အခန်း ၁၂၄၉
Vol. 84 Ch. 1249
အခန်း (၁၂၄၉) ယော်စိန့်
အားလုံးအံ့အားသင့်သွားသည်။ မြူနက်မသေမျိုးက သူတို့သေပြီဟု ယုံကြည်ထားကြသည့်လူဖြစ်နေသည်။ သို့သော် အားလုံးက သူ့နာမည်ကို ကြားဖူးကြသည်၊
စကားဆိုတိုင်း အမှန်ဖြစ်သည်ဟူသည့်... ယော်စိန့်။
"ယော်စိန့်ဆိုတာ ဘယ်သူလဲ"
အင်ပါယာသခင် မျက်မှောင်ကျုံ့သွားသည်။ ထိုနာမည်ကို သူတစ်ခါမှမကြားဖူး။
လုယန်က သူ့ဘေးမှ အင်ပါယာသခင်ကို တစ်ချက်ကြည့်သည်။ လူတိုင်းကို ထိုအင်ပါယာ ဘယ်လိုသိနိုင်မည်နည်း။ သို့သော် တာအိုလမ်းစဉ်ဂိုဏ်းသည် အကျဉ်းသားများကို အလေးထားဆက်ဆံသည့်ဓလေ့ရှိသည်။
"သူက ရှေးဟောင်းခေတ်က ကျင့်ကြံသူပါ။ 'စကားလုံးမှော်ပညာ'ဆိုတဲ့ နတ်စွမ်းအားပညာကို ကျွမ်းကျင်တယ်"
"အဲဒါသူလား"
အင်ပါယာသခင် နားလည်သွားသည်။ ရှေးဟောင်းခေတ်တွင် ရှားပါးသည့် စကားလုံးမှော်ပညာကို ကျွမ်းကျင်သည့် ပါရမီရှင်တစ်ယောက်ရှိခဲ့ကြောင်း ကြားဖူးသည်။ အဆင့်တူခြင်းတွင် ပြိုင်ဘက်ကင်းသည်။ တိုက်ပွဲတိုင်းတစ်ခါမှမရှုံးဖူး။
သို့သော် ကူးဖြတ်ခြင်းအဆင့်ရောက်ပြီး သိပ်မကြာမီ သေသွေားသည်။ စကားလုံးမှော်ပညာလည်း ခေတ်သမိုင်းထဲတွင် ပျောက်ကွယ်သွားသည်။
ထိုပညာ၏ သဲလွန်စကို အင်ပါယာသခင် အကြိမ်ကြိမ်ရှာခဲ့ဖူးသည်။ မတွေ့ခဲ့။
ထိုစွမ်းအားရှင် စောစောစီးစီး သေသွားသောကြောင့်ဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်မတိုင်မီက တကယ်ပြိုင်ဘက်ကင်းခဲ့သည်။ သူ့ဒဏ္ဍာရီက ကြယ်ကောင်းကင်တခုလုံး ပျံ့နှံ့ခဲ့သည်။
နာမည်မကျော်သည့် ရှေးဟောင်းပါရမီရှင်ဟူ၍လည်း မရှိ။ ပြိုင်ဘက်များစွာကို အနိုင်ယူကြသည်။ အဆင့်တူထဲတွင် ပြိုင်ဘက်မရှိ။ ကြယ်ကောင်းကင်၏ အမြင့်ဆုံးထိ တက်ကြသည်။
သို့သော် သူတို့စွမ်းအားကို တကယ်အဆုံးအဖြတ်ပေးသည်က ကူးဖြတ်ခြင်းအဆင့်ဖြစ်သည်။
ယော်စိန့်က အသေစောလွန်းသည်။ တစ်ခြားပါရမီရှင်များနှင့် ရင်ဆိုင်ခွင့်မရခဲ့။ နတ်မယ်လက်ချက်ဖြင့် သေခဲ့သည်။ ကူးဖြတ်ခြင်းအဆင့်တွင် တစ်ပွဲမှအောင်လံမထူနိုင်ခဲ့။
ယင်ထန်တို့လို မသေမျိုးများပင် ယော်စိန့်နာမည်ကိုသာ ကြားဖူးသည်။ တစ်ခါမှ မတိုက်ခိုက်ခဲ့ရ။ ယော်စိန့်ထိုမျှစွမ်းအားကြီးမည်ဟု မထင်ခဲ့။
လုယန်မှတ်မိသည်။ တိုက်ပွဲတွင်ဒဏ်ရာရသည်ဟူ၍ ရှားပါးလှသည့် ယော်စိန့်က နတ်မယ်ကြောင့် ဒဏ်ရာရသွားသည်။ 'နာလွန်းလို့သေတော့မယ်'ဟု အော်လိုက်သည်။ တကယ်သေသွားသည်။
သူ့သေဆုံးမှုက နည်းနည်းရုတ်တရက်ဆန်သည်။ ကိုယ့်ကိုကိုယ်သတ်သေသလို ဖြစ်နေသည်။
"ရှေးဟောင်းခေတ်မှ မင်းကငါ့ရဲ့ ပြည့်စုံတဲ့အကာအကွယ်ကို ချိုးဖျက်ခဲ့တယ်။ အခုလည်း ငါ့ရဲ့မြူနက်အကာအကွယ်ကို ချိုးဖျက်လိုက်တယ်။ မင်းက တကယ်ရင်ဆိုင်ရခက်တာပဲ နတ်မယ်"
သူ့စကားသံက နာကျည်းရိပ်ပါသည်။ ကံကြမ္မာအပြောင်းအလဲကြောင့် ထိုအဖြစ်အပျက်မျိုး ထပ်တလဲလဲကြုံရသလို ဖြစ်နေသည်။
စကားလုံးမှော်ပညာရှင်ဖြစ်၍ သူ့ဘဝခရီးလမ်းတလျှောက် တိုက်ပွဲများစွာကြုံခဲ့သည်။ ကိုယ့်ခံစစ်ကို တိုးမြှင့်ဖို့ ထိုပညာကို သုံးခဲ့သည်။ သို့သော် နတ်မယ်က စွမ်းအားကြီးလွန်းနေသည်။ စကားလုံးမှော်ပညာဖြင့် တည်ဆောက်ထားသည့် အပြည့်စုံဆုံးခံစစ်ကို ချိုးဖျက်ခဲ့သည်။
မသေမျိုးအဆင့်မရောက်သေးသည့် အချိန်မသေမျိုးနှင့် တိုက်ခိုက်ဖို့ သူကြိုတင်ပြင်ဆင်ခဲ့သည်။ သူခံစစ်က အချိန်တိုက်ခိုက်မှုကိုပင် ခုခံနိုင်လောက်အောင် ခိုင်မာသည်။ ထို့ပြင် လေဟာနယ်မှော်ပညာအပါအဝင် တစ်ခြားတိုက်ခိုက်မှုမျိုးစုံကို ခုခံနိုင်သည်။
သို့သော် ဘယ်လောက်ပြင်ဆင်ထားသည်ဖြစ်စေ နတ်မယ်က ခွန်အားသက်သက်ဖြင့် သူခံစစ်ကို ချိုးဖျက်ခဲ့သည်။
တကယ်ယုံနိုင်စရာမရှိ။ တစ်ခြားကြယ်စုများမှ ပါရမီရှင်အားလုံး ထိုမျှစွမ်းအားကြီးကြသလော...
စကားလုံးမှော်ပညာကို အသက်ကယ်ပညာအဖြစ် အချိန်ကြာမြင့်စွာ သူအသုံးပြုခဲ့သည်။ အကြပ်အတည်းကြုံချိန်တွင် သေဟန်ဆောင်၍ ထွက်ပြေးနိုင်ခဲ့သည်။
နတ်မယ်နှင့်တိုက်ပွဲကြောင့် ကိုယ့်ထက်စွမ်းအားကြီးသူများ အမြဲရှိကြောင်း သူနားလည်လာသည်။ အချိန်ယူလေ့လာဖို့ ဆုံးဖြတ်ခဲ့သည်။ ထို့ကြောင့် သူတကယ်သေသွားသလို ဟန်ဆောင်နေခဲ့သည်။
"နတ်မယ်၊ မင်းက ငါပြင်ဆင်မထားတဲ့အချိန်မှာ အလစ်တိုက်ခိုက်ခဲ့တာပါ။ ဘာမှဂုဏ်ယူစရာမရှိတဲ့ အောင်နိုင်မှုမျိုးပါ။ ဒါတောင် ငါမင်းကိုဘာလို့သတ်ချင်လဲဆိုတာ မေးချင်သေးလို့လား"
"အပြစ်မဲ့တဲ့မျိုးနွယ်တစ်ခုကို အရင်ဆုံးဖျက်ဆီးဖို့ ကြိုးစားခဲ့တာက နင်ပဲလေ"
နတ်မယ်က ဒေါသတကြီးပြောသည်။ ယော်စိန့်က မျိုးနွယ်ငယ်တစ်ခုကို ဖျက်ဆီးဖို့ကြိုးစားသဖြင့် နတ်မယ် အရေးပေါ်ဝင်တိုက်ခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် လျှပ်တပြက်ဝင်တိုက်မှလည်းဖြစ်မည်။ သူနဲ့ယော်စိန့်တို့နှစ်ယောက်လုံး ကူးဖြတ်ခြင်းအဆင့်များဖြစ်သည်။ သူတို့တိုက်ခိုက်ကြလျှင် ထိုမျိုးနွယ် တိုက်ပွဲသက်ရောက်မှု ခံရမည်။
နတ်မယ်၏မျိုးနွယ်လည်း စွမ်းအားရှင်နှစ်ယောက်တိုက်ပွဲကြောင့် ပျောက်ပျက်ခဲ့ရခြင်းဖြစ်သည်။ သူတစ်ယောက်သာ အသက်ရှင်သည်။ ထိုအဖြစ်မျိုး ထပ်မဖြစ်အောင်တားဖို့ သူဆုံးဖြတ်ခဲ့သည်။
"သေမျိုးတွေက ကောင်းကင်ဩဇာကို နားမလည်ဘဲ ငါ့ကိုလာစော်ကားလာတာလေ။ သေခြင်းတရားကလွဲလို့ သူတို့တစ်ခြားဘာမျှော်လင့်စရာရှိလဲ"
ယော်စိန့်က အေးစက်စက်ပြောသည်။
အားလုံးအထက်တွင် မွေးဖွားလာသူဖြစ်၍ သေမျိုးများသည် သူ့အတွက် ကစားစရာအရုပ်များထက်မပို။ သူ့အမြင်တွင် ကျင့်ကြံသူများပင် နည်းနည်းပိုကြီးသည့် ကစားစရာမျှသာဖြစ်သည်။
ထိုအရုပ်များက သူ့အမိန့်ကိုမနာခံလျှင် သတ်လိုက်ရုံသာရှိသည်။
"ယော်စိန့်က ဘယ်လိုလုပ် လူမသိသူမသိ မသေမျိုးဖြစ်လာတာလဲ။ စကားလုံးမှော်ပညာနဲ့ ငါ့အာရုံကို ပိတ်ထားခဲ့တာလား"
ယင်ထန် သူ့ဘာသာရေရွတ်နေသည်။ ထိုကိစ္စကို သူတွေးမရသေး။
သူ့လျှပ်စီးအရိယဖလသည် ကောင်းကင်လျှပ်စီးကို ထိန်းချုပ်ထားသည်။ လူတစ်ယောက် မသေမျိုးကောင်းကင်ဆင်းရဲဖြတ်ကျော်လျှင် သူ့လျှပ်စီးအရိယဖလကို ဖုံးကွယ်၍မရနိုင်လောက်။
သို့ဆိုလျှင် ယော်စိန့်က သူ့ထက်အရင် မသေမျိုးအဆင့်တက်ခဲ့ခြင်းလော။
ထိုသို့လည်းမဖြစ်နိုင်။ စကားလုံးမှော်ပညာသည် မှော်ပညာတစ်ခုသာဖြစ်သည်။ အရိယဖလသန္ဓေမဟုတ်။ မှော်ပညာတစ်ခုသည် လျှပ်စီးအရိယဖလကို လှည့်စားနိုင်မည်မဟုတ်။
သို့သော်...
ယင်ထန် နားလည်သွားသည်။
"သူ့အရိယဖလက စကားလုံးမှော်အရိယဖလပဲ"
စကားလုံးမှော်ပညာကို အရိယဖလသန္ဓေအဆင့်ထိ မြှင့်တင်နိုင်မှသာ သူ့လျှပ်စီးအရိယဖလကို လှည့်စားပြီး အဆင့်တက်နိုင်မည်။
စကားလုံးမှော်အရိယဖလနှင့် ဘယ်သူမှမရင်းနှီးသေး။ စွမ်းရည်အစစ်ကို ဘယ်သူမှမသိသေး။
"ဒီမှာအတော်စည်ကားနေတာပဲ"
ရင်းနှီးနေသည့်စကားသံတစ်ခု လုယန်ဘေးတွင်ပေါ်လာသည်။ လုယန်လှည့်ကြည့်သည်။ လယ်သမားလိုအယောင်ဆောင်ထားသည့် ကျန်းပင်ကန်းဖြစ်သည်။
လုယန်ချက်ချင်း အရိုအသေပေးလိုက်သည်။
"ဪ အကြီးအကဲ ကျန်းပင်ကန်းပါလား။ ဒီကိုဘာလို့ရောက်လာတာလဲ"
ကျန်းပင်ကန်းက လုယန်ကို စိုက်ကြည့်သည်။
...ဘာလို့အဓိပ္ပါယ်မရှိတာတွေ လာမေးနေတာလဲ။ ငါ့နိုင်ငံထဲ ကမ္ဘာပျက်မတတ် ဒီလောက်ရုန်းရင်းဆန်ခတ်ဖြစ်နေတာကို ငါက မလာဘဲနေရမှာလား..
ယွမ်ကျိနဲ့နတ်မယ်က ကာကွယ်ထားတယ်ဆိုပြီး တစ်လောကလုံးကို မင်းအပိုင်ထင်နေလား..
...ပြီးတော့ ငါခွင့်မပြုဘဲ ယွမ်ကျိက နိုင်ငံ့စွမ်းအားကို ဒီလောက်လွယ်လွယ်ကူကူ ဘယ်သုံးနိုင်မှာလဲ။ ငါ့ရဲ့နိုင်ငံ့စွမ်းအားကို လူတိုင်းငှားလို့ရတယ်ထင်နေလား..
ယော်စိန့်ထွက်မပြေးနိုင်စေရန် ယွမ်ကျိကို မဟာရှားတစ်ခုလုံး၏ နိုင်ငံစွမ်းအားကို သုံးခွင့်ပေးခဲ့သည်။
လုယန်ခဏစဉ်းစားသည်။ ကျန်းပင်ကန်းတိုက်ခိုက်သည်ကို သူတစ်ခါမှမမြင်ဖူး။
"ရောက်လာပြီဆိုမှတော့ အကြီးအကဲကျန်းလည်း နည်းနည်းလောက်အစွမ်းပြလိုက်ပါလား"
ကျန်းပင်ကန်းက အမြင်ကပ်ဟန်ဖြင့် လုယန်ကိုကြည့်သည်။ ထိုလူငယ်သည် ရည်ရွယ်ချက်ကောင်းသည်ဟု တစ်ခါမှမရှိခဲ့ဖူး။ နတ်မယ်နှင့် ယော်စိန့်တိုက်ခိုက်နေစဉ်အတွင်း သူရောက်လာသည်။ ထိုတိုက်ပွဲဝင်တိုက်ဖို့ သူလုံးဝအရည်အချင်းမမီ။
"နေပါစေတော့၊ ငါ့အရိုးအိုတွေက ဒီလောက်အပင်အပန်းမခံနိုင်တော့ဘူး။ ငါ့အရိယဖလကလည်း တိုက်ခိုက်ဖို့မသင့်တော်ပါဘူး။
မိတ်ဆွေယွမ်ကျိက မင်းဘေးမှာနေပြီး အင်ပါယာသခင်ကို စောင့်ကြည့်ဖို့ ငါ့ကိုပြောထားတယ်"
ကျန်းပင်ကန်းကပြုံး၍ အင်ပါယာသခင်ကိုကြည့်သည်။
"ဒါပေမယ့် သူက အတော်ငြိမ်နေပုံပါပဲ"
လုယန်တစ်ယောက်တည်း အင်ပါယာသခင်ကို စောင့်ကြည့်နိုင်မည်မဟုတ်မှန်းသိ၍ ယွမ်ကျိက ကျန်းပင်ကန်းကို အကူအညီခေါ်ခဲ့ခြင်းဖြစ်သည်။
"တာအိုရှင်မိုချင်ရွှေ(အင်ပါယာချန်)က အပျက်အစီးတွေကြားကနေ မဟာချန်နိုင်ငံကို တည်ဆောက်ခဲ့တယ်။ ခင်ဗျားနာမည်ကို ကြားဖူးတာကြာပါပြီ။ ကျုပ်အကြောင်းလည်း ခင်ဗျားကြားဖူးလောက်ပါတယ်။ အခုမှပဲ ကျုပ်တို့ချင်းဆုံဖူးတော့တယ်"
"တော်စမ်းပါကွာ"
အင်ပါယာချန် ခပ်တင်းတင်းအော်ငေါက်လိုက်သည်။ သူတို့ကြားတွင် ဘာရန်ညှိုးမှမရှိ။ နှစ်ယောက်လုံးက နိုင်ငံတည်အင်ပါယာများဖြစ်သည်။ သို့သော် တစ်ယောက်က အကျဉ်းသားဘဝ၊ တစ်ယောက်က လက်ရှိဘုရင်ဖြစ်နေသည်။
ထိုကွာဟချက်ကြောင့် ကျန်းပင်ကန်းကို သူအမြင်မကြည်။
ကျန်းပင်ကန်းသည် သဘောထားသေးသူမဟုတ်။ တစ်ဘက်က ခပ်တင်းတင်းပြောသော်လည်း ယဉ်ကျေးစွာပြန်ပြောသည်။
"မိတ်ဆွေမို၊ ဘာလို့အဲလောက် စိတ်မရှည်ဖြစ်နေတာလဲ။ ရှေးဟောင်းမသေမျိုးလေးယောက်ကို ခင်ဗျားရှာနေတယ်လို့ကြားတယ်။ သူတို့မပူးပေါင်းရင် အပြတ်ရှင်းပြီး သူတို့နေရာမှာ ခင်ဗျားနတ်သခင်တွေနဲ့ အစားထိုးပစ်မယ်လို့တောင် ခြိမ်းခြောက်တယ်တဲ့။
ဒီနေ့ သုံးယောက်ရှိနေတာပဲ။ ခင်ဗျားသူတို့ကို သွားမတွေ့ချင်ဘူးလား။ ဒါမှမဟုတ် ကျုပ်ခေါ်ပေးရမလား"
အင်ပါယာချန် ခဏအသံတိတ်သွားသည်။ ထို့နောက် ကျန်းပင်ကန်းကို ဦးညွှတ်နှုတ်ဆက်လိုက်သည်။
"မိတ်ဆွေကျန်းပင်ကန်း၊ ခင်ဗျားက တိုက်နယ်ကိုစုစည်းပြီး မဟာရှားကို တည်ထောင်ခဲ့တယ်။ ခင်ဗျားနာမည်ဂုဏ်သတင်းကို ကျုပ်လေးစားနေခဲ့တာ ကြာပါပြီ"
******************************