အခန်း ၈၉
Vol. 9 Ch. 89
Chapter 89
ချန်ကျိုး၏ ရူးသွပ်သော ရန်စမှုများအောက်တွင် လူသားကမ္ဘာသို့ ကျူးကျော်လိုသည့် သရဲများသည် ဖရိုဖရဲ ပြိုကွဲသွားကြသည်။
သရဲများက ရှေ့မှ ပြေးကြပြီး ချန်ကျိုးက ဓားနှစ်လက်ကို ထမ်းကာ နောက်မှ လိုက်လံ မောင်းနှင်နေသည်။
"မြစ်ကြီးက အရှေ့ဆီ စီးဆင်းတယ်၊ ကောင်းကင်က ကြယ်တွေ မြောက်ဘက်ဆီ ဦးတည်တယ်၊ ဟိဟိဟိဟိ မြောက်ဘက်ဆီ ဦးတည်တယ်၊ အသက်နဲ့သေခြင်းကြားက မိတ်ဆွေတွေ အရက်တစ်ခွက် သောက်ကြမယ်၊ လမ်းမှာ မတရားတာ မြင်ရင် ဟစ်အော်လိုက်မယ်၊ တိုက်ခိုက်ရမယ့် အချိန်မှာ တိုက်ခိုက်လိုက်မယ်၊ တက်ကြွလှုပ်ရှားစွာနဲ့ ကိုးပြည်ထောင်ကို ဖြတ်သန်းမယ်"
ချန်ကျိုးသည် သီချင်းဆိုလေ ပိုစိတ်လှုပ်ရှားလေ ဖြစ်လာကာ ဝိညာဉ်ကမ္ဘာသို့ ရောက်ကတည်းက ခန္ဓာကိုယ်ထဲတွင် အင်အားများ ပြည့်နှက်နေသည်ဟု ခံစားရသည်။ ဒါမှသာ ကျင့်ကြံသူတစ်ယောက် ပိုင်ဆိုင်သင့်သည့် ကျေနပ်စရာကောင်းသော လောက လမ်းစဉ် ဖြစ်သည်။
လမ်းခွဲ ဘယ်နှစ်ခုကို လိုက်ရှာမိမှန်း မသိ၊ ကွေ့ဘယ်နှစ်ကွေ့ ကွေ့မိမှန်း မသိဘဲ ချန်ကျိုးသည် သရဲများ၏ ဦးဆောင်မှုဖြင့် ကျောက်တုံးတံတားကြီးတစ်ခု ရှေ့သို့ ရောက်ရှိလာသည်။
တံတားရှေ့ရှိ ကျောက်စာတိုင်ကြီးတစ်ခုပေါ်တွင် စာလုံးသုံးလုံး ထုဆစ်ထားသည်၊ နိုင်ဟော်တံတား။
နိုင်ဟော်တံတားအောက်တွင် ဝမ့်ချွမ်းမြစ် ရှိပြီး မြစ်ရေသည် စိမ်းဖျော့ဖျော့ အလင်းများ ထွက်ပေါ်နေသည်။ မြစ်ရေ စီးဆင်းနေသည်ကို မြင်နိုင်သော်လည်း သေဆုံးနေသော ရေကဲ့သို့ ငြိမ်သက်နေသည်။ ဝမ့်ချွမ်းမြစ်ထဲတွင် လူဝင်စားခွင့်မရသည့် လေလွင့်ဝိညာဉ်များသာ ပြည့်နှက်နေပြီး ထိုစိမ်းဖျော့ဖျော့ အလင်းတန်းများသည် သူတို့၏ ဝိညာဉ်များ နောက်ဆုံး ထုတ်လွှတ်လိုက်သည့် အလင်းရောင် ဖြစ်သည်ဟု ဆိုကြသည်။
ချန်ကျိုးသည် ချပ်ဝတ်တန်ဆာကို ဖယ်ရှားလိုက်ပြီး တံတား၏ တစ်ဘက်ခြမ်းတွင် ရပ်နေသည်။ သူ့နောက်တွင်မူ နက်မှောင်သော မြူခိုးများ လှိမ့်ဝင်နေပြီး လှိုင်းလုံးကြီးများ ထနေသည်။
တံတား၏ အခြားဘက်အခြမ်းတွင်မူ သွေးကဲ့သို့ ရဲရဲနီနေသော ပန်းခင်းကြီး ရှိနေပြီး မြစ်ရေ၏ စိမ်းဖျော့ဖျော့ အလင်းရောင်နှင့် အတူ ဝိညာဉ်ကမ္ဘာ၏ မိုးကုပ်စက်ဝိုင်းကို နီမြန်းသော အရောင်အဖြစ် ပြောင်းလဲပေးထားသည်။
ချန်ကျိုးသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးထဲတွင် အောက်မေ့သတိရသည့် အရိပ်အယောင်များ ဖြတ်သန်းသွားသည်။
"ကုတင်ရှေ့က လမင်းအလင်းရောင်က မြေပြင်ပေါ်က ဆီးနှင်းတွေလိုပဲ၊ ခေါင်းမော့ပြီး လမင်းကို ကြည့်တယ်၊ ခေါင်းငုံ့ပြီး၊ ခေါင်းငုံ့တော့ ဖိနပ်နှစ်စုံ၊ အိမ်ပြန်ချင်တဲ့ အငွေ့အသက်ကို မရတာ ကြာပြီ"
"လေလွင့်ဝိညာဥ်လေး၊ မျက်စောင်းလေး၊ တို့တွေ တံတားဖြတ်ကြမယ်"
ချန်ကျိုးသည် ဓားကြီးနှစ်လက်ကို မြှောက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ဝမ့်ချွမ်းမြစ်ကို ဖြတ်ကျော်ပြီးလျှင် စစ်မှန်သော ဝိညာဉ်ကမ္ဘာ ဖြစ်သည်။ ဤတံတားသည် နှစ်ပေါင်းသောင်းချီ တည်ရှိခဲ့ပြီး မြစ်ကို ဖြတ်ကူးသည့် ဝိညာဉ်ပေါင်းများစွာကို သယ်ဆောင်ခဲ့သည်။
[ဤတံတားသည် သေဆုံးပြီးသား ဝိညာဉ်များကိုသာ သယ်ဆောင်ပြီး အသက်ရှင်နေသော ဝိညာဉ်များကို မသယ်ဆောင်ချေ၊ အသက်ရှင်နေသော လူသားကို ပိုလို့မသယ်ဆောင်ကြောင်း Host ကို ဤစနစ်က သတိပေးသည်]
ချန်ကျိုးသည် စနစ်ပြောသည်ကို လုံးဝ ဂရုမစိုက်ဘဲ နိုင်ဟော်တံတားပေါ်သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
ခြေထောက်မှ ညှပ်ဖိနပ်အကြီးစားသည် နိုင်ဟော်တံတားပေါ်ရှိ ကျောက်လှေကားများနှင့် ထိမိသောအခါ ကျောက်လှေကားများသည် ဖယောင်းတိုင်ကဲ့သို့ ချန်ကျိုး၏ ခြေဖဝါးအောက်တွင် အရည်ပျော်သွားပြီး ချန်ကျိုး၏ ခြေထောက်သည် အောက်သို့ ကျွံဝင်သွားသည်။
ချန်ကျိုးသည် ခြေထောက်ကို အမြန်ပြန်ရုပ်သိမ်းလိုက်ရာ ထို ကျောက်လှေကားများသည် မူလအတိုင်း အမြန်ပြန်ဖြစ်သွားသည်။
ဘေးနားရှိ လေလွင်းဝိညာဥ်လေးသည် ဂါဝန်အောက်မှ ခြေထောက်သေးသေးလေးတစ်ဖက်ကို ဆန့်ထုတ်ကာ ကျောက်လှေကားပေါ်သို့ နင်းကြည့်သည်။ ခြေဖဝါးက ကျောက်စောင်းပေါ်တွင် မြဲမြံစွာ တည်ရှိနေပြီး နှစ်ချက်မျှ ပုတ်ကြည့်ကာ ပြဿနာမရှိကြောင်း သေချာမှ နောက်ခြေထောက်ကို လိုက်နင်းသည်။ ဝိညာဉ်တစ်ခုလုံး ကျောက်လှေကားပေါ်တွင် ရပ်နေသော်လည်း ကျောက်လှေကားက ဘာတုံ့ပြန်မှုမှ မရှိချေ။
ခုန်ကြည့်၊ လွှားကြည့်သော်လည်း ခိုင်ခံ့နေဆဲ ဖြစ်သည်။
ချန်ကျိုးသည် မိမိ၏ ခြေထောက်ကို ငုံ့ကြည့်ကာ ဇဝေဇဝါဖြစ်လျက် သရဲလေး စောစောက လုပ်သည့်အတိုင်း ခြေထောက်ကြီးတစ်ဖက်ကို ဆန့်ထုတ်ကာ ကျောက်လှေကားပေါ်သို့ နင်းကြည့်သည်။
သူ မြဲမြံစွာ မနင်းမိခင်မှာပင် ခြေဖဝါးအောက်ရှိ ကျောက်လှေကားသည် ကျင်းတစ်ခုအဖြစ် အရည်ပျော်သွားသဖြင့် ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ရသည်။
ချန်ကျိုးက လှည့်ပြီး အားယန်ကို အချက်ပြလိုက်သည်။
"မင်း တက်လျှောက်ကြည့်စမ်း"
သရဲမ အားယန်သည်လည်း ခြေထောက်တစ်ဖက်ကို ဆန့်ထုတ်ကာ ခံနိုင်ရည်ကို စမ်းသပ်ပြီးနောက် စိတ်အေးလက်အေးဖြင့် တက်ရပ်လိုက်ရာ တောင်ကြီးကဲ့သို့ တည်ငြိမ်နေသည်။
ထို့နောက် နှစ်တစ်ထောင် ကျားဝိညာဉ် တက်ကြည့်သည်။
[စနစ် : အသက်ရှင်သော ဝိညာဉ်ကို မသယ်ဆောင်၊ အသက်ရှင်သော ဝိညာဉ်ကို မသယ်ဆောင်၊ အသက်ရှင်သော ဝိညာဉ်ကို မသယ်ဆောင်]
ချန်ကျိုးသည် မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားနေပြီးနောက် ရုတ်တရက် သဘောပေါက်သွားသည်။
"ငါ သိပြီ၊ ဒီတံတားက ဆရာကြီးတွေကို မသယ်ဆောင်တာပဲ"
[စနစ် : ဒါလည်း ဟုတ်တာပဲ၊ ဘာပဲဖြစ်ဖြစ် မင်းကို မသယ်ဆောင်တာတော့ အမှန်ပဲ]
ချန်ကျိုးသည် စိတ်ကူးကောင်းတစ်ခု ရသွားသည်။
"ငါ အကြံကောင်းတစ်ခု ရပြီ၊ ကြောင်ကြီးကို ငါ့ကို ပိုးခိုင်းပြီး ဖြတ်မယ်"
လေလွင့်ဝိညာဥ်လေးက လက်ခုပ်တီးလိုက်သည်။
"ချန်ကျိုး၊ ရှင်က တကယ် တော်တာပဲ"
နှစ်တစ်ထောင် ကျားဝိညာဉ်က သံသယရှိသော မျက်လုံးများဖြင့် ကြည့်သည်။ ဒီနည်းလမ်းက အဆင်ပြေပါ့မလား။
နှစ်တစ်ထောင် ကျားဝိညာဉ်သည် ချန်ကျိုး၏ အမိန့်ကို မဖီဆန်ရဲဘဲ ချန်ကျိုး၏ ခြေရင်းတွင် လိမ္မာပါးနပ်စွာ ဝပ်ပေးကာ ချန်ကျိုးကို သူ့ကျောပေါ်သို့ တက်ခွင့်ပြုလိုက်သည်။
"သွား"
နှစ်တစ်ထောင် ကျားဝိညာဉ်သည် ကျားလက်ဝါးကို လှမ်းလိုက်ပြီး နိုင်ဟော်တံတားပေါ်သို့ နင်းလိုက်သည်။
တံတားကိုယ်ထည်က ကျွံမသွားသော်လည်း နှစ်တစ်ထောင် ကျားဝိညာဉ်၏ ကိုယ်ပေါ်တွင် တန်ချိန်များစွာ လေးလံသော အရာများကို ထမ်းထားရသလို လေးလံလှသည်။
ကျားဝိညာဉ်သည် အဆင့်ငါး သရဲစစ်သူကြီး အင်အားကို အားကိုးကာ တံတားပေါ်သို့ တောင့်ခံပြီး လျှောက်လှမ်းနေသည်။ လျှောက်လေ လေးလေ ဖြစ်လာကာ အလေးချိန်က ဆတိုး မြင့်တက်လာသည်။
နောက်ဆုံးတွင် ကျားဝိညာဉ်သည် မတ်တပ်မရပ်နိုင်တော့ဘဲ တံတားပေါ်တွင် ဝပ်သွားရသည်။
ချန်ကျိုး၏ အဓိပ္ပာယ်မရှိသော ညွှန်ကြားမှုအောက်တွင် လေလွင့်ဝိညာဥ်လေးနှင့် အားယန်တို့သည် ကျားဝိညာဉ်၏ ခြေထောက်များကို ဆွဲကာ ရှေ့သို့ တရွတ်တိုက် ဆွဲကြသည်။
"အားစိုက်၊ အားစိုက်၊ လေလွင့်ဝိညာဥ်လေး နောက်ထပ် အားနည်းနည်းလောက် အားစိုက်စမ်း၊ မျက်စောင်းလေး၊ မင်းက ဒီလောက် ကိုယ်လုံးကြီးတာ အလကားပဲ၊ အားစိုက်၊ အားစိုက်"
ချန်ကျိုးသည် နိုင်ဟော်တံတား၏ လေးပုံတစ်ပုံမျှသာ ရောက်သေးသည်။
[စနစ် : ငါ ဘာလို့ ဒီလို အကောင်မျိုးနဲ့ စာချုပ်ချုပ်မိပါလိမ့်၊ ယန်အငွေ့အသက်ကို နှိမ်နင်းမယ်၊ ယင်အငွေ့အသက်နဲ့ ကိုယ်ခန္ဓာကို ကာကွယ်မယ်]
ချန်ကျိုး၏ ကိုယ်ပေါ်ရှိ တောက်လောင်နေသော မီးတောက်ငယ်သုံးခုသည် စနစ်၏ နှိမ်နင်းမှုကြောင့် မီးပွားလေးများအဖြစ် ပြောင်းလဲသွားသည်။
နှစ်တစ်ထောင် ကျားဝိညာဉ်သည် ခန္ဓာကိုယ်ကို အားပြုကာ မတ်တပ်ရပ်ရန် ပြင်နေပြီး လေလွင့်ဝိညာဥ်လေးနှင့် အားယန်တို့က ကျားဝိညာဉ်၏ ခြေထောက်များကို အသည်းအသန် ဆွဲနေကြသည်။
ရုတ်တရက် ချန်ကျိုး၏ ကိုယ်ပေါ်ရှိ အလေးချိန်များ လွင့်စင်သွားသည်။
ဝိညာဉ်သုံးခု တုံ့ပြန်ရန် အချိန်မရခင်မှာပင် နှစ်တစ်ထောင် ကျားဝိညာဉ်သည် တံတားပေါ်သို့ မှောက်ကျသွားပြီး လေလွင့်ဝိညာဥ်လေနှင့် အားယန်တို့သည် ဖင်ထိုင်ရက် လဲကျသွားကြသည်။
အသနားရဆုံးမှာ ချန်ကျိုး ဖြစ်သည်၊ ရုတ်တရက် ပေါ့ပါးသွားသော သူသည် အဝေးသို့ လွင့်ထွက်သွားသည်။
လေလွင့်ဝိညာဥ်လေးသည် တံတားပေါ်မှ ထရပ်ကာ ချန်ကျိုး၏ အရိပ်အယောင်ကို လည်ပင်းဆန့်၍ ရှာဖွေလိုက်သည်။
"ချန်ကျိုး ဘယ်ရောက်သွားလဲ၊ ကြောင်ကြီး၊ နင် ချန်ကျိုးကို ခါချလိုက်ပြီ"
နှစ်တစ်ထောင် ကျားဝိညာဉ်သည် အလွန် မတရားခံရသလို ခံစားရပြီး ချန်ကျိုး တံတားအောက် ကျသွားမလားဟု တံတားဘေးသို့ သွားကြည့်သည်။
လေလွင့်ဝိညာဥ်လေးက အော်ဟစ်လိုက်သည်။
"ချန်ကျိုး၊ ချန်ကျိုး"
အားယန်က လိုက်ခေါ်သည်။
"ဆရာကြီးချန်၊ ဆရာကြီးချန်"
နှစ်တစ်ထောင် ကျားဝိညာဉ်ကလည်း ဟောက်လိုက်သည်။
"ဝေါင်း၊ ဝေါင်း"
တစ်ဖက်ကမ်းတွင် ပွင့်လန်းနေသော ပန်းခင်းကြီးထဲမှ လှုပ်ရှားမှုတစ်ခု ဖြစ်သွားပြီး ကတုံးပြောင်ပြောင်တစ်ခု ပေါ်လာသည်။
"ငါ ဒီမှာ၊ ငါ ဒီမှာ"
သရဲသုံးကောင်သည် အသံကြားရာသို့ အပြေးလာကြပြီး သရဲလေးက ချန်ကျိုးကို အမြန်ဆွဲထူလိုက်သည်။
အားယန်သည် ပန်းခင်းကြီးကို ကြည့်ကာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ထိုအရာသည် ကျယ်ပြောလှသော ပန်းခင်းကြီး ဖြစ်ပြီး ပွင့်ချပ်များသည် ချိတ်ကောက်ကဲ့သို့ ဖြစ်ကာ ပွင့်ဖတ်အဖျားသည် မျက်ရည်စက်ကဲ့သို့ ဖြစ်နေသည်။ ဝတ်ဆံများသည် အမျှင်ကလေးများကဲ့သို့ ရှိပြီး ပွင့်ဖတ်သာရှိ၍ အရွက်မရှိချေ။ ပန်းများက ရဲရဲနီကာ မျက်စိတံတစ်ဆုံးအထိ ပွင့်လန်းနေသည်။
ဤပန်းသည် ဝိညာဉ်ကမ္ဘာ၏ တစ်ခုတည်းသော ပန်း ဖြစ်ပြီး ပန်းပွင့်လျှင် နှစ်တစ်ထောင်၊ အရွက်ထွက်လျှင် နှစ်တစ်ထောင်၊ ပွင့်လျှင် အရွက်မရှိ၊ အရွက်ရှိလျှင် အပွင့်မရှိဘဲ ဝမ့်ချွမ်းမြစ်ကမ်းနားတွင် ပေါက်ရောက်ကာ ကွယ်လွန်သူများကို ဝိညာဉ်ကမ္ဘာသို့ လမ်းညွှန်ပေးသဖြင့် လမ်းညွှန်ပန်းဟုလည်း ခေါ်ကြသည်။
အနှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပွင့်သည့် ပန်းပွင့်ခြင်းကို ချန်ကျိုး တိုက်တိုက်ဆိုင်ဆိုင် ကြုံတွေ့လိုက်ရခြင်း ဖြစ်သည်။
လေလွင့်ဝိညာဥ်လေးတို့အုပ်စုအတွက်မူ ယင်းသည် သရဲသက်တမ်းအတွင်း ထူးဆန်းသော မြင်ကွင်း ဖြစ်သဖြင့် နောင်တွင် ကြွားလုံးထုတ်စရာ အရင်းအနှီး ရသွားပြီ ဖြစ်သည်။
နှစ်တစ်ထောင် ကျားဝိညာဉ်က ကျားခြေသည်းဖြင့် ပန်းတစ်ပွင့်ကို ပုတ်လိုက်ရာ ထိုပန်းမှ ရွှေရောင်အလင်းစက်များ ထွက်ပေါ်လာပြီး လေမတိုက်ဘဲ လွင့်စင်သွားသည်။
ဤပန်းခင်းသည် သေခြင်းတရား၏ အလှတရား တစ်မျိုး ဖြစ်ပြီး မှောင်မိုက်ခြင်းထဲတွင် ပေါက်ရောက်သော်လည်း ရဲရဲတောက် လှပနေသည်။
ချန်ကျိုးသည် မျက်တောင်မခတ်ဘဲ ဤနီရဲနေသော နေရာကို ကြည့်နေပြီးနောက် သတိပြန်ဝင်လာကာ လက်ကို မြှောက်၍ သရဲသုံးကောင်ကို တစ်ချက်စီ ခေါက်လိုက်သည်။
"မင်းတို့ လောကကြီးကို မမြင်ဖူးတဲ့ ပုံစံကို ကြည့်ဦး၊ ဒါလေးနဲ့တင် မင်းတို့က ကြောက်သွားကြတာလား၊ ငါ ကမ္ဘာကြီးပေါ်မှာ တာဝန်တွေ ပြီးဆုံးသွားရင် မင်းတို့ကို ငါ့ဂြိုဟ်ဆီ ခေါ်သွားပြီး တကယ့် ခမ်းနားတဲ့အရာကို ပြမယ်၊ ဒီလို အသေးအဖွဲ အခင်းအကျင်းမျိုးက ငါတို့ဆီမှာ အများကြီး ရှိတယ်၊ ငါ့ဂြိုဟ်က အိမ်ရှေ့မှာတင် အများကြီး ရှိတာ"
ပြောရင်းနှင့် ချန်ကျိုးသည် ပန်းတစ်ပွင့်ကို ဆွတ်ခူးလိုက်ပြီး မိမိ၏ နားရွက်တွင် ညှပ်ကာ လေလွင့်ဝိညာဥ်လေးကို မေးလိုက်သည်။
"လှလား"
လေလွင့်ဝိညာဥ်လေးက ချိုသာစွာ ခေါင်းညိတ်ပြီး သွားဖြဲပြသည်။
"လှတယ်၊ ဟိဟိ၊ ချန်ကျိုးက ဘယ်လိုပုံစံပဲဖြစ်ဖြစ် လှတယ်၊ ချန်ကျိုးက ကမ္ဘာပေါ်မှာ အလှဆုံးလူပဲ"
"အမြင်ရှိသားပဲ"
ချန်ကျိုးသည် သရဲလေး၏ ချီးကျူးမှုကြောင့် ကျေနပ်သွားသည်။
အနှစ်တစ်ထောင်မှ တစ်ကြိမ်ပွင့်သည့် ပန်းသည် ချန်ကျိုး၏ လက်ထဲတွင် တောပန်းကဲ့သို့ တန်ဖိုးမရှိသလို ဖြစ်သွားပြီး ချန်ကျိုးသည် သူ့သရဲများကို ခေါ်ကာ ပန်းခင်းထဲတွင် ရွေးချယ်နေကြရာ နားရွက်နှစ်ဖက်လုံးတွင် ပန်းများ ပြည့်နှက်နေသည်။
"ဆရာကြီးချန်၊ ကျွန်မ ရှင့်ကို ပန်းဦးထုပ်တစ်လုံး ရက်ပေးမယ်လေ"
"ကောင်းပြီ၊ ကောင်းပြီ"
"ချန်ကျိုး၊ ငါ့ခေါင်းပေါ်က ပန်းအနီကြီးတွေကို ကြည့်ဦး၊ လှလား"
"လှတယ်၊ ငါက ဆံပင်မရှိလို့ ပန်းစိုက်လို့မရဘူး"
နှစ်တစ်ထောင် ကျားဝိညာဉ်၏ ခေါင်းပေါ်တွင်ပင် ချန်ကျိုးက ကျားနားရွက်၌ ပန်းတစ်ပွင့် ချည်ပေးထားသည်။
ယခုအချိန်တွင် လူသားကမ္ဘာ၌ တစ်ညတာ ကုန်ဆုံးသွားပြီ ဖြစ်သည်။
ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လူများသည် တစ်ညလုံး တင်းမာနေခဲ့သော အာရုံကြောများကို နေမင်းကြီး ထွက်ပေါ်လာသည်နှင့်အမျှ ဖြည်းဖြည်းချင်း လျှော့ချလိုက်ကြသည်။
သတိကြီးကြီးထားရန် အထပ်ထပ် သတိပေးခဲ့သော လျိုပန်ချန်းသည် လော့ယွီမင်၏ ဘေးတွင် ထိုင်ကာ လော့ယွီမင်နှင့်အတူ ဖရုံစေ့များကို ဝါးနေကြသည်။
အခြားမြို့များမှ ဝိညာဉ်တံခါးဝများတွင်မူ ပုံစံမျိုးစုံဖြင့် စစ်ကူတောင်းနေကြသည်။
သူတို့ကတော့။
ပျင်းလွန်းသဖြင့် ဖဲကစားချင်စိတ် ပေါက်နေသည်။
ဒီနှစ် လပြည့် ဝိညာဉ်တံခါးက သုံးရက်တောင် ဆက်တိုက် ပွင့်မှာ ဖြစ်သည်။
တကယ်လို့ အဆင်မပြေရင် သရဲတစ်ကောင် နှစ်ကောင်လောက် ထွက်လာပြီး ဟန်ပြလုပ်ရင်တောင် ရတာပဲကို။