← Chapters

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အခန်း ၁၂၅၅

Vol. 84 Ch. 1255

အခန်း (၁၂၅၅) အင်ပါယာ၊ ခင်ဗျားကိုလည်းဖမ်းလိုက်ပြီ

တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတစ်ဂိုဏ်းလုံး ကျုန်းရှန်ပြည်နယ်သို့ရောက်လာသည်။ တွင်းနက်ကြီးကိုစိုက်ကြည့်၍ အတော်ကြာအောင်အသံတိတ်သွားသည်။

"ဒါက ကျုန်းရှန်ပြည်နယ်မဟုတ်လား"

ထုံစံအတိုင်း နောက်ဆက်တွဲပြုပြင်မွမ်းမံမှုလုပ်ငန်းအတွက် သူတို့ဂိုဏ်းက တာဝန်ယူရသည်။ သို့သော် ယခုတာဝန်ယူနိုင်စွမ်းထက် ကျော်လွန်နေသည်။

အရိုးရိုင်းနှင့် သူ့သက်တော်စောင့်မုန်ကျင်းကျိုး ဖုန်ဒူနယ်မြေမှ အပြေးထွက်လာသည်။

"နောက်ကျသွားတာ တောင်းပန်ပါတယ်။ အကျဉ်းအသားအရေအတွက် စစ်ဆေးနေရလို့ပါ။ ဒါက ဂိုဏ်းချုပ်ခုန်ဖြစ်မယ်ထင်တယ်။ ကျုပ်က အရိုးရိုင်းပါ"

အရိုးရိုင်းသည် တာအိုလမ်းစဉ်ဂိုဏ်းတပည့်ဖြစ်သော်လည်း ယခု ပြည်နယ်သခင်အနေဖြင့် ဂိုဏ်းချုပ်ခုန်ကို တွေ့ဆုံနေခြင်းဖြစ်၍ သူတို့နှစ်ယောက် အဆင့်တူဟု သတ်မှတ်နိုင်သည်။

"ဂိုဏ်းချုပ်ခုန်၊ အကိုဖန်ကျင်း၊ ဂိုဏ်းညီအကိုမောင်နှမတို့။ မတွေ့ရတာကြာပြီနော်"

မုန်ကျင်းကျိုးက အားလုံးကို နှုတ်ဆက်သည်။ တောင်ရွှေ့ပင်လယ်ဖြည့်ဂိုဏ်းတွင် ခဏလေ့လာသင်ယူခဲ့ဖူးသဖြင့် ရောက်လာသည့်လူတိုင်းကို သူသိသည်။

"ညီလေးအရိုးရိုင်း"

ဖန်ကျင်း အတော်အံ့အားသင့်သွားသည်။

မင်းကဘာလို့ နေရာတိုင်းရောက်နေတာလဲ...

"ညီလေးလုယန်ရော ဒီမှာရှိတာလား"

"သူဒီမှာမရှိပါဘူး"

ဖန်ကျင်းက မုန်ကျင်းကျိုးကို ထူးဆန်းသည့်အကြည့်ဖြင့်ကြည့်သည်။

....

ယွမ်ကျိက အင်ပါယာချန်နှင့် နတ်သခင်နှစ်ယောက်ကို တာအိုလမ်းစဉ်ဂိုဏ်းသို့ ခေါ်လာသည်။

"ဒါက အကျဉ်းထောင်တောင်ထိပ်လား"

အင်ပါယာချန် မျက်လုံးကိုပွတ်၍ မယုံနိုင်အောင်ဖြစ်သွားသည်။

တောင်ထိပ်တစ်ခုလုံး မသေမျိုးရွှေဖြင့်လုပ်ထားသည်။ အနားကပ်လာရုံဖြင့် ဖိအားကိုခံစားရသည်။ မသေမျိုးအဆင့်လက်ရာဖြစ်ကြောင်း သေချာသည်။

အကျဉ်းထောင်တောင်ထိပ်က ကျင့်စဉ်စွမ်းအားထိန်းချုပ်နိုင်သည့် သန့်စင်သည့်မသေမျိုးရွှေဖြင့် တည်ဆောက်ထားသည့် မသေမျိုးအဆင့်အကျဉ်းထောင်တစ်ခုဖြစ်နေသည်။

တာအိုလမ်းစဉ်ဂိုဏ်း၏ ခမ်းနားထည်ဝါမှုက တရားလွန်လွန်းသည်။

သို့သော် ထိုမသေမျိုးရွှေအကျဉ်းထောင်ကို အတော်ရင်းနှီးနေသလို သူခံစားရသည်။ သူ့မသေမျိုးနန်းတော်တွင်သုံးခဲ့သည့် မသေမျိုးရွှေများနှင့် ထပ်တူနီးပါးတူနေသည်။

ဤအကျဉ်းထောင်တောင်ထိပ်ကို ကျူးထန်က ဇီဇိုင်းဆွဲသည်။ ကိုးဆမသေမျိုးက မသေမျိုးမီးတောက်ပေး၍ ယင်ထန်က ပစ္စည်းသွန်းပညာဖြင့် အားစိုက်ဖန်တီးသည်။ မဟာချန်မသေမျိုးနန်းတော်မှ ပစ္စည်းများကိုသုံးသည်။

ထိပ်တန်း မသေမျိုးအဆင့်လက်ရာတစ်ခုဖြစ်သည်။

အကျဉ်းထောင်သစ်တည်ဆောက်ရသည့် မူလရည်ရွယ်ချက်က အကျဉ်းသားများ လွတ်လပ်စွာသွားလာနိုင်စေရန် နေရာကျယ်ကျယ်ဖန်တီးပေးလိုခြင်းဖြစ်သည်။

အရင်က အကျဉ်းသားများကို အကျဉ်းခန်းများထဲတွင် ပိတ်လှောင်ထားရသည်။ ယခု ပုံမှန်အတိုင်း အပြင်ထွက်၍ လွတ်လပ်စွာလှုပ်ရှားနိုင်သည်။ ထို့ကြောင့် အကျဉ်းထောင်သစ်က ပို၍သက်ဝင်လှုပ်ရှားလာသည်။

"လေဟာနယ်အဓိပဓိ၊ မင်းက မဟာယုနဲ့ရပ်တည်နေပေမယ့် မဟာယုကိုယ်တိုင်ဖျက်ဆီးခဲ့တဲ့လူပါ။ မဟာယုအဖွဲ့မှာ မင်းကိုအမြင်ကြည်မယ့်လူ များများမရှိနိုင်ဘူး"

အကျဉ်းထောင် ထောင့်ကွေးတစ်နေရာတွင် သခင်စီချန်းက ကူးဖြတ်ခြင်းအဆင့်တစ်ချို့ကိုဦးဆောင်၍ လေဟာနယ်အဓိပဓိက စည်းရုံးဖို့ကြိုးစားနေသည်။

"အထူးသဖြင့် နိယာမသခင်ပေါ့။ သူဝါစဉ်ကြီးတာကို အကြောင်းပြပြီး မင်းကိုအမိန့်တွေပေးတယ်။ တန်းတူလိုမဆက်ဆံဘူး။ ဒီလိုကြားရတာ မင်းကိုယ်စား ငါမကျေနပ်ဘူးကွ"

စီချန်း ခေါင်းခါနေသည်။

အနာပေါ်တုတ်ကျသွားသဖြင့် လေဟာနယ်အဓိပဓိ မျက်နှာတင်းသွားသည်။

"စီချန်း၊ မင်းကဘာကိုပြောချင်တာလဲ"

"ငါတို့မဟာချန်တွေအတွက် မင်းသူလျှိုလုပ်ပါလား။ မင်းဘာမှ သိပ်လုပ်စရာမလိုဘူး။ မင်းတို့အစီအစဉ်တစ်ချို့ ငါတို့ကိုပြောပြရုံပါပဲ။ ငါတို့မဟာချန်တွေ အကျဉ်းထောင်ကိုထိန်းချုပ်နိုင်တာနဲ့ မင်းကိုကောင်းကောင်းဆုချီးမြှင့်မှာပါ"

"ဖွီး၊ စိတ်ကူးယဉ်မနေနဲ့ကွ။ မဟာယုကို ငါဘယ်တော့မှသစ္စာမဖောက်ဘူး"

လေဟာနယ်အဓိပဓိက စီချန်းမျက်နှာကို တံတွေးထွေးလိုက်သည်။

စီချန်းက အပြုံးမပျက်ဘဲ မျက်နှာပေါ်မှတံတွေးများကိုသုတ်သည်။ သို့သော် သူ့မျက်နှာချက်ချင်းတင်းမာခက်ထန်လာသည်။

"စေတနာနဲ့ပြောတာကို ကျေးဇူးကန်းတဲ့ကောင်။ ချကြဟေ့"

သူခေါ်လာသည့် ကူးဖြတ်ခြင်းအဆင့်များက လေဟာနယ်အဓိပဓိကို မြေပေါ်ရိုက်ချပြီး ထိုးကြိမ်ကန်ကျောက်ကြသည်။

ထိုခဏမှာပင် နိယာမသခင်က ဘေးမှဖြတ်သွားရင်း လေဟာနယ်အဓိပဓိ အနိုင်ကျင့်ခံနေရသည်ကို မြင်သွားသည်။ သူထိုသို့အဖြစ်မခံနိုင်။ စီချန်းဆီ ချက်ချင်းခုန်ဝင်တိုက်ခိုက်သည်။

တစ်ချိန်တည်းမှာပင် သူလှမ်းအော်သည်။

"မဟာယုကညီအကိုတွေ၊ လာကြဟေ့။ မဟာချန်ကောင်တွေက ငါတို့လူကို အနိုင်ကျင့်နေတယ်"

"ဘာရယ်၊ အားလုံးတက်ကြဟေ့။ ဒီသက်ကြားအိုတွေကို ပညာပေးကြမယ်"

မဟာချန်အကျဉ်းသားများ ဒေါသထွက်လာသည်။

"ဘယ်သူက ဘယ်သူ့ကို ပညာပေးမလဲကြည့်ရသေးတာပေါ့။ အကြီးအကဲတွေကို မရိုသေတတ်တဲ့ကောင်တွေ။ ဒီနေ့ မင်းတို့ဘိုးဘေးတွေကိုယ်စား မင်းတို့ကို ငါတို့ဆုံးမပေးမယ်"

မဟာယုမှ ဖြူမည်းအရှင်က အေးစက်စက်နှာခေါင်းရှုံ့သည်။

"ဝါစဉ်ကြီးတယ်ဆိုပြီး အမြဲတမ်းဟန်ရေးပြချင်တဲ့ကောင်တွေ။ နောက်မျိုးဆက်တွေက ရှေ့မျိုးဆက်တွေထက်သာတယ်ဆိုတာ ဒီနေ့မင်းတို့ သိစေရမယ်"

အကျဉ်းထောင်တောင်ထိပ်မှ အဖွဲ့နှစ်ခု စတင်တိုက်ခိုက်ကြသည်။ အဖွဲ့နှစ်ခုထဲမပါသည့် အကျဉ်းသားများက ကြားညပ်မည်စိုး၍ အကျဉ်းထောင်ထောင့်တွင် ပုန်းနေသည်။

ရန်ပွဲစနေသည်ကို မြင်ရသဖြင့် ထိန်းချုပ်သူသခင်က အခြေအနေကို လက်လွတ်မခံဘဲ ဘယ်သူကအကျဉ်းထောင်တောင်ထိပ်သခင်အစစ်ဖြစ်ကြောင်း မဟာယုများသိအောင်ပြချင်သည်။

"စီလဲ့၊ အရှေ့ခြမ်းမှာ ခံစစ်အားနည်းနေတယ်။ မင်းသွားလိုက်"

ကျွမ်းရှန်ဟိုင်ကလည်း အညံ့မခံ တိုက်ခိုက်ရန်အသင့်ပြင်သည်။ ဘယ်သူ့ကိုမှ သူမကြောက်။

"ဝူယွီထောင်၊ ကူးဖြတ်ခြင်းအဆင့်သုံးယောက်နဲ့ စုစည်းခြင်းအဆင့်တစ်ချို့ကိုဦးဆောင်ပြီး သူတို့နောက်ဘက်ကနေ ဝင်တိုက်ပါ"

"နိယာမသခင်က ခြေကန်ချက်ပညာ မကျွမ်းကျင်ဘူး၊ စီချန်း၊ သူ့ကိုယ်အောက်ပိုင်းကို တိုက်ခိုက်ပါ"

"နိယာမသခင်၊ ကိုယ်အောက်ပိုင်းကို အားဖြည့်ထား။ မင်းအားနည်းချက် မပေါ်စေနဲ့။ စီချန်းက မင်းလောက်သက်လုံမကောင်းဘူး။ ရေရှည်တိုက်ခိုက်ရင် သူသေချာပေါက်ရှုံးမှာပဲ"

နောက်ဆုံးတွင် မသေမျိုးနှစ်ယောက် မသေမျိုးတိုက်ပွဲနွှဲကြသည်။

အရိုးရှင်းဆုံးပညာသည် အကောင်းဆုံးဖြစ်သည်။ မသေမျိုးနှစ်ယောက်၏ တိုက်ခိုက်သည့်ပုံစံက အခြေခံသဘောတရားများဆီ ပြန်ရောက်သွားသည်။

နှစ်ယောက်သား မြေပေါ်တွင် လုံးထွေးသတ်ပုတ်ကြသည်။

ထိုမြင်ကွင်းကိုကြည့်၍ အင်ပါယာချန် မင်သက်မိပြီး ဘာလုပ်ရမှန်းမသိဖြစ်နေသည်။

စီလဲ့က တိုက်ခိုက်နေရင်း ပတ်ဝန်းကျင်ကို လှည့်ကြည့်သည်။ အင်ပါယာချန် တံခါးဝတွင် ရပ်နေသည်ကိုမြင်သဖြင့် ဝမ်းသာအားရလက်ယမ်းပြ၍ အော်လိုက်သည်။

"အင်ပါယာသခင်"

ထိန်းချုပ်သူလည်း အင်ပါယာသခင်ကိုမြင်သဖြင့် ပျော်သွားသည်။

"မင်းလည်းအဖမ်းခံရပြီလား။ ကောင်းတယ်ကွာ။ မြန်မြန်လာကူပါဦး"

"ကောင်းပြီလေ"

ဘာဖြစ်နေမှန်းမသိသော်လည်း သူ့ညီအကိုများ အရိုက်ခံနေရသည်ကို သူရပ်ကြည့်မနေနိုင်။ အင်္ကျီလက်ကိုလိပ်တင်၍ တိုက်ပွဲထဲသို့ ခုန်ဝင်လာသည်။

စီဟန်လည်း ဝင်ကူသည်။

မသေမျိုးတစ်ယောက်နှင့် မသေမျိုးတစ်ဝက်တစ်ယောက် အင်အားတိုးလာသဖြင့် မဟာချန်ဘက်မှလူများ စိတ်အားတက်ကြွလာသည်။

ကွမ်းရှန်ဟိုင်မျက်နှာ သုန်မှုန်သွားသည်။ ဘာကြောင့် မဟာချန်မှလူအားလုံး ပေါ်လာသည်မသိ။

စီလဲ့က တံခါးဝတွင် ရပ်နေသည့် စီရှီကိုလှမ်းမြင်သဖြင့် အော်ခေါ်သည်။

"စီရှီ၊ ငါတို့နဲ့လာပေါင်းပါ"

ပရမ်းပတာဖြစ်နေသည့် အကျဉ်းထောင်တောင်ထိပ်ကိုကြည့်၍ စီရှီလည်း အံ့အားသင့်နေသည်။

"ငါက အကျဉ်းထောင်ကို စစ်ဆေးဖို့လာတာပါ"

ကွမ်းရှန်မျက်နှာ ပို၍သုန်မှုန်လာသည်။ အပြင်ဘက်တွင်လည်း မဟာချန်မှလူများရှိနေသည်။

ကျုန်းရှန်ပြည်နယ်ကိစ္စများ အပြီးသပ်နေရသဖြင့် လုယန် ထင်ထားသည်ထက် နည်းနည်းပို၍နောက်ကျသွားသည်။ နတ်မယ်က ယင်ထန်တို့စောင့်နေ်သည်ကို အားနာသဖြင့် အနောက်မိုးပျံဘုံကျောင်းသို့ အရင်သွားနှင့်ဖို့ ပြောလိုက်သည်။

ဗုဒ္ဓနိုင်ငံသို့ ဝင်လာပြီးနောက် လုယန် တို့ဟူးကောင်းကင်အရှင်အသွင်ပြောင်းသည်။

ကူးဖြတ်ခြင်းရောက်ရသည့်ခံစားချက် အတော်ကောင်းသော်လည်း မသေမျိုးခန္ဓာဖြင့်နေရသည်ကို သူပို၍သဘောကျနေဆဲဖြစ်သည်။

အနောက်မိုးပျံဘုံကျောင်းသို့ သူချက်ချင်းသွားသည်။

အရင်က မသေမျိုးခန္ဓာကို ထိန်းချုပ်ဖို့ နတ်မယ်၏ မသေမျိုးဝိညာဉ်အာရုံ လိုအပ်သည်။ ယခု သူ့ဝိညာဉ်အာရုံက မသေမျိုးအာရုံလောက် အားမကောင်းသော်လည်း မသေမျိုးခန္ဓာကို ကိုယ့်ဘာသာထိန်းချုပ်နိုင်လာသည်။

ခရီးသွားဖို့နှင့် တစ်ခြားသာမန်လှုပ်ရှားမှုများအတွက် လုံလောက်သည်။

မိုးပျံဘုံကျောင်းသို့ရောက်၍ ကျောင်းထိုင်မိန်ယုကို နှုတ်ဆက်ပြီးနောက် မဟာဝိဟာရခန်းမသို့တန်းသွားသည်။

ခန်းမတံခါးရှေ့တွင်ရပ်၍ အသက်နှစ်ကြိမ်ဝအောင်ရှူလိုက်သည်။ ချီလင်မသေမျိုးနှင့် အချိန်မသေမျိုးတို့ အထဲတွင်ရှိနေသည်။ လေထုက တင်းမာနေမည်မှာသေချာသည်။ ကိုယ့်စိတ်ကိုယ် ကြိုတင်ပြင်ဆင်ထားဖို့လိုသည်။

တံခါးကိုတွန်းဖွင့်လိုက်သည်နှင့် အကြိတ်အနယ်ငြင်းခုန်နေသံကို ကြားရသည်။

"မင်းအဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပဲ။ မင်းအားနည်းတာ မင်းကိုယ်မင်းမသိဘူးလား။ ငါ့ကိုဘယ်လိုလုပ်သတ်နိုင်မှာလဲကွ"

"ငါက မင်းထက်ပိုပြီးစွမ်းအားကြီးတယ်ကွ။ မင်းကိုသတ်ဖို့ ဘာတွေအဲလောက်ခက်လို့လဲ"

"ဟာသပဲ။ မင်းကငါ့ထက်ပိုစွမ်းအားကြီးတယ်ထင်နေလား။ မသေမျိုးလေးယောက်ခေါင်းဆောင်ဖြစ်တဲ့ငါ့ထက် ပိုစွမ်းအားကြီးနိုင်မှာလား"

"မသေမျိုးလေးယောက်ရဲ့ခေါင်းဆောင်အစစ်က ငါကွ"

လုယန် "..."

ဘာကြောင့် အခြေအနေက ငါထင်ထားတာနဲ့ မတူတာလဲ...

****************************

All Chapters