အခန်း ၁၂၅၈
Vol. 84 Ch. 1258
အခန်း (၁၂၅၈) အထီးကျန်ချီလင်
"ရှောင်တိုင်က အလုပ်လုပ်ရတာကြာလို့ စိတ်ရောကိုယ်ပါ ပင်ပန်းသွားတာဖြစ်မယ်။ အခုလို သူခဏအနားယူတာ ကောင်းပါတယ်။ မင်းသူ့ဆီ သွားမတွေ့နဲ့တော့။ သူအေးအေးဆေးဆေးနားပါစေ"
လုယန် ပြောလိုက်ချင်သည်။
...အမယွမ်ပြောတဲ့စကားတွေကြောင့် အကိုတိုင်ကြောက်သွားတာများလား..
ထိုကိစ္စများသည် ဘာမှမထူးဆန်းကြောင်းသိသော်လည်း အကိုတိုင်ဆီသွားလျှင် တစ်ခြားဘာမှမပြောဘဲ ရှေးဟောင်းမသေမျိုးလေးယောက်သတင်းသာပြောမည်ဟု သူတွေးထားခဲ့သည်။
မထင်မှတ်ဘဲ အမယွမ်က အားလုံးပြောပြလိုက်သည်။
"တာအိုလမ်းစဉ်ဂိုဏ်းကို လာလည်ကြတဲ့ အကြီးအကဲတွေကို ကြိုဆိုပါတယ်"
ယွမ်ကျိက ရှေးဟောင်းမသေမျိုးလေးယောက်ကို တစ်ယောက်ချင်းနှုတ်ဆက်သည်။ လေးယောက်လုံး ထိတ်လန့်သွားပြီး ချက်ချင်းပြန်နှုတ်ဆက်ကြသည်။ သူတို့ထဲမှ လေးပုံသုံးပုံကို ယွမ်ကျိက ပညာပေးခဲ့ပြီးဖြစ်သည်။
ချီလင်ကလည်း ကျုန်းရှန်တွင် ယွမ်ကျိစွမ်းအားကို မြင်ဖူးသည်။
"ဒါပေမယ့် နန်းမြို့တော်က အကြီးအကဲကျန်းကို ကျွန်မသွားတွေ့စရာရှိတယ်။ အကြီးအကဲနတ်မယ်နဲ့ ရှောင်လုကပဲ ဂိုဏ်းထဲကိုလှည့်ပတ်လိုက်ပြပါလိမ့်မယ်"
"ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး"
လေးယောက်လုံး အမြန်ပြန်ပြောကြသည်။ ယွမ်ကျိ၏ အေးစက်စက်အမူအရာကြောင့် သူတို့အတော်စိတ်ဖိအားများသည်။ ယွမ်ကျိရှိနေလျှင် စိတ်လွတ်ကိုယ်လွတ်မနေရဲကြ။
"နင်က နန်းမြို့တော်ကို ဘာသွားလုပ်မလို့လဲ"
နတ်မယ် စဉ်းစားမရ။ ဘာကြောင့် သူတို့ကို ဧည့်ခံခိုင်းသည်မသိ။ ထို့ပြင် ကျန်းပင်ကန်းနှင့်လည်း ကျုန်းရှန်ကောင်တီတွင် တွေ့ခဲ့ပြီးဖြစ်သည်။
ယွမ်ကျိက ရှားရှားပါးပါး သက်ပြင်းသဲ့သဲ့ချလျက်
"နန်းမြို့တော်တိုက်ပွဲမှာ ကွမ်းရှန်ဟိုင်ရဲ့ ဝိညာဉ်သုံးပါး၊ လိပ်ပြာခုနစ်ပါး၊ ရုပ်ခန္ဓာနဲ့ အရိယဖလတွေကို ခွဲယူခဲ့တယ်။ ကျွန်မတို့တာအိုလမ်းစဉ်ဂိုဏ်းက ဝိညာဉ်သုံးပါးနဲ့ အရိယဖလကိုရတယ်။ ရှားနိုင်ငံက ဝိညာဉ်ခုနစ်ပါးနဲ့ရုပ်ခန္ဓာကိုရတယ်"
လုယန်းခေါင်းငြိမ့်သည်။ ထိုသို့ခွဲယူဖို့ သူအကြံပြုခဲ့ခြင်းဖြစ်သည်။
"ကွမ်းရှန်ဟိုင်က အကျဉ်းထောင်တောင်ထိပ်မှာ အထိန်းအချုပ်နဲ့နေရတော့ ခွန်အားနည်းလာလို့ သူ့လိပ်ပြာခုနစ်ပါးနဲ့ ရုပ်ခန္ဓာကို ပြန်လိုချင်တယ်လို့ပြောတယ်။ အဲဒါ အကြီးအကဲကျန်းနဲ့ သွားညှိနှိုင်းမလို့ပါ"
လုယန် "..."
ငါတို့ဂိုဏ်းရဲ့ လူသားစာနာမှုက နည်းနည်းလွန်ကဲလွန်းမနေဘူးလား...
"ဒါနဲ့ အမယွမ်၊ အချိန်မသေမျိုးကို လုပ်ကြံခဲ့တဲ့လူဟာ ချီလင်အရှင်မဖြစ်နိုင်ဘူးလို့ ကျုပ်တို့ယူဆတယ်။ သူ့မှတ်ဉာဏ်တွေကို ယော်စိန့်ကပြောင်းလဲခဲ့တာ ဖြစ်နိုင်တယ်"
မှတ်ဉာဏ်ပြောင်းလဲလိုက်လျှင် အမှားကအမှန်ဖြစ်လာသည်။ စကားလုံးမှော်စွမ်းအားဖြင့် အမြဲတမ်းထိန်းထားစရာမလိုတော့။
ယွမ်ကျိက ခေါင်းငြိမ့်သည်။ အံ့ဩဟန်မရှိ။
"ငါထင်တဲ့အတိုင်းပါပဲ"
"အမယွမ်လည်း အဲလိုထင်တယ်ပေါ့"
ယွမ်ကျိ၏ ထောက်ခံမှုရသဖြင့် လုယန်ပျော်သွားသည်။
"အင်း အဲဒါက.."
ယွမ်ကျိ စကားတစ်ပိုင်းတစ်စဖြင့် ရပ်လိုက်သည်။ ရှိနေသည့်လူက အတော်များသည်။ ထိုကိစ္စမျိုးက အများရှေ့တွင် ထုတ်ပြောဖို့မသင့်တော်။
"အဲဒါက ဘာလဲ"
ချီလင်က သိလိုစိတ်ပြင်းပြနေသည်။
"ရှင်က အတော်အားနည်းလို့ပါ"
"ငါ..."
ချီလင် လည်နင်သွားသည်။ ရယ်ချင်စိတ်ကိုထိန်းထားကြသည့် သူ့နောက်မှသုံးယောက်ကို ဒေါသဖြင့် စိုက်ကြည့်သည်။
"ပြီးတော့ တစ်ခြားကိစ္စတစ်ခုရှိသေးတယ်။ မသေမျိုးအရှင်တွေက လောကမှော်စက်ဝန်းကိုဖြည်ပြီး ဒီလောကကိုဖွင့်ချင်တယ်တဲ့။ အမယွမ် ဘယ်လိုသဘောရတယ်"
"အလုံပိတ်လောကကို ဖွင့်ဖိုးလား။ သိပ်ကောင်းတဲ့စိတ်ကူးပါပဲ"
ယွမ်ကျိ ခပ်ပါးပါးပြုံးသည်။
သိတတ်စအရွယ်ကတည်းက လျှို့ဝှက်မြေတစ်ခုတွင် သူနေခဲ့သည်။ ကြယ်အစစ်များကို သူတစ်ခါမှမမြင်ဖူး။ တာအိုရှင်ဝစီပိတ်က သူ့ကို လျှို့ဝှက်မြေမှ ခေါ်ထုတ်လာသည်။
ကောင်းကင်က တောက်ပသည့်ကြယ်များပြည့်နေသော်လည်း တစ်ချိန်ကရှိခဲ့သည့် ကြယ်များ၏ အရိပ်သာဖြစ်သည်။ နောက်ပိုင်းတွင် သူ့ရွှေသန္ဓေများကိုသုံး၍ ကြယ်များနေရာတွင် အစားထိုးခဲ့သည်။
ယခု လောကပွင့်တော့မည်။ ကြယ်ကောင်းကင်အစစ်ကို ကြည့်ချင်ခဲ့သည့် သူ့ဆန္ဒပြည့်ဝတော့မည်။
"ဒါပေမယ့် အလုံပိတ်လောကကိုဖွင့်မယ်ဆိုရင် ကြိုတင်ပြင်ဆင်စရာတွေ အများကြီးရှိတယ်။ အလျင်စလိုလုပ်လို့မဖြစ်လောက်ဘူး"
"ဒါတော့ဟုတ်ပါတယ်"
အမယွမ်အတွေးက သူနှင့်တစ်ထပ်တည်းကျကြောင်း လုယန်သိသည်။ ဂိုဏ်းအပြန်လမ်းတွင် ပထမအဆင့်လုပ်ဆောင်ဖို့ နည်းလမ်းစဉ်းစားခဲ့ပြီးဖြစ်သည်။
"အဓိကနယ်မြေအင်အားစုတွေအရဲ့ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့လူတွေကိုခေါ်ပြီး အတူတူဆွေးနွေးဆုံးဖြတ်ခိုင်းတာ အကောင်းဆုံးဖြစ်မယ်။
အဓိကနယ်မြေအင်အားစုခေါင်းဆောင်များထဲတွင် မဟာရှားမှ ကျန်းပင်ကန်း၊ နတ်ဆိုးနယ်မြေမှ ကျန်းလျန်ယိ၊ အရှေ့ပင်လယ်မှအောင်းလင်း၊ ဗုဒ္ဓနိုင်ငံမှ အချိန်မသေမျိုးတို့ရှိသည်။
မြောက်ပိုင်းနယ်မြေက စုစည်းအုပ်ချုပ်သည့်ခေါင်းဆောင်မရှိသဖြင့် ထည့်သွင်းစဉ်းစား၍မရ။
"ဟုတ်တယ်။ ငါအခု နန်းမြို့တော်ကိုသွားမှာဆိုတော့ ဒီကိစ္စ အကြီးအကဲကျန်းကို ပြောလိုက်မယ်"
"ဒါဆိုကျုပ်က ကျန်တဲ့လူတွေကို သွားအကြောင်းကြားပါမယ်"
လုယန်က တာဝန်ခံသည်။
"အဲလိုလုပ်ဖို့မလိုပါဘူး"
ထိုစကားသာပြောပြီး ယွမ်ကျိ လေထဲသို့ခုန်တက်သွားသည်။ ရွှေရောင်အလင်းတန်းအဖြစ် အသွင်ပြောင်း၍ ပျောက်ကွယ်သွားသည်။ အားလုံး ကြောင်တက်တက်မျက်နှာဖြင့် ကျန်ခဲ့သည်။
'မလိုဘူး'ဆိုသည့်စကားက ဘာကိုပြောမှန်းမသိ။ ကျန်းလျန်ယိနှင့်အောင်းလင်းကို ဘယ်သူသတင်းသွားပို့မည်နည်း။
လုယန် နည်းနည်းမျက်ခုံးလှုပ်သွားသည်။ အမယွမ်ဆိုလိုသည့်အဓိပ္ပါယ်ကို သူအရင်ဆုံးသဘောပေါက်သည်။ အခြေအနေဆိုးမလာခင် အသာလစ်ထွက်သွားရန်ပြင်သည်။
သို့သော် မမီတော့။ ကောင်းကင်ဂိတ်တောင်တန်းနောက်ဘက်မှ နဂါးအော်သံနှင့်ဖီးနစ်အော်သံများ ပဲ့တင်ထပ်၍ပေါ်လာသည်။
"နင်က ပြန်လာရဲသေးတယ်ပေါ့"
နဂါးတစ်ကောင်နှင့် ဖီးနစ်တစ်ကောင် ကောင်းကင်သို့ထိုးတက်လာသည်။ သူတို့မျက်လုံးတွင် ဒေါသမီးတောက်များ ပြည့်နေသည်။
ကျန်သည့်လူများကို အကြောင်းကြားဖို့မလိုဆိုသည်မှာ တကယ်မှန်သည်။ အောင်းလင်းနှင့်ကျန်းလျန်ယိက ဂိုဏ်းတွင်ရှိနေသည်။
ချီလင်မျက်နှာ သွေးဆုတ်ဖြူရော်သွားသည်။ ယန်ထန်နှင့်ကိုးဆမသေမျိုးကို သူ့ရှေ့တွင် အမြန်ဆွဲကာသည်။
"ချီလင်၊ မိသားစုကိစ္စဆိုတာ ကိုယ့်ဘာသာဖြေရှင်းရတယ်"
ယင်ထန်နှင့်ကိုးဆက ဘေးသို့အမြန်ခုန်ထွက်သွားသည်။
ထို့နောက် သဘောထားကြီးသည့် အချိန်မသေမျိုးက အော်ပြောသည်။
"မင်းတို့ညီအမနှစ်ယောက် ဘာမှတွန့်ဆုတ်မနေကြနဲ့။ တစ်ခုခုပျက်စီးရင် အချိန်အရိယဖလနဲ့ ငါပြန်ပြုပြင်ပေးလို့ရတယ်"
ယင်ထန်တို့သုံးယောက် မတော်တဆထိခိုက်မှုမဖြစ်အောင် ဝေးဝေးရှောင်ထွက်သွားသည်။
နဂါးနှင့်ဖီးနစ် ပူးပေါင်းတိုက်ခိုက်မှုက စွမ်းအားကြီးသည်။ ကောင်းကင်မှ သူတို့ထိုးဆင်းလာသည်။ ချီလင်၏မျက်လုံးအိမ်တွင် နဂါးနှင့်ဖီးနစ်အရိပ်က တဖြေးဖြေးကြီးမားလာသည်။
"ဘုန်း"
မီးခုံးများ အလုံးလိုက်ထသွားသည်။ မိန်းမလှနှစ်ယောက် မီးခိုးများကြားမှ ထွက်လာသည်။ ချီလင်တစ်ယောက်သာ မြေပြင်ပေါ်လဲကျကျန်ခဲ့သည်။
အောင်းလင်းနှင့်ကျန်းလျန်ယိက အေးစက်စက်နှာခေါင်းရှုံ့ပြီးနောက် လုယန်လက်မောင်းကို တစ်ယောက်တစ်ဘက်လာဆွဲသည်။
"အကိုလုယန်၊ ကျွန်မတို့ယောက်ျားပေါ်လာရင် အတူပေါင်းပြီး တိုက်ခိုက်ကြမယ်လို့ သဘောတူထားတယ်မဟုတ်လား။ အကိုဘာလို့မလှုပ်ရှားတာလဲ"
လုယန်နဖူးတွင် ချွေးစို့လာသည်။ မြေပြင်ပေါ်မှချီလင်က ကြောက်စရာကောင်းသည့်မျက်လုံးဖြင့် လုယန်ကို ခေါင်းထောင်၍ စိုက်ကြည့်သည်။
ရှေးဟောင်းခေတ်မှ သူတို့ရှက်စရာအတိတ်များကို လုယန်သိထားကြောင်း ကြားခဲ့စဉ်ကပင် ထိုအကြည့်မျိုးဖြင့် မကြည့်ခဲ့။
"အမတို့...အဲ အကြီးအကဲတို့နှစ်ယောက် နားလည်မှုနည်းနည်းလွဲနေပြီထင်တယ်"
လုယန် တီးတိုးပြောသည်။ အောင်းလင်းနှင့်ကျန်းလျန်ယိကြားတွင် ပိတ်မိနေသည့် သူ့ကံကြမ္မာကို ကျိတ်ဝမ်းနည်းမိသည်။
မိုးကောင်းကင်သိပါသည်။ ထိုအခြေအနေမျိုးကြုံတိုင်း တတ်နိုင်သရွေ့ သူရှောင်သည်။ ချီလင်ကို အတူပူးပေါင်း၍ ပညာပေးဖို့ အောင်းလင်းအဆိုပြုစဉ်က ခြေတစ်လှမ်းမိုင်ချီပညာသုံး၍ မြောက်ပိုင်းတိုက်နယ်သို့ လေဟာနယ်ဖြတ်ကူးပြီး သူဒုက္ခံခဲ့သည်။
ကျင်းချိုင်ဝေက နောက်ဘက်မှပေါ်လာသည်။ ချီလင်ကိုဆွဲထူရန် ကြိုးစားသော်လည်း သူ့အရပ်ကြောင့် အဆင်မပြေ။
သူ့ခံစားချက်ကို ဖွင့်ထုတ်သည်။
"အားရှီ၊ ရှင်ပြန်လာမယ်ဆိုတာ ကျွန်မသိတယ်။ ကျွန်မရှင့်ကို အမြဲတမ်းယုံကြည်ပါတယ်"
အားလုံးက ဝိုင်းကြည့်နေသည်ကို သူခံစားမိသည်။ အထူးသဖြင့် အေးစက်တင်းမာသည့် အောင်းလင်းတို့နှစ်ယောက်၏ အကြည့်က သတ်ဖြတ်ဖို့ အသင့်ဖြစ်နေသယောင်ရှိသည်။
ချီလင် သေချင်စိတ်ပေါက်သွားသည်။
"ချိုင်ဝေ၊ ဒီကိုလာစမ်း။ သူ့ဘက်မှာရပ်မနေနဲ့"
အောင်းလင်းက ခပ်တင်းတင်းအော်ပြောသည်။ တစ်လောကလုံးပတ်၍ ချီလင်ကို သူတို့ရှာသော်လည်း မတွေ့ခဲ့။ တမင်တကာရှောင်နေမှန်း သိသာသည်။
ယခု ချီလင်ရုတ်တရက်ရောက်လာသဖြင့် ထိုအချက်က ပိုခိုင်မာသွားသည်။
ကျင်းချိုင်ဝေက ချီလင်ကိုတစ်လှည့် အောင်းလင်းတို့ကိုတစ်လှည့်ကြည့်နေပြီးနောက် ခက်ခက်ခဲခဲဆုံးဖြတ်ချက်ချ၍ ချီလင်ကိုလွှတ်ပြီး လုယန်ဘက်သို့ ပြေးသွားသည်။
ချီလင်မသေမျိုး တစ်ကိုယ်တည်း အထီးကျန်သွားပြန်သည်။
အဖြစ်အပျက်တစ်ခုလုံးကို အရသာခံ၍ကြည့်နေသည့် နတ်မယ်ထံမှ အကူအညီရဖို့လည်း မျှော်လင့်စရာမရှိ။ ထိုပြဿနာကို ကူညီဖြေရှင်းပေးမည့်လူတစ်ယောက် ရောက်လာပါစေဟု လုယန်ဆုတောင်းနေသည်။
"ဒုခေါင်းဆောင်၊ နင်ပြန်လာပြီပေါ့"
ယွမ်မုန်မုန် ပေါ်လာသည်။ မျက်နှာတွင် ကြည်လင်ရွှင်ပြသည့်အပြုံးမျိုး ရှိနေသည်။ လုယန်ဆီ ပြေးလာပြီး ခုန်ဖက်လိုက်သည်။
လုယန် လုံးဝစိတ်ဓာတ်ကျသွားသည်။
သူလိုချင်သည်က ထိုအကူအညီမျိုးမဟုတ်။
********************************