အခန်း ၈၁
Vol. 9 Ch. 81
Chapter 81
ချန်ကျိုးသည် ကျောက်ယာချန့်ကို သံသယမျက်လုံးများဖြင့် ကြည့်ရှုလျက် ဆိုဖာရှိရာဘက်သို့ ခြေလှမ်းများကို ဖြည်းညှင်းစွာ နောက်ဆုတ်လိုက်သည်။
လီချင်ရှန်းသည် ကျင့်ကြံခြင်းတံခါးဝသို့ပင် မဝင်ရောက်ဖူးသူ ဖြစ်ရာ ချန်ကျိုး နောက်ဆုတ်နေသည်ကို မြင်သောအခါ စိတ်ထဲတွင် ရုတ်တရက် အားကိုးရာမဲ့သွားပြီး ကျောက်ယာချန့် မှပြောင်းလဲသွားသော သရဲမိစ္ဆာသည် ချန်ကျိုးပင် ကြောက်ရွံ့ရလောက်အောင် စွမ်းအားကြီးလှသည်လောဟု တွေးတောမိသည်။
လီချင်ရှန်းသည် တုန်တုန်ရင်ရင်ဖြင့် ချန်ကျိုး၏ ကျောပြင်နောက်သို့ ဝင်ပုန်းလျက် အတူတကွ နောက်ဆုတ်လေသည်။
ဟွမ်ရှောင်မော့သည် အခြေအနေ မဟန်သည်ကို ရိပ်မိသွားပြီး ချန်ကျိုး နောက်ဆုတ်နေသော လမ်းကြောင်းမှာ တံခါးမကြီးဆီသို့ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။
ချန်ကျိုး ထွက်ပြေးတော့မည်လား။
ဟွမ်ရှောင်မော့သည် ချန်ကျိုးက သူ့ကို ပစ်ပယ်ထားခဲ့မည်ကို အလွန်စိုးရိမ်သဖြင့် ချန်ကျိုး နောက်ဆုတ်ရာ လမ်းကြောင်းအတိုင်း အပြေးအလွှား လိုက်ပါလေသည်။
ချန်ကျိုးသည် တစ်လှမ်းချင်း နောက်သို့ ဆုတ်လာရာ သူ၏ခြေထောက်သည် လီချင်ရှန်း၏ သားရေဖိနပ်အမည်းပေါ်သို့ တက်နင်းမိလေသည်။
ချန်ကျိုးသည် လီချင်ရှန်းကို သံသယဖြင့် ကြည့်လိုက်ရာ လီချင်ရှန်းသည် ခြေဖျားထောက်လျက် သူနေရာယူထားသော အခင်းအကျင်းကို တတ်နိုင်သမျှ ကျဉ်းမြောင်းအောင် ကြိုးစားနေရှာသည်။
"ဘေးဖယ်စမ်း"
ချန်ကျိုးက ဆဲဆိုလိုက်သည်။
လီချင်ရှန်းသည် အားနာဟန်ဖြင့် ဘယ်ဘက်သို့ ခြေလှမ်းအငယ်လေး တစ်လှမ်း တိုးပေးရှာသည်။
ချန်ကျိုးသည် ဘယ်ခြေဖြင့် တံခါးဝကို ထောက်ထားပြီး ခြေထောက်နှစ်ဖက်ကို အနည်းငယ် ကွေးလိုက်သည်။
အရှိန်ယူသည်။
အဟုန်ပြင်းပြင်း ပြေးထွက်သည်။
ချန်ကျိုးသည် လေးကြိုးမှ ရုန်းထွက်သွားသော မြှားတစ်စင်းကဲ့သို့ ကျောက်ယာချန့်ထံသို့ ပြေးဝင်သွားသည်။
အပေါ်သို့ ခုန်တက်လိုက်သည်။
ကျောက်ယာချန့် ခေါင်းပေါ်မှ ကျော်ဖြတ်သည်။
လက်နှစ်ဖက်ကို လက်သီးဆုပ်အဖြစ် ပူးလိုက်သည်။
ကျောက်ယာချန့် ခေါင်းထိပ်တည့်တည့်သို့ အားပြင်းစွာ ထုရိုက်ချလိုက်လေသည်။
"အိုလဲ့ဝါး၊ ကာအီဇိုကုအိုနီနာရူ၊ အိုတိုကိုဒါ" (ငါက ပင်လယ်ဓားပြဘုရင်ဖြစ်လာမယ့်သူကွ)
[စနစ်အကူအညီ : ကောင်းကင်ကိုးထပ် မိစ္ဆာနှိမ်နင်းရေးလက်ဝါး]
စူးရှတောက်ပသော ရွှေရောင်အလင်းတန်းတစ်ခုသည် ချန်ကျိုး၏ လက်သီးနှစ်ဖက်မှ ထွက်ပေါ်လာပြီး တစ်အိမ်လုံးကို ရွှေဝါရောင် သန်းသွားစေကာ မျက်စိပင် ကျိန်းမတတ် ဖြစ်သွားစေသည်။
ကျောက်ယာချန့်တွင် တုံ့ပြန်ရန် အချိန်မရှိသလို ခုခံနိုင်စွမ်းလည်းမရှိဘဲ ချန်ကျိုး၏ ရွှေလက်သီးချက်ကို အားကိုးရာမဲ့စွာ ခံလိုက်ရပြီး ၎င်းကို ခေါင်းမှ ခြေဖျားအထိ ထုခြေပစ်လိုက်ရာ ခေါင်းထိပ်ရှိ ဝိညာဉ်နှင့် ခြေဖျားရှိ ဝိညာဉ်တို့သည် ကပ်ငြိသွားပြီး အလယ်မှနေ၍ နှစ်ပိုင်း ပြတ်တောက်သွားရရှာသည်။
(စပရင်တစ်ခုကို အပေါ်ကနေ ဖိချလိုက်သလိုမျိုး သရဲမရဲ့ ဝိညာဉ်ကိုယ်ထည်ကြီး တစ်ခုလုံး ပြားချပ်ပြီး လိပ်သွားတဲ့ သဘောပါ)
ဝမ်မိသားစုအိမ်၏ သစ်သားကြမ်းပြင်သည် မီးပွားများ လွင့်စင်ကာ ပျက်စီးသွားပြီး မြေပြင်တွင် နက်ရှိုင်းသော လက်သီးရာတွင်းကြီး တစ်ခု ကျန်ရစ်ခဲ့သည်။
ဝမ်မိသားစု၏ ကိုယ်ပိုင်ဆောက်လုပ်ထားသော အိမ်ကြီးသည် သုံးချက်မျှ တုန်ခါသွားပြီး ပစ္စည်းမှန်သမျှ မြေသို့ လဲကျကုန်ကာ ခေါင်းပေါ်ရှိ မျက်နှာကျက်မှ သဲပွင့်များ တဖွဲဖွဲ လျှောကျလာတော့သည်။
ပြီးပြီ။
ချန်ကျိုးတစ်ယောက် လက်လှုပ်လိုက်သည်နှင့် ကောင်းမွန်လှသော အိမ်ကြီးသည် အန္တရာယ်ရှိသော အိမ်အိုကြီးအဖြစ် ပြောင်းလဲသွားရချေပြီ။
ခန့်ညားထည်ဝါပြီး စမတ်ကျလှသဖြင့် နောက်ဆုံးတော့ သိက္ခာပြန်ဆယ်နိုင်ခဲ့ပြီ ဖြစ်သည်။
ချန်ကျိုးသည် ထရပ်လိုက်ပြီး သူ၏နှာခေါင်းထိပ်ကို လက်မဖြင့် ခန့်ညားစွာ ပွတ်သပ်လိုက်သည်။
"မင်းလို ကောင်မကများ၊ လိပ်ခွံတစ်ခု စွပ်ထားရုံနဲ့ ဘေးတိုက်လျှောက်ရဲတယ်ပေါ့၊ ဒီဆရာကြီးကိုတောင် မျက်စိထဲမထည့်ရဲဘူးပေါ့"
ကျောက်ယာချန့်၏ ဝိညာဉ်သည် နှစ်ပိုင်းကွဲလျက် မညီညာသော ကြမ်းပြင်ပေါ်တွင် မိန်းမောတွေဝေနေရှာရာ ၎င်းသည် အရိုက်ခံရသဖြင့် ကြောင်အအ ဖြစ်သွားရရှာသည်။
ဟွမ်ရှောင်မော့နှင့် လီချင်ရှန်းတို့သည် ထိုအခြေအနေကို မြင်သောအခါ စောစောက နောက်ဆုတ်ခြင်းမှာ ပိုမိုကောင်းမွန်သော တိုက်စစ်အတွက်သာ ဖြစ်ကြောင်း နားလည်သွားကြသည်။
ချန်ကျိုး ရှိနေမှတော့ ဘာကို ကြောက်နေရဦးမည်နည်း။ လီချင်ရှန်းသည် မိမိကိုယ်ပေါ်ရှိ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး ကြောက်ရွံ့နေသော အမူအရာကို ဖျောက်ဖျက်ကာ ရင်ကော့ခေါင်းမော့ လိုက်လေသည်။
ကျန်းချွေ့လျန်နှင့် ဝမ်ပေါင်ရှန့်တို့၏ စိတ်ထဲရှိ ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပျောက်ကွယ်သွားပြီး အချင်းချင်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြသည်။
တင်းလီ ဝိညာဉ်ရေးရာ အကျိုးဆောင်အဖွဲ့မှ လူများသည် အချင်းချင်း တွဲထူလျက် ထရပ်ကြရာ သုံးယောက်စလုံး မတူညီသော ဒဏ်ရာများ အသီးသီး ရရှိထားကြပြီး သနားစရာကောင်းသော ထိုသူများ၏ ဝတ်ရုံရှည်များပေါ်တွင် သွေးကွက်များ ပေကျံနေသည်။
ချန်ကျိုးသည် ကျောက်ယာချန့်၏ ဝိညာဉ်ပုံကြီး အရှေ့သို့ လျှောက်သွားပြီး ခြေထောက်ကို အသာအယာ မြှောက်ကာ ဝိညာဉ်နှစ်ပုံကို အတူတကွ ကန်စုပေးလိုက်ရာ ဝိညာဉ်နှစ်ခုသည် လျင်မြန်စွာပင် တစ်ခုတည်းအဖြစ် ပြန်လည် ပေါင်းစည်းသွားသည်။
ရုပ်သွင်အပြည့်အစုံ ပြန်လည်ရရှိသွားသော ကျောက်ယာချန့်သည် မြေပြင်ပေါ်တွင် ဝပ်စင်းနေပြီး အရှိန်အဝါများ လုံးဝ ပျောက်ဆုံးနေကာ မျက်ဝန်းများတွင် အလင်းမရှိဘဲ ဝိညာဉ်သည်လည်း လွင့်ပြယ်လုနီးပါး ဖြစ်နေချေပြီ။ ပြန်လည်အသက်ရှင်ရန် မဖြစ်နိုင်သလို ကလဲ့စားလည်း မချေနိုင်တော့ရာ ဤလောကတွင် ဆက်လက်တည်ရှိနေရန် မည်သည့်အဓိပ္ပာယ်မျှ မရှိတော့ပေ။
ချန်ကျိုးသည် ကုလားထိုင်ရှိရာသို့ လှည့်ကြည့်လိုက်ရာ လီချင်ရှန်းသည် အလိုက်သိစွာဖြင့် ကုလားထိုင်ကို ချန်ကျိုး၏ တင်ပါးနောက်သို့ ရွှေ့ပေးရှာသည်။
ချန်ကျိုးသည် ထိုင်ချလိုက်ပြီး ခြေထောက်ချိတ်လိုက်သည်။
"မင်းလို ဆံပင်ရှည်ပြီး အမြင်တိုတဲ့ မိန်းမငယ်က၊ ငါ့မှာ ဒီလို ကောင်းကင်ယံလောက်ကြီးမားတဲ့ စွမ်းဆောင်ရည် ရှိလိမ့်မယ်လို့ မထင်ထားဘူးမလား၊ ငါ့ကိုတောင် ရန်ပြုဖို့ ကြံစည်နေသေးတယ်၊ တကယ့်ကို အိပ်မက်ယောင်နေတာပဲ"
ဒဏ်ရာပြင်းထန်စွာ ရရှိထားသော ကျန်းချွေ့လျန်သည် မျှော်လင့်ချက်ကို မြင်တွေ့လိုက်ရသဖြင့် မြေပြင်ပေါ်တွင် ဝပ်စင်းလျက် ချန်ကျိုးကို တောင်းပန်တိုးလျှိုးရှာသည်။
"ဆရာကြီးချန်၊ ရှင်လည်း မြင်သားပဲ၊ သူက ကျွန်မတို့အားလုံးကို သေစေချင်နေတာ၊ ဒီလို ဝိညာဉ်မျိုးကို ဘာလို့ ချန်ထားဦးမှာလဲ"
ကျောက်ယာချန့်သည် ခါးသီးစွာ ပြုံးလိုက်ပြီး မျက်ဝန်းအစုံမှ သွေးမျက်ရည်များ စီးကျလာချေသည်။ ကြီးမားလှသော အငြိုးအတေးများ ရှိနေသော်လည်း နာကျည်းမှုများနှင့်အတူ ပျောက်ကွယ်သွားရရုံသာ ရှိတော့သည်။
ချန်ကျိုးက နှာခေါင်းရှုံ့လိုက်သည်။
"ဟွန်း၊ မင်းလို လျှာရှည်တဲ့ မိန်းမက ပိုပြီး အပြစ်ကြီးတယ်၊ ငါ့ကိုတောင် လိမ်ညာလှည့်ဖြားရဲတယ်၊ ပြစ်မှုကျူးလွန်ခံရသူအပေါ် နှိပ်စက်ညှင်းပန်းတယ်၊ မင်း ဒီလို အဆုံးသတ်မျိုးနဲ့ ကြုံရတာလည်း ထိုက်တန်ပါတယ်၊ နောက်ဆိုရင် မင်းရဲ့ ဒီလျှာက မရှိလည်း ဖြစ်တယ်"
အပြင်လူများ နားမလည်နိုင်ကြချေ။ ချန်ကျိုးသည် မည်သည့်ဇာတ်လမ်းကို ကစားနေသည်နည်း။ ဘယ်ဘက်ကိုမျှ မပါဘဲ မည်သို့ ဖြေရှင်းရန် ကြံစည်နေသနည်း။
ချန်ကျိုးသည် အိတ်ကပ်ထဲမှ ကြိုတင်ရေးသားထားသော စာရွက်လိပ်နှစ်လိပ်ကို ထုတ်ယူကာ ကျောက်ယာချန့်အရှေ့သို့ ကမ်းပေးလိုက်သည်။
"ငါ့မှာ စာရွက်လိပ်နှစ်လိပ် ရှိတယ်၊ စာရွက်လိပ်တစ်ခုမှာ 'ရှင်' လို့ ရေးထားပြီး၊ နောက်တစ်ခုမှာ 'သေ' လို့ ရေးထားတယ်၊ မင်း တစ်ခု နှိုက်လိုက်၊ မင်း ကံမဆိုးတော့ဖို့ မျှော်လင့်ပါတယ်"
ကျောက်ယာချန့်သည် သေဆုံးပြီးသား ဝိညာဉ်ဖြစ်ရာ မည်သို့လျှင် ရှင်သန်ခြင်း အခွင့်အရေး ရှိနိုင်ပါမည်နည်း။
ဒါသည် ချက်ပြုတ်ပြီးသား ကြက်ဥတစ်လုံးကို ကြက်ဥအစိမ်း ပြန်ဖြစ်အောင် လုပ်ခိုင်းသကဲ့သို့ ဖြစ်ရာ မည်သို့ ဖြစ်နိုင်ပါမည်နည်း။
ချန်ကျိုးသည် ကျောက်ယာချန့် စိတ်ပါဝင်စားမှု မရှိသည်ကို မြင်သောအခါ ပြောလိုက်သည်။
"ဒါဆိုရင် ငါပဲ မင်းအတွက် နှိုက်ပေးမယ်"
ချန်ကျိုးသည် တစ်ခုကို အသာအယာ ကောက်ယူကာ စာရွက်ကို ဖြန့်လိုက်ပြီး စာရွက်ပေါ်ရှိ စာသားကို လူအများဘက်သို့ လှည့်ပြလိုက်ရာ စာရွက်ပေါ်တွင် 'ရှင်' ဟူသော စာလုံး ထင်ရှားစွာ ရှိနေသည်။
ချန်ကျိုးသည် စာရွက်လိပ်ကို ကျောက်ယာချန့်ထံ ပစ်ပေးလိုက်သည်။
"ကံကောင်းတာပဲ"
ချန်ကျိုးသည် လှည့်၍ ကျန်ရှိသော စာရွက်လိပ်ကို ဝမ်မိသားစု လင်မယားထံ ကမ်းပေးလိုက်သည်။
"မင်းတို့နှစ်ယောက်ထဲက ဘယ်သူ နှိုက်မလဲ"
ကျန်းချွေ့လျန်သည် မြေပြင်တွင် ထိုင်လျက် ရှိုက်ကြီးတငင် ငိုကြွေးနေရှာသည်။ 'ရှင်' တစ်ခုကို နှိုက်ပြီးသွားပြီ ဖြစ်ရာ ကျန်ရှိသော 'သေ' ကို နှိုက်နေရန် လိုအပ်ဦးမည်လော။
ချန်ကျိုးသည် စာရွက်လိပ်ကို ကိုင်ကာ စောင့်ဆိုင်းနေသည်။
အိမ်ရှင်အမျိုးသား ဝမ်ပေါင်ရှန့်သည် နောက်ဆုံးတော့ ယောက်ျားပီသစွာ ထရပ်ပြီး ကျန်ရှိသော စာရွက်လိပ်ကို လှမ်းယူလိုက်ကာ မျှော်လင့်ချက်မဲ့စွာ ဖြန့်ကြည့်လိုက်ရာ ထိုစာရွက်လိပ်ပေါ်တွင်လည်း 'ရှင်' ဟု ရေးသားထားသည်ကို တွေ့လိုက်ရသည်။
"ဒါက"
ဝမ်ပေါင်ရှန့်သည် နားမလည်နိုင်စွာဖြင့် ချန်ကျိုးကို ကြည့်လိုက်သည်။
[စနစ် ... ဒီစနစ်မှာ ... ဒီစနစ်မှာ ... ဒီစနစ်မှာ ဒီလို မန္တန်မျိုး မရှိပါဘူး]
ချန်ကျိုးသည် သက်ပြင်းအရှည်ကြီး တစ်ချက် ချလိုက်သည်။
"ရန်ကြွေးကို ရန်တုံ့နှောင်ရင် ဘယ်တော့မှ မပြီးနိုင်ဘူး၊ မင်းလည်း အမှန်၊ သူလည်း အမှန်၊ လောကမှာ အမှန်တရားဆိုတာ တကယ်တော့ မရှိဘူး၊ ဖြတ်လေ ရှုပ်လေ၊ ခံစားချက်က တမူထူးခြား နေတော့တာပဲ"
ဟွမ်ရှောင်မော့သည် ပါးစပ်အဟောင်းသားဖြင့် မျက်မှောင်ကုတ်နေမိသည်။ ဒါတွေက ဘာစကားတွေနည်း။ အရှေ့အနောက် မညီဘဲ ရောမွှေထားသော်လည်း အနောက်က စာသားသည် တော်တော်လေး လွမ်းမောစရာ ကောင်းနေပြန်သည်။ ပညာရှိသည်ဟု ပြောရမလား၊ ဘယ်နေရာမှ မအပ်စပ်ချေ။
ချန်ကျိုးသည် သက်ပြင်းချလျက် ခေါင်းခါကာ ထရပ်ပြီး လက်နှစ်ဖက်ကို နောက်ပစ်လျက် ကျောက်ယာချန့်အရှေ့သို့ လျှောက်သွားကာ လက်တစ်ဖက်ကို ဖြန့်၍ ကျောက်ယာချန့် ခေါင်းထိပ်ပေါ်တွင် မိုးထားလိုက်သည်။
[စနစ်သည် အာဃာတဖြေဖျောက်ခြင်း အဆောင်ကို လှုံ့ဆော်နေသည်]
[စနစ်သည် ကျွတ်လွတ်စေသော ကျမ်းစာများကို လှုံ့ဆော်နေသည်]
[စနစ်သည် ...]
[စနစ်သည် ...]
ချန်ကျိုး၏ လက်ချောင်းထိပ်များမှ ဖြူစင်သော အလင်းအလွှာတစ်ခု ထွက်ပေါ်လာပြီး ကျောက်ယာချန့်၏ တစ်ကိုယ်လုံးကို လွှမ်းခြုံကာ ဖြည်းညှင်းစွာ မြောက်တက်သွားစေသည်။
[စနစ် : မန္တန်ငါးဆယ့်ခြောက်မျိုးကို ပေါင်းစပ်ရန် ကြိုးပမ်းနေသည်၊ မန္တန်ပေါင်းစပ်မှု အောင်မြင်နှုန်း သုည ဒသမ သုံး ရာခိုင်နှုန်း]
[ပေါင်းစပ်မှု မအောင်မြင်ပါ]
[စနစ်က ထပ်မံ ကြိုးပမ်းနေသည်]
[ပေါင်းစပ်မှု မအောင်မြင်ပါ]
[စနစ်က ထပ်မံ ကြိုးပမ်းနေသည်]
...
[လက်ရှိ မန္တန်ပေါင်းစပ်မှု အောင်မြင်သည်၊ ကျောက်ယာချန့် - ရှင်သန်ခြင်းဝိညာဉ်]
ချန်ကျိုး၏ ဖြူစင်သော အလင်းလုံးပေါ်တွင် အလင်းတန်းများ အပြန်အလှန် စီးဆင်းနေကြသည်။
ထိုနေရာရှိ လူအားလုံးသည် မျက်တောင်မခတ်တမ်း ထိုဖြူစင်သော အလင်းလွှာကို စိုက်ကြည့်နေကြသည်။ ဤလောကတွင် ဤမျှ ကောင်းကင်ကို ဆန့်ကျင်သော မန္တန်မျိုး ရှိသေးသည်လော။ သေဆုံးပြီးသား ဝိညာဉ်ကို ရှင်သန်ခြင်းဝိညာဉ်အဖြစ် ပြောင်းလဲခြင်းသည် ချက်ပြီးသား ကြက်ဥကို ကြက်ဥအစိမ်း ပြန်ဖြစ်စေခြင်းထက် အဆပေါင်း ထောင်သောင်းမက ခက်ခဲလှသည်။
ကောင်းကင်မိစ္ဆာဂိုဏ်းတွင် သေဆုံးပြီးသား ဝိညာဉ်ကို ပြန်လည်အသက်သွင်းနိုင်သော မိစ္ဆာပညာတစ်ခု ရှိသည်ဟု ဆိုကြသော်လည်း ထိုဝိညာဉ်သည် သေဆုံးပြီးသား ဝိညာဉ်သာ ဖြစ်သဖြင့် အလင်းကို ကြောက်ရွံ့ပြီး အချိန်အတိုင်းအတာတစ်ခုတွင် ခန္ဓာကိုယ်အသစ် လဲလှယ်ရသည်သာ ဖြစ်သည်။
လူတိုင်း၏ မျက်စိရှေ့တွင် အလင်းဖြူများ ပျောက်ကွယ်သွားပြီး အာကာသထဲတွင် အဖြူရောင် ပိတ်ပါးဝတ်စုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး လွင့်မျောနေကာ သွေးစွန်းသောအဝတ်များ ကွယ်ပျောက်လျက် ရုပ်သွင်သည် မူလအတိုင်း ပြန်လည်ဖြစ်ပေါ်လာပြီး မင်္ဂလာဆောင်စဉ်က အလှပဆုံး ပုံစံအတိုင်း ဝိညာဉ်သည် ပြန်လည် ကောင်းမွန်သွားချေပြီ။
ချန်ကျိုးသည် လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး ကျောက်ယာချန့်ကို ဝမ်အန်းဖုန်း ရှိနေသော အခန်းဘက်သို့ တွန်းပို့လိုက်သည်။
မှောင်မည်းနေသော အခန်းထဲမှ ချောင်းဆိုးသံ နှစ်ချက် ထွက်ပေါ်လာသည်။
မကြာမီ ဝမ်အန်းဖုန်းသည် အခန်းထဲမှ ထွက်လာပြီး ပထမဆုံး စကားအဖြစ် မိခင်ဖြစ်သူကို အကူအညီတောင်းလေသည်။
"အမေ၊ သူ ဘာလို့ အခုထိ မသွားသေးတာလဲ"
ထို့နောက် အမျိုးသမီးတစ်ဦး၏ နူးညံ့လှသော အသံသည် ချန်ကျိုးထံသို့ ထွက်ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် ပေါင်အမတ်မင်း"
ချန်ကျိုးသည် ကောင်းမှုပြုပြီး အမည်မကျန်ရစ်စေလိုသော စည်းမျဉ်းအရ လှည့်၍ လက်ယမ်းပြကာ မည်သည့်စကားမျှ မဆိုဘဲ တံခါးမကြီးဆီသို့ လျှောက်လှမ်းသွားသည်။
တံခါးကို အသာအယာ ဆွဲလိုက်ရာ တံခါးတစ်ချပ်လုံးသည် အပြင်ဘက်သို့ လဲကျသွားတော့သည်။
“အင်း ...”
အား သိပ်မစိုက်လိုက်ပါဘူး။
လဲကျသွားသော တံခါးမကြီးကြောင့် တုန်ခါသွားသော ပြတင်းပေါက်သည်လည်း ဂျောက်ခနဲ အသံနှင့်အတူ အက်ကွဲကာ ကြမ်းပြင်ပေါ်သို့ အပိုင်းပိုင်း ကြွေကျလေသည်။
ချန်ကျိုးသည် ခေါင်းကို ကုတ်လိုက်မိသည်။ ဤအိမ်၏ အရည်အသွေးသည် သိပ်မကောင်းလှချေ။
တင်းလီ ဝိညာဉ်ရေးရာ အကျိုးဆောင်အဖွဲ့မှ လူများနှင့် ဝမ်မိသားစုဝင်များသည် ချန်ကျိုး ထွက်ခွာသွားသည်ကို ကြောင်ငေးစွာ ငေးကြည့်နေကြပြီး ငိုချင်ရက် မျက်ရည်မကျနိုင် ဖြစ်နေကြရှာသည်။
သူတို့တစ်ညလုံး ပင်ပန်းခံလိုက်ရသော်လည်း မည်သည့်အကျိုးကျေးဇူးမျှ မရရှိဘဲ အလကား ဖြစ်သွားရရှာသည် မဟုတ်ပါလော။
ချန်ကျိုးသည် ဂုဏ်ယူဝင့်ကြွားစွာဖြင့် အရှေ့ဆုံးမှ လျှောက်လှမ်းလာပြီး စိတ်ထဲမှ တွေးနေမိသည်။
“ငါက တကယ့်ကို သူတစ်ပါးကို ကူညီရတာ ဝါသနာပါပြီး စိတ်သဘောထားကောင်းတဲ့ ဆရာကြီးတစ်ယောက်ပဲ”
ဟွမ်ရှောင်မော့က လီချင်ရှန်းကို မေးလိုက်သည်။
"ချန်ကျိုး ခုနက သရဲမကို ရိုက်တုန်းက ပြောတဲ့ စကားက ဘာအဓိပ္ပာယ်လဲ"
"ဒါက ဂျပန်စကားလေ၊ ငါက ပင်လယ်ဓားပြဘုရင် ဖြစ်လာမယ့် သူပဲ တဲ့"
"ပင်လယ်ဓားပြဘုရင်ရဲ့ ယောက်ျား ဟုတ်လား၊ သူက ဘာလို့ ပင်လယ်ဓားပြဘုရင်ရဲ့ ယောက်ျား ဖြစ်ချင်ရတာလဲ၊ ပင်လယ်ဓားပြဘုရင်က လှလို့လား"
"မင်း ကာတွန်းကားတွေ ပိုကြည့်ဦး"
လီချင်ရှန်းသည် ချန်ကျိုးက သူ့ကားရှိရာဘက်သို့ မလျှောက်ဘဲ ကျော်သွားသည်ကို မြင်သောအခါ အမြန် လှမ်းခေါ်လိုက်သည်။
"ဆရာကြီးချန်၊ ကျွန်တော့်ကားက ဒီမှာလေ"
ချန်ကျိုးသည် စိတ်ကူးယဉ် ကမ္ဘာထဲသို့ အပြည့်အဝ နစ်မြုပ်နေချေပြီ။
"ငါ့မှာ ကားရှိတယ်၊ မင်း အရင်ပြန်နှင့်တော့"
လီချင်ရှန်း ကြောင်သွားရသည်။
“မင်းမှာ ကားရှိတယ် ဟုတ်လား၊ ကြောင်ကြီးကို ပြောတာလား”
ဒီသန်းခေါင်ယံ အချိန်ကြီးမှာ လမ်းမှာ သရဲတစ်ကောင် ထွက်လာရင် ...
လီချင်ရှန်း တွေးမိရုံဖြင့် တုန်လှုပ်သွားသည်။
"ဆရာကြီးချန်၊ ကျွန်တော် ဆရာကြီးရဲ့ ကားကို စီးပြီး ပြန်လို့ရမလား"
"ဘာပဲဖြစ်ဖြစ် လမ်းကြုံတာပဲ၊ ကားပေါ်တက်လေ"
ချန်ကျိုးသည် အိတ်ကပ်ထဲမှ လေထုကို ဆုပ်ကိုင်ထုတ်ယူလိုက်ပြီး လီချင်ရှန်း ကားသော့ဖွင့်သည့် ပုံစံအတိုင်း လေထုကို နှိပ်လိုက်ကာ ပါးစပ်မှ အသံပြုလိုက်သည်။
"ဗျူးဗျူး"
ထို့နောက် ချန်ကျိုးသည် မရှိသော ကားတံခါးကို ဖွင့်ကာ ခါးကို ကုန်းလျက် စိတ်ကူးထဲမှ ကားထဲသို့ ဝင်သွားပြီး ခြေထောက်နှစ်ဖက်ကိုကားကာ မရှိသော စတီယာရင်ကို ကိုင်ကာ ကားတံခါးကို ပိတ်လျက် ထိုင်ခုံခါးပတ်ကို ဆွဲကာ အသေချည်လိုက်လေသည်။
အားလုံး ပြင်ဆင်ပြီးသောအခါ ချန်ကျိုးသည် ကားပြတင်းပေါက် အပြင်ဘက်မှ အူကြောင်ကြောင်ဖြင့် ရပ်ကြည့်နေသော လီချင်ရှန်းကို လှည့်ကြည့်ပြီး ပြတင်းပေါက်ကို အသာအယာ ချလိုက်ဟန် ပြုလုပ်ကာ ပြောလိုက်သည်။
"ဘာစောင့်နေတာလဲ၊ အမြန် ကားပေါ်တက်၊ ငါ အရှိန်တင်တော့မယ်"
လီချင်ရှန်း ...
ချန်ကျိုးပြောသော ကားဆိုသည်မှာ လေထုသက်သက်သာ ဖြစ်သည်။ သူက ရုံးအုပ်ကြီး တစ်ယောက် ဖြစ်ရာ အခြားလူများက သူ ခြေထောက်နှစ်ဖက်ကိုကားကာ ကားစီးဟန်ဆောင်နေသည်ကို သိသွားပါက မည်သို့ မျက်နှာပြရမည်နည်း။
"မြန်မြန်လုပ်ပါ၊ ဖင်လေးလိုက်တာ၊ ကြောင်ကလေး၊ အမြန် ကားပေါ်တက်"
ဟွမ်ရှောင်မော့သည် ငိုချင်စရာ မျက်နှာဖြင့် တွေးမိသည်။
“ငါ ကားပေါ်မတက်လို့ မရဘူးလား”
ဟွမ်ရှောင်မော့သည် အရှေ့ခန်း ထိုင်ခုံဘေးသို့ ပြေးသွားပြီး ကားတံခါး ဖွင့်ဟန်ပြုကာ ကားထဲ ဝင်လိုက်ပြီး ခြေထောက်နှစ်ဖက်ကိုကားကာ ကားစီးဟန် ဆောင်လိုက်ရှာသည်။
လီချန်းရှန်းသည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုကာ လူမရှိသည်ကို သေချာမှ သွားကို ကြိတ်လျက် မရှိသော ကားတံခါးကို ဖွင့်ကာ ကားထဲ ဝင်ပြီး ခြေထောက်ကိုကားကာဖြင့် လိုက်ပါရှာသည်။
ချန်ကျိုးသည် လက်ကို မြှောက်ကာ စိတ်ကူးထဲမှ နောက်ကြည့်မှန်ကို ပြင်လိုက်သည်။
"ငါ့ကားက မင်းကားထက် စီးရတာ ပိုသက်တောင့်သက်သာ ရှိတယ် မဟုတ်လား"
လီချင်ရှန်း၏ နှုတ်ခမ်းများ တုန်ရီသွားသည်။
"သက်တောင့်သက်သာ ရှိပါတယ်"
"ထိုင်ခုံခါးပတ်ကို အသေချည်ထား၊ မဟုတ်ရင် ကျောက်ယာချန့်လို ကားထဲကနေ လွင့်ထွက်သွားလိမ့်မယ်၊ ငြိမ်ငြိမ်ထိုင်ကြ၊ သွားပြီ"
လီချင်ရှန်းသည်လည်း ထိုင်ခုံခါးပတ် ချည်ဟန် ပြုလုပ်ရရှာသည်။
ချန်ကျိုးသည် ခြေတစ်ဖက်ကို အရှေ့သို့ လှမ်းကာ လီဗာကို နင်းလိုက်ပြီး ပါးစပ်မှ အသံပြုလိုက်သည်။
"ဒူဒူဒူဒူဒူ"
ခြေလှမ်းကျကျဖြင့် အရှေ့သို့ ပြေးထွက်သွားတော့သည်။
ဟွမ်ရှောင်မော့နှင့် လီချင်ရှန်းတို့သည် မလိုက်ဘဲ နေရဲပါမည်လော။
လူနှစ်ယောက်နှင့် မြွေပါတစ်ကောင်သည် ခြေလှမ်းကျကျဖြင့် လမ်းမပေါ်တွင် အပြေးအလွှား သွားနေကြတော့သည်။
"ငါ အရှိန်မြှင့်တော့မယ်၊ ငြိမ်ငြိမ်ထိုင်ကြ"
"မီးနီမိပြီ၊ ငါ ကားရပ်တော့မယ်"