အခန်း ၉၃
Vol. 10 Ch. 93
Chapter 93
ချန်ကျိုး ခေါင်းမော့ကြည့်လိုက်ရာ သူ၏မျက်စိရှေ့တွင် ပေါ်လာသည်မှာ မြေခွေးမျက်နှာဖုံးစွပ်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။
"မြေခွေးမလေး၊ မင်း ငါ့ပိုက်ဆံကို ဘာလို့ စိုက်ကြည့်နေတာလဲ"
ချန်ကျိုး သံသယစိတ်ဖြင့် မေးမြန်းလိုက်ရင်း ပိုက်ဆံအိတ်ကို ပို၍ တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
မြေခွေးမလေးက တံတွေးတစ်ချက် မျိုချလိုက်ပြီး "စီနီယာ၊ မေးပါရစေဦး၊ ဒီဝိညာဉ်တစ်ထောင်ထီးကို ဘယ်လောက်နဲ့ ရောင်းမှာလဲ" ဟု မေးလိုက်သည်။
မြေခွေးမလေးက အထုပ်ထဲမှ ပြူထွက်နေသော ထီးတစ်လက်ကို လက်ညှိုးထိုးပြရင်း မေးမြန်းလိုက်ခြင်း ဖြစ်သည်။
သူမ အနည်းငယ်ရင်ခုန်နေမိသည်။ ဦးလေးပိုင်က ဝိညာဉ်ဈေးသည် လူမျိုးစုံ ရောထွေးနေပြီး အင်အားကြီးသူများစွာ ရှိသဖြင့် လူတစ်ယောက်၏ ပုံပန်းသဏ္ဌာန်ကိုကြည့်၍ ဘယ်တော့မှ အထင်မသေးရန် ပြောခဲ့ဖူးသည်။
သူမ ပထမတော့ မယုံကြည်ခဲ့သော်လည်း ခုနက မြင်တွေ့ခဲ့ရသမျှအရာများက သူမကို ကောင်းကောင်းကြီး ပညာပေးလိုက်ပြီ ဖြစ်သည်။
ဤထူးဆန်းစွာ ဝတ်ဆင်ထားသော စီနီယာကိုပဲ ကြည့်လေ။ မြို့ထဲဝင်စဥ်က သူမက ထိုသူ၏ ဖက်ရှင်စတိုင်ကို လှောင်ပြောင်ခဲ့မိ သေးသည်။
သို့သော် နောက်ဆုံးတွင် ထိုသူသည် ကောင်းကင်မိစ္ဆာဂိုဏ်းချုပ်နှင့် သူ့ခယ်မလေးတို့၏ လျှို့ဝှက်ချက်ကို သိရှိရုံသာမက ဝိညာဉ်ဈေးတွင်ပင် အော်ဟစ်ဆဲဆိုရဲသေးသည်။
ဤလုပ်ရပ်က ကောင်းကင်မိစ္ဆာဂိုဏ်းကို အသေအလဲ ရန်ငြိုးဖွဲ့လိုက်ခြင်းပင် ဖြစ်သည်။
ထို့အပြင် ခုနက မိစ္ဆာကျင့်ကြံသူပုံစံရှိသော အဆင့်ငါး နန်ချောင်အဆင့် အင်အားကြီးသူ လေးဦးမှာလည်း စီနီယာ၏ ဖျောင်းဖျသွေး ဆောင်မှုအောက်တွင် သူတို့၏ စုဆောင်းသမျှ ငွေကြေးအားလုံးကို သုံးစွဲပြီး အဆင့်တစ် အမှိုက်များကို ဝယ်ယူသွားခဲ့ကြသည်။ သူတို့၏ ချီးစားမိသကဲ့သို့ ဖြစ်နေသော မျက်နှာပေးကို သူမ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရသည်။
ဤစီနီယာသည် လူ့လောကတွင် ပျော်မွေ့နေသော လျှို့ဝှက်ဆန်းကြယ်သည့် လူစွမ်းကောင်းတစ်ဦး ဖြစ်ရပေမည်။
ထို့အပြင် ထိုသူက ကောင်းကင်မိစ္ဆာဂိုဏ်းကို အော်ဟစ်ဆဲဆိုရဲသဖြင့် မိစ္ဆာလမ်းစဥ်သမားများနှင့် မဟာရန်သူ ဖြစ်နေသည်မှာ ထင်ရှားသည်။
စီနီယာတဲ့လား။
ချန်ကျိုး မျက်တောင်ခတ်လိုက်မိသည်၊ ဤမြေခွေးမလေးက ပါးနပ်ပေသည်။ သူ၏ အစွမ်းအစဖြင့်ဆိုလျှင် 'စီနီယာ' ဟူသော အခေါ်အဝေါ်နှင့် ထိုက်တန်လှသည်။
သို့သော် ဤမြေခွေးမလေးသည် လူအကဲခတ်ရာတွင် ဤမျှ မျက်စိစူးရှပါလျက်နှင့် ပစ္စည်းဝယ်ယူရာတွင် ဘာကြောင့် ဤမျှ ညံ့ဖျင်းနေရသနည်း။
ဤထီးက စုတ်ပြတ်သတ်နေပြီး ထီးမျက်နှာပြင်မှာလည်း အကွက်ကြီးတစ်ခု လိုအပ်နေသည်။ မိုးရွာတဲ့နေ့မှာ ဒါကို ဆောင်းထားရင် အပြင်မှာ မိုးကြီးရွာပြီး အတွင်းမှာ မိုးဖွဲရွာမှာပေါ့။ ဘာအတွက် သုံးမှာလဲ။
ချန်ကျိုးသည် ဝိညာဉ်တစ်ထောင်ထီးကို ထုတ်ယူကာ မြေခွေးမလေးထံ ကမ်းပေးလိုက်ရင်း "မင်း အရင်ကြည့်လိုက်ဦး" ဟု ပြောလိုက်သည်။
ဝိညာဉ်တစ်ထောင်ထီးကို မြင်လိုက်ရသောအခါ မြေခွေးမလေး၏ မျက်လုံးများ တောက်ပသွားသည်။
အဆင့်ငါး ဝိညာဉ်တစ်ထောင်ထီးသည် အဆင့်ငါးအောက်ရှိ ဝိညာဉ်များကို သိမ်းဆည်း၍ မိမိစိတ်ကြိုက် အသုံးပြုနိုင်ပြီး ထီး၏အဆင့်မှာလည်း သခင်ဖြစ်သူ၏ အစွမ်းအစ တိုးတက်လာမှုနှင့်အတူ လိုက်ပါမြင့်မားနိုင်သည်။ ဤကဲ့သို့သော လက်နက်ဆန်းသည် ဝိညာဉ်ချုပ်ထိန်းရေးဌာနအတွင်း၌ပင် အနည်းငယ်သာ ရှိသဖြင့် မျိုးဆက်သစ်လူငယ်များ၏ လက်ထဲသို့ ရောက်ရှိလာရန် ပို၍ပင် မဖြစ်နိုင်ချေ။
မြေခွေးမလေး စိတ်ထဲတွင် တွေဝေနေမိသည်။ ဤရတနာ၏ ဈေးနှုန်းကို သူမ မသိသဖြင့် မိမိ ဝယ်ယူနိုင်ပါ့မလားဟု စိုးရိမ်နေမိသည်။
ခုနက စီနီယာသည် အဆင့်တစ် လက်နက်ဆန်းများကိုပင် ဝိညာဉ်ဒင်္ဂါး ထောင်ဂဏန်း သောင်းဂဏန်းဖြင့် ရောင်းချခဲ့ရာ ဤအဆင့်ငါး ဝိညာဉ်တစ်ထောင်ထီးကိုမူ မိမိကိုယ်ကိုယ် ရောင်းချလျှင်ပင် ဝယ်နိုင်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူမ မလာခင်ကတည်းက ပြင်ဆင်ထားခဲ့သဖြင့် သူမ၏ ပိုက်ဆံအိတ်ထဲတွင် ဝိညာဉ်ဒင်္ဂါး တစ်သောင်းသာ ထည့်သွင်းထားခဲ့သည်။ စီနီယာက အတင်းအဓမ္မ ရောင်းချလျှင်ပင် အများကြီး အရှုံးပေါ်မည် မဟုတ်ချေ။
"စီနီယာ၊ ဒီထီးကို ဘယ်လောက်နဲ့ ရောင်းဖို့ ရည်ရွယ်ထားပါသလဲ"
"မင်းနဲ့ငါ ရေစက်ရှိတာကို ထောက်ထားပြီးတော့ ဒီထီးစုတ်ကို၊ အာ မဟုတ်ပါဘူး၊ ဒီရတနာကို တစ်ရာနဲ့ပဲ ရောင်းပေးလိုက်မယ်"
"တ.....တစ်ရာ၊ ဝိညာဉ်ဒင်္ဂါးတစ်ရာလား"
မြေခွေးမလေး၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဒါက အဆင့်ငါး ဝိညာဉ်တစ်ထောင်ထီးလေ”
သူမ ဝိညာဉ်ဈေး၏ ဈေးကွက်ပေါက်ဈေးကို နားမလည်သော်လည်း အဆင့်ငါး လက်နက်ဆန်း များသည် လူ့လောကတွင် အမြဲတမ်း ဈေးဖြတ်၍မရအောင် တန်ဖိုးကြီးလှသည်။ ဝိညာဉ်ဈေးတွင် ရတနာများ မည်မျှပင် ပေါများနေပါစေဦးတော့ ဝိညာဉ်ဒင်္ဂါးတစ်ရာတော့ မဖြစ်နိုင်ချေ။
ချန်ကျိုးသည် မြေခွေးမလေး၏ အံ့အားသင့်နေသော ပုံစံကို မြင်သောအခါ ဤအမှိုက်ကို ဈေးများ သတ်မှတ်တာ မြင့်သွားလေသလားဟု တွေးတောမိလိုက်သည်။
"ငါ ချန်ကျိုးကြီးရဲ့ ရတနာက ရေစက်ရှိတဲ့သူကိုပဲ ရောင်းတာ၊ ရေစက်မရှိရင်တော့ ဘယ်လောက်ပဲပေးပေး ငါ ချန်ကျိုးကြီးက ဂရုမစိုက်ဘူး"
မြေခွေးမလေး၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသည်။
စီနီယာက သူမ အမှတ်အသားကို ရိပ်မိသွားသဖြင့် သူမ၏လုံခြုံရေးအတွက် စိုးရိမ်ပြီး ပွင့်ပွင့်လင်းလင်း မပြောဘဲ နေခြင်း ဖြစ်ပေလိမ့်မည်။
အနည်းဆုံးတော့ သူ ကောင်းကင်မိစ္ဆာဂိုဏ်းကို အကြီးအကျယ် ဆဲဆိုနေသည့် လုပ်ရပ်ကို ကြည့်ခြင်းအားဖြင့် ဝိညာဉ်ချုပ်ထိန်း ရေးဌာနကလူ မဟုတ်လျှင်ပင် လမ်းစဥ်တူသူတစ်ဦး ဖြစ်ရပေမည်။
မိမိက ယခုမှ စတင်ရောက်ရှိလာသူဖြစ်ရာ စီနီယာ၏ ပစ္စည်းကို အလကားနီးပါး ယူရန် မည်သို့ အဆင်ပြေပါမည်နည်း။ စီနီယာက ဝိညာဉ်ဈေးသို့ စီးပွားရေးလာလုပ်ခြင်းဖြစ်ရာ မိမိကဲ့သို့ မျိုးဆက်သစ်လူငယ်တစ်ဦးအနေဖြင့် အမြတ်မထုတ်သင့်ချေ။
"စီနီယာ၊ ဒီဝိညာဉ်တစ်ထောင်ထီးက အရမ်းတန်ဖိုးကြီးလွန်းပါတယ်၊ ကျွန်မမှာ ဝိညာဉ်ဒင်္ဂါး ဒီလောက်ပဲ ရှိတာမို့ စီနီယာအနေနဲ့ စိတ်မရှိဘူးဆိုရင် လက်ခံပေးပါဦး"
မြေခွေးမလေးသည် မိမိ၏ ပိုက်ဆံအိတ်ကို ဖြုတ်ယူကာ ချန်ကျိုး၏ ရှေ့သို့ ရိုသေလေးစွာဖြင့် ကမ်းပေးလိုက်သည်။
ချန်ကျိုး၏ ပါးစပ်မှာ အိုပုံသဏ္ဌာန် ဖြစ်သွားတော့သည်။
ဤမြေခွေးမလေးက တကယ်ကို ရက်ရောလွန်းပေသည်။ ဤထီးစုတ်တစ်လက်ကို ဤမျှ ပိုက်ဆံအများကြီး ပေးလေသည်။
"ဟမ်း၊ ရှောင်ကွေ့ထို"
ချန်ကျိုး လည်ချောင်းထဲမှ စကားလုံးအချို့ကို ညှစ်ထုတ်လိုက်သည်။
ရှောင်ကွေ့ထိုက ရိုးသားစွာဖြင့် ချန်ကျိုးကို ကြည့်လိုက်သည်။
ချန်ကျိုးက မျက်စိမှိတ်ပြရင်း အသံတိုးတိုးဖြင့် "ပိုက်ဆံ သွားယူလိုက်" ဟု ခိုင်းစေလိုက်သည်။
"ရှင်၊ အော်၊ ဟုတ်ကဲ့"
ရှောင်ကွေ့ထိုသည် ထိုဝိညာဉ်ဒင်္ဂါးအိတ်ကို အလောတကြီး သွားရောက်ယူဆောင်လိုက်သည်။
မြေခွေးမလေး၏ နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။ ဝိညာဉ်ဒင်္ဂါး တစ်သောင်းဖြင့် အဆင့်ငါး ဝိညာဉ်တစ်ထောင်ထီး တစ်လက်ကို ဝယ်ယူရရှိခြင်းမှာ တကယ်ကို တန်လှပေသည်။ လူ့လောကသို့ ပြန်ရောက်လျှင် ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်း လိုက်ပါက နောင်တွင် ယင်းမှာ သူမ၏ကိုယ်ပိုင်လက်နက် ဖြစ်လာပေတော့မည်။
ချန်ကျိုးသည် မြေခွေးမလေး၏ခါးတွင် ပိုက်ဆံအိတ် မရှိတော့သည်ကို မြင်သောအခါ သူမနှင့် စကားစမြည်ပြောရန် စိတ်ဝင်စားမှု မရှိတော့ချေ။
"ကဲ၊ အရောင်းအဝယ် ပြီးဆုံးသွားပြီ၊ မင်း သွားလို့ရပြီ"
"စီ၊ စီနီယာ"
မြေခွေးမလေး ဆွံ့အသွားသည်။
သူမက ရတနာဝယ်ယူသည့် အခွင့်အရေးကို အသုံးချကာ စီနီယာနှင့် ရင်းနှီးမှုရယူရန် ကြံစည်နေခြင်း ဖြစ်သော်လည်း ထိုသူက သူမကို တိုက်ရိုက်မောင်းထုတ်လိမ့်မည်ဟု မည်သူ ထင်မှတ်ထား ပါမည်နည်း။
ချန်ကျိုးသည် ဈေးကောင်းရနိုင်မည့် ရတနာများကို ရှာဖွေရန်အတွက် အမှိုက်ပုံကြီးထဲတွင် ခေါင်းစိုက်နေတော့သည်။
ချန်ကျိုး ခါးကုန်းလိုက်သဖြင့် သူ့ကျောပေါ်ရှိ ဓားနှစ်လက်မှာ မြေခွေးမလေး၏ အမြင်အာရုံထဲတွင် အထင်အရှား ပေါ်လာပြီး အထူးသဖြင့် ဓားရိုးပေါ်ရှိ 'ချန်' ဟူသော စာလုံးမှာ သိသာထင်ရှားလှသည်။
ဤဓားနှစ်လက်က ကြည့်ရတာ ဦးလေးလျို၏ ပျံလွှားဓားနှစ်လက်နှင့် တူလှချေတကား။
မြေခွေးမလေး အံ့အားသင့်သွားပြီး ခေတ္တမျှ ဝေခွဲမရဖြစ်သွားကာ သံသယစိတ်ဖြင့် အဖွဲ့အစည်းနှင့် သွားရောက်ပူးပေါင်းရန် ထွက်ခွာလာခဲ့သည်။ ဤကိစ္စကို ဦးလေးပိုင်အား မဖြစ်မနေ ပြောပြရပေမည်။
...
မကြာမီအချိန်တွင် မြေခွေးမလေးသည် နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာပြီး ယခုတစ်ခေါက်တွင် လူအတော်များများကို ခေါ်ဆောင်လာခဲ့သည်။ ထိုသူများထဲမှ ခေါင်းဆောင်ဖြစ်သူမှာ ဝတ်စုံဖြူကို ဝတ်ဆင်ထားပြီး နားထင်တွင် ဆံပင်ဖြူနှစ်စု ရှိနေသည်။ သွားစွယ်မျက်နှာဖုံးကို စွပ်ထားသော်လည်း တစ်ကိုယ်လုံးတွင် ထူးခြားသော ခန့်ညားထည်ဝါမှု အရှိန်အဝါတစ်ခု ရှိနေသည်။
ချန်ကျိုး မျက်တောင်ခတ်လိုက်မိသည်။ မိမိ မြေခွေးမလေးကို ရောင်းလိုက်သော ထီးစုတ်ကို သူမ၏ လူကြီးမိဘများက မကောင်းမှန်းရိပ်မိသွားသဖြင့် ငွေပြန်အမ်းရန် လိုက်လာကြခြင်း ဖြစ်နိုင်သလော။
ငွေပြန်အမ်းဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီတစ်သက်လုံး ပြန်အမ်းမှာ မဟုတ်ဘူး။
ချန်ကျိုးသည် မိမိခါးတွင်ရှိသော ပိုက်ဆံအိတ်ကို သတိကြီးစွာဖြင့် ကာကွယ်လိုက်သည်။
ပိုင်ကျန့်ချန်၏အကြည့်မှာ ချန်ကျိုး၏ကျောပေါ်ရှိ ဓားနှစ်လက်ပေါ်သို့ ဖြတ်သန်းသွားပြီးနောက် အရိုအသေပေးကာ "ကျွန်ုပ် မိတ်ဆွေချန်ကို နှုတ်ဆက်ပါတယ်" ဟု ပြောဆိုလိုက်သည်။
မိတ်၊ မိတ်ဆွေတဲ့လား။
ချန်ကျိုး၏မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ ဝိညာဉ်ဈေးက တကယ်ကို သာမန်လူတွေလာနိုင်တဲ့ နေရာမဟုတ်ပေ။ မိမိကဲ့သို့ ကျင့်ကြံခြင်းလမ်းစဥ်ပေါ်သို့ တက်လှမ်းနေသူတစ်ဦး ရှိနေသေးသည်။
"မိတ်ဆွေကလည်း အားနာစရာမလိုပါဘူး၊ မင်းလည်း ရတနာလာဝယ်တာလား"
မိမိနှင့် အဆင့်တူညီသော မိတ်ဆွေနှင့် ရင်ဆိုင်ရသဖြင့် ချန်ကျိုးက အတော်လေး ယဉ်ကျေးပျူငှာသွားသည်။
"မှန်ပါတယ်၊ ခုနက ကျွန်ုပ်ရဲ့ မျိုးဆက်သစ်လူငယ်က မိတ်ဆွေချန်ဆီကနေ ဝိညာဉ်တစ်ထောင် ထီးတစ်လက် ဝယ်သွားတာကို ကျွန်ုပ် ကြည့်လိုက်တော့ တော်တော်လေး ကောင်းမွန်တာမို့ မိတ်ဆွေဆီကနေ ရတနာအချို့ ထပ်ပြီး ဝယ်ယူလို့ရမလားဆိုတာ သိချင်လို့ပါ"
ပိုင်ကျန့်ချန်၏အကြည့်မှာ ချန်ကျိုး ကျောပေါ်ရှိ ဓားနှစ်လက်ပေါ်သို့ ဖြတ်သန်းသွားပြီးနောက် မသိမသာ ခေါင်းငြိမ့်လိုက်သည်။
ဒါက စီနီယာအစ်ကိုလျို၏ယင်ယန်ဓားအစုံ အမှန်ပင်ဖြစ်သည်။
သို့သော် စီနီယာအစ်ကိုလျိုက ယခုနှစ် ဝိညာဉ်တံခါးကို စောင့်ကြပ်ရန်အတွက် ဓားပျံများကို ယူဆောင်ကာ ကျင်းဟိုင်မြို့သို့ သွားရောက်ခဲ့သည် မဟုတ်ပါလား။
ဤယင်ယန်ဓားအစုံက ဘာကြောင့် ဝိညာဉ်ဈေးထဲတွင် ပေါ်လာရသနည်း။
ကျင်းဟိုင်မြို့တွင် ဝိညာဉ်တံခါး ပွင့်သွားပြီး ဝိညာဉ်များ သောင်းကျန်းကာ ထိန်းချုပ်မရသော အခြေအနေသို့ ရောက်ရှိသွားခြင်း ဖြစ်နိုင်သလော။
ပိုင်ကျန့်ချန်သည် မေးမြန်းလိုသော စိတ်ကို အောင့်အီးထားရင်း ချန်ကျိုး၏ အဖြေကို စောင့်ဆိုင်းနေလိုက်သည်။
ချန်ကျိုး မျက်တောင်ခတ်လိုက်မိသည်။ ဤမြေခွေးမလေးက စိတ်ဝင်စားဖို့ကောင်းပေသည်။ တစ်မိသားစုလုံး ပစ္စည်းအကဲခတ်ရာတွင် ညံ့ဖျင်းလှပြီး ထိုထီးစုတ်လေးကို ရတနာဟု ထင်မှတ်နေကြသည်။
သို့သော် စီးပွားရေးလုပ်တယ်ဆိုတာ နှစ်ဦးနှစ်ဖက် ကြည်ဖြူဖို့ လိုအပ်သည် မဟုတ်ပါလား။
“မင်းက အမြင်မရှိမှတော့ ငါ ချန်ကျိုးကြီးက လိမ်လည်လှည့်ဖြားတာကို အပြစ်မတင်နဲ့ပေါ့၊ ဟဲဟဲ”
ချန်ကျိုးသည် မိမိ ရွေးချယ်ပြီး ကျန်ရစ်သော အမှိုက်များကို အထုပ်ထဲမှ အကုန်အစင် သွန်ချလိုက်တော့သည်။
"ဒီစုတ်၊ အာ ရတနာအိုးလေးက စုတ်တော့ စုတ်ပေမယ့် သုံးလို့ရသေးတယ်၊ ထမင်းထည့်စားရင်တော့ ပြဿနာမရှိဘူး၊ ဟင်းရည်တွေ ဘာတွေတော့ ထည့်မသောက်နဲ့တော့၊ ဒီဗုံကလည်း စုတ်နေပေမယ့် ဘောလုံးလုပ်ကန်လို့ ရသေးတယ်"