← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

Chapter 84

[စနစ် ...]

[စနစ် ... မင်း သွားသေလိုက်စမ်း၊ မင်းက ဝိညာဉ်တံခါးကို သွားကြည့်ဦးမလို့လား၊ သရဲက မင်းကို ကိုက်ခေါ်သွားရင်တောင် ဒီစနစ်က လုံးဝ လှည့်ကြည့်မှာ မဟုတ်ဘူး]

"ခွေးကောင်၊ အရူးကောင်၊ ဖယ်စမ်း၊ ဒီဆရာကြီးက ဂြိုဟ်ပေါ်မှာ အစွမ်းအထက်ဆုံး စစ်သည်တော်ပဲ၊ မင်း ဆရာလုပ်စရာ မလိုဘူး"

ချန်ကျိုးသည် မျောက်ကြီးတစ်ကောင်ကဲ့သို့ ခြေဟန်လက်ဟန် ပြုလုပ်လျက် အော်ဟစ်နေချေသည်။

ဟွမ်ရှောင်မော့သည် ပြတင်းပေါက်ခုံပေါ်တွင် ခြေထောက်နှစ်ဖက်ဖြင့် ရပ်ကာ မျက်လုံးအစုံကို မှိတ်တုတ်မှိတ်တုတ် လုပ်ရင်း မေးလိုက်သည်။

"ချန်ကျိုး၊ မင်း ဘယ်သူနဲ့ စကားပြောနေတာလဲ"

ချန်ကျိုးသည် ကြောင်တောင်တောင် ဖြစ်သွားပြီး ပြောချေသည်။

"ငါက ... ဝိညာဉ်တံခါးနဲ့ စကားပြောနေတာ၊ ငါ ဝိညာဉ်တံခါးကို သွားပြီး အားပြင်းပြင်း ထုရိုက်ပစ်မယ်"

[စနစ် ...]

ဟွမ်ရှောင်မော့သည် ထိတ်လန့်သွားပြီး ပြောသည်။

"ချန်ကျိုး၊ ဒီစကားကို လျှောက်မပြောနဲ့၊ ဝိညာဉ်တံခါးဆိုတာ နောက်ပြောင်ရမယ့်အရာ မဟုတ်ဘူး၊ သရဲပွဲတော်နေ့မှာ ဝိညာဉ်တံခါးပွင့်လာရင် သရဲမိစ္ဆာတွေ အမြောက်အမြား ဝိညာဉ်တံခါးထဲကနေ ထွက်လာကြလိမ့်မယ်၊ အဲဒီအထဲမှာ အားကောင်းတဲ့သူတွေလည်း အများကြီး ပါတယ်"

ဟွမ်ရှောင်မော့သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး ချန်ကျိုးကို ခိုးကြည့်ကာ ပြောချေသည်။

"ဟုတ်တယ်၊ မင်းက ဆရာကြီးပဲ၊ မင်းက ဆရာကြီးဆိုတာ လူတိုင်း သိကြပါတယ်၊ ဒါပေမဲ့ လက်နှစ်ဖက်က လက်သီးလေးခုကို မယှဉ်နိုင်ဘူးလေ၊ ဝိညာဉ်ကမ္ဘာက ထွက်လာမယ့် သရဲမိစ္ဆာတွေက အမြောက်အမြားပဲမို့ တကယ်ကို သွားလို့မဖြစ်ဘူး"

ချန်ကျိုးသည် လုံးဝ ဂရုမစိုက်ဘဲ မျှော်လင့်ချက် ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြတင်းပေါက်အပြင်ဘက်က ကောင်းကင်ယံကို လှမ်းကြည့်ကာ ဆိုချေသည်။

"ငါ ဒီဂြိုဟ်ကြီးကို မရောက်ခင် အချိန်တွေကို တကယ် လွမ်းမိတယ်၊ အနှစ်ငါးရာ ရှိခဲ့ပြီ၊ ငါ အနှစ်ငါးရာတိုင်တိုင် ရွှေဝါရောင် သံချပ်ကာအင်္ကျီကို မဝတ်ဆင်ခဲ့ရသလို စစ်တလင်းပေါ်မှာလည်း တိုက်ပွဲမဝင်ခဲ့ရဘူး၊ ငါ့ရဲ့ ကျင့်စဉ်လမ်းကို ပိုပြီး ထက်မြက်လာစေဖို့ အစစ်အမှန် စွမ်းအားရှင်တွေ လိုအပ်တယ်၊ လောကရဲ့ သူရဲကောင်းတွေက ငါ့အနားကနေ ပေါ်ထွက်လာကြလိမ့်မယ်၊ ဒီနေ့ဟာ ငါ့ရဲ့ ဉာဏ်အလင်းရမယ့်နေ့ပဲ"

ဟွမ်ရှောင်မော့သည် မိမိ၏ လက်သည်းငယ်လေးဖြင့် နဖူးကို အားကိုးရာမဲ့စွာ ထိန်းကိုင်လိုက်မိသည်။

“အာ ... အသက်ဝင်ပြီး ရူးပြန်နေပြန်ပြီလား”

“ဘယ်အချိန်မှ မရူးဘဲ ဒီအချိန်မှ လာရူးနေရတာလဲ”

“အားယွမ်ကို ရှာပြီး ချန်ကျိုးကို ဆေးကြိုထိုးခိုင်းရမလား”

ဟွမ်ရှောင်မော့သည် မျက်လုံးကို ကစားရင်း ဝေခွဲမရ ဖြစ်နေချေသည်။

ယခုအချိန်သည် အတိတ်ကဲ့သို့ မဟုတ်တော့ချေ။ ချန်ကျိုးသည် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ၏ ရောဂါပြင်းထန်သော လူနာစာရင်းတွင် မပါဝင်တော့ဘဲ လီချင်ရှန်းကမူ ယနေ့ညတွင် ချန်ကျိုးက လူတိုင်းကို စောင့်ရှောက်ပေးလိမ့်မည်ဟုပင် မျှော်လင့်နေချေသည်။

ဆရာကြီးအဖြစ် သရုပ်ဆောင်ပြီး သက်ပြင်းချလိုက်ပြီးနောက် ချန်ကျိုးသည် ပုံမှန်အတိုင်း ပြန်လည် ပေါ့ပါးသွားကာ လမ်းလျှောက်နေသော သူစိမ်းများကို လက်ညှိုးထိုးလျက် စည်းမဲ့ကမ်းမဲ့ ပြောဆိုတော့သည်။

"ဟို လူဝကြီးက ငါ့ခြေအိတ်ကို ခိုးထားတာ၊ အခုတော့ အဝတ်အစားအသစ်တွေ ဝတ်ပြီး အရူးတစ်ယောက်လို ပျော်နေလိုက်တာ၊ ကြည့်ရတာ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်ဖို့ကောင်းတယ်"

"ကြောင်ကလေး၊ မင်း မြန်မြန်ကြည့်ဦး၊ ဟိုလူက ကြွက်တစ်ကောင်နဲ့ မတူဘူးလား၊ ဟေးဟေး၊ သေချာပေါက် လူကောင်း မဟုတ်ဘူး၊ မင်း သွားပြီး သူ့ကို ဖမ်းလာခဲ့ပါလား"

"လီချင်ရှန်းဆိုတဲ့ မိုက်မဲတဲ့ လူသားကတော့ ပိုပြီး ဝင့်ကြွားလာတယ်"

ထိုသို့ ပြောဆိုနေစဉ် စိတ်ကျန်းမာရေးဆေးရုံ တံခါးအပြင်ဘက်မှ ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ကင်းလှည့်ကားမှ လော်စပီကာဖြင့် ကြေညာသံ ထွက်ပေါ်လာသည်။

"အထက်လူကြီးများ၏ အကြောင်းကြားချက်အရ ယနေ့ သရဲပွဲတော်နေ့တွင် ဝိညာဉ်တံခါး ပွင့်မည့်အချိန်သည် ကြိုတင် စောနိုင်ပါသဖြင့် သက်ဆိုင်ခြင်းမရှိသောသူများ မွန်းလွဲ သုံးနာရီနောက်ပိုင်း အပြင်သို့ မထွက်ကြရန် တားမြစ်အပ်ပါသည်”

“သင်နှင့် သင့်မိသားစုဝင်များ၏ လုံခြုံရေးအတွက် သုံးနာရီမတိုင်မီ တံခါးနှင့် ပြတင်းပေါက်များကို သေချာစွာ ပိတ်ထားပြီး ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားကြပါရန်၊ အရေးပေါ် အခြေအနေ ကြုံတွေ့ရပါက ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ အကူအညီတောင်းခံရန် ဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်"

"အထက်လူကြီးများ၏ အကြောင်းကြားချက်အရ ယနေ့ သရဲပွဲတော်နေ့တွင် ဝိညာဉ်တံခါး ပွင့်မည့်အချိန်သည် ကြိုတင် စောနိုင်ပါသဖြင့် သက်ဆိုင်ခြင်းမရှိသောသူများ မွန်းလွဲ သုံးနာရီနောက်ပိုင်း အပြင်သို့ မထွက်ကြရန် တားမြစ်အပ်ပါသည်”

“သင်နှင့် သင့်မိသားစုဝင်များ၏ လုံခြုံရေးအတွက် သုံးနာရီမတိုင်မီ တံခါးနှင့် ပြတင်းပေါက်များကို သေချာစွာ ပိတ်ထားပြီး ကာကွယ်ရေး အစီအမံများ ပြုလုပ်ထားကြပါရန်၊ အရေးပေါ် အခြေအနေ ကြုံတွေ့ရပါက ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ အကူအညီတောင်းခံရန် ဖုန်းနံပါတ်သို့ ဆက်သွယ်နိုင်ပါသည်"

လူတိုင်းသည် သရဲပွဲတော်နေ့အတွက် ပြင်ဆင်နေကြသဖြင့် မည်သူမျှ ချန်ကျိုးကို ဂရုမစိုက်ကြချေ။ ချန်ကျိုးသည် ဟွမ်ရှောင်မော့နှင့်အတူ အာထရာမန်း ကစားနည်းကို ခဏမျှ ကစားလိုက်ပြီး ခြံဝင်းထဲတွင် လိပ်ပြာအဖြစ် ဟန်ဆောင်ကာ ခဏမျှ ပျံသန်းကြည့်သော်လည်း နောက်ဆုံးတွင် ပျင်းစရာကောင်းလှသဖြင့် ရပ်တန့်လိုက်ရချေသည်။

အချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး သုံးနာရီ ထိုးသောအခါ မူလက ကြည်လင်နေသော ကောင်းကင်ယံတွင် မည်းမှောင်သော တိမ်တိုက်များ စုစည်းလာပြီး ထူထဲသော အလွှာတစ်ခုအဖြစ် ပြောင်းလဲသွားကာ နေရောင်ခြည် တစ်ပေါက်မျှ မဝင်ရောက်နိုင်တော့ချေ။

ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝ မှောင်မိုက်သွားတော့သည်။

ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံအတွင်းရှိ ဝန်ထမ်းအားလုံးသည် ယနေ့ညတွင် ဘေးကင်းစွာ ဖြတ်ကျော်နိုင်စေရန်အတွက် စစ်ဆေးမှု အမျိုးမျိုးကို အဆက်မပြတ် ပြုလုပ်နေကြသည်။

လေးနာရီ ထိုးသောအခါ လေပြင်းများ တိုက်ခတ်လာပြီး ပူပြင်းလှသော နွေရာသီတွင်ပင် ခဏတာ အေးစိမ့်မှုကို ခံစားလိုက်ရသဖြင့် လူတိုင်း ဝတ်ရုံရှည်များကို ဝတ်ဆင်ကြရသည်။

ငါးနာရီ ထိုးသောအခါ ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံ အပြင်ဘက်သို့ ရင်းနှီးနေသော သရဲမိစ္ဆာတစ်စု ရောက်ရှိလာကြသည်။

၎င်းတို့သည် ပြီးခဲ့သည့်ရက်က ဝိညာဉ်နယ်မြေအတွင်း လီချင်ရှန်းတို့နှင့် အပြင်းအထန် တိုက်ခိုက်ခဲ့ကြသည့် အလှပြင်သရဲမနှင့် အခြားသရဲမိစ္ဆာများ ဖြစ်ကြသည်။

ဝန်ထမ်းများက ၎င်းတို့ကို တွေ့ရှိသွားသဖြင့် လီချင်ရှန်းထံသို့ အမြန် အစီရင်ခံလိုက်ကြသည်။

လီချင်ရှန်းသည် ဆေးရုံတံခါးဝသို့ လျင်မြန်စွာ ရောက်ရှိလာပြီး ၎င်းတို့နှင့် ရင်ဆိုင်လိုက်သည်။

အလှပြင်သရဲမက ပြောသည်။

"ဆေးရုံအုပ်လီ၊ ဆရာကြီးချန် ရှိလား၊ ဒီနေ့ညက သရဲပွဲတော်နေ့မို့လို့ ကျွန်မတို့ ဆရာကြီးချန်ဆီမှာ လာပြီး ခိုလှုံချင်လို့ပါ၊ တစ်ချိန်တည်းမှာပဲ ကျွန်မတို့ ရှင်တို့ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်"

အလှပြင်သရဲမသည် မူလက တည်ငြိမ်မှုမရှိသော အမူအရာများကို ဖျောက်ဖျက်ကာ စစ်မှန်စွာ ပြောဆိုနေချေသည်။

၎င်းတို့တွင် အခြားရွေးချယ်စရာ မရှိချေ။ သရဲပွဲတော်နေ့ဆိုသည်မှာ သရဲမိစ္ဆာများအတွက် လူသားတို့၏ နှစ်သစ်ကူးပွဲတော်နှင့် ဆင်တူပေသည်။

သို့သော် ဤကဲ့သို့သော နှစ်သစ်ကူးသည် ဝိညာဉ်ကမ္ဘာမှ လာရောက်ကြသည့် သရဲမိစ္ဆာများအတွက်သာ ဖြစ်ပြီး လူ့လောကတွင် ရှိနေသော သရဲမိစ္ဆာများမှာမူ မည်သည့်ဘက်မှ ကာကွယ်ပေးခြင်းကိုမျှ မခံရချေ။ အချင်းချင်း ဝါးမြိုပြီး စွမ်းအင်များကို စုပ်ယူခြင်းက ပုံမှန်ကိစ္စတစ်ခု ဖြစ်သည်။

အထူးသဖြင့် သရဲပွဲတော်နေ့တွင် ဝိညာဉ်တံခါး ပွင့်လာပါက ဝိညာဉ်ကမ္ဘာမှ လာသော သရဲမိစ္ဆာများသည် လူသား စွမ်းအားရှင်များကို မယှဉ်နိုင်သောအခါ လူ့လောကတွင် လေလွင့်နေသော သရဲမိစ္ဆာများကိုသာ ပစ်မှတ်ထားတတ်ကြချေသည်။

လီချင်ရှန်းသည် ထိုသရဲမိစ္ဆာများနှင့် ဆုံတွေ့ဖူးသော်လည်း တစ်ဖက်လူက အစစ်အမှန် ခိုလှုံရန် လာခြင်း ဟုတ်၊ မဟုတ်ကို မသေချာသဖြင့် ဝေခွဲမရ ဖြစ်နေကာ ဆိုသည်။

"ငါတို့ စိတ်ကျန်းမာရေးဆေးရုံထဲမှာ ရှိတဲ့လူတွေက အကာအကွယ်ကို စောင့်ဆိုင်းနေရတဲ့ သာမန်လူတွေချည်းပဲ၊ အကယ်၍ မင်းတို့ကို ပေးဝင်လိုက်လို့ မင်းတို့ တစ်ခုခု လုပ်ချင်တယ်ဆိုရင် ငါတို့မှာ ပြန်လည် ခုခံနိုင်စွမ်း လုံးဝ မရှိဘူး"

ကြိုးဆွဲချသရဲက ပြောချေသည်။

"ဆေးရုံအုပ်လီ၊ မင်း အဆောက်အအုံတစ်ခုလုံးကို ဆရာကြီးချန်ရဲ့ အဆောင်တွေ ကပ်ထားတာပဲ၊ ကျွန်တော်တို့ အဆောက်အအုံထဲကို မဝင်ပါဘူး၊ ကျွန်တော်တို့ အပြင်ဘက်မှာပဲ နေပါမယ်၊ ဒါ့အပြင် ဆရာကြီးချန် ကိုယ်တိုင် ရှိနေတာပဲ မဟုတ်လား၊ ကျွန်တော်တို့မှာ ဘယ်လောက်ပဲ သတ္တိရှိရှိ ဆရာကြီးချန်ရဲ့ နယ်မြေထဲမှာ လာပြီး ပြဿနာရှာရဲပါ့မလား"

မတရားသေဆုံးရသည့်သရဲက ဆိုသည်။

"အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ လာတာ သုံးကြိမ် ရှိပါပြီ၊ ပြီးခဲ့တဲ့ရက်က ကိစ္စကိုလည်း မင်း သိတာပဲ၊ မနေ့က ကျွန်တော်တို့ လာတုန်းက ဆရာကြီးချန် မရှိဘူး၊ အခုက ညနေ ငါးနာရီ ရှိပြီ၊ တိမ်တိုက်တွေက နေကို ကာကွယ်ထားတယ် ဆိုပေမဲ့ ကျွန်တော်တို့ သရဲမိစ္ဆာတွေအတွက်တော့ နေရောင်ခြည် စွမ်းအင်က ပြင်းထန်နေတုန်းပဲ၊ ကျွန်တော်တို့မှာ အခြားနည်းလမ်း ရှိရင် ဆရာကြီးဆီကို လာပြီး နှောင့်ယှက်မှာ မဟုတ်ပါဘူး"

အလှပြင်သရဲမက ပြောပြန်သည်။

"ကျွန်မလည်း အရင်တုန်းက ရှင်တို့လိုပဲ လူသားတစ်ယောက် ဖြစ်ခဲ့တာပါ၊ ကျွန်မတို့ ဆရာကြီးချန်ဆီမှာ လာပြီး အကာအကွယ် တောင်းရတာက၊ ဆရာကြီးချန်က ကျွန်မတို့ကို သရဲတွေလို သဘောမထားလို့ပါ၊ သူတစ်ယောက်တည်းကပဲ ကျွန်မတို့ကို ခွဲခြားဆက်ဆံခြင်း မရှိတာပါ"

လီချင်ရှန်းသည် ငိုအားထက် ရယ်အားသန် ဖြစ်ရချေသည်။

"သူက ငါတို့ကိုလည်း လူလို သဘောမထားပါဘူး"

လီချင်ရှန်း တွေဝေနေစဉ်မှာပင် ချန်ကျိုးသည် ကိုယ်ပျောက် ကုတင်ခင်းကို ခြုံလျက် တိတ်တဆိတ် လာရောက် စပ်စုချေသည်။

အလှပြင်သရဲမသည် ချန်ကျိုးကို အရင်ဆုံး တွေ့ရှိသွားသဖြင့် မျက်ဝန်းအစုံ တောက်ပသွားကာ လှမ်းခေါ်လိုက်သည်။

"မောင်ကြီးကျိုး"

“မောင်ကြီးကျိုး ဟုတ်လား”

“ဟေးဟေး ...”

ထိုစကားလုံးကို ကြားလိုက်ရသဖြင့် ချန်ကျိုးသည် မိမိကိုယ်ကို ကိုယ်ပျောက်အခြေအနေတွင် ရှိနေသည်ကို မေ့လျော့သွားပြီး ကိုယ်ကို မတ်ကာ ကိုယ်ပျောက်ဝတ်ရုံကို ခါထုတ်လိုက်ပြီး ဝင့်ကြွားစွာ ပြောဆိုတော့သည်။

"မင်းတို့ သရဲကောင်တွေက ဘာလို့ ရောက်လာကြတာလဲ"

အလှပြင်သရဲမက အော်ပြောချေသည်။

"မောင်ကြီးကျိုး၊ ဒီနေ့က သရဲပွဲတော်နေ့လေ၊ ဝိညာဉ်တံခါး ပွင့်တော့မယ်၊ ရှင် ဆေးရုံအုပ်လီကို ပြောပေးပါဦး၊ ကျွန်မတို့ကို ဝင်ပြီး ပုန်းခွင့်ပေးဖို့ပါ၊ သရဲပွဲတော်နေ့ ပြီးသွားတာနဲ့ ကျွန်မတို့ ချက်ချင်း ထွက်သွားပါ့မယ်"

လီချင်ရှန်းသည် တကယ့်ကို အခက်တွေ့နေသဖြင့် မိမိ၏ စိုးရိမ်ပူပန်မှုကို ထုတ်ပြောသည်။

"ဆရာကြီးချန်၊ ဆေးရုံထဲမှာက သာမန်လူတွေချည်းပဲ၊ ဒီသရဲမိစ္ဆာတွေ ဝင်လာလို့ သူတို့ကို ဒုက္ခပေးရင်၊ သူတို့မှာ ပြန်လည် ခုခံနိုင်စွမ်း မရှိဘူး"

ချန်ကျိုး၏ ဦးနှောက်ထဲတွင် နံနက်ပိုင်းက လီချင်ရှန်း ကလေးကို ပွေ့ချီထားသည့် ပုံရိပ်ကို ချက်ချင်း မြင်ယောင်လာသည်။ မိသားစု တစ်စုလုံး ပျော်ရွှင်နေကြပြီး ပါးစပ်ကြီးကို ဖြဲလျက် အလွန် အဆင်ပြေနေကြချေသည်။

“ဟွန်း၊ မင်းမှာ မင်းရဲ့ မိသားစု ရှိမှတော့၊ ငါ ကျိုးလင်ကလည်း မင်းတို့နဲ့ အပေါင်းအဖော် မလုပ်တာကို မနှမြောပါဘူး”

ချန်ကျိုးသည် တံခါးဝတွင် ရှိနေသော သရဲမိစ္ဆာများကို မိမိနှင့် ဘဝတူများအဖြစ် သဘာဝကျကျ သတ်မှတ်လိုက်တော့သည်။

"သူတို့က ငါ့ရဲ့ မိသားစုဝင်တွေပဲ၊ ဘာလို့ ပေးမဝင်ရမှာလဲ"

ချန်ကျိုးက ဇွတ်တရွတ် မေးလိုက်သည်။

"မိသားစုဝင် ဟုတ်လား"

လီချင်ရှန်းသည် မျက်မှောင်ကုတ်သွားမိသည်။

“ချန်ကျိုးက ဘယ်အချိန်က မိသားစုဝင်တွေအဖြစ် သတ်မှတ်လိုက်တာလဲ”

လီချင်ရှန်းသည် ဒီနှစ်ရက်လုံးတွင် ချန်ကျိုး၏ ဘေး၌ အမြဲ ရှိနေခဲ့ရာ သူ မိသားစုဝင်များအကြောင်း ပြောသည်ကို တစ်ခါမျှ မကြားဖူးချေ။

ဒါ့အပြင် ဒါတွေက သရဲမိစ္ဆာတစ်စု ဖြစ်နေချေသည်။

ချန်ကျိုးသည် တံခါးဝသို့ ပြေးသွားပြီး လီချင်ရှန်းကို ပုခုံးဖြင့် ဘေးသို့ တွန်းဖယ်လိုက်သည်။

"ငါ့ရဲ့ မိသားစုဝင်တွေကို မင်းက ဘာလို့ ဝင်စွက်ဖက်ရတာလဲ၊ အဆောင်တွေ အကုန်လုံးက ငါ့ဟာတွေချည်းပဲ၊ ဘာလို့ ငါ့အဆောင်တွေကို သုံးပြီး မင်းရဲ့ မိသားစုဝင်တွေကို ကာကွယ်ပေးထားပြီးတော့၊ ငါ့ရဲ့ မိသားစုဝင်တွေကိုကျ ပေးမဝင်ရတာလဲ"

ချန်ကျိုးသည် ကြီးမားလှသော သံတံခါးကို ဆုပ်ကိုင်ကာ ဇွတ်အတင်း တွန်းဖွင့်ရန် ပြင်ဆင်တော့သည်။

လီချင်ရှန်းသည် မတတ်နိုင်တော့သဖြင့် မိသားစုဝင်ဆိုလည်း မိသားစုဝင်ပေါ့ဟု တွေးလိုက်သည်။ ဒီသရဲမိစ္ဆာတွေကလည်း သနားစရာ ကောင်းရှာပါသည်၊ ဒါ့အပြင် ချန်ကျိုး ကိုယ်တိုင် ရှိနေမှတော့ ဘာကို ကြောက်နေရဦးမည်နည်း။

"ဆရာကြီး ကိုယ်တိုင်လုပ်စရာ မလိုပါဘူး၊ ကျွန်တော် ဖွင့်ပေးပါ့မယ်"

လီချင်ရှန်းသည် အပြုံးမျက်နှာဖြင့် သော့ကို ထုတ်ယူကာ ပြောလိုက်သည်။

ချန်ကျိုးသည် မျက်လုံး ပြူးလိုက်ပြီး ခေါင်းကို မော့ကာ ဆိုချေသည်။

"ဘာ ဆရာကြီးလဲ၊ အကုန်လုံး သေချာ မှတ်ထားကြ၊ နောက်ဆိုရင် ငါ့ကို မောင်ကြီးကျိုး လို့ပဲ ခေါ်ကြ"

All Chapters