အခန်း (၂၁၁-၂၁၂)
Vol. 22 Ch. 211-212
အခန်း (၂၁၁) - လောက်ကောင်လေး (၁)
အိကျိ… အိကျိ… အိကျိ…
ရှင်းလင်းနေသော စားပွဲခုံပေါ်တွင် အလွန်ကြိုးစားပမ်းစား တွားသွားနေသည့် နို့နှစ်ရောင်လောက်ကောင်လေးတစ်ကောင် ရှိနေသည်။
ချူလျန်သည် ထိုအကောင်ကို ကြည့်ရင်း ရယ်ရခက် ငိုရခက် ဖြစ်နေလေ၏။
'ငါက ဒီလောက်အချိန်အကြာကြီး ပင်ပင်ပန်းပန်းသားဖောက်ခဲ့ရတာ... နောက်ဆုံးတော့ လောက်ကောင်တစ်ကောင် ထွက်လာတယ်ပေါ့လေ...'
ထိုအချက်က အမှန်တကယ်ပင် လက်ခံရန် ခက်ခဲလှပေသည်။
မိဘတစ်ဦးကဲ့သို့ ပြုစုပျိုးထောင်ခဲ့ရသည့် အောင်မြင်မှုခံစားချက်တို့မှာ လုံးဝ ပျောက်ကွယ်သွားချေပြီ။
ကျင့်ကြံခြင်းလောကတွင် အတိတ်နှစ်ငါးထောင်၊ အနာဂတ်နှစ်ငါးထောင်၌ပင် လောက်ကောင်ကို ဝိညာဉ်အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးမြူမည့် ကျင့်ကြံသူမျိုး ရှိမည်မထင်ပေ။
လောက်ကောင်လေးသည် စားပွဲပေါ်တွင် ကြိုးစားပမ်းစား တွားသွားနေသည်။ အရှိန်အဟုန်မှာ သိပ်မမြန်လှဘဲ တိုတောင်းလှသော အကွာအဝေးလေးကပင် ၎င်းအတွက် လွင်ပြင်ကျယ်ကြီးပမာ ဖြစ်နေလေ၏။
သို့တိုင်အောင် ၎င်းက ဆက်လက်ကြိုးစားသွားလာနေပြီး တစ်ခါတစ်ရံ ဦးတည်ရာဘက် ပြောင်းလဲကာ တစ်စုံတစ်ရာကို ရှာဖွေနေသည့်ပုံ ပေါက်နေသည်။
'ဒီကောင်လေး ဗိုက်ဆာနေတာများလား...'
ချူလျန်က တွေးတောခန့်မှန်းလိုက်၏။
'လောက်ကောင်လေးကို ဘာကျွေးရပါ့မလဲ...'
ချူလျန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး အိမ်သာထဲသို့သွား၍ ဘေးမဲ့ပေးလိုက်ရမည်လား တွေးတောနေမိသည်။
ထိုသို့ ငေးငိုင်တွေးတောနေစဉ် ပြန်ကြည့်လိုက်ရာ စားပွဲပေါ်မှ ကြိုးစားပမ်းစား တွားသွားနေသော လောက်ကောင်လေး ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရ၏။
'ဟင်...'
'စောစောကမှ နှေးနှေးလေးနဲ့ တွားသွားနေတာကို... ဒါမှမဟုတ် ပျံများ ပျံသွားသလား...'
ချူလျန်သည် ဘယ်ညာလှည့်ကြည့်လိုက်မှသာ ၎င်းသွားရာလမ်းကို တွေ့ရှိသွားတော့သည်။
စားပွဲခုံပေါ်တွင် အပ်ပေါက်ရာမျှသာရှိသော သေးငယ်သည့် အပေါက်ငယ်လေးတစ်ခု ပေါ်လာခြင်းပင်။
ဝိညာဉ်အာရုံဖြင့် စကင်ဖတ်ကြည့်လိုက်သောအခါ လောက်ကောင်လေးမှာ ထိုအပေါက်ထဲသို့ ဝင်ရောက်သွားကြောင်း တွေ့လိုက်ရလေသည်။
'ဒီကောင်လေးက အပ်တစ်ချောင်းလိုပဲ... အပေါက်တူးရတာ တော်တော်သဘောကျပုံရတယ်...'
ချူလျန်က ပြုံးလိုက်သည်။ သူသည် သတိကြီးစွာထားကာ အစစ်အမှန်ချီစွမ်းအင် အနည်းငယ်ကို ထုတ်ယူပြီး ၎င်းကို ညင်သာစွာ စုပ်ယူလိုက်၏။
လက်ချောင်းများကြားတွင် ကိုင်တွယ်ထားရင်း မတော်တဆ ညှစ်မိကာ သေသွားမည်ကိုပင် စိုးရိမ်နေမိသည်။
လောက်ကောင်လေးကို စားပွဲပေါ်သို့ ပြန်တင်ပေးလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ လမ်းကြောင်းရှာတွေ့သွားသည့်အလား ချက်ချင်းပင် ခေါင်းကိုအောက်စိုက်ကာ သစ်သားစားပွဲခုံပေါ်တွင် အပေါက်ဖောက်ပြီး ထပ်မံ ဝင်ရောက်သွားပြန်လေ၏။
'ဒီကောင်လေးက ပျော့စိစိနဲ့ကို ဘယ်လိုများ တူးဝင်သွားပါလိမ့်...'
သို့သော် မကြာမီမှာပင် ချူလျန်က ထူးခြားမှုတစ်ခုကို သတိထားမိလိုက်သည်။
၎င်း၏ အပေါ်ပိုင်းခန္ဓာကိုယ်က သစ်သားစားပွဲထဲသို့ ဝင်ရောက်သွားပြီးနောက် ချက်ချင်းပင် ရွှေရောင်ဖုန်မှုန့်လေးများက ကိုယ်လုံးနောက်ပိုင်းမှနေ၍ စွန့်ထုတ်လာသည်။
အလွန်သေးငယ်လွန်းလှသဖြင့် ပေါ်လာသည်နှင့်တစ်ပြိုင်နက် လေထဲတွင် လွင့်ပါသွားလေသည်။
သို့တိုင်အောင် ၎င်း၏တူးဖောက်နေသည့် လှုပ်ရှားမှုက မရပ်တန့်သွားဘဲ ဖုန်မှုန့်များလည်း ဆက်တိုက် ပေါ်ထွက်လာသည်။
'ဒါ ဘာတွေလဲ...'
ချူလျန် ခန့်မှန်းကြည့်လိုက်၏။ ဤအကောင်လေးသည် တကယ်တမ်း၌ အပေါက်တူးနေခြင်းမဟုတ်ဘဲ အစာရှာနေခြင်းများ ဖြစ်နိုင်မည်လား။
စားစရာ ဘာမျှမရှိ၍သာ သစ်သားကို ကိုက်စားနေခြင်း ဖြစ်နိုင်ပေသည်။
ထိုအတွေးကြောင့် သူက ကြွေပန်းကန်တစ်လုံး သွားယူလိုက်ပြီး လောက်ကောင်လေးကို သစ်သားစားပွဲထဲမှ ထပ်မံစုပ်ယူကာ ပန်းကန်ထဲသို့ ထည့်လိုက်သည်။
၎င်း စားမစား စမ်းသပ်ကြည့်သည့်အနေဖြင့် အစာကျွေးရန် ပြင်လိုက်၏။
သို့သော် လောက်ကောင်လေးမှာ ခေါင်းအောက်စိုက်ကာ ထပ်မံဝင်ရောက်သွားသည်ကိုသာ မြင်လိုက်ရသည်။
ခေါင်းမှနေ၍ အဆုံးအထိ တွားသွားဝင်ရောက်သွားသည့်အရှိန်မှာ မနှေးလှပေ။ ချက်ချင်းပင် ကြွေပန်းကန်လုံးကို ထိုးဖောက်သွားပြီး ကိုယ်တစ်ဝက်ခန့် ဝင်ရောက်သွားလေပြီ။
ယခုတစ်ကြိမ်တွင် ၎င်း၏အောက်ပိုင်းမှ ရွှေရောင်ဖုန်မှုန့်များ ထပ်မံထွက်ပေါ်လာပြန်သည်။
ထို့အပြင် ပို၍သိသာထင်ရှားလာကာ သေးငယ်သော အမှုန်လေးများက ရွှေရောင်မျဉ်းတစ်ကြောင်းအဖြစ် ဆက်တန်းနေလေ၏။
မာကျောလှသော ကြွေဖြူကိုပင် ထိုးဖောက်နိုင်စွမ်း ရှိနေသည်ကို မြင်လိုက်ရသဖြင့် ချူလျန် အနည်းငယ် အံ့အားသင့်သွားသည်။
'ဒီကောင်လေးက သာမန်လောက်ကောင်တော့ မဟုတ်ဘူးပဲ... ခေါင်းတော်တော်မာတာကိုး...'
မာကျောရုံသာမက သစ်သားနှင့် ကြွေဖြူများကို မျိုချကာ ချက်ချင်း အစာချေဖျက်နိုင်စွမ်းမှာ အလွန် ကြောက်မက်ဖွယ်ကောင်းလှသည်။
အကယ်၍ ရွှေမွေးဟူကဲ့သို့သော ကြီးမားသည့် ဝိညာဉ်သားရဲသာဆိုလျှင် သံစိမ်းနှစ်ကျပ်သားလောက် ဝါးစားသွားပါကလည်း မည်သူမျှ အံ့သြမည်မဟုတ်ပေ။
သို့သော် ဤလောက်ကောင်လေးကမူ ယခုမှမွေးခါစသာ ရှိသေးပြီး ထူးခြားချက် မရှိသကဲ့သို့ ထင်ရကာ ဤသို့ ရုတ်တရက် လုပ်ပြလိုက်သောအခါ အံ့အားသင့်သွားစေသည်မှာ ရှောင်လွှဲ၍မရပေ။
'စွမ်းတာကတော့ ဟုတ်ပါပြီ... ပုံမှန်အစာလေးရော စားလို့မရဘူးလား...'
ထပ်မံ ထိုးဖောက်သွားမည်ကို ကာကွယ်ရန် ချူလျန်က ကြွေပန်းကန်လုံးကို မတင်လိုက်ပြီး သံပြားတစ်ချပ်ဖြင့် ခံထားလိုက်သည်။
သို့သော် သူ အစာမကျွေးရသေးခင်မှာပင် လောက်ကောင်လေးက သံပြားကိုပါ ထိုးဖောက်သွားပြန်လေ၏။
'ဟိုက်...'
'သံပြားကိုပါ ထိုးဖောက်သွားတာလား...'
ချူလျန်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းကို ထုတ်ယူလိုက်ပြီး ကာကွယ်ရေးဝင်္ကပါအစီအရင်ကို လှုံ့ဆော်ကာ သစ်ရွက်စိမ်းထီးကို ဖွင့်လိုက်၏။
ဤထီးမျက်နှာပြင်မှာ အနည်းဆုံး အဆင့်ငါး ကျင့်ကြံသူတစ်ဦး၏ သာမန်တိုက်ခိုက်မှုကိုပင် ခံနိုင်ရည်ရှိသဖြင့် မာကျောမှုအပိုင်းတွင် သံသယဝင်ဖွယ် မရှိပေ။
ချူလျန်က လောက်ကောင်လေးကို အပေါ်သို့ တင်ပေးလိုက်ပြီး မည်မျှအထိ လုပ်နိုင်မည်ကို စမ်းသပ်ကြည့်ရန် ရည်ရွယ်လိုက်သည်။
ယခုမှ မွေးခါစ လောက်ကောင်လေးအတွက် ဤကမ္ဘာလောက၏ ပထမဆုံး သင်ခန်းစာမှာ အောက်သို့ တူးဖောက်ရှာဖွေလျှင် အစာရမည်ဟူသော အချက်ပင် ဖြစ်ပုံရသည်။
၎င်းက တွန့်ဆုတ်ခြင်း အလျဉ်းမရှိဘဲ ခေါင်းကို ထိုးဖောက်ဝင်ရောက်သွားပြန်လေ၏။
ထို့နောက် အပေါ်ပိုင်းခန္ဓာကိုယ်သည် သစ်ရွက်စိမ်းထီး၏ မျက်နှာပြင်ထဲသို့ ဝင်ရောက်သွားလေသည်။
'ဒါတောင် ရတယ်ပေါ့...'
ချူလျန်သည် သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းပေါ်ရှိ ဝင်္ကပါအစီအရင်များကို အမှန်တကယ် ဖျက်ဆီးပစ်မည်ကို စိုးရိမ်သဖြင့် လက်ဖြင့် အစစ်အမှန်ချီစွမ်းအင်ကို လှုံ့ဆော်ကာ ၎င်းကို အမြန်စုပ်ယူလိုက်ရသည်။
ဤအကောင်လေးကို လက်ချောင်းများကြားတွင် ကိုင်ထားရသည်မှာ ချူလျန်အတွက် အလွန် သတိထားနေရလေသည်။
၎င်းက သူ၏လက်ချောင်းထဲသို့ ခေါင်းဖြင့် တူးဖောက်ဝင်ရောက်သွားမည်ကို တွေးကြည့်ရုံဖြင့်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။
သေချာဂရုတစိုက် ကြည့်လိုက်သောအခါ ဤအကောင်လေးမှာ ကြီးထွားလာကြောင်း သူ သတိထားမိလိုက်၏။
ယခင်က သစ်သား၊ ကြွေဖြူနှင့် သံပြားများကို ထိုးဖောက်ခဲ့ပြီးနောက်တွင် ၎င်း၏ခန္ဓာကိုယ်အရွယ်အစား ပြောင်းလဲမှုက သိပ်မကြီးမားလှပေ။
သို့သော် သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်းကို တစ်ချက်လေး ထိုးဖောက်လိုက်ရုံဖြင့် ခန္ဓာကိုယ်မှာ တစ်ဆခန့် ကြီးထွားလာခဲ့သည်။
သေချာသည်ကမူ မူလက အပ်ခေါင်းခန့်သာ သေးငယ်ခဲ့သဖြင့် ယခုလည်း အလွန်ကြီးမားသည်ဟုတော့ မဆိုနိုင်သေးပေ။
သို့သော် ကြီးထွားနှုန်းမှာ အလွန် အံ့အားသင့်စရာ ဖြစ်နေ၏။
ချူလျန် အနည်းငယ် သဘောပေါက်သွားသည်။
သစ်ရွက်စိမ်းမှော်ဝင်ပစ္စည်း၏ ပါဝင်ပစ္စည်းများတွင် ဝိညာဉ်စွမ်းအင်များစွာ ပါဝင်နေသဖြင့် ၎င်းက ဝိညာဉ်စွမ်းအင်များကို စားသုံးပြီး ကြီးထွားလာခြင်းများ ဖြစ်နေမည်လား။
သူက ရွှေရောင်အစင်းကြောင်းများပါသော သစ်သီးတစ်လုံးကို ထုတ်ယူလိုက်ပြီး လောက်ကောင်လေးကို အပေါ်သို့ တင်ပေးလိုက်၏။
လောက်ကောင်လေးမှာ နောက်တစ်ကြိမ် တွန့်ဆုတ်ခြင်းအလျဉ်းမရှိဘဲ ထိုးဖောက်ဝင်ရောက်သွားပြန်သည်။
ယခုတစ်ကြိမ်တွင်မူ ပျော့အိနေသော သစ်သီးမျက်နှာပြင်ထဲသို့ ချက်ချင်းပင် ထိုးစိုက်ဝင်ရောက်သွားလေ၏။
'အမာတွေကိုပဲ စားတာမဟုတ်ဘူးပဲ... အပျော့လည်း စားတာကိုး...'
ခဏအကြာတွင် တစ်ခုလုံးကို ထိုးဖောက်သွားလေသည်။ လုံးဝ ကုန်စင်အောင် မစားပစ်သော်လည်း သစ်သီးမျက်နှာပြင်ပေါ်ရှိ ရွှေရောင်အစင်းကြောင်းများ ပျောက်ကွယ်သွားသည်ကို ချူလျန် သတိထားမိလိုက်၏။
ဤသည်မှာ သစ်သီးထဲတွင် ဝိညာဉ်စွမ်းအင် မရှိတော့ဘဲ သာမန်အရသာရှိသော သစ်သီးတစ်လုံးသာ ဖြစ်သွားကြောင်း ဖော်ပြနေသည်။
'ဒီလောက်ကောင်လေးက အဖိုးတန်ရတနာတွေကို စားတဲ့အခါ အထဲက ဝိညာဉ်စွမ်းအင်တွေ အကုန်လုံးကို စုပ်ယူနိုင်တယ်ပေါ့...'
'တော်တော်လေး အစွမ်းထက်ပါလား...'
အခန်း (၂၁၂) - လောက်ကောင်လေး (၂)
ချူလျန် ယခု စဉ်းစားနေသည်မှာ ဤအကောင်လေးက မစားသည့်အရာ မရှိသလို ကိုက်မဖောက်နိုင်သည့်အရာလည်း မရှိပုံရရာ သူ့အနေဖြင့် ဘယ်နေရာတွင် မွေးမြူရမည်နည်း ဟူ၍ပင်။
၎င်း၏ အောက်သို့သာ တူးဖောက်နေသည့် အရှိန်အရ မြေကြီးပေါ်သို့ ဒီတိုင်း ပစ်ချထားလိုက်ပါက နှစ်အနည်းငယ်အကြာတွင် ကမ္ဘာကြီး၏ အခြားတစ်ဖက်မှ မြေကြီးကိုဖောက်၍ ထွက်လာသည်ကိုပင် မြင်တွေ့ရနိုင်ချေရှိသည်။
အတန်ကြာ စဉ်းစားပြီးနောက် သူသည် လောက်ကောင်လေးကို စေတီတော်ဖြူနယ်မြေထဲသို့ ခေါ်ဆောင်သွားရန် စမ်းသပ်ကြည့်လိုက်သည်။
အလင်းရောင်တစ်ချက် လင်းလက်သွားပြီးနောက် လောက်ကောင်လေးမှာ စေတီတော်ဖြူနယ်မြေထဲတွင် အမှန်တကယ်ပင် ပေါ်လာခဲ့သည်။
ထို့အပြင် ဝင်ရောက်လာပြီးနောက် ၎င်းမှာ အိပ်မောကျသွားသည့်အလား လုံးဝ မလှုပ်မရှားတော့ချေ။
စောစောကပင် ချူလျန် တွေးထားခဲ့သည်။ ၎င်းသည် စေတီတော်ဖြူမှ ချီးမြှင့်သော သားရဲဥမှ ပေါက်ဖွားလာခြင်းဖြစ်ရာ စေတီတော်ဖြူထဲသို့ ပြန်လည်ဝင်ရောက်နိုင်သင့်ပေသည်။
ရွှေရောင်အစင်းကြောင်းများပါသော သစ်သီးမှာ စေတီတော်ဖြူမှ ချီးမြှင့်သည့် မျိုးစေ့ဖြင့် စိုက်ပျိုးထားသကဲ့သို့ စေတီတော်ဖြူနယ်မြေထဲတွင် သိမ်းဆည်းထားနိုင်သည့် သဘောပင်။
ဤသို့ဖြင့် ခေါင်းကိုက်စရာ တစ်ခုတော့ လျော့ပါးသွားချေပြီ။
နောင်တွင် ၎င်းကို အမြန်ကြီးထွားလာစေရန် ဝိညာဉ်စွမ်းအင်ပါသော အရာများကို ပိုမိုရှာဖွေကျွေးမွေးရမည် ဖြစ်ပုံရသည်။
ယခုအခါတွင် ချူလျန်ထံ၌ အစက ခံစားခဲ့ရသော စိတ်ပျက်မှုမျိုး မရှိတော့ပေ။ အရာအားလုံးကို စားသောက်နိုင်သော လောက်ကောင်လေး... အလွန် ဆန်းကြယ်လှပေသည်။
ဤလောက်ကောင်လေး နောင်တစ်ချိန်တွင် မည်သည့်အဆင့်အထိ ဆင့်ကဲပြောင်းလဲလာမည်ကို သူ အလွန် မျှော်လင့်မိနေ၏။
'တကယ်ကြီး ယင်ကောင်တော့ ဖြစ်မလာလောက်ပါဘူးနော်...'
...
အတော်ကြာအောင် အလုပ်ရှုပ်ပြီးနောက် မိုးချုပ်သွားသဖြင့် ချူလျန်လည်း အနားယူလိုက်လေသည်။
နောက်တစ်နေ့ နံနက်ခင်းတွင် လင်းပေ့ ရောက်လာခဲ့သည်။
ချူလျန်က လင်းပေ့ကို ထူးဆန်းသလို ကြည့်လိုက်၏။
"မင်း ဒီလောက်အစောကြီး ဘာလာလုပ်တာလဲ"
"ကိစ္စရှိလို့ပေါ့ကွ"
လင်းပေ့က ပြုံးလိုက်ပြီး ဆက်ပြောသည်။
"ငါ မကြာသေးခင်က ပြင်ပရေးရာခန်းမဆောင်မှာ တာဝန်ခံတပည့်အဖြစ် အလုပ်လုပ်နေတာ မင်းသိလား.."
"မသိဘူး"
ချူလျန်က ခေါင်းခါလိုက်၏။
"ဂုဏ်ယူပါတယ်ကွာ…"
ရှုတောင်ပေါ်တွင် တောင်စောင့်အကြီးအကဲ လေးဦးနှင့် ၎င်းတို့၏ ခန်းမဆောင်များအပြင် အခြားသော ကိစ္စရပ်များအတွက် အကြီးအကဲများနှင့် ခန်းမဆောင်များစွာ ရှိသေးသည်။
သို့သော် ရာထူးအဆင့်အတန်းက ထိုမျှလောက် မမြင့်မားပေ။
ဥပမာအားဖြင့် ဓားလဲလှယ်ရေးခန်းမမှ အကြီးအကဲရှန် ဆိုလျှင် ဓားလဲလှယ်ရေးခန်းမ၏ တာဝန်ခံ အကြီးအကဲများထဲမှ တစ်ဦးဖြစ်သည်။
တောင်စောင့်အကြီးအကဲ လေးဦး၏အောက်တွင် အဆင့်အမြင့်ဆုံးမှာ ပြင်ပရေးရာအကြီးအကဲပင်။ပြင်ပရေးရာခန်းမဆောင်ဆိုသည်မှာ အမည်နှင့်လိုက်အောင် ပြင်ပကိစ္စရပ်များကို တာဝန်ယူရသည့် ခန်းမဆောင်ဖြစ်သည်။
ရှုတောင်ဂိုဏ်းက မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းတို့နှင့် ဆက်ဆံရာတွင် ဂိုဏ်းချုပ်နှင့် အကြီးအကဲလေးဦး အဆင့်အထိ ကိုယ်တိုင်ဖြေရှင်းရမည့် အရေးကြီးကိစ္စများမှလွဲ၍ ကျန်သည့် အကြီးအသေး ကိစ္စရပ်အားလုံးကို ပြင်ပရေးရာခန်းမဆောင်က စီမံခန့်ခွဲရသည်။
အခြားဂိုဏ်းများမှ ပေးပို့လာသော စာများကို ဖြန့်ဝေခြင်းကဲ့သို့ သေးငယ်သော ကိစ္စများမှအစ ကျင့်ကြံခြင်းလောကတွင် ရှုတောင်ဂိုဏ်း၏ ထွန်းတောက်သော ပုံရိပ်ကို တည်ဆောက်ခြင်းကဲ့သို့ ကြီးမားသည့် ကိစ္စများအထိ ပါဝင်ပေသည်။
ထို့အပြင် အခြားခန်းမဆောင်များနှင့် နှိုင်းယှဉ်ပါက ပြင်ပရေးရာခန်းမဆောင်မှ တာဝန်ခံတပည့်နေရာမှာ အမှန်တကယ်ပင် ယှဉ်ပြိုင်မှု အပြင်းထန်ဆုံးဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ပြင်ပရေးရာခန်းမဆောင်၏ လုပ်ငန်းဆောင်တာများမှာ နန်းတော်နှင့် အခြားသော အင်မော်တယ်ဂိုဏ်းများနှင့် မကြာခဏ ဆက်ဆံရသဖြင့် အန္တရာယ်နည်းပါးပြီး အဆင့်အတန်းမြင့်မားကာ အကျိုးအမြတ်လည်း များပြားလေ့ရှိသောကြောင့်ပင်။
ချူလျန်သည် လင်းပေ့ကို ကြည့်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ်ကောင်းလှသော လူမှုဆက်ဆံရေးစွမ်းရည်ကို တွေးကြည့်လိုက်ရာ ပြင်ပရေးရာခန်းမဆောင်သို့ ဝင်ရောက်ခြင်းမှာ သူ့အတွက် အလွန် သင့်လျော်သည်ဟု ဆိုနိုင်ပေသည်။
"ငါ ဒီနေ့ သတင်းကောင်း လာပြောတာ မဟုတ်ဘူး… အခု ငါက အကဲဖြတ်ကာလမှာပဲ ရှိသေးတာ”
“နောက်ဆုံး ပြင်ပရေးရာခန်းမဆောင်မှာ ဆက်နေခွင့်ရမရဆိုတာလည်း မသေချာသေးဘူး…"
လင်းပေ့က ပြောလိုက်၏။
"ငါ လာတာက ကိစ္စတစ်ခုကို မင်းကူညီပြီး ဖြေရှင်းပေးဖို့ လိုနေလို့ပဲ…"
"ပြင်ပရေးရာခန်းမဆောင်က ငါ့ကို ဘာကိစ္စနဲ့ ရှာရမှာလဲ…"
ချူလျန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"တိတိကျကျတော့ မသိဘူးကွ ပြင်ပရေးရာအကြီးအကဲက ပေးလိုက်တဲ့ တာဝန်ပဲ.. ထိုက်ယင်ဂိုဏ်းဘက်က လာတဲ့လူတွေဆိုတာလောက်ပဲ သိတယ်…"
"ထိုက်ယင်ဂိုဏ်း..."
သူနှင့် အလွန်လျှို့ဝှက်ဆန်းကြယ်လှသော ထိုမြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းထဲမှ တစ်ခုနှင့် မည်သို့ပတ်သက်နေမည်ကို ချူလျန် လုံးဝ စဉ်းစား၍မရပေ။
သို့သော် အကြောင်းကြားလာပြီဖြစ်ရာ လင်းပေ့နောက်သို့ လိုက်သွားရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ချေ။
"ရောက်ရင်တော့ ဘာကိစ္စလဲဆိုတာ သိရမှာပါပဲလေ.."
လင်းပေ့က ရုတ်တရက် ကောက်ကျစ်စဉ်းလဲသော အမူအရာဖြင့် မေးလိုက်၏။
"ငါ ပြင်ပရေးရာခန်းမဆောင်ကို ဘာလို့ ဝင်လဲဆိုတာ မင်းသိလား"
"မင်း စကားများလို့လား.."
ချူလျန်က ပြန်မေးလိုက်သည်။
...
လင်းပေ့မှာ ခေတ္တမျှ ဆွံ့အသွားပြီးနောက် ပြန်ပြောလေ၏။
"ပြင်ပရေးရာခန်းမဆောင်ကနေ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်း၊ မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းက တပည့်တွေ အများကြီးနဲ့ အဆက်အသွယ် ရနိုင်လို့ပေါ့ကွ”
“အဲဒီအထဲမှာ နန်ယင်ဂိုဏ်း၊ ထိုက်ယင်ဂိုဏ်းလို မိန်းမလှလေးတွေ စုဝေးနေတဲ့ အင်မော်တယ်ဂိုဏ်းတွေလည်း ပါတာပေါ့ကွာ.. ရှုတောင်ပေါ်က ဂိုဏ်းတူအစ်မတွေ၊ ညီမတွေက အရမ်းနည်းလွန်းတယ်”
“ပြီးတော့ အားလုံးက ကိုယ့်အသိုက်အဝန်းထဲကချည်းပဲဆိုတော့ ဒီအစ်ကိုကြီးက အခုကစပြီး အပြင်ဘက်ကို တိုးချဲ့ရတော့မှာပေါ့…"
"ဆုတောင်းပေးပါတယ်"
ချူလျန်က စကားတစ်ခွန်းသာ ပြောလိုက်လေသည်။
"ဒီနေ့ ပထမဆုံးအလုပ်က ထိုက်ယင်ဂိုဏ်းက လူတွေနဲ့ တွေ့ရတာဆိုတော့ ကောင်းကင်ကပေးတဲ့ အခွင့်အရေးပဲ.."
လင်းပေ့က ဆက်ပြော၏။
"အရင်က မိန်းကလေးစုန့်နဲ့ မိန်းကလေးရွှီတို့ဆီမှာ မင်းက အရင်ဦးသွားတယ်လေ… ဒီတစ်ခါတော့ ငါ မင်းထက် တစ်လှမ်းအရင် ဦးအောင် လုပ်ရမယ်"
ချူလျန်က ချက်ချင်းပင် ဘယ်ညာလှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ရှုတောင်ပေါ်မှာ လျှောက်မပြောနဲ့ကွ ငါက ဘာကို အရင်ဦးသွားလို့လဲ.."
"မင်းက အရင်ဦးပြီး ခင်မင်သွားတာကို ပြောတာလေ... မင်းက ဘာထင်နေလို့လဲ"
လင်းပေ့က နားမလည်နိုင်စွာဖြင့် ပြန်မေးလိုက်၏။
"ဪ... ဘာမှမဟုတ်ပါဘူး"
ချူလျန်က ခေါင်းခါလိုက်ပြီး စကားလွှဲကာ အမြန်ပြောလိုက်သည်။
"ဒါပေမဲ့ ကြားဖူးတာတော့ ထိုက်ယင်ဂိုဏ်းက လူတွေက အမြင့်ဆုံးတာအိုနှလုံးသားကို ကျင့်ကြံကြပြီး ရက်စက်အေးစက်ကြတယ်ဆို... မင်း လုပ်နိုင်ပါ့မလား…"
"သူဘက်က ရေခဲတောင်ကြီး ဖြစ်နေရင်တောင်မှ ငါ့ရဲ့ နွေးထွေးတဲ့မေတ္တာနဲ့ အရည်ပျော်သွားအောင် လုပ်လိုက်ရုံနဲ့ ပြီးသွားတာပဲ…"
...
ထိုသို့ စကားပြောရင်းဖြင့် သူတို့နှစ်ဦးမှာ ကောင်းကင်တက်လှမ်းတောင်ထွတ်သို့ ရောက်ရှိလာကြသည်။ ပြင်ပရေးရာခန်းမဆောင်က တိတ်ဆိတ်သော အခန်းတစ်ခန်းကို ကြိုတင်ပြင်ဆင်ထားနှင့်ပြီး ဖြစ်၏။
လင်းပေ့က အခန်းထဲသို့ ဝင်လိုက်သည်နှင့် သူ၏ မျက်လုံးများက အရင်ဆုံး တောက်ပသွားတော့သည်။
အခန်းထဲတွင် ဆံပင်ကို စည်းနှောင်ထားသော ဝတ်စုံနက်နှင့် အမျိုးသမီးငယ်တစ်ဦး ထိုင်နေသည်ကို မြင်လိုက်ရသည်။
သူမ၏ အသားအရေက ကြွေသားပမာ ဖြူဖွေးနေပြီး မျက်နှာသွင်ပြင်က စူးရှထက်မြက်ကာ မျက်ခုံးနှင့် မျက်လုံးများမှာ ကြည်လင်နေပြီး သူမ၏ အကြည့်များထဲတွင်မူ အေးစက်စက်နိုင်လှသော လျစ်လျူရှုမှုများဖြင့် ရောယှက်နေလေ၏။
မလာရောက်မီက ဤထိုက်ယင်ဂိုဏ်းမှ တပည့်ကို သူ မမြင်ဖူးခဲ့ချေ။ ယခုမြင်တွေ့လိုက်ရချိန်တွင်မူ သူမ၏ ရုပ်ရည်နှင့် အရှိန်အဝါက သူမ၏ နောက်ခံနှင့် အမှန်တကယ် လိုက်ဖက်လှသည်ဟု ခံစားလိုက်ရသည်။
"မင်္ဂလာပါ...."
လင်းပေ့က အနားသို့ရောက်သည်နှင့် အသံကျယ်ကျယ်ဖြင့် ရယ်မောကာ နှုတ်ဆက်လိုက်၏။
"ဒီလှပတဲ့ မိန်းကလေးက ထိုက်ယင်ဂိုဏ်းကတပည့် ဖြစ်ရမယ်… ထိုက်ယင်ဂိုဏ်းမှာ အလှပန်းလေးတွေ ပေါများတယ်လို့ အစောကြီးကတည်းက ကြားဖူးပေမဲ့ ဒီနေ့ မြင်လိုက်ရမှပဲ နာမည်နဲ့လိုက်အောင် တကယ်ကို လှတာပဲ…"
ဝတ်စုံနက်နှင့် အမျိုးသမီးမှာ မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ရာ ပြောချင်သော်လည်း မျိုသိပ်ထားလိုက်သည့်ပုံ ပေါက်နေသည်။
"ဒီလူက မိန်းကလေးရှာနေတဲ့ ချူလျန်ပဲ ကျုပ်ကတော့ လင်းပေ့ပါ…"
လင်းပေ့က အနားသို့ တိုးကပ်သွားကာ ဆက်လက် ပြုံးရွှင်စွာ ပြောလိုက်၏။
"ခဏနေ ကိစ္စတွေပြီးသွားရင် အားလား... ကျုပ်တို့နဲ့အတူတူ ထမင်းလာစားဖို့ ဖိတ်ချင်လို့ပါ..”
“ရှုတောင်ကို ရောက်လာမှတော့ ပူစပ်မွှေးကြိုင်တဲ့ ဟော့ပေါ့ တစ်နပ်လောက် မစားဘဲနေလို့ ဘယ်ဖြစ်ပါ့မလဲ.. ဒါမှမဟုတ် ဒီည ဒီမှာနေပြီး ရှုတောင်ရဲ့ ရိုမန်တစ်ဆန်တဲ့ လရောင်ကိုရော ခံစားကြည့်ချင်လား…"
ချူလျန်၏ အကြည့်များက စူးရှလွန်းလှရာ သူမ၏ နှုတ်ခမ်းများ နှစ်ချက်ခန့် လှုပ်ရှားသွားသည်ကို ဖျတ်ခနဲ မြင်လိုက်ရသည်။ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ရသည်မှာ 'အရူး' ဆိုသည့် စကားလုံးဖြစ်ပုံရ၏။
သို့သော် လင်းပေ့ကမူ သတိမထားမိခဲ့ချေ။သူမက တစ်ချိန်လုံး အသံမထွက်ဘဲ နေသဖြင့် သူက ပြုံးကာ ထပ်ပြောလိုက်ပြန်သည်။
"မိန်းကလေး မကြောက်ပါနဲ့.. ကျုပ်တို့ ရှုတောင်ဂိုဏ်းက တပည့်တွေက မိတ်ဆွေတွေအပေါ်ဆိုရင် အမြဲတမ်း ဒီလိုပဲ နွေးနွေးထွေးထွေး ဆက်ဆံတတ်ကြပါတယ်…"
နောက်ဆုံးတွင် ဝတ်စုံနက်နှင့် အမျိုးသမီးမှာ သည်းမခံနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ စကားပြောလိုက်လေသည်။
ယောက်ျားဆန်ဆန် သြရှရှအသံကြီးဖြင့် အေးစက်စက် စကားတစ်ခွန်းကိုသာ သူမက ထုတ်ဖော်ပြောဆိုလိုက်၏။
"ထွက်သွားစမ်း…"