အခန်း ၁၂၅၀
Vol. 84 Ch. 1250
အခန်း (၁၂၅၀) စကားလုံးမှော်အရိယဖလ
အတွေ့အကြုံအရ ထိုမျှအချိန်ကြာလျှင် ပြဿနာများ ဖြေးရှင်းပြီးဖြစ်လိမ့်မည်။
မုန်ကျင်းကျိုး ဖုန်ဒူတံခါးမှ ခေါင်းတစ်ဝက်ဖော်၍ ချောင်းကြည့်သည်။ ရှေးဟောင်းခေတ်စွမ်းအင်ရောင်တစ်ခု ထိရိုက်ခံရသဖြင့် အသက်ရှူကြပ်မတတ်ဖြစ်သွားသည်။
အပြင်ဘက်မှအခြေအနေကို မြင်ပြီးနောက် ပင့်သက်တစ်ချက်ရှိုက်မိသည်။
အမူအရာမျိုးမျိုးပြောင်းနေသည့် အမယွမ်က အင်အားကြီးရန်သူတစ်ယောက်နှင့် တိုက်ခိုက်နေသည်။ အပျက်အစီးများစွာ ဖြစ်ပေါ်နေသည်။ ချီလင်၊ ယင်ထန်နှင့် ကိုးဆမသေမျိုးတို့သုံးယောက်က လေပေါ်တွင် ခပ်အေးအးရပ်၍ ကြည့်နေသည်။
လောင်လုက ကျန်းပင်ကန်းနှင့် အင်ပါယာချန်ဘေးတွင် ရပ်နေသည်။
ထိုလူစုလူဝေးမျိုး သမိုင်းတစ်လျှောက် တစ်ခါမှရှိခဲ့မည်မဟုတ်။ မသေမျိုးများသည် လျှို့ဝှက်ဆန်းကြယ်ပြီး အသိခက်သည်ဟု ပြောကြသည်။ သို့သော် ယနေ့ အစုလိုက်ပေါ်လာသည်။
မသေမျိုးပရိတ်သတ်ပင် ငါးယောက်ရှိသည်။
တစ်ဘက်ရန်သူ ဘယ်သူဘယ်ဝါမှန်းမသိသော်လည်း အမယွမ်နှင့် တစ်ယောက်ချင်းယှဉ်နိုင်သည်။ ကြည့်နေသည့်မသေမျိုးငါးယောက်လည်း ဝင်ကူညီဖို့ အခွင့်အရေးမရ။
မုန်ကျင်းကျိုး အသံတိတ် ခေါင်းပြန်လျှိုသွားသည်။
"အပြင်မှာ ဘယ်လိုအခြေအနေလဲ"
အရိုးရိုင်းက စိတ်ပူပန်စွာမေးသည်။
မုန်ကျင်းကျိုးက အရိုးရိုင်းပုခုံးကိုပုတ်၍ စိတ်အေးလက်အေးပြောသည်။
"အမြင့်ဆုံး မသေမျိုးတိုက်ပွဲတစ်ခု အပြင်မှာဖြစ်နေတယ်။ ကျုန်းရှန်ပြည်နယ်က နာမည်ကျော်သမိုင်းဝင်နေရာဖြစ်လာမှာ သေချာပါတယ်"
အမြင့်ဆုံးမသေမျိုးတိုက်ပွဲဟု သူပြောသည်ကလည်း လွန်သည်မဆိုသာ။ နတ်မယ်က ယွမ်ကျိခန္ဓာကိုယ်ဖြင့် ယော်စိန့်ကို တိုက်ခိုက်နေသည်။
ယော်စိန့်ကို ရှေးဟောင်းမသေမျိုးသုံးယောက် ပူးပေါင်းတိုက်ခိုက်ခဲ့သည့် တိုက်ပွဲပင် ထိုမျှပြင်းထန်မည်မဟုတ်။
မှော်စက်ဝန်းအကာအကွယ်ကြောင့်သာမဟုတ်လျှင် တစ်လောကလုံး ပြင်းထန်သည့်စွမ်းအင်လှိုင်းများ ဖုံးလွှမ်းသွားပေလိမ့်မည်။
အရင်က နတ်မယ်နှင့်ပဲပြာအရှင်တိုက်ပွဲတွင် အနီးအဝေးဟူသည့်အယူအဆ လုံးဝပျောက်သွားသည်။ တိုက်ပွဲက မိုင်းပေါင်းသန်းထောင်ချီကျယ်ပြန့်သည်။
နတ်ဆိုးနိုင်ငံမှ ဝူလင်(ဝိညာဉ်မဲ့)တိုက်နယ်ထိ ရောက်သည်။ ထိုမျှအဆင့်မြင့်သည့် တိုက်ပွဲမျိုးသည် ဘယ်လောက်ကြောက်စရာကောင်းကြောင်း သက်သေခံနေသည်။
မဟာရှား၏ နှစ်တစ်သိန်းကျော်စုစည်းထားသည့် နိုင်ငံ့ကံကြမ္မာစွမ်းအားသာ ထိုတိုက်ပွဲ၏စွမ်းအင်လှိုင်းများ ယိုစိမ့်မထွက်အောင် ကာကွယ်နိုင်သည်။ ယင်ထန်ဖန်တီးခဲ့သည့် ချန်ခွန်ခွက်(**)ပင် ထိုသို့ကာကွယ်နိုင်မည်မဟုတ်။
(**ဓားမျှော်စင်တွင် ယင်ထန်အလောင်းသုံးခဲ့သည်ခွက်ဖြစ်သည်)
မှော်စက်ဝန်းက ကျုန်းရှန်တစ်ခုလုံး ဖုံးအုပ်ထားသည်။ မသေမျိုးတိုက်ပွဲစွမ်းအားများ ဤနေရာတစ်ခုတည်းတွင် ပိတ်လှောင်ထားသည့်သဘောဖြစ်သည်။ လေဟာနယ်တစ်ခုလုံး စွမ်းအင်များပြည့်နေသည်။
လေထုတုန်ခါနေသည်။ လုယန်၏အရေပြားပေါ်တွင် လှိုင်းတွန့်များ အဆက်မပြတ်ဖြစ်ပေါ်နေသည်။ လေလှိုင်းနှင့်အတူ သူ့ခန္ဓာကိုယ်က လှုပ်ခါနေသည်။
လုယန်သာမဟုတ်။ ကောင်းကင်မှ ယင်ထန်တို့သုံးယောက်နှင့် မြေပြင်မှ အင်ပါယာနှစ်ယောက်လည်း ထိုသို့သာဖြစ်သည်။ လေဟာနယ်လှိုင်းများကြောင့် သိစိတ်အာရုံမှ စကားပြောဖို့ပင် ခက်ခဲသည်။
ကျန်းပင်ကန်းနှင့် အင်ပါယာချန်တို့လည်း စကားရပ်သွားသည်။
သရုပ်မှန်ပေါ်သွားပြီဖြစ်၍ ယော်စိန့်လည်း စွမ်းအားအမှန်ကို ဖုံးကွယ်မထားတော့။ အားအပြည့်သုံး၍တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်သည်။
စကားလုံးနှင့် စည်းမျဉ်းသတ်မှတ်ခြင်း။
ရှေးဟောင်းမသေမျိုးလေးယောက်နှင့် တိုက်ခိုက်စဉ်က စကားလုံးစည်းမျဉ်းကို သူ့စိတ်ထဲမှသာ ရွတ်ဆိုခဲ့သည်။ ထို့ကြောင့် သူ့စွမ်းရည်အစစ်ကို မခန့်မှန်းနိုင်ကြ။
'စကားလုံးမှော်'အယူအဆတွင် 'စကား'ပါသည်။ အသံထွက်ရွတ်ဆိုမှသာ အရိယဖလစွမ်းအားကို အပြည့်အအသုံးချနိုင်သည်။
နတ်မယ်က မနားတမ်းဖိအားပေးနေသဖြင့် သူအစွမ်းကုန် ထုတ်သုံးရမည်။
"-မင်းရဲ့သိစိတ် ပျောက်သွားရမယ်"
တကယ်လည်း နတ်မယ် အသိစိတ်ပျောက်သွားသည်။ တိုက်ခိုက်သည့်အနေအထားဖြင့် ကျောက်ရုပ်လို ရပ်တန့်သွားသည်။
ယော်စိန့်က ချက်ချင်းတိုက်ခိုက်သည်။ သူ့လက်သီးပညာကလည်း မယုံနိုင်လောက်အောင် အဆင့်မြင့်သည်။ အဖျက်အလင်းရောင်များ ဖြာထွက်နေသည်။ ရှေးဟောင်းနိမိတ်များ မကြာခဏပေါ်လာသည်။
နတ်ဆိုးနတ်ဘုရားအော်ဟစ်သံများ၊ နတ်ဆိုးပုံရိပ်များ၊ ပူဇော်ပွဲပုံရိပ်များ...
သူမွေးကတည်းက အတူပါလာသည့် နိမိတ်ပုံရိပ်များဖြစ်သည်။
ချီလင်ကို ရင့်ရင့်သီးသီးဆဲဆိုကြိမ်းမောင်းခဲ့သည်မှာ သူ့ကိုယ်သူ ကံကြမ္မာရွေးချယ်ခံအစစ်ဖြစ်သည်ဟု ခံယူထားသောကြောင့်ဖြစ်သည်။
နိမိတ်ပုံရိပ်များဖြင့် မွေးဖွားသည်။ စကားလုံးမှော်ပညာကို ကျွမ်းကျင်သည်။ သူ့စကားက တစ်ခြားလူများ၏ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်သည်။ မျိုးနွယ်များကို လမ်းကြောင်းပြနိုင်သည်။ သူ့ကြယ်ကမ္ဘာတည်ဆောက်သည့် နေရာတိုင်း အထွတ်အမြတ်နေရာဖြစ်သည်။
သူ့လက်သီးပညာက အနန္တစွမ်းအင်ရောင်ဖုံးလွမ်းနေပြီး အားအပြည့်ပါသည်။
သို့သော် သူ့လက်သီးချက် ထိသွားသော်လည်း နတ်မယ်လုံးဝဒဏ်ရာမရ။
ဘာတွေဖြစ်နေသည်မသိ။ နတ်မယ်သုံးနေသည့်ခန္ဓာကိုယ်က သန်မာလွန်း၍လား။ သို့မဟုတ် ထာဝရအရိယဖလ၏ စွမ်းရည်လော...
သို့သော် လက်ရှိအနေအထားက များများတွေးချိန်မရ။ နတ်မယ်မျက်လုံးများ ဖျတ်ခနဲပွင့်လာသည်။ သူ့အကြည့်က စူးရှတောက်ပနေသည်။
"နတ်ဆိုးနှလုံးထောင်ချောက်ထဲကို ငါကျသွားမယ်ထင်နေတယ်ပေါ့"
နတ်မယ် သိစိတ်တိုက်ရိုက်ပျောက်ကွယ်သွားခြင်းမဟုတ်။ အသက်ငါးရှူစာခန့် နတ်ဆိုးနှလုံးပုံရိပ်နယ်မြေထဲ ပိတ်မိခဲ့ခြင်းဖြစ်သည်။
နတ်မယ်က ယော်စိန့်လက်ကောက်ဝတ်ကို ဖျတ်ခနဲဆွဲချုပ်၍ လက်သီးဖြင့်ထိုးသည်။
"ငါမင်းကို ကြောက်မယ်ထင်နေလားကွ"
ယော်စိန့်၏ မြူနက်များက သူ့အကာအကွယ်များစွာထဲမှ တစ်ခုသာဖြစ်သည်။ သူရုပ်ခန္ဓာကလည်း ကြောက်စရာကောင်းလောက်အောင် သန်မာသည်။
ရှေးဟောင်းခေတ်က နတ်မယ်ကို ဘာကြောင့်ရှုံးခဲ့ရသလဲဟု သူမကြာခဏပြန်သုံးသပ်သည်။ စကားလုံးမှော်ပညာက အလွန်အကျွံကာကွယ်ထားသဖြင့် ကိုယ်တိုင်ဖြတ်သန်းရသည့် အခက်အခဲနည်းခဲ့သောကြောင့်ဟု တွေးမိသည်။
ထို့ကြောင့် ခန္ဓာလေ့ကျင့်နည်းများကို သူ့လေ့လာသည်။ သူ့ခန္ဓာကိုယ်က ဝါဇရဗုဒ္ဓလို ပြိုင်ဘက်ကင်းလောက်အောင် မာကျောလာသည်။
နှစ်ယောက်သား အဆက်မပြတ်တိုက်ခိုက်သည်။ အားလှိုင်းများက မှော်စက်ဝန်းကို ထိခတ်သည်။ အဆက်မပြတ်လှိုင်းထနေသည့် မှော်စက်ဝန်းအကာအကွယ်ကိုကြည့်၍ ကျန်းပင်ကန်း ရင်နာနေသည်။
နတ်မယ်က ငရဲနတ်ဘုရားတစ်ပါးလို ရန်သူကို ကြမ်းတမ်းစွာ တိုက်ခိုက်သည်။
ယော်စိန့်က တည်ငြိမ်အေးဆေးသည်။ နတ်မယ်၏လက်သီးပညာကို လေ့လာစိစစ်ပြီး နောက်ထပ်လှုပ်ရှားရမည့် အကွက်ကိုသုံးသပ်သည်။
မသေမျိုးတိုက်ပွဲသည် မျက်တောင်တစ်ခတ်အတွင်း အပြောင်းအလဲများစွာဖြစ်သည်။ အကြိမ်ပေါင်းထောင်ချီ တိုက်ခိုက်သည်။ နတ်မယ်၏ တိုက်ကွက်များက လုံးဝပရမ်းပတာနိုင်သည်။ ကြိုတင်ခန့်မှန်း၍မရ။ ဗီဇစိတ်အရတိုက်ခိုက်နေခြင်းဖြစ်သည်။
နတ်မယ်ရော ယော်စိန့်ပါ တစ်ယောက်တိုက်ခိုက်ပုံကို တစ်ယောက်နားမလည်ကြ။
မသေမျိုးဖြစ်ပြီးကတည်းက နတ်မယ် တိုက်ခိုက်လေ့သိပ်မရှိ။ တိုက်ခိုက်သည်ဆိုလျှင်လည်း ယင်ထန်တို့နှင့် လက်ရည်စမ်းရုံသာဖြစ်သည်။ သူ့တိုက်ခိုက်နည်းအစစ်ကို ထုတ်ပြခဲသည်။
ယော်စိန့်တိုက်ခိုက်ပုံ တစ်ချက်မှားသွားသည်။ နတ်မယ်ကို ဟာကွက်တစ်ခုပေးသလို ဖြစ်လာသည်။
နတ်မယ်က ယော်စိန့်၏ဟာကွက်ကို ချိန်ရွမ်၍ လက်သီးဖြင့်ထိုးလိုက်သည်။ ယော်စိန့်က စကားလုံးအမိန့်တစ်ခု ခပ်တင်းတင်းအော်လိုက်သည်။
"ခုခံမယ်"
ရုတ်တရက် မသေမျိုးရွှေအပိုင်းအစများစွာ ပေါ်လာပြီး ယော်စိန့်ကိုယ်ပေါ်တွင် သံချပ်ကာတစ်ခုအဖြစ်ပေါ်လာသည်။ ဟာကွက်နေရာတွင် ပို၍ထူထဲသည်။
"ဘုန်း"
နတ်မယ်လက်သီးက မသေမျိုးရွှသံချပ်ကာကို တည့်တည့်ထိသည်။ အားအရှိန်လွှဲပြောင်းပညာဖြင့် ယော်စိန့်၏သံချပ်ကာကို ဖြတ်သန်းတိုက်ခတ်ရန် သူရည်ရွယ်ခဲ့သည်။
သို့သော် သံချပ်ကာက အလွှာပေါင်းများစွာဖန်တီးထားသည်။ တစ်လွှာနှင့်တစ်လွှာကြားတွင် လေဟာနယ်များရှိသည်။ ထို့ကြောင့် လက်သီးအားက ယော်စိန့်ဆီသို့ လုံးဝမရောက်။
နတ်မယ်၏မျက်လုံးများ အရောင်တောက်လာသည်။ အတွေးတစ်ခု သူ့စိတ်ထဲပေါ်လာသည်။
စကားလုံးမှော်အရိယဖလသည် စည်းမျဉ်းစွမ်းအားကို တိုက်ရိုက်ဖန်တီးနိုင်ပုံမရ။ တစ်ခြားနည်းလမ်းများဖြင့် စည်းမျဉ်းကို ဖြည့်ဆည်းခြင်းဖြစ်သည်။
ထိုသို့ဆိုလျှင် နောက်ထပ်ဆက်တိုက်ခိုက်ရဦးမည်။
တိုက်ပွဲကြည့်နေသည့် အင်ပါယာချန် မင်သက်မိနေသည်။ နတ်မယ်က ယွမ်ကျိခန္ဓာကိုယ်ကို သုံးနေသဖြင့် ယွမ်ကျိ၏ စွမ်းအားအစစ်ကို မသိနိုင်သေး။
သို့သော် နတ်မယ်က စွမ်းပြည့်သုံး၍ တိုက်ခိုက်နေသည့်တိုင် ခန္ဓာကိုယ်ထိခိုက်ခြင်းမရှိ။ ထိုအချက်က ယွမ်ကျိဘယ်လောက်စွမ်းအားကြီးကြောင်း သက်သေခံနေသည်။
တစ်ခြားဘယ်မသေမျိုးမှ ထိုတိုက်ခိုက်စွမ်းအားမျိုးကို ခုခံနိုင်မည်မဟုတ်။
ယွမ်ကျိ၏စွမ်းအားက သူခန့်မှန်းထားသည့် များစွာကျော်လွန်နေသည်။
ထိုနည်းတူပင် ထိုထာဝရနတ်မယ်သည်လည်း ကြောက်စရာကောင်းသည်။
ထိုနှစ်ယောက်က တာအိုလမ်းစဉ်ဂိုဏ်းကို ကြီးကြပ်နေသည်။ အရင်က ထိုဂိုဏ်းကို သူတိုက်ခိုက်ဖို့စဉ်းစားခဲ့သည်မှာ ရူးခဲ့ခြင်းသာဖြစ်သည်။
"အချိန်ရပ်တန့်မယ်"
ယော်စိန့်က နောက်တစ်ကြိမ် စည်းမျဉ်းသတ်မှတ်သည်။ ကျုန်းရှန်တစ်ခုလုံး ရပ်တန့်သွားသည်။ လှိုင်းတွန့်နေသည့် မှော်စက်ဝန်းနံရံ၊ တုန်ခါတွန့်လိပ်နေသည့် လေဟာနယ်။ လေထဲလွင့်ပျံနေသည့် ကျောက်စရစ်များ၊ ဘေးကြည့်ပရိတ်သတ်တို့၏ အမူအရာများ။ အားလုံးရပ်တန့်သွားသည်။
သို့သော် နတ်မယ်အပေါ် ထိုစည်းမျဉ်းမသက်ရောက်။
ထာဝရအရိယဖလသည် မပြောင်းလဲသည့် တည်မြဲခြင်းသဘောဖြစ်သည်။ အချိန်စီးကြောင်း မသက်ရောက်။ နှစ်ကာလများ တိုက်စား၍မရ။
*******************************