အခန်း ၁၂၄၈
Vol. 108 Ch. 1248
အခန်း ၁၂၄၈
မကြာမီတွင် ပင်လယ်ပြင်ထက်မှ ပုံမှန်မဟုတ်သော လှုပ်ရှားမှုသည် ဒေသခံလူမျိုးများ၏ အာရုံစိုက်မှုကို ဆွဲဆောင်သွားခဲ့၏။
“သတိထားကြ။ မြောက်ဘက်တည့်တည့်မှာ အမျိုးအမည်မသိ သက်ရှိတစ်ခုကို ထောက်လှမ်းမိထားတယ်။ ကျွန်တော်တို့ဆီကို အရှိန်အဟုန်နဲ့ တိုးကပ်လာနေပါတယ်။ ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည်တွေ အသုံးပြုခွင့်တောင်းခံပါတယ်။”
မြောက်ဘက်ခြမ်းရှိ စစ်သင်္ဘောတပ်စုက ချက်ချင်း သတင်းပို့လာခဲ့သည်။
မဟာအင်ပါယာကြီး လေးခု၏ ဘုရင်များသည် ထိုသတင်းကို ကြားလိုက်ရသောအခါ အနည်းငယ် ကြောင်အမ်းသွားကြ၏။
“အမျိုးအမည်မသိ သက်ရှိ ဟုတ်လား။ ဘာဖြစ်လို့ အမျိုးအမည်မသိ သက်ရှိတစ်ခုက ရုတ်တရက် ပေါ်လာရတာလဲ။”
ချင်းကျူးအင်ပါယာဘုရင်က မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ အော်ကုကမူ သိပ်ဂရုမစိုက်ချေ။
“ဘယ်လိုသက်ရှိမျိုးဖြစ်ဖြစ် ဘာဂရုစိုက်နေစရာ လိုလဲ။ ငါတို့ဆီကို ဦးတည်ပြီး ပြေးဝင်လာတယ်ဆိုကတည်းက ဒါက ရန်သူပဲ။ မိတ်ဆွေမဖြစ်နိုင်ဘူး။ ယီရန်ပင်း မဟာမိတ်အဖွဲ့က မွေးထားတဲ့ သားရဲ ဖြစ်ဖို့များတယ်။ တည့်တည့်သာ တိုက်ခိုက်လိုက်စမ်း။”
မြင့်တက်နေမင်းနှင့် မြင့်မြတ်အလင်းတို့ကလည်း သဘာဝအတိုင်း ကန့်ကွက်စရာ မရှိကြချေ။
အထက်လူကြီးများထံမှ အမိန့်ကို ရရှိပြီးနောက် ဒေသခံစစ်သင်္ဘောများသည် ကြိုးတပ်ထိန်းချုပ်စနစ်သုံး ရေငုပ်တော်ပီဒိုများကို ချက်ချင်း ပစ်ခတ်လိုက်ကြတော့သည်။
ရှေးဦးဧရာမ သားရဲကြီးကို ဆွဲဆောင်ရန်အတွက် ရှောင်းယီသည် သဘာဝအတိုင်း ဒေသခံစစ်သင်္ဘောအုပ်စု၏ မြောက်ဘက်အစွန်းဆုံး တည်နေရာသို့ ရောက်ရှိနေခဲ့သည်။ ဒေသခံစစ်သင်္ဘောအုပ်စုက ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည်များ ပစ်ခတ်လိုက်သည်ကို မြင်သောအခါ သူသည် ရှေးဦးဧရာမ သားရဲကြီး၏ ရွေ့လျားမှု လမ်းကြောင်းကို ချက်ချင်း စတင်လမ်းညွှန်ပေးလိုက်သည်။
အဆုံး၌မူ ထိုသားရဲကြီးသည် ဒေသခံလူမျိုးများ၏ ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည်ဒဏ်ကြောင့် သေဆုံးသွားရမည်မှာ သေချာသော်လည်း ၎င်းက ယီရန်ပင်းအတွက် ရန်သူ့ခဲယမ်းမီးကျောက်များကို ကုန်ဆုံးအောင် ကူညီပေးနိုင်မည်ဖြစ်ရာ ဘာကြောင့် မလုပ်ရမှာနည်း။
ထို့အပြင် ဒေသခံလူမျိုးများတွင်သာ ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည်များ ရှိနေခြင်းဖြစ်ပြီး ၎င်းတို့ ကုန်ဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရှေးဦးဧရာမ သားရဲကြီးသည် ၎င်း၏ အစွမ်းကို အပြည့်အဝ ပြသနိုင်တော့မည် ဖြစ်သည်။
“ဒုန်း... ဒုန်း... ဒုန်း...”
ရှောင်းယီ၏ လမ်းညွှန်မှုအောက်တွင် ရှေးဦးဧရာမ သားရဲကြီးသည် ၎င်း၏ အသက်အန္တရာယ်ရှိသော အရေးကြီးအစိတ်အပိုင်းများကို ရှောင်ကွင်းနိုင်ခဲ့ပြီး ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည်မှာ ၎င်း၏ အမြီးကိုသာ ထိမှန်သွားခဲ့သည်။
ရှေးဦးဧရာမ သားရဲကြီးသည် နာကျင်စွာဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ ၎င်း၏ အသံနက်ကြီးမှာ အရှေ့မြောက်ဘက် ပင်လယ်ပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့ပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အရှေ့မြောက်ဘက် ကျွန်းခွဲပေါ်မှပင် လှမ်း၍ ကြားလိုက်ရလေသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ အားလုံးသည်လည်း ထိုအသံကို ကြားလိုက်ကြရသဖြင့်ဖြင့် တစ်ယောက်ပြီးတစ်ယောက် မေးမြန်းလာကြတော့သည်။
“အဲ့ဒါ ဘာအသံကြီးလဲ။”
“တိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အော်သံနဲ့ တူတယ်။”
“အဲ့ဒါက ဘာမှပြောမသလိုပဲမဟုတ်ဘူးလား။ လူအော်သံမဟုတ်တာတော့ ဘယ်သူမဆို သိတာပေါ့ကွ။”
ထုတ်လွှင့်သူသည် ပင်လယ်ပြင်၏ အခြေအနေကို သေချာစွာ စောင့်ကြည့်နေခဲ့ပြီး ရွက်သင်္ဘောမှာ ဒေသခံစစ်သင်္ဘောများကြားတွင် အဆက်မပြတ် လူးလာတုံ့ပြန် မောင်းနှင်နေဆဲ ဖြစ်သည်။
သို့သော် ထုတ်လွှင့်သူကို ဇဝေဇဝါ ဖြစ်သွားရသည်မှာ ဤအခိုက်အတန့်တွင် ရွက်သင်္ဘောက ဒေသခံစစ်သင်္ဘောများကို လိုက်၍ မတိုက်တော့ခြင်းကြောင့် ဖြစ်သည်။
“သူ အခု ဘာလို့ လိုက်မတိုက်တော့တာလဲ။”
ထုတ်လွှင့်သူက ဝေခွဲမရနိုင်စွာ ပွစိပွစိ ရေရွတ်လိုက်သည်။
နောက်အခိုက်တွင် ထုတ်လွှင့်သူနှင့် အင်တာနက်အသုံးပြုသူများသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် မျက်လုံးများ ပြူးကျယ်သွားကြရ၏။ အဘယ်ကြောင့်ဆိုသော် မြောက်ဘက်အစွန်းဆုံးရှိ ဒေသခံစစ်သင်္ဘောတစ်စင်း ရုတ်တရက် တိမ်းမှောက်သွားသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။
၎င်းသည် ဧရာမအင်အားကြီးတစ်ခုခု၏ တွန်းထုတ်မှောက်လှန်ခြင်းကို ခံလိုက်ရသည့်အလား ဖြစ်နေပြီး သင်္ဘောပေါ်ရှိ ဒေသခံစစ်သားများသည် တစ်ယောက်ပြီးတစ်ယောက် ရေထဲသို့ ပြုတ်ကျကုန်ကြတော့သည်။
“ဒါက ဘာအခြေအနေကြီးလဲ။ အဲ့ဒီဒေသခံသင်္ဘောက တော်ပီဒိုနဲ့ အပစ်ခံရလို့ မှောက်သွားတာလား။”
“ငါကတော့ တော်ပီဒိုက စစ်သင်္ဘောတွေကို ဖျက်ဆီးပစ်တယ်လို့ပဲ ကြားဖူးပါတယ်။ ပေါက်ကွဲပြီး မှောက်သွားတာမျိုးတော့ တစ်ခါမှမမြင်ဖူးဘူး။”
“အဲ့ဒါ သေချာပေါက် မဟုတ်ဘူး။ အကယ်၍ တော်ပီဒိုသာဆိုရင် ဘာလို့ ပေါက်ကွဲမှုမဖြစ်ရတာလဲ။ ဒါက သူဌေးရဲ့ ဧရာမ အိမ်မွေးတိရစ္ဆာန်တွေထဲက တစ်ကောင် ဖြစ်မယ်လို့ ငါ သံသယဝင်မိတယ်။”
“အဲ့ဒီခန့်မှန်းချက်က ပိုပြီး ယုံကြည်စိတ်ချရတယ်။ အရင်တုန်းက မသေမျိုးမျိုးနွယ်စုနဲ့ တိုက်ခိုက်တုန်းက ဧရာမစိမ်းပြာနဂါးကြီး တစ်ကောင် ရှိခဲ့ဖူးတယ်။ ဒီတိုက်ခိုက်မှုက အဲ့ဒီ နဂါးကြီးရဲ့ လက်ချက် ဖြစ်နိုင်တယ်။”
“ဟုတ်တယ်၊ ဟုတ်တယ်၊ ဟုတ်တယ်။ သူဌေးမှာ အဲ့လိုအင်အားကြီးအားကြီးတဲ့ အိမ်မွေးတိရစ္ဆာန်တွေ အများကြီးရှိတာ တကယ်ကို အားကျစရာပဲ။ သူကိုယ်တိုင် ဘာမှလုပ်စရာမလိုဘဲနဲ့ ဒေသခံလူမျိုးတွေကို နှိမ်နင်းနိုင်နေပြီ။”
ရှောင်းယီသည် ပထမဆုံး အခိုက်အတန့်တွင် သူ၏ အိမ်မွေးတိရစ္ဆာန်များကို ကူညီခွင့်ပြုရန် အမှန်ပင် စဉ်းစားခဲ့၏။ ရန်သူ့စစ်သင်္ဘောများစွာ ရှိနေသောကြောင့် လိပ်နက်နှင့် ချင်းလုံတို့သည် ဤတိုက်ပွဲအတွက် သေချာပေါက် ပိုမိုသင့်တော်သည်။
သို့သော်လည်း ချင်းလုံမှာ ယခင်က မသေမျိုးမျိုးနွယ်စု၏ အရိုးစုနဂါးကြီးနှင့် တိုက်ပွဲတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ယခုထက်ထိ ပြန်လည်သက်သာလာရန် ကုသနေရဆဲဖြစ်ရာ ရွှမ်းဝူတစ်ကောင်တည်းသာ တိုက်ခိုက်နိုင်မည်ဖြစ်သည်။
သို့သော် တစ်ဖက်တွင် ရန်သူ၌ ကြိုးတပ်ထိန်းချုပ် တော်ပီဒို အမြောက်အမြား ရှိနေသည်ကို ထည့်သွင်းစဉ်းစားပြီးနောက် ရှောင်းယီသည် ရွှမ်းဝူအား တိုက်ပွဲဝင်ခိုင်းမည့် အကြံကို လက်လျှော့လိုက်တော့သည်။
ရွက်သင်္ဘောက ပိုမိုအစွမ်းထက်သည့် ရှေးဦးဧရာမ သားရဲကြီးများကို ဆွဲဆောင်နိုင်သည်ဖြစ်ရာ ရွှမ်းဝူအား ထွက်တိုက်ခိုင်းစရာ လုံးဝမလိုတော့ချေ။ ရှေးဦးဧရာမ သားရဲကြီးနှင့် ဒေသခံလူမျိုးများကိုသာ အချင်းချင်း အပြန်အလှန် ကိုက်ခဲတိုက်ခိုက်ခိုင်းလိုက်ရုံပင်။
ရှောင်းယီအနေဖြင့် ရွက်သင်္ဘောကို ဒေသခံစစ်သင်္ဘောများကြားထဲ ပတ်မောင်းနေရန်သာ လိုအပ်သည်။
“ကျွန်းပိုင်ရှင်... ဒီအစီအစဉ်က တကယ် ချက်ကျတာပဲ။ ဒီလိုဆိုရင် ငါတို့ ထိုင်ပြီး ပွဲကြည့်ရုံနေပဲ။”
ဒေသခံစစ်သင်္ဘော နှစ်စင်း အမှန်တကယ် တိမ်းမှောက်သွားသည်ကို မြင်ပြီးနောက် ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။ ဘေးမှ စစ်သားကလည်း ခေါင်းငြိမ့်လိုက်မိသည်။
“ဒီလိုဆိုရင်တော့ ဒေသခံလူမျိုးတွေလည်း ကျွန်တော်တို့ လေယာဉ်တင်သင်္ဘောကို တိုက်ခိုက်ဖို့ အချိန်ရတော့မှာ မဟုတ်ဘူး။ ကျွန်တော်တို့လည်း မနားတမ်း လိုက်ပြင်နေရတဲ့ ဒုက္ခကနေ သက်သာသွားပြီ။”
ရှေးဦးဧရာမ သားရဲကြီးက တတိယမြောက်စစ်သင်္ဘောကိုပါ မှောက်လှန်ပစ်လိုက်ပြီး နောက်ဆုံးမှသာ ဒေသခံလူမျိုးများ သတိပြုမိသွားကြတော့သည်။
“ဒါက ရှေးဦး ဧရာမ သားရဲကြီးပဲ။”
ချင်းကျူးအင်ပါယာဘုရင်က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ကြိုးတပ်ထိန်းချုပ် ရေငုပ်ဒုံးကျည်တွေကို သုံးပြီး အဲ့ကောင်ကို ချက်ချင်း ရှင်းပစ်ကြစမ်း။”
“ဟုတ်ကဲ့။”
မဟာအင်ပါယာကြီး လေးခုသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များကို သိမ်းပိုက်ပြီးနောက် အသက်ရှင်ကျန်ရစ်သူ အချို့ကိုလည်း ဖမ်းဆီးရမိခဲ့သည်။
သူတို့အနေဖြင့် ထိုသူများကို အတတ်နိုင်ဆုံး ကန့်သတ်ချုပ်ချယ်ထားသော်လည်း အသက်ရှင်ကျန်ရစ်သူ အနည်းငယ်မျှမှာမူ ၎င်းတို့၏ အဆင့်ကို SSS အဆင့် အထိ မြှင့်တင်နိုင်ခဲ့ကြလေသည်။
ရလဒ်အနေဖြင့် ထိုလူများသည်လည်း ရှေးဦးဧရာမ သားရဲကြီးများ၏ ပစ်မှတ်ထားခြင်းကို ခံခဲ့ရပြီး မဟာအင်ပါယာကြီး လေးခုစလုံးသည် ရှေးဦးဧရာမ သားရဲကြီးများ၏ ဖျက်ဆီးမှုစွမ်းအားကို ကောင်းကောင်းသိထားခဲ့ကြသည်။
မူလကမူ မဟာအင်ပါယာကြီး လေးခုသည် ထို SSS အဆင့် အသက်ရှင်ကျန်ရစ်သူများကို တိုက်ရိုက်သတ်ပစ်ရန် ရည်ရွယ်ခဲ့သော်လည်း သားရဲကြီးအသား၏ အာနိသင်များကို သိရှိသွားပြီးနောက်တွင်မူ စိတ်ကူးပြောင်းသွားကာ ထို SSS အဆင့်ရှိသူများကို ဆက်လက်အသက်ချမ်းသာပေးပြီး မွေးမြူထားခဲ့ကြခြင်း ဖြစ်သည်။
ချင်းကျူးအင်ပါယာဘုရင်၏ အမိန့်ပေးမှုအောက်တွင် ကြိုးတပ်ထိန်းချုပ် တော်ပီဒို ဆယ်စင်းသည် ရှေးဦးဧရာမ သားရဲကြီး ရှိရာနေရာဆီသို့ တစ်ပြိုင်နက်တည်း တဟုန်ထိုး ပြေးဝင်သွားခဲ့သည်။
ယခုတစ်ကြိမ်တွင်မူ ရှောင်းယီက သားရဲကြီးကို မည်သို့ပင် လမ်းညွှန်ပတ်ပြေးစေကာမူ ကြိုးတပ်ထိန်းချုပ် တော်ပီဒိုများ၏ တိုက်ခိုက်မှုကို လုံးဝ မရှောင်တိမ်းနိုင်ခဲ့ချေ။
“ဟူး... ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့ကွာ။”
ရှောင်းယီက စိတ်ပျက်လက်ပျက် ရေရွတ်လိုက်ပြီး ရွက်သင်္ဘောကို ဘေးဘက်သို့ ကွေ့လိုက်တော့လေသည်။
“ဘုန်း... ဘုန်း... ဝုန်း...”
ယခုတစ်ခေါက်တွင်မူ ထိုတော်ပီဒိုဆယ်စင်းသည် ရှေးဦးဧရာမ သားရဲကြီးကို အပြီးတိုင် သုတ်သင်ရှင်းလင်းနိုင်ခဲ့သည်။
ရှေးဦးဧရာမ သားရဲကြီး အဆိပ်သင့်သေဆုံးသွားသည်ကို မြင်တွေ့ရသောအခါမှသာ မဟာအင်ပါယာကြီး လေးခုမှ ဧကရာဇ်များအားလုံး သက်ပြင်းချနိုင်တော့သည်။
“ဒီရှေးဦးဧရာမ သားရဲကြီးက ဒီနေရာကို ဘာလို့ ရုတ်တရက်ကြီး ရောက်ချလာတာလဲ။”
မြင့်တက်နေမင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ အရှေ့မြောက်ဘက် ကျွန်းခွဲပေါ်မှာ SSS အဆင့် အပြင်လူတစ်ယောက် ရှိနေလို့ပဲ ဖြစ်ရမယ်။”
ချင်းကျူးအင်ပါယာဘုရင်က လေးနက်တည်ငြိမ်သော အသံဖြင့် ပြောလိုက်သည်။ မြင့်မြတ်အရှင်ကလည်း ခေါင်းငြိမ့်လိုက်သည်။
“အင်း... အဲ့ဒါ တကယ်ဖြစ်နိုင်တယ်။ အကယ်၍ ဒီကျွန်းပေါ်မှာ SSS အဆင့်တွေ အများကြီး ရှိနေရင် ငါတို့ ရှေးဦးဧရာမ သားရဲကြီးတွေ အများကြီးနဲ့ ထပ်ပြီး ရင်ဆိုင်ရမှာ မဟုတ်ဘူးလား။”
“ဒါက တကယ့်ကို အနှောင့်အယှက်တစ်ခုပဲ။”
အော်ကုက မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ ငါတို့ အရင်ဆုံး ဒီစိတ်အနှောင့်အယှက်ပေးနေတဲ့ ရွက်သင်္ဘောကို အရင်မောင်းထုတ်ရမယ်။”
ချင်းကျူးအင်ပါယာဘုရင်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်၏။
“သူ့ကို မောင်းထုတ်လို့ရမယ် မထင်ဘူး။ ဒီရွက်သင်္ဘောကို ဘယ်လိုပစ္စည်းတွေနဲ့ လုပ်ထားလဲဆိုတာ ငါလည်း မသိဘူး...။ သေနတ်တွေ၊ အမြောက်တွေနဲ့ ပစ်တာတောင် ဘာဒဏ်ရာမှ မရဘူး။”
“သေစမ်း... ဒီယီရန်ပင်းက ဘာဖြစ်လို့ ဒီလောက်အဆင့်မြင့်တဲ့ ပစ္စည်းတွေ အများကြီး ရှိနေရတာလဲ။”
အော်ကုက ကျိန်ဆဲလိုက်သည်။
“ငါ့စိတ်ထင် ဒီယီရန်ပင်းက နတ်ဘုရားတွေဆီကနေ ဖြတ်လမ်းနည်းတစ်ခုခု ရထားတာများလားလို့တောင် ခံစားနေရတယ်။”
မဟာအင်ပါယာကြီး လေးခုက ဧရာမသားရဲကြီးကို သုတ်သင်လိုက်သည့် လုပ်ငန်းစဉ်ကို ကမ်းခြေရှိ ထုတ်လွှင့်သူကလည်း ဗီဒီယိုရိုက်ကူးခဲ့ရာ အသားစများ အပိုင်းပိုင်းအစစ လွင့်စင်သွားသည်ကို မြင်တွေ့ခဲ့ရသည်။
တိုက်ရိုက်ထုတ်လွှင့်မှုမှ အင်တာနက်အသုံးပြုသူများက မရေမရာဖြင့် ပြောလာခဲ့ကြသည်။
“သူဌေးရဲ့ အိမ်မွေးတိရစ္ဆာန် အသတ်ခံလိုက်ရတာလား။”
“ဘာတွေ တွေးနေတာလဲ။ ဒါက သူဌေးရဲ့ အိမ်မွေးတိရစ္ဆာန် မဟုတ်တာ သိသာလွန်းတယ်။ ငါ သေချာပေါက် ပြောရဲတယ်... ဒါက ရှေးဦးဧရာမ သားရဲကြီးပဲ။”
“အမှန်ပဲ။ ရှေးဦးဧရာမ သားရဲကြီးပဲ ဖြစ်ရမယ်။ ငါ အခုမှပဲ သဘောပေါက်တော့တယ်။ သူဌေးရဲ့ ရွက်သင်္ဘောမှာ ကန့်သတ်ချက်တွေ ရှိနေတုန်းပဲကိုး။”
“စဉ်းစားကြည့်ရင် ကြောက်စရာတောင်ကောင်းသေးတယ်။ သူဌေးက ရွက်သင်္ဘော သုံးပြီး ရှေးဦးဧရာမ သားရဲကြီးတွေကို ဆွဲဆောင်ပြီး ဒေသခံလူမျိုးတွေကို တိုက်ခိုက်ခိုင်းဖို့အထိတောင် တွေးမိခဲ့တာပဲ။ ဒါက တစ်ချက်ခုတ် နှစ်ချက်ပြတ်ပဲ။”
“ဟုတ်တယ်...။ ဒါက လက်ရှိ ရင်ဆိုင်နေရတဲ့ ဒေသခံတွေကို ဖြေရှင်းနိုင်ရုံတင်မကဘဲ သားရဲကြီးအသားအချို့ကိုပါ စုဆောင်းမိသွားသေးတယ်။ သူဌေးကတော့ တကယ်ကို အားရစရာပဲ။”
ဒေသခံများက ရှေးဦးဧရာမ သားရဲကြီးကို သုတ်သင်ပြီးနောက်တွင်မူ ရှောင်းယီသည် ရွက်သင်္ဘောဖြင့် တိုက်ပွဲငယ်လေးကို ပြန်လည်စတင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူ့သင်္ဘောက ပျက်စီးသွားမည်မဟုတ်သည့်အတွက် ရန်သူ့အရင်းအမြစ်များကို ကုန်ဆုံးစေရန် တိုက်ရိုက်ဝင်တိုက်နေရုံပင်။
“ဝုန်း...ဝုန်း...ဝုန်း...”
ဒေသခံလူမျိုးများက ရွက်သင်္ဘောကို မည်သို့ပင် တိုက်ခိုက်ပါစေ ၎င်းသည် ရန်သူ့စစ်သင်္ဘောများကြားတွင် အဆက်မပြတ် လူးလာတုံ့ပြန် မောင်းနှင်ရင်း ဆက်လက်ဝင်တိုက်နေဆဲပင်။
မကြာမီမှာပင် အရှေ့တည့်တည့်အရပ်မှ အခြား ရှေးဦးဧရာမ သားရဲကြီးတစ်ကောင် ထပ်မံပေါ်ပေါက်လာခဲ့ပြန်သည်။
ထိုအခါ ကျန်းယွင်ထျန်းက ချက်ချင်း အမိန့်ပေးလိုက်၏။
“နံပါတ် ၃ လေယာဉ်တင်သင်္ဘော... လမ်းကြောင်းကနေ ချက်ချင်းဖယ်ပြီး ရှေးဦးဧရာမ သားရဲကြီးအတွက် လမ်းဖွင့်ပေးလိုက်။”
“ဟုတ်ကဲ့။”