အခန်း ၁၂၅၀
Vol. 108 Ch. 1250
အခန်း ၁၂၅၀
မဟာအင်ပါယာကြီး လေးခု၏ ကင်းထောက်များသည် ထိုရှေးဦးဧရာမ သားရဲကြီးကို ချက်ချင်း ရှာဖွေတွေ့ရှိသွားပြီး အထက်သို့ အစီရင်ခံတင်ပြခဲ့ကြသည်။
ထိုသတင်းကို ရရှိလိုက်သော ဘုရင်များသည် အံကြိတ်ကာ အမိန့်ပေးလိုက်ကြတော့သည်။
“သင်္ဘောတွေကို အတင်းအဓမ္မ ပြန်ယူကြစမ်း။”
ထိုအမိန့်သည် လူသားဆန်မှု ကင်းမဲ့နေသော်လည်း ဆုံးရှုံးမှုများကို အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်မည့် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
သင်္ဘောများကို အတင်းအဓမ္မ လဲလှယ်ရယူခြင်းဖြင့် အချို့ကို ဆက်လက် ကယ်တင်နိုင်ဦးမည်ဖြစ်သည်။ မဟုတ်ပါက စစ်သားရော သင်္ဘောပါ နှစ်ခုစလုံး ဆုံးရှုံးရပေလိမ့်မည်။
ထိုအမိန့်ကို ထုတ်ပြန်လိုက်သည်နှင့်တစ်ပြိုင်နက် အပြင်ဘက်အစွန်းရှိ သင်္ဘောများမှာ ချက်ချင်း စတင်ပျောက်ကွယ်သွားခဲ့ပြီး သင်္ဘောပေါ်တွင် မူလက ရှိနေခဲ့သော စစ်သားများသည်မူ တစ်ယောက်ပြီးတစ်ယောက် ရေထဲသို့ ပြုတ်ကျကုန်ကြတော့သည်။
“ဘာတွေ ဖြစ်ကုန်တာလဲ။ ငါတို့ ဘာလို့ ရေထဲ ရောက်သွားရတာလဲ။”
“နိုင်ငံတော်က ငါတို့ကို စွန့်ပစ်ပြီး သင်္ဘောတွေကို အတင်းအဓမ္မ လဲလှယ်ယူလိုက်တာပဲ ဖြစ်ရမယ်။”
“ဘယ်လိုလုပ် အဲ့ဒီလို ဖြစ်နိုင်မှာလဲ။ ငါတို့ရဲ့ အရှင်မင်းကြီးက သူ့ပြည်သူတွေကို စွန့်ပစ်လိမ့်မယ်လို့ ငါမယုံဘူး။”
“မင်း ယုံချင်ယုံ မယုံချင်နေ။ ဒါပေမဲ့ အခု ငါတို့ ရေထဲရောက်နေပြီ။ ပြီးတော့ ရှေးဦးဧရာမ သားရဲကြီးကလည်း တိုးကပ်လာနေပြီ။ ငါတို့ သေရတော့မယ်။”
စစ်သားအားလုံး၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့ စိတ်ပျက်မှုများ ပြည့်နှက်သွားခဲ့သည်။
မဟာအင်ပါယာကြီး လေးခု၏ လုပ်ရပ်များကို မြင်သောအခါ ရှောင်းယီသည် ခေါင်းခါယမ်းလိုက်ပြီး အနည်းငယ် စဉ်းစားကာ အမိန့်ပေးလိုက်သည်။
“အစ်ကိုကျန်း... ကျန်တဲ့သင်္ဘောတွေကို ဆွဲထားလိုက်။ သူတို့ကို အတင်းအဓမ္မ လဲလှယ်ခွင့် မပေးနဲ့။ ဒီမှာရှိတဲ့ စစ်သားအားလုံးကို သုံ့ပန်းအဖြစ် ဖမ်းဆီးကြမယ်။”
“အင်း ငါ့ကိုသာ လွှဲထားလိုက်ပါ။”
ကျန်းယွင်ထျန်းက လေးနက်တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
ရှောင်းယီသည် ရွက်သင်္ဘောကို ထိန်းချုပ်ကာ အဝေးသို့ ချက်ချင်း မောင်းနှင်လိုက်သည်။ ရှေးဦးဧရာမ သားရဲကြီးသည်လည်း ရှောင်းယီ၏ ရွက်သင်္ဘောနောက်သို့ ချက်ချင်း လမ်းလွဲကာ လိုက်ပါသွားခဲ့တော့သည်။
ကျန်းယွင်ထျန်းက တိုက်လေယာဉ်ပေါ်မှနေ၍ အမိန့်ပေးလိုက်သည်။
“အော်ဟစ်ပြီး သတိပေးလိုက်ကြစမ်း။ လက်နက်ချရင် အသက်ချမ်းသာပေးမယ်။”
“ဟုတ်ကဲ့။”
ပတ်ပတ်လည်ရှိ စစ်သင်္ဘောများနှင့် လေယာဉ်တင်သင်္ဘောများပေါ်မှ လော်စပီကာများဖြင့် ချက်ချင်း ဆူညံစွာ အော်ဟစ်ကြတော့သည်။
“ကျေးဇူးပြုပြီး ချက်ချင်း လက်နက်ချကြပါ။ လက်နက်ချရင် အသက်ချမ်းသာပေးမယ်။”
တစ်ချိန်တည်းမှာပင် ကျန်းယွင်ထျန်းသည် တိုက်လေယာဉ်ကို မောင်းနှင်ကာ ထိုစစ်သင်္ဘောများ၏ ကိုယ်ထည်များကို စက်သေနတ်ဖြင့် လှမ်း၍ ပစ်ခတ်ခဲ့ပြီး လူကို ထိမှန်စေရန် ရည်ရွယ်ချက် လုံးဝမရှိခဲ့ချေ။
မိမိတို့၏ ရဲဘော်ရဲဘက်များ နိုင်ငံတော်၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည်ကို မြင်တွေ့ခဲ့ရသော သင်္ဘောပေါ်မှ စစ်သားများသည် တိုက်ခိုက်လိုစိတ် အားလုံး ပျောက်ဆုံးသွားခဲ့ကြတော့သည်။ ၎င်းတို့သည် ထိုကဲ့သို့သော နိုင်ငံတော်အတွက် ဆက်လက် အသက်စွန့်ရန် အလိုမရှိကြတော့ချေ။
နိုင်ငံတော်က သူတို့ကို စွန့်ပစ်မှတော့ သူတို့ကလည်း နိုင်ငံတော်ကို ပြန်ပြီး စွန့်ပစ်လိုက်ရုံသာ ရှိသည်။
ကျန်းယွင်ထျန်းသည် စစ်သားများနှင့် စစ်သင်္ဘောအားလုံးကို အလွန်လွယ်ကူစွာဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။
ပင်လယ်ရေထဲတွင် နစ်မြုပ်နေသော ဒေသခံစစ်သားများသည် သူတို့ကိုယ်သူတို့ သေရတော့မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း လက်တွေ့တွင်မူ ယီရန်ပင်းမဟာမိတ်အဖွဲ့၏ ရွက်သင်္ဘောက ရှေးဦးဧရာမသားရဲကြီးကို အဝေးသို့ လှည့်စားခေါ်ဆောင်သွားခဲ့သည်။
ခေတ္တအတွင်း ထိုဒေသခံစစ်သားများသည် ယီရန်ပင်းမဟာမိတ်အဖွဲ့အပေါ် ကျေးဇူးတင်စိတ်များဖြင့် ပြည့်နှက်သွားခဲ့ကြသည်။
သူတို့၏ ကိုယ်ပိုင်နိုင်ငံက သူတို့ကို စွန့်ပစ်ခဲ့သော်လည်း သူတို့၏ ရန်သူကမူ သူတို့၏ အသက်ကို ကယ်တင်ပေးခဲ့သည် မဟုတ်ပါလော။
ရှေးဦးဧရာမ သားရဲကြီးသည် ရွက်သင်္ဘောနောက်သို့ အရှိန်အဟုန်ဖြင့် လိုက်လံဖမ်းဆီးနေခဲ့သည်။ ၎င်းသည် ကမ္ဘာ့စည်းမျဉ်းများ၏ ကူညီစောင့်ရှောက်မှုကို ရရှိထားသည့်အလား ဖြစ်နေပြီး မဟာမိတ်အဖွဲ့ ပုံမှန်ရင်ဆိုင်နေကျ ရှေးဦးဧရာမ သားရဲကြီးများထက်ပင် ပို၍ မြန်ဆန်နေသေးသည်။
ရှောင်းယီသည် သူ၏ဖုန်းကို ကောက်ကိုင်ကာ အမိန့်ပေးလိုက်သည်။
“ရေငုပ်သင်္ဘော အဆင်သင့်ဖြစ်ပြီလား။ ငါ သားရဲကြီးကို ခေါ်လာပြီ။”
“ကျွန်းပိုင်ရှင်ကို ပြန်ဖြေပါတယ်။ ကျွန်တော်တို့ အဆင်သင့်ဖြစ်ပါပြီ။”
ရေငုပ်သင်္ဘော စစ်သားက ပြန်ဖြေလိုက်သည်။
“ကြိုးတပ်ထိန်းချုပ် တော်ပီဒိုတွေကို ပစ်ခတ်ဖို့ ပြင်ဆင်ထားကြ။”
ရှောင်းယီက လေးနက်တည်ငြိမ်သောအသံဖြင့် ပြောလိုက်သည်။
“ဟုတ်ကဲ့။”
အမိန့်ပေးပြီးနောက် ရှောင်းယီသည် မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်သည်။ သူ ပျောက်ကွယ်သွားသည့် ထိုအခိုက်အတန့်၌ပင် ရှေးဦးဧရာမ သားရဲကြီးသည် ရွက်သင်္ဘောကို လိုက်မီသွားခဲ့ပြီး ၎င်း၏ အမြီးကို တစ်လုပ်တည်း ခဲလိုက်တော့သည်။
ဂျိမ်း...
သားရဲကြီး၏ သွားများသည် ရွက်သင်္ဘောနှင့် ပွတ်တိုက်မိသွားပြီး နားကွဲမတတ် စူးရှသောအသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုစက္ကန့်ပိုင်းအတွင်းမှာပင် ပတ်ပတ်လည်မှ တော်ပီဒို လေးစင်း တဟုန်ထိုး ပျံသန်းဝင်ရောက်လာခဲ့ပြီး ရှေးဦးဧရာမ သားရဲကြီး၏ ဦးခေါင်းကို တည့်တည့်မတ်မတ် ထိမှန်သွားတော့သည်။
“ဝုန်း...ဝုန်း...ဝုန်း...ဝုန်း...”
ရှေးဦးဧရာမ သားရဲကြီးမှာ ချက်ချင်းပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ရွက်သင်္ဘောသည်လည်း မည်သည့်ပျက်စီးမှုမျှ မရှိဘဲ လုံးဝအကောင်းအတိုင်း ရေမျက်နှာပြင်ပေါ်သို့ ပြန်လည်ပေါ်ထွက်လာခဲ့သည်။
ထိုစဉ် အနီးနားရှိ ရေငုပ်သင်္ဘောတစ်စင်းသည် ရွက်သင်္ဘောအနားသို့ တိုးကပ်လာခဲ့ပြီး ရှောင်းယီသည် ရေငုပ်သင်္ဘောပေါ်ရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုကာ ရွက်သင်္ဘောကို ပင်မကျွန်းသို့ တိုက်ရိုက် လဲလှယ်ပို့ဆောင်လိုက်သည်။
“သားရဲကြီးရဲ့ အလောင်းကို ပြန်ဆွဲခဲ့ကြ။”
ရှောင်းယီက အမိန့်ပေးလိုက်ပြီးနောက် လေယာဉ်တင်သင်္ဘောပေါ်သို့ ကူးပြောင်းကာ ပြန်လာခဲ့လိုက်သည်။
ယခုအချိန်တွင်မူ စိုရွှဲနေသော သုံ့ပန်းလူအုပ်စုကြီးမှာ လေယာဉ်တင်သင်္ဘောပေါ်တွင် အုပ်စုလိုက် မတ်တပ်ရပ်နေကြပြီ ဖြစ်သည်။
“ကျွန်းပိုင်ရှင်... ရှေးဦးဧရာမ သားရဲကြီးကို ရှင်းပစ်ပြီးပြီလား။”
ကျန်းယွင်ထျန်းက မေးလိုက်သည်။ ရှောင်းယီက ခေါင်းငြိမ့်ပြလိုက်၏။
“နောက်ဆိုရင် ငါတို့ ရှေးဦးဧရာမ သားရဲကြီးတွေကို ဖမ်းဖို့ ရွက်သင်္ဘောကို သုံးလို့ရတယ်ဆိုတာ ငါသဘောပေါက်သွားပြီ။ ဒီလိုဆိုရင် ငါတို့ဆီမှာ သားရဲကြီးအသားတွေ အများကြီး ပိုရလာလိမ့်မယ်။”
“အကြံကောင်းပဲ။ ဒါဆိုရင် သားရဲကြီးအသားရဲ့ ဈေးနှုန်းကို နောက်ထပ်တစ်ကြိမ် ထပ်ချလို့ရပြီ။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“ဟုတ်တယ်။ လူတိုင်း အဆင့်တွေ မြန်မြန်တက်လာအောင် ကူညီပေးဖို့ ငါ့မှာ တကယ့်ကို အားအင်တွေ ကုန်ခမ်းအောင် ကြိုးစားနေရတယ်။”
ရှောင်းယီက ညည်းတွားလိုက်သည်။
ကျန်းယွင်ထျန်းက ပြုံးကာ ခေါင်းခါယမ်းလိုက်ပြီး လေယာဉ်တင်သင်္ဘော ကုန်းပတ်ပေါ်ရှိ သုံ့ပန်းများကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“သူတို့ကို ဘာလို့ သုံ့ပန်းအဖြစ် ဖမ်းထားတာလဲ။ ဒါက မင်းရဲ့စတိုင်နဲ့ မတူသလိုပဲ။”
“ဘာတွေ ပြောနေတာလဲ။ ငါက ဒီလောက် ရက်စက်ကြမ်းကြုတ်တဲ့သူ မို့လို့လား။”
ရှောင်းယီက ပြန်လည်ချေပလိုက်သည်။
“ဟုတ်တယ်။”
ကျန်းယွင်ထျန်းက အတည်ပေါက် ခေါင်းငြိမ့်ပြကာ ပြန်ဖြေလိုက်သည်။
ရှောင်းယီက မျက်လုံးလှန်လိုက်မိသည်။
“ငါက မေတ္တာတရား အရမ်းကြီးမားတဲ့သူပါဟ။”
“အေးပါ... မင်းအကြောင်း ငါသိပါတယ်။ သူတို့ကို ဘာလုပ်ခိုင်းဖို့ စီစဉ်ထားတာလဲ။”
ကျန်းယွင်ထျန်းက ဆက်မေးလိုက်သည်။ ရှောင်းယီက ပြုံးလိုက်၏။
“ဒါက မဟာအင်ပါယာကြီး လေးခုက လာတဲ့ စစ်သင်္ဘောတပ်စုဆိုတာ မင်းလည်း သတိထားမိမှာပါ။ သူတို့တွေက ငါတို့ ရှားနိုင်ငံက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ကျွန်းအမြောက်အမြားကို သိမ်းပိုက်ထားခဲ့ကြတာ သေချာသလို အသက်ရှင်ကျန်ရစ်သူတွေကိုလည်း သုံ့ပန်းအဖြစ် ဖမ်းဆီးထားမှာ မြေကြီးလက်ခတ်မလွဲပဲ။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်သည်...။ သူသည်လည်း ထိုအချက်ကို ရိပ်မိထားပြီးဖြစ်သည်။
အကယ်၍ အသက်ရှင်ကျန်ရစ်သူများကို ဖမ်းဆီးမထားခဲ့ပါက ရှောင်းယီ ဂရုထဲတွင် တင်ထားသော လက်နက်များကို ၎င်းတို့အနေဖြင့် အလွယ်တကူ ရရှိနိုင်ရန် မလွယ်ကူချေ။
“သူတို့ အသက်ရှင်ကျန်ရစ်သူတွေကို ဖမ်းဆီးထားကတည်းက လူတိုင်း SSS အဆင့်ကို ရောက်သွားတာနဲ့ အသက်ရှင်ကျန်ရစ်သူတွေက ဒီကမ္ဘာကနေ ထွက်ခွာသွားရမှာဖြစ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကလည်း မူလအတိုင်း ပြန်ဖြစ်သွားမယ်ဆိုတာကိုလည်း သူတို့ သေချာပေါက် သိထားကြလိမ့်မယ်။ မင်းသာ သူတို့နေရာမှာဆိုရင် ဘာလုပ်မလဲ။”
ရှောင်းယီက ဆက်မေးလိုက်သည်။ ကျန်းယွင်ထျန်းတစ်ယောက် အနည်းငယ် ကြောင်အမ်းသွားပြီးနောက် ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
“ရှင်းပါတယ်။ အသက်ရှင်ကျန်ရစ်သူ နည်းနည်းလောက်ရှာပြီး သူတို့ကို SSS အဆင့်ကို လုံးဝမရောက်အောင် လုပ်ထားလိုက်ရုံပဲ။ ဒါဆိုရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့ လုပ်ဆောင်ချက်တွေကို ထာဝရ သုံးလို့ရသွားလိမ့်မယ်။”
“အတိအကျပဲ။ အဲ့ဒါကို ငါလည်း အခုလေးတင် တွေးမိသွားတာ။”
ရှောင်းယီက ဆိုသည်။
“အဲ့ဒါကြောင့် ငါတို့အနေနဲ့ အသက်ရှင်ကျန်ရစ်သူ အားလုံးကို ဒေသခံအင်အားစုတွေရဲ့ လက်ထဲကနေ ကယ်တင်ဖို့ ချက်ချင်း အရေးယူ ဆောင်ရွက်ရမယ်။ မဟုတ်ရင် ငါတို့ နောက်ထပ်အဆင့်တစ်ခုကို ဘယ်တော့မှ တက်လှမ်းနိုင်မှာ မဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ခေါင်းငြိမ့်လိုက်သည်။
“ဒါဆို... မင်းက ဒီသုံ့ပန်းတွေကို သုံးပြီး မဟာအင်ပါယာကြီး လေးခုကို ပြန်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတာပေါ့ ဟုတ်လား။”
“ဒါပေါ့။ ငါတို့မဟာမိတ်အဖွဲ့ရဲ့ စစ်တပ်ကို တစ်ယောက်မှ အထိအခိုက် မခံနိုင်ဘူး။ အဲ့ဒီစစ်သားတွေအားလုံးက ငါတို့ရဲ့ ရခဲလှတဲ့ ရင်းမြစ်တွေကို သုံးပြီး လေ့ကျင့်ပေးထားရတာ။”
ရှောင်းယီက သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက ရှောင်းယီကို လက်မထောင်ပြလိုက်မိသည်။
“တကယ့် အစီအစဉ်ကောင်းပဲ။”
“နောက်တစ်ဆင့်အနေနဲ့ မဟာအင်ပါယာကြီး လေးခုရဲ့ တည်နေရာတွေကို သိရအောင် သူတို့ကို စစ်ဆေးမေးမြန်းဖို့ မင်းကို တာဝန်ပေးလိုက်မယ်။ အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်တဲ့ စစ်ဆင်ရေးကို ဒီမဟာအင်ပါယာကြီး လေးခုကနေ စတင်ကြတာပေါ့။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့။”
“ကောင်းပြီ... ငါတို့ အရင် ပြန်ကြမယ်။”
ရှောင်းယီက ဆိုသည်။
ပင်လယ်ပြင်ထက်တွင် နျူကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ငါးစင်းသည် စစ်သင်္ဘောတပ်စုကို ဦးဆောင်လျက် မဟာမိတ်အဖွဲ့၏ အရှေ့မြောက်ဘက် ကျွန်းဆီသို့ ဦးတည်မောင်းနှင်လာခဲ့ကြသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်နေကြသော ထုတ်လွှင့်သူများအားလုံးသည်လည်း ကမ်းခြေသို့ ရောက်ရှိနေကြပြီဖြစ်ပြီး ယီရန်ပင်းမဟာမိတ်အဖွဲ့၏ လေယာဉ်တင်သင်္ဘောကြီးများ၏ ခန့်ညားထည်ဝါသော ရုပ်သွင်ကို မျက်ဝါးထင်ထင် မြင်တွေ့နိုင်ရန် ပြင်ဆင်နေကြသည်။
“သူဌေးက တကယ် အစွမ်းထက်တာပဲ။ ဒီလောက် အင်အားကြီးတဲ့ ဒေသခံစစ်သင်္ဘောတပ်စုကို ရွက်သင်္ဘောတစ်စင်းတည်းနဲ့ အပြတ်ရှင်းပစ်နိုင်ခဲ့တယ်။”
“ဟုတ်တယ်။ သူဌေးက အင်အားတင် တောင့်တင်းတာမဟုတ်ဘူး။ သူ့ရဲ့ ဉာဏ်ပညာကလည်း အရမ်း ထက်မြက်လွန်းတယ်။”
“လျှောက်ပြောမနေနဲ့။ သူသာ ဉာဏ်မကောင်းရင် ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ဖွံ့ဖြိုးတိုးတက်လာပါ့မလား။”
“ထုတ်လွှင့်သူ... ယီရန်ပင်းမဟာမိတ်အဖွဲ့ကို သွားပြီး အင်တာဗျူးဖို့ ငါအကြံပြုချင်တယ်။ အကယ်၍ မင်းသာ အင်တာဗျူးခွင့်ရရင် ငါ မင်းကို ဒုံးပျံတစ်ရာ လက်ဆောင်ပေးမယ်။”
“မှန်တယ်။ အင်တာဗျူးသာ လုပ်နိုင်ရင် ငါ မင်းကို ရွက်လှေတစ်စင်း လက်ဆောင်ပေးမယ်ကွာ။”
လူတိုင်း အလွန်အမင်း စိတ်အားထက်သန်နေကြသည်ကို မြင်သောအခါ ထုတ်လွှင့်သူက ပြုံးလိုက်သည်။
“ကောင်းပြီ။ ငါ စမ်းကြည့်ပေးမယ်။ ဒါပေမဲ့ သူတို့က လက်မခံရင်တော့ ငါလည်း ဘာမှမတတ်နိုင်ဘူးနော်။”
“ဒါပေါ့။ သွားပြီး စမ်းကြည့်လိုက်ပါ ထုတ်လွှင့်သူရေ။”
အင်တာနက်အသုံးပြုသူများ၏ တိုက်တွန်းမှုကြောင့် ထုတ်လွှင့်သူသည် လေယာဉ်တင်သင်္ဘောရှိရာဆီသို့ ချက်ချင်း လျှောက်သွားပြီး ဗီဒီယိုရိုက်ကူးလိုက်တော့သည်။
“ဒီလေယာဉ်တင်သင်္ဘောကြီးက တကယ်ကို ဧရာမကြီးပဲဟ။”
“ဒီလောက်မှမကြီးရင် လေယာဉ်တင်သင်္ဘောလို့ ဘယ်ခေါ်ပါ့မလဲကွ။”
“ငါ အဲ့ဒီသင်္ဘောပေါ်ကို တက်ခွင့်ရမယ့် အခွင့်အရေးမျိုး ရှိဦးမလား မသိဘူး။”
“အိပ်မက်ထဲမှာပဲ ရမယ်။ မင်း သွားအိပ်လိုက်တော့။ အိပ်မက်ထဲမှာဆိုရင်တော့ အခွင့်အရေး ရှိနိုင်တယ်။”
ရှောင်းယီသည် လေယာဉ်တင်သင်္ဘောပေါ်မှ ဆင်းလာခဲ့လိုက်၏။ သူ လာရခြင်း၏ အဓိက အကြောင်းအရင်မှာ မဟာမိတ်အဖွဲ့၏ အရှေ့မြောက်ဘက်ကျွန်းတွင် ထိခိုက်ဒဏ်ရာရရှိမှု တစ်ခုခု ရှိ၊ မရှိကို စစ်ဆေးရန်ဖြစ်သည်။
ရှောင်းယီကို မြင်လိုက်ရသောအခါ ထုတ်လွှင့်သူ၏ မျက်လုံးများ တောက်ပသွားပြီး သူ၏ထံသို့ ချက်ချင်း အပြေးအလွှား သွားရောက်နှုတ်ဆက်လိုက်တော့သည်။