← Chapters

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အခန်း ၁၂၅၂

Vol. 84 Ch. 1252

အခန်း (၁၂၅၂) ပြာအဖြစ်သို့

ချင်းဖုန်းဓားကို ရစ်ပတ်ထားသည့် မသေမျိုးရတနာများသည့် ယင်ထန်ကိုယ်တိုင် ဂရုတစ်စိုက်ဖန်တီးထားခြင်းဖြစ်သည်။ သူ့ရတနာများ တစ်လွှာပြီးတစ်လွာ ပျက်စီးနေသည်ကို သူခံစားမိသည်။

အတွင်းအကျဆုံးဖြစ်သည့် ဓားကမ္ဘာငယ်ပင် ပျက်စီးတော့မလို ပြင်းထန်စွာတုန်ခါနေသည်။

ကျန်းပင်ကန်းလည်း နိုင်ငံ့ကြမ္မာစွမ်းအားဖြင့်ဖန်တီးထားသည့် မှော်စက်ဝန်း အညှာအတာမရှိ ရိုက်ခတ်ခံနေရသည်ကို ခံစားမိသည်။ ခြောက်ခြားစရာမြင်ကွင်းတစ်ခုဖြစ်သည်။

အမိုးခုံးမှော်စက်ဝန်း ပေါက်ကွဲအားကြောင့် တွန့်လိပ်သွားသည်။ အထက်အောက် နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ သစ်သားပြားပေါ် ထုနယ်ခံရသည့် ဂျုံသားလို့ပင်ဖြစ်သည်။

ကျန်းပင်ကန်းနှင့် အင်ပါယာသခင်တို့ ရင်တဒိန်းဒိန်းတုန်နေသည်။ တစ်ခြားလူများ ဘာကြောင့်မျက်နှာအကြီးအကျယ်ပျက်ခဲ့သည်ကို ယခုမှနားလည်လာသည်။

အပြေးနှေးသူတိုင်း ယော်စိန့်လိုကံကြမ္မာမျိုး ကြုံရပေလိမ့်မည်။

မှော်စက်ဝန်းထဲတွင် ယော်စိန့်တစ်ယောက်သာကျန်သည်။ ဒဏ်ရာဗရပွဖြစ်နေသည်။ မသေမျိုးသွေးများ အန်ထွက်နေသည်။ မသေမျိုးရွှေသံချပ်ကာလည်း အစိတ်စိတ်အမွှာမွှာ ပေါက်ကွဲထွက်ခဲ့သည်။

ထိုအစိတ်အပိုင်းများက သူ့အသားထဲသို့ စိုက်ဝင်သည်။ ထိုမျှပြင်းထန်သည့် နာကျင်မှုမျိုး ရှေးဟောင်းခေတ်မှာပင် မကြုံဖူးခဲ့။

သို့သော် သူတောင့်ခံနိုင်ခဲ့သည်။

ထို့နောက် ပေါက်ကွဲသွားသည့် ယွမ်ကျိခန္ဓာကိုယ် လေထဲတွင်ဝဲပျံနေသည်ကို မြင်ရသည်။ သွေးမြူများ ပြန်စုစည်းလာသည်။

နတ်မယ်က ခါတိုင်းလိုပင် တောက်ပနေဆဲဖြစ်သည်။ ထိုမျှစိတ်ကျေနပ်စရာကောင်းသည့် ခန္ဓာကိုယ်ဖောက်ခွဲမှုအရသာကို သူမခံစားခဲ့ရသည်မှာ နှစ်ပေါင်းမနည်းတော့။

ယွမ်ကြည့် မျက်နှာနည်းနည်းပျက်နေသည်။ ခန္ဓာကိုယ်ဖောက်ခွဲသည့်အရသာကို ယခုမှသူခံစားဖူးခြင်းဖြစ်သည်။ တကယ်ရှက်စရာကောင်းသည်။

ထိုသို့ဖြစ်လာမည်မှန်းသာ ကြိုသိခဲ့လျှင် နတ်မယ်ကို ခန္ဓာကိုယ်မငှားဘဲ ယော်စိန့်ကို သူကိုယ်တိုင်ရင်ဆိုင်ခဲ့လိမ့်မည်။

နတ်မယ်က ဒုတိယအကြိမ် ခန္ဓာကိုယ်မဖောက်ခွဲမီ မြေကြီးထဲစိုက်ဝင်နေသည့် အထီးကျန်ချင်ဖုန်းဓားကို တစ်ချက်ငုံ့ကြည့်သည်။

ဓားအပြင်ဘက်မှ မသေမျိုးရတနာအစိတ်အပိုင်းများကိုတော့ သူအရေးမစိုက်။

"ချင်ဖုန်းဓားကို မသေမျိုးအဆင့်သတ်မှတ်မယ်"

ခန္ဓာကိုယ်မဖောက်ခွဲမီ စည်းမျဉ်းသတ်မှတ်ခြင်းဖြစ်သည်။

ဖုန်ဒူနယ်မြေနှင့် မှော်စက်ဝန်းကိုလည်း မသေမျိုးအဆင့်သတ်မှတ်ပေးလိုက်သည်။

"ကဲ ဆက်သွားကြမယ်"

လက်သီးဖြင့် အားရအောင် ဒေါသဖွင့်ထုတ်ပြီးဖြစ်၍ အားလုံးကို ရှင်းလင်းအောင် သူအဆုံးသတ်ရမည်။

ဒုတိယအကြိမ်ခန္ဓာဖောက်ခွဲရန် နတ်မယ်တစ်ကိုယ်လုံး အရောင်တောက်ပလာသည်။ မြန်လွန်းသဖြင့် ယော်စိန့် စကားလုံးမှော်စွမ်းအား အသံထွက်ရွတ်ချိန်မရ။

စိတ်ထဲမှသာ အသံတိတ်ရွတ်နိုင်သည်။

"အတုမဲ့အကာအကွယ်"

မြူနက်များ စုစည်းလာသည်။ မသေမျိုးရွှေများ သူ့ခန္ဓာကိုယ်ကို တစ်လွှာပြီးတစ်လွှာ ရစ်ပတ်သည်။

သို့သော် အကျိုးမထူး။

ဒုတိယခန္ဓာဖောက်ခွဲမှုကြောင့် မြူနက်များလွင့်ပျောက်သွားသည်။ မသေမျိုးရွှေများပေါက်ကွဲသွားသည်။ ယော်စိန့်ခန္ဓာကိုယ်တွင် အခေါင်းပေါက်များအပြည့် ပွင့်ထွက်သွားသည်။

ချင်ဖုန်းဓားကမ္ဘာထဲမှလူများ အံ့အားသင့်နေသည်။ ယော်စိန့် မခုခံနိုင်၍မဟုတ်။ ပေါက်ကွဲမှုကြားတွင် ချင်ဖုန်းဓားက အကောင်းပကတိရှိနေသည်ကို သူတို့နားမလည်သောကြောင့်ဖြစ်သည်။

ပထမဖောက်ခွဲမှုကြောင့် လေဟာနယ်မသေမျိုးရတနာ သုံးမျိုးထက်မနည်း ပျက်စီးခဲ့သည်။

"ဝူယော်ရဲ့ ပစ္စည်းသွန်းပညာက ငါ့ထက်ပိုကောင်းနေလို့များလား"

ပစ္စည်းသွန်းဘိုးဘေးဟု နာမည်ကျော်သည့် ယင်ထန်မသေမျိုး အတော်ရင်နာသွားသည်။ သူ့ပညာက မျိုးဆက်သစ်မသေမျိုးတစ်ယောက်ထက် ညံ့နေသည်။

"-မင်းကို ဓာတ်ငါးမျိုးက စွန့်ပစ်လိုက်ပြီ"

ကောင်းကင်ကိုးပါးဆပွားမြေဆီ၊ ကောင်းကင်သစ်ပင်၊ ရေပျော့မြစ်၊ ကောင်းကင်မီးတောက်(နှင့် လေ)။ ဓာတ်မျိုးသန္ဓေစွမ်းအားများ ပေါ်လာသည်။ ဤတစ်ကြိမ်တွင် နတ်မယ်ကို အပြည့်အဝချုပ်နှောင်ရန် ကြိုးစားသည်။

သို့သော် အမြင့်ဆုံးစွမ်းအားကို ဘယ်တိုက်ခိုက်နည်းမှ မယှဉ်နိုင်။

ဓားငါးမျိုးမသေမျိုးလက်နက်များ မှော်လာပြီးနောက် စွမ်းအားမပြနိုင်မီ ခန္ဓာကိုယ်ဖောက်ခွဲမှုကြောင့် လုံးဝပျောက်ကွယ်သွားသည်။ မသေမျိုးအနှစ်သာရ လုံးဝပျောက်ကွယ်သွားသည်။

"-ပြန်လည်အားဖြည့်ခြင်း"

ယော်စိန့် စိတ်ထဲမှစကားလုံးများက ပြန်လည်အားဖြည့်ခြင်းအရိယဖလလို တန်းတူစွမ်းအားမျိုးရှိသည်။ သူဒဏ်ရာများ လျင်မြန်စွာပျောက်ကင်းလာသည်။

သို့သော် ဘယ်လောက်မြန်သည်ဖြစ်စေ နတ်မယ်၏ ဖောက်ခွဲမှုအမြန်နှုန်းကိုမမီ။

....

"ဖောက်ခွဲတာ ရပ်သွားပြီလား"

ခန္ဓာဖောက်ခွဲနေစဉ်အတွင်း ဘယ်သူမှမသေမျိုးအာရုံ ဖြန့်မကြည့်ရဲကြ။ ထိုအခြေအနေမျိုးတွင် ဘယ်မသေမျိုးအာရုံမဆို ကြေမွပျက်စီးသွားပေလိမ့်မည်။ ဘာမှမြင်ရမည်မဟုတ်။

ယခု ချင်ဖုန်းဓား တုန်ခါမှုရပ်သွားသဖြင့် အထဲမှလူအားလုံး ဝိညာဉ်အာရုံဖြန့်ကြသည်။

ယော်စိန့်သည် မသေမျိုးခန္ဓာမကျန်တော့သည်အထိ ပေါက်ကွဲသွားရုံမက ဝိညာဉ်သုံးခု၊ လိပ်ပြာခုနစ်ပါးနှင့် ဝိညာဉ်သန္ဓေပါ အပြင်းအထန်ပျက်စီးသွားသည်။

ပြားချပ်နေသည့် အိတ်တစ်လုံးလို ရှုံ့တွတုန်ရင်နေသည်။

"နတ်မယ်၊ တော်တယ်။ မင်းက သိပ်တော်ပါတယ်"

ယော်စိန့် အံတင်းတင်းကြိတ်ထားသည်။ သူ့အမူအရာက နာကျည်းရိပ်များပြည့်နေသည်။

ဤတိုက်ပွဲတွင် သူမရှုမလှရှုံးသည်။ ရှေးဟောင်းခေတ်က ထူးဆန်းသည့်အခြေအနေတစ်ခု၌ နတ်မယ်ရှိနေသောကြောင့် သူအောင်မြင်စွာလုပ်ကြံနိုင်ခဲ့ခြင်းလော။

သို့သော် ကိစ္စများက မပြီးဆုံးသေး။

"နတ်မယ်၊ မင်းတစ်ယောက်တည်း ခန္ဓာကိုယ်ဖောက်ခွဲနိုင်တယ်မထင်လိုက်နဲ့"

ယော်စိန့်၏ဝိညာဉ်ခန္ဓာလည်း ခုနကနတ်မယ်လိုပင် တောက်ပလာသည်။ ခန္ဓာကိုယ်ဖောက်ခွဲတော့မည်ဖြစ်ကြောင်း သိသာသည်။

"မဟုတ်တော့ဘူး။ သူထွက်ပြေးဖို့ ကြိုးစားနေတာ"

လုယန် အခြေအနေကိုနားလည်သဖြင့် ချက်ချင်းအော်ဟစ်လိုက်သည်။

ကူးဖြတ်ခြင်းအဆင့်တွင် ယော်စိန့် စကားလုံးမှော်ပညာဖြင့် သေဟန်ဆောင်၍ ထွက်ပြေးနိုင်ခဲ့သည်။ ယခု မသေမျိုးအဆင့်ဖြစ်၍ ထိုနည်းလမ်းကို သုံးနိုင်မည်မှာသေချာသည်။

လေဟာနယ်တစ်ခုတွင် စကားလုံးမှော်စည်းမျဉ်းနှစ်ခု သူတစ်ပြိုင်တည်းသုံးနိုင်သလားဟုပင် လုယန်သံသယဖြစ်မိသည်။ စည်းမျဉ်းတစ်ခုက သေဟန်ဆောင်ဖို့။ နောက်တစ်ခုက ထွက်ပြေးဖို့။

ယော်စိန့်အော်ဟစ်ရယ်မောနေသည်။ သူ့နည်းလမ်းများကိုသိလည်း သူတို့ဘာလုပ်နိုင်မည်နည်း။ တန်ပြန်ရင်ဆိုင်စရာ နည်းလမ်းရှိသလော...

"ဒီလောက်ကျယ်ပြန့်တဲ့လောကမှာ ငါမသွားနိုင်တဲ့နေရာရှိလို့လား။ ငါ့ကိုဖမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ယွမ်ကျိ ပေါင်းစပ်ခြင်းအဆင့်ကို မြန်မြန်တက်ဖို့ပဲ။

ယွမ်ကျိ၊ အဲဒီ့အဆင့်ကို မင်းတက်ရဲလား"

သူ့ကို ခန္ဓာကိုယ်ဖောက်ခွဲပြီး ထွက်ပြေးခွင့်ပေးရမည်။ သို့မဟုတ် ယွမ်ကျိ ပေါင်းစပ်ခြင်းအဆင့်တက်၍ ကိုယ်တိုင် ကောင်းကင်ဖြစ်လာပြီး သူရှိသည့်နေရာကို ခြေရာခံရမည်။

သူ့ကိုအထင်အမြင်သေးသည့် ယွမ်ကျိသဘောထားကြောင့် သူဒေါသထွက်သည်။ သူ့ကို ထိုမျှလွယ်လွယ် ထိန်းချုပ်နိုင်မည် ထင်နေသလားမသိ။

ရွေးချယ်စရာနှစ်ခုတွင် ယွမ်ကျိ ဘာရွေးချယ်မည်ကို သူသိချင်သည်။

ယွမ်ကျိက ယော်စိန့်စကားကို အရေးမစိုက်။ ထိုအခြေအနေကြုံလာလျှင် ဘယ်လိုဖြေရှင်းမည်ကို တိုက်ခိုက်နေစဉ်က နတ်မယ်နှင့် ကြိုတင်တိုင်ပင်ပြီးဖြစ်သည်။

ထိုခဏမှာပင် နတ်မယ်က ရုတ်တရက် ပေါက်ပြားတစ်ခု နောက်ဘက်မှဆွဲထုတ်ပြီး ယော်စိန့်ခေါင်းကို ရိုက်လိုက်သည်။ နည်းနည်းသာ အရာထင်သွားသည်။

သို့သော် ယော်စိန့်မျက်နှာတွင် ထိတ်လန့်သည့်အမူအရာ ပေါ်လာသည်။

"ဒါ...ဒါက.."

ပေါက်ပြားပုံစံက ထူးထူးခြားခြားမရှိ။ ဘာအဆင်တန်ဆာမှမပါသည့် လယ်သမားသုံးပစ္စည်းမျိုးသာဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လုယန် ထိုပေါက်ပြားကို မြင်ခဲ့ဖူးသည်။ ပေါက်ပြားပိုင်ရှင်က သူ့ဘေးတွင် ရပ်နေသည်။

လုယန် ကျန်းပင်ကျန်းကို လှည့်ကြည့်သည်။

"အဲဒါ ခင်ဗျားသုံးတဲ့ ပေါက်ပြားမဟုတ်လား"

လယ်သမားပုံစံပေါက်နေသည့် ကျန်းပင်ကန်းက ခပ်ညှင်းညှင်းရယ်လျက်

"အဲဒါ ပေါက်ပြားမဟုတ်ပါဘူး။ ထိုက်ရှန်းဓားပါ"

"ထိုက်ရှန်းဓားပေါ့"

လုယန် ပြန်သတိရလာသည်။ ချင်းကျိုးပွဲတော်တွင် တပ်မှူးယွီ၏ ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူက တိုက်ခိုက်သည်။ ချင်းကျိုးနယ်စားက ထိုက်ရှန်းဓားကိုယ်ပွားပုံရိပ်သုံး၍ တိုက်ခိုက်သည်။

ကူးဖြတ်ခြင်းအဆင့်ကျင့်ကြံသူ၏ စည်းမျဉ်းများ အသက်မဝင်အောင် တားဆီးနိုင်ခဲ့သည်။

ဓားကိုယ်ပွားအရိပ်ပင် ထိုစွမ်းအားမျိုးရှိလျှင်..

"ထိုက်ရှန်းဓားရဲ့ စွမ်းရည်အစစ်က အရိယဖလကို အသက်မဝင်အောင်တားဆီးနိုင်တာလား"

ကျန်းပင်ကန်းက အလိုက်သင့်ပြုံး၍

"အဲလောက်လည်းမဟုတ်ပါဘူး။ ရန်သူရဲ့စွမ်းအားအပေါ်မူတည်တယ်။ ရန်သူစွမ်းအားကြီးလေ အသက်မဝင်အောင်တားဆီးနိုင်တဲ့အချိန်က တိုလေပဲ။ ဒီယော်စိန့်က အရမ်းစွမ်းအားကြီးတော့ ခန့်မှန်းခြေ ငါးစက္ကန့်လောက်ပဲ ထိန်းနိုင်မယ်ထင်တယ်"

လုယန် မျက်လုံးစွေ၍ကြည့်သည်။ မသေမျိုးတိုက်ပွဲတွက် စက္ကန့်ဝက်စာအချိန်ကွာလျှင်ပင် အရှုံးအနိုင်ကွဲပြားနိုင်သည်။

အရိယဖလကို ငါးစက္ကန့်ကြာအောင်တာနိုင်သည့်အစွမ်းက တကယ်ကြောက်စရာကောင်းသည်။

ထိုက်ရှန်းဓားရှိသော်လည်း ကျန်းပင်ကန်းသည် တိုက်ခိုက်ရေးတွင် တကယ်မကျွမ်းကျင်။ ထို့ကြောင့် တိုက်ခိုက်ရေးကျွမ်းကျင်သူကို ငှားလိုက်ခြင်းဖြစ်သည်။

"ဒါပေမယ့် ဘာလို့ ထိုက်ရှန်းဓားက ပေါက်ပြားပုံစံဖြစ်နေတာလဲ"

လုယန်မေးလိုက်သည်။ အာနိသင်ကိုသာမသိလျှင် ထိုပေါက်ပြားကို ထိုက်ရှန်းဓားဟု ဘယ်သူမှထင်မိမည်မဟုတ်။

တစ်ခြားမသေမျိုးများလည်း ထိုအကြောင်းရင်းကို သိချင်ကြသည်။

ကျန်းပင်ကန်းက မျက်ခွံလှန်၍ကြည့်သည်။ အကြောင်းရင်းက ရိုးရှင်းသည်။

"ငါ့ထိုက်ရှန်းဓားဟာ အန္တရာယ်များမှန်း လူတိုင်းသိတယ်။ ဒီတော့ ငါသာပေါ်တင်သုံးရင် ရန်သူကို သတိပေးသလိုဖြစ်နေမှာပေါ့"

"ဒါဆိုလည်း ဘာလို့ပေါက်ပြားမဟုတ်ဘဲ တစ်ခြားပုံစံတစ်ခုခုပြောင်းမထားတာလဲ"

"ထိရောက်မှုရှိတာကို မင်းလည်းအခုမြင်သားပဲလေ။ ယော်စိန့်က ဒါကိုထိုက်ရှန်းဓားမှန်းတောင် မသိဘူး"

ခန္ဓာကိုယ်ဖောက်ခွဲသည့်ဖြစ်စဉ်သည် ပြန်နောက်ဆုတ်၍မရ။ ယော်စိန့်က စကားလုံးမှော်အရိယဖလစွမ်းအားကို မသုံးနိုင်တော့။ ထွက်ပြေးဖို့ မဖြစ်နိုင်တော့မှန်း သူသိသည်။

ထို့ကြောင့် သူ့ခန္ဓာကိုယ် အရောင်တောက်လာသည်ကိုသာ စိတ်ပျက်လက်ပျက်ကြည့်နေရသည်။

"ဘုန်း"

မြူမှုန်နှင့်မီးခိုးများအဖြစ် ပြောင်းသွားသည်။

********************************

All Chapters