အခန်း (၂၁၇-၂၁၈)
Vol. 22 Ch. 217-218
အခန်း (၂၁၇) - အရေးပေါ်တာဝန် (၂)
အထူးသဖြင့် လင်းပေ့မှာယခင်အကြိမ်က ချူလျန်နှင့်အတူ ဟေးကျင်းတောင်တန်းမှ ရရှိသည့် အကျိုးအမြတ်များကို တန်းတူခွဲဝေယူခဲ့သဖြင့် ချမ်းသာကြွယ်ဝသွားခဲ့ပြီးပြီဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း ထပ်မံ၍အခွင့်ကောင်းယူရန်မှာ အမှန်တကယ်ပင် အားနာစရာ ကောင်းလှပေသည်။
သူက ဝင်ပြောလိုက်၏။
"ဒါကောင်းပါ့မလား...ခရီးတစ်လျှောက်လုံး မင်းပဲ အဓိကဦးဆောင်ခဲ့တာလေ... ငါတို့အားလုံး နှစ်ပုံစီ ယူမယ်ဆိုရင် မင်းအတွက်မတရားသလို ဖြစ်မနေဘူးလား..."
ချူလျန်က တည်ငြိမ်သောအမူအရာဖြင့် ပြန်လည်ဖြေကြားလိုက်၏။
"ဘာမှမဖြစ်ပါဘူး... ငါကိုးဆယ့်နှစ်ပုံ ယူထားတာဆိုတော့ မနည်းပါဘူး..."
လင်းပေ့သည် သူ၏ ရှက်ရွံ့အားနာစိတ်ကို ချက်ချင်းပင် ပြန်လည်သိမ်းဆည်းလိုက်ရင်း ပြောလိုက်၏။
"ဪ... ဒီလိုကိုး..."
'ဪ... မင်းတို့ငွေဓားတောင်ထွတ်ရဲ့အချိုးကျခွဲဝေပုံက ဒီလိုမျိုးကိုး...'
သို့သော် နှစ်ရာခိုင်နှုန်းမျှသာ ဖြစ်သော်လည်း ဓားဒင်္ဂါး တစ်ရာကျော် ရရှိသဖြင့် သာမန် ဝိညာဉ်အသိအမြင်အဆင့်ရှိ ဂိုဏ်းသားများအတွက်မူ မနည်းလှပေ။
အကယ်၍ ချူလျန်နှင့်မပူးပေါင်းခဲ့ပါက သူတို့အနေဖြင့် ဤမျှများပြားသော ဓားဒင်္ဂါးများကိုရရှိရန် အချိန်များစွာပေးရမည် ဖြစ်ပေသည်။
နောက်လိုက် (က) က ပြောလိုက်၏။
"တကယ်တော့ ကျွန်တော်တို့အားလုံး အားစိုက်ထုတ်မှုမတူကြဘူး... လင်းပေ့ ရောင်းခဲ့ရတာက ကျွန်တော်တို့ထက် အများကြီးပိုများပါတယ်..."
လင်းပေ့က လက်ကာပြရင်း ပြောလိုက်၏။
"ကိစ္စမရှိဘူး... ဒါတွေကို စိတ်ထဲထားမနေပါနဲ့..."
ချူလျန်ကလည်း လိုက်လျောညီထွေစွာ ပြောလိုက်၏။
"ဟုတ်တယ်... မင်းတို့သုံးယောက် နောက်တစ်ကြိမ်ကျရင် ပိုပြီး ကြိုးစားကြတာပေါ့..."
နောက်လိုက် (က) သည် ခေါင်းညိတ်လိုက်ပြီးမှ တစ်ခုခု မှားယွင်းနေသည်ကို ရုတ်တရက် သတိပြုမိသွားကာ မေးလိုက်၏။
"အင်း... ဒါနဲ့နောက်တစ်ကြိမ်ဆိုတာ ဘာကိုပြောတာလဲ..."
သူတို့တွေ ပျော်ရွှင်စွာခွဲဝေနေကြစဉ်မှာပင် ပြင်ပမှကြိုးကြာဖြူတစ်ကောင်၏ အော်မြည်သံကို ကြားလိုက်ရပြီး ကောင်းကင်တက်လှမ်းတောင်ထွတ်မှ ချူလျန်ထံသို့ ပေးပို့သောစာတစ်စောင် ရောက်ရှိလာပြန်သည်။
ချူလျန်သည် စာကိုဖွင့်ဖတ်ကြည့်လိုက်ရာ အကြီးအကဲရှန်က သူ့ကိုခေါ်ယူနေခြင်း ဖြစ်ကြောင်း သိလိုက်ရ၏။ စာပါအသုံးအနှုန်းများမှာ အလွန်အရေးကြီးပုံရပြီး ဤဘက်မှကိစ္စရပ်များလည်း ပြီးစီးသွားပြီဖြစ်ရာ သူသည်ချက်ချင်းပင် ထွက်ခွာသွားခဲ့တော့သည်။
ဓားလဲလှယ်ရေးခန်းမသို့ ရောက်ရှိသောအခါ အပြုံးမျက်နှာဖြင့် စောင့်ဆိုင်းနေသော အကြီးအကဲရှန်ကို မြင်တွေ့လိုက်ရ၏။
သူက ချူလျန်ကို လှမ်းမေးလိုက်၏။
"ဒီတစ်ခေါက် မင်းကိုခေါ်လိုက်တာ ဘာကိစ္စလဲဆိုတာသိလား..."
ချူလျန်က ပြန်လည်မေးမြန်းလိုက်၏။
"ကျွန်တော့်ကို အရေးကြီးတဲ့ တာဝန်တစ်ခုခုထပ်ပေးမလို့ ထင်ပါတယ်..."
အကြီးအကဲရှန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"တော်လိုက်တာ... ဒီတစ်ခေါက်လည်း သာမန်ကိစ္စတော့ မဟုတ်ဘူး... အရှေ့ပင်လယ်ယန်ပိုင်မြို့မှာ မိစ္ဆာဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ လုဟွန်းဂိုဏ်းရဲ့ ခြေရာလက်ရာတွေကို တွေ့ထားတယ်…”
“သာမန်လူသားဆယ်ယောက်နီးပါး အသက်ဆုံးရှုံးသွားခဲ့ပြီးတော့ ဝိညာဉ်အသိအမြင် အဆင့်ရှိတဲ့ လုဟွန်းဂိုဏ်းကမိစ္ဆာတွေ လုပ်ခဲ့တာလို့ သံသယရှိနေကြတယ်…”
“ဒါကြောင့် ရွှေအမြုတေအဆင့်ရှိတဲ့ ဂိုဏ်းသားတစ်ယောက် ဦးဆောင်ပြီး သွားဖမ်းဖို့လိုအပ်နေတာ... ငါ မင်းကို ပထမဆုံးအဆိုပြုလိုက်တာ..."
ချူလျန်က ချက်ချင်းပင်ကျေးဇူးတင်စကား ဆိုလိုက်၏။
"အကြီးအကဲရှန်ရဲ့ထောက်ခံမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ..."
လုဟွန်းဂိုဏ်းဆိုသည့်နာမည်နှင့်ပတ်သက်၍ ချူလျန် အလွန်အမင်း ရင်းနှီးကျွမ်းဝင်ခြင်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော နှစ်ပေါင်းရာချီကတည်းက ထိုဂိုဏ်းသည် အမြစ်ပြတ်တိုက်ခိုက်ချေမှုန်းခြင်း ခံခဲ့ရပြီးဖြစ်ရာ ကျန်ရစ်နေသော အကြွင်းအကျန် အနည်းငယ်မျှသာ ရှိတော့သောကြောင့်ပင်။
၎င်းတို့ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် မြင့်မြတ်ဂိုဏ်း(၁၀)ဂိုဏ်း၏ပြင်းထန်သော တိုက်ခိုက်မှုကို ခံရမည်ဖြစ်သည်။
လူသားတို့၏မြို့ရွာများအတွင်း၌ လူသားများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်းမှာ အလွန်အရေးကြီးသောတာဝန်တစ်ခု ဖြစ်ပေသည်။
ရှုတောင်ဂိုဏ်းက အစဉ်တစိုက် အလေးထားခဲ့သော မိစ္ဆာနှိမ်နင်းရေးနှင့်တရားဓမ္မ စောင့်ရှောက်ရေးဆိုသည်မှာ ဤကဲ့သို့သော မိစ္ဆာများကို နှိမ်နင်းရန် ဖြစ်ပေ၏။
ဤကဲ့သို့သော အရေးကြီးသည့် တာဝန်အတွက် သူ့ကို ထောက်ခံပေးခြင်းက ချူလျန်အား ရှုတောင်ဂိုဏ်း၏အထက်လူကြီးများ၏ အာရုံစိုက်မှုကိုပိုမိုရရှိစေမည် ဖြစ်သည်။
သူသည် ဆရာသခင်နှင့်အတူ လိုက်လံခြိမ်းခြောက် ငွေညှစ်ခြင်းဖြင့် အထက်လူကြီးများ၏အာရုံစိုက်မှုကို စောစီးစွာ ရရှိခဲ့ပြီး ဖြစ်သော်လည်း...
သူ့အပေါ် ထားရှိသည့်အမြင်များကို ပြောင်းလဲရန်အတွက် ဤတာဝန်ကို ကောင်းမွန်စွာထမ်းဆောင်ရန် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပေလိမ့်မည်။
အကြီးအကဲရှန်က ထပ်မံ၍လမ်းညွှန်ချက် ပေးလိုက်၏။
"ဒီတစ်ခေါက် တာဝန်ကိုကောင်းကောင်း ထမ်းဆောင်ပါ...တကယ်လို့ အောင်မြင်ခဲ့ရင် နောက်ကျ မင်းရဲ့ ဂိုဏ်းတွင်းရပိုင်ခွင့်တွေက ရွှီဇီယန်၊ကျန်းယွဲ့ပိုင်တို့နဲ့တန်းတူ ဖြစ်လာနိုင်တယ်..."
သူတို့နှင့်တန်းတူဖြစ်လာမည်ဆိုပါက သေချာပေါက်အဓိကဂိုဏ်းသားများ၏ ရပိုင်ခွင့်မျိုး ဖြစ်ပေလိမ့်မည်။
ချူလျန်က ပြတ်သားစွာပြောလိုက်၏။
"ဒီတပည့်အစွမ်းကုန် ကြိုးစားပါ့မယ်ခင်ဗျာ..."
အကြီးအကဲရှန်က ထပ်မံမေးမြန်းလိုက်၏။
"ဒီတာဝန်အတွက် ကူညီပေးဖို့ ဝိညာဉ်အသိအမြင်အဆင့်ရှိတဲ့ ဂိုဏ်းသား နှစ်ယောက်ကနေ သုံးယောက်အထိ လိုအပ်တယ်…”
“မင်းကိုယ်တိုင်ခေါ်မလား... ငါကူညီပြီးရှာပေးရမလား..."
ချူလျန်သည် ထိုစကားကို ကြားသောအခါမတွေးဘဲ မနေနိုင်ချေ။ လွန်ခဲ့သော မရှေးမနှောင်းအချိန်၌သူကိုယ်တိုင်ပင် အခြားသူများ၏နောက်လိုက်အဖြစ် ကူညီပေးခဲ့ရခြင်း မဟုတ်ပါလော။
ယခုအခါတွင်မူ သူသည်အဖွဲ့ကို ဦးဆောင်ရမည့် ရွှေအမြုတေအဆင့်ရှိ ဂိုဏ်းသားတစ်ယောက် ဖြစ်လာခဲ့ချေပြီ။
သူခေတ္တမျှ စဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
"ကျွန်တော့်ဘာသာပဲ ဂိုဏ်းတူနှစ်ယောက်ကို ခေါ်လိုက်ပါ့မယ်... ရင်းနှီးတဲ့လူတွေနဲ့ဆိုရင် အလုပ်လုပ်ရတာ ပိုပြီးအဆင်ပြေလို့ပါ..."
အကြီးအကဲရှန်က သဘောတူလိုက်၏။
"ကောင်းပြီ..."
ချူလျန်သည် ပြန်ရောက်လာပြီးနောက် ရှန်ဇီလျန်နှင့်လင်းပေ့တို့ကို ခေါ်ယူလိုက်၏။
သူက ပြောလိုက်၏။
"အထက်ကနေ ငါ့ကိုအရေးပေါ်တာဝန်တစ်ခု ပေးအပ်ထားတယ်... ဝိညာဉ်အသိအမြင် အဆင့်ရှိတဲ့ လူနှစ်ယောက်လိုအပ်နေလို့... မင်းတို့အားနေရင် ငါနဲ့အတူ လိုက်ခဲ့ကြမလား..."
ရှန်ဇီလျန်သည် ဝိညာဉ်အသိအမြင်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ရွှေအမြုတေဖွဲ့စည်းရန် ပြင်ဆင်နေသူဖြစ်ရာ ရှုတောင်ဂိုဏ်းရှိ ထိုအဆင့်ရှိသူများထဲတွင် ထိပ်သီးအင်အားစုတစ်ခု ဖြစ်ပေသည်။
လင်းပေ့မှာ ဝိညာဉ်အသိအမြင်အဆင့်နှောင်းပိုင်းမျှသာ ရှိသေးသော်လည်း အပြင်ထွက်သည့်အခါတွင်မူ အသုံးဝင်လှသဖြင့် ဤတစ်ယောက်ကို ခေါ်ဆောင်သွားပါက ပြဿနာများစွာကိုလျှော့ချနိုင်မည် ဖြစ်သည်။
ထို့ပြင်၎င်းတို့မှာ မိမိနှင့်ရင်းနှီးကျွမ်းဝင်သူများလည်းဖြစ်သဖြင့် ချူလျန်သည် ပထမဆုံးအနေဖြင့်၎င်းတို့နှစ်ဦးကို ရွေးချယ်ခဲ့ခြင်းပင်။
လင်းပေ့ကသေချာပေါက် သဘောတူသော်လည်း ရှန်ဇီလျန်က မေးမြန်းလိုက်၏။
"တာဝန်သွားထမ်းဆောင်မှာလား... ဒါဆိုရင် ငါ့ရဲ့ ညီအစ်ကိုနှစ်ယောက်ပါ ခေါ်သွားရင်ပိုကောင်းမလား... လူများလေအားရှိလေပဲ မဟုတ်လား..."
ချူလျန်က ခေတ္တမျှစဉ်းစားလိုက်ပြီးမှ ပြောလိုက်၏။
"အင်း... မင်းရဲ့ ညီအစ်ကိုနှစ်ယောက်ကိုခေါ်သွားရင် ငါတို့ရဲ့တိုက်ခိုက်ရေးစွမ်းအားက အများကြီးတိုးတက်လာမှာ မဟုတ်ပေမဲ့ စားစရိတ်ကတော့ သိသိသာသာ တိုးလာလိမ့်မယ်... ဒါကြောင့်နောက်တစ်ခေါက်မှပဲ ခေါ်ရအောင်..."
ရှန်ဇီလျန်ကလည်း ခေါင်းညိတ်ကာ လက်ခံလိုက်ရတော့၏။
"ဒါလည်း ဟုတ်သား..."
အခန်း (၂၁၈) - မလိုမုန်းထားစိတ် (၁)
ယန်ပေါ် မြို့။
ဤနေရာသည် အရှေ့ပင်လယ်နှင့်နီးကပ်ပြီး အရှေ့ဘက်နယ်မြေ၏ ကြွယ်ဝချမ်းသာသောဒေသတစ်ခုဖြစ်သဖြင့် မြို့ပြမှာ အလွန်စည်ကားသိုက်မြိုက်လှ၏။
ချူလျန်နှင့်လင်းပေ့တို့သည် မကြာသေးမီကပင် ဤနေရာသို့ ရောက်ရှိခဲ့ဖူးသော်လည်း မြို့ထဲသို့မဝင်ခဲ့ဘဲ မြို့ပြင်၌သာတစ်ညတာ တည်းခိုခဲ့ကြဖူးလေသည်။
ယခုတစ်ကြိမ် တာဝန်ထမ်းဆောင်ရန်လာရောက်ချိန်တွင်မူ မြို့ထဲသို့ ဝင်ရောက်လည်ပတ်ရန်အခွင့်အရေး ရရှိခဲ့ချေပြီ။
ရွှေမွေးဟူမှာ ကျင့်လင်းဆေးလုံးကိုစားသုံးပြီးနောက် နေ့စဉ်ရက်ဆက်ငိုက်မြည်းနေသဖြင့် ယခုတစ်ခေါက်ခရီးစဉ်တွင် ၎င်းကိုခေါ်ဆောင်မလာခဲ့ချေ။
ပြီးခဲ့သည့်အကြိမ်က ဓားနှစ်လက်သမား၏လုပ်ကြံမှုကိုခံခဲ့ရသည့် အရိပ်မည်းကြီးမှာ ရှိနေဆဲဖြစ်ပြီး ၎င်းတွင်အပေါင်းအပါများရှိနေသေးသလော မသိနိုင်ပေ။
ယခုအခါ အချိန်အတန်ကြာမြင့်သွားခဲ့ပြီဖြစ်ရာ ထိုအန္တရာယ်ရိပ်များ ငြိမ်သက်သွားလိမ့်မည်ဟုသာ မျှော်လင့်ရ၏။
မည်သို့ပင်ဆိုစေကာမူ သူခိုးကို အမြဲတစေစောင့်ကြည့်ကာကွယ်နေရန် မဖြစ်နိုင်သကဲ့သို့ ချူလျန်သည်လည်း ထပ်ရှိနိုင်ခြေရှိသောလုပ်ကြံသူများကြောင့် တောင်ပေါ်မှတစ်သက်လုံးမဆင်းဘဲ မနေနိုင်ချေ။
သူ၏ရင်ခွင်ထဲတွင် ဆဋ္ဌမအဆင့် တိုက်ပွဲဝိညာဉ်ဖြစ်သော အဘိုးကြီးဖေးကို ထည့်သွင်းသယ်ဆောင်လာခဲ့ရာ အတိုင်းအတာတစ်ခုအထိ စိတ်အေးရလေသည်။
ဤသို့ဖြင့် လင်းပေ့နှင့်ရှန်ဇီလျန်ဟူသော စွမ်းဆောင်ရည်မြင့်တပည့်နှစ်ဦးကို ခေါ်ဆောင်ကာ လူသုံးဦးသည် ယန်ပေါ်မြို့သို့အတူတူ ရောက်ရှိလာခဲ့ကြလေသည်။
ကြီးမားကျယ်ပြန့်လှသောမြို့တော်ကြီးကို ကြည့်ရသည်မှာမွန်းကျပ်ဖွယ်ရာအရှိန်အဝါတစ်ခု လွှမ်းမိုးထားသည်ကိုသိသာထင်ရှားစွာ မြင်တွေ့ရ၏။
လမ်းတကာ၊ လူတကာတို့သည် မကြာသေးမီကဖြစ်ပွားခဲ့သော ထူးဆန်းဆန်းပြားသည့် လူသတ်မှုများအကြောင်းကိုသာအချင်းချင်း တီးတိုးပြောဆိုနေကြပြီး မြို့တံခါးဝတွင်ဖြတ်သန်းသွားလာနေသော ကုန်သည်အရေအတွက်မှာလည်း အရှေ့ဘက်နယ်မြေ၏ မြို့ကြီးတစ်မြို့တွင် ရှိသင့်ရှိထိုက်သောပမာဏမျိုး မဟုတ်ချေ။
ထိုကဲ့သို့ အစီအရီဖြစ်ပွားနေသော ထူးဆန်းသည့်အမှုအခင်းများက ယန်ပေါ်မြို့အပေါ် သက်ရောက်မှုမှာ အလွန်ကြီးမားလှသည်။
မိစ္ဆာဂိုဏ်းကျင့်ကြံသူတစ်ဦးက လူသတ်နေသည့် မြို့တစ်မြို့မှ လူတိုင်းမှာ ထွက်ပြေးတိမ်းရှောင်ရန်ပင် မအားလပ်ကြရာ သာမန်လူမည်သူက မြို့ထဲသို့ ဝင်ရောက်ဝံ့ပါသနည်း။
သို့သော် ထူးဆန်းနေသည်မှာ သာမန်မိစ္ဆာကျင့်ကြံသူများသည် ကျင့်ကြံရန်အတွက် လူသတ်မည်ဆိုလျှင် နေရာတစ်ခုတည်း၌ ဆက်တိုက်ကျူးလွန်လေ့မရှိကြခြင်းပင်။
ပုံမှန်အားဖြင့် ဤနေရာတွင်တစ်ဦးကို သတ်ဖြတ်ပြီးနောက် ချက်ချင်းပင် ထွက်ပြေးတိမ်းရှောင်သွားလေ့ရှိပြီး နောက်ထပ်နေရာတစ်ခုသို့ရွှေ့ပြောင်းကာ ပြစ်မှုကျူးလွန်ကြသဖြင့် အလွယ်တကူခြေရာခံရန် မလွယ်ကူလှချေ။
သို့သော် ယခုတစ်ကြိမ် ယန်ပေါ်မြို့တွင် ဖြစ်ပွားခဲ့သောအမှုအခင်း၌မူ ဆက်တိုက်ဆိုသလို လူခုနစ်ဦးသေဆုံးသွားခဲ့ပြီ ဖြစ်သည်။
သေဆုံးသူအားလုံးမှာ နှလုံးများလှီးထုတ်ခံထားရကာ သေဆုံးခဲ့ကြရခြင်းဖြစ်ပြီး လူသတ်မှုတစ်ခုနှင့်တစ်ခု အချိန်ကွာခြားချက်မှာလည်းသုံးရက်ထက် မပိုချေ။ ထို့ကြောင့်လည်းတိုင်းသူပြည်သားများ ထိတ်လန့်တုန်လှုပ်နေကြရခြင်း ဖြစ်ပေ၏။
သာမန်လူသတ်မှုမျိုးသာဆိုလျှင် ဤမျှအထိကြီးကြီးမားမား ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ဖြစ်လာမည်မဟုတ်ချေ။
သို့သော် ဤအရာမှာ ကျင့်ကြံသူတစ်ဦး ကျူးလွန်သည့် ထူးဆန်းသော အမှုအခင်း ဖြစ်သည်။
ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက သာမန်လူသားများမှာအလွန်တရာ အားနည်းလွန်းလှသဖြင့် အကယ်၍ အမှတ်မထင် ဆုံတွေ့မိပါက မျက်တောင်တစ်ခတ်အတွင်း အသက်ဆုံးရှုံးသွားရပေမည်။
ဤအမှုနှင့်ပတ်သက်၍ အမှန်တကယ် ဆုံးဖြတ်ချက်တစ်ခုချမှတ်ထားပြီး ဖြစ်သည်။ ၎င်းမှာဤလူသတ်မှုကို တတိယအဆင့်အထွတ်အထိပ်ရောက် လုဟွန်ဂိုဏ်းမှ မိစ္ဆာကျင့်ကြံသူတစ်ဦးက ကျူးလွန်ခြင်းဖြစ်သည် ဟူ၍ပင်ဖြစ်သည်။
လုဟွန်ဂိုဏ်း...
၎င်းမှာ မိစ္ဆာလောက၏ ရှေးအကျဆုံးသော အမွေအနှစ်များထဲမှတစ်ခု ဖြစ်သည်။ အတိတ်ကာလ၌ လောကကြီး ကမောက်ကမ ဖြစ်ပျက်ချိန်တိုင်းဤဂိုဏ်းမှာ ထွန်းကားလာလေ့ရှိပြီး အေးချမ်းသာယာသောခေတ်ကာလသို့ ရောက်ရှိလာချိန်တွင်မူ လျင်မြန်စွာပင် တိတ်ဆိတ်ပျောက်ကွယ်သွားတတ်၏။
အကြောင်းမှာ ဤဂိုဏ်း၏ အကြီးမားဆုံးသောထူးခြားချက်မှာ အသက်များကို သတ်ဖြတ်ခြင်းဖြင့် ကျင့်ကြံရေးအရင်းအမြစ်များကို အစားထိုးခြင်းပင်။
ကျင့်ကြံခြင်းတွင် ကျင့်ကြံရေးအရင်းအမြစ်မြောက်မြားစွာ လိုအပ်သည်မှာ လူတိုင်းသိရှိထားသော အချက်ဖြစ်သည်။
မိစ္ဆာဂိုဏ်းကျင့်ကြံသူများပင် ဖြစ်စေကာမူ၊ ၎င်းတို့ ယခင်ကတွေ့ကြုံခဲ့ဖူးသည့် အမှောင်ဘုရင်ဂိုဏ်း၏ မြေကမ္ဘာတမန်တော်ကဲ့သို့သော သူများပင်လျှင် ကောင်းကင်နှင့်မြေကမ္ဘာ၏ ရတနာများအတွက် သောကရောက်ကြရပေ၏။
သို့သော် လုဟွန်ဂိုဏ်းမှာမူ ထိုသို့မဟုတ်ချေ။
လုဟွန်ဂိုဏ်း ကျင့်ကြံသူများသည် အမြုတေဖွဲ့စည်းရန် သို့မဟုတ် ဆေးလုံးဖော်စပ်ရန်အတွက် အဓိကလိုအပ်သောပစ္စည်းမှာ အသက်ရှင်လျက်ရှိသော လူသားကိုးဦး၏နှလုံးသား ဖြစ်လေသည်။
ထိုဂိုဏ်း၏တည်ထောင်သူဘိုးဘေးမှာ တကယ်ပင် ဆန်းသစ်သောစိတ်ကူးရှိသည်ဟု ဆိုရပေမည်။
အစပိုင်းတွင် သူသည် ကျင့်ကြံရေးအရင်းအမြစ်များအတွက် အစားထိုးပစ္စည်းတစ်ခုကိုသာ ရှာဖွေချင်ခဲ့ခြင်းဖြစ်နိုင်ပြီး အမှန်တကယ်လည်း အောင်မြင်ခဲ့ပေသည်... သို့မဟုတ်ပါက သူသည်ဤမျှ ဆိုးရွားစွာသေဆုံးခဲ့ရလိမ့်မည် မဟုတ်ချေ။
အထူးတလည်ပြောနေရန်မလိုဘဲ ဤကဲ့သို့သော မိစ္ဆာကျင့်ကြံသူမျိုးကိုတွေ့ရှိပါက ပေါ်လာသည်နှင့် တစ်ယောက်မကျန် နှိမ်နင်းသတ်ဖြတ်ရုံသာ ရှိပေသည်။
ချူလျန်တို့သုံးဦးသည် မြို့ထဲသို့ဝင်ရောက်ပြီးနောက် မြို့စောင့်ရုံးတော်သို့ တန်းတန်းမတ်မတ် လာခဲ့ကြသည်။
အကြောင်းမှာ ယခုတစ်ကြိမ်တွင် မြို့စောင့်အရာရှိတုချဲက ၎င်းတို့ကို ဖိတ်ခေါ်ခဲ့ခြင်းကြောင့် ဖြစ်လေသည်။
မြို့တော်တစ်ခုအတွင်းရှိ နန်းတွင်းကျင့်ကြံသူများမှာ ပုံမှန်အားဖြင့် စစ်တပ်အတွင်းရှိ စစ်ဗိုလ်ချုပ်များနှင့် မြို့စောင့်ရုံးတော်မှသူများ ဖြစ်ကြသည်။
စစ်တပ်ဘက်မှမူ ယေဘုယျအားဖြင့် မြို့တွင်းရှိ ထူးဆန်းသောအမှုအခင်းများကို စုံစမ်းစစ်ဆေးရာတွင် ပါဝင်လေ့မရှိဘဲ မြို့စောင့်ရုံးတော်တွင်လည်း လူအင်အား မလုံလောက်သဖြင့် အမှုကြီးများရှိလာပါက ယွီတူးမြို့တော်မှလူအင်အား တောင်းခံလေ့ရှိသည်။
ယွီတူးမြို့တော်တွင်လည်း လူအင်အားပြတ်လပ်နေချိန်မျိုးတွင်မူ ၎င်းတို့သည် မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းထံမှ အကူအညီ တောင်းခံလေ့ရှိရာ ဤအရာမှာ ဆန်းကြယ်လှသည့်ကိစ္စရပ်တော့ မဟုတ်ပေ။
တုချဲသည် ရှုတောင်ဂိုဏ်းနှင့် ရင်းနှီးသောဆက်ဆံရေး ရှိသဖြင့် ရှုတောင်တပည့်များကို အရှေ့ဘက်နယ်မြေသို့ လာရောက်ကာ အမှုအား ကူညီဖြေရှင်းပေးရန်ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူသည် ရှုတောင်တပည့်များကိုသာဖိတ်ကြားခဲ့ခြင်း မဟုတ်သည်မှာ အသေအချာပင်။
...
တုချဲသည် ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး အိမ်ရှေ့သို့ စိတ်အားထက်သန်စွာထွက်၍ ကြိုဆိုလိုက်သည်။
"သူရဲကောင်းလေးချူ၊ သူရဲကောင်းလေးလင်းတို့နဲ့ ပြန်ဆုံကြပြန်ပြီပဲ… ဟားဟား... တူလေးရှန်လည်း ပါလာတာကိုးကွ"
ရှန်ဇီလျန်မှာ ယခုတစ်ခေါက်လိုက်ပါလာခြင်းမှာ တကယ်ပင်အချိန်ကိုက် ဖြစ်ပေသည်။
အကြောင်းမှာ တုချဲသည် သူ၏ဖခင်နှင့် ကျောင်းနေဖက်ညီနောင်ဖြစ်ပြီး လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အပြန်အလှန်ဆက်သွယ်မှုအချို့ ရှိခဲ့ဖူးသဖြင့် ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်သောကြောင့်ပင်။
ချူလျန်က လက်ယှက်၍ နှုတ်ဆက်လိုက်၏။
"မြို့စောင့်အရာရှိတု"
ရှန်ဇီလျန်ကလည်း အသံကျယ်ကျယ်ဖြင့် ခေါ်လိုက်၏။
"ဦးလေးတု…"
လင်းပေ့က သူ့ကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် လက်သီးဆုပ်နှုတ်ဆက်ကာ ပြောလိုက်၏။
"အစ်ကိုကြီးတု…"
ရှန်ဇီလျန်က သူ့ကို တွန်းဖယ်လိုက်၏။
ချူလျန်က ပြုံးလျက် ပြောလိုက်၏။
"ကျုပ်တို့ ဂိုဏ်းတူတွေအချင်းချင်း စနောက်နေကြတာမို့ မြို့စောင့်အရာရှိတု စိတ်မရှိပါနဲ့"
တုချဲသည်လည်း စိတ်သဘောထားကောင်းသူဖြစ်သဖြင့် လုံးဝစိတ်ထဲမထားဘဲ ပြောလိုက်၏။
"ကိစ္စမရှိပါဘူး... လူငယ်တွေပဲလေ"
အားလုံးက ရင်းရင်းနှီးနှီး နှုတ်ဆက်ကြရင်း ရုံးတော်၏ ခန်းမဆောင်ကြီးအတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။
ထိုအခါ ခန်းမဆောင်အတွင်း၌ လူငယ်တစ်ဦးထိုင်နေသည်ကို တွေ့လိုက်ရလေသည်။
ထိုလူငယ်မှာ အသက်တစ်ဆယ့်ရှစ်၊ တစ်ဆယ့်ကိုးနှစ်အရွယ်ခန့်ရှိပြီး ကျောက်စိမ်းကဲ့သို့ ဖြူစင်ဝင်းပသော မျက်နှာနှင့်ချောမောခန့်ညားသော ရုပ်ရည်ရှိကာ ဆံပင်ကိုသပ်ရပ်စွာ စည်းနှောင်ထားသည်။
မျက်ဝန်းများအတွင်း ထူးခြားသောဝိညာဉ်အလင်းတန်းများ ဖြတ်ပြေးနေပုံမှာ သာမန်လူမဟုတ်သည်ကို တစ်ချက်ကြည့်ရုံဖြင့် သိနိုင်ပေသည်။
သူသည် နက်ပြာနှင့်အဖြူရောင်စပ်ထားသော ချည်ထည်ဝတ်စုံကို ဝတ်ဆင်ထားပြီး လည်ပင်းတွင် ကျားဖြူဆွဲသီးတစ်လုံးဆွဲထားကာ ဦးခေါင်းတွင်ပုလဲလုံးများဖြင့် တန်ဆာဆင်ထားသဖြင့် မြင့်မြတ်လှပသောအရှိန်အဝါများ ထွက်ပေါ်နေ၏။
သူသည် ချူလျန်တို့ဝင်ရောက်လာသည်ကို တစ်ချက်မျှသာဝေ့ကြည့်လိုက်ပြီး မတ်တတ်ရပ်၍ကြိုဆိုခြင်း သို့မဟုတ် စကားစမြည်ပြောဆိုခြင်းမျိုးမပြုဘဲ ပျင်းရိပျင်းတွဲဟန်ဖြင့် ထိုနေရာတွင်သာဆက်လက်ထိုင်နေ၏။
ထို့ကြောင့် လူသုံးဦးသည်လည်း သူ့ကိုအရေးတယူ မလုပ်တော့ပေ။
တုချဲသည် ရှုတောင်ဂိုဏ်းမှလူသုံးဦးကို ခန်းမအတွင်းသို့ဖိတ်ခေါ်ကာ နေရာချပေးပြီးနောက် မိမိကိုယ်တိုင်လည်း အဓိကနေရာတွင် ပြန်လည်ထိုင်လိုက်ပြီးမှ နှစ်ဖက်လုံးကို မိတ်ဆက်ပေးလိုက်၏။
"ဒါရှုတောင်ဂိုဏ်းက သူရဲကောင်းလေးသုံးယောက်ပါ ဒီတစ်ခေါက် မိစ္ဆာဂိုဏ်းကျင့်ကြံသူကို ဖမ်းဆီးဖို့ လာပြီးကူညီပေးကြတာ… ဒီဘက်က ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းက သူရဲကောင်းလေးရန်ယွိဟူပဲ…"
ချူလျန်သည် ဆန့်ကျင်ဘက်တွင်ထိုင်နေသောထိုသူကို မသိမသာထပ်မံ အကဲခတ်လိုက်၏။
ရန်ယွိဟူ ဟူသော အမည်မှာ ကြယ်ခုနစ်လုံးသတင်းစာတွင် မကြာခဏ ပါဝင်လေ့ရှိသောနာမည်တစ်ခု ဖြစ်ပေသည်။
မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းနှင့် မြေကမ္ဘာဂိုဏ်း(၁၀)ဂိုဏ်းအကြား တရားဝင် သတ်မှတ်ထားသော အဆင့်ဆင့်သတ်မှတ်ချက်မရှိသော်လည်း လူအများ စုပေါင်းအသိအမှတ်ပြုထားသည့် နံပါတ်တစ်အင်မော်တယ်ဂိုဏ်းမှာ အရှေ့ပင်လယ်ရှိ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းပင် ဖြစ်သည်။
၎င်းတို့သည် နက်ရှိုင်းသောအခြေခံအုတ်မြစ်ရှိပြီး အစွမ်းထက်သူများမှာလည်း တိမ်တိုက်သဖွယ် ထူထပ်လှကာ ရာစုနှစ်ပေါင်းများစွာတိုင်အောင် လောကကြီး၏ တရားမျှတသောလမ်းစဉ်ကို ဦးဆောင်မောင်းနှင်ခဲ့ကြပေသည်။
ဤမျိုးဆက်သစ် ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်း၏လူငယ်တပည့်များထဲတွင် အကျော်ကြားဆုံးမှာ ညီအစ်ကိုနှစ်ဦးဖြစ်သည့် ရန်ရှန်လုံနှင့် ရန်ယွိဟူတို့ ဖြစ်ကြလေသည်။
၎င်းတို့ကို ဖုန်းလိုင်ကြယ်နှစ်ပွင့်ဟု တင်စားခေါ်ဝေါ်ကြ၏။