အခန်း ၁၂၄၂
Vol. 108 Ch. 1242
အခန်း ၁၂၄၂
ယီရန်ပင်းမဟာမိတ်အဖွဲ့၏ မြောက်ဘက်ပင်လယ်ပြင်တွင် သင်္ဘော အစီးရေ တစ်ထောင်ကျော်သည် မဟာမိတ်အဖွဲ့ရှိရာဆီသို့ ဦးတည်ခုတ်မောင်းနေ၏။
“ဒါက ငါတို့အတွက် နောက်ဆုံးအခွင့်အရေး ဖြစ်ဖို့များတယ်။ ဒီတစ်ခေါက်သာ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို အလဲမထိုးနိုင်ရင် နောက်ဘယ်တော့မှ လုပ်နိုင်တော့မှာမဟုတ်ဘူး။”
ထိုစစ်ရေယာဉ်စုထဲမှ ကြီးမားခမ်းနားပြီး သပ်ရပ်လှပစွာ ပြင်ဆင်ထားသော သင်္ဘောကြီးတစ်စင်းပေါ်တွင် ရှိနေသည့် လှပသော အမျိုးသမီးတစ်ဦးက ပြောလိုက်သည်။
ထိုအမျိုးသမီး၏ ဘေးပတ်လည်တွင် အမျိုးသားသုံးဦး ထိုင်နေကြသည်။
၎င်းတို့မှာ ရှောင်းယီ ပထမဆုံး ရှာဖွေတွေ့ရှိခဲ့သည့် မဟာဗျူဟာမြောက် တိုက်သစ်ကြီးမှ အင်ပါယာကြီးလေးခုဖြစ်သော ချင်းကျူး၊ အော်ကု၊ မြင့်မြတ်အလင်းနှင့် မြင့်တက်နေမင်းတို့၏ အုပ်ချုပ်သူ အင်ပါယာများ ဖြစ်ကြသည်။
ယခင်ကလည်း ဤအင်ပါယာကြီးလေးခုသည် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို ပူးပေါင်းတိုက်ခိုက်ခဲ့ဖူးသော်လည်း ကျရှုံးမှုဖြင့်သာ အဆုံးသတ်ခဲ့ရသည်။ ယခုတစ်ကြိမ်တွင်မူ ဤအဆီတစ်ထပ် အသားတစ်ထပ်နှင့် အရသာရှိလှသော အသားတုံးကြီးကို တစ်လုပ်တည်းဖြင့် ဝါးမြိုပစ်ရန် ရည်ရွယ်ချက်ဖြင့် ထပ်မံပူးပေါင်းလိုက်ကြခြင်း ဖြစ်ပေသည်။
“အမှန်ပဲ။ အဲ့ဒီ အပြင်လူတွေရဲ့ စကားတွေအရဆိုရင် သူတို့က မကြာခင်မှာ ဒီကမ္ဘာကနေ ထွက်ခွာတော့မှာပဲ။ အကယ်၍ ငါတို့သာ ဒီအခွင့်အရေးကို လက်လွတ်ခံလိုက်ရင် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို အနိုင်ယူဖို့ ဘယ်တော့မှ အခွင့်အရေး ရှိတော့မှာမဟုတ်ဘူး။”
အော်ကုက လေးနက်သောလေသံဖြင့် ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ ကျန်ရှိသော အင်ပါယာနှစ်ဦးကလည်း သဘောတူညီသည့်အနေဖြင့် ခေါင်းငြိမ့်ပြလိုက်ကြသည်။
အပြင်လူများ ထွက်ခွာသွားသည်နှင့်တစ်ပြိုင်နက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များသည် မူလအတိုင်း ပြန်လည်ဖြစ်သွားမည် ဖြစ်သည်။ ဤကမ္ဘာမှ ဒေသခံများ ပိုင်ဆိုင်ထားသော ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များလည်း ပျောက်ကွယ်သွားမည်ဖြစ်ပြီး ၎င်းတို့ရရှိထားသော ပစ္စည်းများသည်လည်း စွမ်းအားမြင့်တက်လာခြင်းရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် အပြင်လူများ ထွက်ခွာသွားပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် မရှိတော့လျှင်ပင် အင်ပါယာများအနေဖြင့် ၎င်းတို့ကို အနိုင်ယူနိုင်စွမ်း ရှိဦးမည်မဟုတ်ပေ။
မိမိတို့ကိုယ်ပိုင် သိပ္ပံနည်းကျ သုတေသနနှင့် တီထွင်ဆန်းသစ်မှုအပေါ်တွင်သာ မှီခိုနေမည်ဆိုပါက အချိန်အဆမတန် ကြာမြင့်မည်ဖြစ်သည်။ ထို့အပြင် ယီရန်ပင်းမဟာမိတ်အဖွဲ့သည်လည်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသောကြောင့် ၎င်းတို့ကို လိုက်မီရန်လည်း အခွင့်အရေး ရှိလာတော့မည်မဟုတ်ချေ။
“ဒါပေမဲ့ ဒီတစ်ခေါက် ငါတို့ အစစအရာရာ သတိထားပြီး အစီအစဉ်တကျ လုပ်ဆောင်ရမယ်။ ဒီယီရန်ပင်းဆိုတဲ့လူက အောက်ခြေလွတ်ရလောက်အောင် ရိုးရှင်းတဲ့လူ မဟုတ်ဘူး။”
မြင့်မြတ်အရှင်သခင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
မြင့်မြတ်အလင်းအင်ပါယာ၏ SSS အဆင့် မှော်ဆရာမှာ ရှောင်းယီ၏ ပထမဆုံး သတ်ဖြတ်ခြင်းခံခဲ့ရသူ ဖြစ်သည်။
“အမှန်ပဲ။”
မြင့်တက်နေမင်းကလည်း ခေါင်းငြိမ့်လိုက်သည်။
တစ်ချိန်တည်းမှာပင် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ရေတပ်ဆိပ်ကမ်းတွင် လေယာဉ်တင်သင်္ဘောကြီး ငါးစင်းစလုံးကို လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီးဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင် ပါရှိသော လှေငယ်တစ်စင်းစီကိုလည်း လေယာဉ်တင်သင်္ဘောကြီး တစ်စင်းစီပေါ်သို့ မတင်ထားသည်။
တစ်နှစ် မပြည့်သေးသောကြောင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို ရွှေ့ပြောင်း၍မရသဖြင့် လှေငယ်များကို လေယာဉ်တင်သင်္ဘော၏ ကုန်းပတ်ပေါ်သို့ တိုက်ရိုက် မတင်ခဲ့ရခြင်း ဖြစ်သည်။
သို့သော်လည်း လေယာဉ်တင်သင်္ဘောကြီးများက အလွန်ကြီးမားလွန်းသဖြင့် ၎င်းတို့ပေါ်ရှိ လှေငယ်များသည် လုံးဝကို သတိမထားမိနိုင်လောက်အောင် သေးငယ်လှပေသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သင်္ဘောပေါ်တွင် ဆောင်ထားနိုင်ခြင်းကြောင့် လေယာဉ်တင်သင်္ဘောကြီးများ၏ ကြံ့ခိုင်မှုနှင့် ပြုပြင်ထိန်းသိမ်းနိုင်စွမ်းများသည်လည်း အပြစ်ပြောစရာမရှိအောင် ကောင်းမွန်လာခဲ့သည်။
“ကျွန်းပိုင်ရှင်နဲ့ နည်းပြကြီးကို သတင်းပို့ပါတယ်။ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီးတွေအာလုံး လက်နက်အပြည့်အစုံနဲ့ စစ်ဆင်ရေးအတွက် အသင့်ဖြစ်နေပါပြီ။”
စစ်သားတစ်ဦးက ပြေးလာပြီး သတင်းပို့လိုက်သည်။
“ကောင်းပြီ။ ရေတပ်သားတွေအားလုံး သင်္ဘောပေါ် တက်ကြ။”
ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ယီရန်ပင်းမဟာမိတ်အဖွဲ့အတွင်းရှိ ရေတပ်အင်အားစုများသည် လေယာဉ်တင်သင်္ဘောကြီးများပေါ်သို့ တက်ရောက်ခဲ့ကြ၏။
“ကျွန်းပိုင်ရှင်... ငါတို့ အတူတူ သွားကြည့်မလား။”
ကျန်းယွင်ထျန်းက ဖိတ်ခေါ်လိုက်သည်။
“ကောင်းပြီ။”
ရှောင်းယီ ပြန်ဖြေလိုက်ပြီးနောက် ၎င်းတို့နှစ်ဦးသည် လေယာဉ်တင်သင်္ဘောကြီးတစ်စင်းပေါ်သို့ အတူတူ တက်ရောက်ခဲ့ကြ၏။
မြောက်ဘက်ပင်လယ်ပြင်တွင် ချင်းကျူးသည် အဝေးရှိ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ကျွန်းခွဲကို လှမ်းကြည့်ရင်း အမိန့်ပေးလိုက်၏။
“ရေအောက်က ရေငုပ်သင်္ဘောတွေကို သေချာဂရုစိုက်ပြီး ထောက်လှမ်းကြ။ တွေ့တာနဲ့ ချက်ချင်း ဖျက်ဆီးပစ်ရမယ်။”
“ဟုတ်ကဲ့။”
ချင်းကျူးအင်ပါယာသည် ရေငုပ်သင်္ဘောများကို အထူးထောက်လှမ်းနိုင်သည့် ဆိုနာ (Sonar) စနစ်တစ်မျိုးကို ရရှိထားပြီး ၎င်းသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ရေငုပ်သင်္ဘောများကို အထူးတုံ့ပြန်ရန် ထွက်ပေါ်လာသည့် ပစ္စည်းတစ်ခုဖြစ်သည်။
“လေကြောင်းရန်ကာကွယ်ရေး အမြှောက်တွေအားလုံး... ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ လေတပ်ကို အချိန်ပြည့် စောင့်ကြည့်ပြီး အသင့်ပြင်ထားကြ။”
မြင့်တက်နေမင်းကလည်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
ဤတစ်ကြိမ်တွင် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို တိုက်ခိုက်ရန်အတွက် အင်ပါယာကြီးလေးခုသည် အလွန်ပင် စေ့စပ်သေချာစွာ ပြင်ဆင်လာခဲ့ကြသည်ဟု ဆိုရပေမည်။
၎င်းတို့သည် ကဏ္ဍပေါင်းစုံကို ထည့်သွင်းစဉ်းစားခဲ့ကြပြီး လက်ရှိအသုံးပြုနေသော သင်္ဘောများသည်ပင် ယီရန်ပင်းမဟာမိတ်အဖွဲ့ထံမှ မကြာသေးမီကမှ ဝယ်ယူထားခဲ့ကြခြင်း ဖြစ်သည်။
မိမိနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူများ နိုင်ငံခြားကျူးကျော်မှုများကို ပိုမိုကောင်းမွန်စွာ ရင်ဆိုင်နိုင်စေရန်အတွက် ရှောင်းယီသည် အဆင့်အမြင့်ဆုံး သံချပ်ကာစစ်သင်္ဘောများနှင့် ရေနွေးငွေ့တာဘိုင်သင်္ဘောများကို လွတ်လပ်စွာ ဝယ်ယူနိုင်ရန် ရောင်းချပေးခဲ့သည်။
ရှားနိုင်ငံမှ အသက်ရှင်ကျန်ရစ်သူအချို့ကို ဖမ်းဆီးရမိထားသည့် အင်ပါယာကြီးလေးခုသည်လည်း ထိုအဆင့်မြင့်သင်္ဘောများကို ရရှိရန် အခွင့်အရေးရှိနေဆဲပင်။
ထို့အပြင် ဤအဆင့်မြင့်သင်္ဘောများကို ဒေသခံများ လက်ဝယ်ရရှိသွားပါက ၎င်းတို့၏စွမ်းအားများ ပိုမိုမြင့်တက်လာမည် ဖြစ်သည်ဟူသော စည်းမျဉ်းမှာလည်း ပြောင်းလဲသွားခြင်းမရှိသေးပေ။
ယခုတစ်ကြိမ်တွင် အင်ပါယာကြီးလေးခုအနေဖြင့် ယီရန်ပင်းမဟာမိတ်အဖွဲ့ကို စိန်ခေါ်ရဲစေသည့် နောက်ထပ်အကြောင်းအရင်းတစ်ခုမှာလည်း ဤအချက်ကြောင့်ပင်ဖြစ်သည်။
ယီရန်ပင်းမဟာမိတ်အဖွဲ့၏ မြောက်ဘက်ကျွန်းခွဲပေါ်တွင်မူ တာဝန်ခံဖြစ်သူ ချူရှန်းသည် အနီးနားရှိ သင်္ဘောများကို အချိန်အတန်ကြာ စစ်ကြောင်းထိန်းထားရမည်ဟူသော ကျန်းယွင်ထျန်း၏ အမိန့်ကို လက်ခံရရှိထားပြီးဖြစ်သည်။
ရန်သူ့ဘက်မှ သင်္ဘောအစီးရေ တစ်ထောင်ကျော်ကို ကြည့်ရင်း ချူရှန်းတစ်ယောက် တံတွေးကိုသာ အနိုင်နိုင်မျိုချလိုက်ရပြီး ကျန်းယွင်ထျန်းထံသို့ ချက်ချင်း ဖုန်းခေါ်လိုက်သည်။
“နည်းပြကျန်း... ဒီတစ်ခေါက် ရန်သူတွေ ယူလာတဲ့ သင်္ဘောအရေအတွက်က တော်တော်လေးကို များလွန်းတယ်။”
“အင်း တကယ်ကို တော်တော်များတယ်။ မဟာမိတ်အဖွဲ့ထဲက သံချပ်ကာစစ်သင်္ဘောတွေကို စစ်ကူအဖြစ် စေလွှတ်ထားပြီးပြီ။ မင်းတို့ဘက်က ခဏလောက်တော့ တောင့်ခံထားပေးဖို့ လိုလိမ့်မယ်။”
ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။
“နားလည်ပါပြီ။”
ထိုအချိန်တွင် သူကိုယ်တိုင်လည်း စစ်သင်္ဘောတစ်စင်းပေါ်၌ ရောက်ရှိနေခြင်းဖြစ်သည်။ ဆန့်ကျင်ဘက်တွင် မည်းမှောင်ပိန်းပိတ်နေအောင် ရှိနေသည့် စစ်သင်္ဘောအုပ်စုကြီးကို ကြည့်ရင်း သူက လေးနက်သောလေသံဖြင့် အမိန့်ပေးလိုက်သည်။
“သူတို့ ငါတို့ရဲ့ ပစ်ခတ်မှုဧရိယာထဲ ဝင်လာတာနဲ့ ချက်ချင်း တိုက်ခိုက်ကြ။ ခွင့်ပြုချက် ထပ်တောင်းနေစရာ မလိုဘူး။”
“ဟုတ်ကဲ့။”
သို့သော်လည်း မကြာမီမှာပင် ချူရှန်းတစ်ယောက် ဆွံ့အသွားခဲ့ရ၏။ ရန်သူများသည် ၎င်းတို့၏ ပစ်ခတ်မှုဧရိယာအပြင်ဘက် မီတာနှစ်ဆယ်ခန့်အကွာတွင် အမှန်တကယ် ရပ်တန့်သွားပြီးနောက် ၎င်းတို့ဘက်သို့ စတင်ပစ်ခတ်လာသောကြောင့် ဖြစ်သည်။
“ဝုန်းဝုန်း ဝုန်း...”
ချူရှန်းတစ်ယောက် ချက်ချင်း သတိဝင်လာ၏။
“အခုချက်ချင်း နောက်ဆုတ်ကြ။ သူတို့ရဲ့ အမြှောက်တွေက စွမ်းအားမြှင့်တင်ထားတာပဲ။ သူတို့ရဲ့ ပစ်ခတ်မှုအကွာအဝေးက ငါတို့ထက် ပိုဝေးတယ်။”
သူက အော်ဟစ်လိုက်၏။
ယီရန်ပင်းမဟာမိတ်အဖွဲ့အနေဖြင့် ဒေသခံများ၏ တိုက်ခိုက်မှုကို မကြုံတွေ့ရသည်မှာ ကြာပြီဖြစ်သောကြောင့် လူတိုင်းနီးပါး ဤစည်းမျဉ်းကို မေ့လျော့နေခဲ့ကြခြင်းဖြစ်သည်။
ချူရှန်း၏ အမိန့်ကို ကြားသည်နှင့် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ သံချပ်ကာစစ်သင်္ဘောများသည် ချက်ချင်း နောက်ဆုတ်ခဲ့ကြသော်လည်း အနည်းငယ် နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ သင်္ဘောကိုယ်ထည် အမြောက်အမြားသည် အမြောက်ကျည်သင့်ပြီး ပျက်စီးသွားခဲ့ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် သင်္ဘောပေါ်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များ ပါရှိနေသောကြောင့် အချိန်မီ ပြန်လည်ပြုပြင်နိုင်ခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ရေငုပ်သင်္ဘောများသည်လည်း မြောက်ဘက်ပင်လယ်ပြင်ဆီသို့ ဦးတည်ခုတ်မောင်းနေကြပြီ ဖြစ်သည်။
“နည်းပြ... ကျွန်တော်တို့ မြောက်ဘက်ပင်လယ်ပြင်နားကို ရောက်တော့မယ်။ ရန်သူ့သင်္ဘောတွေကို တွေ့တာနဲ့ ချက်ချင်း စပြီးတိုက်ခိုက်ရမလား။”
ရေငုပ်သင်္ဘောမောင်းသူတစ်ဦးက မေးလိုက်သည်။
“တန်းပြီသာ တိုက်ခိုက်ပစ်လိုက်။”
“ဟုတ်ကဲ့။”
သို့သော် ရေငုပ်သင်္ဘောများ အင်ပါယာကြီးလေးခု၏ သင်္ဘောများအနီးသို့ မကပ်ရသေးမီမှာပင် ရန်သူ့ဘက်မှ ဆိုနာစနစ်က ၎င်းတို့ကို ထောက်လှမ်းမိသွားပြီး ကေဘယ်(ကြိုးတပ်)ထိန်းချုပ်စနစ်သုံး တော်ပီဒို အမြောက်အမြားကို ချက်ချင်း ပစ်လွှတ်လိုက်၏။
“သတိပေးချက်: အရှိန်ပြင်းစွာ လှုပ်ရှားနေတဲ့ အရာဝတ္ထုများ ရေငုပ်သင်္ဘောဆီကို ဦးတည်လာနေကြောင်း ထောက်လှမ်းမိပါသည်။ ကျေးဇူးပြု၍ ချက်ချင်း ရှောင်တိမ်းပါ။”
ရေငုပ်သင်္ဘော၏ ရေဒါစနစ်မှ ချက်ချင်း သတိပေးချက် ထွက်ပေါ်လာ၏။
ရေငုပ်သင်္ဘောကို မောင်းနှင်နေသည့် စစ်သားသည် ချက်ချင်း ဘေးဘက်သို့ ကွေ့ရှောင်လိုက်သော်လည်း အချိန်မမှီတော့ပေ။
“ကလန်...”
“ဘမ်း...”
ပြင်းထန်ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရေငုပ်သင်္ဘော၏ ရေလုံနံရံသည် အမှန်တကယ် ပေါက်ထွက်သွားပြီး ရေနက်ပိုင်းမှ ပင်လယ်ရေများသည်လည်း ရေငုပ်သင်္ဘောထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။
“သတင်းပို့ပါတယ်။ ကျွန်တော်တို့ တော်ပီဒို ထိမှန်သွားပါတယ်။ ရေငုပ်သင်္ဘော ပျက်စီးသွားပါပြီ။ နောက်ဆုတ်ပြီး ရေမျက်နှာပြင်ပေါ် တက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။”
ထိုသတင်းပို့ချက်ကို ကြားလိုက်ရသောအခါ ကျန်းယွင်ထျန်းတစ်ယောက် အနည်းငယ် ဆွံ့အသွားခဲ့ပြီး နောက် ချက်ချင်း ပြန်လည်ညွှန်ကြားလိုက်၏။
“နောက်ဆုတ်ပြီး ရေမျက်နှာပြင်ပေါ်တက်ခွင့်ပြုတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သုံးပြီး ချက်ချင်း ပြုပြင်လိုက်။ ပြီးရင် ရေတွေကို စုပ်ထုတ်ပစ်။ ရေငုပ်သင်္ဘောတွေအားလုံး ရန်သူ့သင်္ဘောတွေနားကို မကပ်ကြနဲ့ဦး။ သူတို့ဆီမှာ ရေငုပ်သင်္ဘောတွေကို ထောက်လှမ်းနိုင်တဲ့ အထူးပြုလုပ်ထားတဲ့ စက်ပစ္စည်းတွေ ရှိနေတာ သေချာတယ်။”
“ဟုတ်ကဲ့ပါ။”
ကျန်းယွင်ထျန်း၏ စကားကို ကြားလိုက်ရသောအခါ ရှောင်းယီလည်း အနည်းငယ် အံ့အားသင့်သွားခဲ့လေသည်။
“ဒီတစ်ခေါက် ငါတို့မဟာမိတ်အဖွဲ့ကို လာတိုက်တဲ့ ဒေသခံတွေက ဒီလောက်အထိ အစီအစဉ်တကျ ပြင်ဆင်လာလိမ့်မယ်လို့ မထင်ထားမိဘူး။”
ကျန်းယွင်ထျန်းက မျက်မှောင်ကြုတ်လိုက်သည်။
“အခုအချိန်မှာ လူတိုင်းက ငါတို့မဟာမိတ်အဖွဲ့ရဲ့ အင်အားကို ကောင်းကောင်းသိနေကြပြီ။ အဲ့တော့ သူတို့ လာတိုက်ခိုက်ရဲတယ်ဆိုကတည်းက ငါတို့ရဲ့ အဆင့်မြင့်လက်နက်တွေကို ပြန်လည်တုံ့ပြန်နိုင်မယ့် အရာတွေ သူတို့ဆီမှာ ရှိနေလို့ပဲ ဖြစ်ရမယ်။”
“ဒါဆို သူတို့ဆီမှာ လေကြောင်းရန်ကာကွယ်ရေးအမြှောက်တွေလည်း ရှိနေမှာပဲ။ ငါတို့ရဲ့ တိုက်လေယာဉ်တွေ သတိထားဖို့ လိုလိမ့်မယ်။”
ရှောင်းယီက ဆိုသည်။
“ဟုတ်တယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်ပြီးနောက် ဖုန်းမှတစ်ဆင့် လေတပ်အင်အားစုကို ချက်ချင်း သတိပေးလိုက်သည်။
“တကယ်တော့ လေတပ်တင်မကဘူး။ ငါတို့ရဲ့ နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောပေါ်က တိုက်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်လည်း ထိရောက်မှု အများကြီးလျော့နည်းသွားနိုင်တယ်။”
ရှောင်းယီက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“အခုလိုအချိန်မှာ လက်ရည်တူပြိုင်ဘက်တစ်ယောက်နဲ့ ကြုံတွေ့ရလိမ့်မယ်လို့ မထင်ထားမိဘူး။”
“အဟက်...လက်ရည်တူတဲ့လား။”
ကျန်းယွင်ထျန်းက အေးစက်စွာ ရယ်မောလိုက်သည်။
“ဒါဆိုရင်တော့ သူတို့က အဲ့ဒီအဆင့်မြင့်လက်နက်တွေနဲ့ စက်ပစ္စည်းတွေကို တကယ်ပဲ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်၊ မသုံးတတ်ဆိုတာကို ငါ ကိုယ်တိုင် စောင့်ကြည့်ရသေးတာပေါ့။”