← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

Chapter 85

အလှပြင်သရဲမနှင့် အခြားသရဲမိစ္ဆာများသည် ချန်ကျိုး၏ ခွင့်ပြုချက်ကို ရရှိသဖြင့် ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံအတွင်းသို့ ဝင်ရောက်လာကြပြီး လူအများအပြား ရှိနေသော အဆောက်အအုံကြီးအနားသို့ မချဉ်းကပ်မိစေရန် အလိုက်သိစွာ ရှောင်ရှားကြလေသည်။

ခြောက်နာရီ ထိုးသောအခါ ကောင်းကင်ယံတစ်ခုလုံး လုံးဝ မှောင်မည်းသွားချေပြီ။

တစ်မြို့လုံးတွင် မီးများ ထိန်ထိန်လင်းနေပြီး လူနေသည်ဖြစ်စေ၊ မနေသည်ဖြစ်စေ ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ တောင်းဆိုချက်အရ မီးများကို အကုန်လုံး ဖွင့်လှစ်ထားကြရသည်။

လမ်းမများပေါ်တွင် သရဲမိစ္ဆာများ စတင် လှုပ်ရှားလာကြပြီး သရဲဟိန်းသံနှင့် ဝံပုလွေလို အူသံများ အဆက်မပြတ် ထွက်ပေါ်နေတော့သည်။

ချန်ကျိုးသည် အခန်းငယ်လေးထဲတွင် ထိုင်နေပြီး ဝိညာဉ်စွမ်းအင်များ နိုးထလာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် သရဲပွဲတော်နေ့ ရောက်ရှိလာသည်ကို ယခုကဲ့သို့ အစစ်အမှန် ခံစားမိခြင်း ဖြစ်သည်။

"ဝိညာဉ်တံခါးအကျယ်ကြီး ပွင့်လာပြီ၊ ဒီသရဲကောင်တွေက ကမ္ဘာမြေကြီးပေါ်ကို ဘာလာလုပ်ကြတာလဲ"

ချန်ကျိုး စပ်စုလိုသော စိတ်ဖြင့် မေးမြန်းလိုက်သည်။

အလှပြင်သရဲမက ရှင်းပြလေသည်။

"ဝိညာဉ်ကမ္ဘာ မြေအောက်လောကဆိုတာ ဝိညာဉ်ကျင့်ကြံသူတွေအတွက်တော့ နိဗ္ဗာန်ဘုံပဲ၊ ဝိညာဉ်ကမ္ဘာက အတိုင်းအဆမရှိ ကျယ်ပြန့်ပြီး စွမ်းအားရှင်တွေ အမြောက်အမြား ရှိကြတယ်၊ လူသားတွေနဲ့ အစစ်အမှန် စစ်ပွဲဖြစ်ပွားနေတာက ဝိညာဉ်ကမ္ဘာရဲ့ အင်အားစု အစိတ်အပိုင်းအနည်းငယ်ပဲ ဖြစ်တယ်”

“အရင်က လျိုဝမ်ရှား ကျွန်မကို ခိုင်းစေခဲ့တုန်းက သူပြောတာ ကြားဖူးတယ်၊ ဝိညာဉ်စွမ်းအင်တွေ မနိုးထခင်တုန်းက သရဲပွဲတော်နေ့ရဲ့ အဓိက အခန်းကဏ္ဍက ဝိညာဉ်တံခါးကို ဖွင့်လှစ်ပေးပြီး ကွယ်လွန်သူ ဝိညာဉ်တွေ လူ့လောကက မိသားစုဝင်တွေနဲ့ ဆုံတွေ့နိုင်ဖို့ပါ”

“ဒါပေမဲ့ ဝိညာဉ်စွမ်းအင်တွေ နိုးထလာပြီးတဲ့နောက် လူ့လောကနဲ့ ဝိညာဉ်ကမ္ဘာအကြား စစ်ပွဲတွေ ဖြစ်ပွားလာတော့ သရဲမိစ္ဆာအများအပြားက သရဲပွဲတော်နေ့ ဝိညာဉ်တံခါး ပွင့်တဲ့အချိန်ကို အခွင့်ကောင်းယူပြီး လူ့လောကထဲကို ခိုးဝင်လာကြတယ်၊ အချို့က သရဲမိစ္ဆာအချင်းချင်း သတ်ဖြတ်ကြသလို အချို့ကလည်း လူသားတွေရဲ့ သွေးနဲ့ ယဇ်ပူဇော်ပြီး ကျင့်စဉ်အဆင့်ကို ဖြတ်လမ်းနည်းနဲ့ မြှင့်တင်ကြတယ်"

"ဒါပေမဲ့ လူသားတွေအတွက်တော့ ဝိညာဉ်တံခါး ပွင့်တာက ကောင်းတဲ့အချက်လည်း ရှိပါတယ်၊ ဘာလို့လဲဆိုတော့ ဝိညာဉ်တံခါး ပွင့်တဲ့အချိန်မှာ ဝိညာဉ်ဈေးလည်း ဖွင့်လှစ်လို့ပဲ၊ လူသားစွမ်းအားရှင် အများအပြားဟာ ဝိညာဉ်ဈေးထဲကို ဖိတ်ကြားခံရပြီး ဝင်ရောက်နိုင်ကြတယ်၊ လူသားတွေနဲ့ ပဋိပက္ခမရှိတဲ့ ဝိညာဉ်ကမ္ဘာက အင်အားစုတွေနဲ့ ကုန်သွယ်မှု ပြုလုပ်နိုင်ကြတယ်၊ ကံကောင်းရင် မိမိရဲ့ စွမ်းအားကို အဆပေါင်းများစွာ မြှင့်တင်နိုင်ကြလိမ့်မယ်"

“စွမ်းအား အဆပေါင်းများစွာ ဟုတ်လား”

ချန်ကျိုး၏ မျက်ဝန်းအစုံ တောက်ပသွားပြီး အကယ်၍ သူ၏ ကျင့်စဉ်စွမ်းအားက အဆပေါင်းများစွာ တိုးတက်သွားပါက မည်မျှအထိ ကြောက်စရာကောင်းလိမ့်မည်နည်း။

ချန်ကျိုးသည် စိတ်ကူးယဉ်နေမိသည်။ ကောင်းကင်ယံတွင် ဆရာကြီးတစ်ယောက် ပျံသန်းနေပြီး တစ်ခါတရံ တည့်တည့် ပျံသန်းကာ၊ တစ်ခါတရံ ဘေးတိုက် ပျံသန်းလျက်၊ တစ်ခါတရံ ကွေ့ဝိုက် ပျံသန်းပြီး၊ တစ်ခါတရံ ဝဲပျံကာ လေဟုန်စီးလျက် ကောင်းကင်ယံတွင် ဂျွမ်းထိုးမှောက်ခုံ ပြုလုပ်နေချေသည်။

မြေပြင်ပေါ်တွင် ရပ်နေသော တပည့်မလေးသည် အလွန်တရာ အားကျပြီး ကြည်ညိုလေးစားသော မျက်လုံးများဖြင့် မိမိကို စိုက်ကြည့်နေသည်။

သုန်းသုန်းချီသည်လည်း သတိတရား ရရှိသွားပြီး မိသားစုကို စွန့်ပယ်ကာ ဂြိုဟ်၏ ဂုဏ်ဒြပ်အတွက် စိတ်နှလုံးအကြွင်းမဲ့ မြှုပ်နှံလျက် ချန်ကျိုးကဲ့သို့သော သူရဲကောင်းကြီး ဖြစ်လာရန် ကြိုးပမ်းနေသည်။

လီချင်ရှန်းသည် မြေပြင်ပေါ်တွင် ဒူးထောက်လျက် စကားလုံးဖြင့် ဖော်ပြ၍မရနိုင်လောက်အောင် မိမိကို မော့ကြည့်ရင်း စိတ်လှုပ်ရှားလွန်းသဖြင့် မျက်ရည်များ ဝဲနေရှာသည်။

ဓားပြဗိုလ်ကြီးကမူ မိမိ၏ အနားတွင် သေသည်အထိ လိုက်ပါစောင့်ရှောက်ရန် သစ္စာဆိုလျက် အနီးကပ် ခစားပြီး အမိန့်မှန်သမျှကို နာခံနေသည်။

"ဟေးဟေးဟေးဟေးဟေး"

ချန်ကျိုးသည် ပုခုံးများကို လှုပ်ခါလျက် ရယ်မောသံ ထွက်ပေါ်လာတော့သည်။

ထိုစဉ် ဂျိန်းခနဲ အသံတစ်ချက်ကို ကြားလိုက်ရသည်။

မှောင်မည်းနေသော ကောင်းကင်ယံတွင် ရုတ်တရက် မိုးကြိုးတစ်ချက် ပြင်းထန်စွာ ပစ်ချလိုက်ရာ မြေပြင်တစ်ခုလုံး လင်းထိန်သွားသည်။

စက္ကန့်ပိုင်းမျှသာ မြင်တွေ့လိုက်ရသော အလင်းရောင်အောက်တွင် ကျီးကန်းအမြောက်အမြားသည် လမ်းကြောင်းတစ်ခုတည်းသို့ ပျံသန်းနေကြသည်။

"ဝီညာဉ်တံခါး လာပြီ၊ လာတော့မယ်"

မည်သည့်သရဲက ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လိုက်သည်မသိရချေ။

ချန်ကျိုး၏ မျက်ဝန်းအစုံ တောက်ပသွားပြီး အခန်းငယ်လေးထဲမှ လျင်မြန်စွာ ထွက်လာခဲ့ရာ အခြားသရဲများလည်း လိုက်ပါထွက်ခွာလာကြပြီး မျက်လုံးအစုံဖြင့် ကောင်းကင်ယံကို စိုက်ကြည့်နေကြသည်။

“ဂျိန်း”

နောက်ထပ် မိုးကြိုးတစ်ချက် ထပ်မံ ပစ်ချလိုက်ပြန်သည်။

လောကရှိ သက်ရှိသက်မဲ့ မှန်သမျှ ရုတ်တရက် ငြိမ်သက်သွားပြီး စိတ်ကျန်းမာရေးဆေးရုံ ပတ်ဝန်းကျင်ရှိ သရဲဟိန်းသံများ ပျောက်ကွယ်သွားကာ လောကကြီးတစ်ခုလုံး တိတ်ဆိတ်ခြင်းအတိ ဖြစ်သွားရချေပြီ။

“ဂျိန်း”

တတိယမြောက် မိုးကြိုးသံသည် ကျင်းဟိုင်မြို့ ကောင်းကင်ယံတွင် ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မည်သည့်နေရာမှ ရောက်ရှိလာမှန်းမသိသော ကျီးကန်းအုပ်ကြီးသည် ကျင်းဟိုင်မြို့ ကောင်းကင်ယံတွင် ဝဲပျံနေကြရာ သွေးကဲ့သို့ နီရဲသော မျက်ဝန်းများသည် အနီရောင် အစက်အပြောက်ငယ်လေးများအဖြစ် စုစည်းနေကြသည်။

မိုးကြိုးသံနှင့်အတူ ထိုကျီးကန်းအုပ်ကြီးသည် ဝဲပျံနေကြရင်း ကောင်းကင်ယံတွင် စိတ်မှန်းပုံရိပ်ဖြစ်သော ခန့်ညားထည်ဝါလှသည့် အမည်းရောင် တံခါးမကြီးတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကြသည်။

တံခါးမကြီးတွင် ဝိညာဉ်အငွေ့အသက်များ ရစ်ပတ်နေပြီး ဘယ်ညာတွင်လည်း ရှေးဟောင်း အငွေ့အသက်များ ထွက်ပေါ်နေသည့် ရုပ်တုနှစ်ခု ရှိနေကာ အရှိန်အဝါသည် ခန့်ညားပြီး အေးစိမ့်လှသဖြင့် လူတို့ကို ကြောက်ရွံ့တုန်လှုပ်စေသည်။

"မိုက်တယ်၊ တကယ့်ကို မိုက်လွန်းတယ်"

ချန်ကျိုးသည် မျက်လုံးအစုံ ပြူးလျက် စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ရီနေချေသည်။

ဤကဲ့သို့သော မြင်ကွင်းသည် မိမိ၏ ဂြိုဟ်နှင့် နှိုင်းယှဉ်ပါက အလှမ်းကွာဝေးနေသေးသော်လည်း ကမ္ဘာမြေပေါ်တွင်မူ ချန်ကျိုးတစ်သက်တွင် တစ်ခါမျှမမြင်ဖူးသော မြင်ကွင်းကျယ်ကြီး ဖြစ်သည်။

"ကြောင်ကြီး၊ ကြောင်ကြီး"

နှစ်တစ်ထောင် ကျားဝိညာဉ်သည် အသံကြားသည်နှင့် ချက်ချင်း ပေါ်လာခဲ့သည်။

ဟွမ်ရှောင်မော့သည် အခြေအနေ မဟန်သည်ကို မြင်သောအခါ အမြန် မေးမြန်းလိုက်သည်။

"ချန်ကျိုး၊ မင်း ဘာလုပ်မလို့လဲ"

ချန်ကျိုးက ခေါင်းမော့လျက် ပြောချေသည်။

"ငါ ဒီဝိညာဉ်တံခါးထဲမှာ ဘယ်လိုပုံစံ ရှိလဲဆိုတာ သွားကြည့်မလို့"

"သွားလို့မဖြစ်ဘူး၊ သက်ရှိလူသားတွေက ခွင့်ပြုချက်မရှိဘဲ ဝိညာဉ်တံခါးထဲကို ဝင်ရင် ဝိညာဉ်လွင့်ပြယ်သွားပြီး ခန္ဓာကိုယ်ပါ ပြာကျသွားလိမ့်မယ်"

ဟွမ်ရှောင်မော့က စိုးရိမ်တကြီး ပြောရှာသည်။

ချန်ကျိုးသည် နှစ်တစ်ထောင် ကျားဝိညာဉ်ကို ခြံဝင်းပြင်ပသို့ ဆွဲထုတ်လိုက်ပြီး ကျားအမွှေးများကို ဆွဲကိုင်ကာ ကျားကျောပေါ်သို့ တက်စီးလျက် ဟွမ်ရှောင်မော့ကို ခန့်ညားစွာ ပြောလိုက်သည်။

"အကျိုးရမယ့်နေ့က ဒီနေ့ပဲ၊ ဒီမောင်ကြီးကျိုးက ဆရာကြီးတွေကို သွားပြီး ရင်ဆိုင်မလို့၊ မင်းတို့ ဒီမှာ စိတ်ရှည်ရှည်နဲ့ စောင့်နေကြ၊ မောင်ကြီးကျိုး သွားပြီးရင် ချက်ချင်း ပြန်လာခဲ့မယ်"

ပြောပြီးသည်နှင့် ချန်ကျိုးသည် နှစ်တစ်ထောင် ကျားဝိညာဉ်၏ တင်ပါးကို တစ်ချက် ပုတ်လိုက်သည်။

နှစ်တစ်ထောင် ကျားဝိညာဉ်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး အပေါ်သို့ ခုန်တက်ကာ စိတ်ကျန်းမာရေးဆေးရုံ၏ သုံးလေးမီတာခန့် မြင့်သော နံရံကြီးကို အလွယ်တကူ ကျော်ဖြတ်လျက် မြူမှုန်များအကြား ပျောက်ကွယ်သွားတော့သည်။

ရုံးအဆောက်အအုံကြီးအတွင်း၌ ချန်ကျိုး၏ လှုပ်ရှားမှုများကို တိတ်တဆိတ် စောင့်ကြည့်နေသော လီချင်ရှန်းသည် ချန်ကျိုးက ကျားဝိညာဉ်ကို စီးနင်းလျက် စိတ်ကျန်းမာရေးဆေးရုံမှ ထွက်ခွာသွားသည်ကို အစစ်အမှန် မြင်တွေ့လိုက်ရသည်။

ချက်ချင်းပင် ကြောင်တောင်တောင် ဖြစ်သွားရချေပြီ။

“ချန်ကျိုးက ဘာလို့ ဒီလို ထွက်သွားရတာလဲ”

“စိတ်ကျန်းမာရေးဆေးရုံထဲမှာ ရှိတဲ့ လူအများကြီးကို ဘယ်လိုလုပ်မလဲ”

“အခန်းငယ်လေးထဲက သရဲမိစ္ဆာတစ်စုက ငါတို့ကို သတ်ချင်တဲ့စိတ် ပေါ်လာရင် ဘယ်လိုလုပ်မလဲ”

“အပြင်ဘက်က အဲဒီလောက် အန္တရာယ်များနေတာ၊ မင်းက သွားပြီး ပြန်မလာတော့ရင် ဘယ်လိုလုပ်မလဲ”

လီချင်ရှန်းသည် စိုးရိမ်ပူပန်သွားပြီး အမြန် ဖုန်းထုတ်ကာ လော့ယွီမင်၏ ဖုန်းနံပါတ်သို့ ဆက်သွယ်လိုက်တော့သည်။

နှစ်တစ်ထောင် ကျားဝိညာဉ်သည် ကျင်းဟိုင်မြို့၏ လမ်းမများပေါ်သို့ ဆင်းသက်လိုက်ရာ လမ်းမကြီး ဘေးဝဲယာသည် ပုံမှန်ထက်ပင် ပိုမို တိတ်ဆိတ်နေပြီး လေပြင်းတိုက်ခတ်သံကိုသာ ကြားရချေသည်။

မော့ကြည့်လိုက်သောအခါ ထိုကြီးမားလှသော ဝိညာဉ်တံခါးမကြီး၏ ပြင်ပတွင် သေးငယ်သော တံခါးငယ်လေး အမြောက်အမြား တည်ရှိနေပြီး ထိုတံခါးငယ်လေးများကို ကျီးကန်းများက သယ်ဆောင်လျက် နေရာအနှံ့သို့ ပျံသန်းချပေးနေကြသည်။

ချန်ကျိုးသည် ကြောင်ကြီးကို စီးနင်းလျက် အနီးဆုံးနေရာတွင် ရှိသော ဝိညာဉ်တံခါးငယ်တစ်ခုဆီသို့ အပြင်းအထန် ပြေးထွက်သွားတော့သည်။

ဝိညာဉ်တံခါး ကျရောက်ရာ နေရာသည် ကျင်းဟိုင်မြို့လယ်ရှိ ရင်ပြင်တစ်ခုအတွင်း တည့်တည့် ဖြစ်နေချေသည်။

ဝိညာဉ်တံခါး အနီးအနားတွင် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ကျင့်ကြံသူများသည် အစီအရင်များ ပြုလုပ်ကာ အသင့်စောင့်ဆိုင်းနေကြပြီ ဖြစ်သည်။

ဝိညာဉ်စွမ်းအင်များ နိုးထလာခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်ရာ လူသားများသည် ဝိညာဉ်တံခါးနှင့် ပတ်သက်၍ အတွေ့အကြုံ အမြောက်အမြားကို စုဆောင်းမိထားကြပြီ ဖြစ်သည်။

ကျင်းဟိုင်မြို့ အပါအဝင် မြို့တိုင်းတွင် ကြီးမားလှသော ကာကွယ်ရေး အစီအရင်ကြီးများကို တည်ဆောက်ထားကြသည်။

မြို့အတွင်းသို့ ကျရောက်လာသော ဝိညာဉ်တံခါးများ အတွက်မူ သရဲမိစ္ဆာတစ်ကောင် ပေါ်လာသည်နှင့် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ကျင့်ကြံသူများသည် အစီအရင်ဖြင့် ၎င်းတို့ကို နှိမ်နင်း သတ်ဖြတ်ကြသည်။

မြို့ပြင်တွင် ရှိသော ဝိညာဉ်တံခါးများကိုမူ နိုင်ငံအသီးသီးက အစိုးရများက ဂရုမစိုက်ကြတော့ချေ။

မည်သို့ဖြစ်စေ လူသားအများစုသည် မြို့ပြများအတွင်းသို့ ရွှေ့ပြောင်းဝင်ရောက်ခဲ့ကြပြီ ဖြစ်ရာ မြို့ပြင်သည် ထိုသရဲမိစ္ဆာများ အချင်းချင်း တိုက်ခိုက်သတ်ဖြတ်ကြမည့် စစ်တလင်းသာ ဖြစ်လာလိမ့်မည်။

တစ်နည်းအားဖြင့် ပြောရလျှင် တစ်နှစ်လျှင် တစ်ကြိမ် ရောက်ရှိလာသော သရဲပွဲတော်နေ့သည် ကမ္ဘာမြေပေါ်တွင် ကြီးစိုးနေသော သရဲမိစ္ဆာများကို ချေမှုန်းရန်အတွက် အလွန်ကောင်းမွန်သော အခွင့်အရေး ဖြစ်သည်။

ယခုအချိန်တွင် ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ ဌာနမှူး ဖြစ်သော လော့ယွီမင်သည် တည်ကြည်သော မျက်နှာထားဖြင့် ကျင်းဟိုင်မြို့ရှိ အထပ်မြင့်အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်တွင် ရပ်နေချေသည်။

သူ၏အရှေ့တွင် ဆံပင်နှင့် မုတ်ဆိတ်မွေးများ ဖြူဖွေးနေပြီး ကျောပြင်တွင် ဓားနှစ်လက်ကို ပိုးထားသော ဝတ်ရုံဝတ် အဖိုးအိုတစ်ဦး ရှိနေသည်။

အဆင့်ငါး နန်ချောင်ကျင့်စဥ် အဆင့်ရှိ စွမ်းအားရှင်တစ်ဦး ဖြစ်သော်လည်း လော့ယွီမင်သည် ထိုဝတ်ရုံဝတ် အဖိုးအို၏ အရှေ့တွင် တပည့်တစ်ဦးကဲ့သို့ ရိုသေမှုကို ပြုလုပ်နေဆဲ ဖြစ်သည်။

ဤအဖိုးအိုသည် ဌာနချုပ်မှ စေလွှတ်လိုက်သော ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ အကြီးအကဲ၊ ကျင့်စဉ်အဆင့် ခြောက် ဆန်းချန်းအဆင့်ရှိ ဆရာကြီး ဖြစ်ပြီး စွမ်းအားသည် သရဲမိစ္ဆာနှင့် ယှဉ်နိုင်ချေသည်။

"ရှောင်လော့၊ မမျှော်လင့်ဘဲ တစ်နှစ်လောက်အတွင်းမှာတင် မင်းက အဆင့်ငါး အလယ်အလတ်ကနေ အဆင့်ငါး အဆင့်မြင့်ကို တက်လှမ်းနိုင်ခဲ့တာပဲ၊ ဝိညာဉ်ချုပ်ထိန်းရေးဌာနရဲ့ အလုပ်တွေက ရှုပ်ထွေးလှတာ၊ မင်းက ဌာနမှူးတစ်ယောက်အနေနဲ့ လောကီရေးရာတွေ ရှုပ်ထွေးနေတာတောင် ကျင့်စဉ်အဆင့် မကျဆင်းအောင် ထိန်းသိမ်းနိုင်တာ တကယ့်ကို ချီးကျူးဖို့ကောင်းတယ်၊ မင်း နန်ချောင်အဆင့်မြင့်ကို တက်လှမ်းနိုင်ခဲ့မှန်း သိရင် ဒီတစ်ခေါက် ဌာနချုပ်က ဖွဲ့စည်းတဲ့ ဝိညာဉ်ဈေး ခရီးစဉ်မှာ မင်းကိုပါ တစ်ပါတည်း ခေါ်သွားရမှာ"

"ဟားဟား၊ သခင်ကြီးလျိုကလည်း မြှောက်နေပြန်ပါပြီ၊ ကျွန်တော်က ကံကောင်းလို့ မသိမသာနဲ့ ကျော်ဖြတ်နိုင်ခဲ့တာပါ"

လော့ယွီမင်က ဟန်ဆောင်ပြုံးလျက် ပြောလိုက်သော်လည်း စိတ်ထဲတွင်မူ သူက သွားမည်မဟုတ်ကြောင်း တွေးနေမိသည်။

ဝိညာဉ်ဈေးကို သွားရင် စွမ်းအား တိုးတက်ဖို့ အခွင့်အရေး အချို့ ရှိနိုင်တယ် ဆိုပေမဲ့ ဆရာကြီးချန်နဲ့ ယှဉ်နိုင်ပါ့မလား။

ဆရာကြီးချန်က မိမိကို စည်းမဲ့ကမ်းမဲ့ သင်ကြားပေးခဲ့သော ကျင့်စဉ်နည်းလမ်းတစ်ခုဖြင့်တင် ငါးကြိမ်တိုင်တိုင် အပူလျှပ်ခြင်း ဒဏ်ကို ခံရပြီးနောက် အဆင့်ငါး အလယ်အလတ်မှ အဆင့်ငါး အဆင့်မြင့်သို့ အလွယ်တကူ တက်လှမ်းနိုင်ခဲ့သည် မဟုတ်ပါလော။

ဒါ့အပြင် ဝိညာဉ်ဈေးကို သွားခြင်းက အသက်အန္တရာယ်လည်း အတိုင်းအတာတစ်ခုအထိ ရှိနေသေးသည်။

မတော်တဆ လူသားများရဲ့ ရန်ဘက်ဖြစ်နေတဲ့ ဝိညာဉ်ကမ္ဘာက အင်အားစုတွေနဲ့ ဆုံတွေ့ရင် အပြင်းအထန် တိုက်ပွဲဖြစ်ပွားမှာ သေချာသည်။ ထိုအချိန်တွင် အသက်ရှင်လျက် ပြန်ထွက်လာနိုင်မလားဆိုတာ မသေချာလှချေ။

သခင်ကြီးလျိုက ခေါင်းညိတ်လျက် ဆိုသည်။

"မင်းတို့ ကျင်းဟိုင်မြို့မှာ ထူးဆန်းတဲ့ လူတစ်ယောက် ပေါ်လာတယ်လို့ ငါ ကြားဖူးတယ်၊ သူက စိတ်ကျန်းမာရေးဆေးရုံတစ်ခုကတဲ့၊ ကျင်းဟိုင်မြို့ရဲ့ စတေးမျက်လုံးနဲ့ ကူပိုးကောင် အမှုကြီးနှစ်ခုစလုံးကို သူတစ်ယောက်တည်း ဖြေရှင်းခဲ့တာဆိုပဲ ၊ နောက်မှ အချိန်ရရင် အဲဒီအဖိုးကြီးကို မိတ်ဆက်ပေးပါဦး"

"အဲဒါ ... ကောင်းပါပြီ"

လော့ယွီမင်သည် ခဏမျှ ဝေခွဲမရ ဖြစ်သွားပြီးနောက် ခေါင်းညိတ်လျက် သဘောတူလိုက်ပြီး စကားအချို့ ထပ်မံ ပြောဆိုရန် ပြင်ဆင်နေစဉ် သူ၏ ဖုန်းမြည်သံသည် ရုတ်တရက် ကျယ်လောင်စွာ ထွက်ပေါ်လာတော့သည်။

All Chapters