အခန်း ၉၀
Vol. 9 Ch. 90
Chapter 90
ချန်ကျိုးသည် ခန္ဓာကိုယ်တွင် အားယန်က သူ့အတွက် သီးသန့်ရက်လုပ်ပေးထားသည့် ပန်းပွင့်နီဦးထုပ်ကို ဆောင်းထားပြီး လေလွင့်ဝိညာဥ်လေး၊ အားယန်၊ နှစ်တစ်ထောင် ကျားဝိညာဉ်တို့နှင့်အတူ ပန်းခင်းကြီးထဲတွင် ပြေးလွှားဆော့ကစားနေကြသည်။
ပန်းခင်းကြီး၏ လမ်းကြောင်းများက ရှုပ်ထွေးလှသည်၊ ချန်ကျိုးနှင့် အားယန်၊ ရှောင်ကွေ့ထို တို့ ပုန်းတမ်းကစားနေကြစဉ် မသိမသာဖြင့် ဝမ့်ချွမ်းမြစ်ကမ်းနားက လူသူမရှိသည့် ထောင့်တစ်နေရာသို့ ရောက်ရှိသွားကာ ရုတ်တရက် တရှူးရှူးတရှဲရှဲ အသံများကို ကြားလိုက်ရသည်။
“ဒါက ချစ်သူရည်းစားတွေ ပန်းခြုံထဲမှာ ပုန်းနေကြတာလား”
ချန်ကျိုးသည် တစ်ခဏမျှအတွင်း စိတ်လှုပ်ရှားသွားပြီး နှလုံးသားလေးကလည်း တဒုန်းဒုန်းနှင့် မနားတမ်း ခုန်လာကာ ချောင်းနားထောင်ချင်စိတ်ကို မအောင့်အီးနိုင်တော့ချေ။
ချန်ကျိုးသည် သူလျှိုတစ်ယောက်ကဲ့သို့ အသွင်ပြောင်းကာ အသံထွက်ပေါ်ရာနေရာသို့ သတိကြီးစွာဖြင့် ချဉ်းကပ်သွားသည်။
အရွက်မရှိသည့် အကိုင်းအခက်များကို ဖြတ်ကျော်၍ ကြည့်လိုက်ရာ ဝမ့်ချွမ်းမြစ်ကမ်းနားက ထောင့်တစ်နေရာတွင် လူရိပ်သုံးလေးခု လှုပ်ရှားနေသည်ကို မြင်လိုက်ရသည်။
ဝမ့်ချွမ်းမြစ်ပေါ်တွင်မူ ဟောင်းနွမ်းနေသည့် သစ်ဖောင်တစ်ခု ရပ်တန့်နေပြီး သစ်ဖောင်ပေါ်တွင် ခါးကုန်းကုန်းနှင့် အဝတ်နက်ဝတ်ထားသည့် အဖိုးအိုတစ်ယောက် ရပ်နေသည်။ အဖိုးအိုသည် ခမောက်ဆောင်းထားသဖြင့် ခမောက်အောက်က မျက်နှာကို သဲသဲကွဲကွဲ မမြင်ရချေ။ ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနည်းငယ် ညစ်ပတ်ဟောင်းနွမ်းနေပုံရသည်။
"ကျွန်တော်တို့ကို မြစ်ကူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ၊ ဒါကတော့ ကျွန်တော့်ရဲ့ စေတနာအနည်းငယ်ပါ"
ပြောဆိုလိုက်သူမှာ ထွားကြိုင်းဝတုတ်သည့် လူတစ်ယောက် ဖြစ်ပြီး လက်ထဲတွင် အိတ်အမည်းတစ်အိတ်ကို ကိုင်ထားကာ မျက်နှာတွင် ခြောက်လှန့်ဖွယ် သရဲမျက်နှာဖုံးကို တပ်ဆင်ထားသည်။ သို့သော် သူ၏ပခုံးပေါ်က စိမ်းဖျော့ဖျော့ မီးတောက်ငယ်ကြောင့် ဝိညာဉ်ကမ္ဘာသို့ လာသည့် အသက်ရှင်နေသော လူသားတစ်ယောက် ဖြစ်ကြောင်း သိသာလှသည်။
အဖိုးအိုသည် စကားတစ်ခွန်းမျှ မဆိုဘဲ ထိုအိတ်အမည်းကို လှမ်းယူကာ လှေငယ်ကို ဖြည်းဖြည်းချင်း လှော်ခတ်၍ ထွက်ခွာသွားသည်။
အဖိုးအို ထွက်ခွာသွားပြီးနောက် လူသုံးယောက် ကျန်ရစ်ခဲ့သည်။ ထိုအထဲက လူနှစ်ယောက်သည် ကျောတွင် အထုပ်ကြီးများကို ပိုးထားပြီး လက်ထဲတွင်လည်း အထုပ်ကြီးတစ်ထုပ်ကို ကိုင်ထားကြသဖြင့် အလုပ်သမားများ ဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိသာလှသည်။
ချန်ကျိုး၏ မျက်စိရှေ့တွင် အလင်းတစ်ခု လက်သွားပြီး ဤလူသုံးယောက်၏ ဦးခေါင်းအထက်တွင် အသေးစိတ် အချက်အလက်များ ပေါ်လာသည်။
[လျိုဝမ်ရှား - ကောင်းကင်မိစ္ဆာဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူ၊ အင်အား - အဆင့်လေး ပေခုန်း အလယ်အလတ်အဆင့်]
[ဝူကျန်း - ကောင်းကင်မိစ္ဆာဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူ၊ အင်အား - အဆင့်လေး ပေခုန်း အဆင့်မြင့်အဆင့်]
[ရှန့်စစ်ပေ့ - ကောင်းကင်မိစ္ဆာဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူ၊ အင်အား - အဆင့်ငါး နန်ချောင် အဆင့်မြင့်အဆင့်]
"ပန်းပွင့်နီတွေကို မထိမိအောင် သတိထားကြ၊ ဒီပန်းတစ်ပွင့်စီက လေလွင့်ဝိညာဉ်တစ်ခုစီကို ကိုယ်စားပြုနေတာ၊ ပြီးတော့ ဝမ့်ချွမ်းမြစ်ကမ်းနားမှာ ပေါက်နေတာမလို့ အငြိုးအတေးက အရမ်းကြီးတယ်၊ မတော်တဆဖြစ်ရင် ဒီပန်းက မင်းတို့ရဲ့ စိတ်အာရုံကို ဖုံးလွှမ်းသွားလိမ့်မယ်"
လမ်းပြအဖြစ် ဆောင်ရွက်သည့် ရှန့်စစ်ပေ့က ပြောလိုက်သည်။
လျိုဝမ်ရှားနှင့် ဝူကျန်းတို့သည် ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သဖြင့် စီနီယာ၏ သတိပေးမှုကို ကြားသောအခါ သိသိသာသာဖြင့် ပန်းများနှင့် ဝေးဝေးတွင် နေလိုက်ကြသည်။
ပန်းခြုံထဲတွင် ပုန်းနေသည့် ချန်ကျိုးသည် မျက်လုံးကို အပေါ်သို့ ပင့်ကြည့်လိုက်ရာ မျက်စိထဲတွင် နီရဲနေသည့် အရာများကိုသာ မြင်လိုက်ရသည်။
သူက ပန်းများဖြင့် ဝေဆာနေသည့် အနီရောင်ဦးထုပ်အကြီးကြီးကို ဆောင်းထားခြင်း ဖြစ်သည်။
စိတ်အာရုံ ဖုံးလွှမ်းသွားတယ် ဟုတ်လား။
မဖုံးပါဘူး။
ငါချန်ကျိုးက ဒီလောက် ပါးနပ်တာ၊ ဘယ်တုန်းက စိတ်အာရုံ ဖုံးလွှမ်းခံရဖူးလို့လဲ။
[စနစ် : အင်း အင်း၊ ချန်ကျိုးက ကမ္ဘာပေါ်မှာ အပါးနပ်ဆုံးလူကြီးပဲ]
“ဒါပေါ့”
ချန်ကျိုးသည် ဂုဏ်ယူဝင့်ကြွားနေပြီး စိတ်ထဲတွင်လည်း ပျော်ရွှင်မှုများ ဖြစ်ပေါ်နေသည်။
"ဆရာရှန့်၊ သရဲဈေးကို ရောက်ဖို့ ဘယ်လောက်လိုသေးလဲ၊ ကျွန်တော်တို့တစ်နေ့လုံး တစ်ညလုံး လျှောက်လာရတာ" လျိုဝမ်ရှားက မေးလိုက်သည်။
ရှန့်စစ်ပေ့က ပန်းခင်း၏ ရှေ့ဘက်သို့ လက်ညှိုးထိုးပြလိုက်သည်။
"ရှေ့ကို ဆက်လျှောက်၊ လမ်းမကြီးထဲကို ဝင်ပြီးရင် နောက်ထပ် မိုင်နှစ်ဆယ်လောက် လျှောက်ရင် သရဲဈေးကို ရောက်ပြီ၊ မင်းတို့မလာခင် သရဲဈေးရဲ့ စည်းကမ်းတွေကို အကုန်နားလည် ခဲ့ကြတယ်မလား”
“အဲဒီထဲက အရေးကြီးဆုံး သုံးချက်ရှိတယ်၊ ပထမအချက်က သရဲတွေရဲ့ စကားကို မယုံနဲ့၊ အရောင်းအဝယ်ကလွဲရင် ကျန်တဲ့စကားတွေကို လုံးဝ ဂရုမစိုက်နဲ့၊ ဒုတိယအချက်က မျက်နှာဖုံးကို မချွတ်နဲ့၊ သရဲဈေးက ဘေးကင်းတယ်ဆိုပေမဲ့ သရဲဈေးအပြင်ဘက်ကို ရောက်ရင် မင်းတို့ရဲ့ မျက်နှာက သရဲတွေရဲ့ ပစ်မှတ်ထားခြင်းကို ခံရလွယ်တယ်”
“အဲဒီအချိန်ကျရင် ကောင်းကင်မိစ္ဆာဂိုဏ်းကတောင် မင်းတို့ကို မကာကွယ်ပေးနိုင်ဘူး၊ တတိယအချက်ကတော့ အရေးအကြီးဆုံးပဲ၊ မင်းတို့ရဲ့ နာမည်အမှန်ကို လုံးဝ မပြောနဲ့၊ သရဲဈေးမှာ အင်အားစုအမျိုးမျိုး ရှိနေကြပြီး မန္တန်တွေက ဆန်းပြားလွန်းတယ်၊ လူအများကြီးက မင်းတို့ရဲ့ နာမည်တစ်ခုတည်းနဲ့တင် မင်းတို့ရဲ့ နောက်ကြောင်းကို စုံစမ်းနိုင်တယ်"
လျိုဝမ်ရှား ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်လိုက်သည်။
"ဆရာရှန့် စိတ်ချပါ၊ ကျွန်တော်တို့မလာခင် ဒီစည်းကမ်းတွေကို အလွတ်ရနေပါပြီ"
ရှန့်စစ်ပေ့သည် လူနှစ်ယောက်ကို ဦးဆောင်ကာ လမ်းကျဉ်းလေးအတိုင်း ထွက်ခွာသွားသည်။
ချန်ကျိုးသည် ပန်းခြုံထဲမှ ခေါင်းကို ပြူထွက်လိုက်ရာ ပန်းများဖြင့် ပြည့်နှက်နေသည့် ခေါင်းအောက်တွင် တောက်ပသော မျက်လုံးတစ်စုံ ပေါ်လာသည်။
အမှန်တော့ ပုန်းမနေလျှင်ပင် ဤပန်းပုံကြီးအောက်တွင် လူတစ်ယောက် ပုန်းနေသည်ကို သိနိုင်ရန် ခဲယဉ်းလှသည်။
"ရှောင်ကွေ့ထို၊ သူတို့ပြောတာကို မင်း ကြားလိုက်လား"
(T/N : လေလွင့်ဝိညာဉ်လေး = ရှောင်ကွေ့ထို)
"ကြားတယ်၊ သရဲဈေးကို သွားရင် မှတ်ထားရမယ့် သုံးချက်ရှိတယ်၊ သရဲစကားကို မယုံရဘူး၊ မျက်နှာဖုံး မချွတ်ရဘူး၊ နာမည်အမှန်ကို မသုံးရဘူး"
ချန်ကျိုးက ခေါင်းညိတ်လိုက်သည်။
"သရဲစကားကို မယုံတာတော့ ငါလုပ်နိုင်တယ်၊ နာမည်အမှန်ကို မသုံးဖို့အတွက်ဆိုရင် ငါ့နာမည်ကို ချန်ကျိုးကြီးလို့ ပြောင်းလိုက်မယ်၊ ဒါပေမဲ့ မျက်နှာဖုံး မချွတ်ရဘူးဆိုတာကျတော့ ငါ့မှာ မျက်နှာဖုံး မရှိဘူးလေ"
[စနစ် : ချန်ကျိုးကြီး ဟုတ်လား၊ လူတော်ကြီး၊ အင်း၊ မဆိုးပါဘူး]
ရှောင်ကွေ့ထိုက ခေါင်းကို ကုတ်လိုက်သည်။
"ဒါဆို ဘယ်လိုလုပ်မလဲ"
ချန်ကျိုး၏အကြည့်သည် အဝေးသို့ လျှောက်လှမ်းသွားသည့် လူသုံးယောက်ထံသို့ ရောက်ရှိသွားပြီး ပါးစပ်ကို ဖြဲကာ ဟိဟိဟူ၍ ရယ်မောလိုက်သည်။
အကြည့်က ပြောင်းလဲသွားသည်။
လျိုဝမ်ရှား၊ ဝူကျန်း၊ ရှန့်စစ်ပေ့ သုံးယောက်သည် မျှော်လင့်ချက်များဖြင့် သရဲဈေးသို့ ဦးတည်သည့် လမ်းမကြီးပေါ်တွင် လျှောက်လှမ်းနေကြသည်။ ဝိညာဉ်ကမ္ဘာတွင် ရှိနေသော်လည်း သရဲဈေးအပေါ် မျှော်လင့်ချက်များနှင့် တောင့်တမှုများ ပြည့်နှက်နေကြသည်။
သရဲဈေးသည် ဝိညာဉ်ကမ္ဘာမှ လျှို့ဝှက်ဆန်းပြားသော အင်အားကြီးပုဂ္ဂိုလ်တစ်ယောက် တည်ဆောက်ထားသည့် မြို့တစ်မြို့ ဖြစ်ပြီး ဆယ်ပါးသော ငရဲမင်းများပင် သရဲဈေး၏သခင်ကို ရိုသေကြရသည်ဟု ဆိုကြသည်။
သရဲဈေးသည် လူနှင့် သရဲ နှစ်ဖက်လုံး၏ ပဋိပက္ခတွင် ပါဝင်ခြင်း မရှိချေ။ နှစ်စဉ် လပြည့်နေ့တွင် လူသားအင်အားကြီးပုဂ္ဂိုလ်များ သည် သရဲဈေးထဲသို့ တရားမဝင် ဝင်ရောက်ကာ သရဲအင်အားကြီးပုဂ္ဂိုလ်များနှင့် အဖိုးတန် ကျင့်ကြံခြင်းပစ္စည်းများကို အရောင်းအဝယ် ပြုလုပ်နိုင်ကြသည်။
သရဲဈေးသို့ လာခွင့်ရသည့် မည်သူမဆို လူသားကမ္ဘာသို့ ပြန်ရောက်သည့်အခါ အင်အားက တစ်ဆင့် သို့မဟုတ် နှစ်ဆင့်ခန့် အနည်းဆုံး ကျော်ဖြတ်နိုင်ကြသည်။
ထိုအချိန်ကျလျှင် သူသည် ချန်ကျိုး လွှတ်ပေးလိုက်သည့် သရဲများကို တစ်ကောင်ချင်းစီ ပြန်ဖမ်းပြီး ချန်ကျိုးဟူသော ကောင်ကိုပါ အစိပ်စိပ်အမွှာမွှာ ဖြတ်တောက်ပြစ်မည်။
လျိုဝမ်ရှားသည် စိတ်ထဲတွင် နာကျည်းစွာဖြင့် တွေးတောနေသည်။
"ဟတ်ချိုး၊ ဘယ်ခွေးမသားက ငါ့ကို ဆဲနေတာလဲ"
ချန်ကျိုးသည် လမ်းဘေးက ပန်းခင်းထဲတွင် ပုန်းနေရင်း နှာချေခြင်းကို မအောင့်နိုင်ဘဲ ဖြစ်သွားသည်။
"ဘယ်သူလဲ"
လျိုဝမ်ရှား၊ ရှန့်စစ်ပေ့၊ ဝူကျန်း သုံးယောက်စလုံး ထိတ်လန့်သွားကြသည်။
ချန်ကျိုးသည်လည်း ပုန်းမနေတော့ဘဲ ပန်းခင်းထဲမှ တိုက်ရိုက် ခုန်ထွက်လာကာ အော်ဟစ်လိုက်သည်။
"လျိုဝမ်ရှား၊ ဝူကျန်း၊ ရှန့်စစ်ပေ့"
သုံးယောက်စလုံးသည် သဘာဝအတိုင်း လှည့်ကြည့်လိုက်ကြသည်။
သရဲလေးသည် ပန်းများဖြင့် ပြည့်နှက်နေသည့် ခေါင်းကို သုံးယောက်၏ မျက်စိရှေ့တွင် ခါယမ်းလိုက်သည်။
ပန်းမှ ရွှေရောင်အလင်းစက်များသည် သုံးယောက်၏ မျက်နှာပေါ်သို့ လွင့်စင်သွားသည်။
"ဒါက ပန်းပွင့်နီ"
ခေါင်းပေါ်တွင် ပန်းနီတစ်ပွင့် စိုက်ထားသည့် နှစ်တစ်ထောင် ကျားဝိညာဉ်သည် သုံးယောက်၏ နောက်ကွယ်တွင် တိတ်တဆိတ် ပေါ်လာပြီး အရွယ်အစားက သုံးယောက်ထက် များစွာ ကြီးမားလှသည်။
"ဝေါင်း"
ဤကျားဟောက်သံက လူ၏ ဝိညာဉ်ကို တုန်လှုပ်စေသည်။
တစ်ချက် လန့်သွားပြီး တစ်ချက် ကြောက်သွားသည်။
တင်းမာနေသည့် အာရုံကြောများက ဘယ်လိုလုပ် ခံနိုင်ရည် ရှိပါ့မည်နည်း။ ပန်း၏ ဖုံးလွှမ်းမှုအောက်တွင် အသက်ရှင်နေသော ဝိညာဉ်သုံးခုသည် မြေပြင်ပေါ်သို့ ယိမ်းထိုးကာ လဲကျသွားကြသည်။
ကျားဝိညာဉ်က တစ်ယောက်ကို ကိုက်သည်။
အားယန်က တစ်ယောက်ကို ဆွဲသည်။
ချန်ကျိုးနှင့် ရှောင်ကွေ့ထိုက တစ်ယောက်ကို မသည်။
ပန်းခင်းကြီးထဲသို့ ပုန်းလျှိုးသွားကြသည်။
သုံးယောက်၏ မျက်နှာဖုံးများကို ချွတ်ယူလိုက်ကြသည်။
ချန်ကျိုးသည် မျက်နှာဖုံး သုံးခုကို ကိုင်ပြီး အလေးချိန်ကို စမ်းသပ်ကြည့်ကာ အရှိန်အဝါ အရှိဆုံးနှင့် အကြမ်းဆုံး ဖြစ်သည့် သွားဖြဲထားသော သရဲမျက်နှာဖုံးကို ရွေးချယ်၍ မျက်နှာတွင် တပ်ဆင်လိုက်သည်။
"ချောလား"
ရှောင်ကွေ့ထိုက မြှောက်ပင့်သူတစ်ယောက်၏ ပုံစံကို အပြည့်အဝ ဖော်ဆောင်လိုက်သည်။
"ချန်ကျိုး၊ မဟုတ်ဘူး၊ ချန်ကျိုးကြီးက ဝိညာဉ်ကမ္ဘာမှာ အချောဆုံးလူပဲ"
အားယန်က စိတ်ထဲတွင် ဝိညာဉ်ကမ္ဘာမှာ လူအများကြီး ရှိနေတဲ့အတိုင်းပဲဟု တွေးလိုက်သည်။
ကျန်ရှိသည့် မျက်နှာဖုံး နှစ်ခုကို ရှောင်ကွေ့ထိုနှင့် အားယန်တို့၏ မျက်နှာတွင် တပ်ဆင်ပေးလိုက်သည်။
သုံးယောက်၏ အထုပ်များကိုမူ ချန်ကျိုးက ဖွင့်ကြည့်လိုက်ရာ ပြန့်ကျဲနေပြီး သရဲဈေးတွင် သွားရောက်ရောင်းချမည့် ပစ္စည်းများ ဖြစ်ပုံရသည်။
အကုန်လုံးကို ကျားဝိညာဉ်၏ ကိုယ်ပေါ်တွင် ချည်နှောင်လိုက်သည်။
နှစ်တစ်ထောင် ကျားဝိညာဉ်ကတော့ မပျော်မရွှင် ဖြစ်နေသည်။ မျက်နှာဖုံးကျတော့ သူနှင့်မဆိုင်ဘဲ အလုပ်လုပ်ရလျှင်တော့ သူ့ကို ပထမဆုံး သတိရကြသည်။
မကောင်းမှုလုပ်ထားသဖြင့် စိတ်ထဲတွင် လုံခြုံမှုမရှိချေ။ ချွတ်ယူနိုင်သမျှကို ချွတ်ယူပြီးနောက် ချန်ကျိုးသည် သရဲသုံးကောင်ကို အမြန်ထွက်ခွာရန် အချက်ပြလိုက်သည်။
ချန်ကျိုးသည် ရှန့်စိပေ့ စောစောက ပြောခဲ့သည့် လမ်းကြောင်းအတိုင်း သရဲဈေးရှိရာ ဘက်သို့ လျှောက်လှမ်းသွားသည်။
တစ်နာရီခန့် လျှောက်ပြီးနောက် ချန်ကျိုး အနည်းငယ် စိတ်မရှည် ဖြစ်လာချိန်တွင် ဝေးလံသော မိုးကုပ်စက်ဝိုင်း၌ မြို့တစ်မြို့၏ အရိပ်အယောင် ပေါ်လာသည်။
နီးကပ်သွားသောအခါမှ သရဲဈေးသည် ရှေးဟောင်းမြို့ရိုးတစ်ခုကဲ့သို့ ဖြစ်နေပြီး မြို့ရိုးက မီတာဆယ်ဂဏန်းခန့် မြင့်မားကာ ခမ်းနားထည်ဝါလှသည်ကို တွေ့ရသည်။
မြို့တံခါးဝတွင် လူများနှင့် သရဲများ ဝင်ထွက်သွားလာနေကြပြီး စည်ကားသော်လည်း စနစ်တကျ ရှိလှသည်။ တံခါးစောင့်နေသည့် ဝိညာဉ်စစ်သည်များသည် ဝင်ထွက်သွားလာနေသည့် လူနှင့် သရဲများ၏ မည်သူမည်ဝါဖြစ်ကြောင်းကို စစ်ဆေးခြင်း မရှိကြချေ ။
သရဲဈေးသည် ဝိညာဉ်ကမ္ဘာ၏ မီးခိုးရောင်နယ်မြေ ဖြစ်သဖြင့် လူနှင့် သရဲအများစုသည် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားကြပြီး အလျင်အမြန် သွားလာနေကြကာ အားလုံးက လူမသိသူမသိ နေထိုင်သည့် ပုံစံကို လိုက်နာကြသည်။
ချန်ကျိုး တစ်ယောက်သာလျှင် ပန်းများဖြင့် ရက်လုပ်ထားသည့် အနီရောင်ဦးထုပ်ကြီးကို ဆောင်းထားပြီး ကိုယ်ပေါ်က ပီကာချူးဝတ်စုံတွင် အပေါက်များစွာ ဖြစ်နေကာ ခြေထောက်က ညှပ်ဖိနပ်အကြီးစားက အသိသာဆုံး ဖြစ်နေသည် ထိုအထဲက တစ်ဖက်၏ အနားသတ်များမှာ မီးလောင်ကျွမ်းထားသလို ဖြစ်နေသည်။
ချန်ကျိုး၏ သရဲများကို ကြည့်ဦးတော့။ ရှောင်ကွေ့ထိုသည် ချန်ကျိုးကဲ့သို့ပင် ခေါင်းပေါ်တွင် ပန်းအနီကြီးများ ပြည့်နှက်နေသည်။ အားယန်ကတော့ ချန်ကျိုးနှင့် နှိုင်းယှဉ်လျှင် အနည်းငယ် ရိုးရှင်းပြီး ပန်းနီတစ်ပွင့်ကို နားထင်တွင် ညှပ်ထားသည်။ နှစ်တစ်ထောင် ကျားဝိညာဉ်၏ ခေါင်းပေါ်တွင်ပင် ပန်းတစ်ပွင့်ကို ချည်နှောင်ထားသည်။
ဤကဲ့သို့ လူသိရှင်ကြား ဝတ်ဆင်ထားမှုကြောင့် ခဏမျှအတွင်း လူများနှင့် သရဲအားလုံး၏ အာရုံစိုက်မှုကို ခံလိုက်ရချေသည်။