အခန်း ၈၃
Vol. 9 Ch. 83
Chapter 83
နှစ်တစ်ထောင် ကျားဝိညာဉ်ပေါ်တွင် ထိုင်နေသော လီချင်ရှန်းသည် နှာချေခြင်းကို မရပ်မနား ပြုလုပ်နေမိသော်လည်း လမ်းတစ်လျှောက်လုံးတွင် အဒေါ်ကြီးတစ်ယောက်ကဲ့သို့ တောက်ပစွာ ပြုံးရွှင်နေချေသည်။
သူသည် လူလေးယောက်ထဲတွင် နှစ်တစ်ထောင် ကျားဝိညာဉ်ပေါ်သို့ ပထမဆုံးနှင့် တစ်ဦးတည်းသော တက်စီးခွင့်ရသည့်လူ ဖြစ်ပြီး ချန်ကျိုး၏ ချစ်လှစွာသော တပည့်မလေး ကျန်းယိုယိုပင် ဤကဲ့သို့ အခွင့်အရေးမျိုး မရရှိခဲ့ဖူးချေ။
ယင်းသည် ချန်ကျိုးအတွက် လုံခြုံရေးဝန်ထမ်းက တံခါးဖွင့်ပေးပြီး အိမ်သို့ သိက္ခာရှိရှိ ပြန်လာရသည့် ပထမဆုံးအကြိမ်လည်း ဖြစ်သည်။
ချန်ကျိုးသည် ကြောင်ကြီးကို ထားရစ်ခဲ့ပြီး နှစ်ကီလိုမီတာခန့် ပြေးခဲ့ရသဖြင့် သန်းခေါင်ယံ ရောက်သော် သမ်းဝေလျက် အခန်းငယ်လေးထဲသို့ လျှောက်လှမ်းသွားတော့သည်။
လီချင်ရှန်းသည် လောကကြီးကို မမြင်ဖူးသူတစ်ဦးကဲ့သို့ မျက်လုံးအစုံ ပြူးလျက် ထိုနှစ်တစ်ထောင် ကျားဝိညာဉ်ကို စိုက်ကြည့်နေမိသည်။
“အမလေး တကယ့်ကို အနှစ်တစ်ထောင် ကျားဝိညာဉ်ပါလား ဘာကာကွယ်ရေး အစီအရင်မှလည်း မရှိပါလား”
နှစ်တစ်ထောင် ကျားဝိညာဉ်သည် ခေါင်းကို ခါယမ်းကာ လီချင်ရှန်းကို မထီမဲ့မြင် ကြည့်လိုက်ပြီး ဝင့်ကြွားသော ခြေလှမ်းများဖြင့် ခုံတန်းရှည်တစ်ခုအနားသို့ လျှောက်သွားကာ ခေါင်းကို တစ်ချက်ဝေ့ယမ်း၍ လည်ပင်းမှ ကြိုးကို ခုံတန်းခြေထောက်တွင် အပြည့်အစုံ ရစ်ပတ်လိုက်ချေသည်။
“မိမိကိုယ်ကို ပြန်ချည်တာလား”
“နှစ်တစ်ထောင် ကျားဝိညာဉ်က ဒီလောက်အထိ လိမ်မာတာလား”
လီချန်းရှန်းသည် ချန်ကျိုးနှင့်အတူ အပြင်သို့ တစ်ခေါက် ထွက်ခဲ့ပြီးနောက် သတ္တိများ ပိုမိုရှိလာပုံရကာ နှစ်တစ်ထောင် ကျားဝိညာဉ်အပေါ်တွင်ပင် မရိုးသားသော အတွေးများ ဝင်ရောက်လာချေသည်။
“နှစ်တစ်ထောင် ကျားဝိညာဉ်သည် ချန်ကျိုး၏ ယဉ်ပါးအောင် လုပ်ဆောင်မှုအောက်တွင် ဤမျှအထိ လိမ်မာနေမှတော့ ငါလည်း ဒီကျားဝိညာဉ်ကို စီးပြီး နေရာအနှံ့ သွားလို့ရနိုင်မလား” ဟု သူက တွေးတောမိသည်။
လီချင်ရှန်းသည် ချန်ကျိုး၏ အခန်းငယ်လေးဘက်သို့ ကြည့်လိုက်ရာ အခန်းထဲတွင် မီးမှိတ်သွားပြီဖြစ်သဖြင့် အိပ်ပျော်သွားပြီမှန်း သိလိုက်ရသည်။
လီချင်ရှန်းသည် နှစ်တစ်ထောင် ကျားဝိညာဉ်အနားသို့ တိတ်တဆိတ် ချဉ်းကပ်သွားပြီး လက်တစ်ဖက်ကို သတိကြီးစွာဖြင့် ဆန့်ထုတ်ကာ နှစ်တစ်ထောင် ကျားဝိညာဉ်၏ အမွှေးအမျှင်များကို ကိုင်တွယ်ရန် ပြင်ဆင်လိုက်သည်။
“ဝူး”
နှစ်တစ်ထောင် ကျားဝိညာဉ်သည် စိတ်မရှည်စွာဖြင့် ဟိန်းဟောက်လိုက်ရာ လေပြင်းကြောင့် လီချင်ရှန်း၏ အဝတ်အစားများနှင့် ဆံပင်များ အနောက်ဘက်သို့ လွင့်ပျံသွားချေသည်။
လီချင်ရှန်းတစ်ယောက် ထိတ်လန့်တုန်လှုပ်ပြီး ကြောင်အမ်းသွားရသည်။
“လိမ်မာပါတယ်ဆိုတာ ဘယ်ရောက်သွားတာလဲ”
ချန်ကျိုး၏ အခန်းငယ်လေးထဲမှ ဟွမ်ရှောင်မော့က ခေါင်းလေးပြူ၍ ပြောလိုက်သည်။
"ကြောင်ကြီး မင်းရူးနေတာလား ချန်ကျိုး အိပ်တော့မယ်လေ"
ဆဲဆိုပြီးနောက် ဟွမ်ရှောင်မော့က ခေါင်းကို ပြန်ရုပ်သိမ်းလိုက်သည်။
နှစ်တစ်ထောင် ကျားဝိညာဉ်သည် အဆူခံလိုက်ရသဖြင့် ခေါင်းကို ခါယမ်းကာ လီချင်ရှန်းကို ကြည့်လျက် အစွယ်တပြူးပြူးဖြင့် ငြိမ်သက်သွားတော့သည်။
လီချင်ရှန်း၏ ခြေထောက်နှစ်ဖက်သည် လန့်သွား၍လား သို့မဟုတ် ပြေးရသဖြင့် မောသွား၍လား မသိရဘဲ ဆန်ခါချသကဲ့သို့ တုန်ရီနေသဖြင့် နံရံကို တွဲမှီလျက် ရုံးအဆောက်အအုံကြီးထဲသို့ လျှောက်လှမ်းသွားရရှာသည်။
ချန်ကျိုး အိပ်ပျော်သွားသည့်အချိန်တွင် မိုးကုပ်စက်ဝိုင်း၌ အလင်းတန်းလေးတစ်ခု သန်းနေချေပြီ။
တစ်ရေးနိုးချိန်တွင် နံနက် ဆယ်နာရီ ရှိနေပြီဖြစ်ပြီး အပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်နေကာ ပြတင်းပေါက်မှတစ်ဆင့် သူနာပြုမလေးများ အပြေးအလွှား သွားလာနေသည့် ပုံရိပ်များနှင့် အချင်းချင်း စကားပြောဆိုသံများကို ကြားနေရသည်။
"ဆေးရုံအုပ်ကြီးကပြောတယ် သေချာထပ်စစ်ဆေးပါဦး နေရာလွတ် တစ်ခုမှ မကျန်စေနဲ့"
"ရှောင်းလျို မင်းဘက်မှာ အဆင်ပြေပြီလား အဆင်ပြေရင် ငါ့ကို ကူညီပါဦး ငါ တံခါးဝကို သွားပြီး ငါ့မိဘတွေကို သွားကြိုရဦးမယ်"
"ဒါ ဘယ်သူ့လူနာလဲ တံခါးမကြီးအထိ ရောက်နေပြီ ဘယ်သူမှ မကြည့်ကြဘူးလား"
ချန်ကျိုးသည် ထရပ်ကာ မျက်ချေးများ ကပ်ငြိနေသော မျက်ခွံကို ပွတ်သပ်လျက် မျက်လုံးကို အနည်းငယ် ဖွင့်ပြီး တံခါးဝတွင် ရပ်ကာ ခြံဝင်းထဲ၌ အလုပ်ရှုပ်နေကြသော သူနာပြုများကို လှမ်းကြည့်လိုက်သည်။
သရဲပွဲတော်နေ့ကို ချန်ကျိုးတစ်ယောက် နှစ်ကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ဖူးသော်လည်း သူ၏စိတ်ထဲတွင် မည်သည့်မှတ်ဉာဏ်မျှ မရှိချေ။ သတိရသလောက်ဆိုလျှင် သရဲပွဲတော်နေ့ ရောက်တိုင်း အားယွမ်မျောက်ကလေးက သူ့ကို ဆေးတစ်ချက် ထိုးပေးလေ့ရှိပြီး သူ ပြန်နိုးလာသည့်အချိန်တွင် သရဲပွဲတော်နေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
သရဲပွဲတော်နေ့နှင့် ပတ်သက်၍ သူသည် ရောဂါအခြေအနေ ပေါ့ပါးသော လူနာအချို့ထံမှ မည်မျှအထိ ကြောက်စရာကောင်းကြောင်း ကြားဖူးရုံသာ ရှိပြီး တစ်ခါမျှ အစစ်အမှန် မမြင်ဖူးချေ။
“တောက်”
ဒီနှစ်တော့ သူသည် အားယွမ်မျောက်ကလေးကို အဆုံးထိ တိုက်ခိုက်သွားမည် ဖြစ်သည်။
မလှမ်းမကမ်းတွင် လီချင်ရှန်းသည် ကလေးတစ်ယောက်ကို ပွေ့ချီထားပြီး သူနှင့်အတူ လူ ခုနစ်ယောက် ရှစ်ယောက်ခန့် ပါရှိကာ အမျိုးသား၊ အမျိုးသမီး၊ လူကြီး၊ လူငယ် စုံလင်လှလျက် စကားပြောကာ ရယ်မောနေကြပြီး ပျော်ရွှင်စရာ ကောင်းနေချေသည်။
လီချန်းရှန်းသည် ချန်ကျိုး နိုးလာသည်ကို မမြင်သောအခါ လူစုကို ဦးဆောင်၍ ချန်ကျိုးအရှေ့သို့ လာခဲ့သည်။
"ဆရာကြီးချန် နိုးပြီလား"
လီချင်ရှန်းက တစ်ယောက်ချင်းစီ မိတ်ဆက်ပေးသည်။
"ဆရာကြီးချန် ဒါက ကျွန်တော့်ရဲ့ မြေးမလေး ဆုဆု၊ ဒါက ကျွန်တော့် ညီမ လီချင်းမေ၊ ဒါက ကျွန်တော့် ယောက်ဖ ကျန်းခို့၊ ဒါက ကျွန်တော့် ဇနီး ဝမ်အိုက်မေ၊ ဒါက ကျွန်တော့် သား လီယောင်ဟွေး၊ ဒါက ကျွန်တော့် ဝမ်းကွဲ အစ်ကို"
ချန်ကျိုးသည် လီချင်ရှန်း၏ ရင်ခွင်ထဲမှ မြေးမလေးအနားသို့ ကပ်သွားသည်။
"ဒီလိပ်ပေါက်လေးက ကြည့်ရတာ တော်တော်လေး ချစ်စရာကောင်းသားပဲ၊ လက်ထဲမှာ ကိုင်ထားတာ ဘာလဲ၊ ငါ့ကို ပြစမ်း"
မြေးမလေး သတိမထားမိခင်မှာပင် လက်ထဲရှိ ကြံသကာလုံးကို ချန်ကျိုးက ဆွဲယူသွားပြီး မိမိ၏ ပါးစပ်ထဲသို့ ထည့်လိုက်ချေသည်။
“ဝါး”
ချန်ကျိုးသည် ကြံသကာလုံးကို စုပ်ယူရင်း ထိုလူများကို အကဲခတ်နေရာ ထိုလူများသည် မိမိတို့ ယူဆောင်လာသော ပစ္စည်းများကို ချန်ကျိုးက ထပ်မံ လုယူမည်ကို စိုးရိမ်သဖြင့် မသိမသာ ဝှက်ထားကြချေသည်။
လီချင်ရှန်းသည် ထိုအခြေအနေကို မြင်သောအခါ ဟန်ဆောင်ပြုံးလိုက်သည်။
"အဲဒါ ဆရာကြီးချန်၊ ကျွန်တော် ကျွန်တော့် မိသားစုကို အရင်ခေါ်သွားပြီး နေရာချထားလိုက်ဦးမယ်"
"သွား သွား သွား၊ ငါ့မျက်စိရှေ့မှာ လာမရှုပ်နဲ့"
ချန်ကျိုးက ဝင့်ကြွားစွာဖြင့် တစ်ချက် ကြည့်လိုက်သည်။
သူတို့ ဝေးကွာသွားမှ ပြောချေသည်။
"လိပ်ခွံကြီးထဲမှာ လိပ်ခွံသေး စွပ်ထားတာ၊ အကုန်လုံး လိပ်ရုပ်ပေါက်နေတာပဲ"
ချန်ကျိုးသည် မွေးရာပါ သူစိမ်းများကို တွန်းကန်လိုသော စိတ်ရှိသဖြင့် သူ့ထံ ချဉ်းကပ်ရန် ကြံစည်သူ မှန်သမျှသည် သူ့ကို ဒုက္ခပေးမည့်သူများဟု ထင်မှတ်နေတတ်သည်။
ချန်ကျိုးသည် လေလွင့်သော ခြေလှမ်းများဖြင့် အခန်းငယ်လေးထဲသို့ ပြန်လျှောက်သွားသည်။
ချန်ကျိုးသည် အခန်းငယ်လေး၏ ပြတင်းပေါက်အရှေ့တွင် ရပ်ကာ ဆေးရုံအတွင်းရှိ လှုပ်ရှားမှု မှန်သမျှကို စိုက်ကြည့်နေမိသည်။ သူနာပြု အတော်များများက မိသားစုဝင်များကို ဆေးရုံသို့ ခေါ်ဆောင်လာကြရာ သူ့ကို လာရောက် ဒုက္ခပေးရန် ဖြစ်နေမလားဟု တွေးမိသည်။
အားယွမ်မျောက်ကလေးကလည်း လူအများအပြားကို ခေါ်လာခဲ့ပြီး ထိုလူများကို သူတစ်ခါမျှ မမြင်ဖူးချေ။
“မဟန်ဘူး၊ တကယ့်ကို မဟန်ဘူး၊ အားယွမ်မျောက်ကလေးက ဘာလို့ သူ့ဘက်ကို လှည့်ကြည့်နေတာလဲ”
ချန်ကျိုးသည် မျက်လုံးကို မှေးကာ နှုတ်ခမ်းကို စူလျက် အားယွမ်မျောက်ကလေး၏ လှုပ်ရှားမှု မှန်သမျှကို မလွတ်တမ်း စိုက်ကြည့်နေမိသည်။
ဟွမ်ရှောင်မော့သည် ချန်ကျိုး၏ စိုးရိမ်ပူပန်မှုကို ရိပ်မိပုံရသဖြင့် ရှင်းပြလေသည်။
"အဲဒါတွေက အားယွမ်ရဲ့ မိသားစုဝင်တွေလေ၊ ဒီနေ့ လာတဲ့လူတွေ အကုန်လုံးက ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေရဲ့ မိသားစုဝင်တွေချည်းပဲ၊ ဆေးရုံထဲမှာ မင်းဆွဲထားတဲ့ အဆောင်တွေ အပြည့်ကပ်ထားတော့၊ ဆေးရုံက ဝိညာဉ်ချုပ်ထိန်းရေးဌာနထက် ပိုပြီး လုံခြုံတယ်လို့ လူတိုင်းက ထင်ကြတယ်၊ အဲဒါကြောင့် သရဲပွဲတော်နေ့ကို ရှောင်ဖို့ မိသားစုဝင်တွေကို ခေါ်လာကြတာ"
"မိသားစုဝင် ဟုတ်လား"
ချန်ကျိုးက ခေါင်းကို စောင်းလျက် မထီမဲ့မြင် ပြောချေသည်။
"မိုက်မဲတဲ့ လူသားတွေက သံယောဇဉ်ကို အလေးထားတတ်ကြတယ်၊ မိသားစုဝင်ဆိုတာ အကြီးမားဆုံး ဝန်ထုပ်ဝန်ပိုးပဲ၊ မိုက်မဲတဲ့ လူသားတွေ တိုးတက်မှု မရှိတာက မိသားစုဝင်တွေကြောင့် အဓိက ဖြစ်တယ်၊ ငါနဲ့ သုန်းသုန်းချီလို လူမျိုးကတော့ ဝန်ထုပ်ဝန်ပိုးတွေရဲ့ တားဆီးမှုကို မခံရဘူး၊ ဂြိုဟ်ပေါ်မှာ အသန်မာဆုံး သုန်းသုန်းယောင်အနေနဲ့ အထွတ်အထိပ် ဂုဏ်ဒြပ်တစ်ခုပဲ လိုအပ်တယ်"
ပြောပြီးသည်နှင့် ချန်ကျိုးသည် ကျိုးအိုက်ကော်က ကားမောင်းပြီး မိမိ၏ မိသားစုဝင်များကို ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံသို့ ပို့ဆောင်ပေးနေသည်ကို မြင်လိုက်ရသည်။
ကျိုးအိုက်ကော်တွင် အရေးကြီးသော ကိစ္စများ ရှိနေသဖြင့် မိသားစုဝင်များကို လီချင်ရှန်းထံ၌သာ အပ်နှံစောင့်ရှောက်ခိုင်းရသည်။
မထွက်ခွာမီ ကျိုးအိုက်ကော်သည် ချန်ကျိုး၏ အခန်းငယ်လေးအရှေ့သို့ လာခဲ့ပြီး ချန်ကျိုးကို နှုတ်ဆက်ချင်နေသေးသည်။
ချန်ကျိုးသည် မည်သည့်စကားမျှ မဆိုဘဲ အခန်းထဲသို့ လှည့်ဝင်ကာ အခန်းတံခါးကို အသေပိတ်လိုက်သဖြင့် ကျိုးအိုက်ကော်သည် ပြတင်းပေါက်မှတစ်ဆင့်သာ ချန်ကျိုးကို စကားလှမ်းပြောရရှာသည်။
"သုန်းသုန်းယောင်၊ ဒီနှစ်ရက်က သရဲပွဲတော်နေ့ဆိုတော့ အလုပ်ရှုပ်နေလို့၊ သရဲပွဲတော်နေ့ ပြီးသွားရင် ငါ မင်းအတွက် စားစရာကောင်းတာတွေ ယူပြီး လာရှာမယ်၊ သုန်းသုန်းချီက သုန်းသုန်းယောင်ကို အမြဲတမ်း စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားပါတယ်"
ချန်ကျိုးက နှုတ်ခမ်းစူလိုက်သည်။
"မင်းက မိုက်မဲတဲ့ ကမ္ဘာမြေသားတွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီ၊ ဂြိုဟ်က မင်းကို အရှက်တရားအဖြစ် သတ်မှတ်လိမ့်မယ်၊ ငါက မင်းနဲ့ အတူတကွ တိုက်ပွဲဝင်မယ့် ရဲဘော် မဟုတ်တော့ဘူး၊ မင်းကို တရားဝင် အကြောင်းကြားလိုက်မယ်၊ မင်းကို ဂြိုဟ်က ကမ္ဘာမြေပေါ်မှာ စွန့်ပစ်လိုက်ပြီ၊ ငါတို့ရဲ့ တောက်ပတဲ့ ဂြိုဟ်ကြီးကို ငါတစ်ဦးတည်း စောင့်ရှောက်သွားမယ်"
ပြောပြီးနောက် ချန်ကျိုးသည် ကျောခိုင်းလိုက်ပြီး ကျိုးအိုက်ကော်ကို လုံးဝ ဂရုမစိုက်တော့ချေ။
ကျိုးအိုက်ကော်သည် ချန်ကျိုး ဤကဲ့သို့ ပြောလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားသဖြင့် ကူညီပေးရန် ဟွမ်ရှောင်မော့ကို မျက်လုံးဖြင့် အကူအညီ တောင်းခံလေသည်။
ဟွမ်ရှောင်မော့က ပုခုံးတွန့်ပြကာ မတတ်နိုင်ကြောင်း ပြသလိုက်သည်။
ကျိုးအိုက်ကော်သည် စကားအနည်းငယ် ထပ်မံပြောဆိုပြီးနောက် ရဲစခန်းမှ ဖုန်းဆက်ခေါ်သဖြင့် ထွက်ခွာသွားတော့သည်။
ဟွမ်ရှောင်မော့သည် ပြတင်းပေါက်ခုံပေါ်တွင် ရပ်ကာ အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ စိတ်ကျန်းမာရေး ဝေဒနာရှင်များ၏ မိသားစုဝင် အမြောက်အမြား လာရောက် ကြည့်ရှုနေကြပြီး အချို့လူနာများကို အိမ်သို့ တိုက်ရိုက် ခေါ်ဆောင်သွားကြကာ အချို့မိသားစုဝင်များကမူ ပစ္စည်းများ လာရောက် ပို့ဆောင်ပေးကြချေသည်။
လှည့်ကြည့်လိုက်သောအခါ ချန်ကျိုးသည် ကုတင်ပေါ်တွင် တစ်ဦးတည်း ပျင်းရိငြီးငွေ့စွာ ထိုင်နေသည်ကို တွေ့ရသည်။
ချန်ကျိုးတွင် မိသားစုဝင် မရှိချေ။ အကယ်၍ သူ့တွင် ဤကဲ့သို့ စွမ်းဆောင်ရည်မျိုး မရှိပါက သုန်းသုန်းချီ၊ လော့ယွီမင်၊ ကျန်းယိုယို ဆိုသူများကို သိရှိလိမ့်မည် မဟုတ်ချေ။
သရက်သီးက မည်သည့်အရသာ ရှိမှန်းပင် သိလိမ့်မည် မဟုတ်သလို ခရမ်ကိတ်မုန့်ပေါ်က အမွှေးအမျှင်က မည်သည့်အမွှေးနံ့ ဖြစ်မှန်းလည်း သိလိမ့်မည် မဟုတ်ချေ။ ရေတွက်၍ မရနိုင်သော ပိုက်ဆံများက မည်မျှအထိ များပြားမှန်းလည်း သိလိမ့်မည် မဟုတ်ချေ။
ဟွမ်ရှောင်မော့သည် နှုတ်ခမ်းကို စူလိုက်မိပြီး ချန်ကျိုး၏ အာရုံကို မည်သို့ လွှဲပြောင်းရမည်မှန်း မသိ ဖြစ်နေရှာသည်။
ကုတင်ပေါ်ရှိ ချန်ကျိုးသည် တွေးမိလေလေ ပို၍ စိတ်ဆိုးလေလေ ဖြစ်လာသည်။
သူက သုန်းသုန်းချီကို ရဲဘော်အဖြစ် သတ်မှတ်ထားသော်လည်း ရလဒ်အနေဖြင့် သုန်းသုန်းချီက သံယောဇဉ်နောက်သို့ လိုက်ကာ ကမ္ဘာမြေပေါ်တွင် မိသားစုအမြောက်အမြား တည်ဆောက်ထားချေပြီ။
“မိုက်မဲတယ်၊ အကုန်လုံး မိုက်မဲကြတယ်”
“သုန်းသုန်းချီလည်း မိုက်မဲတယ်၊ လီချင်ရှန်းလည်း မိုက်မဲတယ်၊ ကျန်းယိုယိုလည်း မိုက်မဲတယ်၊ ဓားပြဗိုလ်ကြီးလည်း ပိုပြီး မိုက်မဲတယ်”
ချန်ကျိုးသည် ဗီရိုထောင့်မှ ဖိနပ်အကြီးစားကြီးကို ရှာဖွေထုတ်ယူလိုက်ပြီး ဌာနချုပ်၏ ဆက်သွယ်ရေး နံပါတ်ကို နှိပ်လိုက်သည်။
"ဂြိုဟ်ပေါ်မှာ အသန်မာဆုံး စစ်သည်တော် သုန်းသုန်းယောင်က ခေါ်ဆိုနေပါတယ်၊ ဌာနချုပ်နဲ့ ချိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ်၊ ဂြိုဟ်ပေါ်မှာ အသန်မာဆုံး စစ်သည်တော် သုန်းသုန်းယောင်က ခေါ်ဆိုနေပါတယ်၊ ဌာနချုပ်နဲ့ ချိတ်ဆက်ပေးဖို့ တောင်းဆိုပါတယ်”
“သုန်းသုန်းယောင်က သုန်းသုန်းချီဟာ မိုက်မဲတဲ့ လူသားတွေရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရပြီး ကမ္ဘာမြေကြီးပေါ်မှာ မိသားစု တည်ဆောက်ထားတာကို တွေ့ရှိရပါတယ်၊ သုန်းသုန်းယောင်က သုန်းသုန်းချီကို အသုံးပြုခြင်း မပြုဖို့ ဌာနချုပ်ကို တောင်းဆိုပါတယ်၊ အိုး..အိုး"
[စနစ် : ဌာနချုပ်က သုန်းသုန်းယောင်ရဲ့ အမိန့်ကို လက်ခံရရှိပါပြီ၊ ဌာနချုပ်က သုန်းသုန်းချီ သစ္စာဖောက်၊ မဖောက်ဆိုတာကို အမြန်ဆုံး စစ်ဆေးသွားမှာ ဖြစ်ပါတယ်၊ သုန်းသုန်းယောင်အနေနဲ့ ဂြိုဟ်ရဲ့ အမွန်မြတ်ဆုံး မစ်ရှင်ကို ဆက်လက် လုပ်ဆောင်ပေးပါ၊ အိုး အိုး]
"သုန်းသုန်းယောင် နားလည်ပါပြီ၊ အိုး အိုး"
ချန်ကျိုးသည် စိတ်လှုပ်ရှားစွာဖြင့် ဖုန်းကို ချလိုက်ပြီး နှစ်မိနစ်ခန့် ငြိမ်သက်သွားကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်တော့သည်။
"ငါ ဝိညာဉ်တံခါးကို သွားကြည့်မယ်"