← Chapters

အခန်း ၉၄

Vol. 10 Ch. 94

အခန်း ၉၄

Vol. 10 Ch. 94

Chapter 94

ပိုင်ကျန့်ချန်နှင့် လူတစ်စုမှာ ချက်ချင်းပင် အေးစက်သောအသက်ရှူသံများ ထွက်ပေါ်လာကြသည်တည်း။

[အဆင့်လေး ဝိညာဉ်လက်နက် - ဝိညာဉ်ချုပ်အိုး]

[အဆင့်လေး လက်နက် - ငရဲဓား]

[အဆင့်ငါး ဝိညာဉ်လက်နက် - ဝိညာဉ်စည်တော်]

[အဆင့်ငါး ဝိညာဉ်လက်နက် - ကောင်းကင်မိစ္ဆာကွင်း]

အားလုံးနီးပါးမှာ ဈေးကွက်ထဲတွင် တွေ့ရခဲလှသည့် ရတနာကောင်းများ ဖြစ်ကြပေသည်။

၎င်းတို့သည် ဝိညာဉ်ချုပ်ထိန်းရေးဌာနမှ လာကြသူများဖြစ်၍ ရတနာများစွာကို မြင်ဖူးထားကြသော်လည်း ဝိညာဉ်ချုပ်ထိန်းရေး ဌာနအတွင်း ရတနာများပြားလှသော်လည်း ဝေမျှရမည့်သူ များပြားလှသဖြင့် ၎င်းတို့လက်ထဲသို့ တကယ်တမ်းရောက်ရှိလာ သည်မှာ အနည်းငယ်မျှသာ ရှိချေသည်။

ဆန့်ကျင်ဘက်အနေဖြင့် ချန်ကျိုး ထုတ်ပေးထားသော ရတနာများထဲတွင် ၎င်းတို့ အသုံးပြုနိုင်မည့်အရာ အတော်များများ ပါဝင်နေသည်။

"မိတ်ဆွေချန်၊ ဒီရတနာတွေအားလုံးကို ကျွန်တော်တို့ ယူပါ့မယ်"

ပိုင်ကျန့်ချန် တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်သည်။

"အားလုံး... အားလုံးယူမလို့လား"

ချန်ကျိုး ကြောင်အမ်းသွားရချေသည်။

"မှန်ပါတယ်၊ အားလုံးယူပါမယ်"

ပိုင်ကျန့်ချန်က မိမိ၏ငွေအိတ်ကို ချွတ်၍ ချန်ကျိုးထံ ကမ်းပေးရင်း ပြောလိုက်သည်တည်း။

"မိတ်ဆွေချန် ရေတွက်ကြည့်ပါဦး၊ အဆင့်ငါး ဝိညာဉ်လက်နက်တစ်ခုရဲ့ ဈေးကွက်ပေါက်ဈေးက ဝိညာဉ်ဒင်္ဂါးတစ်သောင်း၊ အဆင့်လေး ဝိညာဉ်လက်နက်က ဝိညာဉ်ဒင်္ဂါးငါးထောင်၊ အဆင့်သုံး ဝိညာဉ်လက်နက်က ဝိညာဉ်ဒင်္ဂါးသုံးထောင် ရှိပါတယ်”

“ဒီထဲမှာ အဆင့်ငါး ဝိညာဉ်လက်နက် သုံးခု၊ အဆင့်လေး ဝိညာဉ်လက်နက် ခြောက်ခု၊ အဆင့်သုံး ဝိညာဉ်လက်နက် ကိုးခု ရှိလို့ အားလုံးပေါင်းရင် ဝိညာဉ်ဒင်္ဂါး ရှစ်သောင်းကိုးထောင်ကျသင့်ပါတယ်၊ ကျွန်တော့်ရဲ့ ဒီအိတ်နှစ်အိတ်ထဲမှာ ဝိညာဉ်ဒင်္ဂါး ရှစ်သောင်းကိုးထောင် အတိအကျရှိပါတယ်၊ အရင် ရေတွက်ကြည့်ပါဦး..."

ချန်ကျိုးသည် လေးလံလှသော ငွေအိတ်ကိုလက်နှစ်ဖက်ဖြင့် ပွေ့ပိုက်ထားရင်း မျက်လုံးအစုံ ပြူးကျယ်သွားရချေသည်။

ဒီရဲဘော်က တကယ်ကို ကောင်းလွန်းလှသည်။

ဒီလို အမှိုက်စလေးတွေကိုတောင် ငွေအများကြီး ပေးချေသည်။

ဝိညာဉ်ဒင်္ဂါး ရှစ်သောင်းကိုးထောင်ဆိုသည်မှာ မည်မျှ တန်ဖိုးရှိသနည်း။

ရှစ်ထောင့် ကိုးရာလော။

သို့မဟုတ် ကိုးထောင့် ရှစ်ရာလော။

ချန်ကျိုး အနည်းငယ် တွက်ချက်ရ ခက်ခဲသွားသော်လည်း အလွန်အမင်း များပြားလှသည်ကိုမူ သူ သိချေသည်။

သူ အနည်းငယ် အားနာသွားရချေပြီ။

မိမိ၏အမှိုက်စလေးများဖြင့် ဤမျှ များပြားသော ငွေများကို လဲလှယ်လိုက်ရသဖြင့် ဖြစ်ပေသည်။

သို့သော် စိတ်ထားကောင်းလှသော ရဲဘော်ကပေးသည်မှာ အလွန်ပင် များပြားလှသဖြင့် မယူဘဲနေလျှင် သူ့ကို အားနာစရာ ဖြစ်တော့မည်။

"ဒါက အားနာစရာကြီးပဲ... ဟားဟားဟားဟား၊ စိတ်ထားကောင်းလှတဲ့ရဲဘော်က ဒီလောက်အလိုက်သိမှတော့ ကျွန်တော်လည်း မအားနာတော့ဘူးနော်..."

ချန်ကျိုးသည် ပိုင်ကျန့်ချန်၏ ရှေ့မှောက်တွင် ငွေများကို ရေတွက်ရန် အားနာသဖြင့် ငွေအိတ်များကို မိမိ၏ ခါးပတ်တွင် တစ်ခုချင်းစီ တိုက်ရိုက်ချည်နှောင်လိုက်တော့သည်။

[စနစ် : တကယ့်ကို ရှားရှားပါးပါးပဲ၊ လူတော်ကြီးက နောက်ဆုံးတော့ စွမ်းရည်အစစ်နဲ့ ငွေတစ်ခါ ရှာနိုင်ခဲ့ပြီ]

"ဒါပေါ့"

ချန်ကျိုး ဂုဏ်ယူဝင့်ကြွားသွားရသည်တည်း။

ပိုင်ကျန့်ချန်သည် ချန်ကျိုး ငွေများကို လက်ခံသည်ကို မြင်သောအခါ သက်ပြင်းချနိုင်သွားပြီး မိမိနောက်ကွယ်မှ ဝိညာဉ်ချုပ်ထိန်း ရေးဌာန ကျင့်ကြံသူများကို ပြောလိုက်သည်တည်း။

"မင်းတို့ ဒီရတနာတွေကို သိမ်းဆည်းလိုက်ကြ၊ ပြန်ရောက်မှ ငါတို့ ပြန်ပြီး ခွဲဝေကြမယ်"

"ဟုတ်ကဲ့"

ဝိညာဉ်ချုပ်ထိန်းရေးဌာန ကျင့်ကြံသူများသည် စိတ်လှုပ်ရှားစွာဖြင့် ချန်ကျိုး၏ ဆိုင်ခန်းအားချက်ချင်းဆိုသလို ရှင်းလင်းလိုက်ကြသည်။

ထိုအချိန်တွင် မြေခွေးမလေးက ပိုင်ကျန့်ချန် ခါးကို ရုတ်တရက် တို့လိုက်ပြီး ပိုင်ကျန့်ချန်၏နားနားတွင် တိုးတိုးလေး ပြောလိုက်သည်တည်း။

"ဦးလေးပိုင်၊ ဓားကို မမေ့နဲ့ဦး..."

ပိုင်ကျန့်ချန် ခေါင်းညိတ်လိုက်ပြီး မေးမြန်းလိုက်သည်တည်း။

"မိတ်ဆွေချန်၊ ခင်ဗျားရဲ့ကျောပြင်က ဓားနှစ်လက်ကို ကျွန်တော့်ကို ကြည့်ရှုခွင့် ပေးနိုင်မလား မသိဘူး"

"ငါ့ကျောပေါ်က ဓားမကြီးနှစ်လက်လား"

ချန်ကျိုး တစ်ချက်ကြောင်အမ်းသွားပြီး တုံ့ဆိုင်းနေသော်လည်း ချွတ်၍ ပိုင်ကျန့်ချန်ထံသို့ ကမ်းပေးလိုက်ချေသည်။

ကောင်းလှသော ရဲဘော်ထံမှ ငွေအများကြီး ရရှိထားပြီးဖြစ်၍ တစ်ဖက်လူက မိမိ၏ ဓားမကြီးကို စိတ်ဝင်စားသဖြင့် အနည်းငယ် ကြည့်ရှုရုံဖြင့် ဘာမှဖြစ်သွားမည် မဟုတ်ပေ။

ပိုင်ကျန့်ချန်သည် ထိုဓားနှစ်လက်၏ အသေးစိတ် လက်ရာများကို သေချာစွာ စစ်ဆေးကြည့်ရှုနေချေသည်။

ဤဓားနှစ်လက်သည် ကမ္ဘာမြေပြင်ပမှ ကျရောက်လာသော ကျောက်တုံးမှ ထုတ်ယူရရှိသည့် ရွှေထည်ကို အသုံးပြုထားပြီး ဝိညာဉ်ချုပ်ထိန်းရေးဌာန၏ လက်နက်သွန်းလုပ်ခြင်းကို တာဝန်ယူရသော အကြီးအကဲကိုယ်တိုင် သုံးနှစ်ကြာ အချိန်ယူ၍ သွန်းလုပ်ခဲ့သော အစုံလိုက် ဓားတစ်စုံ ဖြစ်ချေသည်။ ပုံမှန်အားဖြင့် လျိုပန်ချန်းသည် ဤဓားတစ်စုံကို အလွန် တန်ဖိုးထားလှသဖြင့် သူ၏ ညီငယ်ဖြစ်သော မိမိကိုပင် ကိုင်တွယ်ခွင့် မပေးခဲ့ပေ။

ထူးဆန်းလှသည်။ ဤဓားနှစ်လက်က မိတ်ဆွေချန်၏ လက်ထဲသို့ မည်သို့ ရောက်ရှိနေသနည်း။

ပိုင်ကျန့်ချန် နှုတ်ခမ်းကို ဟလိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။

ဝိညာဉ်ဈေး၏ ပစ္စည်းများသည် လာရာလမ်းကြောင်းကို မမေးမြန်းရဟူသော အချက်မှာ ဝိညာဉ်ဈေး၏ စည်းမျဉ်း ဖြစ်ချေသည်။

ချန်ကျိုးက ပြုံးရွှင်စွာ ပြောလိုက်သည်တည်း။

"မိတ်ဆွေကောင်းကြီး၊ ဒီဓားမကြီးက ဘယ်လိုလဲ၊ ဒီဓားမကြီးနှစ်လက်က ငှက်လူသားတစ်ယောက်ဆီကနေ ပြုတ်ကျကျန်ခဲ့တာ၊ ပိုင်ရှင်မဲ့ပစ္စည်း ဖြစ်သွားလို့ ငါ ကောက်ယူလာတာ"

ပိုင်ကျန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်တည်း။

"ဒါဆို မင်း ပြောတဲ့ ငှက်လူသားကကော ဘယ်မှာလဲ"

"သူက ကြော်ငြာဘုတ်ပေါ်မှာ ချိတ်ဆွဲခံထားရတုန်းပဲ"

"ကြော်ငြာဘုတ်ပေါ်မှာ ချိတ်ဆွဲခံထားရတယ် ဟုတ်လား"

ပိုင်ကျန့်ချန် အနည်းငယ် နားမလည်နိုင်ဖြစ်သွားပြီး စဉ်းစားကာ ထပ်မံ မေးမြန်းလိုက်သည်။

"မိတ်ဆွေချန်၊ ဒီဓားနှစ်လက်ကို ကျွန်တော့်ကို လက်လွှဲပေးနိုင်မလား မသိဘူး"

မည်သို့ပင်ဖြစ်စေ ဤအရာမှာ စီနီယာအစ်ကိုလျို၏ လက်စွဲတော်ဓား ဖြစ်ချေရာ စီနီယာအစ်ကိုလျို တစ်ခုခုဖြစ်သွားသည်ဖြစ်စေ၊ မဖြစ်သွားသည်ဖြစ်စေ ဤဓားနှစ်လက်ကို ပြန်လည် သိမ်းဆည်းကာ အမှတ်တရအဖြစ် ထိန်းသိမ်းထားရမည် ဖြစ်ပေသည်။

"မင်းက ဒီဓားမကြီးနှစ်လက်ကို လိုချင်တာလား"

ချန်ကျိုး အနည်းငယ် တုံ့ဆိုင်းသွားရချေသည်။ ဤဓားမကြီးနှစ်လက်သည် ပျံသန်းနိုင်သော်လည်း သူကဲ့သို့သော လူတော်ကြီးနှင့် သိပ်ပြီး မလိုက်ဖက်ပေ။ ထိုသို့မဟုတ်လျှင် သူ တက်ရပ်သည့်အခါ အဘယ်ကြောင့် ပျံသန်း၍ မရသနည်းဟူသော အချက်ကို ရှင်းပြရန် နည်းလမ်းမရှိချေ။

သို့သော် ပြဿနာမှာ ဒါက သူ အခက်အခဲများစွာဖြင့် ကောက်ယူရရှိထားသော ပျံသန်းနိုင်သည့် ရတနာဖြစ်ရာ သူတစ်ပါးကို ဒီအတိုင်း ပေးလိုက်ရန်မှာမူ...

ချန်ကျိုး အချိန်အတော်ကြာ စဉ်းစားပြီးနောက် သွားခဲကြိတ်ကာ ပြောလိုက်သည်တည်း။

"မိတ်ဆွေကောင်းကြီး၊ ဒီချန်ကျိုးကြီးက လက်မလွှဲချင်လို့ မဟုတ်ပါဘူး၊ ဒီဓားမကြီးနှစ်လက်ရဲ့ စွမ်းအားကို မြှင့်တင်ဖို့အတွက် ငါက နေ့ရောညပါ ငါ့ရဲ့ နှစ်ပေါင်းသောင်းချီတဲ့ ကျင့်ကြံခြင်းစွမ်းအား တွေနဲ့ သွန်းလုပ်ခဲ့ရတာ၊ ဒါက တကယ်ကိုပဲ ဒီချန်ကျိုးကြီးရဲ့ အမြတ်နိုးဆုံးပစ္စည်း ဖြစ်ပါတယ်"

သူ့ကိုယ်သူ ကြွားဝါပြောဆိုပြီးနောက် ချန်ကျိုးက လက်မနှင့် လက်ညှိုးကို ပွတ်သပ်ပြရင်း ပြောလိုက်သည်တည်း။

"မရောင်းနိုင်တာတော့ မဟုတ်ပါဘူး... ငွေထပ်တိုးပေးရမယ်"

“အင်း...”

ပိုင်ကျန့်ချန်၏နဖူးပေါ်တွင် အမည်းစက်များ ထင်ဟပ်သွားရချေသည်။ ဤမျှအထိ ပတ်ချာလည်အောင် ပြောနေသည်မှာ ဈေးနှုန်းတောင်းဆိုရန်အတွက်သာ ဖြစ်ပေသည်။

"ဒါဆို မိတ်ဆွေချန်ရဲ့ အမြင်အရ ဒီဓားနှစ်လက်ရဲ့ ဈေးနှုန်းက ဘယ်လောက်လဲ"

ချန်ကျိုးသည် မိမိကိုယ်မိမိ အခွင့်အရေးကို လက်ဝယ် ရယူထားနိုင်ပြီဟု ထင်မှတ်ကာ မျက်လုံးအစုံဖြင့် ထိုလူအနည်းငယ်၏ ကျန်ရှိသော ငွေအိတ်များကို တစ်ချက်ချင်း အကဲခတ်ကြည့်လိုက်သည်တည်း။

၎င်းတို့၏ ငွေအိတ်ထဲတွင် ဝိညာဉ်ဒင်္ဂါး မည်မျှ ကျန်ရှိနေသေးသည်ကို သူ မသိပေ။

[စနစ် - လူရှစ်ယောက်ကို စစ်ဆေးပြီးပါပြီ၊ စုစုပေါင်းပမာဏ ဝိညာဉ်ဒင်္ဂါး တစ်သိန်းငါးသောင်းနှစ်ထောင့်သုံးရာ]

ကိန်းဂဏန်းများကို မြင်လျှင်မြင်ချင်း ချန်ကျိုး ဇဝေဇဝါ ဖြစ်သွားရပြီး လက်ချောင်းများကို မသိစိတ်ဖြင့် ရေတွက်လိုက်မိချေသည်။

"ခု၊ ဆယ်၊ ရာ၊ ထောင်၊ သောင်း၊ သောင်းရဲ့အထက်မှာ ဘာရှိတာလဲ"

စနစ်အသံက ဝိညာဉ်ဒင်္ဂါး တစ်သိန်းငါးသောင်းနှစ်ထောင်သုံးရာ ဟု ချန်ကျိုး၏ စိတ်ထဲတွင် စက်ရုပ်ဆန်ဆန် ထွက်ပေါ်လာချေသည်။

"ဝိညာဉ်ဒင်္ဂါး တစ်သိန်းငါးသောင်းနှစ်ထောင့်သုံးရာ ဟုတ်လား"

ချန်ကျိုးသည် နေရာတွင်ပင် တစ်ပတ်လှည့်ကာ အသံလာရာကို လိုက်ရှာမိချေသည်။ အားယွမ် မျောက်ကောင်က ဝိညာဉ်ကမ္ဘာထဲအထိ ခိုးဝင်လာပြီး သူ့ကို ဒုက္ခပေးနေခြင်း ဖြစ်ရမည်။

ပိုင်ကျန့်ချန်သည် ချန်ကျိုးက ပမာဏကို ပြောလိုက်သည်ကို ကြားသောအခါ သိပ်ပြီး မပြည့်စုံတော့သော ငွေအိတ်ကို ညှစ်ကြည့်လိုက်ရာ ဤဝိညာဉ်ဒင်္ဂါးများမှာ မလုံလောက်သည်မှာ သေချာချေသည်။

ပိုင်ကျန့်ချန်က အခြားသူများကို လှည့်၍ ပြောလိုက်သည်။

"မင်းတို့ ကျန်တဲ့ ဝိညာဉ်ဒင်္ဂါးတွေကို အကုန်ထုတ်လိုက်ကြ၊ အားလုံး စုလိုက်ကြမယ်"

လိုက်ပါလာသော မျိုးဆက်သစ်လူငယ်များသည် မိမိတို့၏ စုဆောင်းထားသမျှကို တစ်ယောက်ပြီး တစ်ယောက် ထုတ်ပေးကြရာ ပိုင်ကျန့်ချန် တွက်ချက်ကြည့်လိုက်သောအခါ ပမာဏမှာ ဝိညာဉ်ဒင်္ဂါး တစ်သိန်းငါးသောင်းနှစ်ထောင့်သုံးရာ အတိအကျ ဖြစ်နေပြီး ဝိညာဉ်ဒင်္ဂါး တစ်ပြားမျှ မပိုသလို တစ်ပြားမျှလည်း မလိုချေ။

ပိုင်ကျန့်ချန် မျက်လုံးအစုံတုန်လှုပ်သွားရချေသည်။ လူတော်ကြီး၊ တကယ့်ကို လူတော်ကြီး ဖြစ်ပေသည်။ ငါတို့ရဲ့ ဝိညာဉ်ဒင်္ဂါးပမာဏကို တစ်ပြားမကျန် အတိအကျသိရှိနေချေသည်။

ချန်ကျိုးသည် အသံလာရာကို ရှာမတွေ့သဖြင့် ပိုင်ကျန့်ချန်က ငွေများကို ရေတွက်နေသည်ကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်တည်း။

"မင်းအိတ်ထဲမှာ ငွေဘယ်လောက် ရှိလဲ"

"ဝိညာဉ်ဒင်္ဂါး တစ်သိန်းငါးသောင်းနှစ်ထောင့်သုံးရာ ရှိပါတယ်"

“ဟင်...”

ချန်ကျိုး၏မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြတ်ပြေးသွားရချေသည်။

ဤနေရာသို့ အခွင့်အလမ်းရှာရန် လာရောက်သော မိမိ၏ ကျင့်ကြံခြင်းအဆင့်မှာ ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် တိုးတက်လာခဲ့ပြီ ဖြစ်ပေသည်။

ပိုင်ကျန့်ချန်က ချန်ကျိုးကို လူတော်ကြီးဟု ထင်မှတ်ထားပြီး ချန်ကျိုးကလည်း မိမိကိုယ်မိမိ လူတော်ကြီးဟု ထင်မှတ်နေသဖြင့် ချန်ကျိုးမှာ လူတော်ကြီး ဖြစ်နေသည့်အချက်မှာ ငြင်းပယ်ရန် မရှိတော့ပေ။

ချန်ကျိုး လက်ကြီးဖြင့် သိမ်းယူကာ ဝိညာဉ်ဒင်္ဂါးများကို လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်လိုက်သည်တည်း။

ပိုင်ကျန့်ချန်ကမူ ရိုသေဂရုစိုက်စွာဖြင့် မေးမြန်းလိုက်သည်တည်း။

"မိတ်ဆွေချန်၊ ဒါဆို ဒီဓားနှစ်လက်က..."

ချန်ကျိုး လက်ဝှေ့ယမ်းပြလိုက်သည်။

"ယူသွား၊ ယူသွားတော့"

ပိုင်ကျန့်ချန်သည် စီနီယာအစ်ကိုလျို၏ယင်ယန်ဓားနှစ်လက်ကို ရိုသေဂရုစိုက်စွာဖြင့် သိမ်းဆည်းကာ သေချာစွာ ထုပ်ပိုးလိုက်တော့သည်တည်း။

ပိုင်ကျန့်ချန်ကို မောင်းထုတ်ပြီးနောက် ချန်ကျိုးသည် မိမိ၏လက်ကြီးကို ငွေအိတ်ထဲသို့ မဆိုင်းမတွ ထိုးထည့်ကာ ဝိညာဉ်ဒင်္ဂါး အပုံလိုက်ကို ဆုပ်ကိုင်ပြီး အိတ်ဝသို့ ရောက်မှပြန်လွှတ်လိုက်ချေသည်။

ဝိညာဉ်ဒင်္ဂါးများ ကျဆင်းသွားပြီး အချင်းချင်း ထိခိုက်မိကာ တချွင်ချွင် အသံများ ထွက်ပေါ်လာချေသည်။

ချန်ကျိုး၏ နှလုံးသားလေးမှာအလွန်အမင်း ပျော်ရွှင်သွားရချေပြီ။

ပြုံးပျော်နေသည်မှာ ပါးစပ်ပင် မစိနိုင်တော့ပေ။

ချန်ကျိုး၏ စိတ်လှုပ်ရှားမှုများ ကုန်ဆုံးသွားသောအခါ ခါးတွင် ငွေအိတ်များကို တစ်ပတ်ပတ်၍ ချည်နှောင်လိုက်သည်တည်း။

ရှောင်ကွေ့ထိုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်တည်း။

"ချန်ကျိုး ရှိနေတော့ ပစ္စည်းရောင်းရတာ တကယ်မြန်တာပဲ၊ ချန်ကျိုး... ငါတို့ ပစ္စည်းတွေ အကုန်ရောင်းပြီးပြီဆိုတော့ နောက်ထပ် ဘာသွားလုပ်ကြမလဲ"

ချန်ကျိုးသည် မိမိ၏အနီရောင်ပန်းခွေကြီး ဝတ်ဆင်ထားသော ခေါင်းကို ကုတ်ရင်း အနည်းငယ် စဉ်းစားကာ ပြောလိုက်သည်တည်း။

"အင်း... ဝိညာဉ်ဈေးကို ခဲရာခဲဆစ် ရောက်လာတာဆိုတော့ ငါ့ရဲ့ လိမ္မာတဲ့တပည့်လေးအတွက် လက်ဆောင်လေးတွေ ဝယ်သွားရ မယ်၊ ပြီးတော့ မင်း၊ အားယန်၊ ကြောင်ကြီး၊ ကြောင်လေးတို့အတွက်လည်း ပစ္စည်းတွေ ဝယ်ပေးမယ်၊ သုန်းသုန်းချီက ကမ္ဘာဂြိုဟ်ကို သစ္စာဖောက်သွားပေမဲ့ သူက မိုက်မဲတဲ့ လူသားတွေရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတဲ့ သားကောင်ဖြစ်လို့ သူ့အတွက်လည်း တစ်ခုလောက် ဝယ်သွားပေးမယ်၊ လီချင်ရှန်း..."

ချန်ကျိုးသည် မိမိ၏ဝိညာဉ်များကို ခေါ်ဆောင်ကာ ပျော်ရွှင်မြူးတူးစွာဖြင့် ပစ္စည်းများ ဝယ်ယူရန်ထွက်ခွာသွားတော့သည်။

All Chapters