အခန်း ၁၂၅၄
Vol. 84 Ch. 1254
အခန်း (၁၂၅၄) ငါနဲ့ဆိုင်လို့လား
အရိုးရိုင်း အတွေးနစ်နေချိန်တွင် ပေါက်ပြားကိုင်ထားသည့် လယ်သမားအိုတစ်ယောက် သူ့ဆီလျှောက်လာပြီး ပြုံးပြသည်။
"မင်းက အရိုးရိုင်းလား"
ကျုန်းရှန်တွင်းနက်ထဲတွင် ရှိနေသူအားလုံး ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြောင်း အရိုးရိုင်းသိသည်။ မရိုမသေမလုပ်ရဲ။
"ခင်ဗျားက ဘယ်သူလဲဗျ"
ကျန်းပင်ကန်းက ပြန်မဖြေဘဲ အရိုးရိုင်းကို ခြေဆုံးခေါင်းဆုံးကြည့်သည်။
"မဆိုးဘူး၊ မဆိုးဘူး၊ တာအိုလမ်းစဉ်ဂိုဏ်းကလူတွေ အရာရှိရာထူးမယူတာ အတော်ကြာပြီ။ မင်းက ဒီလောက်မြန်မြန် ရာထူးတိုးလာတယ်ပေါ့။
မဟာရှားဟာ ရေသေအိုင်လိုဖြစ်နေတယ်။ စွမ်းစွမ်းတမံ ဆောင်ရွက်တဲ့ မင်းလိုလူမျိုးတွေ လိုနေပြီ။ ကောင်းကောင်းကြိုးစားပါ။ ငါမင်းကို အများကြီးမျှော်လင့်ထားတယ်"
ထိုသို့ပြောပြီးနောက် ကျန်းပင်ကန်း နေရာမှချက်ချင်းပျောက်သွားသည်။ မသေမျိုးတစ်ယောက်၏ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းခြင်းဖြစ်သည်။
"အာ..ဟုတ်ကဲ့"
ထိုအဘိုးအို ဘာပြောသွားသည်ကို အရိုးရိုင်း လုံးဝနားမလည်။
"အကိုလု၊ ဒီလူကဘယ်သူလဲ"
လုယန်က လက်တစ်ဘက်ဝှေ့ယမ်းလျက်
"ဘာမှသိပ်ထူးခြားတဲ့လူ မဟုတ်ပါဘူး။ သူ့ရာထူးက နိုင်ငံအကြံပေးဝန်ကြီးဆိုတဲ့ ငါ့လောက်တောင်မမြင့်ဘူး"
အရိုးရိုင်း ဖုန်ဒူမြေသို့ပြန်သွား၍ အပြင်ဘက်မှအခြေအနေကို အားလုံးသိအောင် ပြောပြသည်။
"ကျုန်းရှန်ပြည်နယ် ပျက်စီးသွားပေမယ့် စိတ်မပူကြပါနဲ့။ ပြည်နယ်ရုံးတော်ကို ကျုပ်လွှဲယူယူချင်း ရွှေစီးပွားကုန်သည်အသင်းကနေ ကျုန်းရှန်ပြည်နယ်အတွက် အာမခံဝယ်ထားပါတယ်။
ကျုန်းရှန်ကို သူတို့အပြည့်အဝ ပြန်ပြီးတည်ဆောက်ပေးပါလိမ့်မယ်"
ကျုန်းရှန်၏ ထိပ်တန်းအရာရှိများ အချင်းချင်း မျက်လုံးဖြင့်စကားပြောကြသည်။ ပြည်နယ်တရားသူကြီး၏ ဆုံးဖြတ်ချက်ကို လေးစားနေကြသည်။
ပြည်နယ်တစ်ခုလုံး အာမခံဝယ်သည့်စရိတ်သည် နည်းသည်မဟုတ်။ အရိုးရိုင်း ရာထူးယူပြီးနောက် ပြည်နယ်ရန်ပုံငွေဖြင့် အာမခံစာချုပ် ချက်ချင်းတန်းဝယ်ခဲ့သည်။ ဝေဖန်ကန့်ကွက်သူ များစွာရှိခဲ့သည်။
ယခု ထိုဆုံးဖြတ်ချက် အလွန်တရာမှန်ကန်ကြောင်း မငြင်းဆန်နိုင်သည့်အမှန်တရားက သက်သေခံနေသည်။
"ပြည်နယ်သခင်က မခန့်မှန်းနိုင်လောက်အောင် အတွေးနက်ရှိုင်းတာပဲ"
အရိုးခံအပြုံးမျက်နှာရှိသည့် ပြည်နယ်သခင်ကိုကြည့်ရင်း ကျုန်းရှန်ထိပ်တန်းအရာရှိများ လေးစားမိကြသည်။ ကြက်သီးလည်းထမိသည်။
တကယ်ဟန်ဆောင်ကောင်းသည်။ မှန်သည်၊ အရင်ပြည်နယ်သခင်သုံးယောက်ကို ဆက်တိုက်ရှင်းလင်းခဲ့သည့်လူသည် ထင်ရသလောက် ဘယ်ရိုးရှင်းနိုင်မည်နည်း။
သူတို့ ဖုန်ဒူမြေကိုဝင်ဝင်ချင်း ကိုးငရဲဂိုဏ်းနှင့် နေမင်းဂိုဏ်းက ပြည်နယ်သခင်ကို အညံ့ခံကြသည်မှာ မယုံနိုင်စရာကိစ္စမျိုးဖြစ်သည်။ ထိုသို့ဖြစ်လာအောင် ပြည်နယ်သခင် ဘယ်လိုစွမ်းဆောင်ခဲ့သည်ကို သူတို့လုံးဝနားမလည်။
သတင်းကြားပြီးနောက် သူခိုးဘုရင် ရင်ဘတ်ကိုဖိရင်း သတိလစ်သွားသည်။ နတ်သခင်နှစ်ယောက်က လဲမကျအောင် ထိန်းပေးထားသဖြင့် တော်သေးသည်။
သူခိုးဘုရင်ကို ကျေးဇူးတင်စကားပြောဖို့ အရိုးရိုင်းရောက်လာသည်။ သူခိုးဘုရင် သတိလစ်နေသည်ကို မြင်ရသည်။ အစောပိုင်းက တိုက်ပွဲကြောင့် ဒဏ်ရာရခဲ့ခြင်းဖြစ်မည်ဟု သူတွေးလိုက်သည်။
နတ်သခင်နှစ်ယောက် ပြုစုမှုကြောင့် သူခိုးဘုရင် တဖြေးဖြေးပြန်သတိရလာသည်။
ယခုလို စောစောစီးစီး ထိုမျှဝမ်းနည်းမနေသင့်ဟု သူခိုးဘုရင်တွေးမိသည်။ သူသည် အကျဉ်းသားတစ်ယောက်ဖြစ်၍ ထောင်ထဲတွင် လေးငါးခြောက်နှစ်လောက် နေရဦးမည်။ ကုန်သည်အသင်းက လောလောဆယ်သူ့ကို တာဝန်ခံခိုင်းဦးမည်မဟုတ်။
သတိပြန်ရလာပြီးနောက် အရိုးရိုင်း၏ အပြုံးမျက်နှာကို သူမြင်ရသည်။
အရိုးရိုင်းက သူခိုးဘုရင်လက်ကိုကိုင်၍ စိတ်အားထက်သန်စွာ ဂုဏ်ပြုစကားဆိုသည်။
"သူခိုးဘုရင်အကြီးအကဲ။ ခင်ဗျားကို သတင်းကောင်းပြောစရာရှိတယ်။ အခုခင်ဗျားကို ပြစ်ဒဏ်လွတ်ကင်းခွင့် ပေးလိုက်ပါပြီ"
ယင်အရိပ်လူသားများနှင့်တိုက်ပွဲ၍ သူခိုးဘုရင်က ရဲဝံ့စွာတိုက်ခိုက်၍ ထူးထူးခြားခြား အကျိုးဆောင်ခဲ့သည်။ ကျုန်းရှန်ထိပ်တန်းအရာရှိများအားလုံး တစ်ညီတစ်ညွတ်တည်း သဘောတူညီချက်အရ သူခိုးဘုရင်ကို လွှတ်ပေးလိုက်သည်။
အံ့ဩစရာသတင်း ကြားလိုက်ရသဖြင့် သူခိုးဘုရင် နောက်တစ်ကြိမ် သတိလစ်သွားသည်။
ကုန်သည်အသင်းက ဆုံးရှုံးသွားသည့်အိမ်များ ပြန်တည်ဆောက်ပေးမည်ဟု ကြားရသဖြင့် ကျုန်းရှန်ပြည်နယ်မှလူများ စိတ်သက်သာရာရသွားကြသည်။ တိုက်ပွဲအကြောင်းပင် အေးအေးလူလူ ပြောဆိုနေကြသည်။
"ဂိုဏ်းသခင်လုနဲ့ စီချန်နတ်သခင်က ငါတို့ပြည်နယ်ကို ဘာမှမကျန်တဲ့ တွင်းနက်ကြီးတစ်ခုဖြစ်သွားအောင် ဘယ်လိုများလုပ်ခဲ့လဲမသိဘူးနော်"
သူတို့အမြင်တွင် လုယန်နှင့်စီချန် ဖုန်ဒူတွင်တိုက်ခိုက်နေရာမှ အပြင်လောကသို့ရောက်သွားသည်။ ထို့နောက် ပြည်နယ်ပျက်စီးသွားသည့်သတင်းကြားရသည်။
ချီလင်မသေမျိုး၊ အင်ပါယာချန်နှင့် ဖြစ်ခဲ့သည့် မသေမျိုးတိုက်ပွဲများအကြောင်း သူတို့ဘာမှမသိ။
လုယန် "..."
ဒီကအပြစ်မရှိတဲ့လူကို လျှောက်မစွပ်စွဲနဲ့။ ဒီကိစ္စက ငါနဲ့ဘာဆိုင်လို့လဲ။ ငါက ကျန်းရှန်ရဲ့ အုတ်ခဲတစ်ချပ်တောင် မထိခဲ့ဘူး...
ထွက်သွားတော့မည့်အကြောင်း အရိုးရိုင်းကို အသိပေးပြီးနောက် လုယန် မုန်ကျင်းကျိုးကို အကြံပေးသည်။
"လောင်မုန်၊ ငါက ဗုဒ္ဓနိုင်ငံကို ခရီးထွက်ရမှာ။ ကျုန်းရှန်မှာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ အများကြီးလုပ်ဖို့လိုတယ်။
အခုချိန်မှာ ညီလေးအရိုးရိုင်းအတွက် အကူအညီလိုတယ်။ မင်းဒီမှာနေပြီး သူ့ကိုကူညီပေးလိုက်ပါ"
"လုပ်ပေးရမှာပေါ့"
မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။ လုယန်မပြောလည်း သူဆက်နေမည်သာဖြစ်သည်။
"ငါစဉ်းစားကြည့်တယ်။ တိုက်ပွဲမှာတုန်းက အမယွမ်ရဲ့မျက်နှာဟာ ထူးဆန်းနေတယ်။ ခံစားချက်တွေများနေသလိုပဲ။ လောင်လု၊ အဲဒါဘာကြောင့်လဲသိလား"
မုန်ကျင်းကျိုး အတော်ကြာအောင်စဉ်းစားသော်လည်း သူမြင်ခဲ့သည့်မြင်ကွင်းကို စဉ်းစားမရ။
အမယွမ်အမူအရာက ခံစားချက်ခုနစ်မျိုးအရိယဖလနှင့် ရိုက်ခံထားရသလိုဖြစ်နေသည်။
လုယန်တွေးသည်။
အမယွမ်က ခံစားချက်များရုံလောက်မဟုတ်ဘူး..မင်းသာအသက်စွန့်ပြီး နောက်ထပ်ခေါင်းပြူကြည့်ခဲ့ရင် အမယွမ် ခန္ဓာကိုယ်ဖောက်ခွဲတာကိုပါ မြင်ရမှာ...
"သူ့ခန္ဓာကိုယ်ကို အမယွမ်က ဝင်ပူးကပ်ထားတာပါ"
"ဪ"
...
လုယန်ထွက်သွားပြီးနောက် သူခိုးဘုရင်ကို ကျုန်းရှန်အကျဉ်းထောင်မှ လွှတ်လိုက်သည်။
ကျန်းရှန်ပြည်နယ် တွင်းနက်တစ်ခုဖြစ်သွားသည့်မြင်ကွင်းကိုကြည့်၍ သူမျက်ခုံးလှုပ်နေသည်။ အမြန်နှုန်းအရိယဖလသန္ဓေကို ချက်ချင်းအသွင်းပြီး ကျိန်စာသင့်နေသည့်နေရာမှ ပြေးထွက်ခဲ့သည်။
"ဥက္ကဌ၊ ပြန်ရောက်လာပြီလား"
အတွင်းရေးမှူး အံ့အားသင့်သွားသည်။ သူတို့ဥက္ကဌ ထိုမျှဒေါသထွက်နေသည်ကို တစ်ခါမှမမြင်ဖူး။ လူတစ်ယောက်ကို အစိမ်းလိုက်ဝါးတော့မလို ဖြစ်နေသည်။
"ကျန်းရှန်ပြည်နယ်ကို ငါတို့ အာမခံရောင်းလိုက်တာလား"
"ဟုတ်ပါတယ်"
"အန္တရာယ်ဖြစ်နိုင်ခြေအကဲဖြတ်အစီရင်ခံစာကို မြန်မြန်ယူခဲ့။ ဒီလောက်ကြီးမားတဲ့အန္တရာယ်ကို ဘယ်လိုများအကဲဖြတ်လိုက်ကြတာလဲ"
အတွင်းရေးမှူး အချိန်မဆွဲရဲ။ အစီရင်ခံစာမှတ်တမ်းကို အမြန်ပြေးယူသည်။ သူခိုးဘုရင်က နောက်ဆုံးစာမျက်နှာထိ တန်းလှန်ပြီး မှတ်ချက်ကိုကြည့်သည်။
အန္တရာဖြစ်နိုင်ခြေ - အလွန်နိမ့်။
အစီရင်ခံစာတွင် ဝါရင့်ခုနစ်ယောက်၏ စုံစမ်းစစ်ဆေးမှုဖြစ်စဉ်ကို အသေးစိိတ်ဖော်ပြထားသည်။ ကျုန်းရှန်ပြည်နယ် သမိုင်းကြောင်းနှင့် ဒေသဓလေ့များမှစ၍ အသစ်ခန့်အပ်လိုက်သည့် ပြည်နယ်တရာသူကြီးအရိုးရိုင်း၏ စရိုက်သဘာဝအထိ အတော်စုံလင်သည်။ ဟာကွက်တစ်ခုမှမရှိ။
သူခိုးဘုရင် မတ်တပ်ထရပ်သည်။ ယခု ထွက်ပြေးခြင်းက ပိုကောင်းသည်။
မသေမျိုးတစ်ဝက်အဆင့်ရောက်လာပြီဖြစ်၍ လောကတွင် သူမသွားနိုင်သည့်နေရာ ဘယ်မှာရှိမည်နည်း။
"ရှောင်ဝမ်၊ အဘိုးကြီးကိုတွေ့ရင် ဒီဥက္ကဌရာထူးကို တစ်ခြားတစ်ယောက်ကို ပေးလို့ရတယ်လို့ ပြောလိုက်ပါ"
"မင်းက ဘယ်ကိုပြေးဖို့ စဉ်းစားနေတာလဲ"
ခြေတစ်ချောင်းတည်းရှိသည့် အဘိုးအိုတစ်ယောက်က လမ်းလျှောက်တုတ်ဖြင့် တံခါးကိုတွန်းဖွင့်၍ ဝင်လာသည်။ ဆံပင်ရော မုတ်ဆိတ်ပါ ဖြူဖွေးနေသည်။ သိပ်သည်းသည့်မျက်ခုံးဖြူများက သူ့မျက်လုံးကို ဖုံးကွယ်ထားသည်။
...သူခိုးဘုရင်မျက်နှာ ဖြူရော်သွားသည်။ ဘာကြောင့် ထိုအဘိုးကြီး ယခုလိုချိန် ပေါ်လာသည်မသိ။
"ဘာရယ်မဟုတ်ပါဘူး။ ကျုပ်ဥက္ကဌလုပ်ခဲ့တာ အတော်ကြာပြီလေ။ ဒီရာထူးရဲ့ ဝန်ထုပ်ဝန်ပိုးကြောင့် ကျုပ်ပါရမီတွေ ကန့်သတ်ထားသလိုဖြစ်နေတယ်။ အပြင်ထွက်ပြီး လမ်းလေးဘာလေးလျှောက်ချင်လို့ပါ"
သူခိုးဘုရင် ကြိုးစားပြုံး၍ စကားပြောရင်း နောက်သို့ဆုတ်နေသည်။ ထို့နောက် သူခိုးဘိုးဘေးမျက်နှာအလွှဲတွင် ပြတင်းပေါက်ကိုရိုက်ချိုး၍ သူထွက်ပြေးသည်။
သူခိုးဘိုးဘေး၏မျက်ခုံးများ မြင့်တက်သွားသည်။ မှုန်ရီနေသည့် သူ့မျက်လုံးတွင် အလင်းရောက်တစ်ချက်ပေါ်လာသည်။
"တော်သားပဲကောင်လေး၊ အတော်တိုးတက်လာတာပဲ။ အမြန်နှုန်းအရိယဖလ တည်ဆောက်နိုင်ပြီပေါ့"
မကြာမီ သူခိုးဘိုးဘေးက သူခိုးဘုရင်ကိုဖမ်း၍ ပြန်ခေါ်လာသည်။
တက်သစ်စမသေမျိုးတစ်ဝက်နှင့် ဝါရင့်မသေမျိုးတစ်ဝက်ကြား ကွာဟချက်ရှိနေသေးကြောင်း သက်သေခံနေသည်။
"အားလုံးအဆင်ပြေနေတဲ့အချိန်မှာ မင်းကဘာလို့ထွက်ပြေးတာလဲ"
သူခိုးဘိုးဘေးက မေးသည်။ သူစဉ်းစားမရ။
...ငါ့ကိုမြင်ရုံနှင့်ထွက်ပြေးရအောင် မင်းကအမြန်နှုန်း'အရိယဖလ'ရှိလို့လား...
သူခိုးဘုရင် ရွေးစရာမရှိတော့သဖြင့် ကျုန်းရှန်ပြည်နယ် အာမခံရင်းနှီးမှု ဆုံးရှုံးသွားကြောင်း ပြန်ပြောလိုက်သည်။
သူ့စကားနားထောင်နေပြီးနောက် သူခိုးဘိုးဘေးက ဆူပူကြိမ်းမောင်းသည်။
"ဒါက ကောင်းတဲ့ကိစ္စပဲလေ။ မင်းကဘာလို့ပြေးတာလဲ"
"ဘယ်လို"
သူခိုးဘုရင် အူကြောင်ကြောင်ဖြစ်သွားသည်။ ဘာကိုကောင်းသည်မသိ။
"စဉ်းစားကြည့်ပါ။ ကျုန်းရှန်ပြည်နယ်သာ ငါတို့ဆီမှာ အာမခံဝယ်မထားရင် သူတို့ရှိသမျှပုံအောပြီးသုံးရင်တောင် ဒီတွင်းနက်ကို ဖြည့်နိုင်မှာမဟုတ်ဘူး။
အရိုင်းနယ်မြေနဲ့ ရှားရုံးတော်က ရန်ပုံငွေတွေ ခွဲပေးရတော့မယ်။ ပြည်နယ်သခင်ရဲ့ စွမ်းဆောင်ရည်အကဲဖြတ်ချက်လည်း ကျဆင်းသွားမယ်။
ဒါပေမယ့် သူတို့က ငါတို့ဆီ အာမခံဝယ်ထားတော့ ဘာမှမဆုံးရှုံးတော့ဘူး။ အရိုင်းနယ်မြေနဲ့ ရှားရုံးတော်လည်း ငွေကုန်သက်သာသွားတယ်။
အရိုင်းနယ်မြေနဲ့ ရှားရုံးတော်က ပြည်နယ်သခင်အရိုးရိုင်းအပေါ် ဘယ်လိုအကဲဖြတ်ကြမလဲ။ သူ့အနာဂတ်တိုးတက်လမ်းက အကန့်အသတ်မရှိတော့ဘူး။
ဒီကိစ္စက မယုံနိုင်လောက်အေင် အောင်မြင်ခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုပဲ။ ဒီကိစ္စမှာ အများမြင်သာထင်သာဖြစ်အောင် ငါတို့ဘက်က ပိုပြီးဖြည့်ဆည်းပေးရမှာ။
ကျုန်းရှန်မှာဖြစ်သွားတာက ထင်မှတ်မထားတဲ့ကိစ္စပါ။ တစ်ခြားပြည်နယ်အရာရှိတွေကရော သူတို့ပြည်နယ်မှာ ဒါမျိုးမဖြစ်ဘူးလို့ အာမခံနိုင်လို့လား။ ဘယ်အာမခံနိုင်မလဲ။
ဒီတော့ သူတို့လည်း ငါတို့ဆီမှာ အာမခံလာဝယ်ကြမယ်လေ။ တကယ့်အချီကြီးပဲ"
*******************************