← Chapters

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃-၂၁၄)

Vol. 22 Ch. 213-214

အခန်း (၂၁၃) - လော့ရှောင်ယုံ (၁)

“ကျုပ်က ထိုက်ယင်ဂိုဏ်းရဲ့ လောကီလှည့်လည်သူပဲ... ဒီတစ်ခေါက် ရှုတောင်ကို လာတာက မင်းကို အထူးတလည် ရှာဖို့ပဲ...”

ကျားမခွဲခြားရခက်သော ဝတ်စုံနက်ဝတ်ဆင်ထားသူက ချူလျန်ကို ကြည့်ကာ ပြောလိုက်၏။

ထိုက်ယင်ဂိုဏ်း၏ လောကီလှည့်လည်သူဟူသည် ရှုတောင်ဂိုဏ်း၏ ထိပ်သီးတပည့်နှင့် ဆင်တူကာ မျိုးဆက်သစ်လူငယ်များထဲမှ အတော်ဆုံးသူကို အပြင်လောကတွင် ကိစ္စရပ်များ လုပ်ဆောင်စေရန် စေလွှတ်ခြင်းဖြစ်ပြီး ဂိုဏ်း၏မျက်နှာစာကို ကိုယ်စားပြုပေသည်။

ချူလျန်နှင့် လင်းပေ့တို့၏ မျက်နှာတွင် အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားကြ၏။

အဘယ်ကြောင့်ဆိုသော် ရှေ့မှလူသည် သာမန်မျက်စိဖြင့် ကြည့်လျှင် မလွဲမသွေ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူ၏နှုတ်မှထွက်လာသော အသံမှာမူ... အနည်းငယ် ကြမ်းတမ်းခက်ထန်လွန်းလှသောကြောင့် ဖြစ်ပေသည်။

“မင်း...”

ချူလျန်က တစ်ဖက်လူကိုကြည့်ပြီး ဤကိစ္စကို မည်သို့စကားစရမည်ကို စဉ်းစားနေမိ၏။

သို့သော် တစ်ဖက်လူက သြဇာညောင်းပြီး နက်ရှိုင်းသောအသံဖြင့် ဆက်ပြောလိုက်ပြန်သည်။

“ကျုပ်နာမည် လော့ရှောင်ယုံလို့ ခေါ်တယ်...”

ကောင်းလေစွ... မေးနေစရာပင် မလိုတော့ချေ။

မည်သည့်မိန်းကလေးကမျှ ဤကဲ့သို့သော နာမည်မျိုး အမှည့်ခံမည်မဟုတ်ပေ။

ချူလျန်က ဝင်ထိုင်လိုက်ပြီး အရင်ဆုံး တောင်းပန်လိုက်၏။

“အားနာလိုက်တာ ရောင်းရင်းလော့ရာ... ကျုပ်သူငယ်ချင်း စောစောက ရောင်းရင်းကို... နည်းနည်း ရိုင်းပြသွားမိတယ်... ဒါပေမဲ့ ရောင်းရင်းရဲ့ ပုံစံက တကယ်ပဲ လူအထင်မှားစရာ ကောင်းလွန်းလို့ပါ... အားနာပါတယ်ဗျာ...”

“ရပါတယ်... ဒီလိုကိစ္စမျိုးက ပထမဆုံးအကြိမ် မဟုတ်ပါဘူး...”

လော့ရှောင်ယုံက တည်ငြိမ်စွာပင် ပြောလိုက်သော်လည်း စကားလမ်းကြောင်းကို ရုတ်တရက် လွှဲလိုက်၏။

“ဒါပေမဲ့ ကျုပ်တွေ့ဖူးသမျှ နှာဘူးတွေထဲမှာတော့ သူက တကယ့်ကို အတောမသတ်တဲ့ လူ့ဂွစာတစ်ယောက်ပဲ...”

“ဟဲဟဲ...”

ချူလျန်မှာလည်း အားနာနာဖြင့်သာ ရယ်ပြရုံမှတစ်ပါး အခြားမတတ်နိုင်တော့ချေ။

“ဒါပေမဲ့...”

လင်းပေ့၏စိတ်ထဲတွင် သံသယတစ်ခု ကျန်ရှိနေဆဲပင်။

“ထိုက်ယင်ဂိုဏ်းက ဘယ်အချိန်ဖြစ်ဖြစ် အမျိုးသမီးတွေပဲ လက်ခံတာ မဟုတ်ဘူးလား... မင်း ဘယ်လိုလုပ် ဝင်ခွင့်ရတာလဲ...”

လော့ရှောင်ယုံက ပြန်ပြော၏။

“ကျုပ် ကိစ္စတစ်ခု လာစုံစမ်းတာ... ဒါတွေကို မင်းတို့ကို ရှင်းပြနေဖို့ မလိုဘူး ထင်တယ်...”

လင်းပေ့က ခေါင်းကိုကုတ်လိုက်မိပြီး သူ၏မျက်ဝန်းများထဲတွင် မျှော်လင့်တောင့်တရိပ်များ ဖြတ်ပြေးသွား၏။

အလှနတ်သမီးလေးများ ဝိုင်းဝိုင်းလည်နေသည့် ထိုက်ယင်ဂိုဏ်းထဲမှ တစ်ဦးတည်းသော အမျိုးသားတပည့်... တွေးကြည့်ရုံနှင့်ပင် အလွန်ပျော်ရွှင်စရာ ကောင်းလှပေသည်။

ချူလျန်က မေးလိုက်၏။

“ရောင်းရင်းလော့ ကျုပ်ဆီက ဘာကိစ္စကို လာမေးချင်တာလဲ...”

“လွန်ခဲ့တဲ့ ရက်ပိုင်းက ဝေလငါးစီးအင်မော်တယ်လို့ ကိုယ့်ကိုယ်ကိုယ် သမုတ်တဲ့သူတစ်ယောက် ထိုက်ယင်ဂိုဏ်းကို ရောက်လာတယ်... သူက ကျုပ်တို့ဂိုဏ်းရဲ့ တားမြစ်နယ်မြေထဲက စီနီယာအဘိုးရဲ့ ခေါင်းတလားကို လိုချင်တယ်လို့ ပြောတယ်…”

“ဂိုဏ်းအကြီးအကဲတွေက သဘောမတူတာ အသိသာကြီးလေ... အဲဒါနဲ့ သူက အဲဒီညမှာပဲ သင်္ချိုင်းကို ခိုးဝင်ပြီးတော့ ရေခဲနက်ရှိုင်းရှေးဟောင်းခေါင်းတလားကို ခိုးယူသွားတယ်...”

လော့ရှောင်ယုံက ဆက်ပြော၏။

“အခု ကျုပ်တို့ဂိုဏ်းက တစ်လောကလုံးကို သတ်မိန့် ထုတ်ပြန်ထားပြီးပြီ... ကိုးပြည်ထောင် ရှစ်မျက်နှာအနှံ့ သူ့ကို လိုက်လံ ဖမ်းဆီးနေတာ... မင်းက နန်ဟိုင်ပင်လယ်မှာ အဲဒီလူနဲ့ ဆုံခဲ့ဖူးတယ်လို့ ကြားတယ်…”

“သဲလွန်စ တစ်ခုခုများ…ပေးနိုင်မလားလို့ပါ...”

‘ဝေလငါးစီးအင်မော်တယ်...’

ချူလျန်က ခေတ္တမျှ တွေဝေသွားမိ၏။

‘ထိုသူသည် စီနီယာအစ်မကျန်း၏ ဖခင်ဖြစ်နိုင်သည် မဟုတ်ပါလော’

ပြောရမည်ဆိုလျှင် ထိုစဉ်က သူမျှားယူခဲ့သော ငါးအိမ်မြှောင်သည်လည်း ကောင်းကင်ဘုံအဆင့် ပညာရှင်ကြီးတစ်ဦး၏ ရှေးဟောင်းဂူဗိမာန်ဟု ယူဆနိုင်ပြီး ယခုတစ်ဖက်တွင် ထိုက်ယင်ဂိုဏ်း၏ ဂူဗိမာန်ကို ထပ်မံ ဖောက်ထွင်းလိုက်ပြန်သည်။ ဤလူသည် စနစ်တကျ သင်္ချိုင်းဖောက်သူတစ်ဦး ဖြစ်နေသည်လော။

အကယ်၍ အကုန်လုံးကို ဖွင့်ပြောလိုက်မည်ဆိုလျှင် ထိုက်ယင်ဂိုဏ်းသို့ ပေးနိုင်မည့် သေချာသော သတင်းအချက်အလက်အချို့ ရှိနေသည်မှာ အမှန်ပင်။

ဥပမာအားဖြင့် သူနှင့်အတူရှိနေသည့် လျှို့ဝှက်ဆန်းကြယ်သော မိန်းကလေးငယ်နှင့် သူနှင့် စီနီယာအစ်မကျန်းတို့၏ ဆက်နွှယ်မှုမျိုး ဖြစ်ပေသည်။

သို့သော် ချူလျန်သည် အားလုံးကို ဖွင့်ဟပြောပြ၍ မဖြစ်နိုင်ချေ။

သူ စဉ်းစားရန် အချိန်လိုအပ်ပေသည်။

ထို့ကြောင့် ချူလျန်က ပြန်လည်မေးမြန်းလိုက်၏။

“ဒီမေးခွန်းကို မဖြေခင် တကယ်တော့ ကျုပ်လည်း ရောင်းရင်းလော့ ထိုက်ယင်ဂိုဏ်းကို ဘယ်လို ဝင်ခွင့်ရခဲ့လဲဆိုတာ သိချင်မိတယ်...”

လော့ရှောင်ယုံက သူ့ကို ထူးဆန်းသလို တစ်ချက်ကြည့်လိုက်၏။

ချူလျန်က ပြုံးလျက် ရှင်းပြလိုက်၏။

“ထိုက်ယင်ဂိုဏ်းက အမျိုးသမီးတွေပဲ လက်ခံတယ်ဆိုတာ တစ်လောကလုံး သိကြတာပဲ...ရောင်းရင်းလော့ရဲ့ အထောက်အထားကို သံသယရှိနေတဲ့ အခြေအနေမျိုးမှာ ကျုပ်အနေနဲ့ ရောင်းရင်းရဲ့ မေးခွန်းကို ဖြေသင့်မဖြေသင့် တကယ်ပဲ မဝေခွဲတတ်လို့ပါ...”

“...”

လော့ရှောင်ယုံက ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်၏။

“မင်းတို့ကို ပြောပြလည်း ကိစ္စမရှိပါဘူး...”

သူက စတင်ပြောပြလေတော့သည်။

“ကျုပ်အိမ်က မြောက်ပိုင်းမှာရှိတဲ့ တောရွာတစ်ရွာက မြေရှင်တွေပဲ... ကျုပ်အဖေနဲ့အမေက ကျုပ်ကို ပါရမီထူးချွန်တယ်လို့ ယူဆပြီး ဘဝကို ဒီအတိုင်း ဖြုန်းတီးပစ်ရမှာ နှမြောတာကြောင့် ကျင့်ကြံခြင်းလမ်းစဉ်ပေါ် ရောက်စေချင်ခဲ့ကြတယ်…”

“ဒါနဲ့ ကျုပ်အဖေက ငွေအမြောက်အမြား အကုန်အကျခံပြီး မှောင်ခိုဈေးကွက်ကနေ မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းက ထွက်လာတယ်လို့ နာမည်ကြီးတဲ့ ပထမအဆင့်သုံးဆင့် ကျင့်စဉ်တစ်ခုကို ဝယ်ယူခဲ့ပြီး ကျုပ်ကို လေ့ကျင့်စေခဲ့တယ်...”

“ကျုပ်ကိုယ်တိုင် စမ်းသပ်ကျင့်ကြံရင်းနဲ့ တတိယအဆင့် အထွတ်အထိပ်ကို ရောက်ရှိသွားခဲ့တယ်...”

ဤစကားကို ကြားရသောအခါ ချူလျန် အနည်းငယ် အံ့အားသင့်သွားရ၏။

မည်သူတစ်ဦးတစ်ယောက်၏ လမ်းညွှန်မှုမျှမရှိဘဲ၊ ကျင့်ကြံခြင်းအထောက်အပံ့များလည်း မရှိဘဲ ကျင့်စဉ်တစ်ခုကိုသာ ပေးထားမည်ဆိုလျှင် လူတစ်သောင်းတွင် ကိုးထောင်ကိုးရာကိုးဆယ့်ကိုးဦးမှာ စတင်ရန်ပင် မဖြစ်နိုင်ချေ။

ထိုသို့ ခက်ခဲနက်နဲလှသော ကျင့်ကြံခြင်းလမ်းစဉ်များကို သာမန်လူများ ဖတ်ပင်ဖတ်တတ်ရန် မလွယ်ကူလှချေ။

သို့သော် လော့ရှောင်ယုံမှာမူ ကိုယ်တိုင်စမ်းသပ်လေ့ကျင့်ရုံမျှဖြင့် စတင်နိုင်ရုံတင်မကဘဲ တတိယအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိသွားခဲ့လေသည်။

တကယ့်ကို ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းလှပေသည်။

ဤပါရမီမျိုးသည် မိစ္ဆာတစ်ကောင်ကဲ့သို့ပင် ထူးချွန်လွန်းလှသည်ဟု ဆိုရပေမည်။

“နှစ်အနည်းငယ် ကျင့်ကြံပြီးတဲ့နောက် ကျုပ်လည်း တစ်ခုခု မှားယွင်းနေတာကို သတိထားမိလာတယ်... ကျုပ်ရဲ့ ရုပ်ရည်က အမျိုးသမီးတစ်ယောက်နဲ့ ပိုပိုတူလာပြီး စိတ်နေစိတ်ထားကလည်း ပိုပြီး အေးစက်လာတယ်... ဒီကျင့်စဉ်က ကျုပ်ကို ပြောင်းလဲပစ်နေသလိုပဲ...”

“ဒါပေမဲ့ ကျုပ်က အပြင်လောကကို မထွက်ဖူးတော့ ကျင့်ကြံခြင်းလောကအကြောင်း ဘာမှမသိခဲ့ဘူး... ကျင့်စဉ်ရဲ့ အဆုံးသတ်ကို ရောက်သွားတော့မှ စတုတ္ထအဆင့်ကျင့်စဉ်ကို လိုက်ရှာဖို့ လောကအလယ်ကို ထွက်လာခဲ့ပြီး ဂိုဏ်းငယ်လေးအချို့ကိုလည်း ဝင်ခဲ့သေးတယ်…”

“ဒါပေမဲ့ မကြာခင်မှာပဲ ဘယ်ဂိုဏ်းက ကျင့်စဉ်ပဲဖြစ်ဖြစ် ကျုပ်အရင်ကျင့်ခဲ့တဲ့ ကျင့်စဉ်နဲ့ လိုက်လျောညီထွေမဖြစ်တာကို တွေ့လိုက်ရတယ်...”

ဘာဖြစ်သွားသည်ကို ချူလျန် အကြမ်းဖျင်း ခန့်မှန်းမိလိုက်၏။

ပုံမှန်အားဖြင့် ကွဲပြားသော ကျင့်စဉ်များကို ရောနှောကျင့်ကြံနိုင်ပြီး အဓိကမဟုတ်သော ကျင့်ကြံသူအများစုမှာလည်း ရောနှောကျင့်ကြံကြသည်သာ။

အလွန်ပြင်းထန်ဆန်းကြယ်သော ကျင့်စဉ်မျိုးမှသာ နောက်တစ်ဆင့်ကျင့်စဉ်နှင့် လိုက်ဖက်ရန် ခက်ခဲတတ်ပေသည်။

ဥပမာအားဖြင့် ထိုက်ယင် သို့မဟုတ် ထိုက်ယန် ကဲ့သို့သော ကျင့်စဉ်မျိုး ဖြစ်ပေသည်။

“အချိန်တစ်ခု ကြာပြီးတဲ့နောက်မှပဲ ကျုပ်အဖေ ဝယ်ပေးခဲ့တဲ့ ကျင့်စဉ်က တကယ့်အစစ်အမှန်ဖြစ်ပြီး မြင့်မြတ်ဂိုဏ်း(၉)ဂိုဏ်းက လာတာဆိုတာကို သိလိုက်ရတယ်... ဒါပေမဲ့ အဲဒါက ထိုက်ယင်ဂိုဏ်းက ဖြစ်နေတာပဲ...”

“ဖူး...”

လင်းပေ့က မအောင့်နိုင်ဘဲ ရယ်မောလိုက်ပြီး ချက်ချင်းပင် ပါးစပ်ကို ပြန်အုပ်လိုက်၏။

“မင်း ဘာရယ်တာလဲ...”

လော့ရှောင်ယုံက သူ့ကို စောင်းငဲ့ကြည့်လိုက်၏။

“ဘာမှမဟုတ်ပါဘူး... ကျုပ် ဝမ်းသာစရာ ကိစ္စတစ်ခုကို သတိရသွားလို့ပါ...”

လင်းပေ့က ချက်ချင်း ရှင်းပြလိုက်၏။

လော့ရှောင်ယုံက သူ့ကို ဆက်အဖက်မလုပ်တော့ဘဲ ဆက်ပြောလေ၏။

“ကျုပ်လည်း မြောက်ပိုင်းက ယင်ဟွာတောင်ကို သွားပြီး ထိုက်ယင်ဂိုဏ်းဆီက နောက်တစ်ဆင့်ကျင့်စဉ်ကို တောင်းဖို့ ဆုံးဖြတ်ခဲ့တယ်... အဲဒီကို ရောက်တော့မှပဲ သူတို့ဂိုဏ်းမှာ အမျိုးသမီးတွေပဲ ရှိတယ်ဆိုတာ သိရတော့တယ်…”

“ဂိုဏ်းမှာရှိတဲ့ အကြီးအကဲတွေက ကျုပ်ကို မြင်တော့ ကျုပ်ဒီအဆင့်ထိ ကျင့်ကြံနိုင်တာကို အရမ်း အံ့သြသွားကြတယ်…”

“ကျုပ်က အမျိုးသားတစ်ယောက် ဖြစ်နေတာကိုလည်း အံ့သြကြတယ်... အထူးသဖြင့် အမျိုးသားတစ်ယောက်က ဂိုဏ်းရဲ့ကျင့်စဉ်ကို ဒီအဆင့်ထိ ကျင့်ကြံနိုင်တာကို အံ့သြဆုံးပဲ...”

အခန်း (၂၁၄) - လော့ရှောင်ယုံ (၂)

“ဖူး...”

ချူလျန်လည်း မအောင့်နိုင်ဘဲ ရယ်မိသွားတော့သည်။

တကယ်ကို သနားစရာကောင်းလှပေသည်။

တကယ့်ပါရမီရှင်တစ်ယောက်ဖြစ်ပါလျက်နှင့် ကျင့်စဉ်ကို မှားယွင်းကျင့်ကြံမိခြင်းကြောင့် ထိုက်ယင်လမ်းစဉ်ပေါ် ရောက်ရှိသွားရ၏။

တွေးကြည့်လျှင် တကယ်ပင် စိတ်မကောင်းစရာပင်။ လော့ရှောင်ယုံ၏ပါရမီမျိုးနှင့်သာ ရှုတောင်ကျင့်စဉ်ကို ကျင့်ကြံခဲ့မည်ဆိုလျှင် သူ၏တိုးတက်မှုနှုန်းမှာ ရွှီဇီယန်အောက် ရောက်မည်မဟုတ်ချေ။

သို့သော်လည်း ရယ်စရာကောင်းလွန်းလှသည်။

ဤတစ်ချက်ရယ်လိုက်ခြင်းကြောင့် ဆယ်နှစ်စာ ကုသိုလ်ကံများ လွင့်စင်သွားရပေလိမ့်မည်။

“မင်းလည်း ဘာရယ်တာလဲ...”

လော့ရှောင်ယုံက သူ့ကိုလည်း စိုက်ကြည့်လိုက်ပြန်၏။

“ကျုပ်လည်း ဝမ်းသာစရာ ကိစ္စတစ်ခု သတိရသွားလို့ပါ...”

ချူလျန်က လက်တစ်ဖက်ဖြင့် မျက်နှာတစ်ခြမ်းကို အုပ်ထားလိုက်ပြီး မပြုံးမိအောင် အတင်းထိန်းထားလိုက်ရ၏။

လော့ရှောင်ယုံက ဆက်ပြော၏။

“သူတို့လည်း အကြာကြီး ဆွေးနွေးပြီးတဲ့နောက် နောက်ဆုံးတော့ ကျုပ်ကို ဂိုဏ်းမှာထားဖို့ဆုံးဖြတ်ပြီး ထိုက်ယင်ရွှေအမြုတေကို ဖွဲ့စည်းဖို့ သင်ပေးခဲ့ကြတယ်…”

“ကျုပ်လည်း အကြီးအကဲတွေကို စိတ်မပျက်စေဘဲ ကျင့်ကြံခြင်းက မျိုးဆက်တူတပည့်တွေထဲမှာ ချက်ချင်း ထိပ်ဆုံးကို ရောက်သွားပြီး ဘယ်သူမှ မယှဉ်နိုင်တော့ဘူး... အဲဒါကြောင့် ဒီမျိုးဆက်ရဲ့ လောကီလှည့်လည်သူအဖြစ် ရွေးချယ်ခံခဲ့ရတာပဲ...”

ဤအချက်မှာမူ အံ့အားသင့်စရာ မဟုတ်ချေ။

လော့ရှောင်ယုံ၏ရှုထောင့်မှကြည့်လျှင် ထိုစဉ်က အခြားကျင့်စဉ်သို့ ပြောင်းလဲကျင့်ကြံလိုပါက ကျင့်ကြံမှုအားလုံးကို ဖျက်ဆီးပစ်ပြီး သွေးသားခန္ဓာလေ့ကျင့်ခြင်းအဆင့်မှ ပြန်လည်စတင်ရမည်ဖြစ်သည်။

သို့သော် ထိုသို့ပြုလုပ်ခြင်းသည် သူ၏အုတ်မြစ်ကို ဖျက်ဆီးပစ်သည်နှင့်တူသဖြင့် ဤဘဝတွင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် မဖြစ်နိုင်တော့ပေ။

မျိုးဆက်သစ်ပါရမီရှင်တစ်ဦးမှာ ဤသို့ဖြင့် ပျက်စီးသွားရပေမည်။

ထိုက်ယင်ဂိုဏ်း၏ရှုထောင့်မှကြည့်လျှင်လည်း ပါရမီရှင်တစ်ဦးကို ထိန်းသိမ်းထားနိုင်ခြင်းသည် ကောင်းမွန်သောအရာပင်။

အမျိုးသားတစ်ဦး ဖြစ်နေသော်လည်း အဘယ်ကိစ္စရှိပါမည်နည်း။

ခေတ်ကာလများ ပြောင်းလဲသွားပြီဖြစ်ရာ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ အတူတူပင် ဖြစ်ပေသည်။

“ဖူး…”

...

ချူလျန်က စိတ်ခံစားချက်ကို ထိန်းချုပ်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ဖြင့် ချီးမွမ်းလိုက်၏။

“ရောင်းရင်းလော့ရဲ့ အတွေ့အကြုံက တကယ်ပဲ အံ့မခန်းပါပဲ... တကယ့်ပါရမီရှင်တစ်ဦးလို့ ခေါ်ထိုက်ပါတယ်...”

“အခု ကျုပ်ရဲ့ အတိတ်ကြောင်းကို ပြောပြပြီးပြီဆိုတော့ နောက်ဆက်တွဲ မေးခွန်းတွေကို မင်းအနေနဲ့ အမှန်အတိုင်း ဖြေပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်...”

လော့ရှောင်ယုံက ပြောလိုက်၏။

ချူလျန်က ခေါင်းညိတ်လိုက်၏။

“ကောင်းပါပြီ... အဲဒီ ဝေလငါးစီးအင်မော်တယ်နဲ့ ကျုပ် တကယ်ပဲ ဆုံခဲ့ဖူးပါတယ်...”

“အရင်က အင်မော်တယ်စိမ့်မြေကို အင်မော်တယ်တက်လှမ်းမြက် သွားရှာရင်းနဲ့ ရေထဲပြုတ်ကျသွားတဲ့ မိန်းကလေးငယ်လေးတစ်ယောက်ကို ကယ်ချင်တာနဲ့ ကျုပ် ရေအိုင်ကြီးရဲ့ နက်ရှိုင်းတဲ့နေရာအထိ ခုန်ချခဲ့ဖူးတယ်…”

“အဲဒီမှာ ငါးကြီးတစ်ကောင်ရဲ့ ဝမ်းဗိုက်ထဲက ရှေးဟောင်းဂူဗိမာန်တစ်ခုထဲကို ရောက်သွားပြီး အင်မော်တယ်တက်လှမ်းမြက်ကို မတော်တဆ ရှာဖွေတွေ့ရှိခဲ့တာပဲ...”

ချူလျန်က စောစောက စဉ်းစားထားသည့် စကားများကို ဖြည်းဖြည်းချင်း ပြောလိုက်၏။

“မကြာခင်မှာပဲ ငါးဝမ်းဗိုက်ထဲကနေ လွတ်မြောက်လာတော့ နန်ဟိုင်ပင်လယ်ပြင်ကြီးထဲ ရောက်နေတာကို တွေ့လိုက်ရတယ်…”

“အဲဒီမှာပဲ လူတစ်ယောက်က အဲဒီငါးကြီးကို မျှားလိုက်ပြီး သူ့ကိုယ်သူ ဝေလငါးစီးအင်မော်တယ်လို့ မိတ်ဆက်ခဲ့တယ်... ပြီးတော့ သူက အဲဒီမိန်းကလေးငယ်ကို ခေါ်ပြီး ထွက်သွားခဲ့တယ်…”

“ကျုပ်ကတော့ ရှုတောင်ကို ပြန်လာခဲ့တာ... ကြားထဲမှာ တခြား အဆက်အသွယ် သိပ်မရှိပါဘူး...”

ချူလျန်ပြောပြသည်မှာ အခြေခံအားဖြင့် အမှန်တရားပင် ဖြစ်သော်လည်း စီနီယာအစ်မကျန်းနှင့် ပတ်သက်သည့် အပိုင်းကိုမူ ချန်လှပ်ထားခဲ့၏။

အကယ်၍ လွန်လွန်ကဲကဲ ဖုံးကွယ်ထားမည်ဆိုပါက ရှေ့နောက်မညီညွတ်မှုများကို လော့ရှောင်ယုံ ရိပ်မိသွားနိုင်သည်။ ထို့ကြောင့် အမှန်အတိုင်း ပြောပြပြီး အချို့သောအပိုင်းများကိုသာ ချန်လှပ်ထားခြင်းက ပို၍ သင့်တော်ပေသည်။

လော့ရှောင်ယုံက ခေါင်းညိတ်ပြီး ရုတ်တရက် မေးလိုက်၏။

“မင်း အဲဒီမိန်းကလေးငယ်ရဲ့ အထောက်အထားကိုရော သိလား...”

“မသိပါဘူး...”

ချူလျန်က ချက်ချင်း ဖြေလိုက်၏။

“အဲဒီတုန်းက အင်မော်တယ်စိမ့်မြေထဲမှာ ဘာလို့ မိန်းကလေးငယ်တစ်ယောက် ရှိနေတာလဲဆိုတာပဲ စဉ်းစားမရဖြစ်နေခဲ့တာ... မိစ္ဆာတစ်ကောင်က လူယောင်ဖန်ဆင်းထားတာလားလို့လည်း တွေးမိသေးတယ်…”

“နောက်မှ မဟုတ်မှန်း သိလိုက်ရတာ... အဲဒါကြောင့် သူရေထဲကျသွားတော့ ကျုပ်ဆင်းကယ်ခဲ့တာပဲ...”

“ဒါဆို မင်း အဲဒီမိန်းကလေးနောက်ကို လိုက်ရင်း ငါးဝမ်းဗိုက်ထဲက ဂူဗိမာန်ကို ရောက်သွားတာပေါ့... မင်းက မတော်တဆ ရောက်သွားတာဆိုတော့ သူကလည်း အဲလိုပဲလား...”

လော့ရှောင်ယုံက ဆက်မေး၏။

ချူလျန် စိတ်ထဲတွင် ဖိအားအနည်းငယ် ခံစားလိုက်ရ၏။ ဤလူက တကယ်ပင် ထက်မြက်လှပေသည်။

ဝေလငါးစီးအင်မော်တယ်အပေါ်တွင်သာ အာရုံမစိုက်ဘဲ သာမန်အစွန်အဖျားကိစ္စများကို ထိုးထွင်းမေးမြန်းနေပေသည်။

သူက အမှန်အတိုင်းပင် ပြန်ဖြေလိုက်၏။

“သူကတော့ မဟုတ်လောက်ဘူး... တမင်တကာ ဝင်သွားတဲ့ ပုံစံမျိုးပဲ...”

ဤသည်မှာ အလွန်စောင့်စည်းသော အဖြေပင်။ အမှန်တကယ်တွင် ထိုမိန်းကလေးငယ်မှာ မိမိအိမ်သို့ ပြန်လာသကဲ့သို့ ဝင်ရောက်သွားခြင်း ဖြစ်ပေသည်။

ချူလျန်အနေဖြင့်လည်း ဂူဗိမာန်ပိုင်ရှင်မှာ ကျန်းမိသားစုဝင် ဖြစ်ကြောင်းနှင့် အင်မော်တယ်တက်လှမ်းမြက်၏ လျှို့ဝှက်ချက်များကို မပေါက်ကြားစေလိုသဖြင့် စကားကို ထိန်းပြောလိုက်ခြင်း ဖြစ်၏။

“ဒါဆို အဲဒီဂူဗိမာန်ရဲ့ ပိုင်ရှင်က ဘယ်သူလဲဆိုတာ မင်း သိလား...”

လော့ရှောင်ယုံက ထပ်မေး၏။

“မသိပါဘူး...”

ချူလျန်က ခေါင်းခါလိုက်၏။

လော့ရှောင်ယုံ၏ မျက်ဝန်းများထဲတွင် လှိုင်းတွန့်တစ်ခု ဖြတ်ပြေးသွားသကဲ့သို့ ရှိပြီး ထိုက်ယင်နှလုံးသားက မှန်ချပ်တစ်ခုကဲ့သို့ ကြည်လင်နေသဖြင့် သူက ချက်ချင်းပင် ပြောလိုက်၏။

“မင်း လိမ်နေတာပဲ...”

ချူလျန် ချက်ချင်း နားလည်သွား၏။ တစ်ဖက်လူတွင်လည်း နှလုံးသားရောင်ပြန်ဖယောင်းတိုင်ကဲ့သို့သော နည်းလမ်း ရှိပုံရပေသည်။

စောစောက သူ အဓိကအပိုင်းများကို ချန်လှပ်ထားခဲ့သော်လည်း ကျန်သည့်အတွေ့အကြုံများမှာ အမှန်တရားများဖြစ်သဖြင့် ရိပ်မိခြင်းမရှိပေ။

သို့သော် ယခုအခါ စိတ်နှင့်မညီသည့်စကားကို ပြောလိုက်သဖြင့် ချက်ချင်းပင် အမိခံလိုက်ရခြင်း ဖြစ်၏။

ချူလျန် ခပ်ဖွဖွ ပြုံးလိုက်ပြီး ပြောလိုက်၏။

“ဒီကိစ္စက အင်မော်တယ်တက်လှမ်းမြက်ရဲ့ နောက်ခံနဲ့ ပတ်သက်နေပြီး အရမ်းအရေးကြီးတဲ့ လျှို့ဝှက်ချက် ဖြစ်နေလို့ပါ…”

“ဒါပေမဲ့ ဝေလငါးစီးအင်မော်တယ်ရဲ့ အထောက်အထားနဲ့တော့ ဘာမှမဆိုင်ပါဘူး... အဲဒါကြောင့် ရောင်းရင်းလော့ကို အကုန်မပြောပြနိုင်တာ ခွင့်လွှတ်ပေးပါ...”

လော့ရှောင်ယုံက ခေါင်းကို ခပ်ဖွဖွ ညိတ်လိုက်၏။

ချူလျန်သည် မိမိလိမ်ညာမိသည်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်ခြင်းက သူ၏သံသယကို ပြေပျောက်စေခဲ့၏။

အဘယ်ကြောင့်ဆိုသော် မိမိက တစ်ဖက်လူထံမှ အကူအညီ လာရောက်တောင်းခံခဲ့ရခြင်းဖြစ်ပြီး တရားခံကို စစ်ဆေးနေခြင်း မဟုတ်ပေ။

တစ်ဖက်လူအနေဖြင့်လည်း မိမိ၏ဂိုဏ်းအကျိုးစီးပွားနှင့် သက်ဆိုင်သည့် ကိစ္စရပ်အားလုံးကို ပြောပြရန် တာဝန်မရှိချေ။

“မင်းပြောတာ သူက အဲဒီငါးကြီးကို မျှားတင်ခဲ့တာဆိုတော့ သူသုံးတဲ့ မျှားတံကလည်း မှော်ဝင်ပစ္စည်း ဖြစ်ရမယ် မဟုတ်လား...”

လော့ရှောင်ယုံက ရုတ်တရက် မေးလိုက်၏။

“မင်း အဲဒီပုံစံကို မှတ်မိသေးလား...”

တကယ့်ကို ထက်မြက်ပြီး ထောင့်စေ့လှသော မေးခွန်းပင်။

သို့သော် ချူလျန်က တစ်ဖက်လူ အဘယ်ကြောင့် ဤသို့မေးသည်ကို ချက်ချင်း သဘောပေါက်လိုက်၏။ ငါးမျှားတံကဲ့သို့ ဆန်းကြယ်သော မှော်ဝင်ပစ္စည်းမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။

၎င်းသည် ကိုယ်တိုင်ပြုလုပ်ထားသည့် ပစ္စည်းမဟုတ်ခဲ့ပါက ၎င်း၏မူလဇစ်မြစ်ကို ရှာဖွေရန် မခက်ခဲချေ။ ၎င်း၏မူလဇစ်မြစ်နောက်သို့ လိုက်ခြင်းဖြင့် တစ်ဖက်လူ၏ အထောက်အထားကို စုံစမ်းနိုင်ပေလိမ့်မည်။

ဤလောကကြီးတစ်ခုလုံးတွင် ကောင်းကင်ဘုံအဆင့် ပညာရှင်တစ်ဦးကို လိုက်လံရှာဖွေရန်မှာ ကောင်းကင်ဘုံသို့ တက်လှမ်းရသည်ထက်ပင် ခက်ခဲပေလိမ့်မည်။

သို့သော် တစ်ဖက်လူ၏ အထောက်အထားကို သိရှိရပါက သဲလွန်စ ရှာဖွေနိုင်မည် ဖြစ်ပေသည်။

ချူလျန်က ဖုံးကွယ်ထားခြင်းမရှိဘဲ အကြမ်းဖျင်း ဖော်ပြလိုက်၏။

“ဖြူဖွေးတဲ့ ငါးမျှားတံရိုးနဲ့ ရွှေရောင်ငါးမျှားကြိုးပဲ... ကြည့်ရတာတော့ တန်ဖိုးကြီးတဲ့ ပစ္စည်းအမျိုးအစားနဲ့ တူပါတယ်...”

“ကောင်းပြီ...”

လော့ရှောင်ယုံက ပြောလိုက်၏။

“ဒါဆိုရင် ရပါပြီ... ကူညီပေးတာ ကျေးဇူးတင်ပါတယ်...”

သူက ထရပ်ပြီး ထွက်ခွာရန် ပြင်လိုက်စဉ် လင်းပေ့က ရုတ်တရက် မေးလိုက်၏။

“ရောင်းရင်းလော့... တကယ်တော့ ကျုပ်ဆီမှာ မေးခွန်းတစ်ခု ရှိသေးတယ်...”

“ဟင်...”

လော့ရှောင်ယုံက လှည့်ကြည့်လိုက်၏။

သူ၏အကြည့်မှာ ဤသို့ပြောနေသကဲ့သို့ ရှိ၏။

‘မင်းပါးစပ်က ဘာစကားကောင်းတွေ ထွက်လာမလဲ ကြည့်ရသေးတာပေါ့’

လင်းပေ့က တကယ့်ကို ရိုးသားလှသော မျက်နှာပေးဖြင့် မေးလိုက်၏။

“တကယ်တော့ ကျုပ်မေးချင်တာက... ရောင်းရင်းတို့ ထိုက်ယင်ဂိုဏ်းက ပထမဆုံး အမျိုးသားတပည့်ကို လက်ခံပြီးမှတော့ ဒါက လမ်းစတစ်ခုပဲ မဟုတ်လား…”

“ဒါဆို ဒုတိယမြောက် အမျိုးသားတပည့်ကိုရော လက်ခံဖို့ အစီအစဉ် ရှိဦးမလား... ဟိုလေ... ကျုပ် ဂိုဏ်းရဲ့ကျင့်စဉ်ကို မကျင့်လည်း ရပါတယ်…”

“အင်အားလေးတစ်ခုအနေနဲ့ ကူညီပေးရုံသက်သက်ပါ... ဘာလို့လဲဆိုတော့ ကျုပ် ငယ်ငယ်ကတည်းက ထိုက်ယင်ဂိုဏ်းကို အရမ်းမျှော်လင့်တောင့်တခဲ့လို့ပါ...”

လော့ရှောင်ယုံက သူ့ကိုကြည့်ကာ သြဇာညောင်းလှသော အသံကြီးဖြင့် စကားတစ်ခွန်းထုတ်ပြောလိုက်သည်။

“ထွက်သွားစမ်း...”

All Chapters