အခန်း ၈၇
Vol. 9 Ch. 87
Chapter 87
မဟန်တော့ချေ၊ မဟန်တော့ချေ။
ချန်ကျိုးက ဝိညာဉ်တံခါးကို ဘာသွားလုပ်တာလဲ။
လော့ယွီမင်သည် ဝိညာဉ်တံခါးရှိရာဘက်သို့ ခြေလှမ်းအမြန်လှမ်း၍ ပြေးသွားပြီး ချန်ကျိုးကို အော်ခေါ်ရန် ပြင်ဆင်စဉ် နောက်ကျောဘက်မှ လက်တစ်ဖက် ရုတ်တရက် ဆန့်ထွက်လာကာ သူ၏ပုခုံးကို ဖိနှိပ်လိုက်သည်။
"တူလေးလော့"
လော့ယွီမင် လှည့်ကြည့်လိုက်ရာ သခင်ကြီးလျိုသည် မည်သည့်အချိန်က မိမိနောက်သို့ ရောက်ရှိလာမှန်းမသိဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်ကို တွေ့ရပြီး ၎င်း၏မျက်နှာပေါ်ရှိ ဖိနပ်ရာကြီးမှာ အခုထိ ထင်ရှားစွာ ရှိနေဆဲ ဖြစ်သည်။
"သခင်ကြီးလျို၊ ခင် ... ခင်ဗျား ဘယ်လိုဖြစ်ပြီး အောက်ဆင်းလာတာလဲ"
လော့ယွီမင်က အံ့အားသင့်စွာ မေးလိုက်သည်။
"ဟွန်း၊ ငါက အဆင့်ခြောက် ဆန်းချန်းအဆင့်ရှိတဲ့ စွမ်းအားရှင်ကြီးပဲဥစ္စာ၊ ခုနကတော့ ခဏတာ အမှားအယွင်း ဖြစ်သွားရုံပဲ၊ ဒီလောက် အမြင့်လေးက ငါ့ကို အခက်တွေ့စေနိုင်ပါ့မလား"
လျိုပန်ချန်းက နှာခေါင်းရှုံ့လျက် ဝိညာဉ်တံခါးအရှေ့က ချန်ကျိုးကို ကြည့်ကာ ဆိုသည်။
"အဲဒီလူက ချင်ရှန်း စိတ်ကျန်းမာရေးဆေးရုံက ချန်ကျိုးလား"
"သခင်ကြီးလျို၊ မင်း သူ့ကို သိလို့လား"
လော့ယွီမင်၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။
လျိုပန်ချန်းက အေးတိအေးစက် ပြောချေသည်။
"ငါက နားမပင်းပါဘူး၊ မင်း သတိပေးတဲ့ စကားကို ကြားတာပေါ့"
"အာ"
လော့ယွီမင်သည် စိတ်မချသကဲ့သို့ မျက်လုံးကို ကစားလိုက်ပြီး မိမိက ချန်ကျိုးအကြောင်း မိတ်ဆက်စဉ် ပြောခဲ့သော အနောက်က စကားကို သခင်ကြီးလျို ကြားသွားမလားဟု တွေးတောမိသည်။
လျိုပန်ချန်းသည် လော့ယွီမင်၏ ပုခုံးကို ပုတ်ကာ မျက်နှာတွင် တောက်ပသော အပြုံးကို ဖော်ပြလျက် ဆိုသည်။
"တူလေးလော့၊ တကယ့်ကို ဆုံးမရလွယ်တဲ့ လူငယ်ပဲ၊ မင်း ကျင့်စဉ်အဆင့် တက်လှမ်းပြီးတဲ့နောက် စွမ်းအားတွေ အများကြီး တိုးတက်လာတယ်လို့ ကြားတယ်၊ နောက်တစ်နှစ်ကျရင် အဆင့်ခြောက်ကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်ချက် ရှိနေတာပဲ၊ ဒါက ကောင်းတဲ့ကိစ္စပဲ၊ ဒီတစ်ခေါက် သရဲပွဲတော်နေ့ ပြီးသွားရင်၊ ငါ ကျင်းဟိုင်မြို့မှာ ခဏနေပြီး မင်းကို သေချာလမ်းညွှန်ပေးမယ်၊ အဆင့်ခြောက် စွမ်းအားရှင်ရဲ့ အစစ်အမှန် စွမ်းအားကို ကြိုတင် ခံစားကြည့်ရတာပေါ့"
"သခင်ကြီး ..."
လော့ယွီမင်သည် သနားစရာကောင်းသော မျက်လုံးများဖြင့် လျိုပန်ချန်းကို ကြည့်ကာ မိမိကိုယ်ကို ပါးရိုက်ချင်စိတ်ပေါက် သွားရသည်။ ဘာလို့ ဤမျှအထိ ပါးစပ်သရမ်းခဲ့ရတာနည်း။
လျိုပန်ချန်းသည် လော့ယွီမင်ကို ဂရုမစိုက်တော့ဘဲ ဝေးကွာလှသော ဝိညာဉ်တံခါး အဝင်ဝက ချန်ကျိုးကို ကြည့်လျက် ဆိုချေသည်။
"အဲဒီ စိတ်ဝေဒနာရှင်က ဝိညာဉ်တံခါးဝကို ဘာသွားလုပ်နေတာလဲ"
လော့ယွီမင်က ခါးသီးစွာ ပြုံးလျက် ပြောသည်။
"သူ အထဲကို ဝင်ကြည့်ချင်လို့ ဖြစ်လိမ့်မယ်"
လျိုပန်ချန်း လှောင်ပြုံးပြလိုက်သည်။
"ဝိညာဉ်တံခါးဆိုတာ နှစ်စဉ် သရဲပွဲတော်နေ့ သန်းခေါင်ယံအချိန်မှ ပွင့်တာ၊ အထွက်ပဲ ရှိပြီး အဝင်မရှိဘူး၊ အဆင့်ခုနှစ် သူတော်စင် အဆင့်ရှိတဲ့ စွမ်းအားရှင်တွေတောင် ခန္ဓာကိုယ်နဲ့ ဝိညာဉ်တံခါးကို ဖြတ်ကျော်ဖို့ မဝံ့ရဲကြဘူး၊ ဒီကောင်က အသက်ကြီးလှပြီလို့ ထင်နေတာလား"
စိတ်ထဲက မကျေနပ်မှုများကို ပြောဆိုပြီးနောက် လျိုပန်ချန်း၏ စိတ်တိုမှုက အနည်းငယ် လျော့နည်းသွားသည်။
"အချိန်ရှိတုန်း၊ မင်း သွားပြီး အဲဒီ စိတ်ဝေဒနာရှင်ကို ခေါ်ထုတ်ခဲ့ဦး၊ မဟုတ်ရင် သန်းခေါင်ယံကျော်လို့ ဝိညာဉ်တံခါး ပွင့်လာပြီး ဝိညာဉ်စစ်သည်တွေ ဝင်ရောက်လာရင်၊ ဒီကောင်ကတော့ ဝိညာဉ်စွမ်းအင်တွေရဲ့ ဆွဲဖြဲမှုကို တိုက်ရိုက် ခံရလိမ့်မယ်၊ လူသားတွေထဲက စွမ်းအားရှင်တစ်ယောက် ထွက်ပေါ်လာဖို့ မလွယ်ကူတာမို့၊ ဒီလိုနေရာမျိုးမှာ အသက်မဆုံးရှုံးစေနဲ့"
"ဟုတ်ကဲ့"
လော့ယွီမင်သည် အမြန် သွားရောက် စီစဉ်တော့သည်။
ထိုအချိန်တွင် ဝိညာဉ်တံခါးအရှေ့၌ ချန်ကျိုးသည် ကျောပြင်တွင် ဓားနှစ်လက်ကို ပိုးထားပြီး ခြေလှမ်းအနည်းငယ် လှမ်းကာ အမြင့် မီတာရာချီရှိသော ကြီးမားလှသည့် ဝိညာဉ်တံခါးကြီးကို စိုက်ကြည့်နေသည်။
ခန့်ညားထည်ဝါလှသော ဝိညာဉ်တံခါးနှင့် နှိုင်းယှဉ်ပါက ချန်ကျိုးသည် သန်းတစ်ကောင်ကဲ့သို့ သေးငယ်လှသည်။
ဝိညာဉ်တံခါးပေါ်တွင် မကောင်းသော သရဲမိစ္ဆာများ၏ ပုံရိပ်များကို ထုဆစ်ထားပြီး မျက်နှာများက ရက်စက်ကြမ်းကြုတ်ကာ ရုပ်ဆိုးလှလျက် ကြီးမားလှသော နှိပ်စက်မှုများကို ခံစားနေရသကဲ့သို့ ရှိရာ လူတို့ကို ကြောက်ရွံ့တုန်လှုပ်စေသည်။
"ဒီဝိညာဉ်တံခါးက တကယ့်ကို မိုက်တာပဲ၊ ဒါမှ ငါ ဆရာကြီး အကျိုးထူးရမယ့် နေရာအစစ်ပဲ"
ချန်ကျိုးသည် မျက်လုံးအစုံ ပြူးလျက် စိုက်ကြည့်နေမိသည်။ ဤကဲ့သို့သော စွမ်းအားရှင်သည်သာ ငါ ကျိုးလင်နဲ့ စကားပြောဆိုနိုင်မယ့် အရည်အချင်း ရှိချေသည်။
ချန်ကျိုးသည် မိမိ၏ အဝတ်အစားများကို သေချာစွာ ပြင်ဆင်လိုက်ပြီး ချောင်းတစ်ချက် ဟန့်ကာ လက်ကို ဆန့်ထုတ်၍ တံခါးကို ယဉ်ကျေးစွာ ခေါက်လိုက်သည်။
“ဒေါက် ဒေါက် ဒေါက်”
"အထဲမှာ လူရှိလား၊ မေးပါရစေ"
မည်သည့် အသံတုံ့ပြန်မှုမျှ မရှိချေ။
“ဒေါက် ဒေါက် ဒေါက်”
"အထဲမှာ လူရှိလား၊ မေးပါရစေ"
ချန်ကျိုးသည် ခေါင်းကို ဝိညာဉ်တံခါးပေါ်တွင် ကပ်ထားသော်လည်း မည်သည့် လှုပ်ရှားမှုမျှ မရှိဆဲ ဖြစ်သည်။
"ငါ ကျိုးလင်ရဲ့ စွမ်းအားက ပြင်းထန်လွန်းလို့၊ ကြောက်ပြီး တံခါးမဖွင့်ရဲတာလား"
ချန်ကျိုးသည် လက်အင်္ကျီကို လိပ်တင်လိုက်ပြီး ခြေထောက်နှစ်ဖက်ကို ဖြဲကာ ကိုယ်ကို မတ်လျက် လက်နှစ်ဖက်ဖြင့် ဝိညာဉ်တံခါးကို အဆက်မပြတ် ထုရိုက်ကာ အငြိုးကြီးသရဲတစ်ကောင်ကဲ့သို့ ဝိညာဉ်တံခါးကို အော်ဟစ်တော့သည်။
"မင်း အထဲမှာ ပုန်းမနေနဲ့၊ မင်း အိမ်မှာ ရှိမှန်း ငါသိတယ်၊ မင်း အထဲမှာ ပုန်းနေရဲရင်၊ ဘာလို့ တံခါးမဖွင့်ရဲတာလဲ"
"မင်း အထဲမှာ ပုန်းနေရဲရင်၊ တံခါးဖွင့်စမ်း"
"တောက်"
"တံခါးဖွင့်စမ်း၊ တံခါးဖွင့်စမ်း၊ တံခါးဖွင့်စမ်း၊ တံခါးဖွင့်စမ်း"
[စနစ် ... ငါ တကယ့်ကို ...]
ကျားဝိညာဉ် ... အံ့ဩမှင်သက်ခြင်း။
အချိန်အတော်ကြာသည့်တိုင် ဝိညာဉ်တံခါးထံမှ မည်သည့် တုံ့ပြန်မှုမျှ မရှိချေ။
"ကောင်းပြီလေ၊ ဒါ မင်း ငါ့ကို အတင်းအကျပ် လုပ်တာပဲ"
ချန်ကျိုးသည် မောပန်းစွာ အသက်ရှူလျက် အရှေ့သို့ လှမ်းကာ ဝိညာဉ်တံခါး၏ အလယ်တည့်တည့် နေရာကို ရှာဖွေပြီး လက်နှစ်ဖက်ဖြင့် ဝိညာဉ်တံခါး၏ အောက်ခြေကို ဆုပ်ကိုင်လိုက်သည်။
ပါးစပ်ကို ပိတ်ကာ အံကို တင်းတင်းကြိတ်လျက် နှာခေါင်းကို အပေါ်သို့ ရှုံ့လိုက်သည်။
အားကုန် တွန်းသည်။
အားစိုက်သည်။
တွန်းသည်။
နို့စို့အားအထိ အကုန်ထုတ်သုံးသည်။
[စနစ် ဝိညာဉ်ကမ္ဘာ တံခါးမကြီးကို အတင်းအကျပ် ဖွင့်လှစ်သည်]
“ဝုန်း”
“ဝုန်းဝုန်းဝုန်း”
ဝိညာဉ်စွမ်းအင်များ ပြင်းထန်လာသည်။
ကြီးမားလှသော ဝိညာဉ်တံခါးမကြီးသည် ချက်ချင်းပင် ဝိညာဉ်ကမ္ဘာမှ ထွက်ပေါ်လာသော ကြီးမားလှသည့် ဝိညာဉ်စွမ်းအင်များအောက်တွင် နစ်မြုပ်သွားတော့သည်။
"မြတ်စွာဘုရား၊ သန်းခေါင်ယံအချိန် မရောက်သေးဘူး၊ ဝိညာဉ်တံခါးက ဘာလို့ ပွင့်သွားတာလဲ"
လမ်းမပေါ်တွင် ဝိညာဉ်တံခါး ရှိရာဘက်သို့ ပြေးနေသော လော့ယွီမင်သည် ဤအခြေအနေကို မြင်သောအခါ မည်သည့် တွေဝေမှုမျှ မရှိဘဲ လမ်းကြောင်းပြောင်းလျက် အနောက်သို့ ပြန်ပြေးတော့သည်။
ဝိညာဉ်စွမ်းအင်များအကြား နစ်မြုပ်နေသော ချန်ကျိုးသည် ဝိညာဉ်တံခါးကို အက်ကွဲကြောင်း တစ်ခုအဖြစ် တွန်းဖွင့်လိုက်သည်။
ခေါင်းတစ်လုံးစာ ဝင်ရုံမျှ ရှိချေသည်။
ချန်ကျိုးသည် ခေါင်းကို ဝိညာဉ်တံခါးအတွင်းသို့ ပြူကြည့်လိုက်ရာ အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် အပြင်ဘက်သို့ ပြင်းထန်စွာ စီးဆင်းနေပြီး မြင်တွေ့ရသည်မှာ မှောင်မည်းခြင်းအတိ ဖြစ်သည်။
ချန်ကျိုးသည် ပိုမို သေချာစွာ မြင်တွေ့လိုသဖြင့် ခန္ဓာကိုယ် ထက်ဝက်ကျော်ကို ဝိညာဉ်တံခါးအတွင်းသို့ သွင်းလိုက်သည်။
အခုထိ ဘာမှ မမြင်ရသေးချေ။
တံခါးအက်ကွဲကြောင်းအတိုင်း တစ်ကိုယ်လုံး ဝိညာဉ်တံခါးအတွင်းသို့ တိုးဝင်သွားပြီး ခြေထောက်ဖြင့် ဝိညာဉ်တံခါးကို ပြန်ပိတ်လိုက်သည်။
ဝိညာဉ်တံခါး ပြင်ပတွင်မူ အမည်းရောင် အငွေ့အသက်များ ပျောက်ကွယ်သွားပြီး ဝိညာဉ်တံခါးသည် ရင်ပြင်၏ ကောင်းကင်ယံတွင် တည်ငြိမ်စွာ ရှိနေကာ တံခါးများ တင်းကျပ်စွာ ပိတ်ထားသဖြင့် စောစောက ဝိညာဉ်စွမ်းအင်များ ထွက်ပေါ်လာခြင်းမှာ နောက်ပြောင်မှုတစ်ခုကဲ့သို့ ရှိချေသည်။
လော့ယွီမင်သည် အင်အားစုများ ရှိရာ နေရာသို့ အမောတကောဖြင့် ပြန်ရောက်လာပြီး ဝေးကွာလှသော တိတ်ဆိတ်နေသည့် ဝိညာဉ်တံခါးကို လှည့်ကြည့်လိုက်သည်။
သခင်ကြီးလျိုသည် မျက်လုံးအစုံ ပြူးလျက် မယုံကြည်နိုင်စွာဖြင့် ဆိုသည်။
"အဲဒီ စိတ်ဝေဒနာရှင်က ဝိညာဉ်တံခါးကို ဖွင့်လိုက်တာလား"
လော့ယွီမင်က နားမလည်နိုင်သော မျက်နှာဖြင့် ပြောချေသည်။
"ပြန်ပိတ်လိုက်ပုံရတယ်"
သူသည် စောစောက အပြင်းအထန် ပြေးခဲ့ရသဖြင့် ဖိနပ်တစ်ဖက်ပင် ပျောက်ဆုံးသွားခဲ့ပြီး ဝိညာဉ်ကမ္ဘာမှ ထွက်လာမည့် သရဲမိစ္ဆာများက သူ့ကို ဝါးမြိုသွားမည်ကို အလွန် ကြောက်ရွံ့ခဲ့ရသည်။
လှည့်တောင် မကြည့်ရဲခဲ့ချေ။
ထိုအချိန်တွင် ဝိညာဉ်တံခါးအတွင်း၌ ရှိနေသော ချန်ကျိုးသည် အရှေ့က ဝိညာဉ်အငွေ့အသက်များကို လက်ဖြင့် ဖယ်ရှားနေပြီး ဝိညာဉ်တံခါး ခဏတာ ပွင့်ခဲ့သဖြင့် ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်များသည် ဝိညာဉ်တံခါး ပြန်ပိတ်သွားသဖြင့် ဖြည်းညှင်းစွာ ငြိမ်သက်သွားသည်။
စိမ်းပြာရောင် ကျောက်လမ်းတစ်ခု ချန်ကျိုး၏ မျက်စိရှေ့တွင် ပေါ်လာပြီး ကျောက်လမ်း ဘေးဝဲယာတွင် မတူညီသော သရဲရုပ်တု ကျောက်တိုင်များကို အကာအကွယ်အဖြစ် ပြုလုပ်ထားကာ ကျောက်တိုင်တစ်ခုချင်းစီ၏ အပေါ်တွင် စိမ်းလန်းသော ပုလဲတစ်လုံးစီ တပ်ဆင်ထားပြီး မှေးမှိန်သော အလင်းရောင်ကို ထွက်ပေါ်စေကာ အလင်းရောင် အတိုင်းအဆသည် နောက်ထပ် အလင်းတိုင်တစ်ခုကို မနည်း လှမ်း၍ လင်းစေနိုင်သည်။
ဘေးဝဲယာ ကျောက်လမ်းအောက်တွင်မူ ငြိမ်သက်သွားသော ဝိညာဉ်စွမ်းအင်များသည် မြစ်ရေကဲ့သို့ စီးဆင်းနေပြီး ထိုအထဲတွင် မပျောက်ကွယ်သေးသော ကွယ်လွန်သူ ဝိညာဉ်များ ပါရှိကာ ၎င်းတို့သည် ရုန်းကန်လျက် အော်ဟစ်နေကြသော်လည်း မတတ်နိုင်ဘဲ ဝိညာဉ်စွမ်းအင်များအောက်တွင် နစ်မြုပ်သွားကြရရှာသည်။ လှမ်းကြည့်လိုက်သောအခါ မှောင်မည်းသော အဆုံးသတ်အထိ ဆန့်တန်းနေချေသည်။
ချန်ကျိုးသည် ဝိညာဉ်တံခါး၏ အထွက်ဝတွင် ရပ်နေပြီး အလွန် သေးငယ်လှသည်။
အကြည့်ကို ဝေးဝေးသို့ လှမ်းကြည့်လိုက်သောအခါ ချန်ကျိုး၏ မျက်နှာချင်းဆိုင်တွင် သရဲမိစ္ဆာ အမြောက်အမြား လွင့်မျောနေကြပြီး ဝိညာဉ်ကမ္ဘာသို့ သွားရာ တစ်ခုတည်းသော လမ်းကြောင်းကို နေရာယူထားကြသည်။
အနီးဆုံးနေရာတွင် ရှိသော သရဲမိစ္ဆာတစ်ကောင်ကို ချန်ကျိုးသည် သေချာစွာ မြင်တွေ့ရပြီး ၎င်း၏ အရေပြားသည် သစ်ခေါက်ကဲ့သို့ အက်ကွဲနေကာ ဟောင်းနွမ်းသော အမည်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဝတ်ရုံပြင်ပသို့ ထွက်နေသော လက်သည် သစ်ခြောက်ကဲ့သို့ ရှိလျက် ကျောက်လမ်းပေါ်တွင် နိမ့်ပါးစွာ လွင့်မျောနေကာ ခြေဖျားအောက်တွင် အမည်းရောင် အငွေ့အသက်များ ရစ်ပတ်နေချေသည်။
အဆင့်သုံး အငြိုးကြီးတစ္ဆေ အဆင့်မြင့်ရှိသော နှစ်တစ်ထောင် ကျားဝိညာဉ်သည် ဤစွမ်းအားရှင်ကြီးများအရှေ့တွင် အမြီးကို ကပ်လျက် မြေပြင်ပေါ်တွင် ဝပ်စင်းနေသဖြင့် လိမ်မာလှသော ကြောင်ကလေးတစ်ကောင်ကဲ့သို့ ရှိချေသည်။
"ဒီလောက်အကြာကြီး တံခါးမဖွင့်တာ၊ ငါ ကျိုးလင်ကို ကြောက်လို့ကိုး၊ ခဏလေးအတွင်းမှာတင် ဒီလောက် လူအင်အား အမြောက်အမြား ပြင်ဆင်ထားတာပဲ"
ချန်ကျိုးသည် ခြေထောက်နှစ်ဖက်ကို ဖြဲကာ ကိုယ်ကို စောင်းလျက် လက်တစ်ဖက်ဖြင့် လက်သီးဆုပ်၍ နဖူးကို ထောက်ထားပြီး လက်တစ်ဖက်ကို အနောက်သို့ ပစ်လျက် အာကာသထဲတွင် လွင့်မျောနေဟန် ပြုလုပ်သည်။
သူရဲကောင်းကြီးများ ထွက်ပေါ်လာခါနီးတွင် ခန့်ညားလှသော လှုပ်ရှားမှုတစ်ခု ရှိရမည် မဟုတ်ပါလော။
နှုတ်ခမ်းထောင့်က အနည်းငယ် ကော့ညွတ်သွားပြီး သူ၏ မှတ်ဉာဏ်ထဲတွင် ပိတ်လှောင်ထားသော စစ်တလင်းကို ပြန်လည် တွေ့ရှိသွားသကဲ့သို့ ရှိချေသည်။
ချန်ကျိုးသည် အသက်ကို ပြင်းပြင်းရှူသွင်းလိုက်ပြီး ယစ်မူးနေမိသည်။ ဒါသည် သေခြင်းတရား၏ အငွေ့အသက်ပဲ၊ ရင်းနှီးနေတဲ့ အရသာပဲ။
[စနစ် သတိပေးချက် - ဝိညာဉ်စွမ်းအင်သည် လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးနိုင်ပါသဖြင့် အတတ်နိုင်ဆုံး မရှူသွင်းပါရန်၊ စနစ်က ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာသော ဝိညာဉ်စွမ်းအင်များကို သန့်စင်ပေးပြီး ဖြစ်သည်၊ ကာကွယ်ရေး ဒိုင်းကာကိုလည်း ဖွင့်လှစ်ပေးထားသည်]