အခန်း (၂၁၅-၂၁၆)
Vol. 22 Ch. 215-216
အခန်း (၂၁၅) - စီးပွားရေးအခွင့်အလမ်း
"အခုလက်ရှိမှာ ရှုတောင်က သုံးခြမ်းကွဲနေပြီးတော့ ငွေဓားတောင်ထွတ်က အင်အားချည့်နဲ့နေတယ်.. ကျုပ်အမြင်အရတော့... ကျန်းနဲ့ပူးပေါင်းပြီး ရွှီကိုခုခံတာက ပိုကောင်းလိမ့်မယ်”
“ပြီးမှ ဖြည်းဖြည်းချင်း ကြံကြတာပေါ့…ကျွန်တော်တို့ အဆင်ပြေလာပြီး အချိန်ကောင်းရောက်တော့မှ ပြင်းပြင်းထန်ထန်တိုက်ခိုက်ရင် အနိုင်ရ မှာပဲ.."
ငွေဓားတောင်ထွတ်၏ တောင်ကုန်းငယ်လေးပေါ်တွင် တောင်စောင့်နတ်ပွဲတော်အဖွဲ့သည် တစ်ဖန်ပြန်လည် စည်းဝေးနေကြ၏။
နောက်လိုက် (က) သည် ရှေ့တွင် ယပ်တောင်တစ်ချပ်ကိုကိုင်လျက် စာပေပညာရှင်တစ်ဦးကဲ့သို့ စိတ်အားထက်သန်စွာဖြင့် လေလုံးထွားနေလေသည်။
"ကျိုးကြောင်းဆီလျော်တာပဲ…"
ချူလျန်က ခေါင်းကို ခပ်သာသာညိတ်လိုက်၏။
"ငါတို့တွေသာ စည်းစည်းလုံးလုံးနဲ့ အတူတူကြိုးစားမယ်ဆို... သေချာပေါက် ရလဒ်ကောင်းရလိမ့်မယ်"
"ကျွန်တော်တို့တွေ သစ္စာရှိရှိနဲ့ အစွမ်းကုန် ကြိုးစားပါ့မယ်"
နောက်လိုက် (က) မှ ဦးညွတ်လိုက်၏။
"တော်စမ်းကွာ...မင်းဟာက စာတစ်သံပေတစ်သံနဲ့"
လင်းပေ့က သူ့ကို ဆွဲလှဲကာ ထိုင်ခိုင်းလိုက်ပြီးနောက် ပြောလိုက်၏။
"ကျုပ်အမြင်ပြောရရင်တော့... စီနီယာအစ်မကျန်းလည်း မဆိုးဘူး... စီနီယာအစ်ကိုရွှီလည်း မဆိုးပြန်ဘူး”
“နှစ်ဖက်လုံးကို ရန်ငြိုးဖွဲ့ဖို့ မလိုဘူးလေ ငါတို့က နှစ်ဖက်လုံးကြားမှာ လှုပ်ရှားပြီး အကျိုးအမြတ်ရှာရုံပဲ… နံရံကို မြင့်မြင့်ဆောက်... ရိက္ခာကို များများစုဆောင်းပြီးမှ... ဖြည်းဖြည်းချင်း ဘုရင်လုပ်ကြတာပေါ့"
သူသည် ကျောက်စိမ်းဓားတောင်ထွတ်မှ လာသူဖြစ်ရာ ရွှီဇီယန်နှင့် ရန်သူမဖြစ်လိုသည်မှာ သဘာဝပင်။
"ဒါလည်း ကျိုးကြောင်းဆီလျော်တာပဲ…"
ချူလျန်ကလည်း ထပ်တူပင် ခေါင်းညိတ်လိုက်၏။
"နှစ်ဖက်ခွပြီး အကျိုးအမြတ်ရှာဖို့က ဘယ်လောက်တောင် ခက်ခဲလိုက်လဲ… အစ်ကိုကြီးအနေနဲ့ ဒီလို အယုံသွင်းစကားတွေကို မယုံကြည်လိုက်ပါနဲ့…"
နောက်လိုက် (က) သည် ပူပန်စွာဖြင့် ပြောလိုက်၏။
"မင်း ဘယ်သူ့စကားကို အယုံသွင်းစကားလို့ ပြောနေတာလဲ…"
လင်းပေ့က မျက်လုံးပြူးကာ စိုက်ကြည့်လိုက်၏။
"မင်းကိုပြောတာပေါ့"
နောက်လိုက် (က) က ပြတ်ပြတ်သားသားပင် ပြောလိုက်၏။
"ပေါက်ကရတွေ"
လင်းပေ့က ပြန်ပြောလိုက်သည်။
"မင်းဆီမှာပဲ ပြန်ဖြစ်ပါစေ"
နောက်လိုက် (က) လည်း လျင်မြန်စွာပင် ပြန်လည်တုံ့ပြန်လိုက်၏။
"..."
ချူလျန်က မတတ်သာသလိုပြုံးကာ သူတို့နှစ်ဦးကို တားဆီးလိုက်၏။
"တော်ကြပါတော့... တော်ကြပါတော့ ဘယ်လိုလုပ်ရမလဲဆိုတာ ငါ့ဘာသာ ဆုံးဖြတ်ပါ့မယ်”
“...အခြေအနေပေါ်မူတည်ပြီး လိုက်လျောညီထွေ လုပ်ဆောင်ရုံပဲပေါ့"
ရှန်ဇီလျန်က ဝေးလံသော ကောင်းကင်ယံသို့ လက်ညှိုးညွှန်ပြလိုက်၏။
"သူတို့တွေ လာနေကြပြီ…"
ဓားအလင်းတန်းအနည်းငယ်က ရုတ်ချည်း ရောက်ရှိလာ၏။ ကျောက်စိမ်းဓားတောင်ထွတ်အဖွဲ့နှင့် ပိလော့တောင်ထွတ်အဖွဲ့တို့က လမ်းကြောင်းနှစ်ခုမှ ရောက်ရှိလာပြီး တစ်ချိန်တည်းမှာပင် မြေပြင်သို့ သက်ဆင်းလိုက်ကြသည်။
ယနေ့သည် သူတို့သုံးဦး အတူတကွ တွေ့ဆုံဆွေးနွေးရန် ချိန်းဆိုထားသောနေ့ဖြစ်ပြီး နေရာကိုမူ ငွေဓားတောင်ထွတ်တွင် သတ်မှတ်ထား၏။
အဘယ်ကြောင့်ဆိုသော် အခြားတောင်ထွတ်များတွင် လူအများအပြား ရှိနေသဖြင့် သတင်းပေါက်ကြားသွားနိုင်သောကြောင့်ပင်။
ငွေဓားတောင်ထွတ်တွင်မူ ထိုသို့သော ပူပန်မှုမျိုး လုံးဝမရှိချေ။
ချူလျန်က ရှေ့သို့ လှမ်းတက်ကာ နှုတ်ဆက်လိုက်၏။
"စီနီယာအစ်မကျန်း... ရောက်လာပြီပဲ…"
ထို့နောက် သူက အခြားတစ်ဖက်သို့ လှည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
"စီနီယာအစ်ကိုရွှီ"
ရွှီဇီယန်က အပိုစကားများ မပြောဘဲ တိုက်ရိုက်ပင် ပြောလိုက်၏။
"ပစ္စည်းတွေကို ထုတ်လိုက်ကြစို့"
ချူလျန်နှင့် ကျန်းယွဲ့ပိုင်တို့က မိမိတို့၏ ပန်းချီကားချပ်များကို အသီးသီး ထုတ်လိုက်ကြ၏။
ကောင်းပြီ။
ချူလျန်၏လက်ထဲတွင် ပန်းချီကားနှစ်ချပ် ရှိနေ၏။ သူသည် ထိုအရာများကို ယခင်က သေချာစွာ ကြည့်ရှုလေ့လာခဲ့ဖူးသည်။
၎င်းပေါ်တွင် ရေးဆွဲထားသည်မှာ တောင်တန်းများနှင့် သစ်ပင်ပန်းမန်များဖြစ်ပြီး မြေပုံတစ်ခုနှင့် တူသော်လည်း မင်သားများက ထပ်နေသဖြင့် ကောင်းမွန်စွာ မမြင်ရဘဲ မည်သည့်အရာကိုမျှ ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိခဲ့ချေ။
လူအများ၏ ရှေ့မှောက်တွင် သူတို့သုံးဦးသည် မိမိတို့လက်ထဲရှိ ပန်းချီကားလေးချပ်ကို အတူတကွ ပူးပေါင်းလိုက်ကြ၏။
ရွှေရောင်မင်သားများဖြင့် ရေးဆွဲထားပြီး အလွှာလိုက်ထပ်နေသော ပန်းချီကားပေါ်တွင် တောင်တန်းနှင့် တောအုပ်တစ်ခုကို မြင်တွေ့ရသော်လည်း အသေးစိတ် ပုံရိပ်များကိုမူ ရှင်းလင်းစွာ မမြင်နိုင်ချေ။
ရွှီဇီယန်က ပြောလိုက်၏။
"ဒါက ဘယ်နေရာလဲဆိုတာကို ရှင်းရှင်းလင်းလင်း မမြင်ရသေးဘူး…"
မကြာမီအချိန်အတွင်းမှာပင် သူတို့၏ အဖွဲ့သားများက ပန်းချီကားများကို ကူးယူပြီးစီးသွားကြ၏။ ကျင့်ကြံသူများအတွက်မူ တစ်ခုလုံးကို မှတ်ဉာဏ်ဖြင့် ပြန်လည် ကူးယူရန်မှာ မခက်ခဲလှချေ။
ထို့အပြင် နမူနာကိုကြည့်ကာ ဆွဲရုံသာ ဖြစ်သည်။
သို့သော်လည်း ပုံတူကူးယူနိုင်ခဲ့လျှင်ပင် အဓိပ္ပာယ်မရှိလှချေ။ အဘယ်ကြောင့်ဆိုသော် ၎င်းပေါ်ရှိ အကြောင်းအရာများကို လုံးဝ နားမလည်နိုင်သောကြောင့်ပင်။
ဒုတိယအဆင့်၏ သဲလွန်စများကို ပေါင်းစပ်လိုက်ပါက မြေပုံကို ရရှိလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ဤပန်းချီကားက နောက်ထပ် ပဟေဠိတစ်ခု ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
ချူလျန်က ထိုပန်းချီကားကို ကြည့်ကာ စဉ်းစားတွေးတောရင်း ပြောလိုက်၏။
"ဒါဆိုရင် ကျုပ်တို့တွေ အသီးသီးပြန်ပြီး စဉ်းစားကြတာပေါ့”
“အလဲအလှယ်က ပြီးပြီဆိုတော့ ဒီနောက်ပိုင်း ဘယ်သူ အဖြေရှာနိုင်မလဲဆိုတာ... ကိုယ့်အရည်အချင်းအပေါ်မှာပဲ မူတည်ပါလိမ့်မယ်"
ကျန်းယွဲ့ပိုင်ကလည်း သဘောတူလိုက်၏။
လူအများအလျင်အမြန် လာရောက်ခဲ့ကြပြီး လျင်မြန်စွာပင် ပြန်လည်ထွက်ခွာသွားကြရာ ထိုပန်းချီကားချပ်ကို လေ့လာရန်အတွက် ပြန်သွားကြလေသည်။
ကျန်းယွဲ့ပိုင် မထွက်ခွာမီတွင် ချူလျန်က သူမကို တိတ်တဆိတ်တားဆီးကာ ထိုက်ယင်ဂိုဏ်းက ဝေလငါးစီးအင်မော်တယ်ကို လိုက်လံ သတ်ဖြတ်နေသည့် အကြောင်းကို ပြောပြလိုက်၏။
သူမသည် တည်ငြိမ်နေပြီး တိမ်တိုက်များ ဖြတ်သန်းသွားသကဲ့သို့ ခေါင်းညိတ်ပြလိုက်ရာ သိပ်ပြီး စိုးရိမ်ပူပန်ပုံ မပေါ်ချေ။
ပိလော့တောင်ထွတ်နှင့် ကျောက်စိမ်းဓားတောင်ထွတ်မှ လူများ ထွက်ခွာသွားပြီးနောက် ချူလျန်သည် မိမိ၏ အဖွဲ့သားများကို ချက်ချင်း စုစည်းလိုက်၏။
ချူလျန်က လှမ်းခေါ်လိုက်သည်။
"မြန်မြန်လာကြ... မင်းတို့ကို ငါ ပြောစရာ အရေးကြီးကိစ္စတစ်ခု ရှိတယ်…"
ရှန်ဇီလျန်က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။
"အစ်ကိုကြီး... တစ်ခုခု အရေးကြီးတဲ့အရာကို ရှာတွေ့သွားတာလား"
ချူလျန်က ခေါင်းညိတ်ကာ ပြောလိုက်၏။
"ဟုတ်တယ်…ငါ... စီးပွားရေးအခွင့်အလမ်းတစ်ခုကို ရှာတွေ့သွားတာ.."
လူအချို့ ဆွံ့အသွားကြ၏။
"ဗျာ..."
ချူလျန်က ဆက်လက်ပြောပြလိုက်သည်။
"ရှုတောင်ပေါ်မှာ တောင်စောင့်နတ်ပွဲတော်ကို ဝင်ရောက်ယှဉ်ပြိုင်တဲ့အဖွဲ့က ရာကျော်ရှိတယ်လေ… ဒါပေမဲ့ ဒီဒုတိယအဆင့် သဲလွန်စကို ရရှိတဲ့အဖွဲ့က ငါတို့သုံးဖွဲ့ပဲ ရှိတာ”
“ဒီအခြေအနေအရ လွန်ခဲ့တဲ့နှစ်တွေမှာဆိုရင်... တခြားအဖွဲ့တွေက ပထမအဆင့်မှာတင် ပြုတ်သွားပြီလို့ ပြောလို့ရတယ်"
ရှန်ဇီလျန်ကလည်း ထောက်ခံလိုက်၏။
သူသည်လည်း အတန်ငယ် သက်ပြင်းချမိသွားသည်။ အကယ်၍ ချူလျန်၏ အကူအညီသာ မရရှိခဲ့ပါက သူတို့သည်လည်း ဤအဆင့်တွင်ပင် ပြုတ်သွားလောက်ပြီ ဖြစ်သည်။
ချူလျန်က ပြုံးလျက် မေးလိုက်၏။
"တကယ်လို့ ဒီအချိန်မှာ တစ်ယောက်ယောက်က ဒါကို... ဓားဒင်္ဂါး ငါးဆယ်ပေးရုံနဲ့ ဒုတိယအဆင့် သဲလွန်စအပြည့်အစုံကို ဝယ်လို့ရမယ်လို့ ပြောရင်... သူတို့ ဝယ်ကြမလား…"
လင်းပေ့က တုံ့ပြန်လိုက်သည်။
"ဗျာ... သေချာပေါက် ဝယ်ကြမှာပေါ့…”
“ဒါအဖွဲ့ထဲက တစ်ယောက်ချင်းစီ ဓားဒင်္ဂါးတစ်ဆယ်စီ ထုတ်ရုံနဲ့ ပြိုင်ပွဲထဲကို ပြန်ဝင်နိုင်တာပဲ… ဒါပေမဲ့...
“သဲလွန်စကို ရရှိထားတဲ့ အဖွဲ့တွေက... ဒီလောက် သက်သက်သာသာနဲ့ သဲလွန်စကို ရောင်းပေးဖို့ ဘယ်သူ ရူးနေမှာလဲ”
“…ဟာ... နေပါဦး..."
သူသည် ချူလျန်၏ ပြုံးယောင်သန်းနေသော မျက်နှာကို ကြည့်ကာ ၎င်း၏ အတွေးကို နားလည်သွားပုံ ရလေသည်။
နောက်လိုက် (က) လည်း အံ့အားသင့်စွာဖြင့် မေးလိုက်၏။
"အစ်ကိုကြီး... အစ်ကိုကြီးက ဒီပန်းချီကားကို အပြင်မှာ သွားရောင်းမလို့လား.. ဒါဆိုရင်...ကျွန်တော်တို့နဲ့ ယှဉ်ပြိုင်မယ့်သူတွေ ပိုများလာမှာ မဟုတ်ဘူးလား..."
ချူလျန်က ပြန်လည် မေးခွန်းထုတ်လိုက်၏။
"မင်း ဒီပန်းချီကားရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်လား…"
နောက်လိုက် (က) သည် တိုးညင်းစွာ ဖြေကြားလိုက်၏။
"ကျွန်တော်... မဖော်ထုတ်နိုင်ပါဘူး"
ချူလျန်က တောက်ပသော မျက်ဝန်းများဖြင့် သူ့ကို ကြည့်လိုက်၏။
"မင်းရဲ့ ဉာဏ်ပညာနဲ့တောင် ဒီလျှို့ဝှက်ချက်ကို မဖော်ထုတ်နိုင်သေးရင်... ပထမအဆင့်မှာတင် ကျုပ်တို့ကို ရှုံးနိမ့်သွားတဲ့သူတွေက မင်းကို ဘယ်လိုလုပ် ကျော်ဖြတ်နိုင်မှာလဲ"
နောက်လိုက်၏ မျက်ဝန်းများတွင် အံ့အားသင့်မှုများ ဖြတ်သန်းသွားပြီးနောက် ချူလျန်၏ စကားများကြောင့် စိတ်အားထက်သန်မှုများ ပြန်လည်ရရှိလာကာ ခေါင်းကို အပြင်းအထန် ညိတ်လိုက်၏။
"မှန်တာပဲ"
ရှန်ဇီလျန်ကမူ အတန်ငယ် မသင့်တော်သလို ခံစားနေရဆဲ ဖြစ်၏။
"ဒါပေမဲ့..."
ချူလျန်က သူ့ပခုံးကို ပုတ်ကာ နှစ်သိမ့်ပေးလိုက်၏။
"တွေဝေမနေပါနဲ့… ကျုပ်စကားကို နားထောင်ရင် ရပြီ… မင်းတို့ အခုပဲ ချက်ချင်း သွားကြ”
“အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်တွေကို သီးခြားစီ သွားရောက် တွေ့ဆုံပြီး... လျှို့ဝှက် ဆွေးနွေးလိုက်”
“ဒါက...ကျုပ်ကွယ်ရာမှာ မင်းတို့ တိတ်တဆိတ် ခိုးထုတ်လာတဲ့ လျှို့ဝှက်ချက်လို့ ပြောလိုက်.. အပြင်ကို သတင်းမပေါက်ကြားစေနဲ့... ဓားဒင်္ဂါး ငါးဆယ်နဲ့ တစ်စောင် ရောင်းမယ်လို့ ပြောလိုက်”
“ဘယ်အဖွဲ့မှ ငြင်းမှာ မဟုတ်ဘူး.. ဒီစီးပွားရေးကနေ ကျုပ်တို့ အနည်းဆုံး ဓားဒင်္ဂါး ထောင်ချီပြီး ရလာမှာ"
ဒါက သေးငယ်သောပမာဏ မဟုတ်ချေ။ ထို့အပြင် မည်သည့် အရင်းအနှီးမျှလည်း စိုက်ထုတ်ရန် မလိုချေ။
လင်းပေ့က မေးလိုက်၏။
"ဒါပေမဲ့ တခြားအဖွဲ့တွေလည်း အပြင်ကို ထုတ်ရောင်းရင် ဘယ်လိုလုပ်မလဲ…"
ချူလျန်က ဖြေကြားလိုက်၏။
"ဒါကြောင့်မလို့ မင်းတို့ကို မြန်မြန်နဲ့လျှို့လျှို့ဝှက်ဝှက် လုပ်ခိုင်းတာပေါ့ကွ”
“သတင်းတွေမပျံ့ခင် အရောင်းအဝယ်ကို မြန်မြန် အပြီးသတ်လိုက်ကြ… တခြားလူတွေလည်း အပြင်ကိုထုတ်ရောင်းဖို့ ဖြစ်နိုင်ခြေသိပ်မရှိဘူး”
“ဘယ်သူကများ ဒီလို ငွေလေးနည်းနည်းအတွက်နဲ့ မိမိကိုယ်ကိုယ် ပြိုင်ဘက်တွေပိုများအောင် လုပ်ပါ့မလဲ…"
ပြောပြီးသည်နှင့် လူလေးဦးလုံးက သူ့ကို ထူးဆန်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြသည်ကို မြင်လိုက်ရ၏။
ချူလျန်က ဟန်ဆောင်ပြုံးလိုက်ပြီး ပြောလိုက်၏။
"ငါပြောတာ ငွေနည်းနည်းမဟုတ်ဘူး... ဒါကငွေအများကြီးပဲ"
ချူလျန်၏ငွေမက်မှုကို ရှန်ဇီလျန်က သိထားပြီးသား ဖြစ်၏။သူသည် လစဉ် သုံးစွဲငွေများကိုဖခင်ဖြစ်သူထံမှ ထက်ဝက်ကျော်အဖြတ်ခံထားရပြီး ဓားဒင်္ဂါး ငါးထောင် ပြည့်သည်အထိ စုဆောင်းရမည်ဖြစ်ရာ သူ့ကိုယ်သူလည်း ဆင်းရဲဒုက္ခ ရောက်နေသူတစ်ဦးအဖြစ် ယူဆထားလေသည်။
အမှန်စင်စစ် ချူလျန်သည် ယခုအချိန်တွင်ငွေကြေးများစွာ မပြတ်လပ်သော်လည်း စီးပွားရေး အခွင့်အလမ်းကို တွေ့ရှိထားရာ မည်သို့လက်လွှတ်ခံပါမည်နည်း။
ဓားဒင်္ဂါးဆိုသည့်အရာမှာ မည်သူမျှမငြင်းဆန်နိုင်သော အရာပင်။
အထူးသဖြင့် မြေကမ္ဘာတံခါးအဆင့်သို့ ရောက်ရှိလာပြီးနောက် စတုတ္ထအဆင့်... ပဉ္စမအဆင့်... ဆဋ္ဌမအဆင့်တို့သည်... သယံဇာတများကို အလွန်အမင်း သုံးစွဲရမည် ဖြစ်ရာ ကြိုတင်စုဆောင်းထားခြင်းက အမြဲတမ်း မှန်ကန်ပေသည်။
ထို့နောက် ချူလျန်၏တိုက်တွန်းမှုကြောင့် သူတို့သည် ချက်ချင်းပင် လျင်လျင်မြန်မြန် လှုပ်ရှားလိုက်ကြလေသည်။
ချူလျန်ကိုယ်တိုင်မူ ထွက်မသွားဘဲ မိမိ၏အခန်းငယ်သို့ ပြန်လာခဲ့၏။ သူသည် မိမိ၏လက်အောက်ငယ်သားများကို ခိုင်းစေကာ ကိုယ်တိုင်အနားယူနေခြင်း မဟုတ်ဘဲ အခြားလုပ်ဆောင်စရာ ရှိသောကြောင့်ပင်။
အခန်းတွင်းသို့ ပြန်ရောက်သောအခါ သူသည်ကူးယူထားသော ပန်းချီကားချပ်ကြီးများကို ထောင်မတ်ကာ ဝိုင်းပတ်ထားလိုက်ပြီး အရှေ့... အနောက်... တောင်... မြောက်... လားရာများအတိုင်း သေချာစွာ နေရာချလိုက်၏။ ထိုနေ့က ဓားကျည်တောက်တောင်ထွတ်ရှိ အလံများတွင် ယခုကဲ့သို့လားရာများ၌ တည်ရှိနေသဖြင့် ၎င်းကို မှားယွင်း၍ မဖြစ်ချေ။
ပန်းချီကားလေးချပ်ကို နေရာချပြီးနောက် ချူလျန်သည် ၎င်းတို့၏အလယ်တွင် ဖယောင်းတိုင်တစ်တိုင်ကို မီးအိမ်တစ်ခုကဲ့သို့ထားရှိလိုက်၏။ ထို့နောက် တံခါးနှင့် ပြတင်းပေါက်များမှ ဝင်ရောက်လာသော အလင်းရောင်အားလုံးကို ပိတ်ဆို့လိုက်ပြီး ဖယောင်းတိုင်ကို အသာလေးညှိလိုက်သည်။
ဝူး...
မီးတောက်အလင်းရောင်သည် ပန်းချီကားများကို ဖြတ်သန်းကာ နံရံပေါ်သို့ ကျရောက်သွား၏။
ပန်းချီကားလေးချပ်ပေါ်ရှိ ရှုပ်ထွေးလှသော ပုံရိပ်များသည် အလင်းရောင်ထိုးလိုက်သည်နှင့်တစ်ပြိုင်နက် သုံးဖက်မြင်ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး ပိုမိုထင်ရှားလာကာ စစ်မှန်သောတောအုပ်တစ်ခု ထင်ဟပ်လာသကဲ့သို့ ဖြစ်သွားလေသည်။
သစ်ပင်တောအုပ်များ ထူထပ်ကာ ကျောက်ဆောင်များမှာ ထူးခြားစွာတည်ရှိနေပြီး ၎င်းသည် တောင်ကုန်းများဝိုင်းရံထားသော ထူထပ်လှသည့်ချိုင့်ဝှမ်းတစ်ခု ဖြစ်နေလေသည်။
ထိုအရာ၏ နောက်ကွယ်တွင် ဤကဲ့သို့သော ဆန်းကြယ်မှုများ ပုန်းကွယ်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။
အကယ်၍ သူကိုယ်တိုင်သာ ဒုတိယအဆင့်သဲလွန်စကို မဖော်ထုတ်နိုင်ခဲ့ပါက မည်သည့်အကြောင်းကြောင့် အပြင်သို့ ထုတ်ရောင်းပါမည်နည်း။
အမှန်စင်စစ် ချူလျန်သည်ပန်းချီကားလေးချပ်ကို ပူးပေါင်းလိုက်သော်လည်း ရှုပ်ထွေးနေဆဲဖြစ်သည်ကို မြင်လိုက်ရသည့်အချိန်မှစ၍ ၎င်းသည် သာမန်မြေပုံတစ်ခု မဟုတ်ကြောင်း သဘောပေါက်ခဲ့ပြီး ထူးခြားသောနည်းလမ်းကို စဉ်းစားခဲ့ခြင်း ဖြစ်၏။
သူသည် ယခင်က သုံးဖက်မြင်ရုပ်ရှင်တစ်ခုကို ကြည့်ဖူးခဲ့ရာ ဤအခြေအနေနှင့် ရုတ်ချည်း တိုက်ဆိုင်သွားခြင်းပင်။
ဤကူးယူထားသော ပန်းချီကားမှာ အနည်းငယ်မပြည့်စုံသေးသော်လည်း အကယ်၍ ထိုအလံလေးခုပေါ်ရှိ ပုံရိပ်များသာဖြစ်ပါက လုံးဝ ပြီးပြည့်စုံသော ပုံရိပ်ယောင်ကို မြင်တွေ့ရမည် ဖြစ်သည်။
ဖန်တီးထားပုံမှာ တကယ်ကို ထူးခြားဆန်းပြားလှပေသည်။
ချူလျန်က ဘေးဘီသို့ ကြည့်လိုက်ရာ အနည်းငယ်ဝေဝါးနေသော်လည်း ထိုတောအုပ်နှင့်ချိုင့်ဝှမ်း၏တည်နေရာကိုမူ ခန့်မှန်းနိုင်သေးသည်။
ဤနေရာကို သူသည် ယခင်ကရောက်ဖူးခဲ့ပေသည်။
အခန်း (၂၁၆) - အရေးပေါ်တာဝန် (၁)
ရတနာစေတီတောင်ထွတ်။
ဤနေရာသည်ကား ချူလျန်နှင့်ဂိုဏ်းတူအစ်မကျန်းတို့ သီးသန့်တွေ့ဆုံလေ့ရှိသည့်နေရာဖြစ်ရာ သူနှင့်အနည်းငယ်ရင်းနှီးကျွမ်းဝင်နေသည်မှာ ဓမ္မတာပင်။ ထိုရေတံခွန်လိုဏ်ဂူအပြင် တောင်ပေါ်တွင် အခြားနေရာများစွာလည်းရှိသေး၏။
အထင်ရှားဆုံးနေရာမှာ ချိုင့်ဝှမ်းကြီးတစ်ခုပင်။ ထိုနေရာသည် ယခင်က မိစ္ဆာနှိမ်စေတီ တည်ရှိခဲ့ရာနေရာဟု ဆိုကြလေသည်။
စေတီတော် ပျောက်ဆုံးသွားပြီးနောက် ဤနေရာတွင်တွင်းနက်ကြီးတစ်ခုသာ ကျန်ရစ်ခဲ့ပြီး ကာလကြာမြင့်သောအခါ တောင်ကြားတစ်ခု ဖြစ်လာခဲ့သည်။ ရှုတောင်ဂိုဏ်းသားအများစုမှာ ဤရှေးဟောင်းနေရာသို့ လာရောက်ဖူးကြလိမ့်မည်မှာ သေချာသလောက်ပင်။
ဒုတိယမြောက် သဲလွန်စတွင် ဖော်ပြထားသော ပတ်ဝန်းကျင်မှာ ဤတောင်ကြားအတွင်းမှ မြင်တွေ့ရသည့် ရှုခင်းနှင့်တစ်ထေရာတည်း တူညီနေပေသည်။
ချူလျန်က တောင်ကြားသို့ ဆင်းသက်လိုက်ပြီးနောက် ဘေးဘယ်ညာရှိ တည်နေရာများကို လိုက်လံရှာဖွေလိုက်၏။
သူသည် သူ၏ဝိညာဉ်အာရုံကို ဖြန့်ကြက်ကာ ရှေ့သို့ဖြည်းညှင်းစွာ တိုးဝင်သွားသည်။
နောက်ဆုံးတွင်မူ တောအုပ်ထူထပ်ရာနေရာ၏ အလယ်ဗဟို၌ အနီးစပ်ဆုံးတည်နေရာကို ရှာတွေ့သွားခဲ့သည်။ ထိုနေရာတွင် ကျောက်တုံးကြီးတစ်တုံးရှိနေပြီး ၎င်းကို ဖယ်ရှားရမည့်ပုံရှိသည်။
ချူလျန်က သူ၏လက်မောင်းနှစ်ဖက်ဖြင့် အားပြုကာ ကျောက်တုံးကြီးကို အားစိုက်စရာမလိုဘဲ အလွယ်တကူ တွန်းဖယ်လိုက်၏။ ဤကျောက်တုံးကြီးမှာ မပေါ့ပါးလှချေ။
ဝိညာဉ်အသိအမြင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်မူ အနည်းငယ် ခက်ခဲနိုင်သော်လည်း ချူလျန်အတွက်မူကား ယခုအခါကျင့်ကြံမှုအဆင့် အဆမတန်တိုးတက်လာရုံသာမက ခန္ဓာကိုယ်အင်အား သက်သက်ဖြင့်ပင် ဤကျောက်တုံးကြီးကို အသာလေး တွန်းရွှေ့နိုင်စွမ်း ရှိပေသည်။
‘ဝုန်း... ဝုန်း…’
ကျောက်တုံးကြီး ရွေ့လျားသွားသောအခါ မျှော်လင့်ထားသည့်အတိုင်း မှောင်မည်းနေသောလိုဏ်ဂူဝတစ်ခု ပေါ်ထွက်လာ၏။ ပတ်ပတ်လည်ရှိမြေဆီလွှာမှာ ပွစိစိနှင့်မည်းနက်နေပြီး တူးဆွထားသည်မှာ မကြာသေးကြောင်း သိသာလှပေသည်။
ဤသည်မှာသေချာပေါက် တောင်စောင့်နတ်ပူဇော်ပွဲအတွက် ပြင်ဆင်ထားခြင်း ဖြစ်ရပေမည်။
သူကလိုဏ်ဂူထဲသို့ ငုံ့ကြည့်ရန် ပြင်လိုက်စဉ်မှာပင် မလှမ်းမကမ်းမှ “အူး... ဝူး…” ဟူသော အော်သံတစ်ခုကို ကြားလိုက်ရပြီး လျှပ်စီးကဲ့သို့ မြန်ဆန်လှသော ငွေရောင်အလင်းတန်းတစ်ခု ပြေးဝင်လာကာ သူ့အားတိုက်မိတော့မည့်အလား ဖြစ်သွား၏။
‘ရွှစ်…’
ထိုငွေရောင်အလင်းတန်းသည် ချူလျန်ကို မတိုက်မိမီ စက္ကန့်ပိုင်းအလို၌ သူ့မျက်နှာကို မှတ်မိသွားပုံရပြီး ချက်ချင်းပင်အရှိန်သတ်လိုက်ရာ မြေပြင်ပေါ်တွင် နက်ရှိုင်းသော အစင်းကြောင်းနှစ်ကြောင်း ထင်ကျန်ရစ်ခဲ့လေသည်။
ချူလျန်က ရင်ခွင်ထဲသို့ တိုးဝင်လာသောပိုင်ဇယ်လေးကို ပွေ့ပိုက်လိုက်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဘယ်လိုလုပ် မင်းဖြစ်နေတာလဲ..."
ပိုင်ဇယ်လေးက ခေါင်းကိုမော့ကာ ဂုဏ်ယူဝင့်ကြွားသောအမူအရာဖြင့် အော်လိုက်၏။
"အူး... ဝူး..."
ချူလျန်က ၎င်းကိုကြည့်ကာ မထိန်းနိုင်ဘဲ ရယ်မောလိုက်ရင်း ပြောလိုက်၏။
"အကြီးအကဲတွေ မင်းကို တတိယမြောက် သဲလွန်စရဲ့ အစောင့်အရှောက်အဖြစ် ထားခဲ့တာလား... ဒါ တကယ်မတရားရာကျလွန်းတယ် မဟုတ်ဘူးလား..."
ဤသည်မှာ အမှန်တကယ်ပင် အလွန်ခက်ခဲလှသော ပုစ္ဆာတစ်ပုဒ် ဖြစ်ပေသည်။
ကျောက်တုံးကြီးကို တွန်းဖယ်လိုက်သည်နှင့် ပိုင်ဇယ်လေး ပေါ်လာပြီး လမ်းပိတ်ဆီးမည်ဖြစ်ရာ ဝိညာဉ်အသိအမြင်အဆင့်နှင့် ဓာတ်ကြီးငါးပါးနယ်ပယ်အဆင့်ရှိ သာမန်ဂိုဏ်းသားများမှာ ပိုင်ဇယ်လေးကို မည်သို့ယှဉ်နိုင်ပါမည်နည်း။
လူအများစုပေါင်းပြီး ၎င်းကို ယှဉ်ပြိုင်နိုင်သည်ဆိုလျှင်ပင် ရှုတောင်ဂိုဏ်း၏ နတ်သားရဲကို မည်သူက ရက်ရက်စက်စက် တိုက်ခိုက်ဝံ့ပါမည်နည်း။
သို့မဟုတ် ဤသည်မှာ မေးခွန်းထုတ်သူများ၏ရည်ရွယ်ချက်လည်း ဖြစ်နိုင်ပေသည်။
သူတို့သည် တစ်ဖွဲ့တည်းသဲလွန်စအသစ်ကို လွယ်လွယ်ကူကူ ရရှိသွားသည်ကို မလိုလားသောကြောင့် လူအများ စုပေါင်းတွန်းလှန်မှသာရနိုင်မည့် ပိုင်ဇယ်လေးကို ဤနေရာတွင် အစောင့်အဖြစ်ထားရှိကာ အဖွဲ့အနည်းငယ် ပူးပေါင်းပြီးမှသာ တတိယမြောက်သဲလွန်စကိုယူနိုင်ရန် စီစဉ်ထားခြင်း ဖြစ်ပေလိမ့်မည်။
ကံကောင်းသည်မှာ ဤအဆင့်သည် ချူလျန်အတွက်မူ မည်သည့်အခက်အခဲမျှ ရှိမနေခြင်းပင်။
သူက လိုဏ်ဂူဝကို အသာအယာလက်ညှိုးထိုးပြကာ ပြောလိုက်၏။
"ရှေ့ကနေ လမ်းပြ…"
ပိုင်ဇယ်လေးသည် ချက်ချင်းပင် `အူး... ဝူး...` အော်မြည်လျက် ဝမ်းသာအားရဖြင့် ရှေ့သို့ အပြေးကလေး လမ်းပြသွားလေတော့သည်။
မဆိုင်းမတွပင် ရန်သူ့ဘက်သို့ ကူးပြောင်းသွားချေပြီ။
၎င်းက ရှေ့မှဦးဆောင်ပေးသဖြင့် လိုဏ်ဂူအတွင်းပိုင်းသို့ ဝင်ရောက်ရာတွင် အလွန်ပင် ချောမွေ့လှပေသည်။
လမ်းခရီးတစ်လျှောက်တွင် အတားအဆီးနှင့် မန္တန်အစီအရင် အနည်းငယ် ရှိနေသော်လည်း ပိုင်ဇယ်လေး၏ကိုယ်ပေါ်သို့
‘ဖြောင်း... ဖြောင်း…’ ဟူ၍ ရိုက်ခတ်သွားရုံမျှသာ ရှိ၏။
၎င်းကား အသားအရေ ထူထဲလှသဖြင့် ဥယျာဉ်ထဲတွင် လမ်းလျှောက်နေသကဲ့သို့ အေးအေးလူလူပင် ဝင်ရောက်သွားလေသည်။
ရှုတောင်ဂိုဏ်းမှ အထက်လူကြီးများအနေဖြင့် သူတို့ပြင်ဆင်ထားသည့် ဒုတိယမြောက်အတားအဆီးက တတိယမြောက်အတားအဆီးကို ကိုယ်တိုင် ဖျက်ဆီးပစ်လိမ့်မည်ဟု ထင်မှတ်ထားမိကြမည် မဟုတ်ချေ။
လိုဏ်ဂူ၏အနက်ဆုံးနေရာသို့ ရောက်ရှိသောအခါ ကျောက်စိမ်းနံရံကြီးတစ်ခုကို တွေ့လိုက်ရ၏။
နံရံပေါ်တွင် အခြားပန်းချီကားတစ်ချပ်ကို ရေးဆွဲထားရာ ကောင်းကင်အလယ်တည့်တည့်တွင် လဝန်းဝိုင်းကြီးတစ်စင်းသာနေပြီး ထိုလမင်းကြီး၏အလယ်၌ ဖြူစင်ကြည်လင်သောဖန်ခွက်တစ်လုံး ရှိနေပေသည်။
၎င်းကား ဖြူစင်သောကျောက်စိမ်းဖန်ခွက်ကလေး ဖြစ်ပေသည်။
ဤပန်းချီကားက မည်သည့်အဓိပ္ပာယ်ကို ဖော်ညွှန်းနေပါသနည်း။
ဖြူစင်သော ကျောက်စိမ်းဖန်ခွက်က လမင်းပေါ်တွင် ရှိနေသည်ဟူသော အဓိပ္ပာယ်လော။
ချူလျန်သည် ဤသည်မှာ တတိယမြောက် သဲလွန်စဖြစ်ကြောင်း နားလည်လိုက်၏။ ၎င်းကိုဖော်ထုတ်နိုင်ပါက နောက်ဆုံးတွင် ဖြူစင်သောကျောက်စိမ်းဖန်ခွက်ကို ရှာတွေ့နိုင်ပေလိမ့်မည်။
သို့သော် ဤသဲလွန်စသည် ယခင်သဲလွန်စများနှင့်နှိုင်းယှဉ်ပါက ပို၍ပင် ရှာဖွေရန် လမ်းစပျောက်လှပေသည်။
ထိုနေရာတွင် ခေတ္တမျှစဉ်းစားဆင်ခြင်ပြီးနောက် အခြားကျန်ရှိနေသော သဲလွန်စများ မရှိတော့ကြောင်း သေချာသွားသဖြင့် ချူလျန်သည် လိုဏ်ဂူထဲမှ ပြန်လည်ထွက်ခွာရန် ဆုံးဖြတ်လိုက်၏။
အမှန်တကယ်တော့ မထွက်ခွာမီ သူ လုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ခု ရှိသေး၏။ ၎င်းကား ဤကျောက်စိမ်းနံရံကိုဖျက်ဆီးပစ်လိုက်ရန် ဖြစ်ပေသည်။
ထိုသို့ပြုလုပ်ပါက တစ်ဂိုဏ်းလုံးတွင် သူတစ်ယောက်တည်းသာ ဤသဲလွန်စကို ရရှိနိုင်တော့မည်ဖြစ်၏။
သို့သော် သူသည် ထိုသို့မပြုလုပ်ခဲ့ပေ။
...
နှစ်ရက်ကြာပြီးနောက် ရှုတောင်ဂိုဏ်းတစ်ခုလုံး လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့လေသည်။
ဂိုဏ်းသားများအားလုံး တောင်စောင့်နတ်ပူဇော်ပွဲ၏ဒုတိယမြောက် သဲလွန်စကို လိုက်လံခွဲခြမ်းစိတ်ဖြာနေကြပြီး ရှုပ်ထွေးနေသောပန်းချီကားလေးချပ်ကို စုပေါင်းစပ်ပေါင်းလိုက်ပါက မည်သည့်အဓိပ္ပာယ်ထွက်လာမည်ကို စဉ်းစားနေကြခြင်းပင်။
အစပိုင်းတွင်သဲလွန်စကို ရရှိသွားသူများက ဤသည်မှာ လျှို့ဝှက်ချက်တစ်ခုဟူ၍ ထင်မှတ်ကာ တိတ်တဆိတ်သုတေသနပြုနေကြသော်လည်း မကြာမီမှာပင် တောင်စောင့်နတ်ပူဇော်ပွဲတွင် ပါဝင်သည့်အဖွဲ့အားလုံးနီးပါးသည် ဤပန်းချီကားကို ဝယ်ယူထားကြကြောင်း သိရှိသွားကြတော့သည်။
သို့သော်လည်း ကိစ္စမရှိပေ။ လူတိုင်းတွင်ရှိနေသဖြင့် ဆွေးနွေးရသည်မှာ ပို၍ပင် လွယ်ကူသွားသေး၏။
မူလကစောစီးစွာ ပြုတ်သွားသင့်သည့် လူအများစုမှာလည်း ဤအစီအစဉ်ကြောင့် ပါဝင်ခွင့်ရသည့် ပျော်ရွှင်မှုကိုခံစားလိုက်ကြရသည်။
ယခင်က တောင်စောင့်နတ်ပူဇော်ပွဲများတွင် ပထမအဆင့်၌ မည်သူမျှ ပြုတ်မသွားဘဲ အားလုံးဒုတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် အဖြစ်အပျက်မျိုးတစ်ခါမျှ မရှိခဲ့ဖူးချေ။
ဤအရာအားလုံးမှာ ကိုယ်ကျိုးမဖက်ဘဲ စွန့်လွှတ်အနစ်နာခံခဲ့သည့် ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်ကြောင့်ပင်။
တောင်စောင့်နတ်ပူဇော်ပွဲအဖွဲ့သားများ စုဝေးမိကြပြီးနောက် တောင်ပုံရာပုံ စုပုံနေသော ဓားဒင်္ဂါးများကို ကြည့်ကာ ရေရွတ်လိုက်ကြ၏။
"ဝါး... ဓားဒင်္ဂါးတွေ အများကြီးပါလား..."
ယခုအကြိမ်တွင် ရှုတောင်ဂိုဏ်းမှအဖွဲ့အားလုံးနီးပါး သူတို့ထံမှသဲလွန်စကို ဝယ်ယူခဲ့ကြသဖြင့် စုစုပေါင်းဓားဒင်္ဂါးခုနစ်ထောင်ခန့် ရရှိခဲ့၏။ ဤသည်မှာ ချူလျန် ထင်မှတ်ထားသည်ထက်ပင် ပိုမိုများပြားနေပေသည်။
ဤကဲ့သို့သော အောင်မြင်မှုကိုရရှိရန် လင်းပေ့ကို ကျေးဇူးတင်ရပေမည်။ သူတစ်ယောက်တည်းဖြင့် သဲလွန်စထက်ဝက်ကျော်ကို ရောင်းချနိုင်ခဲ့ခြင်းပင်။
ဤပြိုင်ပွဲကို စိတ်မဝင်စားလှသောအဖွဲ့အချို့မှာ တိမ်တိုက်စက်ဝန်းတောင်ထွတ်မှ ကောင်လေးသုံးယောက်ကြောင့် ရှုံးနိမ့်သွားပြီဟူ၍ ယူဆထားကြသော်လည်း လင်းပေ့ကလူကိုယ်တိုင် သွားရောက်ဆွဲဆောင်ကာ အတင်းအကျပ်ရောင်းချခဲ့ခြင်း ဖြစ်သည်။
ချူလျန်သည် သူ၏စိတ်လှုပ်ရှားတက်ကြွနေသော ပုံစံကိုကြည့်ရင်း ဤကောင်သာ အိမ်ခြံမြေရောင်းစားမည်ဆိုပါက တစ်ယောက်တည်းဖြင့် တိုက်ခန်းဝင်းကြီးတစ်ခုလုံးကို ကုန်အောင်ရောင်းနိုင်လိမ့်မည်ဟူ၍ တွေးမိလိုက်၏။
ချူလျန်က ပြောလိုက်၏။
"ဒီတစ်ခေါက် အားလုံး အားစိုက်ထုတ်ခဲ့ကြတာဆိုတော့ ဒီဓားဒင်္ဂါးတွေကို တစ်ယောက်ကိုနှစ်ပုံစီ ခွဲယူကြတာပေါ့"
ထိုစကားကိုကြားသောအခါ လူတိုင်းဝမ်းသာအားရ ဖြစ်သွားကြ၏။ တစ်ယောက်လျှင် နှစ်ပုံစီဆိုသည်မှာ လူငါးယောက်ညီတူညီမျှ ခွဲဝေယူကြခြင်း ဖြစ်ပေသည်။
ဤသည်မှာ အမှန်တကယ်ပင် ငွေကြေးအမြောက်အမြား ဖြစ်ပေသည်။ သို့သော် ပြန်လည်စဉ်းစားမိသောအခါ အနည်းငယ် အားနာလာကြပြန်တော့သည်။