အခန်း (၂၁၉-၂၂၀)
Vol. 22 Ch. 219-220
အခန်း (၂၁၉) - မလိုမုန်းထားစိတ် (၂)
အထူးသဖြင့် အစ်ကိုဖြစ်သူရန်ရှန်လုံမှာ မွေးဖွားလာကတည်းက လောက၏ ထူးချွန်ပြောင်မြောက်သော ပါရမီရှင်တစ်ဦးအဖြစ် ရှုမြင်ခံခဲ့ရသည်။
သူ၏ကျင့်ကြံခြင်းလမ်းခရီးတစ်လျှောက်တွင် အမြဲတစေရဲရဲဝံ့ဝံ့တိုးတက်လာခဲ့ပြီး ပြိုင်ဘက်ကင်းခဲ့ကာ အဆင့်ကျော်လွန်၍ရန်သူများကို သတ်ဖြတ်နိုင်ခြင်းကြောင့် လောကတစ်ခွင် ကျော်ကြားလှသည်။
သူ့ကို သူနှင့်အဆင့်တူသူများနှင့်ပင် နှိုင်းယှဉ်လေ့မရှိကြချေ။
မြင့်မြတ်ဂိုဏ်းပေါင်းစုံတွင် မျိုးဆက်အလိုက်ပါရမီရှင်များစွာရှိသော်လည်း အကယ်၍ ယခုမျိုးဆက်၏နံပါတ်တစ်ကို ရွေးချယ်ရမည်ဆိုပါက လူပြောအများဆုံး အမည်မှာ သူသာလျှင် ဖြစ်ပေလိမ့်မည်။
ညီဖြစ်သူ ရန်ယွိဟူမှာ ပါရမီရှင်တစ်ဦးဖြစ်သော်လည်း အစ်ကိုဖြစ်သူ၏ ကျော်ကြားမှုက လွှမ်းမိုးလွန်းသဖြင့် သူ၏ အရည်အချင်းမှာ အနည်းငယ်ဖုံးကွယ်ခံထားရကာ အစ်ကိုဖြစ်သူ၏အရိပ်အောက်တွင်သာ အမြဲတစေ ပေါ်ထွက်လာလေ့ရှိ၏။
ယနေ့ တွေ့ဆုံရချိန်တွင်မူ ဤသူမှာ ဖုန်းလိုင်အထီတ်အထိပ်ဂိုဏ်းမှဆင်းသက်လာသူပီပီ သူ၏ကိုယ်ပေါ်တွင် ဂိုဏ်း၏ ထူးခြားသော မာနထောင်လွှားသည့် အရှိန်အဝါများ အမှန်တကယ်ကိန်းအောင်းနေသည်ကို တွေ့ရလေသည်။
တုချဲ၏ မိတ်ဆက်ပေးမှုကို ကြားရချိန်တွင် ရန်ယွိဟူသည် ရှုတောင်မှလူသုံးဦးကို အသာအယာခေါင်းညိတ်ပြရုံမျှဖြင့် နှုတ်ဆက်ခြင်းကို ပြုလုပ်လိုက်၏။
ချူလျန်သည်လည်း အပြုံးဖြင့်သာတုံ့ပြန်လိုက်ပြီး စကားတစ်ခွန်းမျှမဆိုခဲ့ချေ။
အပြင်လောကတွင် အခြားသောအင်မော်တယ်ဂိုဏ်းများနှင့်ဆက်ဆံရာ၌ တစ်ဖက်လူကအေးစက်နေပါက သူသည်လည်း အလွန်အမင်း စိတ်အားထက်သန်ပြနေစရာမလိုပေ။
ယဉ်ကျေးပျူငှာမှုမှာ သီးခြားဖြစ်ပြီး အတင်းအကျပ်သွား၍ကပ်ဖားနေပါက ရှုတောင်၏ဂိုဏ်းသိက္ခာကို ထိခိုက်စေလိမ့်မည်။
နှစ်ဖက်စလုံး၏ အခြေအနေမှာ အနည်းငယ်တင်းမာနေသည်ကို တုချဲသတိပြုမိသွားသဖြင့် သဘောကျစွာရယ်မောရင်း တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးစေရန် ထပ်မံမိတ်ဆက်ပေးလိုက်၏။
"သူရဲကောင်းလေးရန်က ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းရဲ့ နဂါးဝါအကြီးအကဲဆီကနေ ပညာသင်ကြားခဲ့တာလေ ငယ်တုန်းကတည်းက ကျော်ကြားခဲ့တာဆိုတော့ မင်းတို့လည်း သူ့ရဲ့နာမည်ကို ရင်းနှီးပြီးသား ဖြစ်မှာပါ…”
“ဒီဘက်က သူရဲကောင်းလေးရှန်ကတော့ ကျုပ်ရဲ့ကျောင်းနေဖက်အစ်ကိုကြီသားလေ ပါရမီကတော့ သံသယဖြစ်စရာမရှိဘူး.. ဒီဘက်က သူရဲကောင်းလေးလင်းကလည်း ရှုတောင် တောင်ထွတ်အသီးသီးက အကြီးအကဲတွေရဲ့ တပည့်ဖြစ်လို့ အထူးပြောနေစရာ မလိုပါဘူး..”
“ဒီဘက်က သူရဲကောင်းလေးချူကကျ ကျော်ကြားတဲ့တိနွီဖုန့်ရဲ့တပည့်အရင်းပဲ… ဒီတစ်ခေါက် ယန်ပေါ်မြို့ကို ရောက်လာကြတာမို့ အကုန်လုံးစည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်..."
သူသည် စေတနာကောင်းဖြင့် နှစ်ဖက်လုံး စကားမပြောကြသဖြင့် တစ်ဦးနှင့်တစ်ဦး ပိုမိုရင်းနှီးစေရန်ရည်ရွယ်၍ ပြောဆိုနေခြင်းဖြစ်သော်လည်း သူ၏စကားမဆုံးသေးမီမှာပင် ရန်ယွိဟူ၏ မျက်မှောင်ကြုတ်သွားသည်ကို မြင်လိုက်ရလေသည်။
ရန်ယွိဟူသည် ချူလျန်ကို စိုက်ကြည့်ကာ မေးလိုက်၏။
"မင်းက တိနွီဖုန့်ရဲ့ တပည့်လား.."
ချူလျန်က ခေါင်းညိတ်ကာ ပြန်လည်ဖြေကြားလိုက်၏။
"ဟုတ်ပါတယ်"
ရန်ယွိဟူသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။
"ဒီတစ်ခေါက် အမှုအခင်းကို မင်းတို့ဘာသာမင်းတို့ဖြေရှင်းကြ...ငါလည်း ငါ့ဘာသာငါ ဖြေရှင်းမယ်..”
“မင်းတို့ရဲ့ကျင့်ကြံခြင်းက အားကိုးမရတာမို့ ငါ့အလုပ်တွေကို လာပြီးအနှောင့်အယှက် မပေးရင်ပဲတော်လှပြီ…"
ချူလျန်သည် ထိုစကားကို ကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားမိသည်။
တကယ့်ကို တိုက်ရိုက်ဆန်လွန်းသော မလိုမုန်းထားစိတ်ပင်။
နေပါဦး...
ရန်ယွိဟူသည် မူလကအနည်းငယ်မာနကြီးရုံသာရှိသော်လည်း ရုတ်တရက် ရိုင်းစိုင်းစုတ်ပြတ်သောစကားလုံးများပြောဆိုလာခြင်းမှာ တိနွီဖုန့်ဟူသောအမည်ကို ကြားလိုက်ရချိန်မှ စတင်ခဲ့ခြင်း ဖြစ်ပုံရသည်။
ချူလျန်သည် ချက်ချင်းပင် အကြောင်းအရင်းကို သဘောပေါက်သွားလေသည်။
ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းသည် အရှေ့ပင်လယ်တွင် အခြေစိုက်ပြီး အရှေ့ပင်လယ် ကမ်းရိုးတန်းဒေသမှာလည်း ၎င်းတို့၏နယ်မြေအတွင်းရှိနေသဖြင့် ယန်ပေါ်မြို့တွင် ကိစ္စရပ်တစ်ခုဖြစ်ပွားချိန်၌ ၎င်းတို့လာရောက်ဖြေရှင်းခြင်းမှာ ကျိုးကြောင်းဆီလျော်လှပေသည်။
ဆန့်ကျင်ဘက်အားဖြင့် ရှုတောင်ဂိုဏ်းမှာမူ တုချဲ၏လူမှုရေးအရ ဖိတ်ကြားချက်ကြောင့် ရောက်ရှိလာခြင်းဖြစ်သဖြင့်အနည်းငယ် လူပိုဖြစ်နေသကဲ့သို့ ခံစားရစေ၏။
ထို့ကြောင့် ရန်ယွိဟူက၎င်းတို့ကို လျစ်လျူရှုထားခြင်းမှာ နားလည်ပေးနိုင်စရာ ရှိပေသည်။
သို့သော် ရုတ်တရက်သဘောထားဆိုးရွားသွားရခြင်းမှာ သူသည် တိနွီဖုန့်၏တပည့်ဖြစ်ကြောင်း ကြားလိုက်ရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
ပြီးခဲ့သည့်အကြိမ်က ဆရာသခင်သည် အရှေ့ပင်လယ်သို့လာရောက်လည်ပတ်စဉ်က နောက်ဆုံး၌ ဖုန်းလိုင်အထွတ်အထိပ်ဂိုဏ်းမှလူများ၏မောင်းထုတ်ခြင်းကို ခံခဲ့ရသည်။
ဆရာသခင်ကမူ သူမသည် ကျိုးကြောင်းနားလည်သဖြင့် အငြင်းပွားမှုမပြုလုပ်ခဲ့ကြောင်းပြောခဲ့သော်လည်း အမှန်တကယ်ဖြစ်စဉ်မှာ ထိုမျှငြိမ်းချမ်းခဲ့လိမ့်မည် မဟုတ်သည်မှာ အသေအချာပင်။
တစ်စုံတစ်ရာ မနှစ်မြို့ဖွယ်ရာများဖြစ်ပွားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။
'ဟူး...'
'မြို့စောင့်အရာရှိတုကလည်း... ကျုပ်ကိုယ်တိုင်တောင်အပြင်ထွက်ရင် ဆရာသခင်ရဲ့နာမည်ကို မပြောဝံ့တာကို... ခင်ဗျားက တိုက်ရိုက်ကြီး ထုတ်ပြောလိုက်တာပဲ..'
'ဒီတစ်ခေါက်ပြန်ရောက်ရင် ဆရာသခင်ကိုသတိပေးရမယ်... အပြင်မှာ ဘာပြဿနာပဲရှာရှာ၊ တပည့်ဖြစ်သူရဲ့ နာမည်ကိုတော့ထုတ်မပြောဖို့ ပြောရမယ်'
သို့သော် ရန်ယွိဟူ၏သဘောထားအပေါ် ချူလျန်အနေဖြင့် ဆရာသခင်၏ကိုယ်စား တောင်းပန်ရန် မဖြစ်နိုင်ချေ။
သူသည် ပခုံးကို အသာအယာတွန့်ပြလိုက်ပြီး တစ်ဖက်လူကို ကြည့်ပင်မကြည့်တော့ဘဲ တုချဲကိုသာပြုံးလျက် ပြောလိုက်၏။
"ကျုပ်တို့က မိစ္ဆာဂိုဏ်းကျင့်ကြံသူကို ဖမ်းဆီးဖို့ရောက်လာတာမို့... ပူးပေါင်းဆောင်ရွက်တာ၊ မဆောင်ရွက်တာက ကိစ္စမရှိပါဘူး…"
တုချဲသည်လည်း ကူကယ်ရာမဲ့စွာ ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။
သူသည်လည်း ရန်ယွိဟူ အဘယ်ကြောင့် ရုတ်တရက်သဘောထား ပြောင်းလဲသွားသည်ကို နားမလည်နိုင်သဖြင့် ပြောလိုက်၏။
"ဒါဆိုရင်လည်း မင်းတို့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ လုပ်ဆောင်ကြပေါ့…"
သူက လက်ဟန်ပြလိုက်ရာ ရုံးအမှုထမ်းတစ်ဦးက အမှုတွဲစာရွက်စာတမ်းနှစ်စုံကို ချက်ချင်းယူဆောင်လာပြီး နှစ်ဖက်လုံးထံသို့ အသီးသီး ပြသလိုက်လေသည်။
"ဒါကတော့ ဒီတစ်ခေါက် ထူးဆန်းတဲ့အမှုတွဲရဲ့ စာရွက်စာတမ်းတွေပဲ”
“မင်းတို့ အရင်ဆုံးသေချာဖတ်ကြည့်ပြီး သဲလွန်စတစ်ခုခုရှာတွေ့နိုင်မလား ကြည့်ပေးကြပါ…”
“သူက ဆေးလုံးဖော်စပ်ဖို့အတွက် နောက်ထပ် လူ့နှလုံးနှစ်ခု လိုအပ်နေသေးတာမို့... သုံးရက်အတွင်းမှာ ထပ်ပြီး လှုပ်ရှားလာလိမ့်မယ်လို့ ကျုပ်တို့ ခန့်မှန်းထားတယ်…”
“ဒါကြောင့် ညဘက်ရောက်ရင် မြို့တစ်ခုလုံးကို လှည့်ကင်းစောင့်ရလိမ့်မယ်.. အဲဒီအချိန်ကျရင် ကျုပ်တို့ မြို့စောင့်ရုံးတော်မှာ လူအင်အားမလုံလောက်တာမို့ မင်းတို့ကို ဒုက္ခပေးရလိမ့်မယ်”
“မြို့တွင်းအခြေအနေတွေကို စောင့်ကြည့်ပေးကြပါ.. မင်းတို့ စိတ်ကြိုက် လှုပ်ရှားနိုင်ပြီး ကျုပ်ဘက်ကတော့ ညွှန်ကြားနေမှာ မဟုတ်ပါဘူး…"
"ကောင်းပါပြီ"
အားလုံးက တညီတညွတ်တည်း ပြန်လည်ဖြေကြားလိုက်ကြသည်။
...
ညနေခင်းအချိန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်၏။
တုချဲသည် စာရေးခုံပေါ်ရှိ စာရွက်စာတမ်းများကြားမှ ခေါင်းကိုမော့လိုက်ပြီး မျက်လုံးကို အသာအယာပိတ်ကာ အမောဖြေလိုက်ပြီးနောက် မျက်ဝန်းများအတွင်း ပြန်လည်ကြည်လင်လာခဲ့၏။
လောကီရေးရာ ကိစ္စရပ်များသည် စိတ်ဓာတ်ကို အလွန်ပင်ပန်းစေသည်။ သူသည် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း နေ့စဉ်ရက်ဆက် ဤကဲ့သို့သော ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းနေရသဖြင့် အလွန်ပင်ပန်းလှ၏။
မကြာသေးမီက ယွီအင်ပါယာအတွင်း၌ ထူးဆန်းသောအမှုအခင်းများ ဆက်တိုက် ဖြစ်ပွားနေသဖြင့် ဒေသအသီးသီးရှိ မြို့စောင့်ရုံးတော်များ၏ တာဝန်မှာ အလွန်လေးလံလှပြီး သူ၏စိတ်ဖိစီးမှုမှာလည်း ယခင်ကထက် ပိုမိုကြီးမားလာခဲ့သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မိစ္ဆာနတ်ဘုရား ပြန်လည်ရောက်ရှိလာသည်ဟူသော ကောလာဟလများ ပျံ့နှံ့သွားခဲ့ပြီးနောက် ယခုအခါနေရာအနှံ့အပြား၌ ထူးဆန်းသော အမှုအခင်းများ ဖြစ်ပွားနေခြင်းမှာ ကြီးမားသောမုန်တိုင်းတစ်ခု ဖြစ်ပေါ်လာတော့မည့် အလားအလာ ဖြစ်ပေ၏။
မုန်တိုင်းမကျမီ လေပြင်းများစတင်တိုက်ခတ်နေပြီ ဖြစ်၏။
ဒေသတစ်ခု၏မြို့စောင့်အရာရှိချုပ်တစ်ဦးဖြစ်သဖြင့် သူသည်လည်း စိုးရိမ်ပူပန်မှုများ ရှိနေရပေ၏။
သို့သော် လက်ရှိအချိန်တွင် အရေးအကြီးဆုံးမှာ မြို့တွင်းရှိမိစ္ဆာကျင့်ကြံသူကို အရင်ဆုံးဖမ်းဆီးရန်သာ ဖြစ်ပေသည်။
သူသည် တံခါးကိုတွန်းဖွင့်၍ အပြင်သို့ထွက်လာခဲ့ပြီး အပြင်ဘက်တွင် စောင့်ဆိုင်းနေသော အမှုထမ်းငယ်ကိုခေါ်ယူကာ မေးမြန်းလိုက်၏။
"ရှုတောင်နဲ့ဖုန်လိုင်ကကျင့်ကြံသူတွေ အပြင်ကိုထွက်သွားကြပြီလား…"
မြင့်မြတ်သောဂိုဏ်းများမှ ကျင့်ကြံသူများသည် လွတ်လပ်စွာနေထိုင်လေ့ရှိကြသဖြင့် နန်းတော်၏ညွှန်ကြားမှုများကို သဘောမကျကြပေ။
ထို့ကြောင့် သူသည် ထိုလူငယ်များကို တိကျသောတာဝန်များ ပေးအပ်ခြင်းမပြုဘဲ ၎င်းတို့၏စိတ်ကြိုက်လုပ်ဆောင်စေခဲ့ခြင်း ဖြစ်သည်။
သို့သော် ညွှန်ကြားခြင်းမပြုသော်လည်း ၎င်းတို့၏လှုပ်ရှားမှုများကို သိရှိထားရန် လိုအပ်ပေ၏။
ထိုသို့မှသာ အချို့သူများပျင်းရိကာ အချိန်ဖြုန်းနေခြင်းရှိမရှိ သိနိုင်ပေမည်။
အတိတ်ကာလက အချို့သောလူငယ်ကျင့်ကြံသူများသည် ဂိုဏ်းမှစေလွှတ်၍ အကူအညီပေးရန် ရောက်ရှိလာသော်လည်း မြို့ထဲသို့ရောက်သည်နှင့် အပျော်စံအိမ်သို့ခိုးထွက်ကာ ပျော်ပါးနေလေ့ရှိပြီး မိမိ၏တာဝန်ကို လုံးဝလျစ်လျူရှုထားသဖြင့် ၎င်းတို့၏အပြုအမူမှာ အလွန်ဆိုးရွားလှပေ၏။
ထိုအခါ အမှုထမ်းငယ်က ပြန်လည်ဖြေကြားလိုက်၏။
"ဖုန်လိုင်ဂိုဏ်းမြတ်က သူရဲကောင်းရန်ကတော့ စောစောစီးစီး အပြင်ကိုထွက်သွားပြီး အလောင်းတွေ တွေ့ရှိခဲ့တဲ့ နေရာတွေဆီသွားပြီး ကျန်ရှိနေတဲ့ဝိညာဉ်စွမ်းအင်လှိုင်းတွေကို ရှာဖွေနေပုံရပါတယ်ခင်ဗျ…"
တုချဲက ထပ်မံမေးမြန်းလိုက်၏။
"ရှုတောင်ကလူတွေကော…"
အမှုထမ်းငယ်သည် ခဏမျှတုံ့ဆိုင်းသွားပြီးမှ ပြောလိုက်၏။
"အဲဒါ... သူရဲကောင်းချူကတော့ သိပ်မကြာခင်ကမှ ထွက်သွားတာပါခင်ဗျ… ဒါပေမဲ့ သူ အပြင်မထွက်ခင်က ကျွန်တော့်ကို... မြို့ထဲမှာ ဘယ်အပျော်စံအိမ်က ပျော်စရာအကောင်းဆုံးလဲလို့ မေးသွားပါတယ်ခင်ဗျ…”
“....သူလည်း သူ့နည်းသူ့ဟန်နဲ့ စိတ်ကူးတစ်ခုခု ရှိနေလို့ ထင်ပါတယ်..."
တုချဲ “...”
သူသည် စကားမဆိုနိုင်ဘဲ ကြောင်အမ်းအမ်း ဖြစ်သွားရတော့သည်။
အခန်း (၂၂၀) - စျေးသည်ငယ်လေး
ယန်ပေါ်မြို့တွင် ညမထွက်ရအမိန့် ရှိပေသည်။ ညဉ့်နက်သည့်အခါ တစ်မြို့လုံးရှိစျေးတန်းများတွင် လွတ်လပ်စွာသွားလာခွင့် မရှိတော့သော်လည်း ဤချွန်းလိုင်ရပ်ကွက်တစ်ခုသာ ကင်းလွတ်ခွင့် ရရှိထား၏။
အကြောင်းမူကား ဤလမ်းတစ်ခုလုံးတွင် ပြည့်တန်ဆာအိမ်များနှင့် ပျော်တော်ဆက်ဂေဟာများကဲ့သို့သော ကာမဂုဏ်ခံစားရာနေရာများ စုဝေးနေသောကြောင့်ပင်။
ထို့ကြောင့် ဤနေရာကို ပန်းလမ်းမဟူ၍လည်း ခေါ်ဆိုကြသည်။
ပြောရလျှင် မြို့တိုင်းမြို့တိုင်း၌ ကိုယ်ပိုင်ပန်းလမ်းမတစ်ခုစီရှိကြသည် ထင်၏။
ချူလျန်သည် ရောက်လေရာအရပ်တိုင်းရှိ ဒေသခံပန်းလမ်းမများဆီသို့ အမြဲလိုလို ရောက်ရှိသွားတတ်ရာ ဤအချက်ကိုပြန်တွေးကြည့်လျှင် အနည်းငယ်ထူးဆန်းနေပေသည်။
"ကျုပ်က အောက်တန်းစား အပျော်အပါးတွေကို စိတ်ဝင်စားတဲ့သူ မဟုတ်ဘူး… မင်းတို့ ကျုပ်ကို အဲဒီလို မျက်လုံးတွေနဲ့ ကြည့်စရာမလိုပါဘူး…"
သူက မတတ်သာသည့်လေသံဖြင့် ပြောလိုက်၏။
သူက ပန်းလမ်းမ၏တည်နေရာကို မေးမြန်းစုံစမ်းပြီး သူတို့ကိုဦးဆောင်ကာ ရောက်ရှိလာပြီးနောက် လင်းပေ့နှင့် ရှန်ဇီလျန်တို့က သူ့ကိုအလွန်ဆန်းကြယ်သော မျက်လုံးများဖြင့် စိုက်ကြည့်နေကြခြင်း ဖြစ်သည်။
ထိုမျက်လုံးများက 'မင်းလို ရုပ်ရည်သန့်ပြန့်တဲ့ကောင်လေးကလည်း ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ မထင်ထားမိဘူး' ဆိုသည့် သဘောကိုဆောင်နေသယောင် ရှိ၏။
"ဟုတ်ပါပြီ... ဟုတ်ပါပြီ... ဟုတ်ပါပြီဗျာ.."
ချူလျန်၏စကားကို ကြားပြီးနောက် ရှန်ဇီလျန်က ခေါင်းကိုတဆက်ဆက်ညိတ်ကာ ပြောလိုက်၏။
"ငါတို့တွေ ပြည့်တန်ဆာအိမ်ကို သွားလည်တယ်ဆိုပေမဲ့ ဝေဖန်ဆန်းစစ်တဲ့ မျက်လုံးတွေနဲ့ပဲ လေ့လာမှာပါ..."
လင်းပေ့ကလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
"မှန်တယ်…ဒီလမ်းတစ်ခုလုံးမှာ အဝတ်အစားမလုံလောက်တဲ့ သနားစရာ မိန်းကလေးတွေပဲ ရှိတာ… ငါတို့က ပိုက်ဆံပေးပြီး သူတို့ကို ကယ်တင်ပေးတာ ဘာဖြစ်လို့လဲ..."
ချူလျန်သည် ခဏမျှ ဆွံ့အသွားပြီးနောက် လျင်မြန်စွာပင် ပြောလိုက်၏။
"ကျုပ်တို့က အလုပ်ကိစ္စနဲ့လာတာ…မင်းတို့ရဲ့ အောက်တန်းစားအမူအရာတွေကို သိမ်းထားစမ်းပါ.."
ထိုသို့ပြောပြီး သူသည် တံခါးဝအကြီးဆုံးရှိသော ပြည့်တန်ဆာအိမ်ထဲသို့ တည့်တည့်မတ်မတ် ဝင်သွားလေသည်။
မကြာသေးမီက ဖြစ်ပွားခဲ့သော ထူးဆန်းသည့် နှလုံးထုတ်ယူသတ်ဖြတ်မှုကြောင့် ညဘက်ထွက်လာသူ အလွန်နည်းပါးသွားရာ ပြည့်တန်ဆာအိမ်၏စီးပွားရေးမှာလည်း အလွန်ခြောက်ကပ်နေ၏။
ထို့ကြောင့် တံခါးဝရှိမိန်းကလေးများသည် သူတို့ကို မြင်လျှင်မြင်ချင်း အလွန်တက်ကြွစွာဖြင့် ဝိုင်းအုံကာ အထဲသို့ ခေါ်ဆောင်သွားကြတော့သည်။
ချူလျန်က လျင်မြန်စွာပင် လက်ကာပြ၍ ငြင်းပယ်လိုက်ပြီး စားပွဲတစ်လုံးကိုရှာကာ သစ်သီးအချို့နှင့် မုန့်အချို့ကို မှာယူလိုက်၏။
ထို့နောက်သုံးယောက်သား ခေတ္တ ထိုင်လိုက်ကြသည်။
အခြေအနေငြိမ်သက်သွားပြီးနောက်မှ လင်းပေ့က ပြောလိုက်၏။
"မင်းပါးစပ်ကတော့ အဖြောင့်မတ်ဆုံးဟန်ဆောင်နေပြီး ခြေထောက်ကတော့ အမြန်ဆုံးဝင်လာတာပဲ… ငါကျတော့ ပြည့်တန်ဆာအိမ်ထဲဝင်ရင်တောင် လူသူသိမြင်သွားမှာစိုးလို့ တွေဝေနေရသေးတယ်”
“မင်းကတော့ လူမြင်ကွင်းမှာ လုံးဝမရှောင်မတိမ်းပါလား..."
"ငါလည်း ဒါပထမဆုံးအကြိမ် လာဖူးတာပဲ… ငါ့အဖေက ငါ့ကိုဒီလိုနေရာမျိုး လုံးဝမလာခိုင်းဘူး…"
ရှန်ဇီလျန်က ပတ်ပတ်လည်ကို လှည့်ပတ်ကြည့်ရှုရင်း မျက်လုံးများတောက်ပစွာဖြင့် ပြောလိုက်၏။
"အစ်ကိုကြီး... ကျုပ်ခင်ဗျားနောက်ကို တစ်သက်လုံးလိုက်တော့မယ်..."
"ဒါတွေကို ခဏထားဦး…"
ချူလျန်က အသံကိုတိုးလိုက်ပြီး နှစ်ယောက်လုံးကို အနားသို့တိုးလာစေရန် အချက်ပြရင်းပြောလိုက်၏။
"ကျုပ်ဒီကိုလာတာ တကယ် မိစ္ဆာကျင့်ကြံသူနောက်ကိုစုံစမ်းဖို့.."
"တော်စမ်းပါ... ဒီမှာ တခြားလူမှ မရှိတာ"
လင်းပေ့က ရယ်မောကာ ပြောလိုက်၏။
"ကျုပ်တစ်နေကုန် မှတ်တမ်းတွေကို စစ်ဆေးကြည့်တော့ ခံရသူတွေ အသတ်ခံရတဲ့နေရာတွေက မြို့အနှံ့မှာဖြစ်နေပေမဲ့ အချိန်က ညဉ့်နက်ပိုင်းတွေချည်းပဲ ဖြစ်နေတာလေ”
“ဒီအချိန်မှာ ယန်ပေါ်မြို့က ညမထွက်ရအမိန့်ရှိနေလို့ သာမန်လူတွေ အပြင်မှာလျှောက်သွားလေ့ မရှိကြတော့ဘူး…"
ချူလျန်က ရှင်းပြလိုက်၏။
"အပြင်မှာ တစ်ယောက်တည်းသွားလာနေတဲ့ ဖြတ်သန်းသွားလာသူတွေထဲမှာ အများစုကတော့ ထူးခြားတဲ့အဆင့်အတန်းတစ်ခု ရှိလိမ့်မယ်…"
"စာပေသမားတွေနဲ့ လူယဉ်ကျေးတွေလား..."
လင်းပေ့က ချက်ချင်းပင် ဝင်ပြောလိုက်၏။
"မှန်တယ်… ဘာလို့လဲဆိုတော့ ဒီပြည့်တန်ဆာအိမ်တွေမှာညအိပ်ရင် အပိုဆောင်း ငွေအမြောက်အမြားပေးရတတ်လို့ လူအတော်များများက အဲဒီလောက်အထိ အချိန်အကြာကြီးမနေချင်ကြဘူး..."
ချူလျန်က ဆက်ပြောလိုက်၏။
လင်းပေ့က ထိုစကားကို ကြားသောအခါ တီးတိုး ရေရွတ်လိုက်၏။
"ငါသာဆိုရင်တော့ သေမှာမဟုတ်ဘူး…ငါက မိုးလင်းမှ ပြန်မှာမို့လို့..."
"ငါလည်း အတူတူပဲ…"
ရှန်ဇီလျန်က လျင်မြန်စွာပင် ထောက်ခံလိုက်၏။
ချူလျန်က ချောင်းတစ်ချက်ဟန့်ကာ သူတို့လမ်းချော်နေသည့် အတွေးများအား တားမြစ်လိုက်၏။
"ဒါဆို သူတို့တွေက ညဘက်ကြီးအိမ်ပြန်ကြတာပေါ့ ဟုတ်လား..."
ရှန်ဇီလျန်က အတွေးများကို အမြန်ပြန်စုစည်းကာ မေးလိုက်၏။
"ဟုတ်တယ်… ကင်းလှည့်စစ်သားတွေရှိပေမဲ့ အတွေ့အကြုံရှိတဲ့ စာပေသမားတွေနဲ့ လူယဉ်ကျေးတွေကတော့ ရှောင်ကွင်းသွားနိုင်ကြတယ်”
“ကျုပ် ခုနက မြို့စောင့်စစ်သားတွေကို မေးကြည့်တော့ အဖမ်းခံရရင်တောင် ပြစ်မှုမကျူးလွန်ထားရင် အများဆုံး ငွေဒဏ်လောက်ပဲ ဆောင်ရတာတဲ့…"
ချူလျန်က ပြောလိုက်၏။
"ဒါကြောင့် ဒီလိုလူမျိုးတွေက မိစ္ဆာကျင့်ကြံသူအတွက် အကောင်းဆုံးပစ်မှတ်တွေ ဖြစ်လာတာပဲ…"
"ဒီမိစ္ဆာကျင့်ကြံသူက တကယ်ကိုယုတ်မာလွန်းတာပဲ..."
လင်းပေ့က ဒေါသတကြီး ပြောလိုက်၏။
သူသည်လည်း ထိုလူများနှင့် ထပ်တူခံစားလိုက်ရပုံရသည်။
"သူက အိမ်ပြန်မယ့် စာပေသမားတွေကို ပစ်မှတ်ထားတယ်ဆိုရင် တစ်မြို့လုံးကို ပတ်ပြီးရှာနေမှာ မဟုတ်ဘူး…”
“ဒါကြောင့် ဒီပန်းလမ်းမက သူ့ရဲ့ စတင်တဲ့နေရာ ဖြစ်ရမယ်…"
ချူလျန်က လေးနက်သောလေသံဖြင့် ပြောလိုက်၏။
"ဒီအချိန်မှာ သူက ကျုပ်တို့လိုပဲ ဒီနေရာကနေ ညဦးယံအချိန် ရောက်လာဖို့ စောင့်ဆိုင်းနေတာလည်း ဖြစ်နိုင်တယ်…"
လင်းပေ့နှင့် ရှန်ဇီလျန်တို့က ထိုစကားကိုကြားသောအခါ ချက်ချင်းပင် တုန်လှုပ်သွားကြပြီး အသက်ရှူသံများပင် ပြင်းထန်လာကြတော့သည်။
……
လီဆစ်သည် လမ်းမကျယ်ကြီးပေါ်တွင်ရပ်နေပြီး အမဲကလီစာ စျေးဆိုင်လေးတစ်ခုကို ဖွင့်လှစ်ထားကာ ရှေ့ရှိအိုးကြီးထဲမှ အရည်များမှာ ပွက်ပွက်ဆူနေ၏။
သူ၏ကိုယ်ခန္ဓာမှာ ပုကွကွနှင့် ပိန်လှီလှသဖြင့် ဖြတ်သွားဖြတ်လာပြုသူ မည်သူမျှ သူ့ကိုသတိမူမိခြင်း မရှိကြပေ။
သူ၏မျက်လုံးများထဲတွင် ဖုံးကွယ်ထားသော သတ်ဖြတ်လိုစိတ်များကိုလည်း မည်သူမျှ သတိမပြုမိကြချေ။
ယနေ့ သူ၏အရောင်းအဝယ်မှာ မဆိုးလှပေ။
အကြောင်းမှာ ဤပန်းလမ်းမပေါ်တွင် ဖြတ်သန်းသွားလာသူ နည်းပါးသွားသော်လည်း အပြင်ထွက်၍ စျေးရောင်းဝံ့သော စျေးသည်များမှာလည်း အလွန်ပင်ရှားပါးသွားသဖြင့် ဤအနီးအနားတွင် သူတစ်ဦးတည်းသာ ရှိနေသောကြောင့် ဖြစ်၏။
ဤမျှရိုးသားအေးဆေးပုံရသော စျေးသည်ငယ်လေးတစ်ဦးသည် လူခုနစ်ယောက်ကို ဆက်တိုက်သတ်ကာ နှလုံးများကိုထုတ်ယူသွားခဲ့သည့် မိစ္ဆာဆိုးကြီး ဖြစ်နေလိမ့်မည်ဟု မည်သူမျှတွေးမိကြလိမ့်မည် မဟုတ်ပေ။
သို့သော် လီဆစ်ကိုယ်တိုင်ပင်လျှင် ဤသို့ဖြစ်လာလိမ့်မည်ဟု မထင်မှတ်ခဲ့ဖူးချေ။
သူသည် ထိုမတိုင်မီနှစ်ပေါင်းသုံးဆယ်ပတ်လုံး ရိုးရှင်းသောဘဝကိုသာ ဖြတ်သန်းခဲ့ရ၏။
မြို့ပြင်တွင် မခိုင်ခံ့လှသော အိမ်စုတ်လေးတစ်လုံးရှိပြီး ခန္ဓာကိုယ်ထွားကြိုင်းကာ ရိုင်းစိုင်းကြမ်းတမ်းသော ဇနီးသည်တစ်ဦး ရှိပေသည်။
နေ့စဉ် ညနေစောင်းတွင် လက်တွန်းလှည်းကလေးကိုတွန်းကာ မြို့ထဲသို့ဝင်လာပြီး ပန်းလမ်းမပေါ်တွင် စားစရာများရောင်းချ၍ မိုးသောက်လင်းချိန်တွင် အိမ်သို့အမြန်ပြန်၍ နေ့ဘက်၌အိပ်စက်လေ့ ရှိခဲ့သည်။
နေ့စဉ်နေ့တိုင်း ဤနေရာ၏ သာယာပျော်ပါးမှုများကို ကြည့်ရှုရင်း သူ၏ စိတ်နှလုံးထဲတွင် မည်သည့်ခံစားချက်မျှ မရှိခဲ့ပေ။
ဤတောက်ပလှပသော မိန်းကလေးများနှင့် အဖိုးတန်အဝတ်အစားများ ဝတ်ဆင်ထားသည့် လူကုံထံများသည် မိမိနှင့် သီးခြားကမ္ဘာတစ်ခုဖြစ်ပြီး အလွန်နီးကပ်နေသယောင်ရှိသော်လည်း အမှန်တကယ်တွင်မူ အလွန်ဝေးကွာလှသည်ဟုသာ ခံစားခဲ့ရသည်။
လွန်ခဲ့သောဆယ်နှစ်ခန့်က ထိုနေ့တစ်နေ့သို့ ရောက်ရှိလာသည်အထိပင်။
ထိုစဉ်က မိုးကြိုးမုန်တိုင်းများ ပြင်းထန်စွာတိုက်ခတ်နေပြီး ကောင်းကင်တစ်ခုလုံးမှာ မင်အိုးမှောက်ထားသကဲ့သို့ မှောင်မိုက်နေ၏။
သူသည် လှည်းကိုတွန်းကာ အိမ်အပြန်လမ်းတွင် မိုးခိုရန်ဂူတစ်ခုကို ရှာဖွေခဲ့သော်လည်း မတော်တဆခြေချော်ကာ မြစ်ကြီးတစ်စင်းထဲသို့ ပြုတ်ကျသွားခဲ့သည်။
သူသည် ထိုဂူထဲတွင် မိုးခိုဖူးသည်မှာ ပထမဆုံးအကြိမ်မဟုတ်သော်လည်း ဂူထဲတွင် ဤမျှအေးစိမ့်လှသော မြစ်ကြီးတစ်စင်းရှိနေသည်ကို မည်သို့မျှမသိရှိခဲ့ချေ။
ရေစီးနှင့်အတူ အဝေးကြီးသို့မျောပါသွားပြီးနောက် သူပြန်လည်ထထိုင်လိုက်ချိန်တွင် ထူးဆန်းကြောက်မက်ဖွယ်ကောင်းသော နေရာတစ်ခုသို့ ရောက်ရှိနေပြီ ဖြစ်၏။
ဤနေရာသည် မှောင်မိုက်အေးစိမ့်ကာ လူအရိုးများ နေရာအနှံ့ပျံ့ကြဲနေပြီး ငရဲဘုံကြီးသဖွယ် ဖြစ်နေပေသည်။
သူသည် ထိုနေရာ၌ စာအုပ်တစ်အုပ်ကို ကောက်ရခဲ့ရာ ၎င်းထဲတွင် ကျင့်ကြံခြင်းနည်းလမ်းများကို ရေးသားထားပြီး ၎င်းမှာ ကျင့်ကြံခြင်းကျင့်စဉ်တစ်ခု ဖြစ်နေလေသည်။
ထို့အပြင် မြင့်မားသောအရည်အချင်းများ မလိုဘဲ မည်သူမဆို ကျင့်ကြံနိုင်ပုံရ၏။
လီဆစ်သည် ယခင်က ဤသို့သောအခွင့်အရေးမျိုး ရရှိလိမ့်မည်ဟု အိပ်မက်ပင်မမက်ဝံ့ဖူးချေ။
သူသည် စိတ်ထဲမှရေရွတ်လိုက်၏။
'ကောင်းကင်ဘုံက ငါ့ရဲ့ သိမ်ငယ်ရလွန်းတဲ့ဘဝကို ကယ်တင်ပေးဖို့ အခွင့်အလမ်း ပေးလိုက်တာလား…'
သို့သော် ဤကျင့်စဉ်မှာ အလွန်ယုတ်မာလှပြီး စတင်ကျင့်ကြံရန်အတွက် လူတစ်ယောက်ကို အရှင်လတ်လတ်သတ်ဖြတ်ရမည် ဖြစ်၏။
လီဆစ်သည် ၎င်းကို ဖတ်ရှုရင်း ရင်ခုန်သံများမြန်ဆန်လာ၏။ ဤအရာသည် ဒဏ္ဍာရီလာ မိစ္ဆာလမ်းစဉ်ကျင့်စဉ်တစ်ခု ဖြစ်ပေလိမ့်မည်။
သူသည် အခြားသူများမသိအောင် စာအုပ်ကိုသေချာစွာ ဖုံးကွယ်ထားရန် ဆုံးဖြတ်လိုက်၏။
သူ ခေါင်းပြန်မော့ကြည့်လိုက်ချိန်တွင် မိုးသက်မုန်တိုင်းမှာ ရပ်တန့်သွားပြီဖြစ်ပြီး ဘေးပတ်ပတ်လည်တွင် မည်သည့်မြစ်ရေမျှ မရှိတော့ချေ။ သူသည် တောတောင်နက်ထဲရှိ သုသာန်မြေရိုင်းတစ်ခုထဲတွင် ရောက်ရှိနေခြင်းဖြစ်၏။
သူ့လက်ထဲတွင်မူ ထိုစာအုပ်ကလေးက ကျန်ရှိနေသေးသည်။
သူအိမ်သို့ ပြန်ရောက်သောအခါ လက်တွန်းလှည်း ပျောက်ဆုံးသွားသဖြင့် ဇနီးသည်၏ဆဲဆိုရိုက်နှက်ခြင်းကို ခံရလေသည်။လီဆစ်သည် စိတ်ထဲမှ ဒေါသများ အပြင်းအထန် ပေါက်ကွဲလာကာ ရုတ်တရက် ရက်စက်လိုစိတ်များ ဖြစ်ပေါ်လာပြီး ဇနီးသည်ကို သတ်ပစ်လိုက်လေတော့သည်။
၎င်းသည် သူ၏ ကျင့်ကြံခြင်းလမ်းကြောင်းအတွက် ပထမဆုံးသော လှေကားထစ် ဖြစ်လာခဲ့၏။
ဤသို့ဖြင့် သူသည် ကျင့်ကြံခြင်းလမ်းစဉ်ပေါ်သို့ စတင် လျှောက်လှမ်းခဲ့တော့သည်။
မိစ္ဆာလမ်းစဉ်၏ ကျင့်စဉ်များသည် တိုးတက်မှုနှုန်း အလွန်လျင်မြန်ပြီး မည်သည့် ကျင့်ကြံခြင်း အထောက်အကူပစ္စည်းမျှ မလိုအပ်ဘဲ သတ်ဖြတ်မှုများကိုသာ စဉ်ဆက်မပြတ်ပြုလုပ်ရန် လိုအပ်ပေသည်။
ဤဖြစ်စဉ်အတွင်း လီဆစ်၏ စိတ်ဓာတ်သည်လည်း ပိုမို၍ ပုံပျက်ပန်းပျက်နှင့် ရူးသွပ်လာခဲ့ပုံရ၏။
သူသည် လွန်ခဲ့သောအနှစ်သုံးဆယ်လုံးလုံး စိတ်ဆိုးဒေါသထွက်ခြင်း မရှိသလောက် ရှားပါးခဲ့သော်လည်း ဤကျင့်စဉ်ကိုရရှိပြီးနောက်ပိုင်းတွင် မုန်းတီးစိတ်များ စတင်ဖြစ်ပေါ်လာခဲ့သည်။
ရုပ်ဆိုးလှသောဇနီးသည်ကို မုန်းတီး၏။ကြီးမြတ်လှသော မင်းစိုးရာဇာများနှင့် သူဌေးများကို မုန်းတီး၏။
ထိုစာပေသမားများနှင့် ပညာတတ်များကို မုန်းတီး၏။ချောမောလှပသော မိန်းကလေးများကို မုန်းတီး၏။ မိမိကိုယ်ကိုယ်သိမ်ငယ်မှုကိုလည်း မုန်းတီး၏။
ဤအရာသည် ကျင့်စဉ်ကြောင့်မဟုတ်ဘဲ သူ၏စိတ်နှလုံးထဲတွင် ယခင်ကတည်းက ရှိနေခဲ့သော အမုန်းတရားမျိုးစေ့များ ဖြစ်ကောင်းဖြစ်နိုင်ပေသည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ဤကဲ့သို့ တောက်ပလှပသောလူများကို မိမိကိုယ်တိုင် မည်မျှအထိမုန်းတီးနေခဲ့သည်ကို သတိမထားမိခဲ့ခြင်း ဖြစ်၏။
ယခုမူ သူသည်အစွမ်းအစများကို ပိုင်ဆိုင်ထားပြီ ဖြစ်သည်။
ထို့ကြောင့် သူ၏အမုန်းတရားများကိုလည်း လွတ်လပ်စွာ ထုတ်ဖော်နိုင်ခဲ့ပြီ ဖြစ်၏။
သူသည် ဆယ်နှစ်တာအချိန်ကို အသုံးပြု၍ ရွှေအမြုတေအဆင့်သို့ ရောက်လုနီးပါးအထိ ကျင့်ကြံခဲ့သည်။ ဤဆယ်နှစ်အတွင်း ကျင့်ကြံခြင်းအတွက် လူအများအပြားကို ဆက်တိုက်သတ်ဖြတ်ခဲ့သော်လည်း ၎င်းတို့မှာ မြို့ပြင်ရှိကျေးရွာများတွင်ဖြစ်ပြီး အချိန်ကာလချင်းလည်း အလွန်ကွာခြားသဖြင့် မည်သူမျှစုံစမ်းတွေ့ရှိခြင်း မရှိကြချေ။
အချို့မှာမူ ယခုအချိန်အထိလူသေမှန်းပင် မသိကြသေးပေ။
သူသည် သတ်ဖြတ်ခြင်းမှတစ်ဆင့် သာယာပီတိများကို တဖြည်းဖြည်းခံစားလာရ၏။
သို့သော် ၎င်းသည် အခြားသူများ၏ သတိထားမှုကို ဖြစ်ပေါ်စေခဲ့သဖြင့် ယခုအခါ သူနေထိုင်ရာကျေးရွာမှ လူအများအပြား ပြောင်းရွှေ့သွားကြပြီး ကျန်ရှိနေသူများလည်း တစ်ယောက်တည်း အပြင်မထွက်ဝံ့ကြတော့ချေ။
ထို့ကြောင့် သူသည် ဤအကြိမ်တွင် ရွှေအမြုတေဖွဲ့စည်းရန်ပစ်မှတ်ကို မြို့ထဲရှိ သူ အမြဲတမ်းမုန်းတီးခဲ့သော လူများအပေါ်သို့ပြောင်းလဲထားခြင်း ဖြစ်၏။
သူသည် အလွန်ပင်သတိကြီးကြီးထားကာ ဆောင်ရွက်ခဲ့သဖြင့် ယခုအချိန်အထိ ဖမ်းဆီးခြင်းမခံရသေးပေ။
သို့သော် သူ၏လက်ထဲတွင် သိုလှောင်မှော်ရတနာများမရှိသဖြင့် ယခင်က ထုတ်ယူထားသော လူ့နှလုံးများကို ဝက်သားကဲ့သို့သာ သိုလှောင်ထားနိုင်ရာ အချိန်အကြာကြီး အထားမခံချေ။
သူသည် လှုပ်ရှားမှုများကို ပိုမိုမြန်ဆန်စေရန် ပြုလုပ်ရပေတော့မည်။
နောက်ထပ်လူနှစ်ယောက်သာ လိုတော့သည်။ နောက်ထပ်လူနှစ်ယောက်ကို သတ်ဖြတ်နိုင်လျှင် သူသည် ရွှေအမြုတေအောင်မြင်စွာ ဖွဲ့စည်းနိုင်ပြီးနောက် ဤယန်ပေါ်မြို့မှထွက်ခွာကာ လောကအလယ်တွင် လှည့်လည်သွားလာနိုင်တော့မည် ဖြစ်၏။
လီဆစ်၏မျက်လုံးများမှာ အေးစိမ့်လျက် ရှေ့ရှိလူရိပ်နှစ်ခုကို စိုက်ကြည့်လိုက်၏။
၎င်းတို့မှာ ဗိုက်ပူပူသူဌေးတစ်ဦးနှင့် အဝတ်အစားနွမ်းပါးစွာ ဝတ်ဆင်ထားသည့် အစေခံတစ်ဦးဖြစ်ပြီး အစေခံသည် ရထားလုံးကိုမောင်းနှင်ကာ ဤနေရာမှထွက်ခွာရန် ပြင်ဆင်နေသည်။
လီဆစ်က စိတ်ထဲမှ တီးတိုးရေရွတ်လိုက်၏။
'ဒီတစ်ခေါက်ပြီးရင်တော့ ငါ လက်ဆေးရတော့မယ်…'