အခန်း ၁၂၄၆
Vol. 108 Ch. 1246
အခန်း ၁၂၄၆
ထုတ်လွှင့်သူ၏ စကားကို ကြားလိုက်ရသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲရှိ လူတိုင်းမှာ နောက်တစ်ကြိမ် ဆွံ့အသွားကြပြီးနောက် အပြန်အလှန် ဆွေးနွေးငြင်းခုံလာကြတော့သည်။
“ထုတ်လွှင့်သူ... မင်းပြောချင်တဲ့ အဓိပ္ပာယ်က ဘာလဲ။ လေယာဉ်တင်သင်္ဘောက သံချပ်ကာစစ်သင်္ဘောကို မနိုင်ဘူးလို့ ပြောချင်တာလား။”
“အပေါ်ကလူ... မင်း တရုတ်စာ ဖတ်ရှုနားလည်မှုစွမ်းရည်ကို ပြန်ပြီး လေ့ကျင့်သင့်တယ်။ ထုတ်လွှင့်သူပြောချင်တာက ထိပ်တိုက်တွေ့ရင်တော့ လေယာဉ်တင်သင်္ဘောက သေချာပေါက် နိုင်မှာပဲ။ ဒါပေမဲ့ ဒေသခံလူမျိုးတွေကလည်း မိုက်မဲတာမှမဟုတ်တာ...။ သူတို့က အသေအလဲ တိုက်မှာမဟုတ်ဘူး။”
“မှန်တယ်။ တကယ်လို့ သူတို့က အတင်းအဓမ္မ ထွက်ပြေးဖို့ပဲ ဆုံးဖြတ်လိုက်ရင် လေယာဉ်တင်သင်္ဘောက သူတို့ကို လိုက်မမီနိုင်ဘူး။ လေယာဉ်တင်သင်္ဘောရဲ့ အရှိန်က သူ့ရဲ့ ကြီးမားတဲ့ ပုံသဏ္ဌာန်ကြောင့် ဆွဲချခံထားရတာ။”
“အော်... အဲ့လိုကိုး။ ငါက လေယာဉ်တင်သင်္ဘောက ပြိုင်ဘက်မကင်းဘူးလို့ တကယ်ထင်သွားတာ။”
“မင်း ဘာတွေ တွေးနေတာလဲ။ ဘယ်လို လက်နက်ကိရိယာမျိုးပဲဖြစ်ဖြစ် အားနည်းချက်ဆိုတာ ရှိတာပဲ။ ဘယ်အရာကမှ လုံးဝ ပြိုင်ဘက်ကင်းနေတာမျိုး မရှိဘူး။”
ထိုအခိုက်အတန့်တွင် မဟာအင်ပါယာကြီး လေးခု ပူးပေါင်းစစ်တပ်၏ ကွပ်ကဲမှု သင်္ဘောပေါ်တွင် ဧကရာဇ်လေးပါးသည် အဝေးရှိ ကြီးမားလှသော နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောကြီး ငါးစင်းကို လုံးဝ ထိတ်လန့်တုန်လှုပ်စွာဖြင့် လှမ်းကြည့်နေကြ၏။
“ဒီလောက် ကြီးလှတဲ့ သင်္ဘောတွေကို လူသားတွေရဲ့ လုပ်အားနဲ့ တကယ်ပဲ ထုတ်လုပ်နိုင်ပါ့မလား။”
ချင်းကျူး အင်ပါယာဘုရင်က သက်ပြင်းချကာ ပြောလိုက်သည်။
အော်ကု၏ မျက်နှာအမူအရာမှာလည်း အနည်းငယ် ပျက်ယွင်းနေ၏။
“ဒါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အမှီပြုထားတာပဲ ဖြစ်ရမယ်။ လူသားတွေရဲ့ အင်အားနဲ့ ဒါမျိုးကို လုံးဝ မထုတ်လုပ်နိုင်ဘူး။”
“ယီရန်ပင်းမှာ ဒီလိုဝှက်ဖဲမျိုး ရှိနေလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားမိဘူး။”
မြင့်မြတ်ဘုရင်က ခေါင်းခါရင်း ပြောလိုက်သည်။ မြင့်တက်နေမင်းက နျူကလီးယား လေယာဉ်တင်သင်္ဘောကြီးကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်၏။
“အခု ငါတို့ ဘာဆက်လုပ်ကြမလဲ။ ဆုတ်ခွာမလား၊ ဒါမှမဟုတ် ဆက်တိုက်မလား။”
“တိုက်မယ်။ အဲ့ဒီကောင်ကြီးတွေက အရှိန် သိပ်မမြန်တာ ငါမြင်တယ်။ ငါတို့ရဲ့ အရှိန်ကို သုံးပြီး သူတို့ကို လုံးဝ အပြတ်အသတ် ဖြတ်ကျော်သွားလို့ ရတယ်။”
အော်ကုက မျက်လုံးများကို မှေးစင်းလျက် ပြောလိုက်သည်။
“မှန်တယ်။ ငါတို့မှာ လေကြောင်းရန်ကို ကာကွယ်ဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးအမြောက်တွေ ရှိနေသေးတာပဲ။ ငါတို့ သူတို့ရဲ့ တိုက်လေယာဉ်တွေကို အခြေခံအားဖြင့် ခုခံနိုင်တယ်။ ဘာမှ ကြောက်နေစရာ မလိုဘူး။”
မြင့်တက်နေမင်းက ထောက်ခံလိုက်သည်။
ကျန်ရှိသော အင်ပါယာဘုရင် နှစ်ပါးမှာ အနည်းငယ် တွန့်ဆုတ်သွားကြသော်လည်း နောက်ဆုံးတွင် ခေါင်းငြိမ့်လိုက်ကြသည်။ သူတို့ ယခုကဲ့သို့ ရေရှည်ပြင်ဆင်လာခဲ့ကြပြီးမှ လွယ်လွယ်ကူကူနှင့် လက်မလျှော့ချင်ကြချေ။
“ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ သင်္ဘောအုပ်စုကြီးဆီကို ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည်တွေ ချက်ချင်း ပစ်ခတ်စမ်း။”
အော်ကုက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
မကြာမီမှာပင် ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည် ဆယ်စင်းကျော်သည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ နျူကလီးယား လေယာဉ်တင်သင်္ဘောကြီးများဆီသို့ တဟုန်ထိုး ပြေးဝင်သွားတော့သည်။
လေယာဉ်တင်သင်္ဘောပေါ်ရှိ ရေဒါသည် ထိုဒုံးကျည်များကို ချက်ချင်း ထောက်လှမ်းမိသွား၏။ ကွပ်ကဲသူက တည်ငြိမ် လေးနက်သော အသံဖြင့် တုံ့ပြန်လိုက်သည်။
“ကြားဖြတ်ဟန့်တားဖို့ ကြိုးစားကြ။ တစ်ချိန်တည်းမှာပဲ လေယာဉ်တင်သင်္ဘောကို ပြုပြင်ဖို့ ပြင်ဆင်ထားကြ။”
“ဟုတ်ကဲ့။”
“ဝုန်း... ဝုန်း... ဝုန်း...”
ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည် အချို့ကို လေယာဉ်တင်သင်္ဘောမှ ပစ်ခတ်လိုက်သော ကြားဖြတ်ဒုံးကျည်များက တားဆီးနိုင်ခဲ့သော်လည်း အချို့သော ရေငုပ်ဒုံးကျည်များမှာမူ လေယာဉ်တင်သင်္ဘောကို ထိမှန်သွားခဲ့သည်။
လေယာဉ်တင်သင်္ဘောကြီးမှာ အလွန်တရာ ကြီးမားလှသဖြင့် နေရာအချို့ ထိမှန်ရုံမျှဖြင့် ချက်ချင်း နစ်မြုပ်သွားခြင်း သို့မဟုတ် ပျက်စီးသွားခြင်း မရှိပေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြပ်နေသော စစ်သားများသည် လေယာဉ်တင်သင်္ဘောကို အပြည့်အဝ ပြန်လည်ပြုပြင်ရန်အတွက် အရင်းအမြစ် အမြောက်အမြားကို ချက်ချင်း အသုံးပြုလိုက်ကြလေသည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သည် ဤကမ္ဘာကြီး၏ အကြီးမားဆုံးသော Bug တစ်ခု ဖြစ်ပေသည်။
ရှောင်းယီသည် အဝေးရှိ သင်္ဘော တစ်ထောင်ကျော်ကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။
“အစ်ကိုကျန်း... ဒီတိုက်ပွဲက တိုက်ရတာ လွယ်မှာမဟုတ်ဘူး။”
ကျန်းယွင်ထျန်းင ပြုံးလိုက်သည်။
“တိုက်ပွဲတစ်ခုက အကျပ်အတည်း ဆိုင်းငံ့မှုအခြေအနေထဲ ရောက်သွားပြီဆိုရင် အဲဒါက ထောက်ပံ့ပို့ဆောင်ရေးပြိုင်ပွဲ ဖြစ်သွားပြီ။ ငါတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေးက သူတို့ထက် ညံ့လိမ့်မယ်လို့ မင်း ထင်လား။”
ရှောင်းယီမှာ အနည်းငယ် ဆွံ့အသွားပြီးနောက် ပြုံးလိုက်သည်။
“အဲဒါတော့ သေချာပေါက် မဖြစ်နိုင်ဘူးပေါ့။”
ယခင်တိုက်ပွဲများတွင် ယီရန်ပင်းသည် တိုက်ပွဲကို အမြဲတမ်း လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် ဘာမှမလုပ်နိုင်ဘဲ အကြိတ်အနယ် ဖြစ်နေရခြင်းဖြစ်သည်။
“အတော်ပဲ။ ငါ ဒီမျက်နှာသစ်တွေကို တိုက်လေယာဉ် မောင်းနှင်တဲ့ အရည်အချင်း တိုးတက်လာအောင် စစ်မြေပြင်ခေါ်သွားပြီး လေ့ကျင့်ပေးလိုက်ဦးမယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်ပြီး ဘေးမှ ကမ်းပေးလာသော ဦးထုပ်ကို ယူကာ တိုက်လေယာဉ်တစ်စင်းဆီသို့ လျှောက်သွားလိုက်သည်။ ရှောင်းယီကလည်း ခေါင်းငြိမ့်ပြလိုက်၏။
“မင်းရဲ့ လက်စွမ်းကို ငါ စောင့်ကြည့်နေမယ်။”
ကျန်းယွင်ထျန်းက “OK” ပုံစံ လုပ်ပြလိုက်ပြီးနောက် တိုက်လေယာဉ်တစ်စင်းကို မောင်းနှင်ကာ လေယာဉ်တင်သင်္ဘောပေါ်မှ ပျံတက်၍ ဒေသခံသင်္ဘောများဆီသို့ ပျံသန်းသွားတော့သည်။
“မင်းက တကယ် လာရဲသေးတယ်ပေါ့။ ဒီတစ်ခါတော့ မင်းကို သေချာပေါက် ပစ်ချပစ်မယ်။”
လေကြောင်းရန်ကာကွယ်ရေးအမြောက်ကို ကိုင်တွယ်နေသည့် ဒေသခံစစ်သားတစ်ဦးက တည်ငြိမ်လေးနက်သောအသံဖြင့် ပြောလိုက်ပြီး တိုက်လေယာဉ်ဆီသို့ ချိန်ရွယ်ကာ ဦးတည်ချက်အကွာအဝေးကို ခန့်မှန်းပြီး စတင်ပစ်ခတ်တော့သည်။
ထိုစစ်သား စတင်ပစ်ခတ်လိုက်သည်နှင့် တစ်ပြိုင်နက် ကောင်းကင်ရှိ တိုက်လေယာဉ်မှာ ကြိုတင်သိရှိနေသည့်အလား ဘေးဘက်သို့ ချက်ချင်း ဝဲပျံကာ ရှောင်တိမ်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် တိုက်လေယာဉ်ပေါ်ရှိ စက်အမြောက်သည် သင်္ဘောပေါ်ရှိ လေကြောင်းရန်ကာကွယ်ရေးအမြောက် ရှိရာနေရာဆီသို့ ပြန်လည်ပစ်ခတ်တော့လေသည်။
“ဝုန်း... ဝုန်း... ဝုန်း...”
လေကြောင်းရန်ကာကွယ်ရေးအမြောက်ကို ကိုင်တွယ်နေသည့် စစ်သားမှာ တုံ့ပြန်ရန် အချိန်ပင်မရလိုက်ဘဲ သူ၏ခန္ဓာကိုယ်မှာ တိုက်လေယာဉ်၏ စက်အမြောက်ဒဏ်ကြောင့် စုတ်ပြတ်သတ်သွားခဲ့ရ၏။ သူ သေဆုံးသွားချိန်တွင်ပင် သူ၏မျက်လုံးများမှာ ကောင်းကင်ကို စိုက်ကြည့်ရင်း ပြူးကျယ်နေဆဲပင်။
အမြောက်တပ်သားတစ်ဦး သေဆုံးသွားသောအခါ သင်္ဘောပေါ်ရှိ အခြားစစ်သားများသည် ထိုနေရာကို အစားထိုးခုခံရန် ချက်ချင်း ရောက်ရှိလာကြ၏။
ကျန်းယွင်ထျန်းသည် အခြားတိုက်လေယာဉ်မှူးများကို လက်တွေ့ပြသနေသည့်အလား ထိုသင်္ဘောတစ်စင်းတည်းကိုသာ ပတ်ပျံခြင်း၊ ရှောင်တိမ်းခြင်းနှင့် တိုက်ခိုက်ခြင်းများကို ပြုလုပ်နေခဲ့သည်။
သူသည် လေကြောင်းရန်ကာကွယ်ရေးအမြောက်၏ အမြင့်ဆုံးချိန်ရွယ်နိုင်မှုထောင့် အကန့်အသတ်ကိုပင် အသုံးချကာ ဒေါင်လိုက်အနေအထားမှနေ၍ စက်အမြောက်ဖြင့် အချက်ပေါင်းများစွာ ဆက်တိုက်ပစ်ခတ်ခဲ့သည်။
ထိုသင်္ဘောပေါ်တွင် လေကြောင်းရန်ကာကွယ်ရေးအမြောက် ငါးလက် ရှိပေသည်။ အဆုံး၌မူ ကျန်းယွင်ထျန်း၏ ပြင်းထန်လှသော တိုက်ခိုက်မှုများကြောင့် မည်သည့်စစ်သားမျှ ထိုလေကြောင်းရန်ကာကွယ်ရေးအမြောက်များအနီးသို့ ထပ်မံမချဉ်းကပ်ရဲကြတော့ပေ။
“အစီရင်ခံပါတယ်...။ ကျွန်တော်တို့သင်္ဘောက တိုက်လေယာဉ် ဆရာသခင်တစ်ယောက်နဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ကို လုံးဝ ထိအောင်မပစ်နိုင်တဲ့အပြင် ကျွန်တော်တို့ရဲ့ အမြောက်တပ်သားတွေအားလုံးလည်း သူ့လက်ချက်နဲ့ သေဆုံးကုန်ပါပြီ။ စစ်ကူတောင်းခံပါတယ်...။”
နောက်ဆုံးတွင် ထိုသင်္ဘောသည် ဆက်လက်မတောင့်ခံနိုင်တော့ဘဲ ကွပ်ကဲမှုသင်္ဘောထံသို့ ချက်ချင်း လှမ်း၍ အကူအညီတောင်းခံရတော့သည်။
ချင်းကျူးဧကရာဇ်သည် ထိုအရေးပေါ်အကူအညီတောင်းခံသံကို ကြားလိုက်ရသသောအခါ ချက်ချင်း အမိန့်ပေးလိုက်သည်။
“အနီးနားမှာရှိတဲ့ သင်္ဘောတွေ... အဲ့ဒီနေရာကို ချက်ချင်းသွားပြီး ကူညီပေးကြစမ်း။ အဲ့ဒီလေယာဉ်ကို သေချာပေါက် မောင်းထုတ်ပစ်စမ်း။”
“ဟုတ်ကဲ့။”
ချင်းကျူးဧကရာဇ် အမိန့်မထုတ်ပြန်ခင်ကတည်းကပင် ပတ်ဝန်းကျင်ရှိ သင်္ဘောများသည် ထိုနေရာဆီသို့ ဦးတည်ရွေ့လျားနေကြပြီ ဖြစ်သည်။
သို့သော်လည်း သူတို့သည် အခြားတိုက်လေယာဉ်များ၏ နှောင့်ယှက်ခြင်းကို ခံနေကြရသဖြင့် အချိန်မီ မပံ့ပိုးပေးနိုင်ခဲ့ကြချေ။
ထိုသင်္ဘောများ၏ လှုပ်ရှားမှုကို မြင်သောအခါ ကျန်းယွင်ထျန်းက အမိန့်ပေးလိုက်သည်။
“တပ်ဖွဲ့ဝင်အားလုံး... လေယာဉ်တင်သင်္ဘောဆီ ပြန်ဆုတ်ကြမယ်။”
“ဟုတ်ကဲ့။”
ချက်ချင်းပင် တိုက်လေယာဉ်အားလုံး နောက်သို့ ပြန်လည်ပျံသန်းသွားကြတော့သည်။
တိုက်ပွဲတစ်လှည့် ဆင်နွှဲပြီးနောက် ကျန်းယွင်ထျန်း မောင်းနှင်သည့် တိုက်လေယာဉ်သည်လည်း ခဲယမ်းမီးကျောက်များ ပြန်လည်ဖြည့်တင်းရန် လိုအပ်နေပြီဖြစ်သည်။
“နည်းပြရဲ့ တိုက်လေယာဉ်မောင်းနှင်မှုက တကယ့်ကို အံ့မခန်းပဲ။”
“ဟုတ်ပါ့ကွာ...။ ဒီလောက်များတဲ့ လေကြောင်းရန်ကာကွယ်ရေးအမြောက်တွေရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတာတောင် ရန်သူ့အမြောက်တပ်သားတွေအားလုံးကို ပြန်လည်တိုက်ခိုက်ပြီး သုတ်သင်နိုင်ခဲ့တယ်နော်။”
“အရင်က ငါ ငါ့ကိုယ်ငါ တိုက်လေယာဉ်မောင်းတတ်ပြီလို့ ထင်နေခဲ့တာ။ ဒါပေမဲ့ နည်းပြနဲ့ နှိုင်းယှဉ်လိုက်ရင် ငါတို့ သင်ယူရဦးမှာတွေ အများကြီးရှိသေးတယ်လို့ ခံစားရတယ်။”
လေယာဉ်တင်သင်္ဘောဆီ ပြန်ရောက်လာကြသော တိုက်လေယာဉ်မှူးများသည် အချင်းချင်း စိတ်လှုပ်ရှားစွာ ဆွေးနွေးကြတော့သည်။ ကျန်းယွင်ထျန်းသည် တိုက်လေယာဉ်ပေါ်မှ ဆင်းလာခဲ့လေသည်။
“ဘယ်လိုလဲ။”
“အရမ်းမိုက်တယ်။”
ရှောင်းယီက ချီးကျူးစကားကို ကပ်စေးနည်းမနေဘဲ ပြောလိုက်သည်။
ကျန်းယွင်ထျန်းက ဂုဏ်ယူစွာ ပြုံးလိုက်ပြီးနောက် သူ၏မိုဘိုင်းဖုန်းကို ကောက်ကိုင်ကာ ပြောလိုက်၏။
“မဟာမိတ်အရှေ့ဘက်ကျွန်းနဲ့ မဟာမိတ်မြောက်ဘက်ကျွန်းရဲ့ စစ်သင်္ဘောတွေ အဆင်သင့်ဖြစ်ပြီလား။”
“အဆင်သင့်ဖြစ်ပါပြီ။”
ကျွန်းနှစ်ကျွန်း၏ တာဝန်ခံများက ချက်ချင်း ပြန်လည်ဖြေကြားလိုက်ကြသည်။
“ကောင်းပြီ... မင်းတို့ စစ်သင်္ဘောတွေကို ငါတို့နားကို တိုးလာခဲ့။”
ကျန်းယွင်ထျန်းက ဆက်လက်ညွှန်ကြားလိုက်၏။
“ဟုတ်ကဲ့။”
ရှောင်းယီတစ်ယောက် လေယာဉ်တင်သင်္ဘောဆီသို့ ချဉ်းကပ်လာနေသော ဒေသခံသင်္ဘောများကို ကြည့်လိုက်သည်။
“သူတို့က ‘ပုရွက်ဆိတ်အများကြီး စုကိုက်ရင် ဆင်ပြောင်ကြီးလည်း သေနိုင်တယ်’ ဆိုတဲ့ ဗျူဟာကို သုံးဖို့ ကြိုးစားနေပုံပဲ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“ဒါကြောင့် ငါတို့ကလည်း အရွယ်အစားတူတဲ့ ပုရွက်ဆိတ်အချို့ကို ဆင့်ခေါ်ရမယ်...။ ဒါမှ သူတို့ ငါတို့ကို မဝိုင်းရဲမှာ။”
ကျန်းယွင်ထျန်း ပြောသည့် “အရွယ်အစားတူသော ပုရွက်ဆိတ်များ” ဆိုသည်မှာ သဘာဝအတိုင်း မဟာမိတ်အရှေ့ဘက်ကျွန်းနှင့် မဟာမိတ်မြောက်ဘက်ကျွန်းတို့၏ စစ်သင်္ဘောအုပ်စုများကို ရည်ညွှန်းခြင်းဖြစ်ပေသည်။
လေယာဉ်တင်သင်္ဘောများပေါ်တွင် တပ်ဆင်ထားသော အမြောက်များသည် ဒေသခံအမြောက်များနှင့် နှိုင်းယှဉ်ပါက တိုက်ခိုက်မှုအကွာအဝေး ပိုမိုတိုတောင်းသည်။ အကယ်၍ ဒေသခံလူမျိုးများ အနီးကပ် ချဉ်းကပ်လာပြီး အမြောက်များဖြင့် အဆက်မပြတ် ဗုံးကြဲပါက အမှန်တကယ်ပင် အလွန်လက်ဝင်ပေလိမ့်မည်။
ထိုသို့သော ဗုံးကြဲမှုဒဏ်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အဆက်မပြတ် ပြုပြင်ပေးနိုင်မှုကြောင့် အနည်းငယ်မျှသာ သက်ရောက်မှုရှိမည် ဆိုသော်လည်း လေယာဉ်တင်သင်္ဘောပေါ်ရှိ စစ်သားအမြောက်အမြား၏ ဘေးကင်းလုံခြုံရေးကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ သူတို့ကို ဤမျှလွယ်လွယ်ကူကူနှင့် ချဉ်းကပ်ခွင့်မပေးခြင်းက ပိုကောင်းပေသည်။
“ဒီအကွာအဝေးက ငါတို့အမြောက်တွေရဲ့ ပစ်ခတ်မှုအပိုင်းအခြားနဲ့ တော်တော်နီးကပ်နေပြီ။ ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ သင်္ဘောကြီးတွေပေါ်က အမြောက်တွေရဲ့ ပစ်ခတ်မှုအပိုင်းအခြားက ဘယ်လောက်အထိ ရှိမလဲဆိုတာကို ငါ သိချင်မိတယ်။”
ချင်းကျူးဧကရာဇ်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“သူတို့က ဒီလောက်အနီးကပ်အကွာအဝေးအထိ ရောက်တာတောင် ငါတို့ကို တိုက်ခိုက်ဖို့ ရည်ရွယ်ချက်မရှိသေးဘူး။ သူတို့ရဲ့ အမြောက်တွေကလည်း တခြားသင်္ဘောတွေပေါ်က အမြောက်တွေနဲ့ အတူတူပဲ ဖြစ်ဖို့ ကိုးပုံလောက် သေချာနေပြီ။”
အော်ကုက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။