အခန်း ၁၂၄၉
Vol. 108 Ch. 1249
အခန်း ၁၂၄၉
နံပါတ် ၃ လေယာဉ်တင်သင်္ဘောသည် ဘေးဘက်သို့ ချက်ချင်း ကွေ့ရှောင်ပေးလိုက်၏။
“ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ သင်္ဘောကြီး လှုပ်ရှားနေပြီ။”
မဟာအင်ပါယာကြီး လေးခု၏ ကင်းထောက်များက နံပါတ် ၃ လေယာဉ်တင်သင်္ဘော၏ လှုပ်ရှားမှုကို ချက်ချင်း သတင်းပို့လာခဲ့ကြသည်။
အင်ပါယာဘုရင် လေးပါးသည်လည်း လေယာဉ်တင်သင်္ဘော၏ လှုပ်ရှားမှုကို စောင့်ကြည့်ရန် ၎င်းတို့၏ မှန်ပြောင်းများကို ချက်ချင်း ကောက်ကိုင်လိုက်ကြ၏။
“အဲ့ဒီသင်္ဘောကြီးက တစ်ခုခုအတွက် လမ်းဖွင့်ပေးနေသလိုပဲ။”
ချင်းကျူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“ရေငုပ်သင်္ဘောများ ဖြစ်နေမလား။”
အော်ကုက ခန့်မှန်းလိုက်သည်။ ကျန်သော ဘုရင်နှစ်ပါးကလည်း ခေါင်းငြိမ့်လိုက်ကြသည်။ ထို့နောက် ချင်းကျူးက ချက်ချင်း အမိန့်ထုတ်ပြန်လိုက်သည်။
“ရန်သူ့ရေငုပ်သင်္ဘောတွေ ရှိလာနိုင်ခြေကို သတိထား စောင့်ကြည့်ထားကြ။ ရေအောက်က အရာဝတ္ထုတွေကို ထောက်လှမ်းဖို့ အထူးဂရုစိုက်။”
“ဟုတ်ကဲ့။”
“မဟုတ်ဘူး...အဲ့ဒါ ရေငုပ်သင်္ဘော မဟုတ်ဘူး။”
မြင့်မြတ်အရှင်က ရုတ်တရက် ပြောလိုက်၏။
“ဒါက ရှေးဦးဧရာမ သားရဲကြီးပဲ။”
ကျန်သုံးဦးစလုံးသည် ၎င်းတို့၏ မှန်ပြောင်းများကို ပြန်လည်ကောက်ကိုင်ကာ သေချာစွာ စောင့်ကြည့်လိုက်ကြ၏။ မျှော်လင့်ထားသည့်အတိုင်း ဧရာမ မိကျောင်းခေါင်းကြီးတစ်ခုသည် ရေမျက်နှာပြင်ပေါ်တွင် ရေးရေးလေး ပေါ်နေပြီး ထိုသားရဲကြီး ကူးလာသည့် အရှိန်ကြောင့် ဖြူဖွေးသော ရေလှိုင်းလိုင်းကြီးများ ပန်းထွက်နေခဲ့သည်။
“ဘာဖြစ်လို့ ဒါမျိုးက ထပ်ပြီး ဖြစ်လာရပြန်တာလဲ။”
မြင့်တက်နေမင်းက မျက်မှောင်ကြုတ်လိုက်သည်။
“ဒီကျွန်းပေါ်မှာ SSS အဆင့် အပြင်လူတွေ တကယ်ပဲ ဒီလောက်တောင် များနေတာလား။”
“မဟုတ်ဘူး... ဒါက အပြင်လူတစ်ယောက် SSS အဆင့်ကို ရောက်လို့ ဆွဲဆောင်မိတဲ့ သားရဲကြီးမျိုး မဟုတ်လောက်ဘူး။”
ချင်းကျူးက ရုတ်တရက် လေးနက်တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။
“မဟုတ်လောက်ဘူး ဟုတ်တယ်မလား။ ဘာဖြစ်လို့ အဲ့ဒီလို ပြောတာလဲ။”
အော်ကုက ချင်းကျူးကို ဝေခွဲမရစွာ ကြည့်ရင်း မေးလိုက်သည်။ ချင်းကျူးက မျက်မှောင်ကြုတ်လိုက်၏။
“အကယ်၍ ဒါက အပြင်လူတစ်ယောက် SSS အဆင့်တက်လို့ ပေါ်လာတဲ့ ရှေးဦးဧရာမ သားရဲကြီးသာဆိုရင် သူက အဲ့ဒီမဟာမိတ်အဖွဲ့ရဲ့ သင်္ဘောတွေကို သေချာပေါက် အရင်ဆုံး တိုက်ခိုက်မှာပဲ။ ကြည့်လိုက်စမ်း... အဲ့ဒီရှေးဦးဧရာမ သားရဲကြီးက ယီရန်ပင်းမဟာမိတ်အဖွဲ့ရဲ့ သင်္ဘောကြီးကို လုံးဝ ဂရုမစိုက်ဘူး။”
“မင်းပြောတာ မှန်တယ်။ သူက ဘာဖြစ်လို့ အဲဒီသင်္ဘောကြီးကို ကျော်ပြီး ငါတို့ဆီကိုပဲ တည့်တည့် ကူးလာနေတာလဲ။”
နောက်ဆုံးတွင် အော်ကုသည်လည်း ပုံမှန်မဟုတ်သောအခြေအနေကို သတိပြုမိသွားတော့သည်။ မြင့်မြတ်အရှင်က မျက်မှောင်ကြုတ်လိုက်၏။
“ငါတို့လည်း လမ်းဖယ်ပေးရမလား။”
ကျန်သုံးဦးစလုံး အနည်းငယ် ကြောင်အမ်းသွားခဲ့သည်။
“စမ်းကြည့်ရတာ တန်ပါတယ်။”
ထိုသို့ ဆုံးဖြတ်ပြီးသည်နှင့် သူတို့သည် မိမိတို့၏ သင်္ဘောများအား လမ်းဖယ်ပေးရန် အမိန့်များကို တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း ထုတ်ပြန်လိုက်ကြသည်။
သို့သော်လည်း ထိုရှေးဦးဧရာမ သားရဲကြီးသည် ရုတ်တရက် လမ်းကြောင်းပြောင်းသွား၏။ ၎င်းသည် ယီရန်ပင်းမဟာမိတ်အဖွဲ့၏ အရှေ့မြောက်ဘက် ကျွန်းခွဲဆီသို့ ဦးတည်မနေတော့ဘဲ ဒေသခံများ၏ စစ်သင်္ဘောတပ်စုဆီသို့ တည့်တည့်ကြီး ပြေးဝင်လာတော့သည်။
“သေစမ်း... ဘာတွေ ဖြစ်ကုန်တာလဲဟ။”
အော်ကုတစ်ယောက် ဆဲရေးတိုင်းထွာလိုက်မိ၏။ ချင်းကျူးက ချက်ချင်း အမိန့်ပေးလိုက်သည်။
“ကြိုးတပ်ထိန်းချုပ် တော်ပီဒိုတွေကို သုံးပြီး အဲ့ဒီသားရဲကြီးကို ဖြေရှင်းလိုက်စမ်း။”
“ဟုတ်ကဲ့။”
ဒေသခံစစ်တပ်သည် ကြိုးတပ်ထိန်းချုပ် တော်ပီဒိုများကို ပြတ်ပြတ်သားသား အသုံးပြုပြီး ထိုရှေးဦးဧရာမ သားရဲကြီးကို နောက်တစ်ကြိမ် ထပ်မံနှိမ်နင်းလိုက်နိုင်ခဲ့လေသည်။
“ဒီရှေးဦးဧရာမ သားရဲကြီးက ဘာဖြစ်လို့ ငါတို့ကိုပဲ တောက်လျှောက် ပစ်မှတ်ထားနေရတာလဲ။”
မြင့်မြတ်အရှင်သခင်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။ ချင်းကျူးက ခေါင်းခါပြလိုက်၏။
“အကြောင်းပြချက်ကို ငါမသိပေမဲ့ ဒါက သေချာပေါက် ယီရန်ပင်းနဲ့ တစ်နည်းတစ်ဖုံ ပတ်သက်နေတာတော့ အမှန်ပဲ။”
“ယီရန်ပင်းနဲ့ ပတ်သက်နေတယ် ဟုတ်လား။”
မြင့်တက်နေမင်းသည် သူတို့၏ စစ်သင်္ဘောတပ်စုကြားတွင် သောင်းကျန်းနေဆဲဖြစ်သော ရွက်သင်္ဘောကို လှမ်းကြည့်လိုက်မိသည်။
“ဟိုရွက်သင်္ဘောကြောင့် ဖြစ်နေတာများလား။”
ကျန်သုံးဦးစလုံးသည်လည်း ရှောင်းယီ မောင်းနှင်နေသော ရွက်သင်္ဘောဆီသို့ အကြည့်များ ရောက်ရှိသွားခဲ့ကြလေသည်။
“ဒါက တကယ် ဖြစ်နိုင်တယ်။ စောစောက ရှေးဦးဧရာမ သားရဲကြီးရဲ့ ဦးတည်ချက်က ရွက်သင်္ဘောရှိတဲ့ နေရာဆီကိုပဲ တည့်တည့်မတ်မတ် လာနေတာ။ ငါတို့ လမ်းခွဲပေးလိုက်ပြီးတဲ့နောက်မှာ ရွက်သင်္ဘောကလည်း ဘေးတစ်ဖက်ကို ကွေ့သွားတာကြောင့် သားရဲကြီးကို လမ်းလွဲအောင် ခေါ်သွားသလို ဖြစ်သွားတာပဲ။”
မြင့်မြတ်အရှင်သခင်က လေးနက်တည်ငြိမ်စွာ ပြောလိုက်သည်။ ချင်းကျူးက ခေါင်းငြိမ့်လိုက်သည်။
“တစ်နည်းအားဖြင့် ပြောရရင် ယီရန်ပင်းမဟာမိတ်အဖွဲ့က ဒီရွက်သင်္ဘောကို သုံးပြီး ရှေးဦးဧရာမ သားရဲကြီးကို ဆွဲဆောင်နေတာပဲ။ ပြီးတော့ ငါတို့ရဲ့ စစ်သင်္ဘောတပ်စုကြားထဲမှာ ပရမ်းပတာဖြစ်အောင် လုပ်နေတယ်။”
“တခြားသူရဲ့ ဓားကိုငှားပြီး လူသတ်တဲ့ တကယ့်ကို ပါးနပ်တဲ့ အကွက်ပဲ။”
အော်ကုက ညိုမှိုင်းသော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။
ထိုအခိုက်အတန့်တွင် အရှေ့တောင်ဘက်အရပ်မှ နောက်ထပ် ရှေးဦးဧရာမ သားရဲကြီးတစ်ကောင် ထပ်မံပေါ်ပေါက်လာပြန်၏။ ယခုတစ်ကြိမ်တွင်မူ မဟာအင်ပါယာကြီး လေးခု၏ ဘုရင်များသည် သားရဲကြီး၏ ရွေ့လျားမှုလမ်းကြောင်းကို သေချာစွာ စောင့်ကြည့်ခဲ့ကြရာ မျှော်လင့်ထားသည့်အတိုင်း ၎င်းသည် ရွက်သင်္ဘော၏ တည်နေရာနောက်သို့ လိုက်၍ အဆက်မပြတ် လမ်းကြောင်းပြောင်းလဲနေသည်ကို မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။
“သေစမ်း...တကယ်ကြီး အဲ့ဒီရွက်သင်္ဘောကြောင့်ပဲ။ ငါတို့ အဲ့ဒီရွက်သင်္ဘောကို သေချာပေါက် ရအောင် မောင်းထုတ်ရမယ်။ မဟုတ်ရင် ငါတို့ ဆက်တိုက်ဖို့ နေနေသာသာ ခုခံဖို့တောင် လွယ်မှာမဟုတ်ဘူး။”
အော်ကုက ကျိန်ဆဲလိုက်တော့သည်။ မြင့်မြတ်အရှင်သခင်က မျက်မှောင်ကြုတ်လိုက်သည်။
“ဒါပေမဲ့ အခုလောလောဆယ် ငါတို့မှာ အဲဒီရွက်သင်္ဘောကို နှိမ်နင်းဖို့ ဘယ်လိုနည်းလမ်းမှ မရှိဘူး။”
“ဟုတ်တယ်။ ငါတို့ လုံးဝကို ဘာမှလုပ်လို့မရနေဘူး။”
မြင့်တက်နေမင်းကလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါယမ်းလိုက်သည်။
အခြား ရှေးဦးဧရာမ သားရဲကြီးတစ်ကောင် ထပ်မံချဉ်းကပ်လာသည်ကို မြင်သောအခါ ရှောင်းယီသည် ရွက်သင်္ဘောကို ၎င်းရှိရာဆီသို့ တည့်တည့်မောင်းနှင်သွားခဲ့သည်။
“ကြိုးတပ်ထိန်းချုပ် တော်ပီဒိုတွေ အခုချက်ချင်း ပစ်ကြစမ်း။”
ချင်းကျူးက အမိန့်ပေးလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ကြိုးတပ်ထိန်းချုပ် တော်ပီဒိုများ ပစ်ခတ်လိုက်သည်နှင့်တစ်ပြိုင်နက် ရှောင်းယီသည် ရွက်သင်္ဘောကို ၎င်းတို့နှင့် သွားရောက် ရိုက်မိစေရန် ထိန်းချုပ်မောင်းနှင်လိုက်၏။
ဝုန်း...
ရွက်သင်္ဘောသည် နောက်သို့ လွင့်စင်သွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ရှောင်းယီသည် ထိုင်ခုံခါးပတ်ကို ပတ်ထားခဲ့၍သာဖြစ်ပြီး မဟုတ်ပါက ရှေ့ကုန်းပတ်ပေါ်သို့ သေချာပေါက် အရှိန်ဖြင့် ပြုတ်ကျသွားပေလိမ့်မည်။
ရှောင်းယီသည် ပေါက်ကွဲမှုလှိုင်းကြောင့် ဖြစ်ပေါ်လာသော မသက်မသာဖြစ်မှုကို အောင့်အီးသည်းခံကာ ရွက်သင်္ဘောကို ဒေသခံစစ်သင်္ဘောအုပ်စုအတွင်းသို့ ဝင်ရောက်ရန် ချက်ချင်း ဆက်လက်ထိန်းချုပ်လိုက်တော့သည်။ သူ၏နောက်ကွယ်မှ သားရဲကြီးမှာမူ အလွန်နီးကပ်နေပြီ ဖြစ်သည်။
“သေစမ်း... သူတို့ ငါတို့ရဲ့ တော်ပီဒိုတွေကို ကာကွယ်ဖို့ တကယ်ကြီး ရွက်သင်္ဘောကို တကယ်ကြီး သုံးနေတာပဲ။”
အော်ကုက ဆက်လက်ကျိန်ဆဲနေခဲ့သည်။။ထိုစဥ် ချင်းကျူးက လေးနက်တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
“ပစ်ခတ်တဲ့ ရေအောက်အနက်ကို တိုးလိုက်။ ကြိုးတပ်ထိန်းချုပ် တော်ပီဒိုတွေကို ဆက်ပြီး ပစ်စမ်း။”
“အစီရင်ခံပါတယ်... ကျွန်တော်တို့မှာ ကြိုးတပ်ထိန်းချုပ် တော်ပီဒို လက်ကျန် ဆယ်စင်းပဲ ရှိပါတော့တယ်။”
ထိုအချိန်တွင် အသုံးအဆောင်ပစ္စည်း စာရင်းကို တာဝန်ယူထားရသော ထောက်ပို့အရာရှိက ချက်ချင်း သတင်းပို့လာခဲ့လေသည်။
“ဘာကွ...။ ဆယ်စင်းပဲ ကျန်တော့တယ် ဟုတ်လား။”
ချင်းကျူးတစ်ယောက် ထိတ်လန့်သွားရ၏။ မြင့်မြတ်အရှင်က စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်မိလေသည်။
“ထားလိုက်ပါတော့။ ငါတို့ ဒီကိုမလာခဲ့သင့်ဘူး။ ဆုတ်ခွာကြမယ်။”
မြင့်တက်နေမင်းကလည်း စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်မိသည်။
“အမှန်ပဲ။ ငါတို့ရဲ့ အင်အားနဲ့ ယီရန်ပင်းမဟာမိတ်အဖွဲ့ကို တိုက်ခိုက်မယ့်အစား... တခြားမဟာမိတ်အဖွဲ့တွေကို သွားတိုက်တာက ပိုကောင်းဦးမယ်။ ဒါကမှ အကျိုးအမြတ် ပိုရနိုင်သေးတယ်။”
အော်ကုသည်မူ မကျေမနပ်ဖြစ်နေပုံရသော်လည်း ဆက်ပြီး အချိန်ဆွဲနေပါက သူတို့အားလုံး သေချာပေါက် သုတ်သင်ရှင်းလင်းခံရလိမ့်မည်ကို သိရှိနေခဲ့သည်။
“အားလုံး သတိထား... ချက်ချင်း ဆုတ်ခွာကြမယ်။”
ချင်းကျူးက အမိန့်ပေးလိုက်ပြီးနောက် မဟာအင်ပါယာကြီး လေးခု၏ ဧကရာဇ်များသည် ၎င်းတို့၏ ကိုယ်ပိုင်ကျွန်းများသို့ ပြန်ရန် မြို့ပြန်ကျောက်များကို ချက်ချင်း အသုံးပြုလိုက်ကြတော့သည်။
ကျန်သင်္ဘောများသည် ကွပ်ကဲမှုသင်္ဘော ရှိရာဆီသို့ စုရုံးလာခဲ့ကြသည်။ စစ်သားများသည် ကွပ်ကဲမှုသင်္ဘောပေါ်ရှိ တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် တိုက်ရိုက်ပြန်လည် ထွက်ခွာရန် သင်္ဘောပေါ် တက်လိုက်ကြပြီး ထိုသင်္ဘောများကိုမူ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်များကို အသုံးပြု၍ တိုက်ရိုက် လဲလှယ်ပြန်ယူကြမည်ဖြစ်သည်။
မဟာအင်ပါယာကြီး လေးခု စစ်သင်္ဘောတပ်စု၏ လှုပ်ရှားမှုများကို မြင်သောအခါ ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်သည်။
“တိုက်ခိုက်ရေးသမားတွေ အားလုံး သတိ...။ အခုချက်ချင်း တိုက်ခိုက်ကြစမ်း။ သူတို့ ထွက်ပြေးဖို့ ကြိုးစားနေကြပြီ။”
ရှောင်းယီ၏ အမိန့်ကို ကြားလိုက်ရပြီးနောက် စစ်သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများ အားလုံး ချက်ချင်း စတင်လှုပ်ရှားလာကြတော့သည်။
ကျန်းယွင်ထျန်းက ပြုံးလိုက်၏။
“အားလုံးပဲ လှုပ်ရှားကြစို့။ သူတို့ ဒီအထိ ရောက်လာမှတော့ တစ်ခုခုတော့ ချန်ထားခဲ့ခိုင်းရမှာပေါ့။”
လေယာဉ်တင်သင်္ဘောများပေါ်ရှိ တိုက်လေယာဉ်များအားလုံးသည်လည်း ကောင်းကင်သို့ ပျံတက်သွားကြပြီး ဒေသခံစစ်သင်္ဘောများဆီသို့ ဦးတည်ပျံသန်းသွားကြတော့လေသည်။
“သတိထား... အလယ်က သင်္ဘောကြီးနားမှာရှိတဲ့ စစ်သင်္ဘောတွေကို အရင်ဆုံး ဗုံးကြဲတိုက်ခိုက်။ အဲ့ဒီသင်္ဘောတွေကို လဲလှယ်လို့မရအောင် ဆွဲထားကြစမ်း။”
ရှောင်းယီက လေးနက်တည်ငြိမ်သောအသံဖြင့် အမိန့်ပေးလိုက်သည်။
ထိုသင်္ဘောများကို တိုက်ပွဲအတွင်းသို့ ဆွဲသွင်းထားနိုင်သရွေ့ ၎င်းတို့ကို လဲလှယ်၍ မရနိုင်ချေ။ သူတို့အနေဖြင့် တိုက်လေယာဉ်များ၏ စက်အမြောက်များဖြင့် သင်္ဘောကိုယ်ထည်များကို ဆက်တိုက် ပစ်ခတ်ထိမှန်အောင် လုပ်ရန်သာ လိုအပ်သည်။
ကွပ်ကဲမှုသင်္ဘောအနီးရှိ စစ်သင်္ဘောများပေါ်မှ စစ်သားများအားလုံးသည် တည်နေရာကူးပြောင်းခြင်း အစီအရင်မှတစ်ဆင့် ကူးပြောင်းပြီး ထွက်ခွာသွားကြပြီ ဖြစ်သော်လည်း သင်္ဘောများကိုမူ လဲလှယ်၍ မရနိုင်သေးပေ။ ထို့ကြောင့် အပြင်ဘက်အစွန်းရှိ သင်္ဘောများမှာ ကွပ်ကဲမှုသင်္ဘောအနီးသို့ တိုးကပ်၍မရ ဖြစ်နေခဲ့သည်။
သင်္ဘောများအားလုံးသည် တစ်စုတစ်ဝေးတည်း ပိတ်မိနေကြတော့သည်။
မိမိတို့၏ ကိုယ်ပိုင်ကျွန်းများသို့ ပြန်လည်ရောက်ရှိသွားကြပြီဖြစ်သော မဟာအင်ပါယာကြီး လေးခု၏ ဘုရင်များသည် ၎င်းတို့၏ လက်အောက်ငယ်သားများထံမှ သတင်းပို့ချက်များကို ကြားလိုက်ရသောအခါ စိတ်ရှုပ်ထွေး ဝေခွဲမရ ဖြစ်သွားခဲ့ကြရလေသည်။
သူတို့တွင် ယခုအခါ ရွေးချယ်စရာ လမ်းနှစ်လမ်း ရှိနေသည်။ ပထမတစ်လမ်းမှာ စစ်သားများ၏ အသက်ကို ဂရုမစိုက်ဘဲ သင်္ဘောအားလုံးကို တိုက်ရိုက် လဲလှယ်ပြန်ယူလိုက်ရန် ဖြစ်ပြီး ထိုသို့ပြုလုပ်လိုက်ပါက ပြန်မလာရသေးသော စစ်သားများသည် ပင်လယ်ထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးခြင်း၊ ငါးစာဖြစ်ခြင်း သို့မဟုတ် သုံ့ပန်းများ ဖြစ်သွားခြင်းတို့ ကြုံတွေ့ရပေလိမ့်မည်။
ဒုတိယတစ်လမ်းမှာမူ ယခင်အစီအစဉ်အတိုင်း ဖြည်းဖြည်းချင်း ဆက်လက်ရွှေ့ပြောင်းရန်ပင်။ သို့သော်လည်း ယီရန်ပင်းမဟာမိတ်အဖွဲ့တွင် တိုက်လေယာဉ်များ ရှိနေသဖြင့် သူတို့၏ သင်္ဘောအားလုံးကို ထွက်ခွာခွင့်မပေးဘဲ အတင်းအဓမ္မ ဆွဲထားနိုင်ပေသည်။
အလွယ်ပြောရလျှင် သူတို့အနေဖြင့် လူကို လိုချင်သလား သို့မဟုတ် သင်္ဘောကို လိုချင်သလားဟူ၍သာ ရှိသည်။
သူတို့ ဝေခွဲမရ ဖြစ်နေကြစဉ်မှာပင် နောက်ထပ် ရှေးဦးဧရာမ သားရဲကြီးတစ်ကောင် ပေါ်လာပြန်ပြီး ရွက်သင်္ဘောရှိရာ တည်နေရာဆီသို့ တဟုန်ထိုး ပြေးဝင်လာခဲ့တော့သည်။
“အချိန်ကိုက်ပဲ”
ရှောင်းယီသည် အလွန်အမင်း ဝမ်းသာသွားပြီး ရွက်သင်္ဘောကို ထိုတစ်စုတစ်ဝေးတည်း ပိတ်မိနေသော သင်္ဘောတပ်စုဆီသို့ တည့်တည့်မောင်းနှင်သွားတော့သည်။
“ဝုန်း... ဝုန်း... ဝုန်း...”
ရှောင်းယီ၏ ရွက်သင်္ဘောသည် အလယ်ဗဟိုဆီသို့ ရောက်ရှိရန် လမ်းတစ်ခု ဖောက်ထွက်ပြီး အတင်းအဓမ္မ တိုးဝှေ့ဝင်ရောက်သွားခဲ့သည်။
ထို့နောက် ရှေးဦးဧရာမ သားရဲကြီးသည်လည်း ထိုသင်္ဘောများရှိရာဆီသို့ အရှိန်အဟုန်ဖြင့် ကူးခတ်ဝင်ရောက်လာတော့သည်။