အခန်း ၈၂
Vol. 9 Ch. 82
Chapter 82
လီချင်ရှန်းသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်ရာ ချန်ကျိုး၏ ယခုကဲ့သို့ နှိပ်စက်မှုကို မည်သို့လျှင် ခံနိုင်ရည်ရှိပါမည်နည်း။
"ဆရာကြီးချန်၊ အစ်ကိုကြီးကျိုးနဲ့ ဌာနမှူးလော့တို့က ဆရာကြီးရဲ့ကားကို မစီးဖူးသေးဘူးမလား"
ချန်ကျိုးသည် ခြေထောက်နှစ်ဖက်ကို ဖြဲလျက် လမ်းမကြီးပေါ်တွင် တစ်လှမ်းချင်း ခုန်ဆွခုန်ဆွ သွားနေရာ အခြေအနေကို မသိသောသူများအဖို့ မည်သည့်နေရာမှ ရောက်လာသည့် နတ်ဝင်သည်မကြီးမှန်း မသိနိုင်ချေ။
"မင်းက ငါ့ကားကို ပထမဆုံး စီးရတဲ့လူပဲ၊ ငြိမ်ငြိမ်ထိုင်၊ ငါ အရှိန်ပြင်းပြင်း မောင်းတော့မယ်"
ပြောပြီးသည်နှင့် ချန်ကျိုးသည် အားကုန်ပြေးထွက်သွားရာ လီချင်ရှန်းမှာ အမောဆို့မတတ် ဖြစ်ရချေသည်။
"ဒါဆိုရင် ကျွန်တော်က ဆရာကြီးချန်ရဲ့ကားကို ပထမဆုံး စီးရတဲ့လူပေါ့၊ အစ်ကိုကြီးကျိုးတို့က စိတ်ဆိုးမနေဘူးလား၊ ဆရာကြီးချန်၊ ဆရာကြီးရဲ့ကားပေါ်မှာ ထိုင်ခုံတွေ ကျန်သေးတယ်မလား၊ အစ်ကိုကြီးကျိုးတို့ကိုပါ ခေါ်ပြီး လေညင်းခံကြရအောင်လေ၊ ဆရာကြီးရဲ့ကားက ဘယ်လောက် ခန့်ညားလဲဆိုတာ သူတို့ကို သိအောင်ပြလိုက်ရအောင်"
ချန်ကျိုးသည် ဘရိတ်ကို အားပြင်းစွာ နင်းလိုက်သည်။
"မင်းပြောတာလည်း အကြောင်းပြချက် ရှိသားပဲ၊ ဒါဆိုရင် ဒီဆရာကြီးက သူတို့ကို မျက်စိပွင့်သွားအောင် လုပ်ပေးရတာပေါ့"
"ကျွန်တော် ကားပေါ်ကဆင်းပြီး သူတို့ကို ဖုန်းဆက်လိုက်ရမလား"
"ဆက်လိုက်လေ"
လီချင်ရှန်းသည် ကားတံခါးကို တွန်းဖွင့်ကာ ကားထဲမှ ထွက်လာဟန် ပြုလုပ်ရသည်။ အချိန်အတော်ကြာအောင် ခြေကားယားကြီး ပြေးခဲ့ရသဖြင့် ခြေထောက်နှစ်ဖက်သည် မခံနိုင်ဘဲ တုန်ရီနေချေပြီ။
ချန်ကျိုးသည်လည်း ကားထဲမှ ထွက်လာပြီး ပြေးရသည်မှာ မောပန်းသွားပုံရကာ လမ်းဘေးရှိ သစ်ပင်စိုက်ခင်းဘေးတွင် ထိုင်၍ အနားယူလေသည်။
လီချင်ရှန်းသည် ခြေထောက်နှစ်ဖက်ကို ထုရိုက်ရင်း ဖုန်းဆက်လိုက်သည်။
"အစ်ကိုကြီးကျိုး၊ ဆရာကြီးချန်က အရေးကြီးတဲ့ အခြေအနေ ရှိလို့ မင်းကို အကြောင်းကြားခိုင်းတယ်၊ ကျန့်ရှဲ့လမ်းဘက်ကို မြန်မြန်လာခဲ့၊ အေး၊ ကောင်းပြီ ကောင်းပြီ၊ မင်းကို စောင့်နေမယ်နော်"
"ဌာနမှူးလော့၊ ဆရာကြီးချန်က ကျန့်ရှဲ့လမ်းဘက်ကို တစ်ခေါက်လောက် လာခဲ့ဖို့ အကြောင်းကြားခိုင်းတယ်၊ အစ်ကိုကြီးကျိုးလည်း လာလိမ့်မယ်၊ ဘာ၊ အစ်ကိုကြီးကျိုးလာရင် မင်းမလာတော့ဘူး ဟုတ်လား၊ မင်းအလုပ်ရှုပ်နေတာလား၊ ဒါဆိုရင် မင်းမလာနိုင်တော့ဘူးလို့ပဲ ဆရာကြီးချန်ကို ပြောလိုက်မယ်၊ မင်းမှာ သူ့ထက် အရေးကြီးတဲ့ အလုပ်ရှိတယ်ပေါ့၊ အာ၊ အခု ပြန်မရှုပ်တော့ဘူး ဟုတ်လား၊ ကောင်းပြီ ကောင်းပြီ ကောင်းပြီ၊ လမ်းဘေးမှာ စောင့်နေမယ်နော်"
လီချင်ရှန်းသည် လမ်းဘေးတွင် ထိုင်ကာ နာကျင်ကိုက်ခဲနေသော ခြေထောက်နှစ်ဖက်ကို ထုရိုက်နေရင်း ထိုသူများ အနည်းငယ် နောက်ကျမှ ရောက်လာပါစေရန်သာ ဆုတောင်းနေမိသည်။
ဆယ်မိနစ်ခန့် ကြာပြီးနောက် ကျိုးအိုက်ကော်နှင့် လော့ယွီမင်တို့၏ ရုံးသုံးကားနှစ်စီး ရောက်ရှိလာပြီး အရှေ့တစ်စီး အနောက်တစ်စီးဖြင့် ချန်ကျိုး၏ လေထုကားကို အလယ်တွင် ညှပ်မိလျက်သား ဖြစ်သွားတော့သည်။
"ဘာကိစ္စရှိလို့လဲ၊ ဖုန်းထဲမှာလည်း သေချာမပြောဘူး"
လော့ယွီမင်သည် ကားပေါ်မှ ဆင်းဆင်းချင်း မေးမြန်းလေသည်။
ချန်ကျိုးသည် လမ်းဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး စကားမဆိုချေ။ သူသည် ဆရာကြီးတစ်ယောက် ဖြစ်ရာ ပုံမှန်အားဖြင့် စကားနည်းရမည် မဟုတ်ပါလော။ လီချင်ရှန်းက ရှင်းပြသည်။
"ဆရာကြီးချန်က ကားမောင်းပြီး မင်းတို့ကို လေညင်းခံခေါ်သွားချင်လို့၊ လောကကြီးကို ခံစားရအောင်လို့လေ"
ကျိုးအိုက်ကော်သည် မျက်မှောင်ကုတ်လိုက်ပြီး ချက်ချင်း အနက်မကောက်နိုင် ဖြစ်ရသည်။
"ကားမောင်းတယ်၊ ဘာကားကို မောင်းတာလဲ"
ဟွမ်ရှောင်မော့သည် လက်ကို ဖြန့်ပြကာ ကားနှစ်စီးကြားရှိ လေထုကားကို ပြသလိုက်သည်။
"ဒီမှာလေ"
ဟွမ်ရှောင်မော့သည် ကျိုးအိုက်ကော်၏ ကားအနောက်သို့ ပြေးသွားပြီး လေထုကို ညွှန်ပြကာ ပြောသည်။
"ဒါက ကားခေါင်း"
ထို့နောက် လော့ယွီမင်၏ ကားအရှေ့သို့ ပြေးသွားပြီး လေထုကို ထပ်မံညွှန်ပြသည်။
"ဒါက ကားနောက်ပိုင်း"
ချန်ကျိုးသည် လမ်းဘေးမှ ထရပ်ကာ ခါးကိုလှည့်၍ ခြေထောက်များကို ခါထုတ်လိုက်သည်။
"အမြန် ကားပေါ်တက်ကြ၊ ဒီဆရာကြီးရဲ့ အချိန်က တန်ဖိုးရှိတယ်"
ချန်ကျိုးသည် လေထုကားတံခါးကို ဆွဲဖွင့်ကာ ခြေလှမ်းကျကျဖြင့် ဝင်ထိုင်လိုက်သည်။
ဟွမ်ရှောင်မော့နှင့် လီချင်ရှန်းတို့သည် အတွေ့အကြုံ ရှိထားကြသဖြင့် တစ်ယောက်က ဘေးထိုင်ခုံ၊ တစ်ယောက်က အနောက်ထိုင်ခုံတွင် ချန်ကျိုး၏ စိတ်ကူးထဲမှ ကားထဲသို့ ဝင်ထိုင်ကြလေသည်။
ကျိုးအိုက်ကော်နှင့် လော့ယွီမင်တို့သည် အချင်းချင်း ကြည့်လိုက်ကြပြီး ကျိုးအိုက်ကော်က အရင်ဆုံး ထိုသူများ၏ ပုံစံအတိုင်း ကားထဲသို့ ဝင်သွားသည်။
လော့ယွီမင်သည် အံကိုကြိတ်လျက် ကားတံခါးကို ဆွဲဖွင့်လိုက်ရချေသည်။
ချန်ကျိုးသည် မောင်းသူနေရာမှ ပြောလိုက်သည်။
"အာ၊ သော့ဖွင့်ဖို့ မေ့သွားတယ်၊ အကုန်လုံး ဆင်းကြဦး၊ ဆင်းကြဦး"
လူတိုင်း ကားပေါ်မှ ပြန်ဆင်းကြရပြီး ချန်ကျိုးက အိတ်ကပ်ထဲမှ လေထုကို ထုတ်ယူကာ ကားသော့ကို နှိပ်လိုက်သည်။
"ဗျူးဗျူး"
ထို့နောက် လူစုသည် ကားထဲသို့ ပြန်လည် ဝင်ရောက်ကြပြန်သည်။
ချန်ကျိုးသည် စတီယာရင်ကို စည်းမဲ့ကမ်းမဲ့ လှည့်ပတ်ကာ ခေါင်းကို အနောက်သို့ လှည့်ကြည့်လိုက်သည်။
"မင်းတို့နှစ်ယောက် ကားရပ်တာ တကယ့်ကို တော်တယ်၊ ငါ့ကားကို အလယ်တည့်တည့်မှာ ညှပ်ထားတာပဲ"
ချန်ကျိုးသည် ခြေလှမ်းကျကျဖြင့် အနောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး အရှေ့သို့ နှစ်လှမ်း တိုးကာ၊ အနောက်သို့ ပြန်ဆုတ်လိုက်၊ အရှေ့သို့ ပြန်တိုးလိုက်ဖြင့် သူ၏ လေထုကားကို ကားနှစ်စီးကြားမှ မောင်းထုတ်လိုက်ပြီး လီဗာကို အဆုံးထိ နင်းချလိုက်တော့သည်။
ဝူးခနဲ အသံနှင့်အတူ ချန်ကျိုးသည် အပြင်းအထန် ပြေးထွက်သွားလေသည်။
အနောက်မှ လူသုံးယောက်နှင့် မြွေပါတစ်ကောင်မှာ ဝေးကွာစွာ ကျန်ရစ်ခဲ့သဖြင့် ချန်ကျိုး၏ ခြေလှမ်းများနောက်သို့ အမှီလိုက်ရန် အပြေးအလွှား ကြိုးစားကြရရှာသည်။
ကျိုးအိုက်ကော်တို့သည် ဘေးချင်းယှဉ်လျက် ပြေးနေကြရာ ဖားပြုပ်ကြီး သုံးကောင် ပြေးနေသကဲ့သို့ ရှိချေသည်။
ကျိုးအိုက်ကော်၏ စိတ်နေစိတ်ထားကတော့ အတော်လေး ကောင်းမွန်ဆဲ ဖြစ်သည်။ အထူးသဖြင့် မျက်နှာကို လက်ဖြင့် အုပ်ထားသော လော့ယွီမင်ကို မြင်သောအခါ သူ၏ စိတ်သည် ပိုမို ကြည်လင်လာရသည်။
"အစ်ကိုကြီးလီ၊ တော်တယ်နော်၊ ငါတို့ကိုတောင် လိမ်ရဲနေပြီ"
လီချင်ရှန်းက ပြောသည်။
"ကောင်းကံဆိုတာ အတူတူ ခံစားရတာပေါ့"
လော့ယွီမင်သည် နာကျည်းစွာဖြင့် အံကိုကြိတ်လျက် ပြောချေသည်။
"မင်းတို့နှစ်ယောက်ကတော့ အခြေအနေကို ပိုဆိုးအောင် လုပ်နေတာပဲ၊ ဒီနေ့က သရဲပွဲတော်နေ့လေ၊ ငါတို့ ဝိညာဉ်ချုပ်ထိန်းရေးဌာနက ကျင့်ကြံသူတွေ အကုန်လုံး လမ်းပေါ်ထွက် ကင်းလှည့်နေကြတာ၊ ငါ့မျက်နှာကို ဘယ်နား သွားထားရမလဲ"
ကျိုးအိုက်ကော်က နောက်ပြောင်လိုက်သည်။
"ငါသာ မင်းနေရာမှာဆိုရင် ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ ယူနီဖောင်းကို အုပ်ထားလိုက်မယ်၊ ယူနီဖောင်းက မင်းမျက်နှာထက် ပိုပြီး မှတ်မိလွယ်တယ် မဟုတ်လား"
လော့ယွီမင်သည် မိမိ၏ ဝိညာဉ်ချုပ်ထိန်းရေးဌာန တံဆိပ်ပြား အပြင်သို့ ထွက်နေသည်ကို သတိပြုမိသွားပြီး လက်ကို အမြန်ချကာ တံဆိပ်ပြားကို ဖုံးအုပ်လိုက်ရရှာသည်။
လီချင်ရှန်းသည် ဘေးမှနေ၍ ကြည့်ကာ ရယ်မောနေတော့သည်။
"အိုင်း၊ မျက်နှာကို ဖုံးနိုင်ပေမဲ့ တင်ပါးကိုတော့ မဖုံးနိုင်ဘူး ဖြစ်နေပြီ"
မမျှော်လင့်ဘဲ အဖြစ်အပျက်တစ်ခု ဖြစ်ပွားလာချေသည်။
အရှေ့ဘက် လမ်းမပေါ်မှ အလင်းတန်းနှစ်ခု ထိုးလာသည်။
ဤအချိန်တွင် လမ်းပေါ်၌ မောင်းနှင်နိုင်သော ကားသည် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ စေလွှတ်ထားသော ကင်းလှည့်ကားမှတစ်ပါး အခြားမရှိနိုင်ချေ။
ကင်းလှည့်ကား၏ ပြတင်းပေါက်တွင် ကျင့်ကြံသူ အနည်းငယ်က ခေါင်းပြူ၍ ကြည့်နေကြသည်။
ကင်းလှည့်ကား မောင်းသူက ပြောသည်။
"ဒီသန်းခေါင်ယံ အချိန်ကြီးမှာ လမ်းမပေါ်မှာ ဖားပြုပ်တွေလို ခုန်နေကြတာ၊ မင်းတို့ ကြည့်စမ်း၊ လူလား သရဲလား"
ကျင့်ကြံသူ တစ်ဦးက ဆိုသည်။
"လူထင်တယ်၊ ငါ မကောင်းတဲ့ စွမ်းအင်တွေ မတွေ့ရဘူး"
ကျင့်ကြံသူ ဒုတိယတစ်ဦးက ပြောသည်။
"အသက်ကို မနှမြောကြဘူးပဲ၊ သရဲပွဲတော်နေ့ မတိုင်ခင် ညကြီးမှာ လမ်းမပေါ်မှာ ဒီလို လျှောက်ခုန်နေကြတယ်"
ကျင့်ကြံသူ တစ်ဦးက ဆိုပြန်သည်။
"ဌာနကို အကြောင်းကြားလိုက်ဦး၊ တော်ကြာ ငါတို့ကို ရန်မူမယ့်သူတွေ ဖြစ်နေဦးမယ်"
ဘေးထိုင်ခုံမှ ကျင့်ကြံသူသည် ဝိုင်ယာလက် ကိရိယာကို ထုတ်ယူလိုက်သည်။
"ကျန့်ရှဲ့လမ်းပေါ်မှာ မသင်္ကာဖွယ် လူသုံးဦးကို တွေ့ရှိရပါတယ်၊ အကူအညီ တောင်းခံပါတယ်၊ အကူအညီ တောင်းခံပါတယ်"
မောင်းသူက ပြောသည်။
"အိုင်း၊ အရှေ့ဆုံးက လူက ချန်ကျိုး မဟုတ်ဘူးလား"
ကျင့်ကြံသူ တစ်ဦးက ဆိုသည်။
"ဟုတ်ပုံရတယ်၊ ဟွမ်ရှောင်မော့လည်း ပါတယ်၊ ဟုတ်တယ်၊ ပြီးခဲ့တဲ့ အခေါက်က သူတို့ ဌာနကို လာပြီး ပိုက်ဆံတောင်းတုန်းက ငါ မြင်ဖူးတယ်"
ကျင့်ကြံသူ ဒုတိယဦးက မေးသည်။
"ဒါဆိုရင် အနောက်က လူတွေက ဘယ်သူလဲ၊ အနားကို ကပ်ပြီး ကြည့်ရအောင်"
မောင်းသူက ပြောပြန်သည်။
"ချန်ကျိုးရဲ့ ဆေးရုံအုပ်ကြီးလေ၊ မျိုးရိုးအမည် လီ ဆိုတဲ့လူ၊ ပြီးတော့ နောက်တစ်ယောက်က မိစ္ဆာနှိမ်နင်းရေး ရဲစခန်းရဲ့ စခန်းမှူးကြီးပဲ၊ မျက်နှာအုပ်ထားတဲ့လူ၊ သေချာတော့ မမြင်ရဘူး"
ဘေးထိုင်ခုံမှ လူက ဆိုသည်။
"သူ ဝတ်ထားတာ ငါတို့ ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ အဝတ်အစားတွေပဲ၊ ငါတို့ ဌာနမှူးတော့ မဟုတ်ပါဘူးနော်"
ကျင့်ကြံသူ ဒုတိယဦးက ပြောသည်။
"မဖြစ်နိုင်တာ၊ ငါတို့ ဌာနမှူးက သရဲပွဲတော်နေ့အတွက် အလုပ်ရှုပ်နေတာ၊ လမ်းမပေါ်မှာ လျှောက်ခုန်နေဖို့ အချိန်ဘယ်ရှိပါ့မလဲ"
ကင်းလှည့်ကား မောင်းသူသည် မျက်နှာကို အုပ်၍ ခုန်ဆွခုန်ဆွ သွားနေသော သူ၏ ပုခုံးကို စိုက်ကြည့်လိုက်သည်။
"မဟန်ဘူး၊ ငါတို့ ဌာနမှူး အစစ်ပဲ၊ ပုခုံးပေါ်က တံဆိပ်ကို ကြည့်စမ်း၊ ငါတို့ ညွှန်ကြားရေးမှူး အစစ်ပဲ"
ဘေးထိုင်ခုံမှ ဝိညာဉ်ချုပ်ထိန်းရေးဌာန ကျင့်ကြံသူက ခေါင်းပြူ၍ လှမ်းခေါ်လိုက်သည်။
"ဌာနမှူး"
လမ်းမပေါ်တွင် မျက်နှာကို အုပ်လျက် ခုန်နေရသော ဌာနမှူးလော့မှာ ဘဝကို စိတ်ကုန်သွားရပြီး မိဘဘိုးဘွားများအထိ သိက္ခာကျရချေပြီ။
ကျိုးအိုက်ကော်က ဘေးမှနေ၍ မြှောက်ပေးသည်။
"နှုတ်ဆက်လိုက်လေ၊ သူတို့ မှတ်မိသွားပြီပဲဥစ္စာ"
လော့ယွီမင်သည် မျက်နှာကို ကာထားသော လက်ကို ချလိုက်ပြီး စိတ်မရှည်စွာဖြင့် ကင်းလှည့်ကားကို လက်ယမ်းပြလိုက်သည်။
"မြင်ပြီ၊ မြန်မြန်သွားကြ၊ မြန်မြန်သွားကြ"
ကင်းလှည့်ကားသည် အလိုက်သိစွာ မောင်းထွက်သွားတော့သည်။ကင်းလှည့်ကား ဘေးထိုင်ခုံမှ လူက ပြောလိုက်သည်။
"အကူအညီ လာပေးစရာ မလိုတော့ပါဘူး၊ လမ်းပေါ်မှာ ခုန်နေတဲ့ လူတွေက ငါတို့ ဌာနမှူး ဖြစ်နေလို့ပါ"
ကိရိယာမှ ပြန်ကြားသံ ထွက်ပေါ်လာသည်။
"ဌာနမှူးက လမ်းပေါ်မှာ ဘာလို့ သွားခုန်နေတာလဲ၊ ဘယ်နားမှာလဲ၊ ကျန့်ရှဲ့လမ်းမှာလား၊ ငါ လမ်းကြုံရင် ဝင်ကြည့်ဦးမယ်"
ချန်ကျိုးသည် ကားကို နှစ်ကီလိုမီတာခန့် မောင်းနှင်ခဲ့ရာ ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ ကင်းလှည့်ကား အတော်များများနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့ရသည်။
လော့ယွီမင်၏ သိက္ခာများ အကုန်လုံး ကုန်ဆုံးသွားရသလို ချန်ကျိုးလည်း ပြေးရသည်မှာ မောပန်းသွားချေပြီ။
ချန်ကျိုးသည် ကြောင်ကြီးကို ဆင့်ခေါ်လိုက်ပြီး လီချင်ရှန်းကို တင်ဆောင်ကာ စိတ်ကျန်းမာရေးဆေးရုံသို့ ပြန်သွားတော့သည်။
ကျိုးအိုက်ကော်နှင့် လော့ယွီမင်တို့သည် လမ်းမကြီးပေါ်တွင် ပစ်ထားခြင်း ခံလိုက်ရရှာသည်။
ကျိုးအိုက်ကော်သည် ပင်ပန်းလွန်းသဖြင့် အားအင်ကုန်ခမ်းလုနီးပါး ဖြစ်နေချေပြီ။
"ငါပြောမယ်၊ ငါတို့ ဖွဲ့စည်းမယ့် ကျင့်ကြံခြင်းအဖွဲ့ထဲမှာ လီချင်ရှန်းကို မဖိတ်ခေါ်နဲ့တော့၊ လီချင်ရှန်းရဲ့ ဒီကိစ္စကို ကြည့်ရုံနဲ့တင် သူ့ရဲ့ လူကျင့်ဝတ်က ငါ့ဆီမှာ သုည ဖြစ်သွားပြီ"
လော့ယွီမင်သည် အမောတကောဖြင့် ပြောသည်။
"မင်း မမြင်ဘူးလား၊ နီးစပ်ရာလူက အခွင့်အရေးအရင်ရတာပဲ၊ ငါတို့ ဘယ်တုန်းက ချန်ကျိုးရဲ့ အနှစ်တစ်ထောင် ဝိညာဉ်ကျားကြီးကို စီးဖူးလို့လဲ၊ သူ့ကို ကြည့်စမ်း၊ အိပ်ရာပေါ် တက်ဖို့တောင် အားယူနေရတဲ့လူက၊ ခုနက ဝိညာဉ်ကျားကြီးကို စီးသွားတဲ့ ပုံစံကို ကြည့်ဦး"
လော့ယွီမင်သည် လီချင်ရှန်း၏ လေသံကို အတုခိုးကာ အသံသေးအသံညောင်ဖြင့် ပြောလိုက်သည်။
"အိုင်း၊ အစ်ကိုကြီးလော့၊ ငါ့ကို တွဲဦး၊ ငါ ဝိညာဉ်ကျားကို ပထမဆုံးအကြိမ် စီးဖူးတာဆိုတော့ သိပ်မကျွမ်းကျင်သေးဘူး"
"မတူတော့ဘူး၊ သူက အခု ချန်ကျိုးရဲ့ မျက်စိရှေ့က လူယုံတော် ဖြစ်နေပြီ၊ အရင်တုန်းက မင်းကို ဘယ်တုန်းက အစ်ကိုကြီးလော့လို့ ခေါ်ဖူးလဲ၊ ဌာနမှူးလော့လို့ပဲ ခေါ်တာ မဟုတ်လား"
"ငါတို့ချင်း သီးသန့်ပြောရရင်၊ ငါတို့နှစ်ယောက်ရယ်၊ ယိုယိုရယ်၊ ငါတို့ သုံးယောက်က တစ်ဖွဲ့တည်း၊ လီချင်ရှန်းနဲ့ တစ်ဖွဲ့တည်း မဟုတ်ဘူး၊ လီချင်ရှန်းကို Chat Group ထဲ ဆွဲသွင်းရတာက၊ ချန်ကျိုး သူ့ကို သင်ပေးတဲ့ ပညာတွေကို မျှဝေခိုင်းချင်လို့ပဲ"
"သဘောတူတယ်"
"သူ့ကို သင်ပေးလည်း အလကားပဲ၊ ပါရမီ မပါဘူး"
"ငါကြည့်တာလည်း မရလောက်ဘူး"