အခန်း ၁၂၄၅
Vol. 108 Ch. 1245
အခန်း ၁၂၄၅
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲ၌ တညီတညွတ်တည်း အံ့ဩသွားကြသည်ကို မြင်သောအခါ ထုတ်လွှင့်သူက ဆက်လက်ရှင်းပြလိုက်သည်။
“စစ်ဘက်ဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ ပြောကြားချက်အရ စစ်မြေပြင်တစ်ခုမှာ အမြောက်ကျည်တစ်လုံးက အရင်ကျဖူးတဲ့ အမြောက်ကျင်းထဲကို ထပ်ကျဖို့ ရာခိုင်နှုန်းက အဆမပေါင်း သောင်းနဲ့ချီမှာ တစ်ကြိမ်ပဲ ရှိတယ်။ တကယ်လို့ စစ်မြေပြင်က ပိုကျယ်ရင်တော့ အဲ့ဒီရာခိုင်နှုန်းက ငါးသန်းမှာ တစ်ကြိမ်အထိ ဖြစ်သွားနိုင်တယ်...။ ဒါက ထီပေါက်သလိုမျိုးပဲ။”
“သေစမ်း... တကယ်ကြီးလား။ ငါက စာသိပ်မသင်ခဲ့ရဘူး။ ထုတ်လွှင့်သူ မင်း။ငါ့ကို လိမ်ဖို့တော့ မကြိုးစားနဲ့နော်။”
“သီအိုရီအရတော့ အဲ့ဒါက တကယ်အမှန်ပဲ။”
“စစ်မြေပြင်မှာ သေကြောင်းကြံဖို့ နည်းလမ်းအသေးလေး နောက်တစ်ခု သိသွားပြန်ပြီ။”
ထုတ်လွှင့်သူက ပြုံးလိုက်သည်။
“ရာခိုင်နှုန်း နည်းတာအပြင် အမြောက်ကျင်းတွေမှာ တခြားအားသာချက်တွေလည်း ရှိသေးတယ်။ အမြောက်ကျင်းထဲက မြေမျက်နှာသွင်ပြင်က အတော်လေး နိမ့်တဲ့အတွက် အထဲမှာ ပုန်းနေရင် အရပ်မျက်နှာအနှံ့ လွင့်စင်နေတဲ့ အမြောက်ကျည်အပိုင်းအစတွေကို စိတ်ပူစရာမလိုတော့ဘူး။ ဥပမာ ငါ့နဖူးက ဒီဒဏ်ရာလိုမျိုးပေါ့...။ ငါသာ အမြောက်ကျင်းထဲမှာ ပုန်းနေခဲ့ရင် ဒီလိုဖြစ်မှာ မဟုတ်ဘူး။”
“သေစမ်း... ထုတ်လွှင့်သူ မင်းပြောပုံက တကယ်ကြီးလိုပဲ။ မင်း အရင်က စစ်သားဖြစ်ခဲ့ဖူးတာလား။”
“မင်း ခန့်မှန်းကြည့်လေ။”
ထိုအခိုက်အတန့်တွင် ထုတ်လွှင့်သူသည် ပင်လယ်ပြင်ရှိ သင်္ဘောများ၏ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို သတိပြုမိသွားပြီး ချက်ချင်း ပြောလိုက်သည်။
“ခဏလေး... ပင်လယ်ထဲက အခြေအနေက တစ်ခုခု ထူးခြားနေပြီ။”
သူ ထိုသို့ပြောလိုက်သည့် နောက်ဆုံးတွင် လူတိုင်း၏အာရုံစိုက်မှုမှာ ထုတ်လွှင့်သူ၏ စစ်မြေပြင် အသက်ရှင်ကျန်ရစ်ရေး လမ်းညွှန်ချက်များထံမှ အာရုံပြောင်းသွားတော့သည်။
“ဘာအခြေအနေလဲ။ ကင်မရာကို အဲ့ဒီဘက် မြန်မြန်လှည့်စမ်းပါ။”
“မြန်မြန်လုပ်။ ငါ ရွက်လှေတစ်စင်း လက်ဆောင်ပေးပြီးပြီ။ ဖုန်းကို မြန်မြန်ပြောင်းတော့။”
“ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ကို အချိန်ဆွဲပြီး ရင်ခုန်အောင်လုပ်တဲ့ ထုတ်လွှင့်သူက အခုထိ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ ဆေးရုံမှာ လှဲနေရတုန်းပဲနော်။”
“ဟုတ်တယ်။ မင်း ကင်မရာမပြောင်းရင် မင်းခြေထောက်ကို ရိုက်ချိုးဖို့ ငါတို့ အလှူငွေ ကောက်လိုက်မယ်။”
ထုတ်လွှင့်သူင ကင်မရာကို ပင်လယ်ပြင်ဘက်သို့ ချက်ချင်းလှည့်လိုက်ပြီး ပြောလိုက်သည်။
“စောစောကတင် ဒီသင်္ဘောတွေက ကမ်းခြေဘက်ကို တိုးကပ်လာနေတုန်းပဲရှိသေးတယ်။ အခု သူတို့ ရပ်သွားကြပြီ။ ပင်လယ်ထဲမှာ ပြဿနာတစ်ခုခု ပေါ်ပေါက်လာပုံရတယ်။ သူတို့ရဲ့ အမြောက်တွေကလည်း ကမ်းခြေဘက်ကို မပစ်တော့ဘူး။”
“ဟုတ်တယ်။ ပင်လယ်ထဲက သင်္ဘောတွေအားလုံးက သူတို့ရဲ့ တည်နေရာတွေကို ပြန်ချိန်ညှိနေကြသလိုပဲ။ သူတို့အနောက်ဘက်မှာ ပြဿနာတစ်ခုခုနဲ့ တိုးနေပုံရတယ်။”
“ထုတ်လွှင့်သူ မင်း အဲ့ဒီဘက်ကို ရေကူးပြီး သွားကြည့်ပေးလို့ မရဘူးလား။ ငါ ဒုံးပျံ အစင်းတစ်ရာ လက်ဆောင်ပေးမယ်လေ။”
“ငါက ရွက်လှေ နှစ်ရာ ပေးမယ်ကွာ။ မြန်မြန်သွားကြည့်စမ်းပါ...ဘာဖြစ်နေတာလဲဆိုတာကို။”
ထုတ်လွှင့်သူက သက်ပြင်းချကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
“မင်းတို့ ဘယ်လောက်ပဲ လက်ဆောင်ပေးပေး ငါ ရေကူးမသွားနိုင်ဘူး။ မင်းတို့ ငါ့ဆီ တကယ့်ရွက်လှေတစ်စင်း လှမ်းပို့ပေးရင် ပို့ပေး၊ မဟုတ်ရင်တော့ ငါ သေချာပေါက် မသွားနိုင်ဘူး။”
ဤနေရာကို လာနိုင်ခဲ့သည်မှာပင် သူ အသက်ကို စွန့်စားခဲ့ရပြီးပြီ ဖြစ်သည်။ အကယ်၍ ပင်လယ်ထဲသာ ခုန်ချလိုက်လျှင် သူ အမှန်တကယ် သေတွင်းထဲသို့ သက်ဆင်းသွားသလို ဖြစ်သွားပေလိမ့်မည်။
“ထုတ်လွှင့်သူ မင်း အသက်ကို လုံးဝမနှမြောဘူးလို့ ပြောထားတယ် မဟုတ်ဘူးလား။ အခုကျမှ ဘာလို့ လိပ်ပြာလွင့်နေတာလဲ။”
“ဟုတ်ပါ့။ ရှေ့မှာ ဘာဖြစ်နေလဲဆိုတာ မမြင်ရရင် ငါတို့ တခြား ထုတ်လွှင့်သူတစ်ယောက်ဆီပဲ ပြောင်းကြည့်တော့မယ်။”
“မှန်တယ်။ မင်းတစ်ယောက်တည်း ထုတ်လွှင့်နေတာ မဟုတ်ဘူး။”
ထုတ်လွှင့်သူသည် သူတို့၏ ခြိမ်းခြောက်မှုများကို လုံးဝဂရုမစိုက်ဘဲ ပြုံးကာ ပြောလိုက်သည်။
“အဆင်ပြေသလိုလုပ်ကြပါ။ ဘာပဲဖြစ်ဖြစ် ငါက ကိုယ့်အရည်အချင်းရှိသလောက်ပဲ ရှာစားတယ်။ လှေနံဓားထစ် မျက်ကန်း ကံစမ်းပြီးတော့ အသက်နဲ့ရင်းရမယ့် အလုပ်မျိုး ဘယ်တော့မှ မလုပ်ဘူး။”
ထုတ်လွှင့်သူက ထိုသို့ပြောနေရင်း ပင်လယ်ပြင်ကို သေချာစွာ စောင့်ကြည့်နေခဲ့သည်။
မကြာမီမှာပင် သူသည် ကွဲပြားခြားနားမှုတစ်ခုကို သတိပြုမိသွားတော့သည်။ တိုက်လေယာဉ် အတော်များများသည် ပင်လယ်ပြင်မှ ပျံတက်လာပြီး ဒေသခံစစ်သင်္ဘောများဆီသို့ ပျံသန်းသွားပုံရသည်။
၎င်းတို့သည် လေကြောင်းမှ မြေပြင်ပစ် ဒုံးကျည်အချို့ကို ပစ်ချပြီးနောက် ချက်ချင်း ပြန်လည်ဆင်းသက်သွားကြ၏။
တစ်ချိန်တည်းမှာပင် ဒေသခံစစ်သင်္ဘောများပေါ်မှ အမြောက်ကျည်အမြောက်အမြား ပေါ်ထွက်လာပြီး ထိုတိုက်လေယာဉ်များဆီသို့ တည့်တည့်ဦးတည်သွားခဲ့သည်။
“ဒါက လေကြောင်းရန်ကာကွယ်ရေးအမြောက်ပဲ။”
ထုတ်လွှင့်သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
သူ့ရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းကို ပေါင်းစပ်တွေးတောရင်း ထုတ်လွှင့်သူ၏ မျက်လုံးများ ချက်ချင်းပင် ပြူးကျယ်သွားတော့သည်။ သူသည် ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားခြင်း ဖြစ်သည်။
“မဖြစ်နိုင်တာ။”
ထုတ်လွှင့်သူမှာ လုံးဝ ဆွံ့အသွားခဲ့၏။
“ထုတ်လွှင့်သူ မင်း ဘာတွေ တစ်ယောက်တည်း ပွစိပွစိ ပြောနေတာလဲ။ ဘာလေကြောင်းရန်ကာကွယ်ရေးအမြောက်လဲ။ ဘာ ‘မဖြစ်နိုင်တာ’ လဲ။”
“ဟုတ်တယ်။ ထုတ်လွှင့်သူ... မင်း စကားထာဝှက်နေတာကို ရပ်လို့မရဘူးလား။ အဲ့ဒါ တကယ် စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတယ်ဆိုတာ မင်း သိရဲ့လားကွ။”
“မင်း ဘာမြင်လိုက်တာလဲ ထုတ်လွှင့်သူ။ မြန်မြန် ပြောပြစမ်းပါဦး။”
ထုတ်လွှင့်သူက အနည်းငယ် တုံ့ဆိုင်းသွားခဲ့ပြီးနောက် ပြောလိုက်သည်။
“အားလုံးပဲ စောစောက တိုက်လေယာဉ်တွေကို မြင်လိုက်ကြတယ် မဟုတ်လား။”
“မြင်တာပေါ့ကွ။ အဲ့ဒါတွေက အမည်းစက်လေးတွေလိုပဲ ဆိုပေမဲ့ သေချာပေါက် ခွဲခြားရမလွယ်ဘူးလား။”
“ဟုတ်တယ်။ ပြီးတော့ အဲ့ဒီဒေသခံသင်္ဘောတွေမှာ လေကြောင်းရန်ကာကွယ်ရေးလက်နက်တွေ ရှိပုံရတယ်။ တိုက်လေယာဉ်အချို့ အမှန်တကယ် အပစ်ခံရပြီး မီးခိုးအမည်းရောင်တွေ တန်းလို့ ပြုတ်ကျသွားတာတောင် ငါ မြင်လိုက်သေးတယ်။”
“ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ တိုက်လေယာဉ်တွေ ရှိတာ လူတိုင်းသိတာပဲလေ။ အဲ့ဒါ ဘာဆန်းလို့လဲ။”
ထိုစဉ် ထုတ်လွှင့်သူက ဆက်ပြောလိုက်သည်။
“တိုက်လေယာဉ်တွေ ရှိတာက မဆန်းပါဘူး။ ဒါပေမဲ့ အဲ့ဒီတိုက်လေယာဉ်တွေက ငါတို့ကျွန်းပေါ်ကနေ ပျံတက်လာတာ မဟုတ်ဘူးဆိုတာကိုရော အားလုံး စဉ်းစားမိကြရဲ့လား။”
“ဟင်... အဲ့ဒီလိုဖြစ်ပုံပဲ။ ဒီတိုက်လေယာဉ်တွေက ပင်လယ်ပြင်ဘက်ကနေ ပျံထွက်လာသလိုမျိုးပဲ။ ဟုတ်တယ်မလား။”
“ပြီးတော့ ပျက်ကျသွားတဲ့ တိုက်လေယာဉ်တွေကလည်း ကျွန်းဘက်ကို ပျံလာပုံမပေါ်ဘူး။”
“သူတို့က တခြားကျွန်းတွေကို ပတ်ပျံသွားတာလား။”
“အဲ့လိုပဲ ဖြစ်ရမယ်။ သူတို့တွေကို အလစ်အငိုက် ဖမ်းဖို့အတွက် တိုက်လေယာဉ်တွေက ဘေးဘက်တွေမှာရှိတဲ့ ကျွန်းခွဲတွေကနေ ပျံလာတာ ဖြစ်ရမယ်။”
ထုတ်လွှင့်သူက ခေါင်းခါလိုက်သည်။
“ငါ ပင်လယ်ပြင်ကို တစ်ချိန်လုံး စောင့်ကြည့်နေတာ။ ဘေးဘက်တွေကနေ ပျံထွက်လာတဲ့ တိုက်လေယာဉ် တစ်စင်းမှ မတွေ့မိဘူး။ သေချာတာပေါ့... ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ တိုက်လေယာဉ်တွေက အဝေးကြီးကနေ ပတ်ပျံလာတာလည်း ဖြစ်နိုင်ပေမဲ့ ငါကတော့ အခြားဖြစ်နိုင်ချေတစ်ခုဘက်ကို ပိုပြီး အားသာနေတယ်။”
“ဘာဖြစ်နိုင်လို့လဲ။”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် မေးလာခဲ့ကြသည်။
“အဲ့ဒါက... အဲ့ဒီတိုက်လေယာဉ်တွေက မဟာမိတ်ကျွန်းကနေ ပျံတက်လာတာ လုံးဝမဟုတ်ဘူးဆိုတာပဲ။”
ထုတ်လွှင့်သူက ပြတ်ပြတ်သားသား ပြောလိုက်သည်။
“မဟာမိတ်ကျွန်းက မဟုတ်ဘူးလား။ ဒါဆို ဘယ်ကနေ ပျံတက်လာတာလဲ။ ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ တခြားကျွန်းတွေ ရှိသေးလို့လား။”
“အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းတွေရဲ့ ကီလိုမီတာ ငါးဆယ်ပတ်လည်အတွင်းမှာ ဒေသခ့ကျွန်းတွေ မရှိဘူးထင်တာပဲ ဟုတ်တယ်မလား။”
“ဟုတ်တယ်။ ပြီးတော့ အရမ်းဝေးတဲ့နေရာမှာ စီစဉ်ထားရင်လည်း အဓိပ္ပာယ်သိပ်မရှိဘူးလေ။”
“ထုတ်လွှင့်သူ မင်းကတော့ လူကို တကယ့် ရင်ခုန်အောင် အချိန်ဆွဲတတ်တာပဲ။ မြန်မြန်လုပ်စမ်းပါ။ ဒုံးပျံ ဆယ်စင်း မင်းဆီ လာနေပြီ။ မင်းရဲ့ သီအိုရီကိုသာ ပြောပြစမ်းပါဟ။”
“ထုတ်လွှင့်သူကတော့ ငွေရှာနည်း လျှို့ဝှက်ချက်ကို တကယ် ပိုင်နိုင်သွားပြီပဲ။ ဒီလိုအခြေအနေမျိုးမှာ လူတိုင်းက နောက်ဆက်တွဲ သီအိုရီကို သိချင်စိတ် ပြင်းပြနေကြတာ။ မင်းတော့ ချမ်းသာတော့မယ် ထုတ်လွှင့်သူရေ။”
တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲတွင် ထုတ်လွှင့်သူကိုယ်တိုင်လည်း ၎င်း၏ ကောက်ချက်ကို အမြန်ဆုံး ပြောပြရန် လက်ဆောင်ပေးနေသူ အများအပြားကို မျှော်လင့်နေသည်မှာ အမှန်ပင်ဖြစ်သည်။
လက်ဆောင်များ ပြည့်လျှံနေသော မျက်နှာပြင်ကို ကြည့်ရင်း ထုတ်လွှင့်သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ဒီတိုက်လေယာဉ်တွေက ကုန်းမြေပေါ်ကနေ ပျံတက်လာတာ မဟုတ်ရင် တခြား ဘယ်နေရာကနေ ပျံတက်လာနိုင်ဦးမှာလဲ။”
“သောက်ကျိုးနည်း... ထုတ်လွှင့်သူ မင်းပြောချင်တာက အဲ့ဒါတွေက လေယာဉ်တင်သင်္ဘောပေါ်ကနေ ပျံတက်လာတာလို့ မဟုတ်ပါဘူးနော်။”
“ဟစ်... ကြောက်စရာကောင်းလိုက်တာ။”
“ချီး... အဲ့ဒါ တကယ်ဖြစ်နိုင်တယ်။ အကယ်၍ အခြားမဟာမိတ်အဖွဲ့သာဆိုရင် ငါ သေချာပေါက် ယုံမှာမဟုတ်ဘူး။ ဒါပေမဲ့ ယီရန်ပင်းမဟာမိတ်အဖွဲ့အတွက်ဆိုရင်တော့ ဒါက တကယ်ကို ဖြစ်နိုင်တယ်။”
“တိုက်လေယာဉ်တွေ ပင်လယ်ပြင်မှာ ပျံတက်ပျံဆင်း လုပ်နေတာရယ်၊ စောစောက ဒေသခံသင်္ဘောတွေရဲ့ လှုပ်ရှားမှုတွေရယ်ကို ပေါင်းစပ်လိုက်ရင် ယီရန်ပင်းမဟာမိတ်အဖွဲ့မှာ လေယာဉ်တင်သင်္ဘောတစ်စင်း အမှန်တကယ် ရှိနေတယ်ဆိုတာ အခြေခံအားဖြင့် အတည်ပြုနိုင်ပြီ။”
အကယ်၍ သူတို့သည် ပင်လယ်ပြင်တွင် စစ်သင်္ဘောများနှင့် မတွေ့ဘဲ တိုက်လေယာဉ်များသာ ရောက်လာခြင်း ဖြစ်ပါက ဒေသခံသင်္ဘောများသည် ကမ်းခြေသို့ ချဉ်းကပ်ကာ ကုန်းမြေပေါ် တက်ရောက်တိုက်ခိုက်ခြင်းကို လုံးဝ ဆက်လက်လုပ်ဆောင်နိုင်မည် ဖြစ်သည်။
ပိုမိုအင်အားကြီးမားသော သင်္ဘောနှင့် တွေ့ဆုံမှသာ ဒေသခံသင်္ဘောများသည် ကမ်းခြေသို့ ချဉ်းကပ်ခြင်းကို လောလောဆယ် လက်လျှော့ရန် ဖိအားပေးခံရမည် ဖြစ်သည်။
“သူဌေးက ဘာလို့ စစ်ကူမလိုဘူးလို့ ပြောလဲဆိုတာ မဆန်းတော့ပါဘူး။ လေယာဉ်တင်သင်္ဘောတစ်စင်း ရှိနေတာနဲ့တင် သူက ပင်လယ်ပြင်ကို လုံးဝစိုးမိုးထားနိုင်ပြီ။”
“မိုက်လိုက်တာ။ အခုအချိန်ထိ ငါ သေတ္တာဖွင့်လို့ ရဖူးတဲ့ အကောင်းဆုံးသင်္ဘောက အလတ်စားရွက်လှေ ထုတ်လုပ်မှုပုံစံပဲ။ သူဌေးမှာ လေယာဉ်တင်သင်္ဘောတောင် ရှိနေမယ်လို့ မမျှော်လင့်ထားမိဘူး။”
“တကယ်ကို နှိုင်းယှဉ်လို့မရပါဘူး...။ နှိုင်းယှဉ်လေလေ ပိုပြီးတော့ စိတ်မကောင်းဖြစ်ရလေလေပဲ။”
“ဒီအချိန်မှာ ကျုပ် ပြောချင်တာ တစ်ခုပဲ ရှိတယ်...။ သူဌေးက အရမ်းမိုက်လွန်းတယ်။”
ထိုစဉ် ထုတ်လွှင့်သူက ပင်လယ်ပြင်ကို လှမ်းကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။
“လေယာဉ်တင်သင်္ဘောက တကယ် အင်အားကြီးမားတာ မှန်ပေမဲ့ ဒါက ပြိုင်ဘက်ကင်းနေတာမျိုးတော့ မဟုတ်ဘူး။ အထူးသဖြင့် သေးငယ်မြန်ဆန်တဲ့ စစ်သင်္ဘောတွေနဲ့ တွေ့တဲ့အခါမျိုးမှာပေါ့။ တစ်ဖက်လူက သေကြေပျက်စီးအောင်အထိ အသေအလဲ မတိုက်သရွေ့တော့ လေယာဉ်တင်သင်္ဘောကလည်း သူတို့ကို ဘာမှ သိပ်မလုပ်နိုင်ဘူး။”