌ သည်ခရီးစဉ်နှင့် ပတ်သက်၍ ယုံကြည်မှုမရှိ ဖြစ်နေ၏။ ဟင်္သာပြဒါး အုတ်ဂူက သူမျှော်လင့် ထားသည်ထက် အန္တရာယ် ပိုများနိုင်နေသည် မဟုတ်လား။

“စစ်ထူက ငါ့ကို ဟင်္သာပြဒါး အုတ်ဂူကနေ ပြန်ထွက်လို့ရတဲ့ ကျောက်စိမ်းပြားတစ်ခု ပေးခဲ့တယ်။ ဒါ့ကြောင့် ငါကအထဲမှာ ဟင်္သာပြဒါး သလင်းကျောက်ကိုရပြီး ငါ့စိတ်ဝိညာဉ်ကို ပြန်မထုတ်ယူ နိုင်ရင်တော့ ပြဿနာတစ်ခုပဲ ရှိတော့တယ်။ စစ်ထူက ငါမသေဆုံးသွားဖို့ နည်းလမ်းတစ်ခု ရှိတယ်လို့ ပြောပေမဲ့ ဒီနည်းလမ်းက အလွန်ခက်ခဲတဲ့ အပြင် ငါ့စိတ်ဝိညာဉ် အပိုင်းအစ တစ်ခုလည်း ပျောက်ကွယ်သွားဦးမယ်။ ဒါက ငါ့အနာဂတ် ကျင့်ကြံမှုကို ကြီးကြီးမားမား သက်ရောက်စေနိုင်တယ် ...”

ဝမ်လင်းပုံရိပ်က တဖြည်းဖြည်း နီးကပ်လာ၏။ ဟင်္သာပြဒါးတောင်ကို ဝန်းရံထားသည့် ကျင့်ကြံသူများက အချင်းချင်း စကားပြောရင်ပြော၊ တိတ်ဆိတ်စွာ ကျင့်ကြံရင်ကျင့်ကြံ မဟုတ်ရင် သူတို့က တစ်ခုခုကို တွေးနေကြ၏။

ဝမ်လင်း ရောက်လာသည့် အခိုက်တွင် အချို့ ကျင့်ကြံသူများက သူ့ကို ခေါင်းမော့၍ ကြည့်လိုက်ကြသည်။ သူတို့မျက်လုံးများက လက်ခနဲ ဖြစ်သွားပြီး ခေါင်းပြန်ငုံ့၍ လမ်းရှင်း ပေးလိုက်ကြသည်။

ဝမ်လင်းက ကျင့်ကြံသူများ တစ်ယောက်ပြီး တစ်ယောက်ကို ဖြတ်ကျော်လာရင်း သူ့ ရှေ့ကနေ မောက်မာသည့်အသံ တစ်ခုကို ကြားလိုက်ရသည်။

“ရပ်လိုက်စမ်း ...”

သည်အသံ ထွက်ပေါ်လာသော်လည်း ဝမ်လင်းက ဆက်၍ လှမ်းလာသည်။ ဟင်္သာပြဒါးတောင်၏ ပေတစ်ထောင် အကွာတွင် ကျင့်ကြံသူငါးယောက် ထိုင်နေလျက်ရှိသည်။ မည်သူကမျှ သူတို့ငါးယောက်၏ ပေတစ်ရာ အတွင်းသို့ ကပ်မသွားဝံ့ကြချေ။

သည်ငါးယောက်ထဲတွင် ယောက်ျား သုံးယောက်နှင့် အမျိုးသမီး နှစ်ယောက်တို့ ပါဝင်ပြီး သူတို့ အသက်အရွယ်ကလည်း အမျိုးမျိုးပင်။ ငယ်ရွယ်သော အမျိုးသမီးနှစ်ယောက်၊ ယောက်ျားနှစ်ယောက်နှင့် အဘိုးအို တစ်ယောက်တို့ ဖြစ်ကြသည်။ အဘိုးအိုက သူ့ခန္ဓာကိုယ်ထဲ၌ ကောင်းကင်ဘုံ စိတ်ဝိညာဉ်စွမ်းအင် အမျှင်တန်းတစ်ခုပင် ရှိလို့နေသည်။ သူက သူ့ခန္ဓာကိုယ်ကို သန့်စင်မွမ်းမံ၍ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ရှင်းလင်းပေသည်။

သို့ရာတွင် သူ့ထံ၌ လုံလောက်သည့် ကောင်းကင်ဘုံ ကျောက်စိမ်းပြား မရှိသည့်အတွက် သူက ခန္ဓာကိုယ်၏ အစိတ်အပိုင်း အနည်းငယ်ကိုသာ သန့်စင်နိုင်ခဲ့ပေသည်။ သည်အရာကပင် သည်အဘိုးအိုကို သာမန် စိတ်ဝိညာဉ်ပုံစံ ဖြစ်ပေါ်ခြင်း အဆင့်များထက် များစွာ အစွမ်းထက်စေ၏။

ဝမ်လင်းကို အော်လိုက်သည့် လူက အဘိုးအိုဘေးရှိ လူငယ်တစ်ယောက် ဖြစ်သည်။ သူက ချောမောကာ မြင့်မြတ်သော စိတ်ဝိညာဉ်နှင့် ပြည့်နေသည့်ပုံပင်။ သူ့မျက်လုံးထဲ၌လည်း ဖုံးကွယ်ထားသည့် ရည်ရွယ်ချက် တစ်ခု ရှိလို့နေသည်။ သာမန် ကျင့်ကြံသူများက သည်အရာကို ဖြတ်၍ မြင်နိုင်စွမ်း ရှိမည် မဟုတ်ချေ။ သို့သော် ဝမ်လင်းကတော့ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သူ ဖြစ်သဖြင့် တစ်ချက်ကြည့်ရုံဖြင့်ပင် သည်လူကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိပေသည်။

သူက လူငယ်ကို တည်ငြိမ်စွာ ကြည့်၍ ရပ်ဆိုင်းခြင်း မရှိဘဲ ရှေ့သို့ ဆက်လျှောက်လာ၏။

လူငယ့်မျက်လုံးများက သတိထားသည့် ဟန်များ ဖြစ်ပေါ်သွားပြီး သူက ထလျှောက်လာပြီး အော်ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ ... စည်းမျဉ်းကို မချိုးဖောက်ပါနဲ့။ ငါ့ဆရာက အရင်ဆုံး ရောက်တာ ... ဒီစီနီယာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း ကျင့်ကြံသူတွေ ဝင်ပြီးသွားရင် ငါတို့ အလှည့် ဖြစ်လိမ့်မယ်။ မင်းလာတာ နောက်ကျတဲ့အတွက် နောက်ဆုတ်သင့်ပါတယ် ...”

ဝမ်လင်းအကြည့်က ခန္ဓာကိုယ်ပေါ်တွင် ကောင်းကင်ဘုံ စိတ်ဝိညာဉ် အမျှင်တန်း အနည်းငယ် ရှိနေသည့် အဘိုးအိုထံ ပေါ်သို့ ကျရောက်သွားသည်။ အဘိုးအိုက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အရိုးခြောက်သဏ္ဌာန် ရှိသည်။ သူ့မျက်လုံးများက တစ္ဆေအလင်းကို ပေးစွမ်းကာ လူတိုင်းကို တုန်လှုပ်စေသည်။ သူက ဝမ်လင်းကို ကြည့်လိုက်သည့် အချိန်တွင် သူ့မျက်လုံးများက အလေးအနက် ဖြစ်သွား၏။ သူက တစ်စုံတစ်ခုကို နားလည်လိုက်သည်။

“ငါ့ဆရာက အကြင်နာမဲ့ နန်မင် ဖြစ်တယ် ...” လူငယ်က ဝမ်လင်း မျက်လုံးများက တည်ငြိမ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်သည့်အခါ သူ့ဆရာနာမည်ကို ခေါ်ပြောလိုက်၏။

အဘိုးအို မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက အော်ပြောလိုက်သည်။ “ပါးစပ်ပိတ်ထား ...” လူငယ်က မှင်တက်သွားစဉ်တွင် အဘိုးအိုက မတ်တတ်ထရပ်ကာ ဝမ်လင်းကို လက်နှစ်ဖက်ယှက်၍ ပြောလိုက်သည်။ “အကြင်နာမဲ့ နန်မင်က စီနီယာကို နှုတ်ဆက်ပါတယ်။ ငါ့တပည့်က စီနီယာအပေါ်မှာ ရိုင်းစိုင်းခဲ့ပါတယ်။ သူ့ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် ...” ထိုသို့ ပြောပြီးသည်နှင့် သူက ဝမ်လင်းအတွက် လမ်းဖယ်ပေးလိုက်၏။

သည်စကားများ ထွက်လာသည့် အခိုက်တွင် အဘိုးအိုပတ်လည်ရှိ လူများက မှင်တက်သွားပြီး လျင်မြန်စွာ ထ၍ လေးစားစွာ လမ်းဖယ် ပေးလိုက်ကြသည်။

ဝမ်လင်းက အဘိုးအိုကို ခေါင်းညိတ်ပြ၍ သူတို့ကို ကျော်သွားကာ ဟင်္သာပြဒါးတောင်၏ ပေတစ်ထောင် အကွာသို့ ရောက်လာခဲ့သည်။ သူက သည်ဧရိယာသို့ ခြေချလိုက်စဉ်တွင် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း နောက်ဆုံးအဆင့် တစ်ယောက်ကလွဲ၍ ကျန်သည့်အကြည့် ဆယ့်ငါးခုက သူ့ထံသို့ ကျရောက်လာခဲ့၏။

အကြည့် ဆယ့်ငါးခုက ဝမ်လင်းထံသို့ ရောက်လာသည့် အခိုက်တွင် သူတို့မျက်လုံးများက လက်ခနဲ ဖြစ်သွားကြ၏။ သည့်နောက် သူတို့က အကြည့်များကို ပြန်ရုပ်သိမ်းကာ စတင် စဉ်းစားနေ၏။

သူတို့က ဝမ်လင်းသည် သူတို့နှင့် အဆင့်တူ တစ်ယောက်ဖြစ်ကြောင်း သိလိုက်သည့် အတွက် ဟင်္သာပြဒါး အုတ်ဂူသို့ ဝင်ရောက်ရန် ပထမဆုံး အုပ်စုအဖြစ် လက်ခံခဲ့ကြသည်။

ဝမ်လင်းက ဟင်္သာပြဒါး တောင်ခြေသို့ လှမ်းလျှောက်ကာ ဝင်ပေါက်နား၌ ထိုင်ချ၍ တိတ်တဆိတ် တွေးတောနေလေ၏။

သည်နေရာ၌ ရှိနေသော စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူ ဆယ့်ခြောက်ယောက်ထဲတွင် သက်လတ်ပိုင်း လူကြီးတစ်ယောက်သာ နောက်ဆုံးအဆင့်၌ ရှိနေ၏။ သူက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သာမန်ဆန်လှသည်။ သူက ခြေချိတ်၍ ထိုင်နေပြီး မျက်လုံးမှိတ်ထားလျက် ရှိနေ၏။ သူ့ရှေ့ရှိ မြေပေါ်တွင် ရှေးဟောင်း ဓားတစ်လက်ကို စိုက်လို့ထားသည်။

သူ့ဘေး၌ အနီရောင်မျက်လုံးနှင့် မျောက်လေးတစ်ကောင် ထိုင်နေ၏။ သည်မျောက်က တစ်ခါတစ်ရံတွင် သူ့ခေါင်းကို ကုတ်ကာ ဝင်ပေါက်ကို ကြည့်၍ အော်ဟစ်နေ၏။

ဝမ်လင်း ထိုင်ချလိုက်သည့် အခိုက်တွင် သက်လတ်ပိုင်းလူကြီး မျက်လုံးဖွင့်လာခဲ့၏။ သူ့အသွင်က တည်ငြိမ်နေပြီး သူက ဝမ်လင်းကို ကြည့်ကာ ပြောလိုက်သည်။ “စန်နူး ...”

သူက ထိုသို့ ပြောလိုက်သည့် အခိုက်တွင် ကျန်သည့် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်းအဆင့် ဆယ့်ငါးယောက်က နောက်တစ်ကြိမ် ဝမ်လင်းကို ကြည့်လိုက်ကြ၏။

စန်နူးဆိုသည့် နာမည်က ဟင်္သာပြဒါး ဂြိုဟ်ပေါ်တွင် အလွန် ကျော်ကြားပေသည်။ ကျင့်ကြံသူတိုင်း နီးပါးက သည်နာမည်ကို သိကြလေ၏။ အနီရောင် လိပ်ပြာနှင့် တိုက်ပွဲက စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူများ၏ အာရုံကို မဖမ်းစား နိုင်ခဲ့သော်လည်း လီယွမ်ဖန်နှင့် ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးတို့ သေဆုံးမှုကတော့ သူ့ကို သည်အဆင့် ကျင့်ကြံသူများ၏ စိတ်ဝင်စားမှုကို ဖြစ်ပေါ်စေခဲ့သည် မဟုတ်လား။

ဝမ်လင်းက အသွင်က နဂိုအတိုင်း ရှိနေဆဲပင်။ သူက သက်လတ်ပိုင်း လူကြီးကို ကြည့်ကာ မေးလိုက်၏။ “ငါတို့ တွေ့ဖူးလား ...”

သက်လတ်ပိုင်း လူကြီး ဖျော့တော့စွာ ပြုံး၏။ သူက သူ့ဘေးရှိ မျောက်လေးကို ပွတ်သပ်ကာ ပြန်ဖြေလိုက်သည်။ “ငါတို့ မဆုံဖူးဘူး ...”

ဝမ်လင်းက မည်သည့်စကားမှ ထပ်မဆိုတော့ဘဲ မျက်လုံးမှိတ်ကာ အနားယူလိုက်၏။

သက်လတ်ပိုင်း လူကြီးမျက်လုံးက လက်ခနဲ ဖြစ်သွားပြီး သူက ပြုံး၍ ပြောလိုက်သည်။ “ရောင်းရင်းကျင့်ကြံသူ စန်နူးက တကယ့်ကို စိတ်ဆန္ဒ အားကောင်းတာပဲ။ သင်က ကောင်းကင်ဘုံ သန့်စင်ခြင်း နည်းလမ်းကို အသုံးပြုပြီး သင့်ရဲ့ သေမျိုးအရင်းအမြစ်ကို တစ်ချီတည်းနဲ့ ပတ်သယ်နိုင်ခဲ့တယ်။ ငါတို့အပြင် အခြားစိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့် ကျင့်ကြံသူတွေက ရောင်းရင်း စန်နူးကို ကြည့်ရင် သူတို့က ရောင်းရင်းဟာ စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အစောပိုင်းအဆင့် အစား နောက်ဆုံးအဆင့်လို့ တွေးမိကြမှာပဲ ...”

“စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်ကို ရောက်ရှိဖို့ ဒီလိုနည်းလမ်းမျိုးကို အသုံးပြုတဲ့လူ များများစားစား ရှိတာ မဟုတ်ဘူး။ ရောင်းရင်းက လီယွမ်ဖန်နဲ့ ဘီလူးနတ်ဆိုး ကလန်ဘိုးဘေးတို့ကို သတ်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ဘူးပဲ ...”

ဝမ်လင်းက အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ သူက မျက်လုံးဖွင့်၍ ထိုလူကိုကြည့်ကာ မေးလိုက်သည်။

“ဒါက ကိစ္စ တစ်ခုခု ရှိလို့လား ...”

သတ်လတ်ပိုင်းလူကြီးက ခေါင်းယမ်းကာ ပြောလိုက်သည်။ “မရှိပါဘူး ...”

“ငါက အနားယူနေတယ် ... ဒါ့ကြောင့် ကျေးဇူးပြုပြီး မနှောင့်ယှက်ပါနဲ့ ...” ထိုသို့ ပြောပြီးနောက် သူက မျက်လုံး ပြန်မှိတ်လိုက်သည်။

သက်လတ်ပိုင်း လူကြီးမျက်လုံးက အေးစက်သွားလေ၏။

သည်အခိုက်တွင် အုတ်ဂူထဲသို့ ဝင်ပေါက်က အစိမ်းရောင်လှိုင်းတွန့် တစ်ချက် တောက်ပသွားကာ ပျံ့နှံ့လာ၏။ ဆိုလိုသည်က အုတ်ဂူထဲရှိ တစ်ယောက်ယောက် သေဆုံး သွားခြင်းပင်။

သက်လတ်ပိုင်း လူကြီးက မျက်မှောင်ကြုတ်သွား၏။ သူက ဝမ်လင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် မတ်တတ်ထရပ်ကာ ဝင်ပေါက်ထံသို့ လျှောက်လှမ်း သွားလိုက်၏။ မျောက်လေး မျက်လုံးထဲရှိ အနီရောင် တောက်ပမှုကလည်း တဖြည်းဖြည်း မှိန်ဖျော့လို့သွားသည်။ ၎င်း၏မျက်လုံးများက နီနေသေးသော်လည်း အစကထက် များစွာ အရောင်ဖျော့သွားပြီ ဖြစ်သည်။

သက်လတ်ပိုင်း လူကြီးက စိတ်ထဲ၌ တွေးနေ၏။ “ဝမ်လင်း ... မင်းက ခုလက်ရှိ ငါ့ကို ဘယ်သူမှန်း မသိပေမဲ့ ငါကတော့ မင်းကို သိနေတယ်။ ငါတို့ မတွေ့တာ နှစ်ပေါင်းများစွာ ကြာနေခဲ့ပြီ ...” သူက ဥမင်လမ်းကြောင်း ထဲသို့ ဝင်လိုက်သည့် အခိုက်တွင် သူက ဝမ်လင်းထံသို့ ပြန်လှည့်ကြည့်၍ ကျောချမ်းဖွယ် အပြုံးတစ်ခုကို ပြုံးသွားသည်။

ဝမ်လင်းက အုတ်ဂူထဲသို့ ဝင်သွားသည့် သက်လတ်ပိုင်း လူကြီးကို ကြည့်နေရင်း သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားလေ၏။ သူက သည်လူ့ကို အရင်တုန်းက တစ်ခါမျှ မတွေ့ဖူးခဲ့ချေ။ သို့သော် သည်ကျောချမ်းဖွယ် အပြုံးက ဝမ်လင်းကို ရင်းနှီးခဲ့ဖူးသလို ခံစားရစေ၏။ သို့သော် သူက အချိန်အတန်ကြာ စဉ်းစားကြည့်သော်လည်း သည်အပြုံးကို အရင်တုန်းက မည်သည့်နေရာတွင် တွေ့မြင်ခဲ့ဖူးကြောင်း မမှတ်မိဖြစ်နေ၏။

သက်လတ်ပိုင်း ကျင့်ကြံသူ ဝင်သွားပြီးနောက် စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အလယ်အဆင့် ကျင့်ကြံသူ သုံးယောက်ကလည်း လိုက်၍ အလျင်စလို ဝင်သွားကြသည်။

ကျန်သည့် ကျင့်ကြံသူများကလည်း မတ်တတ် ထရပ်လာပြီး ဝင်ပေါက်သို့ ဝရုန်းသုန်းကား ရောက်လာ၏။ သည်တစ်ကြိမ်၌ အုတ်ဂူထဲတွင် လူအတော်များများ သေဆုံးခဲ့သည့်ပုံပင်။ ထို့ကြောင့် အပြင်ဘက်ရှိ လူအများက အထဲသို့ ဝင်နိုင်ခဲ့ကြသည်။

ဝမ်လင်းကလည်း သူတို့နောက်ကနေ နီးကပ်စွာ လိုက်ပါသွား၏။ အစိမ်း‌ရောင် အလင်း တစ်ချက်နှင့်အတူ သူ့ရှေ့ရှိလူတိုင်းက ပျောက်ကွယ်သွားတော့၏။

သည့်နောက် အစိမ်းရောင် အလင်းတန်း တစ်ခုက ဖျတ်ခနဲ တောက်ပသွားပြီး စိတ်ဝိညာဉ် အသွင်ပြောင်းခြင်း အဆင့်တစ်ယောက် အပြင်သို့ ပြန်ကန်ထွက်လာ၏။ သူက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူထိုင်ခဲ့သည့် နေရာသို့ ပြန်သွား၍ ထိုင်ချကာ လက်သီး ခပ်တင်းတင်း ဆုပ်လိုက်လေသည်။

***

All Chapters